ကျွန်မတို့ငယ်စဉ်က လေးတန်းစာမေးပွဲသည် မြို့နယ်စစ်ဖြစ်ပြီး ရှစ်တန်းနှင့် ဆယ်တန်းစာမေးပွဲသည် အစိုးရစစ်ဖြစ်ပါသည်။ကျွန်မဘ၀တွင် စာမေးပွဲနှင့် ပတ်သက်သည့် စိတ်လှုပ်ရှားမှုသည် လေးတန်းနှစ်တွင် စခဲ့ပါသည်။မြို့နယ် စုပေါင်းရုံးကြီးတွင် တစ်မြို့နယ်လုံးရှိ လေးတန်းကျောင်းသား၊ကျောင်းသူများ စာမေးပွဲ သွားဖြေရပါသည်။သက်ဆိုင်ရာ မူလ တန်းကျောင်းအုပ်မှ ဦးဆောင်ကာ အတန်းပိုင် ဆရာ၊ဆရာမများ အုပ်ချုပ်မှုဖြင့် နှစ်ယောက်တစ်တွဲစီ တန်းစီလမ်းလျှောက်ကာ စာမေးပွဲ ဖြေရမည့်နေရာသို့ စနစ်တကျ သွားကြရပါသည်။ကျွန်မတို့သွားရာ လမ်းတစ်လျှောက်တွင် အခြားကျောင်းများမှ စာမေးပွဲလာဖြေသည့် ကျောင်းသား ကျောင်းသူများနှင့် ဆုံကြပါသည်။ထို့ကြောင့် စီတန်းသွားသည့် စည်းကမ်းပိုင်းကို ကျောင်းအချင်းချင်း မသိမသာ ပြိုင်ကြပါသည်။
ပြီးလျှင် တန်းလုံးကျွတ်အောင်ချက်ကောင်းသည့် ကျောင်းအဖြစ် ဘယ်နှစ်နှစ်မြောက် ထိန်းထားနိုင်သည်ကို ဂုဏ်ယူစွာ ပြောလေ့ရှိကြသည်။ကျွန်မ တက်ခဲ့ရသည့် မူလတန်းကျောင်းသည် နှစ်စဉ် တန်းလုံးကျွတ်အောင်သည့် ကျောင်းဖြစ်ပါသည်။ကျောင်းအုပ် မှာ ဆရာမကြီးဖြစ်ပြီး ကျွန်မတို့ အတန်းပိုင်သည်လည်း ဆရာမ ဖြစ်ပါသည်။နှစ်စဉ် နှစ်တိုင်း တန်းလုံးကျွတ်အောင်သည့် ဂုဏ်ကို ထိန်းထားနိုင်ရန်အတွက် စာမေးပွဲမဖြေခင် တစ်လလောက်အလိုတွင် ကျောင်းသား ကျောင်းသူများကို စခန်းသွင်းထားပါသည်။အတန်းပိုင်ဆရာမအိမ်တွင် စခန်းသွင်းထားပြီး ကျွန်မတို့အတွက် ညအိပ်စရာနေရာ၊ အစားအသောက်က အစ စီစဉ်ပေးထားကြပါသည်။ကျွန်မတို့ မိဘများသည် ရံဖန်ရံခါမှသာ လာတွေ့ကြရပြီး ကျွန်မတို့ စားရေးအတွက် ပိုက်ဆံပေးရသည်ဟုလည်း မကြားမိခဲ့ပါ။တစ်ချို့တစ်လေ မိဘများကတော့ ဆန်အိတ်၊ဆီပုံး၊ငါးခြောက်များနှင့် မီးသွေးအိတ်များ ပေးသည်ကိုတော့ တွေ့ဖူးခဲ့ပါသည်။
ကျွန်မတို့လေးတန်းဖြေမည့် နှစ်တွင် ဖြေဆိုမည့်ကျောင်းသားကျောင်းသူ သုံးဆယ်စာရင်းကို မြို့နယ် ပညာရေးမှူးရုံးသို့ ပေးပို့လိုက်ပြီးမှ ကျောင်းသူတစ်ယောက်သည် စာမေးပွဲ ဖြေဆိုကာနီးတွင် ညာလက်ဖျံရိုး ကျိုးသွားပါသည်။ညာသန်ဖြစ်သဖြင့် ဘယ်လက်နှင့်လည်း လေ့ကျင့်ရန် အချိန်မလုံလောက်တော့ပါ။ထိုကျောင်းသူ စာမရေးနိုင်၍ စာမေးပွဲ ၀င်မဖြေ ခဲ့လျှင် စာရင်းအရ လူသုံးဆယ်ရှိသည့် ကျွန်မတို့ကျောင်းသည် တန်းလုံးကျွတ် အောင် သည် ဟု စာရင်းမထုတ်ပြန်နိုင်တော့ပါ။ထိုအခါ ကျွန်မတို့ကျောင်းအုပ်ကြီးက မြို့နယ် ပညာရေးမှူးထံသို့ ထိုကျောင်းသူ စာမေးပွဲဖြေဆိုနိုင်ရန် မည်သည့် နည်းလမ်းသုံးနိုင်သည်ကို မေးမြန်းပါတော့သည်။ပညာရေးမှူးက ဖြေဆိုမည့် ကျောင်းသူက ပါးစပ်က ပြောပေးပြီး သူ့ထက် အတန်းငယ်သည့် ကျောင်းသူတစ်ယောက် ယောက်ကို လိုက်ရေးခိုင်းလျှင် ခွင့်ပြုပေးနိုင်ကြောင်း ပြောပါသည်။ဖြေဆိုရမည့်နေရာကတော့ ပညာရေးမှူး ရုံးခန်းထဲတွင် ဖြစ်ပါသည်။ကျွန်မတို့ ကို စခန်းသွင်းထားသည့် အတန်းပိုင်ဆရာမ၏ သမီးငယ်သည် သုံးတန်းစာမေးပွဲကို ဖြေဆိုထားသူ ဖြစ်ပါသည်။ဆရာမက သူ့သမီးငယ်ကိုပါ လေးတန်းစာများ ကူကျက်ခိုင်းပါတော့သည်။
စာမေးပွဲ ဖြေဆို သည့်အချိန်တွင်လည်း မိဘများလိုက်ပါစရာ မလိုဘဲ ကျွန်မ တို့တက် သည့် မူလတန်းကျောင်းများတွင်သာ စောင့်ကျန်ရစ်ခဲ့ကြပါသည်။ကျွန်မတို့မှာ ဖြေဆိုစရာ ခဲတံ အလုံအလောက် ရှိ၊မရှိ၊ကျွန်မတို့ ဖြေရမည့် သင်ခန်းစာတွေ ရ ၊မရ စသည့်တို့ကို ဆရာ၊ဆရာမတို့ ဘယ်လိုဆောင်ရွက်ပေးခဲ့ကြသည်ကို ကျွန်မ မမှတ်မိတော့ပါ။သေချာသည်ကတော့ ကျွန်မတို့ကျောင်း တန်းလုံးကျွတ်အောင်ခဲ့ သည်ချည်းဖြစ်ပါသည်။
ယနေ့အခါတွင် လေးတန်းနှင့် ရှစ်တန်းသည် အစိုးရစစ် စာမေးပွဲ မဟုတ်တော့ပါ။ဖေဖော်ဝါရီလသည် အစိုးရစစ်ဖြစ်သည့် ဆယ်တန်းများမှအပ ကျောင်းသား၊ကျောင်းသူ များ စာမေးပွဲ ဖြေဆိုရသည့် လဖြစ်ပါသည်။မိဘရော သားသမီးများပါ စိတ်အလှုပ်ရှားရဆုံး လလည်း ဖြစ်ပါသည်။ယခုအခါတွင် ပညာရေးစနစ်သည် ဃ့စေအနမ နညိ အနျအ ဟုခေါ်သည့် အခန်းဆုံးစာမေးပွဲများ ဖြေရပါသည်။ကျွန်မ သမီးတက်သည့်ကျောင်းသည် တစ်နှစ်လျှင် စာမေးပွဲ ငါးကြိမ်ဖြေရပြီး ရရှိလာသည့် အမှတ်ကို ငါးဖြင့်စားကာ နောင်နှစ် စာသင်နှစ်အတွက် အခန်းခွဲပါသည်။နောက်ဆုံးအကြိမ်ဖြေရသည့် စာမေးပွဲတွင် တစ်နှစ်လုံးသင်ကြားထားသည့် စာများ ကိုပြန်ကြည့်ရပါသည်။ထို့ကြောင့် ကျက်ရသည့်စာများသည် တခြားကျောင်းများနှင့်မတူ ပိုများသည်ဟု မိဘများကဆိုကြပါသည်။
ကျွန်မတို့ ဖြေဆိုခဲ့သမျှစာမေးပွဲများသည်လည်း တစ်နှစ်လုံးသင်ထားသည်ကို ကျက်ရပြီး ဖြေဆို အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။ကျွန်မတို့ မိဘနေရာရောက်တော့မှ သူတို့ကျက် ရသည့် စာများကို များသည်ဟု ထင်နေခြင်းမှာ ကျွန်မတို့ ကိုယ်တိုင် ၀င်ကူကျက်ပေးနေရ ၍ ဖြစ်ပါသည်။ဘယ်သူက စ၍ ဘယ်ကစလိုက်သည်တော့ မသိပါ။သည်နေ့ခေတ်တွင် စာသင်ကျောင်း ၊ ကျူရှင် နှင့် ဂိုက်ဟုခေါ်သည့် စာကူကျက်ပေးသည့် သူများနှင့် ထားရှိပေးထားသော်လည်း မိဘများပါ ၀င်ပါနေကြရသည်။ကျွန်မသမီးကို ကိုယ့်အား ကိုယ်ကိုးစိတ်ရှိအောင် သင်ကြားပေးမည် ဟု ကြွေးကြော်နေသော ကျွန်မကိုယ်တိုင်ပင် စာကူလုပ်ပေးနေမိပါသည်။
ကျွန်မ လေးတန်းစာမေးပွဲဖြေစဉ်က စိတ်လှုပ်ရှားခဲ့ရသူမှာ ကျွန်မဖြစ်နေပြီး သမီး လေးတန်း ဖြေဆိုချိန်တွင်လည်း စိတ်လှုပ်ရှားရသူမှာ ကျွန်မ သမီးမဟုတ်ဘဲ ကျွန်မသာလျှင် ဖြစ်နေပြန် ပါသည်။ကျွန်မ စာမေးပွဲခန်းထဲတွင် ဖြေဆိုရန် ခဲတံကို မည်သူချွန်ပေးလိုက် သည်မသိသော်လည်း ကျွန်မသမီးဖြေဆိုရန်အတွက် ခဲတံများကို လိုသည်ထက် ပိုကာ အချောင်း
နှစ်ဆယ်လောက် ချွန်ပေးလိုက်မိပါသည်။ကျောင်းရှေ့တွင် ဖြေဆိုသူ ကျောင်းသား ဦးရေထက် လိုက်စောင့်ပေးသူ မိဘဆွေမျိုး ဦးရေက ပိုများနေတတ်ပါသည်။သားသမီးများ ကျောင်းထဲမ၀င်ခင်အချိန်ထိ မိဘများက ကူကျက်ထားသည့် စာများကို နှုတ်မှ ရွတ်ရင်း သားသမီးများကို စာနွေး ပေးနေကြသည်။စာရွတ်ပေးနေကြသည့် မိဘများကို ကြည့်ရင်း သည်အသက်အရွယ် သည်ဥာဏ်ရည်နှင့်မှ သည်စာများက အတော်ဖြစ်နေသည်လား ဟု ကျွန်မ တွေးနေမိပါသည်။
စာသင်နှစ်တစ်ခု၏ စာမေးပွဲကြီး ဖြေဆိုမပြီးခင် နောက်စာသင်နှစ်အတွက် ဘယ် ကျူရှင်ဝိုင်းက အစောဆုံးစနိုင်မည်ကို စုံစမ်းကြရသည်။နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများအတွက် ကွန်ပျူတာသင်တန်း၊အင်္ဂလိပ် စကားပြောသင်တန်း၊ပန်းချီသင်တန်း၊ စန်္ဒာရားတီးသင်တန်းနှင့် ရေကူးသင်တန်းများအတွက်လည်း စုံစမ်းကြရပြန်သည်။သင်ယူပြီးရင်း သင်ယူနေရသည့် သည်နေ့ခေတ်ထဲတွင် သမီးနှင့် ကျွန်မလည်း လိုက်ပါစီးမျောရင်း သမီးလေး
ဘ၀ တံတိုင်းများကို ဖြတ်ရမည့်အချိန် ၊အရည်အချင်းစစ် ပေတံဖြင့် အတိုင်းခံရမည့် အချိန်များကို ကျွန်မ စောင့်ကြည့်နေမိပါသည်။
0 comments:
Post a Comment