468x60

ဂျစ်ပစီ မိုးတိမ်

Tuesday, June 3, 2014
                 
                            ( ၁ )
         တဝေါဝေါ မြည်သံပေး စီးဆင်းနေသည့် မြောင်းကြီးဘေးတွင် ကလေးတစ်သိုက်က ဆူညံစွာ အော်ဟစ်ရင်း မြောင်းကြီးထဲ ခုန်ချဖို့ လုပ်နေကြသည်။ဘယ်နေရာက အဖျားခံလာမှန်းမသိသည့် ရေအလျဉ်က ဩဒီလမ်းထဲကို ဖြတ်စီးနေသည့် မြောင်းကြီးထဲ အရောက်တွင် အရှိန်အဟုန်က ပိုပြင်းထန်လာသည်။အစီးသန်လှသည့် ရေစီးနှင့်အတူ အမှိုက်ပေါင်းစုံတို့က ရောနှော၍ ပါလာတတ်သည်။တစ်ကယ့်ကို အမှိုက်ပေါင်းစုံလင်လှသည်။ဖျာစုတ်များ၊ရေသန့်ဗူးခွံများ၊ဖော့ဘူးခွံများ၊အုန်းလက်ရှည်များ၊အချိုရည်ဗူးခွံများ အပါအ၀င် နတ်စင်အဟောင်းများပင် ပါဝင်တတ်သည်။မြောင်းကြီး၏ အမြင့်က တိုးမောင်တို့လို ကလေးများကို မဆိုထားနှင့် လူကြီးတစ်ယောက် လက်မြှောက်ရပ်လျှင်ပင် မြှုပ်သွားနိုင်သည်။ရေမရှိသည့် အချိန်များတွင်တော့ ဆင်းရတက်ရသည်မှာ လွယ်ကူသည်။သို့သော်လည်း အဖိုးတန် အမှိုက်များက ရေကျချိန်တွင် မရှိတော့ဘဲ ရွှေ့လျားဖို့ခက်သည့် အုန်းလက်စုတ်လို၊အမွှေးကျွတ် တံမြက်စည်းလို အမှိုက်မျိုးသာ တင်ကျန်နေရစ်တတ်သည်။ဒါကြောင့် ရေစီးသန်သည်ကို မကြောက်အားဘဲ မြောင်းကြီးထဲ ခုန်ဆင်းပြီး အမှိုက်လုကောက်ကြရသည်။တိုးမောင်တို့ကတော့ ဒီမြောင်းကြီးနားမွေး၊ဒီမြောင်းကြီးနားတွင် ကြီးလာသည်ဟု ဆိုနိုင်သည်။တိုးမောင် အမေသည်လည်း မြောင်းကြီးထဲမှ အမှိုက်ကောက်ရင်း တိုးမောင်ကို မွေးဖွားခဲ့သည်။တိုးမောင် အဖေ ဆိုသည်ကိုတော့ တိုးမောင်တစ်ယောက် မြင်ဖူးဖို့ မဆိုထားနှင့် ကြားပင်မကြားဖူးခဲ့။
       မြောင်းကြီးထဲတွင် အမှိုက်ကင်းစင်သည့် အချိန်ဆိုတာ ရှိသေးသည်။မြို့တော်စည်ပင်သာယာ က ဟုဆိုသည်၊လက်တံရှည်လို ပုံစံမျိုး စက်ကြီးများဖြင့် မြောင်းထဲမှ အမှိုက်များကို ကော်ထုတ်ပစ်လိုက်ကြသည်။ကြည့်လိုတော့ကောင်းသည်။ထိုစက်ကြီးဖြင့် အမှိုက် လာ ကော်ထုတ်တိုင်း တိုးမောင်ကတော့ သွားထိုင်ကြည့်နေလိုက်သည်။ဒါကလည်း တစ်နှစ်မှ နှစ်ခါလောက်သာ လာသည်။ထို့ကြောင့် တိုးမောင်တို့ စီးပွားရေးကို မထိခိုက်။မြောင်းကြီးထဲကို အမှိုက်ရှင်းပြီးသွားလျှင် လမ်းတစ်လျှောက်ရှိ ဓာတ်တိုင်များ၊စီးပွားရေး ကြော်ငြာ ဆိုင်းဘုတ်များပေါ်တွင်
      “မြောင်းထဲ အမှိုက်မပစ်ရ၊ဒဏ်ငွေ ၅၀၀၀၀ ကျပ်”ဆိုသည့် စာရွက်များကို လိုက်ကပ်ထားသည်။သတ်မှတ်ထားသည့် ဒဏ်ကြေးငွေကများပြားသော်လည်း  မည်သူမှ ဒဏ်တပ်ခံရသည်ဟု မကြားဖူးခဲ့။တိုးမောင်တို့အဖွဲ့ ကတော့ အမှိုက်ကန်များ၊အမှိုက်သိမ်းလှည်းများ ထံသို့ စည်းကမ်းတကျ အမှိုက်ပစ်တတ်သည့် အိမ်ရှင်မများကို ပင် ကြည့်မရချင်။ဒီလောက် ကျယ်ပြန့်သည့်  မြောင်းကြီးထဲသို့  လွယ်လွယ်ကူကူ အမှိုက်များ ပစ်ချရခြင်း အလုပ်သည် ပျော်စရာ တောင် ကောင်းနေသေးသည်။တိုးမောင်က ခုနစ်တန်းအထိ ကျောင်းနေဖူးသည်။တိုးမောင် အဘွားရှိစဉ်က ပိုက်ဆံမရှိဘူး ဆိုသော် အဘွားအိမ်ဆိုင်လေး ၏၀င်ငွေသည် တိုးမောင် တစ်ယောက်ကိုတော့ ကျောင်းထားပေးနိုင်သည်။တိုးမောင်မှာ မောင်နှမ ငါးယောက်ရှိသော်ငြား အဘွား၏အဆိုအရ တိုးမောင်တစ်ယောက်နှင့်သာ အမျိုးတော်သည်ဟု သိရသည်။ဘယ်သူနှင့် အမျိုးတော်တော် တိုးမောင်အတွက် မထူးခြားလှ။မနှစ်က အဘွားဆုံးသွားသောအခါ တိုးမောင်၏ ပညာရေးသည်လည်း ပြီးဆုံးသွားလေသည်။
          တိုးမောင် အဖွဲ့ထဲတွင် တိုးမောင်က ပညာအတတ်ဆုံး ဖြစ်သည်။ငါးတန်းနှစ်က အတန်းပိုင်ဆရာမလေး၏ ကျေးဇူးဖြင့် ကျောင်းစာမဟုတ်သည့် အပြင် စာတိုပေစများ ဖတ်ဖူးလိုက်သည်။ကျောင်းစာများထက် ဖတ်၍ပိုကောင်းသည်ဟု တိုးမောင်ထင်သည်။အခုတော့လည်း အရာအားလုံးနှင့်ဝေးခဲ့သည်။ဖြေသာစရာ ဦးထိပ်ကြီး လက်ဖက်ရည်ဆိုင်ရှိနေလို့သာ တော်တော့သည်။ထိုဆိုင်မှာ စကိုင်းနက်ဆိုသည့် ပြာတာတာ ၀ိုင်းတိုင်းတိုင်း စလောင်းလေးတပ်ထားသည်။ပြည်တွင်းပြည်ပမှ ဘောလုံးပွဲများ၊နိုင်ငံတကာ ရုပ်ရှင်များကို ထိတွေ့ခွင့်ရသည်။မြန်မာစာတန်း ထိုးပေးထားသည့်အတွက် တိုးမောင် အပြည့်အ၀ ခံစားလို့ရသည်။ကိုရီးယားကားများထက် အင်္ဂလိပ်အက်ရှင်ကားများကို တိုးမောင်ပိုလို့ကြိုက်မိသည်။စကိုင်းနက်မှ လာသည့် ရုပ်ရှင်တစ်ကားကိုကြည့်ပြီး တိုးမောင်တစ်ယောက် သဘောကျကာ စိတ်ကူးတွေယဉ်နေမိသည်။   Slamdog Millioner  ဇာတ်ကားဖြစ်သည်။ဦးထိပ်ကြီးသား ကိုကြီးထွေးရှင်းပြသည်ကတော့ အခြေမဲ့အနေမဲ့ ကောင်လေးတစ်လေး အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ဇာတ်လမ်းထဲတွင်လည်း တိုးမောင်တို့လို ကျူးကျော်တဲများရှိရာ အိနိ္ဒ်္ဒယနိုင်ငံ ရပ်ကွက်တစ်ခုတွင်ရိုက်ထားသည်။ဇာတ်လိုက်ကောင်လေးက တိုးမောင်ထက် တစ်နှစ်လောက်ပဲ ပိုကြီးမည်ထင်သည်။
        ကျူးကျော်တဲများတွင် ဆင်းဆင်းရဲရဲ နေထိုင်ရသော်လည်း သူကြုံတွေ့ရသည့် အဖြစ်အပျက်၊အကြောင်းအရာများကို ပေါ့ပေါ့မထားဘဲ မှတ်သားထားသည်။ပိုက်ဆံသန်းပေါင်းများစွာ ရရှိနိုင်မည့် ဥာဏ်စမ်း ပဟေဠိ ပြိုင်ပွဲတစ်ခုပေါ်လာသော အခါတွင် ၀င်ရောက်ယှဉ်ပြိုင်သည်။မေးခွန်းတစ်ခု မေးလိုက်တိုင်း သူ့ငယ်ဘ၀ အတွေ့အကြုံများကို ပြန်စဉ်းသည်။ထိုနောက် အဖြေမှန်ကို ပေးနိုင်သည်။ထိုသို့ဖြင့် မေးခွန်းများစွာ                  
                        
           အတွက် အဖြေမှန်ကို ပေးနိုင်သည်ချည်းသာ။ပြီးတော့ ဇာတ်လိုက်ကောင်လေးသည် အမှန်တရားကို မြတ်နိုးသည်။သူနှင့်ဘ၀တူ သူများအတွက် ကာကွယ်ပေးသည်၊စောင့်ရှောက်သည်။တိုးမောင် သိပ်သဘောကျသွားသည်။တစ်နေ့ တိုးမောင်လည်း ဒီလို ဖြစ်နိုင်သည်။မိမိသည် ဇာတ်လိုက်ကောင်လေးနှင့် ပုံပန်းသဏ္ဍန်ပင် ခပ်ဆင်ဆင်ဖြစ်နေသည် ဟု တိုးမောင် တွေးရင်းပြုံးမိသွားရသည်။ကိုကြီးထွေးကလည်း “မင်းနဲ့တောင် ခပ်ဆင်ဆင် ဖြစ်နေလား” ဟု ဆိုလာသောအခါ တိုးမောင်တစ်ယောက် သဘော အကျကြီး ကျလို့နေတော့သည်။
                             ( ၂ )
        တိုးမောင်တို့ ကျူးကျော်တဲ အစုအဖွဲ့က အိမ်ခြေတော်တော်များသည်။သည် နေရာတွင် ဘယ်အချိန်ကတည်းက ကျူးကျော်တဲများ တည်ရှိနေသည်လဲဟု မေးလာသော် တိုးမောင် မွေးကတည်းက ဟု ဖြေရလိမ့်မည်။အိမ်များက အခိုင်အမာ မဟုတ်သည့်တိုင် နေရာကတော့ အနေကြာလာသည့်အခါ အခိုင်အမာ ဖြစ်လို့နေသည်။တိုးမောင်ကတော့ မိမိတို့နေရာကို ဘယ်တုန်းကမှ ကျူးကျော်ဟု မခံစားမိ။ဘယ်သူ့ဆီကမှ မြေနေရာ ကို ကျူးကျော်ပြီး အိမ်ဆောက်ခဲ့ကြသည် မဟုတ်၊ပိုင်ရှင် မရှိသည့် ကွင်းပြင် ကွက်လပ်ကြီးပေါ်တွင် တဲထိုးနေကြခြင်းဖြစ်သည်။တိုးမောင်တို့ ငယ်စဉ်က အမှိုက်ပုံ အကြီး ကြီးရှိခဲ့ဖူးသည်။အနီးအနားရပ်ကွက်များက တိုးမောင်တို့နေရာကို အမှိုက်များ လာပစ်ကြသည်။အခုမှသာ  စည်ပင်သာယာ အမှိုက်ကန်များပေါ်လာ၍ တိုးမောင်တို့ အနံ့အသက်ကင်းကင်း နေရခြင်းဖြစ်သည်။တိုးမောင်တို့ တဲများ ရှိနေခြင်းကြောင့်သာ ထိုကွက်လပ်ကြီးက အသက်ဝင်နေခြင်းဖြစ်သည်။တိုးမောင်တို့ရပ်ကွက်တွင် ရပ်ကွက်လူကြီးမရှိ၊ဟိုဘက် ရပ်ကွက်က အောင်ထွန်းတို့လို ညကြီးအချိန်မတော် သန်းခေါင်စာရင်း လာစစ်မည့်သူလည်း မရှိ။ဦးလေး ထိပ်ကြီး စကားဖြင့် ပြောရလျှင်
         “ဒီမိုကရေစီရတယ် ဆိုတာ တိုးမောင်တို့လို ရပ်ကွက်မျိုးဟ” ဟု ဆိုလေ့ရှိသည်။
အရင်အချိန်များတုန်းကတော့ ထိုသို့ပြောလျှင် တိုးမောင်သဘောကျမိသော်လည်း အခုတော့ တိုးမောင်တို့ရပ်ကွက်တွင် ရပ်ကွက်ရုံးရှိစေချင်သည်။ရပ်ကွက်လူကြီးလည်း ရှိစေချင်သည်။ထိုသို့ အတွေးပေါ်ပေါက်လာရခြင်းမှာ ၁၅၀၀ တန် ဖုန်းကဒ်များ ကြောင့်ဖြစ်သည်။တိုးမောင် ဟန်းဖုန်းကိုင်ချင်၍ မဟုတ်ဘဲ အောက်ခြေလူတန်းစားများ အတွက်ဟု ရည်ရွယ်ပြီးထုတ်ပေးသည့် သည်ဖုန်းကဒ်ကို အောက်ခြေလူတန်းစား စာရင်းဝင်ချင်၍ဖြစ်သည်။ယခုတော့ တိုးမောင်တို့မှာ အိမ်ထောင်စု စာရင်းမရှိ၍ ဖုန်းလျှောက်ထားခွင့်မရှိ။ထိုသို့ဆိုလျှင် တိုးမောင်တို့သည် အောက်ခြေလူတန်းစား စာရင်းတွင် ပါဝင်တော့မည် မဟုတ်။တိုးမောင်တို့အဖို့ ဒီထက် အောက်ဆက် ဆင်းစရာလည်း မကျန်တော့။အိမ်ထောင်စု စာရင်းရှိသည့် အောင်ထွန်း ကတော့
       “၁၅၀၀ ဖုန်းကဒ်ဆိုတာ မဲပေါက်ဖို့ မလွယ်ပါဘူးကွာ။အလှည့်ကျများပေးနေတာလား မသိဘူး၊ရပ်ကွက် လူကြီးအမျိုးတွေကုန်မှ တို့အလှည့်ရောက်မှာထင်တယ်။ပြန်ရောင်းရင် ၁ သိန်းဝန်းကျင် လောက်ပေါက်တယ်လေ၊ အဲဒီတော့လည်း တို့အလှည့် တော်တော်နဲ့ မရောက်နိုင်ဘူးထင်ပါတယ်။ငါတို့လည်း မင်းတို့နဲ့ အတူတူပါပဲကွာ”
        တိုးမောင်တွေးမိသည်  Slamdog Millioner    ဇာတ်ကားထဲမှလို အထက်တာဝန်ရှိပုဂ်္ဂ်္ဂိုလ်များ တိုးမောင်တို့ ကျူးကျော်ရပ်ကွက်ကို လာကြည့်လျှင်ကောင်းမည်။ထို့ပြင်  အမီတာဘဂျမ်းလို နံမည်ကြီး ရုပ်ရှင်မင်းသားများ လာကြည့်လျှင်လည်း ကောင်းမည်။တိုးမောင်သိသလာက်၊လေ့လာထားသလောက် အသိပညာလေးများဖြင့် ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲရှိ၍  ၀င်ဖြေပြီး သိန်းပေါင်းများစွာရရှိခဲ့လျှင် ကျူးကျော်တစ်ရပ်ကွက်လုံးကို ခိုင်ခံ့သည့် အိမ်များဆောက်ပေးလိုက်မည်။အတွေးနဲ့တင် တိုးမောင် တော်တော်ပျော်ရသည်။တဲနီးချင်း ကျော်ကြီးတို့အဖွဲ့ လာအော်ခေါ်မှ လေထဲတိုက်ဆောက်သည့် အတွေးတို့ ရပ်တန့်သွားရသည်။
     “တိုးမောင်ရေ မြောင်းကြီးရေလျှံနေပြီကွ၊စည်ပေပါတွေမျောပါလာတယ်တဲ့၊ဟိုဘက်ရပ်ကွက်က အောင်ထွန်းတို့တောင် မြောင်းကြီးနားရောက်နေကြပြီ၊မြန်မြန်လာပါဟ”
ကျော်ကြီးအော်သံမှာ ၀မ်းသာအားရသံပါနေသည်။တိုးမောင်ကိုယ်တိုင်လည်း ရင်ထဲ ဒိန်းကနဲ ဖြစ်သွားရသည်။မနှစ်က သည်လိုအချိန်တုန်းက တိုးမောင်ကိုယ်တိုင် ဆယ်ယူခဲ့သည့် ပေပါအလွတ်ကြီးကပင် သောင်းဂဏန်းလောက်ရသည်။သည်မြောင်းကြီးက ထူးဆန်းသည်၊တစ်ခါတစ်ရံ လူသေ အလောင်းများကိုပင် သယ်ဆောင်လာတတ်သည်။မြောင်းကြီးမှ ရေများက လှိုင်မြစ်အတွင်းသို့ စီးဝင်သည်။တိုးမောင်နှင့်ကျော်ကြီး မြောင်းကြီးနားရောက်တော့ ကလေးပါမက လူကြီးတစ်သိုက်ပါ ရောက်နေကြသည်။တိုးမောင်ကို မြင်တော့ အောင်ထွန်းက လှမ်းအော်သည်။
       “တိုးမောင်ရေ  . . . လာကွ ငါးတွေပါ ဖမ်းမိနေတယ်။ပြီတော့ ပိုက်ကွန်ဟောင်း တစ်ခုလည်း ငါရထားတယ်။အဟောင်းဆိုပေမဲ့ အကောင်းကြီးရှိသေးတယ်။ဖာ ပြီးသုံးကြမယ်”
အောင်ထွန်း ရေပုံးထဲမှ ငါးစင်ရိုင်းနှင့် ငါးပျက်တို့က ခုန်ပေါက်နေကြသည်။ပုဆိုးကို ချွတ်ပြီး နီးရာသစ်ကိုင်းပေါ်

ပစ်တင်လိုက်သည်။အင်္ကျီကတော့ အစကတည်းက မ၀တ်ခဲ့သည့်အတွက် ချွတ်စရာမလို၊အောက်ခံဘောင်းဘီတိုဖြင့် မြောင်းကြီးထဲ ခုန်ဆင်းလိုက်တော့သည်။ငါးဖမ်းရင်း၊အမှိုက်ဆယ်ရင်းကပင် Slamdog Millioner  ထဲမှ ဇာတ်လိုက်ကောင်လေးကို သတိရသွားသည်။သူသည်လည်း တိုးမောင်လိုပင် မြောင်းကြို၊မြောင်းကြားဖြတ်ဖူးသည်။ခန်္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်ထုတ်ရောင်းသည့် နေရာမှ ထွက်ပြေးခဲ့ရဖူးသည်။တိုးမောင်တို့ နိုင်ငံမှာ ဒီလိုနေရာမျိုးတွေ မရှိ၍ တော်သေးသည်။အမှိုက်ဆယ်လိုက်၊ငါးဖမ်းလိုက်ဖြင့် နေ့တစ်ဝက်ပင်ကျိုးသွားပြီ။ဗိုက်ကလည်း တော်တော် ဆာလောင်နေပြီ။ဖမ်းမိလာသည့် ငါးစင်ရိုင်းပေါက်နှင့် ငါးပျက်ကလေးများကို အိုးအပ်ချက်ပြီး စားလိုက်ရလျှင်၊တွေးရင်းပင် တိုးမောင် အနံ့ပါ ခံစားလာရသည်။ငါးဟင်းဆိုတော့ အကျက်လည်း မြန်သည်။အဘွားပြောနေကျ စကားလေး သတိရမိသည်။
          “ပုဇွန် အကွေး၊ငါး အနွေးတဲ့ ငါ့မြေးရဲ့။ပုဇွန်က ကွေးရုံနဲ့တင် ကျက်ပြီး ငါးက နွေးရုံနဲ့တင် ကျက်တယ်။သိပ်မကြာပါဘူး  ဘွားချက်ကျွေးမယ် ခဏစောင့်”
တိုးမောင် ပိုက်ထောင်ပြီး ဖမ်းလာသည့် ငါးများကို အဘွားချက်ကျွေးနေကျ ဖြစ်သည်။အခုလည်း အိမ်ရောက်လျှင် ကိုယ့်ဘာသာ ချက်ရလိမ့်မည်။အမေက ထမင်းအိုး တစ်လုံးတည်ခဲ့ပြီး မနက်ကတည်းက အိမ်မှထွက်သွားတတ်သည်။တိုးမောင်၏ ညီအစ်ကိုမောင်နှမများကလည်း သူတို့ဘာသာ ရှာဖွေ စားတတ်ကြသည်။ဘယ်သူ့ ဘယ်သူမှ ပူနေစရာမလို။အမေ့အိမ်ပြန်ချိန်ဆိုသည်မှာ အမေ အိမ်ကို ရောက်လာသော အချိန်ဖြစ်သည်။တစ်ခါတစ်ရံ အမေနှင့်တိုးမောင် မျက်နှာချင်းဆိုင် မဆုံမိသည်မှာ တစ်လလောက်ပင် ကြာသွားတတ်သည်။
                             ( ၃ )
         တိုးမောင်နိုးလာတော့ မိုးတော်တော်လင်းနေပြီ။အိမ်သုတ်ဆေး ပုံးဟောင်းခွံထဲမှ လက်ကျန်ရေကို ခြစ်ခပ်ရင်း  ၀န်းကျင်ကို ကြည့်လိုက်မိသည်။ထူးထူးခြားခြား ဒီအချိန်ကြီး အမေ အိမ်မှာ ရှိနေသည်။ကျော်ကြီး အဖေနှင့် အမေတို့လည်း သူတို့တဲရှေ့တွင် မတ်တပ်ရပ်နေကြသည်။တိုးမောင်ကို ကျော်ကြီးမြင်သွားတော့
     “ဟေ့ကောင် ခုမှနိုးရသလားကွ။ဒီမှာ အရေးကြီးနေကြတာကို”
အဆုံးအစ မရှိစကားတို့ဖြင့် ကျော်ကြီးက နှုတ်ဆက်လာသည်။
      “ဘာအရေးကြီးတာလဲကွ။ ဆက်ပြောအုံးလေ”
ဒီလောက်လေးတောင် မသိရန်ကော ဆိုသည့် အကြည့်ဖြင့် ကျော်ကြီးက ကြည့်လို့နေသေးသည်။
      “တို့ရပ်ကွက်ကို အထက်က လူကြီးဆိုသူတွေ လာမလို့တဲ့ကွ”
      “ဟာ ကောင်းတာပေါ့”
တိုးမောင် တစ်ယောက် ပျော်ရွှင်စွာ အော်လိုက်မိသည်။ Slamdog Millioner  ဇာတ်လမ်းနှင့် ခပ်ဆင်ဆင်တူလာပြီ။
     “နင့် ပထွေး တွေလာမှာကို ဘာကောင်းတာလဲ”
အမေက သူ့ကိုယ်သူ အနစ်နာခံ၍ တိုးမောင်ကို လှမ်းဆဲလိုက်သည်။အမေ့ကို မသိကျိုးကျွံ့ပြုကာ
       “ကျော်ကြီးရ ရပ်ကွက်ဆိုတာ လူကြီးတွေလာမှ၊အုပ်ချုပ်သူ လူကြီးတွေ ရှိမှ ရပ်ကွက်နဲ့တူတာကွ။ငါကတော့ ကြိုက်တယ်  လာပစေ”
      “မင်းထင်သလို မဟုတ်ဘူး တိုးမောင်ရေ တို့ကျူးကျော် ရပ်ကွက်ကို ဖျက်သိမ်းပစ်မလို့တဲ့။တစ်ပတ်အတွင်း အပြီးရွှေ့ပေးရမယ်လို့ပြောတယ်။မြေနေရာနဲ့ အိမ်ခြေဘယ်လောက်ရှိလဲ လာကြည့်ကြမှာ။”
ကျော်ကြီး အဖေက တိုးမောင်တို့ စကားဝိုင်းထဲ ၀င်လာသည်။ကျော်ကြီး အဖေက တိုးမောင်ကိုတော့ အရေးတယူ ဆွေးနွေးတိုင်ပင်လေ့ရှိသည်။
        “တို့ရပ်ကွက်ရဲ့ တစ်ဦးတည်းသော ပညာတတ်လေး” ဟုလည်း ချစ်စနိုးနောက်ပြောင်တတ်သည်။
တိုးမောင်အခုမှ အဖြစ်မှန်ကို သိတော့သည်။မျက်နှာသစ်လက်စ လက်ထဲမှ ပလပ်စတစ်ခွက်ကို ဆေးသုတ်ပုံးခွံထဲ ပြန်ပစ်ချလိုက်ရင်း ကျော်ကြီးတို့ တဲရှေ့သို့ ခုန်ကူးလိုက်သည်။တိုးမောင် နောက်က အမေလည်း ကပ်လိုက်လာသည်။
         “ဦးလေး ပြောပါအုံး။ဘယ်လို” ကျော်ကြီးအဖေကိုပဲ ဦးတည်ပြီး မေးလိုက်သည်။တဲနီးချင်းများ လည်း ခဏအတွင်း စုရုံးလာကြသည်မှာ လူ နှစ်ဆယ်၊အစိတ်လောက် ဖြစ်သွားသည်။
   “တို့ကျူးကျော်တဲတွေ ဖျက်ခိုင်းနေတာ ဒီနေရာကနေ တစ်ပတ်အတွင်းဖယ်ပေးရမယ်တဲ့ကွ။ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်ကို နှစ်သောင်းပေးမယ်တဲ့။ကျော်ကြီးအဖေ ဦးလေးသောင်းက အားလုံးကို ရှင်းပြနေသည်။
        “ကျွန်မတို့က ဒီကနေ ဘယ်ကို ဖယ်ပေးရမှာလဲ၊အဲဒီနေရာကို အစ်ကိုကြီးသောင်း သိလား”အမေက အားကိုး တကြီးမေးလိုက်သည်။

           “ဟ ဖယ်ရုံဖယ်ခိုင်းတာလေ။နင့်ကို ဘယ်သူက နေရာပြန်ပေးမယ် ပြောနေလို့လဲ” ဦးလေးသောင်း စိတ်တိုစွာ အော်လိုက်သည်။
အမေကလည်း မခံ ပြန်အော်သည်။
“အို ဒါဆို ဖယ်မပေးရုံပေါ့။ဘယ်သွားရမှန်း မသိဘဲနဲ့ ဘယ်ကို ဖယ်ပေးရမှာလဲ”
“အေး နင် မဖယ်ချင် မဖယ်နဲ့လေ။ကမ်းနား ကျူးကျော်တဲ   အဖွဲ့ကိုတော့ သတ်မှတ်ရက်အတွင်း ဖယ်မပေးလို့ ဘူဒိုဇာနဲ့ ထိုးချ ပစ်လိုက်ပြီ တဲ့”။
      “ကျွန်မတို့က ဒီကနေ ဖယ်ပြီးလည်း အဲဒီလို နောက်တစ်နေရာရှာပြီး ကျူးကျော်တဲ ထိုးနေမှာပဲလေ။နောက်တစ်နေရာကို တစ်ခါ လိုက်ဖယ်ခိုင်း နေရမဲ့ အတူတူ ဒီမှာပဲထားလိုက်ရင် ပြီးရော။”
ဒီတစ်ခါတော့ အမေ့အတွေးကို တိုးမောင် သဘောကျသွားသည်။ဟုတ်သည် ၊လူကြီးတွေ လာစစ်လျှင် ထိုသို့ တင်ပြရမည်။
        လူကြီးဆိုသူများ တစ်ကယ်ရောက်လာ ချိန်တွင်တော့ တိုးမောင်တို့ ဘာမှ မပြောသာ။အောင်ထွန်းတို့ ရပ်ကွက်မှ ရပ်ကွက်လူကြီးဆိုသူ ပါလာသည်။အထက်လူကြီးများက နည်းနည်းအော်လျှင် သူက များများ လိုက်အော်ပေးသည်။အထက်လူကြီးများ နည်းနည်း ခြိမ်းခြောက်လျှင် သူက များများ ထပ်ခြိမ်းခြောက်သည်။ထိုရပ်ကွက်လူကြီး သည် ဦးထိပ်ကြီးတို့ လက်ဖက်ရည်ဆိုင်မှ အသံချဲ့စက်နှင့် တူနေတော့သည်။နောက်ဆုံး အဖြေမှာ ပြောင်းရွှေ့စရိတ် နှစ်သောင်းပေးတုန်း ပြောင်းထားကြရန်နှင့် သတ်မှတ်ရက်ကျော်လွန်သွားပါက ထိုနှစ်သောင်းကိုပင် ပေးမည် မဟုတ်တော့ကြောင်း ဖြစ်လေသည်။
       တိုးမောင် လွယ်လွယ်နှင့် အရှုံးမပေးလို။ကိုယ့်မှာ ဗဟုသုတ အနည်းငယ်ရှိသည်။သည်နေ့ခေတ်သည် ဒီမိုကရေစီ ခေတ်ဖြစ်သည်။ပြည်သူများက မကျေနပ်ပါက ဆန်္ဒထုတ်ဖော် ပြသခွင့်ရှိသည်။မိမိတို့ ဆန်္ဒဖော်ထုတ်မည်ကို အထက်လူကြီးများအား ကြိုတင်ပြီးတောင် အကြောင်းကြားထားလို့ ရသေးသည်။ဦးထိပ်ကြီးနှင့် တိုင်ပင်ပြီး ရပ်ကွက်မှ လူများကို စည်းရုံးကာ ကျူးကျော်တဲ မဖျက်သိမ်းရေးအတွက် တိုးမောင် ဆန်္ဒပြဖို့ ဆုံးဖြတ်လိုက်သည်။တိုးမောင် အစီအစဉ်များကို နားထောင်ပြီးသောအခါ ဦးထိပ်ကြီးက
          “ဟ ကောင်လေးရ ပေါက်ကရတွေ လျှောက်မလုပ်နဲ့ကွ။ဆန်္ဒပြ တယ်ဆိုတာ အကျိုးသင့် အကြောင်းသင့် ဖြစ်နိုင်ခြေရှိတာကိုပဲ လက်ခံတာ။မင်း ဥစ်္စာက ကွာ . . . . ”
စကားကို ဆုံးအောင် မဆက်တော့။
“ကျွန်တော်တို့ ကိစ်္စကရော အကျိုးသင့် အကြောင်းသင့် မရှိလို့လား”
တိုးမောင်၏ အထွန့်တက် စကားကို ဦးထိပ်ကြီးက ဘာမှ မတုန့်ပြန်တော့။ရောင်းသမျှ ပစ်္စည်းကို လက်ခံဝယ်ပေးပြီး တိုးမောင်တို့ကိုလည်း ရင်းရင်းနှီးနှီး ဆက်ဆံတတ်သည့် ဦးထိပ်ကြီးပင် တိုးမောင်ဘက်မှာ မရှိ။တိုးမောင် ဆုံးဖြတ်လိုက်သည်။ကျော်ကြီးတို့အဖွဲ့ကို စည်းရုံးမည်။သူတို့အဖွဲ့က ဆယ်ယောက်လောက်ရှိသည်၊တိုးမောင်နှင့်ပေါင်းလျှင် ဆယ့်တစ်ယောက်။ဒါဆို ဆန်္ဒပြဖို့ လုံလောက်ပြီ။
                             ( ၄ )
        သံတိုင်တွေကြားမှ အပြင်ကို လှမ်းမျှော်ကြည့်နေမိသည်။အမေနှင့် ညီအစ်ကို မောင်နှမများ ဘယ်ရောက်နေပြီလဲ။ကျော်ကြီးတို့အဖွဲ့ရော။သူတို့အဖွဲ့ကတော့ တိုးမောင်နှင့်ပါမလာတာ သေချာသည်။ကျန်သည့် ကျူးကျော်တဲမှ အိမ်ထောင်စုဝင်များရော . . .  . ဘူဒိုဇာအောက်ရောက်ပြီလော၊နယ်မြေသစ်မှာ တဲထိုးနေကြပြီလော။ကမကထ ခေါင်းဆောင် တိုးမောင်တစ်ယောက်ကိုသာ ခေါ်လာကြခြင်းဖြစ်သည်။တိုးမောင် အခန်းနှင့်ကပ်လျှက်က လူအချို့၏ စကားသံကို ကြားနေရသည်။
        “သူ့ကို ပြန်လွှတ်တော့ လူတွေက ၀ိုင်းအုံ ကြည့်ပြီး ဓာတ်ပုံတွေလည်း ရိုက်ကြတယ်၊တို့ ထောင်မှူးကြီးကလည်း ယဉ်ယဉ်ကျေးကျေးဆက်ဆံတာကွ။အရင်လို ဘယ်ရမလဲ ဒီမိုကရေစီခေတ်မှာ။သူက ယုံကြည်ချက်ကြောင့် အကျဉ်းကျတဲ့ နိုင်ငံရေး အကျဉ်းသမားလေကွာ၊ဂုဏ်ယူစရာ ကောင်းလိုက်တာ”
တိုးမောင်ကို ဖမ်းဆီးလာခြင်းသည် လမ်းပျော် အလေ အလွင့်တစ်ယောက် အဖြစ်သာ ဖြစ်သည်။တိုးမောင်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျတာဟု ကိုယ့်ဘာသာ ခံယူချင်သည်။တိုးမောင် အတွက် ဂုဏ်ယူမည့်သူ ရှိဖို့ ဝေးစွ။ထောင်ဝင်စာပင် လာတွေ့မည်သူ မရှိ။ဒါလည်း ကိစ်္စမရှိပါ။ဒီထဲမှာ တစ်နေ့ ထမင်းနှစ်နပ်တော့ အနည်းဆုံးစားရသည်။အပြင်မှာလို ပင်ပင်ပန်းပန်း ရှာစားနေစရာလည်းမလို။လုံခြုံသည့် နေရာရောက်နေသည့်အတွက် အမေ့အနေနှင့်လည်း ပူပန်လိမ့်မည် မထင်။တစ်ခုပဲ ရှိသည်၊တိုးမောင် မျှော်လင့်နေသည့် အခြေမဲ့အနေမဲ့ ကောင်လေးတစ်ယောက် ဥာဏ်စမ်း မေးခွန်းများဖြေရင်း မီလျှံနာ ဖြစ်ခွင့်ရသွားသည့် ပြိုင်ပွဲမျိုး တိုးမောင်တို့ နိုင်ငံတွင် ဘယ်အချိန် ကျင်းပမည်ဆိုသည်ကို တော့ သိချင်နေမိသည်။



                                                      ခင်သန္တာ

                                                   





0 comments:

Post a Comment