468x60

မြင်တတ်မျက်စိ

Thursday, June 12, 2014
                        
         
         သည်ဆောင်းပါး ခေါင်းစဉ် လေး၏ အမည်သည် ကဗျာ ဆရာ ဗန်းမော် ညိုနွဲ့၏ ကဗျာ ခေါင်းစဉ် တစ်ခုကို ယူသုံးထားခြင်းဖြစ်ပါသည်။
          စာရေးဆရာ
          ရေးစရာ ဘယ်မရှား။
          ပတ်ဝန်းကျင် မြင်အောင်ကြည့်
          သတိ ကိုယ့်အတတ်နဲ့
          လူ့ရပ်ရွာ လူ့သဘောကို
          ပြောလိုက်ပါလား။  
                               (ဗန်းမော် ညိုနွဲ့ )
           ယခုတစ်လော ကျွန်မ ဆောင်းပါးများ အရေးကျဲနေမိသည်။စိတ်ပါ လက်ပါ ရေးမိသည့် အချိန်များတွင်လည်း ပို့နေကျ မဂ်္ဂဇင်းများအတွက် ၀တ်္ထုတိုများကိုသာ ကျွန်မ ရေးဖွဲ့ဖြစ်သွားခဲ့သည်။အသက်မွေးမှု ဖြစ်သည့် အားကစားသင်တန်း နေရာပြောင်းရွှေ့ ဖွင့်လှစ်ခြင်းကို အကြောင်းပြ၍ ကျွန်မ စာရေး၊စာဖတ်ခြင်းကို အရင်တုန်း ကဲ့သို့ အားမထည့်ဖြစ်တော့။စာပေပွဲနှင့်သက်ဆိုင်သည့် အခမ်းအနားများကိုလည်း တမင်ရှောင်သည် မဟုတ်သည့်တိုင် မတက် ရောက်ဖြစ်သည့် ပွဲက များနေသည်။သိပ်ရင်းနှီးသည့် ရေးဖော် မောင်နှမများ၏ ပွဲလောက်ကိုသာ မဖြစ်မနေ သွားဖြစ်တော့သည်။နေရာသစ်၏ ကျွန်မ အားကစား သင်တန်းခန်းမ အတွင်း ၌သာ မိုးလင်းမှ မိုးချုပ်သည်ထိ အလေးတုံးများ၊ရော့တံများ၊ သင်တန်းသူများနှင့် တစ်နေ့တာ ကုန်ဆုံးသွားရသည်။ဝါသနာပါသည့် စာပေနယ်ကို ခြေစုံပစ်ဝင်ဖို့ကလည်း ရှေ့မှ အချို့သော စီနီယာ စာရေးဆရာကြီးများ၊အယ်ဒီတာကြီးများကို ကြည့်ရင်း ကျွန်မ မစွန့်စားရဲ။ငွေရဖို့ တစ်ခုတည်းကိုသာ ကြည့်ပြီး ၀ါသနာကို စွန့်ပစ်ရန်အတွက်လည်း ကျွန်မ နှလုံးသားက မမာကြော။ထိုအခါ ဟိုမရောက် ဒီမရောက် ဘ၀နှင့် နှစ်လောကတွင် ကျွန်မ ကျင်လည်မိနေသည်။
          လွန်ခဲ့သည့် တစ်ပတ်ကတော့ စာအုပ်မိတ်ဆက်ပွဲတစ်ခုသို့ ကျွန်မ တက်ရောက်ဖြစ်ခဲ့သည်။လင်းလွန်းခင် စာအုပ်တိုက်မှ ထုတ်ဝေသည့် အုပ် ၁၀၀ ပြည့်အမှတ်တရ ခေတ်အလိုက်ဆောင်းပါးများ စုစည်းမှုဖြစ်သည်။ထိုစုစည်းမှုထဲတွင် ကျွန်မ ဆောင်းပါးလေးလည်း ပါဝင်ခွင့်ရခဲ့သည်။စီနီယာ စာရေးဆရာကြီးများနှင့် အတူ ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူမိပါသည်။ခေတ်အလိုက် ဆောင်းပါး ၁၀၀ကို စုစည်းပေးနိုင်သည့် ဆရာ လေးကိုတင်ကိုလည်း ချီးကျူးစိတ်နှင့်အတူ ကျေးဇူးတင်မိပါသည်။ထိုပွဲတက်ရောက်ရန် ကျွန်မ ဆုံးဖြတ်ထားသဖြင့် စာအုပ်တိုက်များသို့ ပို့ရမည့် စာမူများ၊ထုတ်ရမည့် စာအုပ်နှင့် စာမူခများ၊အတွက် စာအုပ်တိုက်များသို့ တစ်ခါတည်း ၀င်ခဲ့ရန် အစီအစဉ် ဆွဲကြည့်လိုက်သည်။အင်းစိန်တွင်နေထိုင်သည့် ကျွန်မနှင့် ရွှေပြည်သာတွင် နေထိုင်သည့် ဆရာ ထွန်းတောက်ထွဋ် တို့ နီးကြသည့်အတွက် စာပေပွဲများကို အတူသွားဖြစ်ကြသည်။ထိုနေ့အတွက် ကျွန်မ သွားရမည့် လမ်းကြောင်းက အတော်ပင်ရှည်နေသည်။အားနာနာနှင့်ပင် ဆရာတောက်ကိုလည်း ခေါ်ခဲ့လိုက်ရသည်။ဦးစွာ ၅၂လမ်းမှ ရွှေအမြုတေမဂ်္ဂဇင်း၊အလင်းတန်းတိုက်နှင့် ပဲ့တင်သံတိုက် သို့ဝင်မည်။၄၉ လမ်း ရနံ့သစ်တိုက်သို့ ဥညနာသမန အလှူငွေ ထည့်ဝင်မည်။ထိုမှ တစ်ဆင့် ၄၅လမ်းရှိ မဟေသီတိုက်၊၃၈ လမ်းရှိ ပိတောက်ပွင့်သစ်၊ထိုမှ တစ်ဖန် ဆူးလေး ဘုရားလမ်းရှိ ပေဖူးလွှာ မဂ်္ဂဇင်းတိုက်၊ပြီးလျှင် မဟာဗန်္ဓုပန်းခြံလမ်းတွင် ဆေးဝယ်မည်။ထို့နောက် စာအုပ်မိတ်ဆက်ပွဲကျင်းပရာ စင်ထရယ် ဟိုတယ်သို့ သွားရန်ဖြစ်သည်။
          သွားရမည့် လမ်းများက အလယ်ဘလောက်ဖြစ်လိုက်၊အထက်ဘလောက် နှင့် အောက်ဆုံး ဘလောက် များ ဖြစ်နေခြင်းကြောင့် ခရီးက မတွင်။ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုနှင့် ပေါင်းစပ်လိုက်သည့်အခါ ယာဉ်ရပ်နားရာ နေရာတွင် ခေါ်လာခဲ့သည့် ကားကို ထားခဲ့ပြီး ကျွန်မနှင့် ဆရာတောက်တို့ လမ်းသာ လျှောက်ဖြစ်တော့သည်။နေ့လည် ၁ နာရီ အမီ စင်ထရယ် ဟိုတယ်သို့ ရောက်လိုသဖြင့် အချိန်ကိုလည်း ငဲ့ကွက်ရသေးသည်။သိပ်မရောက်ဖြစ်သည့် စာအုပ်တိုက်တစ်ခုကို ရှာရင်း ကျော်လွန်သွားသည့်အတွက် လမ်းအပို ထပ်လျှောက်ကြရပြန်သည်။ထိုစာအုပ်တိုက်သို့အတက် ပထမထပ် လှေကားပေါ်တွင် စာတစ်စောင် ကျနေသည်ကို တွေ့ရသည်။ကောက်ယူကြည့်လိုက်သောအခါ စာအိတ်က အိတ်ပိတ် ဖြစ်နေသဖြင့် စာပို့သမား တစ်ယောက်ယောက် ထွက်ကျခဲ့တာ ဖြစ်နိုင်သည်။ကျွန်မတို့ တက်ခဲ့ သည့် တိုက်က အမှတ်၁၇၇၊စာအိတ်ပါ လိပ်စာ အမှတ် က ၂၃၁ ဖြစ်နေသည်။ဂဏန်း အရေအတွက် ဝေးကွာနေသဖြင့် ဘလောက်ချင်း မတူနိုင်ဟု သိလိုက်ကြသည်။သို့သော်လည်း ထိုစာ သည် အရေးကြီးသည့် စာဖြစ်နေခဲ့သော်ဟု တွေးမိကြသောအခါ တိုင်ပင်မထားပါဘဲ သွားပို့လိုက်ကြရအောင်ဟု ဆုံးဖြတ်လိုက်ကြသည်။
         ထိုနေ့က ရာသီဥတုက အလွန်ပူပြင်းသည်။တစ်လမ်းဝင် တစ်လမ်းထွက် လမ်းလျှောက်ခဲ့ရသဖြင့် နှစ်ယောက်စလုံးက ချွေးပြန်နေပြီး ဗိုက်ကလည်း ဆာနေကြပြီ။စာအိတ်ကို ကိုင်ထားရင်း လမ်းလျှောက်နေသည့် ဆရာထွန်းတောက်ထွဋ် ဆိုလျှင်  အင်္ကျီတစ်ထည်လုံး ချွေးများ တောက်တောက်ကျနေသည်။စာအုပ်မိတ်ဆက်ပွဲ အမီရောက်လိုသည့်အတွက် လည်း အပြေးတစ်ပိုင်းနှင့် လျှောက်နေမိကြသည်။။လမ်းလျှောက်နေကြရင်း ကျွန်မ ဆရာတောက်ကို မေးလိုက်မိသည်။ “ကျွန်မတို့ကို ဘယ်သူ တာဝန်ပေးလို့ ဒီစာအိတ်ကို ကောက်ခဲ့မိတာပါလိမ့်၊ ပြီးတော့ လိပ်စာရှင်ဆီ အရောက် ဘာလို့ပို့ချင်မိပါလိမ့်၊”ကျွန်မတို့ မကောက်ဘဲ ပစ်ထားခဲ့လိုက်လျှင် သို့မဟုတ် ကောက်ခဲ့မိသော်လည်း လိပ်စာရှင်ဆီ မပို့ပေးဘဲ ထားလိုက်လျှင်လည်း ရသည်ပဲ။ကျွန်မ တို့ နှစ်ယောက်စလုံး တူညီသည့် အဖြေကို ပေးမိကြသည်။စာရေးဆရာများ ဖြစ်နေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။တာဝန်သိ ပြည်သူဟု သုံးနှုန်းလိုက်လျှင် အနည်းငယ် ကြီးကျယ်သွားပါမည်။စာရေးဆရာများ ဖြစ်နေခြင်းကြောင့် ပတ်ဝန်းကျင်ကို မြင်အောင် ကြည့်တတ်ခြင်းသာ ဖြစ်ပါသည်။မသိစိတ်က စွဲနေသည့် အလေ့အကျင့်တစ်ခုဟု သုံးနှုန်းရလျှင် ပိုမှန်ပါလိမ့်မည်။ထိုနေ့က ကျွန်မ အစီအစဉ်များထဲမှ ဆေးဝယ်ရန်နှင့် ရနံ့သစ် တိုက်သို့ ပေးရမည့် အလှူငွေများအတွက်  မေ့သွားခဲ့ရသည်။
        ကျွန်မ တို့အဖြစ်နှင့် ပတ်သက်ပြီး ဖတ်မိသည့် ကာတွန်းလေးတစ်ကွက်ကို သတိရမိသွားသည်။စစ်မြေပြင်သို့ ရောက်သွားသည့် ဂျာနယ်လစ်တစ်ယောက်ကို စစ်သားတစ်ယောက်က သေနတ်ဖြင့် ထိုးချိန်းထားပြီး မလှုပ်ဖို့ အမိန့်ပေးလိုက်သည်။ဂျာနယ်လစ်က ခဏလေး စောင့်ပေးရန် ခွင့်တောင်းပြီး ကင်မရာကို ထုတ်၍ မှတ်တမ်းတင်ရန် ပြင်ဆင်ပြီးသောအခါမှ ပစ်လို့ရပြီ ဖြစ်ကြောင်း အကြောင်းပြန်လိုက်လေသည်။သေရမည် ဆိုလျှင်တောင် ကိုယ့်တာဝန်တော့ ကိုယ်ကျေအောင် ဆောင်ရွက်ပေးသွားချင်သည်။ဟာသ အဖြစ် ရေးဖွဲ့ထားသော်လည်း ထိုကာတွန်းလေးက တာဝန်သိစိတ်ကို ဖော်ပြသည်ဟု ကျွန်မ ခံစားမိသည်။
        စာအုပ်မိတ်ဆက်ပွဲမှ အပြန် ကျွန်မတို့ ရေးဖော် မောင်နှမများ ဆရာ ဦးဝင်းငြိမ်းထံဝင်ကြသည်။ကျောက်ပတ်တီးကိုင်ထားရသည့် ဆရာထံ လူနာသတင်းမေးသွားသည်ဟု အကြောင်းပြကြသော်လည်း ကျွန်မတို့ ပြောချင်ရာများ ပြောသည်ကို ဆရာက နားထောင်ပေးရ၍ ဆရာကျွေးသည့် မုန့်နှင့် ကော်ဖီများသောက်ခဲ့ကြခြင်း ဖြစ်သည်။ကြံဖန်ပြီး ပြောရလျှင်တော့ အိပ်ယာထဲ အနေများသည့် ဆရာ့အား အိပ်ယာပူနာ ဖြစ်မည်စိုး၍ ဆရာ့ အိပ်ချိန်နည်းအောင် နှောက်ယှက်ပေးတာပါ ဟု ပြောလို့ရပါသည်။မည်သို့ပင် ဖြစ်စေ  ကျွန်မကတော့ တစ်နေ့တာ အားကစားသင်တန်းကို ပစ်ခဲ့၍ တစ်ရက်တာ စာပေအ၀န်းအ၀ိုင်းထဲ နေခွင့်ရသည့်အတွက် ကျေနပ်နေမိသည်။တစ်ခုပဲရှိသည် စာအုပ်မိတ်ဆက်ပွဲမှ ကျွန်မ ရခဲ့သည့် စာမူခသည် မိတ်ဆွေများအား စာအုပ်လက်ဆောင် ပေးချင်၍ ၀ယ်သော် စာအုပ်တန်ဖိုးက စာမူခထက် တစ်ထောင်များနေခြင်းဖြစ်သည်။ဒါသည်လည်း စာရေးဆရာ စိတ်ဖြင့်   ထိုစာအုပ်မျိုးထဲတွင် ပါဝင်ခွင့်ရသည်က ဂုဏ်ယူစရာပါ ဟုပြောလိုက်လျှင်လည်း ရနိုင်ပါသေးသည်။


                                   


                              
                                        ည-၉နာရီ၊၁၀မိနစ်။
                                       ၇ရက်၊၉လ၊၂၀၁၃ခုနှစ်။

0 comments:

Post a Comment