468x60

“သိပါရဲ့လား ကျွန်မသည်”

Thursday, June 5, 2014

          လူတစ်ကိုယ်တွင် ၀ါသနာတစ်မျိုးစီတော့ ရှိတတ်သည် ဟုဆိုကြသည်။တစ်ချို့လည်း မိမိ ဘယ်အရာတွင် ၀ါသနာပါနေသည်ကို အတိအကျမသိကြဘဲ  ဘ၀ကို အလိုက်သင့်လိုက်ပါ စီးမျောရင်း ဖြတ်သန်းနေမိကြသည်။ကျွန်မကတော့ ၀ါသနာပါတာတွေ များလွန်း၍ အလုပ် လျှောက်လွှာဖောင် ဖြည့်စွက်လျှင် ဘယ်တော့မှ သတ်မှတ်ပေးထားသည် စာရွက်နေရာ မလောက် ခဲ့။ကျွန်မ ၀ါသနာပါတာတွေက များလွန်းနေသော်လည်း ဘယ်အရာမှ ထွန်းထွန်း ပေါက်ပေါက် ဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့။ထို့ကြောင့်ပင် နေရာတကာ စပ်စပ် စပ်စပ် လေ့လာသောသူ သည် မည်သည့် နေရာတွင်မှ မအောင်မြင်တတ် ဟုပြောလေ့ရှိကြသည်။
           ကျွန်မ မမှတ်မိသည့် ကျွန်မ၏ မူကြိုအရွယ်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲတိုင်းတွင် ပထမဆု ရရှိခဲ့သည်ဟု မိဘများ အပြောအရ သိခဲ့ရသော်လည်း ကျွန်မ မှတ်မိသော အရွယ် မှ စတင်၍ မည်သည့်ကဗျာတစ်ပုဒ်ကိုမျှ အလွတ်မရွတ်ဆိုဘူးတော့တာ မှတ်မိနေပါသည်။မှတ်မှတ်ရရ ကျွန်မ ခြောက်တန်းနှစ်တွင်တော့ “အာဇာနည်နေ့” အထိမ်းအမှတ် နံရံကပ် ကဗျာပြိုင်ပွဲတွင် ကျွန်မရေးသားသည့် ကဗျာ ဖော်ပြတာခံခဲ့ရဖူးသည်။ကျွန်မ အဖေက ပိတိဖြစ်စွာ ကဗျာတွေဆက်ရေးဖို့ အားပေးဖူးသော်လည်း တက်္ကသိုလ်မှ ဘွဲ့တစ်ခုသာ ရခဲ့သော်လည်း ဘာကဗျာမှ မစပ်ခဲ့မိတော့ပါ။
          ဆယ်တန်းနှစ်တွင် ကျွန်မယူသည့် ဘာသာတွဲမှာ ၀ိဇ်္ဇာ(သင်္ချာ)တွဲဖြစ်ပြီး ကျွန်မစိတ် အ၀င်စားဆုံးဘာသာမှာ အီကိုနှင့်သမိုင်းဖြစ်ပါသည်။ကျွန်မ နေထိုင်ခဲ့ဖူးရာ နယ်မြို့များတွင်ဆယ်တန်း၌ ကျူရှင်ကို သင်္ချာနှင့်အင်္ဂလိပ်စာ လောက်သာ သင်ကြားကြတာ ရှိပြီး ကျန်ဘာသာများကတော့ ကျောင်းမှ ဆရာ၊ဆရာမများ၏ စေတနာဖြင့် အချိန်ပိုသင်ကြား ပေးကြ ခြင်းဖြစ်ပါသည်။အတန်းထဲတွင် အီကိုဆရာမနှင့်သမိုင်းဆရာမ က ဂုဏ်ထူးထွက်နိုင်ချေရှိသည့် ကျောင်းသား၊ကျောင်းသူများကို ခန့်မှန်းပေးလေ့ရှိရာ ထိုအခန့်မှန်းခံ ကျောင်းသူစာရင်းထဲတွင်  ကျွန်မ ပါဝင်ခဲ့ပါသည်။အောင်စာရင်းထွက်လာသော အခါ သမိုင်းဘာသာမှာ ဂုဏ်ထူးထွက်ရန် သုံးမှတ်သာ လိုခဲ့သော်လည်း အီကိုဘာသာကတော့ အောင်မှတ်ရရုံသာ ကပ်အောင်ခဲ့သဖြင့် ခန့်မှန်းစာရင်း ဘယ်တော့မှ မလွဲတတ်သော အီကိုဆရာမ ခမျှာ အရှက်ရခဲ့ ဖူးပါသည်။
         ဆယ်တန်း အတန်းတင် စာမေးပွဲကြီးဖြေဆိုရန် နှစ်ပတ်အလိုတွင် မြို့နယ် တစ်မြို့ နယ်စီမှ လှယဉ်ကျေးမယ် နှစ်ယောက်စီကို တိုင်းမြို့သို့စေလွှတ်ပေးရန် အကြောင်း ကြားလာပါသည်။၉၀ခုနှစ်များဆီက လှယဉ်ကျေးမယ် တစ်ခေတ် ပြန်လည် ဆန်းသစ်စ အချိန်ဖြစ်ပါသည်။မြို့နယ်မှ တာဝန်ရှိ လူကြီးများသည် မယ်ပြိုင်ပွဲ အတွေ့အကြုံများ မရှိကြသေးသည့် ကာလဖြစ်နေ၍ ကျောင်းများမှ ကျောင်းသူများကိုသာ အလွယ်တကူ ရွေးချယ် စေလွှတ်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ကျွန်မ အဖေသည် မြို့နယ်အဆင့်ဦးစီးမှူးတစ်ယောက် ဖြစ်နေခြင်းနှင့် ကျွန်မ အမေမွေးပေးလိုက်သည့် မွေးရာပါ ကျွန်မ ရုပ်ရည်အဆင်ပြေခြင်းကြောင့် တိုင်းအဆင့် ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ကျွန်မအရွေးခံခဲ့ရပါသည်။
         
           ကျွန်မတို့ မြို့နယ်မှ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲ အတွေ့ အကြုံ မရှိခြင်း၊ကာယလေ့ကျင့်ခန်း ကစားထားဖူးတာ မရှိခြင်းကြောင့် ဘာဆုမှ မရရှိဘဲ ပြန်ခဲ့ကြရသည်။ပြိုင်ပွဲမှအပြန် တစ်ပတ်အကြာတွင် ဆယ်တန်း အတန်းတင်စာမေးပွဲကြီး ဖြေဆိုရခြင်းဖြစ်ပါသည်။ကျွန်မကတော့ နှစ်ချင်းပေါက် အောင်မြင်ခဲ့သော်လည်း အတူပြိုင်ပွဲဝင်ခဲ့သည့် သူငယ်ချင်းကတော့ ကျကျန် နေရစ်ခဲ့ပါသည်။ကျွန်မ၏ ပင်ကိုစရိုက်အတိုင်း မယ်ပြိုင်ပွဲနှင့်ပတ်သက်၍ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သော်လည်း ကျွန်မ အဖေကတော့ မယ်ပြိုင်ပွဲဈာန် တော်တော်ဝင်သွားခဲ့ပါသည်။ဆယ်တန်းအောင်ပြီး တက်္ကသိုလ်ဆက်တက်ရန် စောင့်ဆိုင်းနေရချိန်တွင် ကျွန်မကို ကာယလေ့ကျင့်ခန်းများ လုပ်ခိုင်းပါတော့သည်။
          ကျွန်မ အဖေသည် သူကိုယ်တိုင်က စက်မှုတက်္ကသိုလ် အလေးမအဖွဲ့တွင်  အတွင်း
ရေး မှူးဖြစ်ခဲ့ပြီး ကိုယ်တိုင်လည်း ကစားသမား ဖြစ်ခဲ့ခြင်းကြောင့် ကျွန်မကို သူကိုယ်တိုင် နည်းပြလုပ်ပါတော့သည်။နယ်မြို့တွင် တာဝန်ကျ နေထိုင်စဉ်ဖြစ်သောကြောင့် အလေးမ ပစ်္စည်းကိရိယာများ ပြည့်ပြည့်စုံစုံ မရှိခဲ့ပါ။ထိုအခါ ကျွန်မ အဖေက ကျွန်မအတွက် ကာယလေ့ကျင့်ခန်းလုပ်နိုင်ရန် တီထွင်ကြံဆ လုပ်ပါသည်။ရေတုံကင်မှ လက်နှိပ်တံကို ပြောင်းလဲတပ်ဆင်လိုက်ပါသည်။ယခင် ရေတုံကင်မှာ တစ်ချက်နှိပ်လိုက်လျှင် လွယ်လွယ်ကူကူ ရေကျလာသော်လည်း လက်နှိပ်တံကို ပြောင်းလဲတပ်ဆင်ပြီးသောအခါ နှစ်ဆင့်နှိပ်ရပါသည်။
         လက်နှိပ်တံ၏ အမြင့်ကိုလည်း ပို၍မြင့်အောင် လုပ်ထားပြီး လူတက်ရပ်ရန် သစ်တုံး အကြီး တစ်တုံးကိုချထားသည်။ထိုသစ်တုံးပေါ်သို့ ကျွန်မတက်ရပ်ရပြီး ပထမအဆင့် လက်နှိပ်တံကို ဘယ်လက်ဖြင့် အပေါ်သို့မြှောက်လျှင် သစ်တုံးပေါ်တွင်ရပ်နေသော ဘယ်ခြေကလည်း အပေါ်သို့ လိုက်မြှောက်ရသည်။ထိုအဆင့်တွင် ရေတုံကင်မှ ရေများ ကျမလာသေး။မြှောက်ထားသော ဘယ်လက် က  လက်နှိပ်တံကို အောက်သို့ဖိချလိုက်လျှင် မြှောက်ထားသော ဘယ်ခြေသည်လည်း အောက်ဘက် သစ်တုံးပေါ်သို့ ပြန်ချလိုက်ရသည်။ထိုအခါမှ ရေတုံကင်မှ ရေများကျလာပါသည်။
         ထိုနည်းအတိုင်း ဘယ်ဘယ်အခြမ်းကို အကြိမ်ငါးဆယ်နှိပ်ပြီးလျှင် ညာဘက်အခြမ်းကို
လည်း ထိုနည်းတူစွာ အကြိမ်ငါးဆယ် ပြောင်းနှိပ်ရပါသည်။လက်နှိပ်တံကိုအပေါ်သို့ ကျွန်မမြှောက်လိုက်ရ ခြင်းသည် ကျွန်မ၏လက်မောင်းရှေ့ကြွက်သား(ငြခနဈ)ကစားရခြင်းဖြစ်ပြီး အောက်သို့တွန်းချလိုက်ရချိန်သည် ကျွန်မ၏ လက်မောင်းနောက်ကြွက်သား(ွှမငခနဈ) ကစားရခြင်းဖြစ်ပါသည်။ထို့အတူ အောက်ခြေထောက်များ လိုက်မြှောက်၊လိုက်ချ လုပ်ရခြင်းသည်လည်း ပေါင်နှင့် တင်ပါးကြွက်သားများအတွက် ကစားပေးရခြင်းဖြစ်ပါသည်။လက်နှိပ်တံအောက်ဘက် ရေကျလာမည့်နေရာတွင် သွပ်ကန်တော့ အကြီးတစ်ခုတပ်ဆင်ထားပြီး ကန်တော့၏ထိပ်တွင် ရေပိုက်တပ်ဆင် ထားကာ ထိုရေများသည်ကျွန်မတို့အိမ်ရှေ့ အုတ်ကန်ကြီးထဲသို့ ကျသွားခြင်းဖြစ်ပါသည်။
          ကျွန်မသည် ရေတုံကင်နှိပ်ခြင်းအလုပ်ကို မနက်တစ်ကြိမ်၊ညနေတစ်ကြိမ်လုပ်ရပါသည်။ကျွန်မတွင် အစ်ကိုမောင်တွေ သုံးယောက်တောင် ရှိသော်လည်း မည်သူမှ မနှိပ်ရဘဲ ကျွန်မ နှိပ်ထားပေးသော ရေကိုသာ အရံ သင့်ချိုးကြပါသည်။ထိုအချိန်က ကျွန်မစိတ်ထဲတွင် အဖေသည် ကျွန်မကို တမင်တကာ နှိပ်စက်နေသည်ဟုပင် ထင်ခဲ့မိပါသည်။ဤနည်းဖြင့် ကျွန်မ၏အချိုးအစား         
ပုံပေါ်လာကာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ပါသည်။အဖေ ရန်ကုန်သို့တာဝန်ဖြင့် ပြောင်းရွေ့လာရချိန်တွင် အားကစားရုံများ၌ ကျွန်မကို စနစ်တကျ ကစားစေခဲ့ပါသည်။အဖေ၏ရည်မှန်းချက်အတိုင်း  မြန်မာနိုင်ငံ၏ အမြင့်ဆုံးမယ်ဘွဲ့ကို ရရှိခဲ့ပြီးသည့်နောက်ပိုင်း ထိုအတတ်ပညာဖြင့် ဆက်နွယ်သည့် အသက်မွေးခွင့် ရလာခဲ့သောအခါမှ ကျွန်မအဖေ၏ ပံ့ပိုးမြေတောင်မြှောက်ပေးမှုကြောင့် ဆိုသည်ကို သိလာရပါသည်။ထို့ကြောင့်ပင် အဖေက“ညည်းရခဲ့တဲ့ဆုတွေ ညည်းတော်လို့ချည်း မထင်နဲ့၊အဖေ တွန်းတွန်းထိုးထိုး လုပ်ခဲ့လွန်းလို့ ရတာ”ဟု ပြောဖူးပါသည်။
        တစ်ကယ်လည်း ကျွန်မ ဘ၀တွင် တစ်ယောက်ယောက်က ဘေးမှ တွန်းအား ပေးနေမှသာ ဆုံးခန်းတိုင် အောင်မြင်အောင် လုပ်နိုင်ခဲ့ပါသည်။ကျွန်မ၏ ဥာဉ်သည် အစကောင်းအောင် လုပ်တတ်သော်လည်း အနှောင်းသည် ဘယ်တော့ မသေချာခဲ့ပါ။ရရှိထားသည့် ဘွဲ့ဖြင့် ဘာလိုမှ မပတ်သက်သော ကျွန်မ၏ အသက်မွေးဝမ်းကြောင်းမှုသည် ကျွန်မဘ၀နေထိုင်မှု အတွက် အဆင်ပြေနေသောအခါ ကျွန်မ၀ါသနာနှင့် ကျွန်မ၏ အသက်မွေး မှုသည် တစ်ထပ်တည်း ကျသလိုထင်ခဲ့မိပြန်သည်။အလေးတုံးများ၊ရော့တံများကြား၌ ကျင်လည်ခဲ့ရ သည့်နှစ် အတန်ငယ် ကြာလာသောအခါ ငြီးငွေ့သည် မဟုတ်သော်လည်း စိတ်ကျေနပ်မှုကို မပေးစွမ်း နိုင်ပြန်ပါ။ွှ့န ဘမငိါန ကဗျာထဲကလို ၀င်လာ၊ထွက်သွားသော သင်တန်းသူများ ပြောင်းလဲသွားသော်လည်း ကျွန်မနှင့်အလေးများကတော့ အငြိမ်ရပ်နေသလို ခံစားရ၍ဖြစ်ပါ သည်။
       ငယ်စဉ်ကတည်းက စာဖတ်ခြင်းကို ၀ါသနာပါခဲ့သော်လည်း စာရေးကြည့်ဖို့ကို ဘယ်တုန်းကမှ စိတ်ကူးမကြည့် ခဲ့ဖူးပါ။ စကားပြောရာတွင်တော့ သူတစ်ပါးနားထောင်ချင်အောင် ပြောတတ်သည်ဟု ကျွန်မ ပတ်ဝန်းကျင်ကသူများက ကျွန်မကို မှတ်ချက်ပေးဖူးကြပါသည်။ဤသည်မှာလည်း စာများများဖတ်သူတို့၏ ထုံးစံအတိုင်းပင် ဖြစ်ပါသည်။စာပေထဲမှ အသိကို လက်တွေ့ဘ၀ထဲသို့ ဆွဲယူပြောတတ်သောကြောင့် နားထောင်ချင်စရာ ကောင်းနေတာဖြစ်ပါလိမ့်မည်။ကျွန်မ သိသမျှကို သူတစ်ပါးအားလည်း သိစေချင်ပါသည်။တစ်ဖက်လူ စိတ်ဝင်စားသည် မ၀င်စားသည်ကို ကျွန်မ မတွေးတောသောကြောင့် ကျွန်မသည် စကားများသောသူ တစ်ယောက်ဖြစ် နေပြန်ပါသည်။ကျွန်မ ပြောချင်သမျှကို ဒဏ်ခံပြီး နားထောင်ပေးနိုင်သူမှာ ကျွန်မ အမျိုးသားပင် ဖြစ်ပါသည်။
           ကျွန်မ သင်တန်းချိန်ပြီး၍ အမျိုးသား ရုံးမှပြန်ရောက်လာသောအခါ ကျွန်မ အလု
အယက် ဆွေးနွေးသမျှကို နားထောင်ပေးလေ့ရှိပါသည်။အမျိုးသားက နေပြည်တော်သို့ အလုပ်တာဝန်ဖြင့် ပြောင်းရွေ့သွားရ သောအခါ အိမ်တွင် အမျိုးသားစတင်ပေးခဲ့သည့် စာဖတ်ဝိုင်းလေးရှိနေပါသည်။စာဖတ်ဝိုင်းမှ ကလေးများက အသီးသီး လုပ်ငန်းခွင်သို့ ၀င်သွားကြသောအခါ ကျွန်မမှာ စကားပြောဘက်မရှိဖြစ်သွားပါသည်။ကျွန်မ၏ သမီးကလည်း ငယ်သေးပြီး အိမ်မှာ အကူအညီပေး နေသော ကောင်မလေးများနှင့်လည်း ပြောချင်သည့် စကားများက ဘက်မညီဖြစ်နေသောအခါ ကျွန်မပြောချင်သမျှကို စာရေးခြင်းဖြင့် ရင်ဖွင့်ကြည့်မိပါတော့သည်။       ကျွန်မရေးထားသမျှ စာမူများကို မိတ်ဆွေတစ်ချို့နှင့် သင်တန်းသူများကို ပေးဖတ်ကြည့်သောအခါ (အားနာ၍ပဲလားမသိ)ကောင်းသည်ဟု ချီးမွမ်းကြပါသည်။ ကျွန်မ၏ ဆောင်းပါးတစ်ပုဒ်ကို မိတ်ဆွေတစ်ယောက်က စာအုပ်တိုက်တစ်ခုကို ပို့ကြည့်ပေးသောအခါ အရွေးချယ်ခံရပါသည်။မဂ်္ဂဇင်းစာမျက်နှာပေါ်တွင် ကိုယ်ရေးလိုက်သည့် ဆောင်းပါး ဖော်ပြပါရှိလာသောအခါ ခံစားလိုက်ရသည့် ပိတိသည် ကျွန်မဘ၀တွင် တစ်ခါမှ မခံစားခဲ့ရဖူးသည့်  ပိတိဖြစ်နေပါသည်။ထိုမှတစ်ဆင့် အခြားဂျာနယ်တိုက်များနှင့် စာအုပ်တိုက်များသို့ ကျွန်မ၏ဆောင်းပါးများ ပေးပို့ကြည့်မိပါသည်။ဂျာနယ်များ၏ စာမျက်နှာထက်မှာ ဖော်ပြပါရှိလာသော  ကျွန်မ၏ဆောင်းပါးများကို ကျွန်မပြန်ဖတ်ရသည်မှာ ရင်ခုန်တတ်စ အရွယ်တွင် ပထမဦးဆုံး ရရှိဖူးသည့် ရည်းစားစာကို ဖတ်ရသလို အကြိမ်ကြိမ် ဖတ်ကြည့်၍ မ၀နိုင် ဖြစ်ခဲ့ရပါသည်။
            ကျွန်မ ဘ၀တွင် မည်သူတစ်ဦးတစ်ယောက်ကမှ မတိုက်တွန်းရဘဲ စတင်လုပ်ခဲ့မိ
သည့် အလုပ်သည် စာရေးခြင်းပင်ဖြစ်ပါသည်။ထို့ကြောင့် စာရေးခြင်း အလုပ်သည် ကျွန်မ၏ကိုယ်ပိုင် အရည်အချင်းအစစ်ဟု ခံစားမိပါသည်။ငယ်ရွယ်စဉ်က ပြိုင်ပွဲများတွင် ဆုရခဲ့ခြင်းကို ကျေနပ်ပိတိဖြစ်ဖူးခဲ့သော်လည်း အမေမွေးပေးလိုက်သည့် ရုပ်ရည်နှင့် အဖေလေ့ကျင့်ပေးခဲ့သည့်  ခန်္ဓာကိုယ် အချိုးအစားသည် ကျွန်မ၏ အရည်အချင်းအစစ်အမှန်များ မဟုတ်ခဲ့။အသက်သုံးဆယ်ကျော် အရွယ်မှ ကိုယ့်ဝါသနာနှင့်ကိုယ့်အရည်အချင်းကို သိရသည်မှာ ကျွန်မ ညံ့ရာကျနေသည် ဖြစ်သော်လည်း ထိုအတိုင်း အမှန်ပင်ဖြစ်ပါသည်။
            ကျွန်မရေးသည့် စာမူကို အမျိုးသားက ဖတ်ကြည့်ပေးပြီး စကားလုံးအချို့ကို ပြင်ပေး လျှင်  သူ့စေတနာကို သိသော်ငြားလည်း ကျွန်မမှာ မကြိုက်ဖြစ်ရပါသည်။ရှားရှားပါးပါး သိလိုက်ရသည့် ကျွန်မ အရည်အချင်းတွင် တစ်စုံတစ်ယောက်၏ အကူအညီပါသွားမှာ မလိုလားခဲ့။အလင်းတန်းဂျာနယ်တွင် ပါလာသည့် ကျွန်မ၏ ပရဟိတဆောင်းပါးကြောင့် အလှူရှင်တွေပေါ်လာပြီး စာအုပ်တိုက်တွင် ထိုအလှူရှင်များနှင့် တိုက်ရိုက် ကျွန်မဖုံး ပြောခွင့်ရလိုက် သောအခါ စာရေးဆရာဆိုသည့်ဘ၀ကို ပို၍တန်ဖိုးထား လာခဲ့မိသည်။အမျိုးသားက “ ဆရာ တို့က တော်တယ်နော်၊စာရေးသူကို စိတ်ဓာတ် ဘယ်လိုမြှင့်တင် ပေးရမယ်ဆိုတာ သိတယ်၊ ဒီစာရေးဆရာမ စာအုပ်တိုက်ကို လာတဲ့အချိန် မှာ စာအုပ်တိုက်က ကလေးတစ်ယောက်ကို အပြင်ကနေ ဖုံးခေါ်ခိုင်းလိုက်တာ”ဟု ကျွန်မကို စ သည့်အခါမှာတော့ သူ စ နေမှန်းသိလျက်နဲ့ပင် ကျွန်မမှာ စိတ်ဆိုးလိုက်သည့်ဖြစ်ခြင်း။
            အလင်းတန်း ဂျာနယ်တွင် ကျွန်မ၏ ဆောင်းပါးသုံးလေးကြိမ်ပါဖူးရုံမျှနှင့် ကျွန်မမှာ အလင်းတန်းဝိုင်းတော်သားပဲ ဖြစ်နေသလိုလို ပြောတတ်သောကြောင့် အမျိုးသားက နားကြားပြင်းကတ်ကာ ကျွန်မကို စ နေခြင်းဖြစ်ပါသည်။တေးရေးဆရာ၊စာရေးဆရာ အရိုးရေးသည့် ဆောင်းပါးတစ်ပုဒ်တွင် သူစာရေးစ အချိန်တုန်းက စာအုပ်တိုက်တစ်ခုသို့ သူ့စာမူ ယူဖြစ်၊မယူဖြစ် သွားမေးသည့်အခါ “ဆရာ့ စာမူကို သုံးဖြစ်လားဆိုတာ မေးကြည့်ပေးမယ်နော်လို့” ပြောတာကြောင့်  သူ့ဘ၀တွင် တစ်ကြိမ်တစ်ခါမှ ဆရာအခေါ်မခံခဲ့ရဖူးသဖြင့် တစ်သက်လုံး စာရေးဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်းဖတ်လိုက်ရသည်။သူ့အရေးနှင့်သူ့ခံစားချက်ကို ကျွန်မသဘော ကျမိခဲ့ပါသည်။
      ကျွန်မကတော့ ကျွန်မတို့ပြောချင်သည့် အကြောင်းအရာများကိုလည်း ဖော်ပြပေးပြီး စာမူခပါ ရသည့် ထိုစာရေးခြင်းအလုပ်ကို နှစ်သက်ခုံမင်မိပါသည်။ဟုတ်သည်လေ၊ စာအုပ်တိုက်များကို ကျွန်မတို့စာမူကိုထည့်ပေးပါ၊ကျွန်မတို့က စာမူခပေးပါ့မည်ဟု လုပ်လို့မှ မရဘဲ။ကျွန်မသည် စာပေအရိပ်ကို ခိုလှုံနေပြီဟုတော့ မပြောဝံ့သေးပါ။စာပေရိပ်၏ ကိုင်းဖျား ကိုင်းနား နေရာတွင်တော့ စတင် ခြေချမိနေပါပြီ။ စာပေအတွက် ရှေ့ဆက်ရမည့် ခရီးက များစွာ ကွာလှမ်းလှသေးသော်လည်း ကျွန်မ၏ ၀ါသနာအစစ် အမှန်သည် ဘာလဲဆိုသည်ကိုတော့ ကိုယ်တိုင် သေချာ သိလိုက်ရပါပြီ။


                                                       
                                                        နေ့လည်-၁၂နာရီ၊၃၂မိနစ်
                                                       ၂၂ရက်၊၇လ၊၂၀၁၀ပြည့်နှစ်။

        

0 comments:

Post a Comment