468x60

“အလည်သွားမိတဲ့ တစ်ညတာ”

Thursday, June 5, 2014
            
      အမေနဲ့ အစ်ကိုကြီးအိမ်ကိုရောက်နေပါလား၊မတွေ့တာကြာပြီဖြစ်တဲ့အဒေါ် တွေနဲ့ ဦးလေးလည်း ရောက်နေကြတယ်။ဘာလာလုပ်တာလဲ တစ်ခါမှ ဒီလိုပြိုင်ပြီး ကျွန်မအမျိုးတွေ ကျွန်မအိမ်ကို မလာဘူးပါဘူး၊လိုက်မေးတော့လည်း ဘာမှပြန်မပြောကြဘူး။ကျွန်မခင်ပွန်းက ရော ဘယ်ကို အရေးတကြီး ဖုန်းခေါ် နေတာလဲ၊သူ့ မျက်နှာ အမူအရာက လည်း တစ်မျိုးပဲ။ဟော သမီးလေးကရော ရှိုက်ကြီး တငင်ငိုနေတာပါလား။သမီးကို ဘာဖြစ်လို့ငိုနေတာလဲလို့ မေးမလို့ လုပ်နေတုန်း တိုက်အောက်ကို ကားတစ်စီးဝင်လာတယ်။ကျွန်မအဒေါ်အငယ်က “ဟော လာပြီ လာပြီ” လို့ အော်နေတယ်။ခဏနေတော့ ကားပေါ်က လူတွေက ခန်္ဓာကိုယ် တစ်ခုကို ပုံးရှည်လေးထဲ ထည့်ပြီး သယ်ချသွားတယ်။ကျွန်မ သိချင်စိတ်တွေ မထိန်းနိုင်တော့ လို့  ပုံးရှည်လေးထဲ လှမ်း ကြည့်လိုက် မိတယ် ။ “အလို ပုံးရှည်ထဲမှာ ကျွန်မပါလား”။
        ကျွန်မ  ဘာဖြစ်တာလဲ မနေ့ညကအထိ အကောင်းပတိ ကျန်းကျန်းမာမာပါပဲ။ကျွန်မ သမီးလေးရဲ့ ငိုသံကိုကြားရပြန်ပြီ။အဒေါ်တစ်ယောက်က “ကလေးက သိတတ်တဲ့ အရွယ် ရောက် နေပြီ၊ သနားပါတယ်တဲ့”။ကျွန်မလည်း တစ်အိမ်လုံးကို လိုက်ကြည့်နေမိတယ်၊အမေနဲ့ အစ်ကိုကြီးကလည်း ငိုလို့ပါလား။ဒါဆို ကျွန်မ သေသွားတာများလား၊မဖြစ်နိုင်ပါဘူး။ဆယ်နှစ် နေလို့ မှ တစ်ခါ မနာမဖျားတဲ့ ကျွန်မ၊ဘာရောဂါမှ ကြီးကြီးမားမားမရှိပဲ သေသွားနိုင်လား။ကျွန်မတွေးနေရင်း သမီးကိုလှမ်းကြည့်လိုက်တော့ အငိုတိတ်သွားပြီ သူကြိုက်တတ် တဲ့ ကာတွန်းကား ဘယ်သူဖွင့်ပြလိုက်တယ် မသိဘူး၊ပြီးတော့ ကောင်မလေးက ထမင်းခွံနေတာ တွေ့ရတယ်။တဖြည်းဖြည်းညရောက်လာပြီ၊ကျွန်မခင်ပွန်း ရဲ့ ဧည့်သည်တွေလည်း အိမ်ကို ရောက်လာတာတွေ့ရတယ်။
        သူတို့အားလုံးရဲ့ မျက်နှာတွေက ကျွန်မ ခင်ပွန်းကို စာနာသနားတဲ့ ပုံပေါ်နေ တယ်။ဧည့်သည်ထဲက အမျိုးသမီး တစ်ချို့က သူတို့အချင်းချင်း ကျွန်မခင်ပွန်းကို သနားတဲ့ အကြောင်းပြောနေကြပြန်တယ်။ ဘာလို့လဲ ကျွန်မတစ်ကယ် သေသွားတာဆိုရင် ကျွန်မကို ပိုပြီး မသနားသင့်ဘူးလား။အခုတော့ ကျွန်မခင်ပွန်းကိုပဲ ၀ိုင်းသနားနေကြတယ် ။ဘာနှင့်တူလဲ ဆိုတော့ ချော်လဲကျ သွားတဲ့ သူရဲ့ ဘေးနားကအဖော် ကို  “ဥုံဖွ” လုပ်ပေး နေတာနဲ့တူနေ တော့တယ်။ညနေက ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ သမီး လည်း ငိုရတာ မောသွားပြီး ဗိုက်ဝ သွားလို့ထင်ပါရဲ့ ၊နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ကျွန်မ ခင်ပွန်းကို ကြည့်လိုက်တော့ အိပ်ပျော်နေတာလား၊မျက်စိပိတ်ထားတာလား သေချာမသိ။မျက်စိပိတ်ပြီး ငြိမ်နေတယ် ထင် တာပဲ။ပူဆွေးနေတာလား၊သူတစ်ယောက်ထဲ သမီးငယ်နဲ့ ရှေ့ဆက်ရမဲ့ ဘ၀ခရီးအတွက် စိတ်ပျက်အားလျော့နေတာလား။
        မနက်ရောက်တော့ ကျွန်မသင်တန်းသူ တစ်ချို့ရောက်လာတာတွေ့ရတယ်။သူတို့ မျက်နှာတွေ ကတော့ ကျွန်မခင်ပွန်း ဧည့်သည်တွေလို သနားနေကြတဲ့ ပုံတော့ သိပ်မပေါ် ဘူး။ တစ်ချို့ကလည်း ကျွန်မကိုလိုက်ပို့ရမဲ့ နေ့ကျရင်  အားမှာ မဟုတ်လို့ မလာနိုင်တဲ့ အကြောင်း ကျွန်မခင်ပွန်း ကို တစ်ခါတည်း တောင်းပန်နေသံကြားရတယ်။တစ်ချို့ကလည်း လိုက်ပို့မှာ သေချာသလိုလို လုပ်နေကြတယ်။ဘာတွေ မအားကြမှာလဲ ကျွန်မ သေချာမသိ၊ ဒါပေမဲ့ တစ်ကယ်လို့ ကျွန်မ သေသွားတာ မဟုတ်ဘဲ ကျွန်မခင်ပွန်းသေသွားတာ ဆိုရင်တော့ လိုက်ပို့ဖို့ အားကြအုံး မည်ထင်တယ်။ကျွန်မကို မျက်နှာနာပြီး အားနာလို့နေမှာ။ အခု တော့ မျက်နှာနာစရာ ကျွန်မ မရှိတော့။ကျွန်မကို လိုက်ပို့ခြင်း၊မပို့ခြင်းကိုလည်း ကျွန်မမသိနိုင် တော့။ ကျွန်မနဲ့ သိပ်ရင်းနှီးခဲ့တဲ့ သင်တန်းသူတစ်ချို့ကတော့  ကြောက်နေတဲ့ ပုံပေါ်တယ်။
        “အမေ ကျွန်တော် ဘော်ဒီသွားထုတ်လိုက်အုံးမယ်တဲ့”။ ကျွန်မကို  ပို့မည့်မနက်မှာ ကျွန်မခင်ပွန်းက ကျွန်မအမေ့ကို ပြောနေသံကြားရတယ် ။ဘာလဲ “ဘော်ဒီ”ဆိုတာ အဲဒီိလိုပဲ သုံးနှုန်းရတာလား။ကျွန်မကို အသက်ရှိစဉ်မှာ နံမည်တောင် တစ်ခါမှ  မခေါ်ဘူးပဲ  သူခေါ် နေကျ နာမ်စားပဲ သုံးနှုန်းခေါ်ဆိုတတ်သူ၊အခုတော့ ဘော်ဒီသွားထုတ်မလို့တဲ့လား။ကျွန်မ မခံချင်ဖြစ်သွားမိတယ်၊ဒါနဲ့ သူနဲ့အတူပဲ လိုက်သွား လိုက်တယ်။ကျွန်မကို ခတ်္တထားရာ အခန်းထဲက အထုတ်မှာတော့ ကျွန်မ လန့်သွားပြီး အော်တောင် အော်လိုက်မိတယ်။“ဘုရားရေ ”ဖားပြုတ်ကြီးတစ်ကောင်နဲ့ တူနေတဲ့ ကျွန်မဘော်ဒီ(သူတို့ပြောသလို)၊ကျွန်မ အမြဲတမ်း ဂုဏ်ယူကျေနပ်ခဲ့ရတဲ့ ကျစ်လစ်တောင့်တင်းတဲ့  ကျွန်မ ကိုယ်ခန်္ဓာ၊ဘာလို့ တစ်ရက် နှစ်ရက် အတွင်းမှာ ဒီလောက်ဖြစ်သွားရတာလဲ။
        ကျွန်မခင်ပွန်းကတော့ မကြည့်ရက်လို့လား၊မကြည့်ချင်တော့လို့လား မသိ၊ “အစ်မကြီး တို့ပဲ ကြည့်ကောင်းအောင် လုပ်ပေးလိုက်ကြပါ”ဆိုပြီး တာဝန်ယူ ဆောင်ရွက် ပေးနေကျ အစ်မကြီးတွေ လက်ထဲကို ကျွန်မဘော်ဒီအပ်ပြီး ပြန်သွားတယ်။ကျွန်မဘ၀မှာ ကျွန်မမျက်နှာ ကို မိတ်ကပ် အကြိမ်ကြိမ် အပြင်ခံရဖူးပါတယ်။ဒီတစ်ခါ အဆင်မပြေဆုံးပဲ၊ပြင်ဆင်ပေးနေသူ အစ်မကြီးက ကျွန်မရဲ့ ခေါင်းရင်း ဘက်ကနေ ခုံတစ်လုံးနဲ့ထိုင်ပြီး ကျွန်မ မျက်နှာကို ကင်းဗတ် လိုသဘောထားပြီး ပန်းချီဆွဲသလို လျှောက်ဆွဲနေတော့တယ်။သူကိုင်ထားတဲ့ နုတ်ခမ်းနီဘူးကို ကြည့်လိုက်တော့ အမယ် အရောင်စုံပါလား၊ ကျွန်မသုံးနေကျွင်မေငညနွှနျအနမ နုတ်ခမ်းနီဘူးနဲ့တောင်တူနေသေးတော့တယ်။“ဟာ အဲဒီ အနီရောင်ကြီး မဆိုးပါနဲ့ ကျွန်မသိပ်မုန်းတဲ့ အရောင်၊ ကျွန်မက အသားသိပ်မဖြူတော့ အဲဒီ အရောင် ဆိုးလိုက်ရင် တောသူနဲ့တူသွားရော၊ကျွန်မ အကြိုက်ူခ ၂၉ အရောင်လေးများ မရှိဘူးလား”။ကျွန်မ ဘာပဲပြောပြော အချိန်ငါးမိနစ်လောက်အတွင်းမှာ သူ့တာဝန် သူလုပ်ပြီးသွားပြီ။
         ကျွန်မအိမ်ပြန်ရောက်လာပြန်တယ်။ကားတန်းကအရှည်ကြီး လိုက်ပို့တဲ့သူတွေလည်း မနည်းပါလား။အထူးသဖြင့် ကျွန်မ ခင်ပွန်းရဲ့ ရုံးအသိုင်းအ၀ိုင်းကများတယ်။“၀န်သေတစ်မတ်၊၀န်ကတော်သေ တစ်ကျပ်” ဆိုတာ ဒါမျိုးပြောတာထင်ပါရဲ့။ဒါတောင် ကျွန်မခင်ပွန်းက ဘာဝန်မှ မဟုတ်သေးဘူး။“သြော် ကျွန်မနှယ် မမြင်သင့်တာတွေ လျှောက်မြင်နေပြန်ပါပြီ၊ရေသန့်ဘူးနဲ့ ယပ်တောင်ရပြီးသားသူတွေ ကလည်း ဘာလို့ထပ်ယူနေကြတာလဲ၊မရသေးတဲ့သူတွေ အတွက်ထားလိုက်ပါအုံးလား”။ဟော အမျိုးသမီး တစ်စုကားပေါ်က ပြန်ဆင်းသွားတယ၊် ဘာလို့ဘာလိမ့်။ “တို့ထိုင်တဲ့ ဘက်အခြမ်းက နေပူတယ် နောက်ကားရွေ့ရအောင် ”ဆိုမှပဲ လိုက်ပို့ရမဲ့ ခရီးတိုလေးအတွက် အပူဒဏ် မခံနိုင်လို့ ကားပြောင်းစီးကြမှန်းသိရတော့တယ်။
        
တစ်လမ်းလုံးလည်း စကားပြောလာတာ ဆူညံနေကြတာပဲ။ကျွန်မတဲ့ ပတ်သက်တာဆိုလို့ ကျွန်မရဲ့ အသက်ဘယ်လောက် လဲပဲ စိတ်ဝင်စားကြတယ်။သေတဲ့သူရဲ့ အသက်က သူတို့ထိုးနေကြ ဂဏန်းတွေမှာ ထွက်တတ်တယ် ဆိုပဲ။သူတို့တွေအခုမှ တွေ့ကြရတယ် ထင်တယ်၊ပြောစရာ စကားကုန်သွားလို့ ကားထဲမှာ အသံတိတ်သွားတယ်လို့ မရှိဘူး။အေးလေ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေကြတာဆိုတော့ ဒီလိုကိစ်္စရှိမှပဲ တွေ့ဖြစ်ကြတော့မှာပေါ့။တဖြည်းဖြည်းနဲ့ကားတန်းရှည်ကြီး က အဝေးပြေးဂိတ်ကို ကျော်လာပြီဆိုရင်ပဲ ရှုဆေးထုတ်ရှု သူကရှု၊နှာခေါင်းကိုလက်ကိုင်ပ၀ါ အုပ်သူက အုပ်နဲ့၊ခပ်ရှည်ရှည်လမ်းသွယ်လေးအတိုင်း မောင်းလာကြပြီး ခဏနေတော့ “ဟင် ရောက်တောင် ရောက်ပြီလား မြန်လိုက်တာတဲ့”ပြောနေကြပြန်တယ်။
       ကားပေါ်လူတွေ ဆင်းကြပြီ၊ဟင်ဘယ်လိုဖြစ်လို့ တစ်ယောက် နှစ်ယောက်က ကျန်နေခဲ့ရတာလဲ အကုန်မဆင်းကြဘူးလား။“လာအစ်မကြီးဆင်းလေလို့ ကားအောက်က တစ်ယောက် လှမ်းပြောသံကို ကားပေါ်က အစ်မကြီးက “မဆင်းတော့ပါဘူး၊ပြီးလို့ ပြန်တက်ရင် ဒူးက မကောင်းတော့ သူများတွေလို လွယ်လွယ်မတက်နိုင်လို့ ကားပေါ်မှာပဲ ကျန်ခဲ့တော့မယ်တဲ့။ကျွန်မကို လိုက်ပို့တာလား၊ကားလိုက်စီးတာလားလို့ စဉ်းစားနေမိတယ်။လိုက်ပို့တဲ့သူတွေက တစ်ချို့ ကျွန်မကိုလာကြည့်ကြတယ်။“ပြင်ထားတာ လှသားပဲနော်တဲ့”။တစ်ယောက်ရဲ့ ပြောသံကို ကြားလိုက်ရလို့ ကျွန်မကိုယ် ကျွန်မကြည့်လိုက်မိတယ်။အမယ် အခုလိုဆိုတော့လည်း အကြည့်ရမဆိုးတော့ပါဘူး။ မနက်ကတွေ့ခဲ့ရတဲ့ ကျွန်မရဲ့ ဖားပြုတ်ခန်္ဓာကိုယ်ကြီးကို အ၀တ်တွေ၊ ပန်းစည်းတွေ နဲ့ဖုံးပေးထားပါလား။မနက်က ကျွန်မ မကြိုက်လို့ ချေးများခဲ့တဲ့ မျက်နှာလည်း အခုကျတော့ အဆင်ပြေနေသားပဲ။
       ကျွန်မကို တွန်းရွှေ့ထုတ်လာတဲ့အချိန်၊လိုက်ပို့တဲ့သူတွေက ကားပေါ်တက်စောင့်နှင့်ပြီ။ကျွန်မဆွေမျိုးတစ်ချို့တော့ ကျန်နေတာတွေ့ရတယ်။အခန်းထဲကို ဘယ်သူဝင်လိုက်မှာလဲ မေး တော့ကျွန်မ ခင်ပွန်းက သူဝင်မယ်ပြောတယ်။အစ်ကိုကြီးက “အစ်ကိုဝင်လိုက်သွားမှာဆို ရင်
ကျွန်တော် မလိုက်တော့ဘူးနော်တဲ့”။ဘာလို့လဲ မောင်နှတွေထဲမှာ ကျွန်မ နဲ့အစ်ကိုကြီးက အရင်းနှီး ဆုံးနဲ့ သံယောဇဉ် အရှိကြဆုံးမဟုတ်ဘူးလား။ညီမရဲ့ နောက်ဆုံးခရီးကို မကြည့်ချင်တာလား၊ မကြည့်ရက်တော့လို့လား သူကိုယ်တိုင်မှပဲ သိမယ်ထင်တယ်။မီးရှိန်တွေကပူလိုက်တာ၊ ရင်ဘတ်ပေါ်မှာလည်း တစ်ခုခုနဲ့ဖိထားသလို လေးနေတာပဲ။အသက်ရှုလို့တောင် မရချင်တော့ဘူး။နောက်ဆုံးတော့ ကျွန်မ တွန်းထိုး ရုန်းကန် အော်လိုက်မိတယ်။
       ကျွန်မ ခင်ပွန်းက ကျွန်မကို လှုပ်နိုးနေတယ်၊အဲဒီအချိန်ကျမှ ကျွန်မမျက်စိဖွင့်ကြည့်လိုက်
တော့ ကျွန်မသမီးက သူ့ထုံးစံအတိုင်း ကျွန်မရင်ဘတ်ပေါ်တက်အိပ်နေပြန်ပြီ။သမီး တစ်ကိုယ်လုံးလည်း ချွေးတွေရွဲနေပါလား။ကျွန်မမှာလည်း ရေငတ်နေပြီး ကျောမှာ ချွေးတွေရွဲနစ်လို့။ဆောင်းတွင်းအိပ်မက် ကယောက်ကယက်လို့ ပြောကြတယ်၊အေးလွန်းလို့ မက်တာလို့ ကြားဖူးတာပဲ။ဒါပေမဲ့ဒီနှစ်ရန်ကုန် ဆောင်းကတော့ သေချင်လောက် အောင်ကို ပူနေတော့တာပဲ။ပူလွန်းလို့ ကယောက်ကယက် မက်နေတာနေမှာ။
       အိပ်ယာထဲမှာ ဟိုဒီလှိမ့်ရင်း ပြန်အိပ်မပျော်တော့တာနဲ့  လျှောက်စဉ်းစားနေမိတယ်။ကျွန်မ အင်္ဂလိပ် ကဗျာလေးတစ်ပုဒ်ကြားဖူးတယ်၊ရေးတဲ့သူက အမျိုးသမီး ကဗျာဆရာမပဲ။သူသေသွားတဲ့အခါ  ကျန်ရစ်ခဲ့မဲ့သူတွေအတွက် သောကမပိုရအောင် အလုပ်တွေမရှုပ်အောင်လို့ စပ်ပေးခဲ့တာလို့ ကျွန်မထင်တာပဲ။ကျွန်မတစ်ယောက်ထဲ အဲဒီကဗျာလေးကို တိုးတိုး လေးဆိုကြည့်နေမိတယ် ။I shall not see the shadow
I shall not feel the rain
I shall not hear the nightingale
Sing on as if in pain.
 
Dreaming  through the twilight
That doth not rise nor set
Haply I may remember
And haply may forget
                                                   Christina Rossetti
   ငါသေသွားတဲ့အခါ ငါ့အုတ်ဂူပေါ်မှာ ငါရိပ်ရအောင်ဆိုပြီး မင်းအပင်တွေဘာတွေစိုက်တာ လုပ်မနေပါနဲ့၊ငါမြင်နိုင်မှာမှ မဟုတ်တာ။ငါ့ကို မိုးစိုနေလား မစိုနေဘူးလားလည်း ငါသိမှာမှ မဟုတ်တော့တာ။နိုက်တင်ဂေးငှက်ရဲ့ နာကျင်ကြေကွဲစွာ ဆိုနေတဲ့ သီချင်းသံတွေ ကိုတောင် ငါကြားနိုင်တော့မှာမဟုတ်ရင် မင်း ကြေကွဲ ခံစားရနေတာလည်း ငါသိနိုင်မှာ မဟုတ်ပါဘူး၊ အမှောင်အတိကျနေတဲ့ နေရာမှာရောက်နေတဲ့ ငါ့အဖို့တော့ နေ၀င်ချိန် နေထွက်ချိန် တွေဆိုတာ လည်း မသိနိုင်တော့ဘူးလေ။မင်းနဲ့ငါ အတူကြည်နူးခဲ့တာတွေရော၊ နာကျင်ခံစားခဲ့ဖူး ရတာတွေရော ငါ မှတ်မိချင်လည်း မှတ်မိမယ်၊ မေ့ချင်မေ့နေမှာပဲလေ။ အဲဒီတော့ မင်းအများကြီး ခံစားမနေပါနဲ့လို့ ပြောနေသယောင်ပါ။ အဆိုတော် ဆောင်းဦးလှိုင် သီချင်းထဲကလို “ကမ်္ဘာဟာ သူ့အချိန်တိုင်းသူ လည်ပတ်အုံးမှာပါ၊ဆောင်းနွေမိုးတွေ မလွတ်တမ်းရောက်လာနေကျ-----------တစ်ကယ် တို့ဝေးရင် တစ်ရက်ပဲ မင်းငိုပါ” ပေါ့။
         ကျွန်မတစ်ကယ်ပဲ သေသွားခဲ့ရင် ကျွန်မ သမီးလေးက ကျွန်မအိပ်မက်ထဲကလို ကာတွန်းကားလေးကြည့်ရင်း တဖြည်းဖြည်း သူ့အမေကို မေ့သွားမှာလား။ကျွန်မ ချစ်ခင်ပွန်း ကရော သူ့အချိန်တိုင်းသူ လည်ပတ်နေတဲ့ ကမ်္ဘာကြီးထဲမှာ အဆင်ပြေပြေဆက် နေသွား နိုင်မှာလား။ ကျွန်မသင်တန်းသူတွေကရော တစ်ချိန်က ခင်မင်ခဲ့ဖူးတဲ့ သင်တန်းဆရာမကို တမ်းတ နေကြအုံး မှာလား။တစ်ကယ်တော့ ဒါတွေ အားလုံးက အရေးမကြီးပါဘူး၊ အသက်ရှင်လှုပ်ရှား နေချိန်လေး အတွင်း သူတို့တွေ အတွက် ကျွန်မ အသုံးဝင်နေတယ်ဆိုရင် ကျွန်မ ဘာလို့ အဝေးကြီးကို လှမ်းမျှော် ကြည့်နေတော့မှာလဲနော်။

                                                   
                                                     ၁၁ရက်၊၁၁လ၊၂၀၀၉ခုနှစ်
                                                    ည-၁၀နာရီ၊၂၀မိနစ်

0 comments:

Post a Comment