468x60
Wednesday, June 4, 2014
 “အမှီ”
(၁)
          စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်ကုန်ကနေပြောင်းလာတာတဲ့။ဒီစက်ရုံမှာ စာရေးကြီးတစ် ယောက်က ရှိနှင့်ပြီးသား၊ဘယ်အချိန်ကနေ စပြီးရှိနေတာလဲဆိုရင်ဒီစက်ရုံကြီး တည်ထောင်စထဲက ရှိနေတာလို့ပြောလို့ရတယ်။သူ့နာမည်က ဦးတင်ညွှန့်တဲ့။နယ်စက်ရုံအနေအထားအရ စာရေးကြီး
တစ်ယောက်ရှိရင်လုံလောက်ပါပြီ၊ဒါပေမဲ့ စက်ရုံတစ်ရုံမှာ စာရေးကြီး ဆိုတဲ့ရာထူး နေရာကနှစ်နေ ရာရှိခွင့်ရတယ်။ဦးမြင့်ကျော်က  စတစ် ကော်လံ အင်္ကျီအဖြူလက်ရှည်နဲ့ ပုဆိုးအကွက် စိပ်စိပ် လေးတွေ ၀တ်လေ့ရှိတယ်။ သူ့ရဲ့နောက်ဆံပင်တွေကို အရှည်ထားပြီး အရှေ့ဘက်ကိုယူ ဖြီးထားတယ်၊ နဖူးပြောင် မှန်းသိပ်မသိသာတော့ဘူး။သူ့ကိုဖြတ်ကနဲ မြင်လိုက်ရရုံနဲ့ သပ်သပ်ရပ်ရပ်ဝတ်တတ်စားတတ်မှန်း သိသာနေတယ်၊ လူရည်သန့်ရုပ်ထွက် တယ်ပေါ့။
          စာရေးကြီး ဦးတင်ညွှန့်ကတော့ အ၀တ်အစားဝတ်တာ သပ်ရပ်ပေမဲ့ သူ့အင်္ကျီတိုင်းလို လိုမှာ ဆေးလိပ်မီးပေါက်ရာ ပလပွနဲ့၊မျက်နှာကျက ယောက်ျားပီသပြီးကြည့်လို့ကောင်းပေမဲ့  ညနေတိုင်းပုံမှန်ချတတ်တဲ့ အရက်အရှိန်ကြောင့် နောက်တစ်နေ့မနက် ရုံးရောက်ရင်ဖောသွပ်နေ တဲ့မျက်နှာပဲ တွေ့ရတတ်တယ်။ဒါပေမဲ့ ဦးတင်ညွှန့်က စာတော်တော်ဖတ်တဲ့သူ၊သူ့အိမ်မှာစာအုပ် စင်ရှိတယ်၊သုတ၊ရသ၊ဘာသာရေးစာအုပ်မျိုးစုံရှိတယ်။ကျုပ်တို့စက်ရုံမှူးစကားနဲ့ ပြန်ပြော ရရင် “အလိမ်္မာ စာမှာရှိဆိုတာ ဦးတင်ညွှန့်အတွက်ပြောတာထင်တယ်၊အလိမ်္မာက စာထဲမှာပဲရှိတာ
ဦးတင်ညွှန့်ရဲ့ လက်တွေ့ဘ၀ထဲဘယ်တော့မှ ရောက်မလာလို့တဲ့”။သူက အရက်ကိုကြိုက်လို့ကို
သောက်တာ၊ဒါပေမဲ့ စည်းတော့ရှိတယ်၊ရုံးချိန်အတွင်း သူဘယ်တော့မှ မသောက်ဘူး။ရုံးဆင်းပြီ
ဆိုတာနဲ့ သူ့အိမ်မှာရုံးလွယ်အိတ် ၀င်ထားပြီးရင် ဘူတာနားက “အ၀င်း”တို့ဆိုင်ကိုပြေးတော့တာ။
          ကျုပ်တို့စက်ရုံဝန်းက အကျယ်ကြီးပဲ၊စက်ရုံဝန်းထဲမှာပဲ ၀န်ထမ်းအိမ်ယာတွေရှိတယ်။နှစ်ခန်းတွဲ တိုက်ခန်းလေးတွေဆောက်ထားတာ၊စက်ရုံမှူးအိမ်ပဲ သီးသန့်တစ်လုံးထဲရှိတာ။
ကျုပ်နဲ့ စာရေးကြီး ဦးတင်ညွှန့်က အခန်းချင်းကပ်လျက်၊ရာထူးတော့ မတူဘူး။ကျုပ်ရဲ့ ရာထူးက
စက်ပြင်ဆရာ၊တွင်ခုံတွေလည်းကိုင်ရတယ်။စက်ရုံမှာ ကျုပ်ထက်ရာထူးငယ်တာဆိုလို့ အစောင့်နဲ့
သန့်ရှင်းရေးပဲရှိတယ်။ဦးတင်ညွှန့်က မနက်ငါးနာရီဆို နိုးပြီ၊မျက်နှာသစ်သံကြားရပြီးခဏနေတာ  နဲ့ ရေနွေးအိုးထဲရေဖြည့်ပြီး မီးဖိုပေါ်တင်၊ပြီးတာနဲ့ အသံထွက်ပြီး ဘုရားစရှိခိုးတော့တာပဲ။ဘုရားရှိခိုးပြီးတာနဲ့ ရေနွေးကဆူနေပြီ၊ဆက်တိုက် ထမင်းအိုးဆက်တည်တော့တာပဲ။ဒါမနက် တိုင်း သူလုပ်နေကျ အလုပ်၊သူ့ဇနီးနဲ့ သမီးနှစ်ယောက်က  ဘယ်တော့မှအစောကြီးထပြီး ထမင်းချက်စရာမလိုဘူး။ 
                   (၂)
          မနက်ခုနှစ်နာရီခွဲဆိုရင် ရုံးတက် ဥသြဆွဲပြီ။ဦးတင်ညွှန့်က ခုနှစ်နာရီမတ်တင်းလောက်    ထဲကစက်ရုံကိုရောက်နှင့်ပြီ။ကျုပ်တို့ကတော့ ဥသြဆွဲသံကြားရမှ အိမ်ကထပြေးကြတာ၊အိမ်နဲ့စက်ရုံက နီးနီးလေးပဲ၊တန်းစီတဲ့အချိန် အမီရောက်ရင် ပြီးရောပေါ့။ဦးတင်ညွှန့်ကတော့ စက်ရုံထဲကို  စောသွားနှင့်ပြီး စက်ရုံထဲမှာ တံမြက်စည်း လှဲတယ်၊စက်ရုံမှာလည်း ရေနွေးအိုးတည်တယ်၊ပြီးရင် ဓာတ်ဘူးတွေထဲ ရေနွေးအပြည့်ဖြည့်ထား တယ်။ရေနွေးကြမ်း ပန်းကန်တွေလည်း သူပဲ အကုန်ဆေးကြောတာ။သူ့ရေနွေးက လက်ဖက်ခြောက် ကိုလှော်ပြီး များများခပ်ထားတာဆိုတော့ အနံမွှေးမွှေးနဲ့ အရသာက ဖန်ခါးလေး။
      စက်ရုံက သုံးရုံအပြိုင်ဆောက်ထားတာ၊ ဘယ်အစွန်ရုံက စတိုခန်း၊ပစ်္စည်းတွေ ထိန်းသိမ်းသိုလှောင်ထားတယ်။အဲဒီမှာ စတိုမန်းတွေနဲ့ ဒု-ဦးစီးမှူးတွေ ရုံးထိုင်ကြတယ်။အလယ်က စက်ရုံမှူးရုံးထိုင်တဲ့ရုံ၊အဲဒီမှာ ဦးစီးအရာရှိတွေ၊ စာရေးကြီး၊ စာရေးလေး၊စာရေးမနဲ့သန့်ရှင်းရေး အလုပ်သမားတွေလည်း ရုံးထိုင်ကြရတယ်။ညာအစွန်ရုံ ကတော့ ကျုပ်တို့လို ကာယလုပ်သား တွေဖြစ်တဲ့ စက်ပြင်၊စက်ကိုင်၊စက်မှုကျွမ်းကျင်တွေ အတွက် အလုပ်ရုံပဲ။ကျုပ်တို့စက်ရုံကလူတွေ စာရေးကြီး ဦးတင်ညွှန့်ကြောင့်ရေနွေးစွဲကုန်ကြတာ၊ ဘယ်၊ ညာ  စက်ရုံနှစ်ရုံစလုံး အလယ်စက်ရုံမှာ ရေနွေးလာယူကြတယ်။ဓာတ်ဘူး ထဲရေနွေးလျော့တာနဲ့ သူက ထတည်တော့တာ။အဲဒါ လေးတွေကြောင့်လည်း ညနေဘက် သူမူးပြီးပြန်လာရင် ၀န်ထမ်းအိမ်ရာတွေထဲ  အော်အော်ဆဲနေတာ လည်း သည်းခံနေနိုင်ကြတာ။နောက်တစ်နေ့ မနက်လင်းရင် တော့ ထုံးစံအတိုင်း ဘုရားရှိခိုးပြီ။
                             (၃)    
          ဦးမြင့်ကျော်က တစ်ကိုယ်ရည် တစ်ကာယ သမားဆိုတော့ သူ့အတွက် ၀န်ထမ်းအိမ်ရာ မှာ အခန်းမရဘူး။အဲဒီတော့ ရပ်ကွက်တစ်ခုမှာ အိမ်ငှားနေတယ်။နယ်မြို့လေးဆိုတော့  သိပ်မကျယ် ဘူး၊နေ့စဉ်စက်ရုံကို လမ်းလျှောက်ပြီးရုံးတက်တယ်။သူက ကွမ်းမစားဘူး၊ ဆေးလိပ်မသောက်ဘူး၊ အရက်ဆိုအနံ့တောင်မခံနိုင်ဘူး၊သူ့အပြောအရ “ကျွန်တော်က အရက်နံ့ ရရုံနဲ့တင် မူးနေတတ်လို့ မသောက်တာပါ”တဲ့။လူပုံကသန့်သန့်၊စကားပြောရင် ညက်ညက်လေးပြောတတ်တယ်၊ တစ်ဖက် သား နားဝင်လွယ်အောင်ပြောတတ်ပြီး ဘာသာရေးကိုင်းရှိုင်းတယ်။စက်ရုံမှာ ၀န်ထမ်းအား လုံးနီးပါးက နယ်ခံတွေများတယ်၊အသစ်ပြောင်းလာတဲ့ စာရေးကြီး ဦးမြင့်ကျော်ကတော့  ကျုပ်တို့စက်ရုံမှာ တစ်မူထူးနေတာ အမှန်ပဲ။
            ကျုပ်ကမိရိုးဖလာ ဗုဒ်္ဓဘာသာတစ်ယောက်ပါ၊ဒါပေမဲ့ စာရေးကြီး ဦးမြင့်ကျော်လို ဘာသာ ရေးမကိုင်းရှိုင်းတတ်ဘူး။ပြီးတော့ စာရေးကြီး ဦးတင်ညွှန့်လို မနက်ဘက် ဘုရားရှိခိုးပြီး ညနေတိုင်းကျ အရက်သောက်တတ်တာ မကြိုက်ဘူး။ကျုပ်ဆေးလိပ်မသောက်ဘူး၊ အရက်မကြိုက်ဘူး၊လောင်းကစား ၀ါသနာမပါဘူး၊ကွမ်းတော့ကြိုက်တယ်။ကျုပ် ဘုရားရှိခိုးတောင် အလွတ်မရဘူး၊ကျုပ်မိန်းမကတော့ မနက်တိုင်း ဆွမ်းတော်ကပ်ပြီး  ဘုရားရှိခိုး လေ့ရှိတယ်၊ညဘက်ဆို တစ်ခါတစ်ခါ ပုတီး စိတ်တာတွေ့တယ်။ကျုပ်ကိုယ်တိုင် ဘုရားရှိခိုးတွေ အလွတ်မရပေမဲ့ ကျုပ်မိန်းမ အဲဒီလိုရွတ်ဖတ်နေတာတွေ တွေ့ရင် ကျုပ်သိပ်ကြည်းနှုးတာပဲ။                                (၄)
           စာရေးကြီး ဦးမြင့်ကျော်ကို လူတွေက ခင်လွယ်ကြတယ်။သူစကားပြောရင် ပုံတိုပတ်စ
လေးတွေနဲ့ပြောတတ်တယ်၊လောကီ၊လောကုတ်္တရာရေးရာတွေ နှံနှံစပ်စပ်သိတယ်။ဘယ်အကြောင်းအရာကိုမဆို သူ့နဲ့ပြောလို့ရတယ်။ဗုဒ်္ဓ၀င်သမိုင်း၊ဗေဒင်ကျမ်းဂန်၊ဘုရားရှိခိုးအမျိုးမျိုး၊ ကံပွင့်ကံတက်ဂါထာ၊ပုတီးစိတ်နည်းအဖုံဖုံတွေ အကြောင်း  သူမကြာမကြာပြောပြနေတော့ သူ့ကို
တစ်စက်ရုံလုံးက  “ဘိုးတော်” လို့ခေါ်လာကြတယ်။ဒီနာမည်ကို သူကလည်း ကျေကျေနပ်နပ် လက်ခံတယ်။ဘိုးတော်က ထမင်းကိုဆိုင်မှာ လခနဲ့ပေးစာတယ်။ကျုပ်တို့ရုံးနဲ့မြို့ထဲက နည်းနည်း
လှမ်းတယ်။သူရုံးလာတဲ့အချိန်က ထမင်းဟင်းမကျက်သေးတဲ့အချိန်၊အဲဒီတော့သူက မနက်စာစား
ပြီးရင် ရုံးမှာ နေ့လယ်စာမစားဘဲ နေပြီးညနေစာနဲ့ ပေါင်းစားတော့တယ်။
            ကျုပ် အလယ်ရုံးကို ရေနွေးသွား သွားယူရင်း ဘိုးတော်နဲ့ စကားလက်ဆုံကျပြီး
ခင်မင်လာတယ်။အဲဒီမှာ သူနေ့လယ်စာ မစားဘဲနေတာကို သတိထားမိလာတယ်။ကျုပ်တို့ရုံးက  နေ့လယ်ထမင်းစားချိန်မှာ ရုံးခဏဆင်းပေးတယ်၊လိုင်းထဲမှာနေတဲ့ ၀န်ထမ်းအားလုံး အိမ်ပြန်ပြီး ထမင်းစားကြတယ်။မြို့ထဲကလာတက်တဲ့ ၀န်ထမ်းအချို့က စုပြီးထမင်းဘူးဖွင့်စားကြတယ်။အဲဒီတော့  ထမင်းချိုင့်မပါတဲ့ “ဘိုးတော်”က တစ်ယောက်ထဲ ယောင်တောင်တောင်ဖြစ်နေတာပေါ့။ဒါနဲ့ ကျုပ်လည်း  တစ်ရက်မှာ ထမင်းစားဆင်းချိန် “ဘိုးတော်”ကို ကျုပ်အိမ်ကို ခေါ်ခဲ့လိုက်တော့တယ်။
             သူ့ကိုထမင်းစားဖို့ ခေါ်လာတာ သုံး လေးကြိမ် လောက်ရှိလာတော့ “ဘိုးတော်”ကကျုပ် ကို “ဦးမိုးနိုင် ကျွန်တော် ခင်ဗျားအိမ်မှာ ခဏ ခဏ ထမင်းလိုက်စားနေရတာ အားနာတယ် ဗျာ၊ဒီလိုလုပ်ရအောင်ခင်ဗျားတို့အိမ်မှာ ကျွန်တော် ထမင်းလခပေးစားချင်တယ်။ကျွန်တော် ရုံးပိတ်ရက်တွေကျမှ မြို့ထဲမှာ ၀ယ်စားလိုက်တော့မယ်၊ခင်ဗျားမိန်းမ အပန်းမကြီးဘူးဆိုရင်ပေါ့လေ”။
ကျုပ်ကလည်း “ရပါတယ် ဘိုးတော်ရယ် တစ်ယောက်စာထဲ အပန်းမကြီးပါဘူး၊ထမင်းလခ ပေးစား
ချင်တာဆိုရင်လည်း ဘိုးတော် အားမနာဘဲစားရတာပေါ့၊ကျုပ်မိန်းမ အတွက်လည်း တစ်ယောက်စာ
ပဲ ပိုချက်လိုက်ရတာပါ”။အဲဒီလိုနဲ့ “ဘိုးတော်” ကျုပ်အိမ်မှာ ထမင်းလခ ပေးစားဖြစ်သွားတယ်။
                               (၅)      
ဖတ်တယ်၊ဘုရား၊တရားလည်း လိုက်စားတော့ “ဘိုးတော်” နဲ့ ကျုပ်မိန်းမ သိပ်လေပေးဖြောင့်တာ။
   “မကျင်မြိုင်ရဲ့ ဘုရားဂုဏ်တော်ကိုးပါး ကို ရွတ်ဆိုတဲ့ နေရာမှာ ဒီလိုလေးပါတွဲဆိုကြည့်ပါလား
            အရဟံ-ကျက်သရေ တက်နေလ ထက်ပေစွ အရဟံ။
            သမ်္မာသမ်္ဗုဒေ်္ဓါ- ကောင်းမြတ်သည့် ကလျာဥာဏ်  သမ်္မာ အမှန် သမ်္ဗုဒေ်္ဓါ
            သုဂတော- ပြောသမျှ အမှုသာအောင် သုဂတော မြွက်ဟော”“ဘိုးတော်” အသံနေ အသံထားနဲ့ ရွတ်ပြနေတာ ကျုပ်ကြားရတယ်။မကျင်မြိုင်ကလည်း“ဦးမြင့်ကျော် ရယ် ကျွန်မကို အဲဒီဂါထာလေး အစ၊အဆုံးရေးပေးပါလား၊ ကျွန်မလည်းရွတ်ချင်လို့ပါ၊ အဲဒီလိုလေးတွဲဆို လိုက်တော့ပိုပြီးကြည်ညိုစရာကောင်း တာ ပေါ့”လို့ပြန်ပြောနေတယ်။
                            (၆)      
          မကျင်မြိုင်တို့ လင်မယား နှစ်ယောက်စလုံးက ထားဝယ်သူ၊ ထားဝယ်သားတွေ၊ မကျင် မြိုင်က ကိုးတန်းထိကျောင်းနေဖူးတယ်။ဦးမိုးနိုင်က ရှစ်တန်းအောင်တော့ စက်ပြင်သင်တန်းတက်
ပြီး အစိုးရရုံးမှာ အလုပ်ဝင်တယ်။နှစ်ယောက်သား အကြောင်းပါကြပြီး ဒီမြစ်ဝကျွန်းပေါ်မြို့လေးကို
တာဝန်နဲ့ ပြောင်းလာကြတာ။ကိုမိုးနိုင်က ၀န်ထမ်းလခအပြင် အပိုဝင်ငွေလေးတွေပါရတယ်၊အပြင်
က စက်ပြင်ချင်တဲ့သူတွေက စက်ရုံမှာလာအပ်ကြတယ်။စက်ရုံမှူးက ၀န်ထမ်းသက်သာအတွက်
ခွင့်ပြုပေးထားတယ်။ပြင်လို့ရတဲ့ ပိုက်ဆံအကုန်ပေးရတာ မဟုတ်တော့ ကိုမိုးနိုင်အတွက်လည်း
ကျန်ပါတယ်။ပြီးတော့ သူက ပိုက်ဆံအပိုကုန်မဲ့ အလုပ်ဆို ဘာမှမလုပ်ဘူး၊ကွမ်းစားတာ ကလွဲရင်ပေါ့လေ။ရှာလို့ရတဲ့ ပိုက်ဆံအကုန် မကျင်မြိုင်ကိုအပ်တယ်။
            ကိုမိုးနိုင်က ရှစ်တန်းအောင်ပြီးထဲက သူ့အတွက်ဘ၀မှာ ဘာစာမှဖတ်ဖို့မလိုတော့ဘူး
လို့တွေးထားတဲ့သူ။သူ့ဘ၀မှာ ကျင်လည်စရာနေရာ နှစ်နေရာပဲရှိတယ်၊စက်ပြင်အလုပ်ရုံရယ်၊မကျင်
မြိုင်တို့ သားအမိတစ်တွေရှိနေတဲ့ ဒီအိမ်ရယ် ဒါပဲ။တစ်နှစ်လုံးနေလို့လည်း ဘုရားတစ်ခါရှိခိုးတာ
မတွေ့ရဘူး၊ဘုရားရှိခိုးတွေလည်း ဘာတစ်ခုမှ အလွတ်မရဘူး။ဒါပေမဲ့ သူ ဦးမြင့်ကျော်ကိုတော့
တော်တော် ခင်ပုံရတယ်၊“မိန်းမရယ် ဘိုးတော်ကို ထမင်းလခပေးကျွေးလိုက်ပါဟာ၊သူက လူအေးပါတ”ဲ့
ဦးမြင့်ကျော်က ညနေစာစားပြီးမှ သူ့အိမ်ပြန်တယ်၊ညနေဘက် ကလေးတွေကျောင်းကပြန်လာရင်
ကလေးတွေကို အိမ်စာကူပြပေးတယ်။စာတွေပြီးရင် ဇတ်ကြီးဆယ်ဘွဲ့ တို့ မြန်မာသူရဲကောင်း ပုံပြင်
တို့ပြောပြတယ်။ကလေးတွေကလည်း ဦးမြင့်ကျော်ကို ခင်ကြတယ်။အဲဒီအချိန် ကိုမိုးနိုင်က ခြင်းဝိုင်းထဲရောက်နေပြီ။
                             (၇)        
            ဦးမြင့်ကျော် အိမ်မှာထမင်းစားလာတာ တစ်လနီးပါးလောက်ရှိလာတော့ မကျင်မြိုင်က
“ကိုမိုးနိုင်ရေ - ဦးမြင့်ကျော်ကို မနက်စာပါကျွေးလိုက်တော့မယ်၊သူကလည်း ထမင်းလခပိုပေး
ပါ့မယ် လို့” အသိပေးလိုက်တယ်။“အေးပါ မင်းအဆင်ပြေရင် ပြီးတာပါပဲ”တဲ့။ကိုမိုးနိုင် ကဘယ်ကိစ်္စမဆို မကျင်မြိုင်သဘောပါပဲ။ကိုယ်တိုင်က နားအေးပါးအေး နေချင်တဲ့သူဆိုတော့ သူ့အတွက်လည်း  ဘာကရိကထမှ သိပ်မရှိဘူး။ဒါပေမဲ့ စာပေအကြောင်း ဘာသာရေးအကြောင်းတော့သူနဲ့ဆွေးနွေး လို့မရဘူး။အခုတော့မကျင်မြိုင်လည်း ဦးမြင့်ကျော်နဲ့ဆွေးနွေးစရာအဖော်ရှိနေပါပြီ။ကိုမိုးနိုင်ကို ဘုရားတရားလုပ်ဖို့ ဘယ်လောက်ပဲစည်းရုံး စည်းရုံး ဘာမှပြန်မပြောပေမဲ့ သူလိုက်မလုပ် ပါဘူး၊အဲဒီအကြောင်း ဦးမြင့်ကျော်ကိုပြောမိတော့ “မတတ်မလိမ်္မာ၊မြင်နည်းစွာသား၊ပညာမဲ့တွန်၊ သူမိုက်ကျွန်ကို၊နိဗ်္ဗန်တရား၊ဟောလှည့်ငြားလည်း၊နာမနာသီး၊ဘုတ်နှင့်ကျီးသို့တဲ့၊မကျင်မြိုင်ရဲ့၊
ကိုယ်အတွက်ပဲ ကိုယ်လုပ်ပါ”တဲ့။ပြီးတော့ ဦးမြင့်ကျော်က “မကျင်မြိုင်ကို ကြည့်ရတာချူချာ တယ်၊သိုက်ကလာတာများ ဖြစ်နေမလား မသိဘူး၊သိုက်ကလာတာ ဟုတ် မဟုတ်စစ်ပေးမယ်၊ ဟုတ်နေရင်သိုက်ကြိုးဖြတ်ပေးပါအုံးမယ်”။
            “သိုက်ကြိုး မဖြတ်ရင် ဘာဖြစ်တတ်လဲဟင် ဦးမြင့်ကျော်”
    “သိုက်ကလာတဲ့သူတွေဆို အိမ်ထောင်ပြုတာ သူတို့က မကြိုက်ကြဘူး၊သိုက်ကြိုးဖြတ်မထား ရင်  မိသားစုနဲ့ သေကွဲ ဒါမှမဟုတ် ရှင်ကွဲ ကွဲအောင်လုပ်တတ်ကြတယ်”။
 “ဒါဆိုရင် သိုက်ကလာတာ ဟုတ် မဟုတ် ကျွန်မကိုမြန်မြန်စစ်ပေးပါ ဦးမြင့်ကျော်ရယ်”။
  “ကောင်းပြီလေ ကျွန်တော်တို့နောက်တစ်ပတ်လောက် စစ်ကြည့်ကြတာပေါ့”။
                             (၈)       
            ဒီရက်တွေမှာ မကျင်မြိုင် နေလို့ပျော်လာတယ်၊ကျန်းမာရေးလည်းကောင်းလာသလိုပဲ။
ကိုမိုးနိုင်ကတောင် မနေ့က ဦးမြင့်ကျော်ကိုပြောနေသေးတယ် “ကျေးဇူးတင်တယ် ဘိုးတော်ရယ်
ကျုပ်တို့က အဲဒီသိုက်အကြောင်းတွေ ဘာမှမသိတော့ ဒီအတိုင်းပဲနေလာကြတာ၊အခုမှ မကျင်မြိုင်
မျက်နှာလေးပိုလန်းလာသလိုပဲတဲ့”။မကျင်မြိုင်ကတော့ သိုက်ကြိုးဖြတ်ပြီးထဲက ဦးမြင့်ကျော်ကို
မတွေ့ရရင်မနေနိုင်တော့ဘူး။စနေ၊တနင်္ဂနွေ နှစ်ရက်တောင် မနည်းအောင့်အီးပြီး နေရတယ်။သိုက်ကြိုး
ဖြတ်တဲ့နေ့က မြင်ကွင်းနဲ့ အထိအတွေ့ကို မေ့လို့မရဘူးဖြစ်နေတယ်။သူသိုက်ကြိုးဖြတ် ပေးပုံက
ဆန်းပေမဲ့ မကျင်မြိုင် ကျေနပ်နေမိတယ်။စကားပြောတာ ညက်သလောက်၊သူအထိအတွေ့တွေ
ကလည်း ညက်ညောလှပါဘိ။
            “ကိုမိုးနိုင် ခင်ဗျား ဘိုးတော်က ဖဲဂျိုးတဲ့ဗျ၊စနေ၊တနင်္ဂ နှစ်ရက်စလုံး သူနေတဲ့ ရပ်ကွက်
မှာ မထတမ်းဖဲရိုက်တာတဲ့၊လခအကုန်ပြောင်တဲ့အပြင် ကြွေးတောင်တင်နေတယ်ကြားတယ်။ခင်ဗျား
တို့ကို ထမင်းလခရော ပုံမှန်ပေးနိုင်ရဲ့လား၊” အစောင့် “ကြည်တိုး”က ကိုမိုးနိုင် အလုပ်လုပ်နေတဲ့
အနားလာရပ်ပြောတယ်။
           “မဖြစ်နိုင်တာကွာ၊မင်း ဘယ်သူပြောလဲ၊လူတွေက ဘိုးတော်ကို မနာလို လို့ပြောကြတာနေမှာ၊ထမင်းလခလည်း ပေးမှာပါ၊ငါတစ်ခါမှ ငါ့မိန်းမကို မေးမကြည့်မိဘူး”။ကြည်တိုး က ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားတယ်။ကိုမိုးနိုင် “ကရိုင်းသ”  နေရင်းဆက်စဉ်းစား နေမိတယ်။ဒီမနက်ကတောင် မကျင်မြိုင်က နို့ပို့တဲ့ကုလားကို နွားနို့အစိတ်သား မနက် တိုင်းလာပို့ဖို့မှာနေသံကြားလိုက်တယ်။ပြီးတော့  ကျုပ်ကိုလည်းပြောပါသေးတယ် “ကိုမိုးနိုင် ရှင်လည်းကြိုက်တာမဟုတ်လို့ -ဦးမြင့်ကျော် တစ်ယောက်စာအတွက်ပဲ နွားနို့မှာလိုက်တယ်နော်၊သူက          
မနက်စာအတွက်လည်း ပေးထားတာမလား”တဲ့၊ဘိုးတော်က ထမင်းလခတော့ ပေးမှာပါ။ကြည်တိုးပြောတာနဲ့ ငါတောင် “ဘိုးတော်”ကို သံသယဖြစ်တော့မလို့။         
             (၉)
  “မိုးနိုင် မင်းအားတဲ့အချိန် ငါနဲ့ နှစ်ယောက်ထဲ အေးဆေးစကားပြောစရာရှိလို့ ငါ့
အိမ္ဘက္ကိုလာခဲ့အုံး”။
   ဒီကောင် “၀င်းကြည်”နဲ့ ကျုပ်က ဒီမြို့ရောက်ထဲက ခင်လာကြတာ၊ပြောမနာ ဆိုမနာသူငယ်ချင်းတွေ၊ထူးထူးဆန်းဆန်း ဘာတွေများပြောစရာရှိလို့ နှစ်ယောက်ထဲ တွေ့ချင် ရတာပါလိမ့်။ဒီညနေ ခြင်းမခတ်တော့ဘူး၊ဒီကောင်အိမ်သွားလိုက်အုံးမှ။
        “ကိစ်္စက  ဒီလိုကွ၊၀န်ထမ်းလိုင်းထဲက ကာလသားတွေက မင်းမိန်းမနဲ့ဘိုးတော် အကြောင်းပြောနေကြလို့၊တချို့ကောင်တွေဆို သွားတောင်ချောင်းကြတယ် ပြောတယ်၊အဲဒါ”
     “ဟေ့ကောင် ၀င်းကြည် မင်းဘာစကားပြောတာလဲ၊ငါ့မိန်းမ အဲဒီလိုမိန်းမလားကွ၊ပြီးတော့
“ဘိုးတော်” ဆိုတာလည်း ဘယ်လိုနေတယ်ဆိုတာ မင်းအသိ”။
         “မဟုတ်ဘူး၊ ငါပြောတာက အခုတစ်လော “ဘိုးတော်” မင်းနဲ့အတူ ထမင်းစားပြန်တော့လို့လားသူတစ်ယောက်ထဲ စောပြီးသွားနှင့်နေတယ်လေ၊မင်းသတိထားဖို့ ငါပြောနေတာ”။
        “အဲဒါလည်း ငါ့ကို ပြောပြီးမှ သူအရင်သွားနှင့်တာ၊ မင်းကို ဘယ်ကောင်တွေက ဒီစကားပြောလိုက်တာလဲ၊နောက်တစ်ခါ အဲဒီလိုပြောတာ ကြားရကြည့် ပြောတဲ့ကောင် ပါးစပ်ပိတ်သွားအောင် ငါဆုံးမပေးလိုက်မယ်”။
  “အေး -မင်းမကြိုက်လည်း မပြောရုံပေါ့ကွာ၊ ငါက သူငယ်ချင်းအရင်းကြီးမို့ ပြောမိတာပါ”။
           ကျုပ်စိတ်ထဲ စနိုးစနောင့်နဲ့ ဒီနေ့ နေ့လယ်အိမ်ကို ထမင်းစား စောပြန်ခဲ့တယ်။ကျုပ်တို့
အိမ်က ကျုပ်အလုပ် လုပ်နေတဲ့စက်ပြင်ရုံနဲ့ မျက်နှာချင်းဆိုင်၊ဒါပေမဲ့ နည်းနည်းဝေးတယ်။အိမ်က အနောက်ဘက်ကို မျက်နှာမူထားတော့ မွန်းတိမ်းတာနဲ့ ကျနေက အိမ်ရှေ့ခန်းကိုရောက်ပြီ၊ဒါကြောင့် အိမ်ရှေ့ကတံခါးတစ်ခြမ်းကို ညနေဘက်ဆို အမြဲပိတ်ထားတယ်။အခုတစ်လော မနက်ဘက်လည်း တစ်ခြမ်းပဲဖွင့်ဖြစ်ပါတော့တယ်။ကျုပ် အိမ်ထဲဝင်လိုက်တော့ ဘိုးတော်က“မကျင်မြိုင် တရားထိုင်စမှာ ဒီလိုပဲစိတ်ပြန့်လွင့်တတ်ပါတယ်၊အဲဒါကို အတင်းလိုက်ပြီး မစုစည်းနဲ့ ၊ပြန့်လွင့်သွား တဲ့အတိုင်း၊ အတွေးအတိုင်း စိတ်ကလိုက်သွား၊ဘာတွေတွေးနေတယ် ဆိုတာသာ သိနေပစေ”တဲ့။မကျင်မြိုင်ကို တရားထိုင်နည်းအကြောင်းပြောပြနေတာပဲ။ကျုပ် သူများပြောတိုင်း စိတ်က ယောက်ယက် ခတ်သွားတယ်။တော်သေးတယ် သူတော်ကောင်းကို ပြစ်မှားမိတော့မလို့။
                           (၁၀)
           “ဦးမိုးနိုင် ကျွန်တော် ရန်ကုန်ရုံးချုပ်ကို သွားစရာရှိလို့ တစ်ပတ်လောက် ထမင်းလာ
မစားဖြစ်ဘူး၊အဲဒါ မကျင်မြိုင်ကိုပြောလိုက်ပါ။တန်းစီဖြုတ်ပြီးစအချိန် ”ဘိုးတော်”ကပြောလာပါတယ်။
            “ဟုတ်လား ဘယ်တော့သွားမှာလဲ ကိစ်္စအထူးရှိလို့လား”
   “အခုနေ့ခင်းပဲသွားမှာ၊ကျွန်တော့် အပြောင်းအရွှေ့ ကိစ်္စအတွက်ပါ။ပဲခူးဘက်မှာ ကျွန်တော်အစ်မ
အပျိုကြီးတစ်ယောက်ထဲ အသက်ကြီးပြီဆိုတော့ မောင်နှမနှစ်ယောက် ပြန်နေကြမလားလို့၊သူ့ကိုလည်း
စောင့်ရှောက်နိုင်တာပေါ့။”               “ကောင်းသားပဲ ဘိုးတော် ၊ကျွန်တော်တို့ မိသားစုတော့ ခင်ဗျားကို သတိရနေတော့မှာ။ကျွန်တော့်
သားသမီးတွေဆို ခင်ဗျားပြောပြတဲ့ ပုံပြင်တွေကို သိပ်ကြိုက်တာ”။
           “ကိုမိုးနိုင် ကလေးတွေကျောင်းပိတ်ရက်ကျရင် ကျွန်မ သီလရှင်ခဏ၀တ်ချင်တယ်၊
စစ်ကိုင်းချောင်က အဒေါ် ဆရာလေးဆီလည်း မရောက်တာကြာပြီဆိုတော့”
        “အေး ၀တ်လေ၊ ကျောင်းပိတ်ဖို့က တစ်လလောက်လိုသေးတာပဲ။ဘိုးတော်လည်း ပြောင်းသွားပြီဆိုတော့ ထမင်းဟင်းကိစ်္စလည်း တာဝန်မှမရှိတော့တာ၊ဆရာလေးကို အရင်လှမ်း အကြောင်းကြားထားအုံးလေ။”
     “ဆရာလေးနဲ့က အဆက်အသွယ်ရပြီးပါပြီ၊ယောက်ျားခွင့်ပြုချက်ပါမှ သီလရှင်ဝတ်လို့ရတယ်ဆိုလို့ အခုမှပြောဖြစ်တာ”။
            “ခွင့်ပြုပါတယ်ကွာ၊ခဏပဲ ဘာဖြစ်တာမှတ်လို့။ကလေးတွေလည်း စိတ်ချ ငါကြည့်ထားလိုက်မယ်”။
           “ကျွန်မက နွေသုံးလလုံး  ၀တ်ချင်တာ၊အဲဒါ ဆရာလေးက လွတ်လွတ်လပ်လပ်ဖြစ်အောင်
ရှင်နဲ့ ခဏကွာရှင်းခဲ့စေချင်တယ်”။
            “ဟာ  အဲဒီလောက်လိုလို့လားကွာ”
           “ခဏကွာရှင်းတာပဲ၊သီရှင်ပြန်ထွက်လာတော့ လက်မှတ်ပြန်ထိုးလို့ ရတာပဲ၊ကျွန်မလည်း
စိတ်ရှင်းရှင်း ၀တ်ချင်လို့ပါ။”
            “အေး မင်းသဘောပါပဲကွာ”။
                              (၁၁)          
           မကျင်မြိုင်သွားတာ တစ်လကျော်သွားပြီ၊ဘာသတင်းမှလည်း အဆက်အသွယ်မရဘူး။
မနေ့ကတော့ “၀င်းကြည်” က “မင်းမိန်းမ သီလရှင်ဝတ်တဲ့နေရာ လိုက်မကြည့်တော့ဘူးလားတဲ့”
ဒီကောင် ဘာပြောချင်ပြန်ပြီလဲ မသိဘူး။ပြီးခဲ့တဲ့ တစ်ပတ် ခြင်းဝိုင်းမှာလည်း ကောင်လေးတစ်ယောက်က “ဦးမိုးနိုင် မိန်းမက ပြန်ရောလာအုံးမှာလားတဲ့”။နောက်သလိုလို ပြောင်
သလိုလို ပြောလိုက်တော့ ကျန်တဲ့ကောင်လေးတွေက “ဟေ့ကောင်” ဆိုပြီး ၀ိုင်းဟန့်လိုက်ကြတယ်။
ခွင့်ယူပြီး စစ်ကိုင်းကိုလိုက်သွားကြည့်ပါအုံးမယ်၊ကလေးတွေကို အိမ်ဘေးက ဦးတင်ညွှန့်သမီးတွေ
ဆီ အပ်ထားခဲ့ရမယ်။သူတို့က အရွယ်တွေလည်း ကြီးပြီ၊ပြီးတော့ အိမ်က ကလေးတွေကိုလည်း ချစ်ကြတယ်။
     စစ်ကိုင်းချောင်ကို ရောက်သွားတော့ “ဆရာလေး”က အံ့သြနေတယ်။ဘာလာလုပ်တာလဲတဲ၊့
ကျုပ်က အကျိုးအကြောင်းပြောပြတော့ “သူနဲ့ မကျင်မြိုင် အဆက်အသွယ်မရတာကြာပါပြီ”တဲ့။ဒါနဲ့ကျုပ်လည်းပြန်လာခဲ့ရတယ်။တစ်လမ်းလုံး စိတ်နဲ့ လူနဲ့မကပ်ဘူး၊မကျင်မြိုင် ဘယ်ရောက်နေလဲ၊  ကျုပ်ကို စိတ်ဆိုးလို့ ထွက်သွားတာလည်း မဟုတ်ဘဲနဲ့၊ကျုပ် သူမကြိုက်တာ ဘာလုပ်မိလို့လဲ။  ကျုပ်ဘာသာ မေးပြီး ကျုပ်မဖြေနိုင်တဲ့ မေးခွန်းတွေကို ကျုပ်တို့ စက်ရုံဝန်းထဲပြန်အရောက်မှာ       ၀ိုင်း အဖြေပေးကြတယ်။“ခင်ဗျား မိန်းမ ဘိုးတော်နောက်ကိုလိုက်သွားတာတဲ့။”ကျုပ် မယုံချင်ပေမဲ့
ဘိုးတော် တာဝန်ကျရာ မြို့ကို လိုက်ကြည့်မှ ဖြစ်တော့မယ်။သူတို့နောက်ကိုလိုက်ဖို့ ကျုပ် အိမ်က တစ်ခေါက်ပြန်ထွက်ခဲ့တော့တယ်။
                            (၁၂)
           သူတို့နေတဲ့ မြို့က  သိပ်မကျယ်တော့ မေးလိုက်တာနဲ့ သူတို့ငှားနေတဲ့ အိမ်ကိုသိရတယ်။
ကျုပ်ရောက်သွားတာ စနေနေ့ကြီး၊အိမ်နဲ့ဝန်းက ကွက်တိ ဆောက်ထားတဲ့ပုံဆိုတော့ အိမ်နဲ့ ခြံစည်း
ရိုးက နီးနီးလေးဖြစ်နေတယ်။ခြံစည်းရိုးတံခါးကို ကျုပ်ဘာသာပဲ ဖွင့်ဝင်လိုက်တော့တယ်၊တွေ့လိုက်
ရတဲ့ မြင်ကွင်းကြောင့် ကျုပ်ရင်ခေါင်းထဲ အလုံးကြီးတစ်လုံး  ၀င်ဆောင့်လိုက်သလိုဖြစ်သွားတယ်။
ဘိုးတော်က ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ပြီး ခုံပုလေးတစ်လုံးပေါ် ခြေထောက်တင်ထားတယ်။
မကျင်မြိုင်က ဘိုးတော်ရဲ့ ခြေသလုံးကို နှိပ်ပေးနေတဲ့ မြင်ကွင်း။“သြော်- သူဖဲရိုက်တာများသွားလို့
အညောင်းမိနေတာကို မကျင်မြိုင်က နှိပ်ပေးရတာနေမှာ”။ရင်ထဲက စကားလုံးတွေ ပါးစပ်က ဘာတစ်ခု
မှထွက်မလာတော့ဘဲ ကျုပ် ခြံစည်းရိုးတိုင်တစ်တိုင်ကို ဆွဲဖြုတ်ပြီးအိမ်ပေါ်တက်သွားတယ်။နှစ်ယောက်
သားအံအားသင့်နေတဲ့အချိန် ကျုပ် ဘိုးတော်ကို ၀င်ရိုက်တော့တာပဲ။
           သတိလက်လွတ်ရိုက်နေမိတာ ဘယ်နှစ်ချက်မှန်းမသိဘူး၊ကျုပ်သတိပြန်ဝင်လာတဲ့ အချိန်
အိမ်နီးနားကသူတွေ ကျုပ်ကို ၀ိုင်းချုပ်ထားကြပြီ။ဘိုးတော်ကိုလှမ်းကြည့်လိုက်တော့ လက်ဖျံနဲ့ခြေ
သလုံးကွဲသွားတာတွေ့လိုက်တယ်၊အမှန်က သူ့ရဲ့ပြောင်နေတဲ့ နဖူးကိုကွဲအောင်ရိုက်ရမှာ။မကျင်မြိုင်ကတော့ ကျုပ်ကိုကြည့်ပြီး ငိုနေတယ်။အခုမှမကျင်မြိုင်ကို သတိထားမိတယ်၊ မျက်ကွင်းတွေညိုပြီး ပိန်သွားလိုက်တာ လွန်ရောပဲ။ဘိုးတော်က ၀ိုင်းလာတဲ့သူတွေကိုပြောနေတယ်
“ကျွန်တော် သူ့ကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲရမယ်”တဲ့။ကျုပ်ကို လူတွေဝိုင်းချုပ်ထားလို့ သူစကား စပြောရဲတာ။ကျုပ်လည်း တစ်ခါပြန်ရုန်းရင်း အော်ပြောနေမိတယ်။
      “ဒီလူ ကျုပ်မိန်းမကိုခိုးသွားတာဗျ၊ကျုပ်မိန်းမ ကျုပ်လာပြန်ခေါ်တာလို့”။
 “ခင်ဗျားနဲ့ တရားဝင်ကွာရှင်းပြီးသား၊ကျွန်တော်နဲ့လည်း တရားဝင် လက်မှတ်ထိုးထားပြီးသား၊
အဲဒါကို ခင်ဗျားက ခင်ဗျားမိန်းမလို့ပြောနေတုန်းလား”။
        အဲဒီတော့မှ ကျုပ်လည်း ဘာလုပ်ရမှန်းမသိဘဲ ငြိမ်ကျသွားရတယ်။
                               (၁၃)   
             စခန်းရောက်သွားတော့ စစ်ဆေးပြီး ကျုပ်ကိုအာမခံပေးမယ်တဲ့၊အာမခံတဲ့သူ မလာမချင်း
 ကျုပ်ကို ဒီမြို့မှာပဲ အချုပ်ခံထားရမယ်။ဘယ်ကို အကြောင်းကြားပေးရမလဲလို့မေးတော့ ကျုပ်ရဲ့ စက်ရုံမှူးလိပ်စာကိုပေးလိုက်တယ်။နှစ်ရက်အတွင်း စာရေးကြီး “ဦးတင်ညွှန့်” ရောက်ချလာတယ်။
စက်ရုံးမှူးလွှတ်လိုက်လို့ ကျုပ်အတွက် အာမခံလာထုတ်ပေးတာ။အဲဒီမြို့မှာကိစ်္စအကုန်ပြီးပြတ်ဖို့ နောက်ထပ် တစ်ပတ်လောက်နေလိုက်ရပြီး ကျုပ်တို့ပြန်ခဲ့ကြတယ်။            “ဘိုးတော်ရဲ့ ယုတ်မာပုံတွေ အခုမှကျုပ်သိရတာ၊ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တယ် ဦးတင်ညွှန့်ရာ”။
    “ကိုမိုးနိုင်ရဲ့ ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီးကဒီလိုဆုံးမခဲ့တာ နဖူးစွန်းနှင့်၊ ဒူးပွန်းခံကာ၊ကိုးကွယ်ပါလည်း၊ဆရာလွဲက၊ငရဲအပ်္ပါယ်၊အမြစ်တွယ် ၀ဋ်နွယ်ရှည်လျားရာတဲ့။သဒ်္ဓါများ
ပြီး ပညာပါးနေရင် လူလိမ်နဲ့တွေ့တတ်တယ်၊ပညာကဲပြီး သဒ်္ဓါနည်းပြန်ရင်လည်း ငရဲထိကျတတ်တယ်ဗျ။”ဦးတင်ညွှန့် ပါးစပ် ဒီစကားတွေကြားရတော့ ကိုမိုးနိုင်အံသြသွားတယ်။
          အိမ်ပြန်ရောက်တော့ ကျုပ်ဘာကစလုပ်ရမှန်းမသိဘူး၊အငယ်ဆုံးသမီးလေးက အခုမှ လေး
နှစ်ပဲရှိသေးတယ်၊သားကြီးက လေးတန်းဆိုတော့နားလည်နေပြီ။အသန့်ရှင်းဆုံးအလုပ်ကို အမှီပြုပြီး
အယုတ်မာဆုံးအလုပ်ကို လုပ်သွားကြတယ်။ကျုပ်ဘာကိုယုံကြည်ရတော့မလဲ၊ကျုပ် လင့်ဝတ်္တရားဘာ
တွေများပျက်ကွက်ခဲ့မိလဲ၊ပါးစပ်ကသာ မပြောတတ်တာ အရာရာကို သူ့စိတ်တိုင်းကျဖြစ်စေခဲ့တာပဲ။
ကျုပ်အဆုံးစွန်းထိအောင် စဉ်းစားသေးတယ်၊ကလေးသုံးယောက်လုံးကိုသတ်ပြီး ကိုယ့်ကိုကိုယ်လည်း
သတ်သေမလားလို့။ကျုပ် အရိပ်အခြည်ကို သတိထားမိနေတဲ့ စာရေးကြီး ဦးတင်ညွှန့်က မနေ့က
သူ့သမီးအကြီးကို စာအုပ်ထဲက စာတစ်ပုဒ်ဖတ်ပြနေတယ်၊ကျုပ်ကြားအောင် ဖတ်ပြတာနေမှာပါ။
အကျိုးမဲ့ အသက်မသေသင့်ဘူးပေါ့ဗျာ။
                                        (၁၄)    
           ကျွန်တော် အခုတစ်လော အရက်မသောက်ချင်လောက်အောင် စိတ်ညစ်နေတယ်။ဒီစကား ကသူများတွေအတွက်တော့ ထူးဆန်းနေမလားပဲ။ကျွန်တော့် အတွက်ကတော့ အရာရာအဆင်ပြေနေမှ
အရက်သောက်ချင်တဲ့သူ၊ပင်ကိုယ်က သွေးဆိုးတတ်တော့ စိတ်ညစ်စရာ မရှိတာတောင်မူးလာရင်
ရမ်းချင်တယ်။စိတ်ညစ်စရာရှိနေရင် ပိုဆိုးနိုင်တာမို့ ကျွန်တော်စိတ်ညစ်ရင် ဘယ်တော့မှ အရက်သောက်လေ့မရှိဘူး။ဦးမိုးနိုင်ကိုကြည့်ရတာ စိတ်လည်းမကောင်းဘူး၊စိတ်လည်းတိုမိတယ်။
သူဒီလောက်တောင် တစ်ဖက်သားကို အယုံလွယ်ရသလား၊အဆင်ခြင်တုံတရားနည်းရသလားလို့ပါ။
မနေ့က သူ့သမီးအငယ်က ခွေးအစာ စားနေတာကို အမြီးသွားဆွဲတယ်။ခွေးကပြန်ဟပ်လိုက် တော့ လက်ကိုသွားနဲ့ခြစ်မိသွားတယ်။အဲဒီခွေးကို ကိုမိုးနိုင်ရယ် အရှင်လတ်လတ်မြေမြှုပ်လိုက်တယ်။
ခွေးအော်သံက တစ်လိုင်းလုံးကို ဆူညံသွားတာပဲ၊ဘယ်သူမှလဲ ၀င်မပြောရဲကြဘူး။
           ဒီနေ့လည်ကလည်း မကြားဝံ၊မနာသာ ဒါကိုအမှီပြု လုပ်သွားကြတာဆိုပြီး ဘုရားဆင်းတုတော်တွေကို ထက်ပိုင်းချိုးပြီး မြေမြှုပ်ပစ်နေလို့ ကျွန်တော်လည်း မနေသာတော့ပဲ ၀င်ဆွဲမှ ကျွန်တော်ကိုဖက်ပြီး ကိုမိုးနိုင် ငိုပါတော့တယ်။ပြီးတော့မှ “ဒီမိန်းမ ကျုပ်တို့ သားအဖတွေကို မကြင်နာလို့ပစ်ပြေးသွားတာကျုပ်လွမ်းမနေတော့ဘူး၊ကျုပ်သားသမီးတွေက ငယ်သေး တယ်၊သူတို့ကိုပြုစုစောင့်ရှောက်ဖို့ ကျုပ်အသက်ဆက်ရှင်နေမှဖြစ်မယ်တဲ”။့
                    (၁၅)
          မကျင်မြိုင်  ဘာဆက်လုပ်ရမလဲ၊သူတော်ကောင်းကြီးကိုပစ်ပြီး ဒီသူယုတ်နောက်လိုက်
ခဲ့မိတယ်။ရူးရူးမိုက်မိုက် ဖြစ်ရမဲ့အရွယ်လည်း မဟုတ်ဘဲနဲ့ “သဒ်္ဒါလွန်တော့တဏှာကျွံ” ဆိုတဲ့ အဖြစ်မျိုးရောက်ခဲ့ရတာ။ဦးမြင့်ကျော်က ဖဲကို မထတမ်းရိုက်နိုင်တယ်၊ဖဲရိုက်နေရရင် ထမင်းတောင် မစားဘဲ နေနိုင်တဲ့သူမျိုး၊ဖဲကြွေးတွေလည်းဝိုင်းနေပြီ။ကိုမိုးနိုင်နဲ့တုန်းက စုဆောင်းထားတဲ့ လက်ဝတ် လက်စားလေးတွေလည်း ကုန်သလောက်ရှိနေပြီ။ကိုမိုးနိုင်က လက်ဝတ်လက်စား အကြောင်းတောင်  ဘာမှထည့်ပြောမသွားဘူး။ကိုမိုးနိုင်ကို ဒီလောက် ဒေါသကြီး၊ဒီလောက်ခံစားနေရတာ တစ်ခါမှ  မတွေ့ဘူးသေးဘူး။သူခံစားနေရတာကို ကြည့်ပြီး ကိုယ့်မှာ ငိုလိုက်ရတာ၊ ကိုယ့် မိုက်ပစ်နဲ့ကိုယ်ပဲလေ။ဦးမြင့်ကျော် အစ်မကြီးကို သူ့မောင်အကြောင်းတိုင်မိတော့ လူပျိုပေါက်ထဲက ဖဲရိုက်လာတာတဲ့၊ ဘယ်မိန်းမကိုမှလည်း အတည်မပေါင်းသေးဘူး၊ညည်းကိုမှ ဒီလောက်ကြာ အောင်ပေါင်းသေးတာတဲ့။
             အအေးမြဆုံး ဘုရားရိပ်၊တရားရိပ်ကို အမှီပြုတော့မလိုနဲ့ အလုံခြုံဆုံး ကိုမိုးနိုင်ရဲ့  အရိပ်အောက်ကခွါခဲ့မိတယ်၊ဦးမြင့်ကျော်ရဲ့ အရိပ်ကို ခိုလှုံစရာ၊ မှီတွယ်အားထားရာလို့ ထင်ခဲ့မိတယ်။လက်တွေ့နဲ့ စိတ်ကူး တက်တက်စင်အောင်လွဲခဲ့ရပြီ။အခုချိန်ကျမှ မကျင်မြိုင် ဘယ်အရာ ကိုအမှီပြုရပါ့တော့မလဲ။
                                                                     ခင်သန္တာ                                       
                                                           ည-၁၀နာရီ၊၁၇မိနစ်
                                             ၁၃ရက်၊၂လ၊၂၀၀၉ခုနှစ်
0 comments:
Post a Comment