468x60

“ အပြစ် မတင်ရက်တော့ပါ”

Friday, June 6, 2014
       
                                            (၁)
           ဒီနေ့ ကျောင်းဆင်းခေါင်းလောင်းသံက နားဝင်ပိုချိုနေသလိုပဲ။မနက်ကျောင်းလာ ကတည်းက “ခိုင်မော်” ကပြောတယ် “ဘုန်းဘုန်း အညာဘက်ကို ခဏ ခရီးထွက်သွားတယ် တစ်ပတ်လောက်ကြာမယ်တဲ့”။ဒီလိုရက်မှာမှ ကြာခွက်နဲ့ ကြာပန်းတွေကို မခူးရင် နောင်တော်တော်နဲ့ ရမှာ မဟုတ်တော့ဘူး။ဘုန်းကြီးကျောင်းဝင်းထဲက ဖြတ်ပြန်ရင် အိမ်ပြန်ချိန်တော့ နောက်ကျတတ်တယ်။ကိစ်္စမရှိဘူး ပုံမှန်လမ်းက ပြန်ကြမယ့် အစ်ကိုကြီးတို့ကလည်း လမ်းမှာ ဆော့ပြန်ကြမှာဆိုတော့ အိမ်ရောက်ချိန်က တူလောက်ပါတယ်။ခက်တာက ဒီနေ့ အမေက ဘောင်းဘီရှည် ၀တ်ပေးလိုက်တယ်၊ဂါဝန်ဆိုရင် ကြာခွက်ထည့်ရတာ ပိုအဆင်ပြေမှာ။“ခိုင်မော်” က ကြာပန်းခူးရင် သိပ်လက်သွက်တာ အရိုးရှည်ရှည်ရမှ လည်ပင်းမှာ ဆွဲရင်လှတာ၊သူ့အရင် ရေကန်ထဲကို ဦးအောင် ဘယ်လို ဆင်းရင်ကောင်းမလဲ။
        ဘုန်းဘုန်းကရော တစ်ကယ် ခရီးထွက်သွားတာ ဟုတ်ရဲ့လား၊ မဟုတ်ခဲ့လို့ ဘုန်းဘုန်းမိသွားရင်တော့ သေပြီပဲ။ကျောင်းဖွင့်စ အချိန်တုန်းက ခြောက်တန်းက အောင်ခင်တို့အဖွဲ့ရယ် ကျောင်းပြေးပြီး ဘုန်းကြီးဝင်းထဲမှာ သွားဆော့ကြတာ၊ဘုန်းကြီးက တွေ့သွားတော့ ခါးထောင်ကျိုက်ခိုင်းပြီး ကြိမ်လုံးနဲ့ ဆော်ပလော်တီး၊ပြီးတော့ ကျောင်းအုပ်ကြီး ရုံးခန်းကို သူကိုယ်တိုင် လာအပ်ပြီး သူ့ရှေ့တင် ထပ်ရိုက်ခိုင်းသေးတာ။ကျောင်းအုပ်ကြီးကလည်း ဘုန်းဘုန်း တပည့် ဖြစ်ခဲ့ဖူးတာဆိုတော့ မလွန်ဆန်ရဲဘူး ထပ်ရိုက်ပြရတယ်။တစ်ပတ်လောက် မထနိုင်ကြဘူး။ဘယ်မိဘမှလည်း မပြောရဲကြပါဘူး။ဘုန်းကြီးနဲ့ တွေ့လို့ တော်သေးတာတဲ့၊ ဘုန်းကြီးနဲ့ မတွေ့ဘဲ ဘုန်းကြီးမွေးထားတဲ့ ခွေးတွေနဲ့တွေ့လို့ကတော့ အသားထစ်လန်အောင် အကိုက်ခံရမှာ။အဲဒီကတည်းက ဘုန်းကြီးကျောင်းဝင်းထဲက ကြာခွက်တွေ ဘယ်လောက် ဆွဲဆောင်၊ဆွဲဆောင် မသွားရဲကြတော့ဘူး။
             ခိုင်မော် ကတော့ ပြောတယ် အောင်ခင်တို့ အဖွဲ့က အဖြူနဲ့ အစိမ်းတွေ ၀တ်ထားလို့ ဘုန်းဘုန်းက အလွယ်တကူ တွေ့တာနေမှာပါ။တို့တွေက  အဖြူနဲ့ အစိမ်းဝတ်ထားတာ မဟုတ်တော့ ကိုရင်လေးတွေလည်း သတိထားမိမှာ မဟုတ်လောက်ပါဘူးတဲ့။နယ်မြို့တွေမှာက ဒီအတိုင်းပဲ  မူလတန်း ကလေးတွေက ကြိုက်ရာဝတ်လို့ရတယ်။ဘုန်းကြီးကျောင်းဝင်းထဲက လမ်းတွေက ရေညှိတွေနဲ့ ချော်တော့နေတယ်၊ဒါပေမဲ့ ဖိနပ်ချွတ်လျှောက်ရမှာဆိုတော့ ခြေကုပ်အား တော့ နည်းနည်း ရှိပါတယ်။အရေးကြီးတာက အစ်ကိုကြီးတို့ အိမ်ပြန်ရောက်ချိန်နဲ့ မရှေးမနှောင်းမှာ ပြန်ရောက်နေဖို့ပဲ။
           ကျောင်းဆင်းတာနဲ့ ကျောင်းဝင်းထဲက ပြေးထွက်ပြီး ခိုင်မော်နဲ့ နှစ်ယောက်အတူ ဘုန်းကြီးကျောင်း ရှိရာ လမ်းဘက်ကို ဖဲ့ထွက်ခဲ့ကြတယ်။အနောက်ဘက် ကနေ ဘယ်သွားမလို့ လဲဆိုတဲ့ အစ်ကိုကြီးရဲ့ လှမ်းအော်သံကို ကြားလိုက်ရတယ်။ဒါပေမဲ့ လှည့်ကြည့်လို့မဖြစ်ဘူး၊ သူသိသွားရင် မသွားဖို့ တားနေလိမ့်မယ်။ခြေကုန်သုတ်ပြီးပြေးကြရင်း ဘုန်းကြီးကျောင်းဝင်း ထဲရောက်လာတော့ ခြေလှမ်းတွေကို နည်းနည်းနှေးလိုက်ကြတယ်။ဘုန်းကြီးကျောင်းသားနဲ့    ကိုရင်လေး တွေ ရှိ၊မရှိလှမ်းကြည့်လိုက်ရင်း ခိုင်မော်က အော်တယ်“လှိုင်ရေ အခြေအနေ ကောင်းတယ် ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်နေတာပဲ”တဲ့။သူကတော့ ပြောပြောပြေးပြေး နဲ့ ရေကန်ထဲ ခုန်ချလိုက်တယ်။ လွယ်အိတ်ကို ရေကန်ဘေးပစ်ချလိုက်ပြီး သူ့နောက်ကနေ လိုက်ခုန်ဆင်းဖို့လုပ်နေတုန်း “ဝေါင်း ဝေါင်း ”ဆိုတဲ့ အသံနက်ကြီးနဲ့အတူ အယ်လ်ဇေးရှင်း ခွေးကြီးသုံးကောင် ပြေးထွက်လာတာတွေ့လိုက်ရတယ်။
       ဘာလုပ်ရမလဲ ကြောင်ကြည့်နေတုန်း ခိုင်မော်က “ပြေး လှိုင်ရေ ပြေး ကျောင်းဝင်း ထိပ်ထိ ရောက်အောင် ပြေး”ဆိုတဲ့ အော်သံကြားလိုက်ရတယ်။အဲဒီ ဘုန်းကြီးကျောင်းက ခွေးတွေက ဘုန်းကြီး ကျောင်းဝင်းထိပ် ထိပဲ လိုက်ဆွဲ လေ့ရှိကြတယ်၊ကျောင်းအပြင်ဘက်ရောက်သွားတာနဲ့ ဆက်မလိုက်တော့ဘဲ ကျန်ရစ်ခဲ့ကြရော။ကြောက်အား လန့်အားပြေးနေရင်းကမှ အဖေ ပြောထားတာ ကို သွား သတိရတော့တယ်။အရင်တစ်ခါ ဘုန်းကြီးကျောင်းထဲ ကြာပန်းသွားခူးတာ သိသွား တုန်းက နောက်တစ်ခါ ထပ်သွားရင် အရိုက်ခံရမယ်လို့ ပြောထားတာ။မေ့နေလိုက်တာ၊ အခု အားကုန်ပြေးနေရင်းမှ သတိရတော့တယ်။ကျောက်ပြားတွေက ရေညှိတွေနဲ့ ချော်နေတော့ ပြေးရင်းက ချော်လဲကျပါလေရော။ဘောင်းဘီရှည်က လည်းပြဲသွားပြီး ဒူးနှစ်ဖက်စလုံး စုတ်ပြတ်သွားတယ်၊သွေးတွေထွက်နေတာ မြင်ပေမယ့် ရပ်မနေရဲဘူး။ကုန်းထပြီး ကျောင်းဝင်း ထိပ်ရောက်အောင် ဆက်ပြေးရပြန်တယ်။
          နောက်ဆုံးတော့ ခွေးကိုက်မခံရဘဲ လွတ်ခဲ့ပါတယ်။ဒါပေမဲ့ လွယ်အိတ်နဲ့ လူတစ်ကိုယ်လုံးကတော့ ရွှံ့အလိမ်းလိမ်းပဲ။ ရေကန်နဲ့ ကျောင်းဝင်းထိပ်က နီးနေလို့ တော်သေးတယ်။နောက်မှပြန်သိရတာ ဘုန်းကြီးက သူ့ကျောင်းဝင်းတစ်ခုလုံးကို ကိုရင်လေးတွေနဲ့ ဘုန်းကြီးကျောင်းသား တွေကို အပ်ထားခဲ့တာတဲ့ သူတို့က ချောင်းပြီး စောင့်ကြည့်နေကြတာ ကျောင်းဝင်းထဲက ဖြတ်သွားရုံ သွားတာဆို ဘာမှ မလုပ်ပါဘူး၊ရေကန်ထဲ ဆင်းတာတွေ့လို့ ခွေးတွေကို လွတ်လိုက်ကြတာတဲ့။ခွေးရန်က လွတ်တော့မှ အိမ်မှာ ရင်ဆိုင်ရမယ့် ပြဿနာကို တွေးကြောက်မိ တော့တယ်။နေထိုင်ရာ စက်ရုံဝင်းထဲကို ၀င်လိုက်ရင်ပဲ ကျောင်းသား ကျောင်းသူနဲ့ တူတာဆိုလို့ တစ်ယောက်မှ မတွေ့ရတော့ဘူး။အဆော့မက်တဲ့ အစ်ကိုတွေ၊မောင်တွေကိုတောင် ဒီနေ့ မတွေ့ရတော့ဘူး။
           ရင်တထိတ်ထိတ်နဲ့ အိမ်ပြန် ရောက်တော့ အဖေက ဧည့်ခန်းထဲက ခုံမှာထိုင်စောင့် နေပြီး လက်ထဲမှာလည်း ကြက်မွေးတစ်ချောင်းကို ပြောင်းပြန် ကိုင်ထားတာတွေ့လိုက်ရတယ်။“သမီးမှာ အပြစ်ရှိတယ်ဆိုတာ သိတယ်နော် တိုင်ကိုဖက်ထားလိုက်”ဆိုတဲ့ အဖေ့ရဲ့ အသံကိုကြားလိုက်ရတော့ ဒူးတွေတုန်နေပြီး ၊“သမီးရှင်းပြ ပါရစေအုံး ဖေဖေရဲ့”လို့ စောဒက တက်လိုက် သေးတယ်။အမေကတော့ ဘာမှရှင်းပြနေစရာမလိုဘူးလို့ ၀င်ပြော တယ်။“သမီးရှင်းပြတာကို ဆုံးအောင် နားထောင်ပေးရမှာပေါ့ ”လို့ အဖေ့အပြောကို “ရှင် သားကြီးကျရင် အဲဒီလို နားထောင်ပေးလို့လား”ဆိုပြီး အဖေ့ကို ရန်လုပ်တယ်။အဖေနဲ့ အမေ့ရဲ့ အငြင်း အခုန်များကြားထဲ အခွင့်ကောင်းယူပြီး “သမီးက သွားချင်လို့ သွားတာ မဟုတ်ပါဘူး၊ခိုင်မော် က အတင်းခေါ်လို့ပါ”လို့ ၀င်ပြောလိုက်တယ်။အမှန်တော့ ကိုယ့် အပြစ်ကို သူများ လွဲချတာပါ။
     ဘာပဲဖြစ်ဖြစ် အပြစ်ရှိတာ ပေါ်လွင်တဲ့အတွက် အရိုက်တော့ ခံရမယ်လို့ အဖေရော အမေပါ ဆုံးဖြတ်ကြတယ်။ထမင်းချိုင့်နဲ့ လွယ်အိတ်ကို သူနေရာအတိုင်း စည်းကမ်းတကျ ထားပါရ စေလို့ခွင့်တောင်း လိုက်သေးတာ။အဖေက ခွင့်ပြုပေးပါတယ်။ပြီးတော့ တိုင်ကိုကပ် ရိုက်မယ်လည်း လုပ်ရော ရှုးပေါက်ပါရစေလို့ ပြောနေရင်းက  ရှုးတွေ ထွက်ကျပါလေရော။အဖေ့ဒေါသပဲ ပြေနေလို့လား သနားသွားလို့ပဲလားမသိဘူး၊ နောက်ဆုံးတော့ တစ်ချက်ပဲ အရိုက်ခံလိုက်ရတယ်။ရိုက်တုန်းက မျက်ရည်မကျရပေမယ့် ဒူးက ဒဏ်ရာကိုဆေးထည့်ပေးတော့မှ စပ်လွန်းလို့ ငိုလိုက် ရတာ။ညဘက်ရောက်တော့လည်း ခွေးလိုက်ဆွဲတဲ့ပုံတွေကို ပြန်မြင်ယောင်ပြီး ကြောက်လိုက်တာ။အရွယ်တော်တော် ရောက်သည်ထိ အဲဒီအဖြစ်အပျက်ကို ပြန်တွေးလိုက်ရင် ရင်တုန်တတ်တုန်းပဲ။
          ဖော်ပြပါ ဖြစ်ရပ် လေးကတော့ ကျွန်မ လေးတန်းနှစ်တုန်းက အဖြစ်အပျက်ကလေးပါပဲ။
                                        (၂)
            ကျွန်မ သမီးကို ကျောင်းစထားရပြီဆိုတော့ စိတ်ပူစရာတွေက အများသားပါလား။ကျွန်မတို့ ငယ်ငယ်တုန်းက နယ်မှာလို ကျောင်းကို ခြေလျင်လျှောက်သွားလို့ ရတာမဟုတ်ဘူး။ ကျောင်းကို ဖယ်ရီနဲ့ပို့ပေးရတာလေ။ကျွန်မ အမျိုးသားဌာနက ၀န်ထမ်း ကလေးတွေအတွက် ကျောင်းကားစီစဉ်ပေးလို့ တော်သေးတယ် ။ဝန်ထမ်းတစ်ယောက် ကလည်း စေတနာအလျောက် ကားနောက်ကနေ စပယ်ယာ လိုက်လုပ်ပေးသေးတာ ဆိုတော့ စိတ်ချရတာပေါ့။သမီး နှစ်တန်း တက်နေတုန်း ညနေ ကျောင်းဆင်းချိန်တစ်နေ့မှာ ကျောင်းဖယ်ရီ မစီးဘဲ ခြောက်တန်းက ကလေး တစ်ယောက်နဲ့ လိုင်းကားစီးပြီး ပြန်လာတယ်လို့ ကားနောက်က လိုက်ပေးတဲ့ ၀န်ထမ်းက ကျွန်မကို လာတိုင်တယ်။
            လူတစ်ကိုယ်လုံး စိတ်ပူလွန်းလို့ ထူပူသွားပြီး သမီးကိုလည်း ဒေါသထွက်သွားတယ်။သမီးကလည်း မျက်ရည်လည်ရွဲနဲ့ အိမ်ကို ပြန်လာတယ်။သမီးတို့ ကျောင်းရှေ့ကနေဆို လိုင်းကားက နှစ်ဆင့်စီးမှအိမ်ပြန်ရောက်တာ။ကားလမ်းကိုလည်း သုံးခါဖြတ်ကူးရတယ်။သူ့ကို ဘယ်သူက ကားလမ်းကူးပေးမှာလဲ သူနဲ့ အတူပြန်ခဲ့တဲ့ ကလေးကလည်း ခြောက်တန်းပဲ ရှိသေးတာ။မိဘက စိတ်ချရအောင် သည်လောက်စီစဉ်ပေးထား တာကို ဒီလို လုပ်ရမလား ဆိုပြီး ဒေါသထွက်ထွက်နဲ့ ကျွန်မ သမီးကို ဘာမှ မေးမနေတော့ဘူး   ရိုက်တော့တာပဲ။သမီးကလည်း တစ်ကိုယ်လုံး တုန်ပြီးငိုနေတာ ဘာမှပြန်မပြောဘူး။အမျိုးသားက “သမီးလည်း မေးကြည့်ပါအုံးအေ၊ စွန့်စားခန်းလုပ်ပြီး ပြန်လာရတာ သူလည်း ဘယ်လောက်ကြောက်နေလိုက်မလဲ”လို့ ၀င်ပြောပေးလည်း ကျွန်မ နားမ၀င်တော့ဘူး။ကျွန်မရဲ့  စိုးရိမ်စိတ်မပျောက်မချင်း သမီးကို ရိုက်နေမိတော့တာပဲ။
           အဲဒီအချိန်မှာ သမီးတို့ ကျောင်းဖယ်ရီက ငါးတန်းကလေးတစ်ယောက်က “အန်တီ ဒီနေ့ ဖယ်ရီက နောက်ကျတယ်၊သမီးတို့လည်း အကြာကြီးစောင့်နေရတာ အဲဒီအချိန်မှာ မမ နှင်းဦးက သူ့ အိမ်စာတွေများတယ်၊ကျူရှင်လည်း တက်ရအုံးမှာ အချိန်မမီမှာ စိုးလို့ လိုင်းကား နဲ့ပြန်တော့မယ်၊ ခင်သူဇာကိုလည်း ညီမလေး အိမ်စာတွေ များရင် လိုက်ခဲ့လေ လို့ခေါ်တာနဲ့ လိုက်သွားတာ” သမီးတို့လည်း တားသေးတယ် သူက အိမ်စာတွေများတယ်ဆိုပြီး လိုက်သွား တာ၊လမ်းဆုံမှာ သူတို့နှစ်ယောက် ကားတစ်ဆင့်စောင့် နေကြတုန်း သမီးတို့ကား နဲ့တွေ့လို့
          
           
        ပြန်တင်ခေါ်လာခဲ့တာ  ဆိုပြီးလာရှင်းပြပါတယ်။သမီးငယ်ငယ်လေး ကတည်းက အပြစ်တစ်ခုခု ကျူးလွန်လာ ခဲ့မိရင် ကျွန်မ အမျိုးသားက ကျွန်မကို “သမီးလေးကို ပွေ့ထားလိုက်ပါအုံး”လို့ ပြော လေ့  ရှိတယ်။ကျွန်မကလည်း ကိုယ့်ဒေါသနဲ့ ကိုယ် သူ အဲဒီလို ပြောလာ ရင် ပိုပြီး စိတ်တို တတ် တယ်။
         ပြီးတော့ အပြစ်လုပ်လာတဲ့သူကိုပဲ ပွေ့ထားစရာလားလို့ ပြောလေ့ရှိတာ ကျွန်မရဲ့ လက်သုံးစကား။သမီးက ကျောင်းစာနဲ့ပတ်သက်ရင် နည်းနည်းတော့ အစိုးရိမ်ပိုတတ်တယ်။ဒီခေတ်ကလည်း အိမ်စာပေးတာ များတဲ့ခေတ်ဆိုတော့   အိမ်စာတွေ အချိန်မီ မပြီးမှာ သူစိုးရိမ်လို့နေမှာပေါ့။အဲဒီတော့မှ သမီးကို ဘယ်လို ပြန်လာကြတာလဲလို့ ကျွန်မ မေးဖြစ်တယ်။ “ဘတ်စ်ကား ပေါ်မှာ သမီးက ကားခပေးမလို့  ကျောပိုးအိတ်ကို အရှေ့ဘက်ကို ယူတာ မရဘူး၊ဆွဲခြင်းနဲ့ ထီးကိုလည်း ကိုင်ထားရသေးတယ်။ပြီးတော့ သမီးတို့ ထိုင်ခုံနေရာလည်း မရဘူး။အဲဒါနဲ့ မမ နှင်းဦးက ကားခ သူပေးလိုက်မယ်ဆိုပြီး ပေးလိုက်ရော။ကားကလည်း  အမြန်မောင်းတယ် မေမေရယ် သမီး ကားပေါ်မှာ ကောင်းကောင်းရပ်လို့ မရဘူး။အဲဒီတော့မှ မေမေ သိရင် ဆူတော့မှပဲ ဆိုပြီး သမီး ဆင်းတော့မယ်လို့ မမနှင်းဦး ကို ပြောတော့ အခုမှတော့ ဆင်းလို့ မရတော့ဘူး ဆိုလို့ ဆက်လိုက်ခဲ့ရတာ” ဆိုပြီး သမီးက သူ့အပြစ်ကို ၀န်ခံပါတယ်။
        သည်တော့မှ ကျွန်မ သမီးကို သနားသွားတယ်။အဲဒီအချိန်မှာပဲ  “ညည်း ငယ်ငယ်တုန်းကတောင် ကြာပန်းခူးဖို့ လုပ်ရင်း ကျောင်းပြန်နောက်ကျသေးတာ ၊အခု သမီးက အိမ်စာ မပြီးမှာစိုးလို့ စိတ်ပူပြီး သူ့အတွေးနဲ့သူ လျှောက်လုပ်ရင်း ဖြစ်သွားတာပဲ” ဆိုတဲ့ အမျိုးသားရဲ့ တီးတိုးစကားသံကြောင့်  ကျွန်မ ငယ်ငယ်က ခွေးလိုက်ဆွဲခံ ခဲ့ရတဲ့ ပုံရိပ်တွေ ပြန်ပေါ်လာတယ်။ဒီအသက်အရွယ် ရောက်နေတာတောင် အဲဒီပုံရိပ်ကို ပြန်တွေးမိရင် ရင်က တုန်ချင်နေသေးတာ။ပြီးတော့ ဘတ်စ် ကားပေါ်မှာ ကြောက်နေမယ့် သမီးရဲ့ ပုံရိပ်ကို ပုံဖော်ကြည့်နေမိတယ်။ဒီတစ်ခါတော့ ကျွန်မ အမျိုးသား မတိုက်တွန်းရဘဲ သမီးလေးကို ကျွန်မ ပွေ့ထားလိုက်မိတော့တယ်။


                                                       
                                                  

                                                 
                                                

0 comments:

Post a Comment