468x60

Wednesday, June 4, 2014
 “ပါးလွှာသော စည်းလေးများ”

၁။          “မာန် မလုပ်ချင်ဘူး
           မာန်လုပ်လျှင် လွယ်သည်သာပ
        ငယ်မည်မှာ န ကိုသတ်ရုံပဲ။”
အထက်ပါကဗျာကို ရေးသားခဲ့သည့် မန်လည် ဆရာတော်ကြီး၏ ငယ်နံမည်မှာ မောင်မာ ဖြစ်ပါသည်။လူတို့သည် မိမိပိုင် ပစ်္စည်းများနှင့် ပတ်သက်၍ဖြစ်စေ၊မိမိမှာ ရှိသည့် အသိပညာ အတတ်ပညာများကြောင့် ဖြစ်စေ မာန်မာနထောင်လွှားနေကြ သူများကို ဆရာတော်ကြီးက မာန်လုပ်ရဖို့ဆိုလျှင် ဘာအရည်အချင်းမှ မလိုအပ်ဘဲ လွယ်ကူကြောင်း သရော်တော်တော် ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။လူတို့သည် မိမိမှာရှိသည့် အရည်အသွေးကို လိုက်၍ မာန်မာန့ အနည်းငယ်တော့ ထားတတ်ကြပါသည်။မာန်လည် ဆရာတော်ကြီးက ဘယ်သူ့အတွက်မှ အကျိုးမဖြစ်သည့် မာန်မာနကို မထားသင့်ကြောင်း ပေါ့ပေါ့ပါးပါး ကဗျာလေးဖြင့် ဆုံးမသွားခဲ့ပါသည်။
၂။         ကျွန်မငယ်စဉ်တုန်းက အဖေပြောပြဖူးသည့် ပုံပြင်လိုလို ၀ထ်္တု လိုလို အကြောင်း ကို မှတ်မိနေပါသေးသည်။နာမည်ကျော် ပန်းချီဆရာကြီး တစ်ယောက်သည်  ရှင်ပြုပွဲတစ်ခုတွင် အလွန်တည်ငြိမ်သည့် မျက်နှာထားဖြင့် မျက်လွှာ အောက်ချနေသည့် ရှင်သာမဏေ တစ်ပါးပုံကို ကြည်ညိုလွန်းသဖြင့် ပုံတူ ပန်းချီကားဆွဲခဲ့သည်။ပန်းချီဆရာကြီးက သူဆွဲထားသည့် ရှင်သာမဏေ၏ ပုံတူပန်းချီကားကို ကြည့်ပြီး ကြည်ညိုဖွယ်ကောင်းလွန်းသည့် မျက်ထားနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မျက်နှာထားပိုင်ရှင်၏ ပုံတူပန်းချီကားကို  နှိုင်းယှဉ် ရေးဆွဲကြည့်ရန် ဆန်္ဒဖြစ်ပေါ်လာသည်။
           ထို့ကြောင့် လူဆိုး၊ဓားပြဟု သတ်မှတ်ခံရသည့် သူများ၏ ပုံကို ဆွဲကြည့်ရန် အကြိမ် ကြိမ် ကြိုစားကြည့်သော်လည်း စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ပုံသည် ကြည်ညိုဖွယ်ကောင်းသည့် သာမဏေလေးပုံဖြင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် ဆန့်ကျင်ဘက်ဖြစ်လောက်အောင် ရွံရှာစရာ မကောင်းတော့ပါ။ပန်းချီဆရာကြီးက  အဇ်္ဈတ်္တ (အတွင်းသန်္တာန်) သိသိသာသာ ကွဲလွဲနေသော မျက်နှာထားနှစ်ခုကို ရေးဆွဲချင်နေသော်လည်း သူ့စိတ်ကျေနပ်လောက်အောင် မတွေ့သေးသဖြင့် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာအောင် မရေးဆွဲနိုင်ခဲ့ပါ။တစ်နေ့မှာတော့ ပန်းချီဆရာကြီး၏ စိတ်ကူးကို သိထားသည့် ထောင်မှူးတစ်ယောက်က ပြစ်မှုပေါင်း များစွာ ကျူးလွန်ခဲ့သည့် လူတစ်ယောက်ကို ကြိုးမိန့် ပေးရမည် ဖြစ်ပြီး ထို လူဆိုး၏ မျက်နှာထားသည် ကြည့်ရုံနှင့်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းနေ သဖြင့် ပန်းချီဆွဲလိုပါက ကြိုးမိန့်မပေးခင် လာရောက် ကြည့်ရှုနိုင်ကြောင်း ဖိတ်ခေါ်လာပါသည်။
             ကြိုးပေးခံရမည့် လူဆိုး၏ မျက်နှာကို ပန်းချီဆရာကြီးက မြင်သောအခါ သူလိုချင်သည့် မျက်နှာထားမျိုးဖြစ်နေသည်ကို တွေ့ရပါသည်။လွန်ခဲ့သည့် နှစ် နှစ်ဆယ်ကျော်က သူဆွဲခဲ့သည့် ကြည်ညိုဖွယ် သာမဏေပုံနှင့် ဆန့်ကျင်ဘက်ဖြစ်လောက်အောင် စက်ဆုပ်ရွံရှာဖွယ်       ကောင်းသောကြောင့် ပန်းချီဆရာကြီးက လူဆိုး၏ ပုံတူပန်းချီကို ဆွဲပါတော့သည်။ပန်းချီ ဆွဲပြီးသွားသောအခါ  လူဆိုးကြီးက ဘာအတွက်ကြောင့် သူပုံတူကို ပန်းချီဆွဲရကြောင်း မေးပါသည်။ပန်းချီဆရာကြီးက အကျိုးအကြောင်းရှင်းပြပြီး ပုံနှစ်ခုကို နှိုင်းယှဉ်ပြရန် အတွက် သူ့တွင် အသင့်ပါလာသော သာမဏေလေး၏ ပုံကိုပါ ထုတ်ပြလိုက်ပါသည်။ထိုအခါ လူဆိုးကြီးက သာမဏေလေး၏ ပုံတူပန်းချီကားကို ကြည့်ပြီး “သြော် ကျုပ်သာမဏေ ၀တ်တုန်းက ပန်းချီဆွဲပေးခဲ့တာ ခင်ဗျားကိုး” ဟု ပြောလိုက်ပါတော့သည်။
               လိမ်္မာယဉ်ကျေးသော စိတ် သည် လူသားများတွင် ရှိသလို ရိုင်းစိုင်းကြမ်းတမ်းသော
စိတ် သည်လည်း လူသားတို့ထံမှ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ကြည်ညိုဖွယ်ရာကောင်းသည့် မျက်နှာ ထားပိုင်ရှင် သာမဏေနှင့် ဘက်ညီစွာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မျက်နှာပိုင်ရှင် တို့သည် တစ်ဦးတည်း ဖြစ်နေခြင်းမှာ လူတွင် အကောင်းနှင့် အဆိုးတို့ ဒွန်တွဲပါရှိနေသော ကြောင့်ဟု မှတ်သားခဲ့ရပါသည်။
၃။           ကျွန်မ အလယ်ကျောင်းသူအရွယ်က ကျွန်မတို့ကျောင်းသို့ စာပေဟောပြောပွဲလာသော စာရေးဆရာများ အဖွဲ့ထဲမှ ဆရာကြီးတစ်ယောက်က သမိုင်းတွင် ဖော်ပြမထားသည့် ဆိုကရေးတီး ၏ အကြောင်းကို ပြောပြတာ နားထောင်ခဲ့ရဖူးပါသည်။စာရေးဆရာကြီး၏ အမည်ကိုတော့  ကျွန်မ မမှတ်မိခဲ့ပါ။ဆိုကရေးတီး ဟု လူသိများ အောင်မြင်လာချိန်တွင် တပည့်များ ခြံရံလျှက် နိုင်ငံအနှံ့ လျှောက်သွားနေစဉ်က ဖြစ်ပါသည်။အိန်္ဒိယနိုင်ငံဘက်ရောက်ခိုက်မှာ အင်္ဂ၀ိဇ်္ဇာဆရာ တစ်ယောက်သည် လူတစ်ယောက်၏ ဥပတိရုပ် နဖူးရည် ဒူးရည်ကို ကြည့်ရုံဖြင့် ထိုလူ၏ အတွင်းစိတ်နှင့် အကျင့်စရိုက်ကို မှန်ကန်အောင် ဟောနိုင်သည်ဟု နာမည်ကြီးနေချိန်လည်း ဖြစ်ပါသည်။
         ထိုအင်္ဂ၀ိဇ်္ဇာဆရာကို ဆိုကရေးတီးက သူ့အားကြည့်ပြီး သူ၏ အတွင်းစိတ်ကို ဟောပေးရန် တောင်းဆိုခဲ့သည်။အင်္ဂ၀ိဇ်္ဇာဆရာက  ဆိုကရေးတီး အားကြည့်ပြီး  ၀န်တိုစိတ်ရှိသည်၊ ရာဂ ရမ်္မက်စိတ်ပြင်းထန်သည်၊ပျင်းရိတတ်သည် ထို့ကြောင့် ဘ၀တွင် မထင်မရှားဖြင့်သာ  အချိန်ကုန်လွန်နိုင်ကြောင်း ဟောပေးလိုက်ပါသည်။ထိုအခါ ဆိုကရေးတီးကို ကြည်ညိုလေးစား နေကြသော နောက်လိုက် တပည့်များက မတရားသဖြင့် ဟောပြောပြီး သူတို့ဆရာ၏ ဂုဏ်သိက်္ခာကို ချခြင်းဖြစ်သည် ဟုဆိုကာ ထိုပုဂ်္ဂိုလ်အား  ၀ိုင်းရိုက်ဖို့ လုပ်ကြပါတော့သည်။ဆိုကရေးတီးက သူ့တပည့်များအား  ထိုပုဂ်္ဂိုလ်ဟောသည်မှာ မှန်ကန်ကြောင်း၊သူ၏ အတွင်းစိတ်မှာ ထိုအတိုင်းပင် ဖြစ်ကြောင်း၊အတွင်းစိတ်က မည်သို့ပင်ဆိုးဆိုး အသိဥာဏ်ပညာက ထိန်းချုပ်နိုင်ကြောင်းနှင့် စိတ်ဆင်ရိုင်းကို ချွန်းအုပ်နိုင်သည်မှာ ဥာဏ်ပညာတစ်ခု တည်းသာ ရှိကြောင်း ပြောဆို ဆုံးမခဲ့ပါသည်။
၎။           လောကတွင် ကောင်းမှုနှင့် မကောင်းမှုသည် ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း အလွန်နီးကပ်စွာ တည်ရှိနေပါသည်။ခြားနားထားသည့် စည်းသည် မရှိသလောက်နီးပါး  ပါးလွှာလွန်းပါသည်။ ရောရော ထွေးထွေး အဖြစ် အပျက်များကြားတွင်  စည်းကျော်လိုက်ဖို့ဆိုသည်မှာ အလွန်လွယ်ကူနေပါသည်။ကျွန်မတို့လူသားများတွင် ရှိသည့်  အသိဥာဏ်ပညာ တံတိုင်းကသာ လုံခြုံ ထူထဲပါသည်။ ကျွန်မတို့သည် ကောင်းမှုနှင့်       
            
မကောင်းမှု ကြားရှိ စည်းပါးပါးလေးပေါ်တွင် ရပ်နေကြခြင်းဖြစ်ပါသည်။မည်သည့်ဘက်ကို မဆို အလွယ်တကူ အလေးသာလိုက်၍ ရနေပါသည်။


                                                          
                                                       
မန်လည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ဟိတ်ပြ သံချို အပြည့်အစုံမှာ
           “မာန် မလုပ်ချင်ဘူး
           မာန်လုပ်လျှင် လွယ်သည်သာပ
           ငယ်မည်မှာ န ကိုသတ်ရုံပဲ၊
          နေရပ် မန်ရွှေလည်တဲ့၊
         မာန်နှစ်လီ မာန်စုံကွန့်၊ ဖူးအညွန့်              
       ခေါင်ကတင်။



                                                           နေ့လယ်၂နာရီ၊၀၆မိနစ်                                                
                                                      ၂၇ရက်၊၁၀လ၊၂၀၁၀ပြည့်နှစ်။

0 comments:

Post a Comment