“ကျန်းမာခြင်းသည် လဘ်တစ်ပါး” ဖြစ်ကြောင်း ကျွန်မ ကောင်းစွာသိရှိ လက်ခံမိချိန်သည် ၁၉၉၆ခုနှစ် ၀န်းကျင် ကဖြစ်ပါသည်။ကျွန်မနှင့် ကျွန်မအဖေသည် အလုပ်တာဝန်ဖြင့် ဌာနတွင်း စစ်ဆေး ရေးအဖွဲ့နှင့်အတူ နယ်မြို့လေးတစ်ခုသို့ရောက်နေချိန်တွင် ကျွန်မအမေကို မြန်မာဆေးမတည့်၍ ဆေးရုံသို့ပို့ လိုက်ရကြောင်း ရုံးချုပ်မှဖုံးဆက်အကြောင်းကြားလာပါသည်။ဆေးရုံတင်လိုက်ရသည်ဆိုလျှင် အခြေနေမကောင်းကြောင်းသိသော်လည်း ရန်ကုန်ရောက်လာ၍ အမေကိုမြင်လိုက်ရချိန်တွင်မှ အခြေ အနေဆိုးမှန်း သိတော့သည်။အမေ့နှုတ်ခမ်း ပတ်လည်တွင်ပေါ်လာသော အက်ကြောင်း များမှ သွေးများ ယိုစီးကျနေသည်။ မျက်လုံးနှစ်ဖက်စလုံးမှာလည်း အလင်းကွယ်လျက်ရှိနေသည်။ကျွန်မအစ်ကိုအကြီး၏ အစိုးရိမ်လွန်မှု နှင့် တခြားဆေးရုံတစ်ခု၏ သွေးအေးမှုတို့ ပေါင်းစပ်လိုက်သောကြောင့် အမေသည် သျှင်ပါကူဆေးရုံသို့ တက်ဖြစ် သွားခြင်းဖြစ်သည်။
အမေသည် သွေးဆုံးခါနီးအချိန်ဖြစ်နေ၍ နာမည်ကြီးသွေးဆေးတိုက်ကြီးတစ်ခုမှ သွေးညှိဆေးကိုသောက်လိုက်ပြီး ဆယ်မိခန့်အကြာတွင် နှာစေးနေသည်ဟုဆိုကာ ဘာမီတွန်ကို သောက်လိုက်ပြီး မိနစ်နှစ်ဆယ်ခန့်အကြာတွင် ထိုသို့ဖြစ်သွားခြင်းဖြစ်သည်ဟု အတူနေ ကျွန်မ၏ယောင်းမ (အစ်ကိုကြီး၏ဇနီး)က ဆရာဝန်များကိုပြောပြသည်။ကျွန်မတို့အထင် အင်္ဂလိပ်ဆေးနှင့် မြန်မာဆေးမတည့်၍ ထိုသို့ဖြစ်သည်ဟုထင်သော်လည်း ဆရာဝန်များက ဘာမီတွန်သောက်လိုက်၍ ဖြေဆေးလိုဖြစ်သွားပြီး အသက်မသေရခြင်းဖြစ်သည်ဟု ကျွန်မတို့ကို ရှင်းပြသည်။အမေသည် စကားမပြောနိုင်၊မျက်စိမမြင်သော်လည်း သတိလစ်ခြင်း မရှိ အားလုံးကို သိနေသည်။
သျှင်ပါကူ ဆေးရုံသည် အမေ့ကိုလက်ခံထားလိုက်သော်လည်း ဆရာဝန်များက ဘာအရင် လုပ်ရ မည်ကို စဉ်းစားနေဆဲဖြစ်ပါသည်။တိုက်တိုက်ဆိုင်ဆိုင် ထိုရက်များတွင် အမေနဲ့ပုံစံတူ ဆေးမတည့်သူ အမျိုးသမီးနှစ်ဦး သျှင်ပါကူ ဆေးရုံသို့ ထပ်ရောက်လာသောအခါ ဆေးရုံမှ တာဝန်ရှိ ဆရာဝန်ကြီးများက လက်မခံတော့ဘဲ အရင်ရောက်နှင့်သော အမေ့ကိုသာ ရအောင်ကယ်ဖို့ ကြိုးစား ကြတော့သည်။ အဆိုတော် ဇော်ဝင်းထွဋ်၏ အဖေသည် ကိုယ်တိုင်ဆရာဝန် ဖြစ်ပြီး ဆေးမတည့် ၍ သေဆုံးခဲ့သည်ဟု သိရသောအခါ ကျွန်မတို့မိသားစုမှာ ဆောက်တည်ရာမရ ဖြစ်နေကြသည်။
ဆေးရုံရောက်ပြီးနှစ်ရက်မြောက်နေ့တွင် အမေ့တစ်ကိုယ်လုံးတွင် အပ်ချစရာနေရာလပ် မရှိ အောင် မီးလောင်ဖုလို အနာများထွက်လာတော့သည်။ခေါင်းတစ်ခုလုံးတွင်လည်း အနာများဖြင့်ပွစာတက်နေပြီး ဆံပင် များမှာ စေးထန်းစီးကပ်နေသည်။အဖေကိုယ်တိုင် အမေ့ကို ကတုံး တုံးပေးလိုက်ရသည်။ခြေသည်းခွံ၊ လက်သည်းခွံ များမှာလည်း အရင်းမှ ကြွထလာကြသည်။အမေ့ကို ဘယ်လိုအရင်စကုကြမလဲဟု ဆရာဝန်များ အဖြေရှာနေချိန်တွင်ကျွန်မအဖေသည် ခန်္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်း စီအလိုက် ကျွမ်းကျင်သူအထူးကု ဆရာဝန်များနှင့်ပြသကြည့်လျှင် ကောင်းမည်ဟု အတွေးရကာ ဆေးရုံမှ တာဝန်ရှိဆရာဝန်ကြီးများနှင့် တိုင်ပင်သော် အဖေသဘောထားအတိုင်းဆုံးဖြတ်လိုက်ကြသည်။
အရေပြားအထူးကုဆရာဝန်က ခန်္ဓာကိုယ်ပြင်ပ အရေပြားပေါ်တွင် တွေ့ရသော အနာများ ကြောင့်တော့ အမေ့အသက်မသေနိုင်ဟု ဆိုသည်။သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်မကြီးက သားအိမ်ကို မထိပါ ဟုပြောသည်။အစာအိမ်အူလမ်းကြောင်း တစ်လျှောက် အနာများတွေ့ရသော်လည်း ကုသလို့ရနိုင်သည် ထိုအနာများကြောင့်တော့ လူနာမသေနိုင်ပါဟု အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးက ကောက်ချက်ချသည်။မျက်စိ အထူးကု ဆရာဝန်ကြီးက မျက်စိစမ်းသပ်ရန် အမေ့မျက်ခွံကို လက်ဖြင့် ဖွင့်လိုက်ချိန်တွင် မျက်ခွံမှအရေပြားသည် ပွန်းပဲ့ စုတ်ပြဲ သွားသည်။မျက်စိအထူးကုကလည်း ယခုမျက်စိကွယ်နေခြင်းသည် ခတ်္တမျှသာဖြစ်နိုင်သည် ဟုဆိုသော ကြောင့် အမေ့ကို သက်ဆိုင်ရာ အထူးကုများကမိမိတို့ ကျွမ်းကျင်ရာအစိတ်အပိုင်းအလိုက် အသီးသီးကုဖို့ ဆုံးဖြတ်လိုက်ကြသည်။
ဆေးကုသရန်အတွက် လိုအပ်သည်များကို ဆေးစစ်နေချိန်တွင် အမေသည် ဓါတ်မှန်ခန်းနှင့် အီးစီဂျီအခန်းသို့ ဘီးတပ်ကုလားထိုင်ဖြင့် အကြိမ်ကြိမ်သွားရသည်။ထိုအခန်းများသို့သွားရန် သျှင်ပါကူဆေးရုံ၏ မိန်းအလယ်ခန်းမ ကိုဖြတ်ရသည်။ထိုအခါ ပြင်ပလူနာများရော ဆေးရုံတွင်လာစောင့် နေကြသည့် လူနာစောင့်များပါ အမေ့ကို ကြောက်လန့်တကြား ကြည့်ကြသည်။ဘီးတပ်ကုလားထိုင်ပေါ်မှ အမေ့ သွင်ပြင်သည် မီးလောင်ခံထားရသည့် သစ်ငုတ်တိုနှင့် အလားသဏ္ဍာန်တူနေပါသည်။တချို့ အနီ၊အပြာဝတ် နာ့စ်မလေးများနှင့် ဆရာဝန်ပေါက်စလေးများပါ အံ့သြတကြီး လိုက်ကြည့်ကြသည်။အမေ့ကိုယ်ပေါ်တွင် အနာများသည် တစ်ရက်ထက် တစ်ရက်ပိုထွက်လာကြသည်။ဆရာဝန်များက ဆေးအရှိန်ကုန်သည်ထိ တစ်ကိုယ်လုံးအနာများထွက်လိုက်လျှင် ကောင်းသွားမှာပါဟုဆိုကြသည်။တစ်ကယ်လည်း ခြေဖ၀ါးရော၊လက်ဖ၀ါးပါမကျန် တစ်ကိုယ်လုံးစုံသွားချိန်မှာ အနာများထွက်တာရပ်သွားတော့သည်။
အဓိကပြဿာနာကို အမေ့ကို ဂလူးကို့စ်နှင့် လိုအပ်သည့်ဆေးများသွင်းရန် အကြော ရှာရချိန်တွင်တွေ့ပါတော့သည်။ဆေးသွင်းရန် အကြောကိုခက်ခက်ရှာပြီးချိန်တွင် ဆေးဝင်စပဲရှိသေးသည်ျတနူငညါ လိုက်သည်ဟုဆိုကာ အပ်ပြန်နုတ်ရသည်။တစ်ကယ်တေျာ့တနူငညါ လိုက်တာမဟုတ်ဘဲ အနာဖေးများက ဘကအအနမ်ူပ အပ်ပေါက်ဝတွင် ပိတ်ဆို့နေကြသည်။တစ်ကြိမ်နေရာပြောင်း၍ ရှာရပြန်သည်။ကိုယ်ပူချိန်များမှာလည်း ကြောက်စရာကောင်းလောက်အောင် တက်သည်။အမေ့ကိုယ်ပူချိန်သည် တစ်ရာ့လေး ငါး၊ခြောက်ထိ အောင်တက်သည်။ကျွန်မအဲဒီအရွယ်တုန်းက တစ်ခါမှ လူတစ်ယောက်အဲဒီလောက် ကိုယ်ပူရှိန် ရှိတာကို မတွေ့ဘူးခဲ့ပါ။
အမေသည် ည ရှစ်နာရီလောက်တွင် ကိုယ်ပူရှိန်စတက်သည်၊နေလို့် ရလောက်သေးသည်ဟု လျော့တွေးပြီး အဲဒီအချိန်မှာ ရေခဲဝတ်မအုပ်လိုက်လျှင် တစ်ညလုံး အဖေ၊ကျွန်မနှင့် ညတာဝန်ကျ ဆရာမလေးတို့ သုံးယောက်စလုံး လက်တွင် အမဲကွက်များနှင့် သွေးခြေများဥသည်ထိရေခဲဝတ် တင်ကြရသည်။သို့သော် အမေ့ အပူရှိန်ကတော့ တော်တော်နှင့်ပြန်မကျတတ်။နိုဝင်ဘာလဖြစ်ပြီး လေအေးစက်အပြည့် ပေးထားသော အခန်းထဲတွင် အမေကလွဲ၍ ကျွန်မတို့အားလုံးချွေးဒီးဒီး ကျသည်အထိ အမေ့ ကိုယ်ပူရှိန်ကို တိုက်ကြရသည်။တစ်ခါတစ်ခါ အမေသည် အသက်ရှုလို့မ၀တော့သလိုဖြစ်ပြီး အောက်စီဂျင်ပေးရသည့် အခါများလည်းရှိသည်။ထိုအခါမျိုးတွင် သက်ဆိုင်ရာကောင်တာကို အကြောင်းကြားရပြီး တာဝန်ကျ ဆရာဝန်များက အောက်စီဂျင်ပိုက်လာတပ်ပေးကြသည်။
တစ်ခါတစ်ရံ အောက်စီဂျင်ပိုက်လိုသောအချိန် ကောင်တာတွင် အောက်စီဂျင်ဗူးများ ကုန်နေ သော အခါများရှိတတ်သည်။ထိုအခါ ကျွန်မမှာ စိုးရိမ်လွန်ပြီးဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။နောင်အခါ အဲဒီခံစားမှု မရှိရအောင် အောက်စီဂျင်ဗူးကို လိုလိုမယ်မယ် အမေ့ခန်းထဲသို့ ကျွန်မယူထားလိုက်တော့သည်။၁၉၉၆ခုနှစ်ဝန်းကျင်က အောက်စီဂျင်ဗူး တစ်ကြိမ်အသုံးပြုခသည် ထောင့်ငါးရာ ရှိပါသည်။အဲဒီခေတ် အဲဒီခါနှင့်လည်း ဈေးများသော အချိန်ဖြစ်ပါသည်။အခန်းထဲယူထားသည့်အတွက် အသုံးမပြုဖြစ်လည်း အခကြေးငွေကို ရှင်းပေးရပါသည်။ဆေးရုံရောက်ပြီး တစ်ဆယ့်ငါးရက်မြောက်သည်ထိ အမေသည် ပါးစပ်မှ စကားမပြောနိုင်သေးပါ။ဒါပေမဲ့ ကျွန်မတို့ ပြောသမျှ အမေ သိနေပါသည်၊ထို့ကြောင့် ကျွန်မသည် အမေ့ကို ကြိုတင် ညှိထား ရပါသည်။အမေ အသက်ရှုလို့မ၀ဖြစ်လာသည့်အခါ ကျွန်မ၏လက်ကို ဖြစ်ညစ်ပြရန်ဖြစ်ပြီး ထိုအခါ ကျွန်မက သက်ဆိုင်ဆရာဝန်များကို ပြေးခေါ်ရန်ဖြစ်ပါသည်။
အဖေသည် ဆေးရုံသို့ရောက်လာသော နေ့မှစ၍ အိမ်မပြန်တော့ဘဲ ဆေးရုံတွင်သာနေပါသည်။အမေအတွက်ယူထားသော အခန်းသည် ဆက်တီခုံ၊ခုံတန်းရှည်နှင့် ရေချိုးခန်း၊အိမ်သာ အပြည့်အစုံပါ၍ မိသားစုများနေရန်လည်း သင့်တော်ပါသည်။အရေးပြားအထူးကု ဆရာဝန်ကြီးက အမေ့အိပ်ယာခင်းကို တစ်နေ့နှစ်ကြိမ် လဲခိုင်းပါသည်။ အရောင်ကိုလည်း အဖြူရောင်တစ်မျိုးတည်းသာ သုံးရပါသည်။ဆေးရုံမှ အိပ်ယာခင်းလဲပေးသော်လည်း တခြားလူနာများနှင့်မတူသော အမေကို ကျွန်မတို့ အိမ်မှသာ အိမ်ယာခင်းလျှော်၊အိပ်ယာခင်းလဲသောအလုပ်ကို တာဝန်ယူပါသည်။အမေ့ တစ်ကိုယ်လုံးကို ဆေးလေးကြိမ်လိမ်းပေးရပါသည်။လိမ်းပေးရသော ဆေးမှာ လေးမျိုးစပ်လိမ်းရပြီး တစ်ခါလိမ်းလျှင် လေးဗူးစလုံးကုန်ပါသည်။ထို့ကြောင့် အမေကို လဲလို့လွယ်ကူသော စပန့်အင်္ကျီလက်ပြတ်လေးများ ၀ယ်ဝတ်ပေးရသည်။
ကျွန်မက ညဘက်တွင်တစ်ညလုံးစောင့်ပြီး မနက်လင်းလျှင် အိမ်ပြန်ပါသည်။ကျွန်မတို့တွင် မောင်နှမလေးယောက်ရှိရာ သုံးယောက်မှာ ယောက်ျားလေးများဖြစ်ကြသည်။မောင်အလတ်တစ်ယောက်က ပြည်ပရောက်နေပြီး မောင်အငယ်ဆုံးလေးမှာ ငါးတန်းအရွယ်သာရှိသေးသည်။အစ်ကိုကြီးက အိမ်ထောင်သည်ဖြစ်ပြီး အဲဒီအချိန်က ကျွန်မတို့နှင့်အတူနေပါသည်။အစ်ကိုနှင့်ယောင်းမတို့တွင် လေးလအရွယ် သားငယ်လေးတစ်ယောက်ရှိပါသည်။ရန်ကုန်တွင် ဆွေမျိုးများရှိသော်လည်း တော်တော်များများက အမေကို မရတော့ပါဘူး၊ပစ်လိုက်ရပြီဟုဆိုကာ ဆေးရုံတွင် လာငိုပေးဖော်ပဲရကြသည်။ကျွန်မသည် အဲဒီအရွယ်က ဆေးပညာကိုလည်း ကောင်းစွာနားလည်သေးတာမဟုတ်ဘဲနှင့် အမေ မသေနိုင်သေးဟုယုံကြည်နေသည်။
ထို့ကြောင့် အမေ့ကိုသေမည်ပြောသော အမျိုးအားလုံးသည် ကျွန်မ ရန်သူဖြစ်ကုန်ကြသည်။ငိုနေသော အဒေါ်များကို အမေ့အခန်းထဲသို့ ကျွန်မအ၀င်မခံတော့ပါ။အမေသည် သူ့ကိုယ်ကို ပြန်မြင်ရတာမဟုတ်၍ ဘာမှ မသိသေးသည်ကို အမေ့ အစ်မ ၊ညီမများက “အစ်မ ခင်အုံးရယ် ဘယ်လိုရုပ်ကြီး ဖြစ်သွားတာလဲ အဖြစ်ဆိုးလှချည်လားဟု” လာအော်နေတာကို ကျွန်မ ခွင့်မပြုနိုင်ပါ။ထို့ကြောင့်ပင် အမေနေကောင်း၍ ဆေးရုံကဆင်းပြီးချိန်တွင် အမေ့ အမျိုးတော်တော် များများသည် ကျွန်မကိုကြည့်မရတော့ပါ။ယောင်းမကိုကလေးတစ်ဖက်နဲ့ပဲ ဈေးသွားနှင့်ထမင်း ဟင်းချက်တာဝန်ပေးရပြီး ကျွန်မကတော့ ဆေးရုံပြန်လာမှ အမေ့အိပ်ယာခင်းများ အပါအ၀င် အိမ်သားများ၏ အ၀တ်လျှော်ရသည်။ညနေရောက်လျှင် အဖေ့အတွက် ထမင်းချိုင့်ထည့်ပြီး မနက်ကကျွန်မ လျှော်ထားသော အိပ်ယာခင်းများကို ယူ၍ဆေးရုံသို့ပြန်သွားရပါသည်။တော်သေးသည် နေ့ခင်းကျွန်မ ခဏအိပ်ချိန်တွင် ယောင်းမက အ၀တ်များကို မီးပူတိုက်ပေးထားပါသည်။အစ်ကိုကြီးက ကားမောင်းတတ်ပြီး အသုံးပြုစရာ အဖေတွင် ရုံးကားရှိနေ၍ သွားရေးလာရေးတော့ အဆင်ပြေပါသည်။
အမေဆေးရုံတက်ပြီး ရက်နှစ်ဆယ်မြောက်သောနေ့တွင် ညဆယ့်တစ်နာရီခွဲခန့်မှ ဆေးသွင်းရန် အကြောရှာမရဖြစ်ပြန်သည်။အမေ့အခန်းထဲတွင် နာ့စ်ဆရာမများရော ဆရာဝန်ကိုယ်တိုင်ပါ ချွေးပြန်နေကြပြီ။လက်နှစ်ဖက်စလုံးတွင် ဘယ်လိုမှ အကြောရှာမရသောအခါ ခြေချင်းဝတ်ကို ကြိုးစားကြည့်ကြသည်။အမေ့မှာ စကားမပြောနိုင်သေးသော်လည်း ဝေဒနာနာကျင်လွန်း၍ ပါးစပ်မှ ငြီးငြီးငြူငြူအော်ပါသည်။အဖေက“ညည်းနာနေတော့ဟုတ်ပါတယ်၊ဒါပေမဲ့ အဲဒီလိုအော်နေရင် ဆရာဝန်က အကြောရှာရပိုခက်မှာပေါ့ ခဏတော့ သည်းခံပါအေ” လို့ အဖေ့စကားသံကြားရပြီးနောက်ပိုင်း အမေ့မှာ “တအင်းအင်း” တောင် မညည်းရှာတော့ပါ။ကျွန်မက ဆရာဝန်အကြောရှာ၍လွယ်ကူရန် အမေ့ရဲ့ခြေချင်းဝတ်အထက်ဘက်ကို ဖိကိုင် ၀င်ကူပေးနေပါသည်။မနက် တစ်နာရီခွဲခါနီးတွင် ဆေးသွင်းရန် ခြေချင်းဝတ်မှ အကြောကိုရှာတွေ့ကြပါသည်။
ထိုအချိန် ကျွန်မဘာဖြစ်သွားမှန်းမသိ ဒူးနှစ်ဖက်စလုံးညွှတ်ကျသွားပြီး အမေရဲ့ သံ ကုတင်တိုင် ကိုဝင်တိုက်၍ ကြမ်းပြင်ပေါ်သို့ ကျွန်မ ပုံကျ သွားပါသည်။စဖြစ်သောအချိန်မှစ၍ ရက်နှစ်ဆယ်လုံး စကားမပြောနိုင်ခဲ့သော အမေသည် ကျွန်မ ပြုတ်ကျသွားမှန်းသိသောအခါ “သမီးဘာဖြစ်သွားတာလဲ ကြည့်ကြပါဦးလို့” ပီပီသသ အော်ပြောနိုင်ပါသည်။အဲဒီအချိန်ကစ၍ အမေ စကားပြန်ပြောနိုင်တော့သည၊် ကုသမှုများ စတင်ပြီးပထမဆုံးအကြိမ် အမေ့ထံမှ တုံ့ပြန်မှု စရခြင်းဖြစ်ပါသည် ။ဆရာဝန်က ကျွန်မကိုပါကြည့်ရတော့သည်၊ဘာမှမဖြစ်ပါဘူး အိပ်ငိုက်သွားတာဖြစ်နိုင်သည် ဟုဆိုပါသည်။ဆရာဝန်ပေးသော ဆေးသောက်ပြီး ကျွန်မအိပ်ပျော်သွားသည်မှာ နောက်တစ်နေ့ နေ့လယ် တစ်နာရီမှ အိပ်ယာမှ နိုးလာပါသည်။ကျွန်မစိတ်ချ လက်ချအိပ်ပျော်သွားခြင်းဖြစ်သည်။
ကျွန်မ နိုးလာချိန်တွင် အမေသည် အံ့သြဖွယ်ကောင်း စွာ မျက်စိပါမြင်နေရပြီ ဖြစ်သည်၊ အမေ့ကုသရေး၏ ဒုတိယမြောက် အောင်မြင်မှုဖြစ်သည်။အမေနားသို့ ကျွန်မ ရောက်လာသော အချိန်မှစ၍ ဆယ့်ကိုးရက်စလုံး ကျွန်မတစ်ည မှ မအိပ်ဖြစ်ခဲ့ပါ။နေ့ခင်း ဘက်တစ်နေကုန်စောင့်ရသော အဖေသည် ကျွန်မကို တစ်ရေးအိပ်ရန်ပြောသော် လည်း သူကိုယ်တိုင်မှ ညဘက်လည်း ငိုက်ရုံသာ ငိုက်ရသောကြောင့် ကျွန်မ မအိပ်ရက်ပါ။ကျွန်မကမှ နေ့ခင်းဘက် အိမ်ပြန်လျှင် တစ်ရေးအိပ်ရသေးသည်။ညတာဝန်ကျ နာ့စ်ဆရာမ ရှိသော်လည်း အမေအပူတက်လာချိန်တွင် ကျွန်မတို့ဝိုင်းကူတာတောင် အမေ့အပူချိန်ကို မနိုင်ကြပါ။ထို့ကြောင့် ကျွန်မတို့မှာ အဘယ်မှာ စိတ်ချလက်ချ အိပ်ပျော်နိုင်ပါမည်နည်း။ဒါပေမဲ့ နေ့ဘက်အချိန်များတွင်တော့ ကျွန်မသည် ဘယ်နေရာမှာ ဖြစ်ဖြစ် ကျွန်မခေါင်းအတွက် တစ်စုံတစ်ခု မှီစရာ ရလျှင်ပင် အိပ်ပျော်သွားတတ်သည်။မနက်ဘက် ဆေးရုံမှ အပြန် တာမွေ နှင့် စမ်းချောင်းခရီးကိုပင် ကားပေါ်တွင် ကျွန်မနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်သည်။အိမ်ရှေ့သို့ကားဆိုက်လျှင်လည်း အစ်ကိုကြီး က ကျွန်မကို မနည်းနိုးယူရသည်ဟု ဆိုသည်။
အမေအခြေနေသည် စိတ်မချရသေးသော်လည်း တိုးတက်မှုရှိလာပြီဟုဆိုရမည်။နယ်မှ အဖေ့အမျိုးများနှင့် အဖေနယ်မှာတာဝန်ကျစဉ် ဆွေးမျိုးများလို ခင်မင်ရင်းနှီးခဲ့သော ၀န်ထမ်းများရောက်လာကြသည်။ကျွန်မတို့အတွက် ကူဖော်လောင်ဘက်များလာ၍ စိတ်ရော လူပါ အနည်းငယ် သက်သာရာ ရလာသည်။ထိုအချိန်ကျမှ ကျွန်မသည် အမေ ဆေးမတည့်ဖြစ်မှု အပေါ် မကျေနပ်ဖြစ်လာသည်။ကျွန်မ အသက်ကလည်း နှစ်ဆယ်စွန်းစအချိန် ပြည်ပရေးရာ စာပေများ မတောက်တစ်ခေါက်ဖတ်ပြီး နိုင်ငံခြားမှာ ကဲ့သို့ပင် ထိုသွေးဆေးတိုက်ကြီးအား တရားစွဲရန်အတွက် အမေသောက်လိုက်သော သွေးဆေးကို စမ်းသပ်ကြည့်ရန် ဓါတ်ခွဲသို့ပို့လိုက်ပါသည်။မိုက်မိုက်ကန်းကန်းပင် ထိုသွေးဆေးကို ကျွန်မကိုယ်တိုင် သောက်ကြည့်လိုက်သေးသည်။ကျွန်မသာ အမေ့လို ထပ်ဖြစ်ခဲ့လျှင် ကျန်ရှိနေသော ကျွန်မမိသားစုဝင်များ အဆိပ်သောက် စရာမလိုပဲ သေကုန်ကြမည်ထင်သည်။
ဓါတ်ခွဲခန်းမှ ထွက်လာသော အဖြေမှာ သွေးဆေးထဲတွင် ဆာလ်ဖာအုပ်စုဝင် ဆေးတစ်မျိုးကို တွေ့ရှိသည်ဟုဆိုသည်။အမေသည် ဆာလ်ဖာဆေး မတည့်ခြင်းဖြစ်သည်။တစ်ကယ်သိလာရသောအခါတွင် ကျွန်မ ဘယ်ကဘယ်လို တရားစ စွဲရမှန်းမသိ၊ကျွန်မစိတ်အားထက်သန်နေ၍ အဖေသည် ဘာမှ မပြောသော်လည်း ကြိုက်ပုံမပေါ်။ ကျွန်မအစ်ကိုကြီးမှာလည်း အမေ့အတွက် တနင်္ဂနွေနေ့တိုင်း ရွှေတိဂုံစေတီရင်ပြင်ပေါ်တွင် ညပိတ်ချိန်ရောက်၍ ဘုရားဂေါပကများ နှင်မချမချင်း မထတမ်း ဆုတောင်းပေးခြင်း၊အမေ့အတွက် ဗေဒင်တကာ မေးကာ ယတြာချေပေးခြင်းများအလုပ်ကလွဲလျှင် ကျန်တာ သူစိတ်မ၀င်စား။ အမေ ပြန်ကျန်းမာလာလျှင် ပြီးပြီပဲဟု သဘောပိုက်ထားသူ။အမေအတွက် ယတြာချေမည်ဆိုပြီး အစ်ကိုကြီးသည် ကျွန်မဆေးရုံကပြန်လာတိုင်း အမေ၀တ်ပြီးသား အ၀တ်တစ်စုံကိုတောင်းလေ့ရှိသည်။ပြီးလျှင်ထိုအ၀တ်ကို ရေနံဆီလောင်း၍ မီးပုံရှို့ကာ လှိုင်မြစ်တွင် ရေသွားမျောရသည်။နေ့စဉ် သူကိုယ်တိုင်လုပ်ပေးသည် ၊ကျွန်မ မှာသာ အစ်ကို့ ကိုလည်း မပြောရက် အမေ၀တ်လို့ရသည့် အင်္ကျီမှာလည်း ရှား၍ ညနေအချိန်မီ ပြန်ဝတ်နိုင်ဖို့ စီစဉ်ရသည်။ဆေးရုံတွင်တော့ ညတိုင်း အမေ့ဘေးတစ်ဖက် တစ်ချက်တွင် ကျွန်မနှင့်အတူလာစောင့်ပေးသော မိန်းကလေး(ကျွန်မ ညီမ အရင်းကဲ့သို့ဖြစ်နေသောသူ)က ပရိတ်ရွတ်ပေးကြပါသည်။
အမေ အသည်းအသန်ဖြစ်နေသော ရက်များက လိပ်ပြာကြီးတစ်ကောင်သည် ထူးဆန်းစွာ အမေ့မွေးနေ့ဖြစ်သည့် တနင်္ဂနွေနေ့ညတိုင်း အခန်းထဲသို့လာနားနေတတ်သည်။ခြောက်လှန့်မောင်းထုတ် သော်လည်း ထွက်မသွားပဲ အခန်းထဲတွင် ပျံလျက် တစ်နေရာတွင် နားနေပြန်သည်။ထိုအခါ ကျွန်မနှင့် အတူလာစောင့်ပေးသော ညီမလေးကလည်း မျက်နှာပျက်နေပါသည်။အစ်ကိုကြီးကလည်း ဆေးရုံမှစောစောပြန်၍ ရွှေတိဂုံဘုရားသို့ ပြေးပါတော့သည်။တနင်္ဂနွေ နှစ်ပတ်လောက် ဆက်တိုက်ဖြစ်လာသောအခါ ညတာဝန်ကျ နာ့စ်မလေးကပါ ထိုအဖြစ်ကို အလေးထားလာသည်။အဖေသည် ဘာမှ မပြောသော်လည်း ထိုလိပ်ပြာကိုလေ့လာ ကြည့်ရှုနေပါသည်။ကျွန်မသည် အခန်းထဲသို့ လိပ်ပြာဝင်လာခြင်းကို စိတ်အနှောက် အယှက်ဖြစ်တာထက် အခန်းထဲမှ လူများ၏စိတ်မသက်သာ ဖြစ်နေသော မျက်နှာများကို ကြည့်ရသည်က ပိုဆိုးပါသည်။ကျွန်မဘာမှ စဉ်းစားမနေတော့ဘဲ ထိုလိပ်ပြာကို မျက်နှာသုတ်ပ၀ါဖြင့် ရိုက်သတ်လိုက်ပါတော့သည်။ဘာကြောင့်ပဲဆိုဆို အမေသည် သိသိသာသာ အကောင်းဘက်သို့ ပြောင်းလာသည်။
သွေးဆေးတိုက်ကို တရားစွဲဖို့ကိစ်္စ ဘယ်သူမှ စိတ်မ၀င်စားကြသည့် အဆုံး ကျွန်မသည် အမေကို တိုင်ပင် ပါတော့သည်။သို့သော်အမေပြောလိုက်သော စကားတစ်ခွန်းကြောင့် ကျွန်မ ဘာမှ ဆက်မလုပ်ဖြစ်တော့ပါ။“သမီး - အတိတ်ဘ၀က အကုသိုလ်ကံကြောင့် အမေ ဒီဘ၀မှာ အခုလောက် ခံနေရတယ်။အမေ အရင်ဘ၀က ဘယ်သူ့ကို ဘာတွေလုပ်ခဲ့မိတယ် မသိဘူး၊ဒီလောက်နဲ့ပဲ ကျေပါစေတော့။ဒီဆေးကို သမီးသောက်ကြည့်တာ အမေ့လို ဖြစ်လို့လား၊ဒီဆေးတိုက်က ဒီသွေးဆေးကိုပဲ သောက်နေကြတဲ့ အမျိုးသမီးတွေလည်း အများကြီးပဲ သူတို့လည်း ဖြစ်မှ မဖြစ်တာ၊အမေ့ဝဋ်ကြွေး ဆပ်ရတယ်ပဲ သဘောထားပေးပါ။အမေဖြစ်တာကို ဘာမှ မသိလိုက်ဘဲ အေးအေးချမ်းချမ်းနေနေတဲ့ သူတို့မိသားစုကို စိတ်ဒုက်္ခမပေးချင်ပါနဲ့တော့” တဲ့။
အမေ့ဆန်္ဒအရ ကျွန်မ၏တရားစွဲလိုစိတ်ကို ချိုးနှိမ်ပြီး သောအခါ ဆေးဖိုးဝါးခ ငွေကြေးမပြည့်စုံမှု ဆိုင်ရာ သောကအပူသည် ပိုကြီးလာပါသည်။ကျွန်မတို့နေခဲ့ဖူးသော နယ်မြို့များမှ ၀န်ထမ်းအသီးသီးက သူတို့နိုင်သလောက် ပိုက်ဆံထောက်ပံ့ကြပါသည်။အဖေ ၊အမေတို့၏ ဘ၀နေထိုင်မှုပုံစံကို သိထားပြီး ငွေကြေးချို့တဲ့မှန်း သိနေကြ၍ဖြစ်ပါသည်။ကျွန်မနှင့် အဖေ အလုပ်လုပ်ရာ ရုံးချူပ်မှလည်း ထိုရက်များကို သားအဖ နှစ်ယောက် စလုံးအတွက် အွန်ဂျူတီ အဖြစ်သတ်မှတ်ပေးထားသည်။ဝန်ထမ်းသက်သာ မှလည်း တတ်နိုင်သလောက် ထောက်ပံ့ကြပါသည်။
ဒါပေမဲ့ ကျွန်မလက်ထဲတွင် ဘယ်တော့မှ ငွေများများစားစား ရှိမနေပါ။အများကူညီ သမျှငွေများကို အဖေသည် ကျွန်မလက်ထဲသို့ အကုန်ပေးပါသည်။ကျွန်မကလည်း ယောင်းမကို အိမ်တွင်လာကူညီကြသော ဧည့်သည်များအတွက်ပါ ဈေးဖိုးပြန်ပေးရသည်။ယောင်းမကလည်း ကျွန်မပေးသော ပိုက်ဆံသည် သူ့အတွက် ခေါင်းခြောက်လောက်အောင် စဉ်းစားပြီး ချက်ရသည်ဟုဆိုပါသည်။ဆေးရုံတွင် အထူးကုဆရာဝန်တစ်ယောက် အမေ့ခန်းသို့ တစ်ခါဝင်လျှင် တစ်ထောင်ရှင်းရပြီး၊ြ.ဥ ဟုခေါ်သော ဆရာဝန်များဝင်လျှင် ငါးရာ ရှင်းရပါသည်။ညွှန်ကြားသောဆေးများသည် သျှင်ပါကူ တွင်ရှိနေလျှင် ဘေလ် စာရင်းထဲမှတ်ထားပြီး ဆေးရုံက
ဆင်းမှ ပေးချေ၍ရသော်လည်း ထိုဆေးရုံတွင် မရှိသောဆေးဖြစ်နေပါမူ “မေ” ဖာမေစီ မှလက်ငင်းငွေ ချေစနစ်နှင့် ၀ယ်ရသည့်အခါ ကျွန်မအတွက် ကြီးစွာသောဒုက်္ခဖြစ်ပါသည်။
အဖေသည် အမေ့ကျန်းမာရေးအတွက်သာ ဂရုစိုက်နေရ၍လား၊ကျွန်မကိုပဲ ယုံကြည်လွန်းခြင်းလား
တော့ မသိပါ။ထိုရက်များတွင် ပိုက်ဆံနှင့်ပတ်သက်၍ ကျွန်မကိုဘာမှ မေးလေ့မရှိပါ။အထူးကုများ အမေ့အခန်းမှ စမ်းသပ်ပြီးထွက်ခါနီးတွင် စာအိတ်နှင့်အဆင်သင့် ပေးရမည့်ပိုက်ဆံကို ထည့်၍ နောက်တွင်ပါလာသော နာ့စ်မများ ဆေးဗန်းပေါ်သို့ တင်ပေးလိုက်ရသည်။တစ်နေ့ တစ်နေ့ ကျွန်မလက်ထဲတွင် ရှိနေသည့် ပိုက်ဆံပမာဏနှင့် အထူးကု ၀င်နိုင်မည့် အကြိမ်ကို မှန်းဆရေတွက်ကြည့် ရသည်မှာ ကျွန်မဘ၀တွင် ရင်အခုန်ရဆုံး အချိန်များဖြစ်ခဲ့ပါသည်။မိသားစု၏ ရှိစုမဲ့စု စုဆောင်း၍ရလာသော ငွေဖြင့် အမေ့အသက် ကယ်တင်စွမ်း အပေါ် ဗျာပါဒများခဲ့ရသည်။မိတ်ဟောင်း ဆွေကောင်းများ ၀ိုင်းဝန်းမတည် ၍အမေ့ရောဂါကုသရန် အခြေအနေ ပေးခဲ့ခြင်းဖြစ်သည်။တစ်ရိပ်ရိပ်တက်လာသော ဆေးကုသစရိတ်များ စာရင်းမှတ်ရင်း “ကျန်းမာခြင်းသည်လဘ်တစ်ပါး” ဟူသော အဆိုအမိန့်ကို ထောက်ခံမိပါသည်။
အမေ မကျန်းမမာဖြစ်သောအချိန် ကျွန်မတို့လက်ထဲတွင်လည်း ပိုက်ဆံက လုံလုံလောက်လောက်မရှိ။ထိုအခါ ကျွန်မသည် အဖေ့၏ ဘ၀နေထိုင်မှုပုံစံကို အပြစ်မြင်မိသည်။အဖေ့ရာထူး အဖေ့ အနေအထားနှင့်ဆို ကျွန်မတို့သည်လည်း သူများနည်းတူ နေနိုင်စားနိုင် ဆေးကုနိုင်သင့်သည်။အခုတော့ လူမမာလာမေးသည့် သူများပေးသွားသော စာအိတ်များ နှင့် အဖေတာဝန်ကျဖူးရာ နယ်အသီးသီးမှ ၀န်ထမ်းများက စေတနာအရ ပေးပို့လိုက်သော စာအိတ်များ ကို ရင်ဖိုစွာ စောင့်နေရသည့် ဘ၀ကို ကျွန်မ ၀မ်းနည်းမိသည်။အဖေကတော့ ဘယ်လိုခံစားရသည် ကျွန်မ မသိ။
အမေ ဆေးရုံတက်သည့်ကာလ တစ်လကျော်လာသော် အထူးကုများက “ဒေါ်ခင်အုံးကြီး ဒီနေ့ နေလို့ကောင်းတယ်နော်”ဟု အခန်းဝမှ နုတ်ဆက်ပြီး အခန်းထဲသို့ မ၀င်ကြတော့ သဖြင့်ကျွန်မတို့သည် အထူးကုများ ခြေကြွခသက်သာခွင့် ရခဲ့သည်။သာဓုခေါ် ဖို့ကောင်းသည့် လုပ်ရပ်ဖြစ်ပါသည်။အမေ့အရေပြားမှ အနာများသည် သက်သာ လာပြီး အနာဖေး များကွာကျလာသည်။အမေ့အနာဖေးများ ကျွတ်ပုံမှာ ထူးဆန်းသည်၊နားရွက်မှ အနာဖေးသည်နားရွက် ပုံစံအတိုင်းကျွတ်၍၊ ခြေဖ၀ါးလက်ဖ၀ါးများသည်လည်း ရှိသည့်ပုံစံအတိုင်း အချပ်လိုက်ကွာကျလာသည်။နောက်ဆုံးအဆင့် တစ်ခုမှာ အမေသည် စဖြစ်သည့်အချိန်မှစ၍ ဆီးပိုက်တပ်ထားရသည်။အမေ့၏ကျန်အစိတ်အပိုင်းများ ကောင်းလာချိန်တွင် ဆီးပိုက်ဖြုတ်ကြည့်ကြသည်။ ဆီးပိုက်ဖြုတ်လိုက်တာနှင့် အမေသည်သူ့ဘာသာဆီးမသွားနိုင်တော့ပါ။
အထွေထွေ အထူးကုဆရာဝန်ကြီးက နေ့တာဝန်ကျ နာ့စ်မလေးကို “လူနာသူဘာသာ ဆီးသွား နိုင်အောင် လေ့ကျင့်ပေး”ဟုခိုင်းခဲ့သည်။အဲဒီနာ့စ်မလေးသည် လူကောင်သေးသေးလေးဖြစ်သည်။ သူ့နာမည်အရင်းကိုတောင် ကျွန်မ မမှတ်မိတော့ပါ။သျှင်ပါကူ တစ်ဆေးရုံးလုံးက ဆရာမ “ပိစိ” ဟုခေါ်ကြသည်။ပေးထားသည့် နာမည်နှင့် သူ့ပုံစံ တော်တော်လိုက်သည်။ပြုစုကုသပေးမှု၊စိတ်ရှည်မှု အားလုံးကောင်းသည်၊ ဒါပေမဲ့ သူက “ကျွန်မ ရှင်တို့အမေ ပေါင်တစ်ချောင်းတောင် ကြွအောင် မ မနိုင်ဘူး ဟုပြောလေ့ရှိသည်”။ ဆရာဝန်များက အမေ့အား အိပ်ယာပေါ်တွင်ပင် အိမ်သာအိုးထိုးပေးခိုင်းသည်။အကြောများမှာ အနည်း ငယ်ဆိုင်းနေသေးသဖြင့် ကူပေးသောသူ မ နိုင်ပါက အိမ်သာထဲတွင် မတော်တဆ ချော်လဲသွားမှာ ကြောက်ကြ သည်။ဆရာမလေးမှာ ဘယ်လိုကြိုးစား၊ကြိုးစား အမေ့ကို သူ့ဘာသာ ဆီးသွားအောင် မလုပ်နိုင်ပါ။
ဆရာဝန်ကြီးကလည်း“ဆရာမ ပိစိ ကြိုးစားကြည့်ပါအုံး ။ကြီးကြီးမားမား ပြဿာနာတွေတောင် အောင်မြင်စွာကုသနိုင်ခဲ့ပြီ၊ဆီးမသွားနိုင်တာလေးကြောင့် ဆေးရုံကပေးမဆင်းရသေးဘူး ဆိုတာကြားလို့မှကောင်းရဲ့ လား”ဟု ဆရာမလေးကိုဆူပါတော့သည်။အမေက “အိုးနဲ့ဖြစ်နေလို့ မသွား တတ်တာနေမှာ၊အိမ်သာထဲမှာ ထိုင်ကြည့်ချင်တယ်” ဟုဆိုသည်။ကျွန်မတို့ အမေ့ဆန်္ဒအရ ဆရာဝန်များ ညွှန်ကြားထားသည်ကို ချိုးဖောက်ကြည့်ကြပြီး အိမ်သာထဲသို့ တွဲပို့ပေးကြသည်။ဒါပေမဲ့ အကြောင်းထူးမလာပါ၊အချိန်ကြာလာတော့ ဆီးအိမ်ပြန်တင်းလာ၍ အမေ မနေနိုင်ဖြစ်လာသည်။ထိုအခါ ဆရာမလေးက ဆီးပိုက်ပြန်တပ်ပေးလိုက်ရပြန်သည်။နောက်တစ်နေ့ ဆရာဝန်ကြီးရောက်လာချိန်တွင် ဆရာမလေး အဆူခံရပြန်သည်။
နောက်ဆုံးအဖေက ဆရာမလေးကို ရေနွေးအိတ်နှင့်  ရေခဲထုပ်ကို အမေ့ဆီးအိမ်ပေါ်တွင် တစ်လှည့်စီကပ်ကြည့်ကြရန် အကြံပေးကြည့်သည်။မည်သည့်ဆရာဝန်ကိုမှ အကြောင်းမကြားတော့ဘဲ အခန်းထဲတွင် တစ်နေကုန် အချိန်ရတိုင်း မကြာမကြာ လုပ်ပေးကြသည်။နေ့ဆရာမ နှင့် ညဆရာမ တာဝန်လဲခါနီးအချိန် ညနေ ခြောက်နာရီခွဲလောက်မှာ အမေက “ဆီးသွားချင်လာပြီ အိမ်သာထဲပို့ပေးပါ” ဟုပြောသည်။ဆရာမရော ကျွန်မပါ အိမ်သာထဲတွင် ၀င်ရပ်နေကြသည်။အိမ်သာထဲ ဆယ်မိနစ်လောက် ထိုင်လိုက်ပြီးချိန်တွင် အမေဆီးသွားနိုင်တော့သည်။ဆရာမ ပိစိမှာ ကျွန်မအဖေကို “အန်ကယ်ရေ အန်တီရယ် ဆီးသွားနိုင်ပြီ” ဟု အိမ်သာထဲမှ လှမ်းအော် ပြောကာ ငိုပါတော့သည်။ကျွန်မ ဆရာမ အဖြစ်ကို ရုတ်တရက် နားမလည် ဖြစ်သွားသည်။
အမေ့ကို ကုတင်ပေါ်ပြန်တင်ပေးပြီးသောအခါမှ ဆရာမ ပိစိက အဖေ့ကို “ ကျေးဇူးတင်ပါတယ် အန်ကယ်၊အန်ကယ် အကြံပေးတဲ့အတိုင်း လိုက်လုပ်ကြည့်လို့အောင်မြင်သွားတာ အန်တီ ကေ့စ်က သျှင်ပါကူ မှာ အဟော့ဆုံးကေ့စ်ဖြစ်နေတာ၊ဆရာဝန်ကြီးတွေ ကိုယ်တိုင် မှတ်တမ်း မှတ်ရာတွေနဲ့ သေချာ လုပ်နေကြတာ။ ကျွန်မကလည်း တစ်ခါမှ ဒီလောက်ကြီးတဲ့ ကေ့စ်မျိုးကို တာဝန်မယူဖူး ။ကျွန်မ တာဝန်ယူလုပ်ပေးရမဲ့ ကိစ်္စကျမှ ခက်နေတော့တယ် ။ကျွန်မ အတွက် ပွဲဦးထွက် အောင်မြင်မှုပေါ့ အန်ကယ်ရယ် ကျွန်မ ၀မ်းသာလိုက်တာ”။လို့တော့ဆိုမှ ဆရာမလေး ၀မ်းသာလွန်းလို့ ငိုတာကို ကျွန်မသဘောပေါက်သွားတော့သည်။နောက်တစ်နေ့ ဆရာဝန်ကြီးလာကြည့်ချိန် အမေဆီးသွားလို့ရပြီဟု သိသောအခါ ဆရာဝန်ကြီးက ဆရာမ ပိစိ ခေါင်းကို လက်ဖြင့်ပုတ်ပြီး “တော်တယ် သမီးဟု” ချီးကျူးသောအခါ ဆရာမပိစိက အဖေ့ကိုကြည့်ပြီး “အန်ကယ် တော်တာပါ ဆရာရယ်”ဟု ပြောပြီး တစ်ခါငိုပြန်ပါသည်။
အမေ ဆေးရုံရောက်ပြီး နှစ်ရက်မြောက်နေ့မှစ၍ အဖေသည် အမေ့ရုပ်ပုံ ပြောင်းလဲလာပုံ အဆင့်ဆင့်ကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ထားသည်။အနာများစထွက်လာသောပုံ၊တဖြည်းဖြည်း တစ်ကိုယ်လုံး အနာများပြည့်လာသောပုံ၊အမေ့ကို အဖေကိုယ်တိုင် ကတုံးတုံးပေးနေသောပုံ။အနာဖေးများကွာလာ ပြီးဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နိုင်လာ သောပုံ၊ ကျွန်မတို့တွဲကူ၍ လမ်းလျှောက်လေ့ကျင့်ပေးနေပုံ၊ အမေ့ကို ဆေးလိမ်းပေးနေကြပုံများဖြစ်သည်။အမေ အနည်းငယ် သက်သာလာသောအခါ အောက်ပိုင်းချိသလိုဖြစ်ပြီး လမ်းမလျှောက် နိုင်တော့ပါ။ထို့ကြောင့် ဆရာဝန်များက မိသားစုအကူနှင့် အခန်းထဲတွင် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ခိုင်းသည်။အဖေသည် ကင်မရာကို အခန်းထဲတွင် အဆင်သင့်ထား၍ အမေအား ကူနေသောအထဲတွင် မပါဝင်သူက ဓါတ်ပုံရိုက်ပေးကြသည်။တစ်ခါတွင်တော့
ကျွန်မတို့မိသားဝင်များ မရှိချိန် နေ့ခင်းဘက်တွင် “ဆရာမပိစိ” က အဖေ့ကို ဓါတ်ပုံရိုက်ထားပေးသည်။ အမေ့ကုတင်ဘေးနား ခုံတန်းရှည်ပေါ်တွင် အဖေ အိပ်ပျော်နေသောပုံကို ရိုက်ထားခြင်းဖြစ်သည်။
အဖေ့ကိုယ်အောက်ပိုင်းမှာ ခုံအောက်သို့တစ်ဝက်လျော ကျနေပြီး လက်တစ်ဖက်က အမေ့ရင်ဘတ်ပေါ်သို့ စိတ်မချစွာ တင်ထားပုံမှာ သိသာနေသည်။အမေသည်လည်း အိပ်ပျော်နေပုံရသည်၊ပြန်ကြည့်မိတိုင်း ကြည်းနူးဖွယ် ဓါတ်ပုံလေးဖြစ်ပါသည်။
တစ်လနှင့် ရက်နှစ်ဆယ်ခန့်ကြာလာသောအခါ အမေ့ အခြေအနေသည် အကောင်းဘက်သို့ သိသိသာသာ ရောက်ပြီဟု ပြောနိုင်လာသည်။ထိုအခါ အမေ့ကို ဆေးရုံမှ ခတ်္တဆင်းပေးရန် ဆရာဝန်ကြီးများ အချင်းချင်းတိုင်ပင်ကြသည်။ကျွန်မတို့၏ကုန်ကျစရိတ်ကို စာနာမိသောကြောင့်ဖြစ်သည်။ဒါပေမဲ့ အပတ်စဉ် အပြင်ဆေးခန်းသို့ အမေလာပြရန်တော့ လိုသည်။ထိုအခါ ရောဂါ အခြေအနေအရ လိုအပ်လာပါက ဆေးရုံပြန်တက်ရမည် ဖြစ်သည်။နောက်တစ်နေ့ မနက်စောစောပိုင်းတွင် ဆေးရုံမှဆင်းနိုင်ပြီကြောင်း တာဝန်ကျ ဆရာဝန်ကြီးကပြောလာသောအခါ ကျွန်မက “ညနေဘက်မှ ဆင်းလို့ရလားဆရာကြီး”ဟု မေးမိသည်။
“မနက်ဖြန် ကြိုက်တဲ့အချိန်ဆင်းလို့ရတယ် မနက်ဖြန်အတွက် အခန်းခကို ဆေးရုံက ယူမထားပါဘူး၊ပြီးတော့ သျှင်ပါကူမှာ ရက်ရှည်ဆေးရုံတက်လိုက်ရတဲ့ လူနာဖြစ်လို့ အခန်းခကို ဆယ်ရာခိုင်နှုန်းလျော့ယူကြလိမ့်မယ်” ဟု ဆရာကြီးပြောသည်။
အဖေသည်လည်း ကျွန်မလိုပင် ညနေဘက်မှဆင်းချင်သည်။အဖေသည် ကျွန်မနှင့် အတွေးတူသော်လည်း အကြံတော့ မတူပါ။အဖေက ကျွန်မအား“သမီး မနက်ဖြန် မနက်ဘက် မင်္ဂလာဈေးကိုသွားပြီး အထည်ဝယ်ရမယ်။ဆရာဝန်ကြီးများအတွက် ပုဆိုးနှင့် ရှပ်အဖြူ၊ြ.ဥ ဆရာဝန် များအတွက် ပုဆိုးများနှင့် ၊မေထရွန်၊စစ်စတာ၊နာ့စ် အပြာဝတ်၊အနီဝတ်များအတွက် ယူနီဖောင်း ထက်အောက်တစ်စုံစီ ၀ယ်ဖို့ အဖေစာရင်းလုပ်ထားတယ်။အားလုံးညည်းအမေရဲ့ ကျေးဇူးရှင်တွေပဲ။သူတို့တွေကို ကန်တော့စေချင်လို့ ညနေမှ ဆင်းမှာ”ဟုဆိုပြီး အထည်များဝယ်ရန် ပိုက်ဆံထုတ်ပေးပါသည်။ထို့ကြောင့် ဈေးသို့ သွား၍ကျွန်မစီစဉ်ရတော့သည်။ကျွန်မ၏ အကြံကတော့ ဆေးရုံမှ ဘေလ် ကိုမနက်ပိုင်းတွင် သွားကြည့်ပြီး ကျွန်မလက်ထဲမှာ ရှိနေသော ပိုက်ဆံနှင့် မလောက်ပါက ရှာနိုင်ရန်အတွက် အချိန်ခွာ ထားခြင်းဖြစ်သည်။
အမေဆေးရုံကမဆင်းခင် တစ်ရက်အလို ညနေဘက်တွင် ကောင်တာသို့ ဘေလ် စာရင်း ကို
ကျွန်မ တောင်းကြည့်သည်။ ကျွန်မတွင် လက်ကျန်ရှိနေသောပိုက်ဆံသည် ရှင်းရမည့်ပမာဏထက်စာလျှင် ခြောက်သောင်းကျော်လောက် လိုနေသည်။ အဖေ့လည်း မပြောချင် ကျွန်မကိုယ်တိုင်လည်း ထိုပိုက်ဆံကို ဘယ်ကသွားရှာရမည်မသိ နှင့် တစ်ယောက်ထဲ ဒုက်္ခရောက်နေသည်။နောက်ဆုံး ကျွန်မပေါ်လာသည့် အကြံမှာ ကျွန်မဆွဲထားသော ဆွဲကြိုးနှင့် သိမ်းထားသော အမေ့ကြိုးနှစ်ကုံးကို ရောင်းကြည့်ရန်ဖြစ်သည်။ကျွန်မ အဖေ ထိုင်းနိုင်ငံသို့ လေ့လာခရီးသွားရစဉ်က အမေ၊ကျွန်မနှင့် ယောင်းမတို့အတွက် ယိုးဒယားဘတ်ကြိုးတစ်ကုံးစီ ၀ယ်လာသည်။ယောင်းမဆွဲထားသော ကြိုးကိုတော့ တောင်းကြည့်၍မကောင်းသဖြင့် မပြောဖြစ်ခဲ့။ အဲဒီညနေ ဆေးရုံသို့အသွားတွင် တစ်ခါတည်း သေတ်္တာထဲမှ အမေ့ဆွဲကြိုးကိုပါ ယူသွားလိုက်သည်။အမေထားတတ်သည့် နေရာများတွင် ဘောင်ချာစာရွက်ကို ရှာကြည့်သေးသော် မတွေ့သဖြင့် ဒီအတိုင်းယူခဲ့လိုက်သည်။
မနက်စောစော ဆေးရုံမှအပြန် လှည်းတန်းဈေး အပေါ်ထပ်သို့ ဆွဲကြိုးရောင်းရန်တက်ခဲ့လိုက်
သည်။အချိန်မှာ နည်းနည်းစောနေသေးသဖြင့် တခြားနေရာမှ ရွှေဆိုင်များက မဖွင့်သေး။လှည်းတန်းဈေးမှာပင် နှစ်ဆိုင်သုံးဆိုင်လောက်သာ ဆိုင်ခင်းနေကြတာတွေ့ရသည်။အဆင်ပြေမည့်ထင်သည့် ဆိုင်တစ်ဆိုင်သို့ဝင်၍
ဆွဲကြိုးရောင်းချင်ကြောင်းပြောကြည့်သည်။ဆွဲကြိုးကိုမြင်တော့ ဆိုင်ရှင်အမကြီးက “ညီမလေး ဒီဆွဲကြိုးက ဘတ်ကြိုးနော် ဘယ်ကရလာတာလဲ”တဲ့။“ကျွန်မအဖေ ဘန်ကောက်သွားတုန်းက ၀ယ်လာတာ” ဆိုတော့ “ဘောင်ချာပြပါ”တဲ့။“ဘောင်ချာတော့ မရှိဘူး အမရယ်၊အမေက ဆေးရုံတက်နေရတော့ဘယ်နားထားခဲ့ မှန်းမသိလို့ ရှာမတွေ့ဘူး”ဟု ကျွန်မပြောသောအခါ “ဒါဆိုညီမလေး ဒီမှာ ခဏစောင့်နေဦးနော်”ဟုဆိုကာ သူ့ဆိုင်က ကောင်မလေးတစ်ယောက်နှင့်ကျွန်မကို ထားခဲ့ပြီး ဈေးအောက်ထပ်သို့ဆင်းသွားသည်။ခဏအကြာ အမျိုးသာကြီးနှစ်ဦးနှင့် အတူပြန်ရောက်လာကြသည်။ဆိုင်ရှင် အမကြီးက ဘာမှမပြောဘဲ ပါလာသည့် အမျိုးသားတစ်ဦးက “သမီးကတစ်ယောက်ထဲလာတာလား၊နေတော့ ဘယ်မှာနေတာလဲ၊ ဒီဆွဲကြိုး နှစ်ကုံးကိုဘယ်ကရခဲ့တာလဲ” ဟုဆိုတော့မှ ကျွန်မကို မသင်္ကာ၍ မေးနေမှန်းသိတော့သည်။ကျွန်မ ချက်ချင်း မျက်ရည်တွေဝဲလာသည်၊တစ်ခါမှ မကြုံဖူးခဲ့သော သူတစ်ပါး၏ သင်္ကာမကင်းဖြစ်ခြင်းခံရပါတော့သည်။ကျွန်မပုံစံသည် ဆေးရုံမှ ဒီအတိုင်းထလာခဲ့၍ ည၀တ်အင်္ကျီလေးနှင့် ဖြစ်သည်။ကိုယ့်ဇောနှင့် ကိုယ်မို့ အင်္ကျီမလဲဖြစ်ခဲ့၊အချိန်မှာ မနက်စောစော ဖြစ်နေပြီး ၊ဆွဲကြိုးများမှာ လည်း ယိုးဒယား ဘတ်ကြိုးတွေဖြစ်နေပြန် တစ်ခါ ကျွန်မအသက်အရွယ် နှင့် တစ်ယောက်ထဲ လာရောင်း သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ပိုဆိုးသည်မှာ ဘောင်ချာလည်း မပြနိုင်။
ဆိုင်ရှင်အမကြီးသည် ဈေးခေါင်းရုံးမှ တာဝန်ရှိသူ နှစ်ယောက်ကို ခေါ်လာ ခြင်းဖြစ်သည်။ကျွန်မစဉ်းစားရပြီ။ ငိုနေရုံနှင့် ကျွန်မကို သူတို့မယုံနိုင် အဆင်မသင့်လျှင် ဈေးခေါင်းရုံးသို့ပါသွားနိုင်သည်။
ထို့ကြောင့် ကျွန်မကရွှေဆိုင်ပိုင်ဆိုင် အစ်မကြီးအား“ ဇကာကြီး မုန့်ဟင်းခါးဆိုင်က အန်တီနွယ်လေးကို သိလားဟုမေးရသည်”။တရင်းတနှီးသိပါသည် ဟုဆိုသောအခါမှ “အန်တီနွယ်လေးကို အကြောင်း ကြားပေးပါ”၊ဆိုပြီး ကျွန်မ နံမည်ကိုပြောလိုက်သည်။ပြီးတော့ “ဈေးရှေ့မှာ ရုံးကားတစ်စီးရပ်ထားတယ်၊ မောင်းတဲ့သူက ကျွန်မ အစ်ကိုကြီးကိုယ်တိုင်ပဲ” ဟု ဆိုပြီး ကားနံပါတ်လည်းပြောလိုက်သည်။အန်တီနွယ်လေးကို ဆိုင်ရှင်အမကြီး ကိုယ်တိုင် သွားခေါ်သည်။
အန်တီနွယ်လေးရောက်လာပြီး ကျွန်မကို မြင်သောအခါ “အဲဒါ ကျွန်မ တူမပဲ”ဟုဆိုကာ ပြဿာနာကိုဖြေရှင်းပေးသည်။ထိုအခါမှ ဆိုင်ရှင်အမကြီးရော ဈေးလူကြီးများကပါ အန်တီနွယ်လေးကို တောင်းပန်ကြသည်။ကျွန်မကိုတော့ ကလေးအရွယ်ဟုသတ်မှတ်ထား၍ ပဲလား၊တောင်းပန်စရာမလိုဘူးဟု ထင်၍ပဲလား မသိ၊သူတို့မသင်္ကာ ဖြစ်မိသည့်ကိစ်္စကို ပြန်မတောင်းပန် ကြပါ။တစ်ကယ်တော့ လူတစ်ယောက်ကို မတရားစွတ်စွဲ၍ နှုတ်ဖြင့် စော်ကားမိလျှင် ဘယ်အရွယ်ပဲဖြစ်နေ ဖြစ်နေ ပြန်တောင်း ပန်သင့်သည်ဟု ကျွန်မထင်ပါသည်။အဲဒီနောက်တော့ ဘောင်ချာပြစရာ မလိုတော့ဘဲ ဆွဲကြိုးကို ၀ယ်လိုက်ကြသည်။အန်တီနွယ်လေးက ကျွန်မကို ဖက်ကာ “ဘယ်လိုဖြစ်တာလဲ သမီးရယ် လူကြီးတွေကို ပြောရောပေါ့” ဆိုကာ ကျွန်မနဲ့အတူ သူပါ ငိုတော့သည်။တစ်ကယ်တော့ အန်တီ နွယ်လေးသည် ကျွန်မတို့နှင့် အမျိုးမတော်ပါ။အမေတို့ မောင်နှမများနှင့် အလွန်ခင်မင် ရင်းနှီးကြခြင်းဖြစ်သည်။
ကားပေါ်တွင် အိပ်ပျော်ပြီးကျန်ခဲ့သော ကျွန်မအစ်ကိုကြီးသည် ကျွန်မနှင့် အန်တီနွယ်လေး ပြန်ရောက်လာပြီး ပြောပြမှ အကြောင်းစုံသိတော့သည်။“နင်က ငါ့မှ လာမခေါ်တာ” ဟု အေးရာ အေးကြောင်း စကားလေးတော့ ပြောပါသည်။“အေး- ကိုကြီးကို လာခေါ်နေရင် ထွက်ပြေးတယ်ထင်ပြီး လိုက်တောင် ရိုက်နိုင်တယ်၊လူကို ခိုးရာပါပစ်္စည်းနဲ့ အတူ ဖမ်းမိထားတယ် ထင်နေကြတာ၊အမေဆေးရုံက ဆင်းလာမှ ဘောင်ချာယူပြီး တစ်ခါ ပြန်လာခဲ့ဦးမယ်”ဟု ကျွန်မ ပြောနေမိသည်။တစ်ကယ်လည်း ကျွန်မ အမေဆေးရုံမှ ဆင်းသောအခါ ဘောင်ချာယူပြီး အဲဒီဆိုင်ကို သွားပေးလိုက်သည်။အိမ်အပြန်လမ်းတစ်လျှောက် ကားပေါ်တွင် ကျွန်မအဖြစ်ကို ပြန်စဉ်းစားမိပြီး မကျေမနပ်ဖြစ်လာသည်။ထို့ကြောင့် ကျွန်မအစ်ကို ကို “ကိုကြီး ရေ - ငါ သူတို့ကို အသရေဖျက်မှုနဲ့ တရားစွဲရင်ကောင်းမလား”ဟုဆိုသောအခါ “နင်ရူးကြောင် ကြောင်တွေ တွေးပြန်ပြီ၊သွေးဆေးတိုက်ကို တရားစွဲမယ်လုပ်လိုက် ဈေးလူကြီးတွေကို တရားစွဲမယ်ပြောလိုက်နဲ့ ရွှေဆိုင်ကို ဘောင်ချာမပါဘဲနဲ့ ဘာဖြစ်လို့ ရွှေသွားရောင်းတာလဲ၊ ၀ယ်ထားပေးလိုက်တာပဲ ကျေးဇူးတင်” ဟုဆိုတော့မှ ကျွန်မ၏ မဟာစိတ်ကူးများ ရပ်တန့်သွားပါတော့သည်။
အိမ်ပြန်ရောက်လို့ ယောင်းမကိုအကြောင်းစုံ ပြောပြတော့ “ငါလည်း ဘောင်ချာစာရွက် လိုက်ရှာ
နေတာ မတွေ့လို့ငါ့ဆွဲကြိုးကို ပေါင်ထားလိုက်တာ၊နင်လိုတော့သွားမရောင်းရဲဘူး”လို့ ယောင်းမ ကပြောတော့မှ သူ့လည်ပင်းကို ကြည့်မိသည်။ကျွန်မ မတောင်းချင်လို့ ချန်ထားခဲ့ ပေမဲ့ ကျွန်မအရင် သူက လက်ဦးအောင် ပေါင်နှင့်ပြီ။ကျွန်မပေးသော ဈေးဖိုးနှင့် အိမ်ရှိဧည့်သည်များကို ဘယ်လိုမှ လောက်အောင် ချက်မကျွေး
နိုင်ပါ ၊ထို့ကြောင့် သူလည်း သူနည်းသူ့ဟန်ဖြင့်ဖြေရှင်းထားလိုက်သည်။ကျွန်မ ဆေးရုံသို့ တစ်ခါပြန်သွားပြီး ကောင်တာတွင် ငွေရှင်းဖို့လုပ်ရသည်။ထိုအခါကျတော့မှ ကျွန်မအဖေ လက်ထဲမှာ ဘေလ်စာရွက်ထဲတွင် ပေးရန်ကျန်သမျှ ငွေကိုရှင်းရန် လုံလုံလောက်လောက်ရှိနေပါသည်။အမေ့မောင်တစ်ယောက်နှင့် ကျွန်မတို့မောင်အလတ်က ပြည်ပတွင်ရှိနေသည်။သူတို့နှစ်ယောက်က ဆေးရုံကုန်ကျစရိတ်ရှင်းနိုင်ရန် အတွက် လွန်ခဲ့သော တစ်ပတ်လောက်က အဖေ့နာမည်နှင့် ငွေပို့ပေးထားခြင်းဖြစ်သည်တဲ့။
ကျွန်မမှာ တစ်ယောက်ထဲ ရင်ပူလိုက်ရသည့်ဖြစ်ခြင်း။ဆေးရုံကဆင်းသည့် အချိန်မှာ ပိုက်ဆံ အကျေ မပေးနိုင်ခဲ့လျှင် ဘယ်လိုမျက်နှာတွေနဲ့ နေရပါ့မလဲဟုတွေးမိပြီး လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရင်း ကံကောင်းလို့ အဖမ်းမခံရသည်။ကျွန်မ အဖေ့ကို အပြစ်တင်စကားပြောသောအခါ အဖေက“ သမီးက အဖေကို ဘာမှမမေးပဲ လျှောက်လုပ်နေတာကို၊ပိုက်ဆံ အကုန်သမီးလက်ထဲမှာ ကိုင်ပြီး ရှင်းနေတာပဲ။အထည်တွေဝယ်ဖို့ အဖေထုတ်ပေးတဲ့ ပိုက်ဆံ ဘယ်ကအလကား ရမှာလဲ၊သမီးသိနေတယ် ထင်တာပေါ့”တဲ့။အဲဒီတော့မှ ကျွန်မလည်း “ဟုတ်သားပဲ ကျွန်မကို ဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများ ကန်တော့ရန် အထည်သွားခိုင်းတုန်းက ပိုက်ဆံ အများကြီးထုတ်ပေးလိုက်ရတာ၊အဖေ့လက်ထဲ ပိုက်ဆံ ဘယ်လိုရှိလာတာလဲ မတွေးလိုက်မိဘူး” ဟု ကိုယ့်ဘာသာ ပြန်တွေးမိသည်။
ဆေးရုံ ဆင်းမည့်နေ့ အမေ့အခန်းထဲတွင် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမ များကို အ၀တ်ထည် များဖြင့် အမေ ကန်တော့ပါသည်။ထိုအခါ ဆရာဝန်ကြီးများက “ဒေါ်ခင်အုံးကြီး ကျွန်တော်တို့ကို မကန်တော့ပါနဲ့၊ခင်ဗျားယောက်ျားကို တစ်နေ့ သုံးကြိမ်ထိုင်ကန်တော့ အခုလို ပြန်ကျန်းမာလာတာ သူ့အကြံဥာဏ်တွေကြောင့် အများကြီးပါ ပါတယ်။ပြီးတော့ ခင်ဗျား သမီး သူ့လည်းကျေးဇူးတင် စရာကောင်းတယ်၊တော်တော်ပြုစုပေးနိုင်တယ်”ဟုဆိုပြီး ကျွန်မခေါင်းကိုပုတ်ပါသည်။အဲဒီအချိန်မှာ ကျွန်မတို့ မိသားစုဝင်တွေ အနည်းငယ်တော့ ပြုံးနိုင်လာကြပြီ။အဘယ့်ကြောင့်ဆိုသော် အမေသည် နောက်ထပ် ဆေးရုံဆက်တက် ရန်လိုအပ်ပါသေးသည်။ကျွန်မတို့မိသားစုကို စာနာသောအားဖြင့် ခဏ ဆင်းခိုင်းလိုက်ခြင်းဖြစ်သည်။တနည်းအားဖြင့် အမေ့ကို ဆေးဆက်ကုသရန် ပိုက်ဆံ ရှာချိန်ပေးလိုက်ခြင်း လည်းဖြစ်သည်။
အမေဆေးရုံမှဆင်းလာသောအခါ ငွေပို့ပေးလိုက်သော မောင်အလတ်နှင့် ဦးလေးထံသို့အဖေက အမေ့ဓါတ်ပုံများပို့ပေးလိုက်သည်။အမေ့ဓါတ်ပုံကို တွေ့ကြတော့ သူတို့ထင်ထားထက် အများကြီး ပိုဆိုးနေပြီး အဆင့်ဆင့်ပြောင်းလဲ ကောင်းလာပုံကို တွေ့ရသော အခါ အံ့သြကြ ပြန်သည်။မောင်အလတ် ကတော့မှတ်ချက် ပေးသည်၊ အမေကလွဲလျှင် လူနာစောင့် သုံးယောက်စလုံး “၀” နေကြသည်တဲ့။ တစ်ကယ်လည်းအဖေရော ကျွန်မပါ “၀” နေကြသည်။ကျွန်မတို့ မ၀ ခံနိုင်ပါ့မလား၊အမေ့ကို တစ်နေ့ ကြက်ဥ အကာ ခြောက်လုံး ကျွေးရသည်။ကျန်နေသော အနှစ်များကို နှမြောတော့ အဖေနဲ့ ကျွန်မတစ်လှည့်စီစားကြသည်။ဒါပြင့် ကြက်စွပ်ပြုတ်လုပ်၍ အမေက အရည်ပဲသောက်ရပြီး အဖေနှင့်ကျွန်မက အသားများစားကြသည်။မိတ်ဆွေအချို့နှင့် ဆွေမျိုးများကလည်း ကျွန်မနှင့်အဖေပါ နေမကောင်းဖြစ်ပြီး လဲသွားမှာစိုး၍ နွားနို့နှင့် ကျွဲရိုင်း အချိုရည်များလာပို့ပေးတတ်ကြသည်။အိပ်ရေးပျက်သော်လည်း အိပ်ခွင့်ရသည်အချိန်တွင် ခေါင်းချတာနှင့် ပျော်တတ်နေသည်။
အမေသည် သျှင်ပါကူ ဆေးရုံတွင် သုံးကြိမ်တက်၍ဆေးကုပြီးသောအခါ ခန်္ဓာကိုယ်ပေါ်မှ မြင်မကောင်းသော အနာရွတ်များမှအပ လူကောင်းဖြစ်ပြီဟု ပြောနိုင်လာသည်။ဆေးကုသ စရိတ် စုစုပေါင်းသည်လည်း ၁၉၉၆ခုနှစ်ဝန်းကျင်က ဆူပါရုဖ်ဗင် ဖင်ကောက်တစ်စီးစာနှင့် ညီမျှသည်။အမေဆေးရုံမတက်ရဘဲ ထိုကားမျိုး ၀ယ်ပါဟု ပြောလာသော် ကျွန်မတို့တွင် ကားဝယ်နိုင်သော ငွေပမဏ ရှိမနေပါ။ထိုအခါကျမှ ကျွန်မ စဉ်းစားမိသည် အဖေသာ တရားမ၀င် ငွေရှာထားပါက လည်း အမေ့ကိုဆေးကုနိုင်မည် ဖြစ်သည်။ယခု ထိုငွေမျိုး ရှာမထားသော်လည်း အမေ့ကို ဆေးကုပေးနိုင်သည်သာ။ အဖေ့၏ ရိုးသားတည်ကြည်စွာ နေထိုင်မှုကြောင့် အထက်လူကြီးများရော၊အောက်လက်ငယ်သားများကပါ ဆေးကုသရန် ငွေကြေးထောက်ပံ့သည် သာမက အမေ ပြန်ကျန်းမာလာစေရန် မေတ်္တာပို့ပေးကြသည်။အမေ ဆေးရုံတက်စဉ်က အမေ့အခန်းထဲတွင် ဆရာတော်ပေါင်းစုံ၏ အန်္တရာယ်ကင်း ပရိတ်ရေပေါင်းစုံရှိနေသည်။အဖေ့ ရုံးအသိုင်းအ၀ိုင်းမှ ယူလာပေးကြခြင်းဖြစ်သည်။
အဖေ တရားမ၀င်ရှာထားသော ငွေဖြင့် အမေ့ကိုဆေးကုသ နိုင်ခဲ့ပါက “မတရားရှာထားတဲ့ငွေ မတရားပြန်ကုန်သွားတာပါပ”ဲဟုကောင်းချီးပေးကြမည်။အခုတော့ဖြင့် တစ်ကယ့်ကို မေတ်္တာဖြင့် ၀ိုင်းဝန်းကူညီသောငွေများဖြင့် အမေ့အသက်ကို ဆက်နိုင်ခဲ့ကြသည်။နောက်တစ်ခုမှာ အမေသည် သူသေကောင်းပေါင်းလဲ ဖြစ်နေချိန်တွင်ပင် သူသောက်မိသည့် သွေးဆေးတိုက်ကို အပြစ်မမြင်၊သူ့ ကံကြောင့်သာ ဖြစ်သည်ဟု မှတ်ယူထားသူ၊ကျွန်မ တရားစွဲချင်သည်ကိုပင် တားမြစ်ပြီး တစ်ဖက်သားကို အသိမပေးစေဘဲ မေတ်္တာထားနိုင်သူ။နောက်မေတ်္တာထားပေးသော အဖွဲ့တစ်ခုမှာ သျှင်ပါကူ ဆေးရုံမှ အမေ့ကို တာဝန်ယူ ဆေးကုပေးကြသော ဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများဖြစ်သည်။လူနာ ဆီးပြန်သွားနိုင်၍ ငိုသော သူနာပြုဆရာမကို ကျွန်မ နောက်ထပ်မကြုံဘူးတော့ သလို၊စမ်းသပ်ခ ယူရမှာစိုးလို့် မလိုအပ်လျှင် မ၀င်သော အထူးကု ဆရာဝန်ကြီးများ ကိုလည်း ကျွန်မဘ၀တွင် နောက်ထပ် မကြားဖူးတော့ပါ။
ဒီဇာတ်လမ်းတစ်ခုလုံးတွင် ကျွန်မသည် အဓိက ဇာတ်ကောင်နေရာက ပါဝင် ကပြခဲ့ရသော်လည်း
ဘယ်သူ့ကိုမှ သင်ခန်းစာ မပေးနိုင်ခဲ့၊ကျွန်မကိုယ်တိုင်သာ သင်ခန်းစာ ရခဲ့ရသူဖြစ်သည်။ဘ၀တွင် ရိုးသားကြိုးစားစွာ နေထိုင်သူအဖို့ အရေးကြုံလာလျှင် လောကကြီးက ပစ်မထားတတ်ပါလားဟု သင်ခန်းစာရခဲ့သလို၊အသပြာ ဆရာဝန်များကြား စေတနာဆရာဝန်တချို့ ရှိပါသေးသည်ဟု ယုံကြည်မှု ရခဲ့ပြန်သည်။ကျန်းမာစွာ နေထိုင်နိုင်ခြင်းသည် အလိုလို လဘ်လာဘ ရပြီးဖြစ်သည်ဟုလည်း မှတ်သားခဲ့ရပြန်သည်။အသက် နှစ်ဆယ်စွန်းစ အရွယ်ရောက်သည်ထိ ကလေး တစ်ယောက်လိုနေခဲ့ပြီး ဘာတာဝန်မှ ကြီးကြီးမားမား မယူခဲ့ဖူးသည့် ကျွန်မ၊ကိုယ်တစ်ကယ် မလုပ်လျှင် မဖြစ်မှန်းသိသောအခါ လူကြီးတစ်ယောက်လို ဦးဆောင်ဦးရွက် လုပ်နိုင်ခဲ့သည်။မိသားစု ကြုံတွေ့ရသော ကြမ်္မာဆိုးကြောင့် သာမာန်ဘ၀တွင် မမြင်ရသော တန်ဖိုးများကိုမြင်ခွင့် နားလည်ခွင့်ရခဲ့ပါသည်။ဘာပဲဖြစ်ဖြစ် မေတ်္တာခြုံထားသည့် လောကကြီးရှိနေသေးသည်ကိုတော့ ကျွန်မ လက်ခံလိုက်မိသည်။
ည-၈နာရီ၊၄၀မိနစ်
(၁၈.၉.၂၀၀၉ခုနှစ်)
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment