468x60

Wednesday, June 4, 2014
      “ချေလိုက်လို့ ကြေသွားတာများလား”
       နုံအ မှုတိုင်းဟာ ရိုးသားတာ မဟုတ်သလို ရိုးသားမှုတိုင်းကလည်း အားနာခြင်းနဲ့ မသက်ဆိုင်ပြန်ပါဘူး။အဲဒီအချက် သုံးမျိုးထဲက မောင့်ကို ဘယ်အချက်နဲ့ စွဲချက် တင်ရမှန်း ဟန်နီ မသိတော့ပါဘူးမောင်။အနေအေးပေမယ့် နုံအ တာမဟုတ်တဲ့မောင့်ကို ရိုးသား လွန်းတာလား၊အားနာခြင်းလွန်ကဲတာလားဆိုတာ ခြောက်နှစ်လောက် ပေါင်းသင်း လာတဲ့ ဟန်နီကိုယ်တိုင် မဝေခွဲတတ်တော့ပါဘူး။တစ်ဖက်သားကို ကူညီတတ်ပြီး အားနာတတ်တဲ့ မောင့်ကို မောင့်အပေါင်းအသင်းတွေကတော့ အပေါင်းအသင်းဆန့်တဲ့သူရယ်လို့ ပြောကြပါတယ်။အရာရှိငယ်တစ်ယောက်ဖြစ်တဲ့ မောင့်ကို အောက်လက်ငယ်သား တွေကလည်း ချစ်သလို၊အထက်အရာရှိတွေကလည်း ခင်မင်ကြတယ်ဆိုတော့ မောင့်ရုံးအသိုင်းအ၀န်းမှာလည်း မောင့်က လူချစ်လူခင်ပေါသူ တစ်ယောက်ဖြစ်လို့နေပြန်ပါတယ်။
        အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ မောင့်ရုံးဝန်းကျင်မှာ အထက်အရာရှိ တော်တော် များများက နိုင်ငံခြားသားတွေဖြစ်နေပေမယ့် ဘာသာစကား ကျွမ်းကျင်မှုနဲ့ မောင့်ရဲ့ အလုပ်လေးစားမှု တွေကြောင့် တလေးတစား ဆက်ဆံခြင်းခံရသူတစ်ယောက်ပါ။ဒီလိုလူတစ်ယောက်က အလုပ်ထဲမှာပြဿနာပေါ်တယ်လို့ မောင်ဆိုလာတော့ သာမန်ပြဿနာလောက်ပဲလို့ ဟန်နီသဘောထားမိခဲ့တယ်။မောင်ကလည်း ဟန်နီစိတ်ညစ်မှာ စိုးလို့ အသေးစိတ်မပြောပြခဲ့ဘူးလေ။ပြီးတော့ “မောင့်ဆရာတစ်ယောက် လုံးရှိပါတယ်၊ မောင်ဘယ်လောက် ရိုးသားတယ် ဆိုတာ ဆရာအသိဆုံးပါ”ဆိုတဲ့ မောင့်ရဲ့စကားတစ်ခွန်းကြောင့် ဟန်နီ သိပ်စိတ်မပူမိတာလည်း ပါပါတယ်။မောင့်အထက်အရာရှိ ဆရာတွေထဲမှာ မြန်မာတွေလည်း ပါပြီး အဲဒီထဲက ဆရာတစ်ယောက်ကို မောင်က သိပ်လေးစား၊ သိပ်ချစ်ခင်တာလေ။ဆရာကလည်း မောင့်ကို တစ်ကယ့် တူသားတစ်ယောက်လို တွယ်တာနေတာဆိုတော့ ဟန်နီ စိတ်မပူမိတာ သိပ်မလွန်ဘူးလို့ ထင်ခဲ့မိတယ်။
         အလုပ်ထဲမှာ ပြဿနာမပေါ်ခင် နှစ်လလောက်အလိုက ဟန်းဖုန်းဝယ်ကြမယ်ဆိုပြီး လင်မယား နှစ်ယောက်တိုင်ပင်ဖြစ်ကြတယ်။အရေးအကြောင်းဆို မောင့်အလုပ်ထဲကနေ အိမ်ကို ဖုန်းလှမ်းဆက်လို့ရတာပေါ့။ငါးသိန်းတန်ဖုန်းတွေကလည်း ပေါ်လာပြီဆိုတော့ ဒီလောက်ပမာဏတော့ တတ်နိုင်ကြတယ်လို့ ဆုံးဖြတ်ပြီး စုဆောင်းထားတဲ့ ပိုက်ဆံထဲက   ငါးသိန်း ရှစ်သောင်းကို ဖုန်းဝယ်ဖို့ မောင့်လက်ထဲ ထည့်လိုက်တယ်။ဒါပေမယ့် တစ်ပတ်ကြာလည်း ဖုန်းက မ၀ယ်ဖြစ်၊ နှစ်ပတ်ကြာလည်း မ၀ယ်ဖြစ်နဲ့ ဘာဖြစ်လို့လည်း မေးတော့ မောင်မအားသေးလို့ပါ နောက်တစ်ပတ်လောက်စောင့်လို့ ပြောပြန်တယ်။တစ်လကြာသည်ထိ ဖြစ်လာတော့ ပိုက်ဆံပြန်ပေးတော့ ကိုယ့်ဘာသာကိုယ်ပဲ ၀ယ်တော့မယ် ဘာမှခက်ခဲတဲ့ ကိစ်္စလည်း မဟုတ်ဘဲနဲ့အလေးမထားတဲ့ မောင့်ကို ရန်လုပ်မိတော့တယ်။
        အဲဒီတော့မှ အလုပ်ထဲက သူ့သူငယ်ချင်းတစ်ယောက်က အရေးတကြီးငွေလိုလို့၊ တစ်ပတ်ပဲကြာပါ့မယ် ပြန်ဆပ်ပေးပါမယ် ဆိုလို့ လွန်ခဲ့တဲ့လက ငွေငါးသိန်းချေးလိုက်တယ်တဲ့။တစ်ပတ်နဲ့လည်း မပေး၊နှစ်ပတ်နဲ့လည်း မပေးနဲ့ တစ်လကြာသွားတော့ မနေ့က မှ အတိုးယူထားပါဆိုပြီး နှစ်သောင်းခွဲလာပေးသွားလို့ မောင်လည်း စိတ်တိုပြီး သူ့ကို နစ်နစ်နာနာ ပြောလိုက်မိတယ်၊မနက်ဖြန် ရအောင် သူရှာပေးပါ့မယ်လို့ပြောတယ်။ မောင့်ကိုတော့           သူစိတ်ဆိုးသွားတယ် ထင်တယ်တဲ့။မောင့်သူငယ်ချင်းက ဘာအတွက် အရေးတကြီးငွေလိုတာလဲ လို့ မေးတော့ သူတို့ဘာသာရေး ပွဲတော်ရာသီ နီးလာတော့ သူမိန်းမနဲ့ကလေးတွေကို အ၀တ်အစားအသစ် ချုပ်ပေးချင်လို့ပါတဲ့။သူက သူ့မိသားစုကို သိပ်တန်ဖိုးထားတဲ့သူဆိုတော့ မောင်လည်း အားနာပြီး ချေးလိုက်မိတာပါတဲ့။အဲဒီတော့မှ ဟန်နီ မောင့်ကိုပိုပြီးစိတ်တိုမိတယ်။အဲဒါဆို မောင်က သူ့လို မိသားစုကို တန်ဖိုးမထားလို့ လွယ်လွယ်ကူကူ ငွေချေးလိုက်တာပေါ့ လို့ ရန်လုပ်တော့လည်း အဲဒီလိုတော့ မဟုတ်ရပါဘူးလို့ဆိုပြန်တယ်။
          နောက်တစ်နေ့ကျတော့  ပြောတဲ့အတိုင်း ကိုယ့်ပိုက်ဆံကိုယ်ပြန်ရလို့ ဟန်ဖုန်းလည်း ၀ယ်လိုက်ကြတယ်။ဖြစ်တုန်းက စိတ်တိုမိပေမယ့် ကိုယ့်ပိုက်ဆံပြန်ရတော့လည်း လင်မယားနှစ်ယောက်က အဲဒီကိစ်္စ မေ့မေ့ပျောက်ပျောက်  ဖြစ်သွားကြတယ်။နောက်တစ်လ အကြာမှာ ပြဿနာဖြစ်တော့တာပဲ။မောင် တာဝန်ကျတဲ့အချိန်မှာ ရုံးပိုင်ပစ်္စည်းဖြစ်တဲ့ ပစ်္စည်းနှစ်မျိုးပျောက်သွားတယ်။ပစ်္စည်းတန်ဖိုးက သိပ်အရေးမကြီးပေမယ့်  အချက်အလက်တွေက သိပ်အရေးကြီးနေတယ်။အဲဒီ ပစ်္စည်းနှစ်ခုလုံး ထားတဲ့အခန်းက သာမန်ဝန်ထမ်းတွေ ၀င်ခွင့်မရှိတဲ့ အခန်းဖြစ်နေတယ်။အထက်ကို ချက်ချင်းသတင်းပို့တော့ နိုင်ငံခြားသား အရာရှိတွေက နှစ်ပတ်အတွင်း ရုံးပရ၀ဏ်အတွင်း ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ပြန်ထားပေးပါ။ပြန်ရရင်ပြီးရော အရေးယူမှုတွေ မလုပ်ပါဘူးလို့ တစ်ရုံးလုံးကို ကြေငြာလိုက်တယ်တဲ့။
             ဒါပေမယ့် နှစ်ပတ်ကြာသွားပြီးတော့လည်း  ပစ်္စည်းက ပြန်မတွေ့ခဲ့ဘူး။မောင်ရုံးကပြန်လာတိုင်း ပစ်္စည်းတွေ ပြန်တွေ့ပြီလားမေးမိပေမယ့် ပြဿနာရဲ့ အတိမ်အနက်ကိုတော့ ဟန်နီသေချာမသိခဲ့ပါဘူး။မောင့်မျက်နှာတော်တော် ညိုးနွမ်းပြီး သားလေး အပေါ်တောင် စိတ်မရှည်တော့တဲ့ အမူအရာတွေ တွေ့ရတော့ သူ့ဘာသာ လွတ်လွတ်လပ်လပ်
နေပါစေဆိုပြီး ထားလိုက်မိတယ်။အဲဒီနောက်တော့ နိုင်ငံခြားသားအရာရှိတွေက ပစ်္စည်းပျောက်တဲ့နေ့က တာဝန်ကျ ၀န်ထမ်းအားလုံးကို သက်ဆိုင်ရာ ရဲလက်အပ်ပြီး စစ်ဆေးခိုင်းတော့မယ်လို့ ကြေငြာလိုက်တော့တယ်။နောက်နှစ်ရက်ကြာတော့ ပစ်္စည်တစ်မျိုးကို ရုံးဝန်းရဲ့ တစ်နေရာမှာ ပြန်တွေ့ရတော့တယ်တဲ့။
        ပြန်တွေ့တဲ့ပစ်္စည်းမှာ လက်ပွေရာ လုံးဝရှာမရတဲ့ ဖြစ်နေကြတယ်တဲ့။အပြင်ကိုလည်း ပို့ပြီးမအပ်ချင်ကြတာမို့ ရုံးတွင်းမှာပဲ စစ်ဆေးမှုတွေ လုပ်ကြတယ်။မသင်္ကာမှု အများဆုံးခံရတဲ့အထဲမှာ မောင်ပါနေလို့ဆိုပြီး အိမ်ကိုဖုန်းလှမ်း ဆက်တယ်။နှစ်ရက်ဆက်တိုက် အိမ်ပြန်မလာတော့ဘဲ ရုံးမှာနေ နေရတယ်။စိတ်ပူမိပေမယ့် ကိုယ်ဘာမှ လုပ်ပေးနိုင်တဲ့ ကိစ်္စမဟုတ်တော့လည်း ဖုန်းသတင်းပဲ မျှော်နေရတယ်။တစ်ပတ်လောက်ကြာမှ မောင် အိမ်ကိုပြန်ရောက်လာတယ်။လုံးဝ မတွေ့ဖူးတဲ့ တစ်စိမ်းတစ်ယောက်လို ဖြစ်နေတဲ့ မောင့်ပုံစံကြောင့် ဟန်နီတော်တော်လန့်သွားခဲ့ရတယ်။ဘာတွေ ဖြစ်လာတာလဲ ပြောပြပါအုံးလို့မေးတော့ မချိပြုံး ပြုံးပြပြီး အခုတော့ အားလုံးပြီးဆုံးသွားပါပြီလို့ ပြန်ပြောတယ်။      မောင့်စိတ်တည်ငြိမ်တဲ့ အချိန်မှ ပြန်ပြောတဲ့ ဇာတ်လမ်းက ရုပ်ရှင်တွေထဲက ဗီလိန်ဇာတ်လမ်းတွေထက် သာနေတယ်။မောင်က “ဟန်နီ အခုချိန်မှာ ပြဿနာက အားလုံး အေးအေးချမ်းချမ်း ပြီးဆုံးသွားပြီမို့ စိတ်အေးအေး နားထောင်နော်”လို့ စ လာပါတယ်။သင်္ကာမကင်း ခံရတဲ့သူတွေထဲမှာ ဖြစ်နိုင်ချေ အရှိဆုံးကို ဆွဲထုတ်လာလိုက်တာ နောက်ဆုံးမှာ မောင်နဲ့ မောင့်သူငယ်ချင်းနှစ်ယောက်ပဲ ကျန်တော့တယ်။ဟန်နီက မောင့်သူငယ်ချင်း ဆိုတာလို့ မေးလိုက်တော့ ဟိုတစ်လောက မောင် ပိုက်ဆံချေးလိုက်တဲ့ တစ်ယောက်လေလို့ ပြန်ဖြေတယ်။စစ်ဆေးတဲ့ အဖွဲ့ထဲမှာ နိုင်ငံခြားသားအရာရှိတွေနဲ့ မြန်မာ အရာရှိနှစ်ယောက်ပါတယ်။မောင့်ဆရာ အပါအ၀င်ပေါ့။
       မသင်္ကာခံရတဲ့သူ   နှစ်ယောက်စလုံးကို အကြိမ်ကြိမ်စစ်မေးပြီးတဲ့အခါမှာတော့ နိုင်ငံခြားသား အရာရှိတစ်ယောက်က မောင့်ကို ကျန်နေသေးတဲ့ ပစ်္စည်းတစ်မျိုးကို ပြန်ပေးပါလို့ တောင်းလာတယ်။မောင့်မှာ ဘာမှယူမထားလို့ ပေးစရာမရှိပါဘူးဆိုတဲ့ အပြောကို မောင့်သိပ်ချစ်တဲ့ ဆရာက အခုချိန် မင်းပြန်ပေးလိုက်ရင် အလုပ်ထိခိုက်နိုင်ပေမယ့် ဖမ်းဆီးချုပ်နှောင်ခြင်းတွေ မခံရအောင် သူကူညီနိုင်ပါတယ်တဲ့။“ဟန်နီရယ် မောင်လေ အံ့သြလွန်းလို့ စကားတောင် ဆက်မပြောနိုင်ခဲ့ဘူး”တဲ့။ပြောပြနေတဲ့ မောင့်မျက်နှာမှာ ကြေကွဲမှုတွေကို  ဟန်နီမြင်နေရတယ်။
          “နောက်ဆုံးမှာတော့ နိုင်ငံခြားသား အရာရှိတစ်ယောက်ရဲ့ စေ့စပ်သေချာမှုကြောင့် ပစ်္စည်းခိုးသူဟာ မောင်မဟုတ်မှန်းသိသွားခဲ့ကြတယ်။စစ်ဆေးရေးအဖွဲ့ထဲမှာ  အဲဒီစေ့စပ်သေချာတဲ့ အရာရှိတစ်ယောက်သာ ပါမလာခဲ့ရင် အမှုပေါ်ရေးအတွက် သူတို့ မောင့်ကို ထိုးကျွေးကြတော့မှာလို့ ပြန်သိလိုက်ရတဲ့အချိန်မှာ လောကကြီးမှာ ဘယ်သူကိုမှ မယုံရပါလားလို့ ခံစားလိုက်ရတယ်။ပစ်္စည်းယူထားတဲ့ သူငယ်ချင်းကလည်း ပစ်္စည်းကိုတစ်ကယ်လိုချင်လို့ မဟုတ်ဘဲ မောင့်ကို  မကျေနပ်လို့ ဒုက်္ခပေးချင်တာနဲ့ လုပ်ခဲ့တာပဲ၊မောင်ရိုးရိုးသားသားနေခဲ့တယ် သူများအပေါ် အားနာတတ်ခဲ့တယ် လူတွေကို ကူညီနိုင်သလောက်ကူညီခဲ့ပါတယ်။ဒါပေမယ့် အရေးကြုံလာတော့ လောကကြီးက အဲဒီလိုလူအတွက် မျက်နှာသာမပေးခဲ့ပါလား”တဲ့ ။မောင်ကတော့ သူ့ရင်ထဲရှိတာတွေ အကုန်ထုတ်ပြောလိုက်ရလို့ ပေါ့ပါးသွားပုံရတယ်။ဟန်နီမှာသာ မောင့်ကိုယ်စား ရင်နင့်ပြီး ကျန်ခဲ့ရတယ်။
         အဖြစ်အပျက်ပြီးလို့ နှစ်ပတ်လောက်ကြာတော့ မောင့်ဆရာဆိုသူက အိမ်ကိုရောက်ချလာတယ်။ပြီးတော့မောင့်ကို “မင်းငါ့ကို ဘာလို့ရှောင်နေတာလဲလို့”မေးတယ်။အစကတော့ မောင်က “ဆရာ့ကို ကျွန်တော် မရှောင်ပါဘူး”လို့ဖြေသေးတယ်။ဆရာက နှစ်ခါ သုံးခါ ထပ်မေးတော့ “ဟုတ်တယ် ကျွန်တော် ဆရာ့ကို မယုံတော့လို့” လို့ ပြန်ဖြေသံကြား လိုက်ရတယ်။ဆရာနဲ့အတူ ဟန်နီပါ မောင့်ကို အံ့သြသွားရတယ်။မောင်က ဘယ်တော့မှ လူတစ်ယောက်ကို အဲဒီလိုပြောတတ်တဲ့သူမှ မဟုတ်တာ။မောင့်ဆရာကတော့ သူရဲ့ ဆုံးဖြတ်ချက် ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ရတာပါ၊တမင်ရည်ရွယ်ပြီး လက်လွတ်စပယ်လုပ်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ဒါပေမယ့် အေးစက်နေတဲ့ မောင့်အမူအရာတွေကတော့ ပြောင်းလဲမသွားတော့ပါဘူး။
         
         ဟန်နီ မောင့်အတွက် တော်တော် စိတ်မကောင်းဖြစ်သွားရတယ်။မိန်းမတို့ထုံးစံအတိုင်း ကောက်ရိုးတစ်မျှင်ဆွဲတယ်လို့ ဆိုဆို ဗေဒင်တောင် သွားမေးကြည့်ဖြစ်တယ်။ဗေဒင်ဆရာက ဇာတာရှင်မှာ အချုပ်နှောင်ခံရမယ့်ကံဇာတာတွေ တွေ့နေရတယ်။အညံ့တွေ ပြေပျောက်သွားတောင် ယတြာချေတဲ့အနေနဲ့ စာကလေးတွေ လွှတ်ပေးပါတဲ့။ဗေဒင်မေးပြီး အပြန် ဟန်နီတို့သားအမိ နှစ်ယောက် မနက်စာကို မြို့ထဲက နံမည်ကြီး လက်ဖက်ရည်ဆိုင်တစ်ခုမှာ ၀င်စားကြတယ်။အဲဒီဆိုင်မှာ ဟန်နီတို့ မိသားစုက လာစားနေကျ။ဆိုင်အ၀န်းအ၀ိုင်းက ကျယ်ဝန်းလှပြီး အစားအသောက်မျိုးစုံလည်း ရတယ်။ချက်တဲ့ပြုတ်တဲ့ နေရာကိုပါ စားသုံးသူတွေက လှမ်းမြင်ရအောင် ဖန်တီးပေးထားတယ်။သန့်ရှင်းသပ်ရပ်ပြီး ကားဝပ်ရှော့နဲ့ ပရိဘောဂဆိုင်ပါ တွဲဖွင့်ထားတယ်။
         ဆိုင်ရဲ့ ဖွဲ့စည်းပုံက ပလက်ဖောင်းပေါ် မေးတင်ထားတဲ့ ပုံစံလေး။ထူးခြားချက်ကတော့ ဆိုင်ရှေ့မှာ အရမ်းကို လှပလွန်းတဲ့ ညောင်ပင်အကြီး ကြီး တစ်ပင်ရှိတယ်။အရွက်တွေက ကန်တော့ထိုးထားသလို တွန့်လိမ်နေပြီး စိမ်းစို လှပလွန်းတယ်။အဲဒီလောက်လှတဲ့ ညောင်ပင်က ရန်ကုန်မြို့လယ်ခေါင်မှာ ရှိနေတာဆိုတော့ ပိုပြီး ထူးခြားတယ်။ညောင်ပင်ကြီးအောက်မှာ ဘိုးဘိုးအောင်နဲ့ ဘိုးမင်းခေါင်တို့ရဲ့ ရုပ်တုအကြီး နှစ်ရုပ်ကို ချထားပြီး လှူဖွယ်ပစ်္စည်းတွေနဲ့ ပူဇော်ပသ ထားတယ်။အရင်က ဟန်နီသတိမထားမိခဲ့တာတစ်ခုကတော့ အဲဒီဆိုင်ရှေ့ ပလက်ဖောင်းပေါ်မှာ  စာကလေးတွေရောင်းနေတဲ့ သူတွေကိုပါ။
         တိုက်တိုက်ဆိုင်ဆိုင် စာကလေးရောင်းတဲ့သူတွေ ရှိနေတာမို့ ဒီနေရာမှာပဲ ယတြာချေတော့မယ်ဆိုပြီး စာကလေးတွေကို လွှတ်ဖို့ သားအမိနှစ်ယောက်ဝယ်လိုက်ကြတယ်။တစ်ယောက် တစ်ကောင်ကိုင်ပြီး  လွှတ်ဖို့လုပ်နေတော့ သားက ပျော်လွန်းလို့ ခုန်ဆွခုန်ဆွ  တောင် လုပ်နေသေးတယ်။ဟန်နီလည်း ပါးစပ်ကနေ တိုးတိုးလေး “မောင့်မှာ ၀ဋ်ကြွေးတွေ ရှိခဲ့ရင်လည်း ဒီလောက်နဲ့သာကျေပါစေတော့လို့” ဆုတောင်းနေမိတယ်။ပြီးတော့ သားအမိနှစ်ယောက် တစ်ပြိုင်တည်း စာကလေးတွေကို လွှတ်လိုက်တဲ့အချိန်မှာတော့ ဘယ်လိုမှ မျှော်လင့်မထားတဲ့  အဖြစ်အပျက်က ဖြစ်သွားတော့တယ်။
         စာကလေးနှစ်ကောင် လေထဲမှာ ပျံသန်းခါစပဲ ရှိသေးတယ် ညောင်ပင်ကြီးပေါ်ကနေ ကျီးကန်းတစ်အုပ်က ပြေးထွက်လာပြီး လေထဲမှာပင် အဲဒီစာကလေးတွေကို တစ်စစီ ၀ိုင်းဆွဲပြီး စားပစ်လိုက်ကြတယ်။မြန်ဆန်းလွန်းတဲ့ အဖြစ်အပျက်ကြောင့် ဆိုင်ထဲကလူတွေကလည်း ဟာကနဲ။ဟင်ကနဲ နဲ့ ၀ိုင်းအော်လိုက်ကြတယ်။သားလေးကတော့ အော်ငိုပါလေရော။ဟန်နီလည်း ရင်ထဲမှာ တုန်ရင်လာပြီး သားနဲ့အတူ ငိုချလိုက်မိတော့တယ်။ဘေးက လူကြီးတစ်ယောက်က ဒီကောင်တွေ သိရက်သားနဲ့ ကြိုမပြောဘူး၊သူတို့ရောင်းရရင်ပြီးရော ဆိုပြီး လုပ်လိုက်ကြတာ နေမှာတဲ့။အဲဒီတော့မှ ဟန်နီ စာကလေး ရောင်းလိုက်တဲ့ ကောင်လေးကို ရန်တွေ့ဖို့ သတိရတယ်။“မင်းတို့ တော်တော် အသည်းနှလုံးမရှိတဲ့ ဟာတွေပဲ ဒီကျီးကန်းတွေရှိတာ မင်းတို့ကြိုသိနေတယ်မလား”လို့ ဆိုတော့ ကျွန်တော် ပြောမလို့လုပ်နေတာ အန်တီတို့က လွှတ်တာ စောသွားလို့ပါတဲ့။      သူတို့ ကြိုပြောလိုက်ရင် ဒီနေရာမှာ ဘယ်သူကမှ စာကလေးတွေကို လွှတ်မှာ မဟုတ် တော့ဘူးလေ။ကျီးကန်းဆိုတဲ့ အမျိုးက အသံတွေဆူညံပြီး အာနေတတ်ကြတာပါ။ဒီနေရာမှာ ဒီလို စားနေရမှန်းသိလို့သာ အသံတိတ်ပြီး ငြိမ်နေကြတာနေမှာ။ညောင်ပင်ရှိတဲ့ ပတ်ဝန်းကျင်မှာ ကျီးကန်းအပါအ၀င် တခြားငှက်ကြီးတွေ ရှိနိုင်တယ်ဆိုတာ သတိမထားလိုက်မိတဲ့ ဟန်နီရဲ့ ညံ့ဖျင်းမှုကြောင့်လား။တမင်ရည်ရွယ်တာ မဟုတ်ပေမယ့် အဖြစ်အပျက်ကတော့ ဖြစ်ပြီးသွားခဲ့ပြီ။လောကကြီးမှာ လူဖြစ်ဖြစ်၊တိရစ်္ဆာန်ဖြစ်ဖြစ် ကိုယ့်အခွင့်အရေးကို ထိခိုက်လာတော့မယ်ဆိုရင် အရာရာကို မသိကျိုးကျွန် ပြုတတ်ကြတာတော့ အတူတူပါပဲလား။မောင့်အတွက် အညံ့တွေကြေပျောက်အောင် ချေလိုက်တဲ့ ယတြာက ကျီးကန်းတွေအတွက် ထိုးကျွေးလိုက်တဲ့ အစာဖြစ်သွားရတယ်ဆိုတာ မောင့်ကို ဟန်နီဘယ်လို ပြောရပါ့။


  
                                                         
                                                      ည-၁၀နာရီ၊၂၅မိနစ်။
                                                    ၁၃ရက်၊၁၀လ၊၂၀၁၁ခုနှစ်

0 comments:

Post a Comment