ပျော့သော နှီးဖြင့် ခိုင်အောင်ချည်
အခန်း(၁)
“မြင့်” တစ်ယောက်ထမင်းဘူးအသစ်လေးထဲ ဟင်းထည့်နေရင်း ပြီးခဲ့တဲ့တစ်ပတ်က “ကို့”စကားကို
ပြန်ကြားယောင်နေတယ်။“မြင့်ရေ-ကို့ကို ထမင်းဘူးသပ်သပ်ခွဲထည့်ပေးကွာ၊မင်းနဲ့တစ်ရုံးထဲဆို
ပေမဲ့ စက်ရှင်မတူတော့ “ကို”ဗိုက်ဆာလို့လာတဲ့အချိန် မင်းကမအား၊မင်းဗိုက်ဆာတဲ့အချိန် ကိုယ်ကအလုပ်ရှုပ်နဲ့ အဆင်မပြေဘူး”တဲ့။အရင်တုန်းကလည်း ဒီလိုပဲအားတဲ့အချိန်တူအောင်လုပ်
ပြီးထမင်းစားနေကျပါ။ရုံးမှာရှိတဲ့စုံတွဲတွေတိုင်း စက်ရှင်မတူလည်း ထမင်းအတူစားနေကျတာပဲ။
လင်မယားမဖြစ်ခင် သမီးရည်းစားဘ၀မှာတောင် အတူစားကျသေးတာပဲ။ရုံးကလူကြီးတွေက လည်းထမင်းအတူစားကျတဲ့ လင်မယားမပြောနဲ့ ရုံးသူ ရုံးသားအုပ်စုတွေကိုတောင် ထမင်းစားချိန်
ရောက်ရင် “ဟိုမှာ အုပ်စုလူစုံနေပြီ ညည်းကိုစောင့်နေတာထင်တယ်” ဆိုပြီး လုပ်လက်စအလုပ်ကို
အရေးမကြီးရင် ရပ်ခိုင်းပြီး ထမင်းစားဖို့ခွင့်ပြုသေးတာ။အခုမှ “ကိုကိုဌေး”တစ်ယောက်ဘာလို့
အဆန်းတစ်ကြယ် လုပ်ပြောနေတယ်ဆိုတာ “မြင့်”သိပါတယ်။
ဘွဲ့ရပြီးစ အသက်ဆယ့်ကိုး၊နှစ်ဆယ်အရွယ်ထဲက ဒီရုံးမှာ လုပ်အားပေးဝင်လုပ် ရင်း သုံးနှစ်လောက်ကြာတော့ ပါမင့်နင့်ဖြစ်ပြီး၊ကိုကိုဌေးနဲ့လည်းဒီရုံးမှာပဲ တွေ့ခဲ့ကြတာ။ကိုကိုဌေးက မနှစ်ကမှ ဏှဃ ၀င်ဖြေပြီးအောင်တော့ စာရင်းကိုင် ၃ ကနေ ဦးစီးအရာရှိဖြစ်သွား တာ။သူ့ငွေစာရင်းဌာနမှာပဲ သူကပြန်ရပြီး၊ကိုယ်ကတော့ စက်ရုံနဲ့သုတေသန ဌာနမှာပဲ အကြီးတန်းစာရေးဘ၀နဲ့ရပ်နေတာ တော်တော်ကြာပါပြီ။ပရိုမိုးရှင်းဝင်ဖြေလို့အောင်ခဲ့ရင် နယ်သွားရမှာကြောက်လို့ဝင်မဖြေတာတောင်သုံးနှစ်ရှိသွားပြီ။
အခန်း(၂)
“မမမြင့် အစ်ကိုဌေးကို ကြည့်ထိန်းအုံးနော်၊ရုံးအလုပ် အိမ်အလုပ်တွေနဲ့ပဲရှုပ် မနေနဲ့အုံး။မမမြင့်သတိမထားမိဘူးလား၊ဆွေတောင်သိတယ်။”
ရုံးရောက်လို့ ဆွဲခြင်းချရုံပဲရှိသေးတယ်၊ယောင်းမ “ဆွေဆွေဌေး”တစ်ယောက် ကျွန်မစားပွဲနား ရောက်လာပြီး ဒေါနဲ့မောနဲ့ပြောနေပါတော့တယ်။ကိုကိုဌေး ညီမ ဆွေဆွေဌေးကတော့ စီမံစက်ရှင် ကပါ။
“စောစောစီးစီး ဘာတွေဖြစ်လာတာလဲ ဆွေရယ်”
“ဘာဖြစ်ရမှာလဲ အစ်ကိုဌေးနဲ့ ဒေါ်တင်မာလတ် အနေအထိုင်ကိုပြောနေတာ ၊မမမြင့်တစ်ကယ် မသိတာလား”။
“ဟဲ့ တိုးတိုးပြောပါယောင်းမရယ် နာမည်ကြီးထည့်ပြောနေတာ သူများတွေကြား
သွားလို့ ကာယကံရှင် အနေခက်နေပါ့မယ်”။
“အို ဘာမှတိုးတိုးပြောမနေနိုင်ပါဘူး၊တစ်ရုံးလုံးသိနေကြတာ ဘယ်သူကြားမှာကိုမမ မြင့် ကစိုးရိမ်နေသေးတာလဲ၊တစ်ခြားသူတွေကတောင် ဆွေကို မမမြင့်ကိုသတိပေးခိုင်းနေကြတာ။
“မဟုတ်ပါဘူးဆွေရယ် ဒေါ်တင်မာလတ်နဲ့မမမြင့်လည်း ခင်နေကြတာပဲဟာ၊သူတို့နှစ်ယောက်က
လုပ်ငန်းသဘောအရ အတွဲများနေလို့ လူတွေတစ်မျိုးထင်နေတာပါ။”
“ဒါဆိုတစ်ရုံးထဲအတူရှိနေတဲ့ မိန်းမနဲ့တောင် ထမင်းအတူလာမစားတော့တာ ဘာသဘောလဲ၊လုပ်ငန်းသဘောအရဆိုပြီး ဒေါ်တင်မာလတ်နဲ့ ထမင်းအတူစားဖို့ ဘယ်လူကြီးက
မှတာဝန်ပေးမထားဘူးထင်ပါတယ်။တော်ပါပြီ မမမြင့်ရယ် ဆွေ့အဖြစ်က အိုးကမပူ စလောင်းကပူနေတဲ့အဖြစ်၊အငယ်ကောင် နေမကောင်းလို့ဆို အခုဘယ်လိုနေသေးလဲ”။
ဆွေဆွေဌေးတစ်ယောက် သူ့အစ်ကိုအကြောင်းပြောနေရင်းက သူ့တူအငယ်ကောင် နေမကောင်း တာကို သတိရသွားပါတယ်။
“သက်သာသွားပါပြီ၊ဆေးခန်းတော့ နှစ်ရက်ဆက်တိုက်သွားလိုက်ရတယ်။စနေ၊တနင်္ဂနွေနှစ်ရက်လုံး မနားလိုက်ရပါဘူးဟယ်။တစ်ယောက်ထဲ ဂျင်ဂျင်ကိုလည်နေတာ”
“အစ်ကိုဌေးက ဘယ်ရောက်နေလို့လဲ”
“အဲ ဒေါ်တင်မာလတ်တို့ အိမ်မှာ ဘုရားကိုးဆူရှိလို့တဲ့ ၊နှစ်ရက်လုံးသွားကူနေရတယ်”။
“မပြောတော့ဘူး ၊မမမြင့် ခံနိုင်လို့ခံတာ ဆွေ့အပူမပါဘူး သွားပြီ”။
ပြောပြောဆိုဆို ဆွေဆွေဌေးတစ်ယောက် ရုံးတက်လက်မှတ်ထိုးဖို့ ထွက်သွားပါတော့တယ်။ယောင်း မလုပ်သူရဲ့ နောက်ကျောကိုကြည့်ရင်း မြင့်တစ်ယောက် သက်ပြင်းချလိုက်မိပါ တော့တယ်။ အခန်း(၃)
“မမြင့်ထူး ညွှန်မှူးကအားရင် ခဏလာခဲ့ပါအုံးတ”ဲ့ အခန်းဖော် ဒေါ်တင်အေးမြင့်က လှမ်းပြောလိုက်တာပါ။
“ဟုတ်ကဲ့ မတင်အေး အခုလုပ်နေတဲ့ စာရင်းတွေပြီးရင်သွားလိုက်ပါ့မယ်။”
တစ်နိုင်ငံလုံးမှာရှိတဲ့ ဌာနပိုင်စက်ပစ်္စည်းတွေ စာရင်းကောက်တာလုပ်ရင်း စဉ်းစားနေမိတယ်။ညွှန်မှူး စက်ပစ်္စည်းစာရင်းတွေ ကွာလို့ခေါ်ပြန်ပြီထင်တယ်၊နယ်စခန်းတွေကလည်း ဘယ်တော့မှ တစ်ခါတည်းနဲ့ အမှန်မရဘူး။လုပ်လက်စ စာရင်းတွေ အစသတ်ပြီး ညွှန်မှူးအခန်းထဲဝင် လာခဲ့ပါတယ်။
“ညွှန်မှူးခေါ်တယ်ဆိုလို့”
“အေး ခဏထိုင်ပါအုံး”
ညွှန်မှူး ဦးမောင်သန်းတစ်ယောက် မြင့်မြင့်ထူးကိုမော့မကြည့်ဘဲ ပြောလိုက်ပါတယ်။သူ့စားပွဲပေါ်မှာလည်း စက်ပစ်္စည်းစာရင်းတွေ တစ်ထပ်ကြီးပါပဲလား၊စာရင်းကွာတဲ့ကိစ်္စသေချာ နေပါပြီ။
“ဒေါ်မြင့်မြင့်ထူး ဒီတစ်ခါ ပရိုမိုးရှင်းစာမေးပွဲဝင်ဖြေလိုက်လေ၊ဌာနခွဲစာရေးဖြစ်ရင်တော့ စာရင်းကိုင် (၂)ရာထူး လစ်လပ်တော့မှာ တစ်နေရာရှိတယ်။ဒေါ်ခင်ထားက သူ့အမျိုးသားတာဝန်
ကျတဲ့ စက်ရုံကိုပြောင်းချင်လို့ တင်ထားတယ်။ဌာနခွဲစာရေးကနေ စာရင်းကိုင် (၂)ပြောင်းဖို့ဆို
“မမြင့် ညွှန်မှူးခေါ်တယ်” စီမံရေးရာညွှန်မှူးရဲ့ ပီအေဖြစ်သူ ကိုစိုးနိုင်က ကန်တီးက အထွက်မှာ
လှမ်းအော်ပါတယ်။ကိုစိုးနိုင်ကိုတစ်ရုံးလုံးက “ကိုကြီးစိုး”လို့ခေါ်ကြပါတယ်။
“ကိုကြီးစိုး ဘာလို့ခေါ်တာလဲဟင်”
“မသိဘူး ဒေါ်မြင့်မြင့်ထူးကိုတွေ့ရင် ငါ့အခန်းခဏလွှတ်လိုက်ဆိုလို့ အရေးတကြီးတော့ မရှိဘူးထင်ပါတယ်”။
“ကျွန်မလက်မှတ်ထိုးပြီး လာခဲ့မယ် ကိုကြီးစိုး”
ရုံးတက်လက်မှတ်ထိုးတဲ့စာအုပ်ကို ရုံးအုပ်ကြီး ဒေါ်စန်းစန်း စားပွဲလာပြန်ထားရင်း တစ်ခါတည်း
ခွင့်တောင်းလိုက်ပါတယ်။
“ရုံးအုပ်ကြီး ကျွန်မစီမံဘက် ခဏသွားလိုက်အုံးမယ် ညွှန်မှူးခေါ်တယ်ဆိုလို့”
“ရတယ် -ဒေါ်မြင့်ထူး စစ်ကိုင်းအဖွဲ့တွေကို လချုပ်ရှင်းဖို့ ဒီနေ့ဘယ်အချိန်ချိန်းထားလဲ”
“ဆယ်နာရီခွဲမှပါ ရုံးအုပ်ကြီး”
“သြော် စောပါသေးတယ်-သွား သွား ဒေါ်မြင့်ထူး”
ညွှန်မှူး(စီမံ)အခန်းရှေ့မှာ ဧည့်သည်တစ်ယောက် စောင့်နေတာတွေ့ရတယ်၊ဒါဆိုအခန်းထဲမှာ လည်းဧည့်သည်တွေ့နေတယ် ဆိုတဲ့သဘောပေါ့။ညွှန်မှူးက ကုမ်္ပဏီဧည့်သည်တွေဆိုရင် အဖွဲ့ခွဲ
ပြီးလက်ခံတွေ့ဆုံလေ့ရှိပါတယ်။
“ကိုကြီးစိုး ညွှန်မှူးအလုပ်ရှုပ်နေလား၊ကျွန်မနေ့လည်မှ တစ်ခါထပ်လာခဲ့မယ်”
“မရှုပ်ဘူး မမြင့် အထဲကဧည့်သည်တွေထွက်လာတော့မယ်၊အပြင်ကတစ်ယောက်ကလည်း
ညွှန်မှူးလက်မှတ်ယူရုံတင်ပါ ခဏစောင့်လိုက်”။ဆယ်မိနစ်လောက်ပဲစောင့်လိုက်ရတယ် ညွှန်မှူး
အခန်းထဲဧည့်သည်တွေရှင်းသွားပါတယ်။ “ကိုကြီးစိုး -ကျွန်မအခန်းထဲဝင်ပြီနော်” ကိုကြီးစိုးကို
အသိပေးပြီး ကျွန်မညွှန်မှူးအခန်းထဲ ၀င်ခဲ့ပါတော့တယ်။
အခန်း(၅)
“လာ -မမြင့်ထူး ကိစ်္စတော့ အထွေအထူးမဟုတ်ပါဘူး၊အထက်မြန်မာပြည်မှာ အသစ်ဖွင့်တဲ့စက်ရုံ
အတွက် နေရာလပ်တွေအများကြီးရှိတယ်၊အထူးသဖြင့် ဦး/ရှိ ပို့စ်ပေါ့။အဲဒါ ဦးကိုဌေးကိုများသွား
စေချင်သလားလို့ပါ၊ဆွေဆွေဌေးကလည်း သောကြာနေ့က လာပြောထားလို့”။
ညွှန်မှူး(စီမံ) ဆရာ ဦးထွန်းညီက ပြောလက်စ စကားရပ်ပြီး ကျွန်မကိုကြည့်နေပါတယ်။ကျွန်မတို့ရုံးက ညွှန်မှူးအားလုံး စိတ်သဘောထားပြည့်ပြီး၊၀န်ထမ်းတွေကိုမိသားစုလိုဆက်ဆံလေ့
ရှိပါတယ်။အဲဒီထဲကမှ စီမံညွှန်မှူးကိုတော့ ပိုချစ် ပိုလေးစားကြပါတယ်၊ငွေရေးကြေးရေးမှအစ၊ မိသားစုအရေးအဆုံး လိုအပ်ရင်လိုအပ်သလို ရင်ဖွင့်ပြီး အကူအညီတောင်းရဲကြပါတယ်။အခု လည်း ဆွေဌေးတစ်ယောက် သူ့အစ်ကိုအကြောင်း ရင်ဖွင့်ထားတယ်ထင်ပါတယ်။
“ပြော -မမြင့်ထူး ဘာလုပ်ချင်လဲ၊ဆွေဌေးပြောသလို တစ်ကယ်ဆိုရင်လည်း အလုပ်သဘောရ
အတူတွဲမလုပ်ရတော့ရင် အဆင်ပြေသွားမယ်ထင်တယ်”။
“ဆွေဌေးထင်သလို မဟုတ်ပါဘူးဆရာ၊အဲဒီတစ်ယောက်နဲ့ ကျွန်မလည်းခင်မင်ရင်းနှီးပါတယ်၊
ကျွန်မတို့အိမ်ကိုလည်း ၀င်ထွက်သွားလာနေတာပါ။ဦးကိုဌေးကိုလည်း မပြောင်းစေချင်ပါဘူး၊သူ
ပြောင်းသွားမယ်ဆိုရင် စားအိုးကနှစ်အိမ်ထောင် ကွဲသွားမှာဆိုတော့ ပိုကုန်မယ်ဆရာ။ပြီးတော့
နှစ်ဖက်မိဘတွေကလည်း ရန်ကုန်မှာပဲ၊ကလေးနှစ်ယောက်ပညာရေးကိုလည်း ရန်ကုန်မှုာပဲထား
ချင်ပါတယ်”။
“အေးပါ ကျုပ်ကလည်းအတင်းမပြောင်းခိုင်းပါဘူး၊မမြင့်ထူးတို့မိသားစု အဆင်ပြေတယ်ဆို ရုံးချုပ်မှာပဲဆက်ထားမှာပါ။လုပ်ငန်းသဘောအရ တွဲလုပ်နေရတာဆိုတော့ တစ်ခါတစ်ရံလည်းကောလဟလအပြောခံရတတ်ပါတယ်”။
ညွှန်မှူးကတော့ ဒီလောက်ပဲမှတ်ချက်ပေးပါတယ်။
အခန်း(၆)
ဆွေဆွေဌေးက လူကြီးတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်ပြောလိုက်၊ကျွန်မက မဟုတ် ကြောင်းဖြေရှင်းလိုက်နဲ့ လေးငါးခြောက်လ လောက်ကြာလာတော့ ကိုကိုဌေးတို့ကိစ်္စကို ဘယ်သူ မှ စကားထဲထည့်ပြောကြတော့ပါဘူး။လူကြီးတစ်ယောက်ကဆို ဆွေဆွေးဌေးကို “အပျိုကြီး ဘာမှ မသိဘဲ သူများလင်မယားကြားဝင်မရှုပ်နဲ့၊ကိုယ့်ဟာကိုယ်နေ”တဲ့။အဲဒီလိုအပြောခံရပြီးထဲက
ဆွေဌေးလည်း အဲဒီအကြောင်းကို စကားတောင်မဟတော့ဘူး။ကျွန်မကိုတော့ “တော်ပြီ မမမြင့်ရေ
ဆွေ့ထမင်း ဆွေစားပြီးသူများအမုန်းမခံတော့ပါဘူး”လို့တော့ ခနဲ့ပါတယ်။
ကိုကိုဌေးတို့ကိစ်္စကို ရုံးကလူတွေ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပေမဲ့ မေ့ပျောက်လို့မရနိုင်တာ တော့ ကျွန်မပါပဲ။အိမ်ရောက်လို့ သူ့မျက်နှာကိုမြင်လိုက်ရရင် ကျွန်မမှာ မကျေနပ်တဲ့စိတ်တွေ
ပေါ်လိုက်၊သူမိုလို့လုပ်ရက်တယ်ဆိုပြီး ဒေါသဖြစ်လိုက်နဲ့ တစ်ယောက်ထဲယောက်ယက်ခတ်ရပါ
တယ်။တစ်ခါ တစ်ခါ ပွင့်ပွင့်လင်းလင်းမေးလိုက်ပြီး ရန်ထဖြစ်ရင်ကောင်းမလားလို့တွေးမိ ပါတယ်။အဲဒီလိုမေးလိုက်လို့ သူက ဟုတ်ပါတယ်ဆိုရင် ငါဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းကို
ကိုယ်ဘာသာ အကြိမ်ကြိမ်မေးကြည့်ပါတယ်။တိကျတဲ့အဖြေမထွက်ဘဲ တလည်လည်အတွေးတွေ
နဲ့ နောက်ဆုံးမှာတော့ ကျွန်မစိတ်ကိုဖြေနိုင်မဲ့ အသိတစ်ခု ထွက်လာပါတယ်။
အခုချိန်မှာ ငါလုပ်လို့ရတာကိုလုပ်ထားမယ်၊ဘယ်အရာမှမြဲတယ်ဆိုတာ မရှိပါဘူး။
သူ အဲဒီအမျိုးသမီးကို စွဲလန်းနေတာဆိုရင်လည်း အဲဒီစွဲလန်းမှုဆိုတာကြီးက အဆုံးမရှိမြဲ နေမှာမှ မဟုတ်တာ။အဆုံးသတ်သွားမဲ့တစ်ချိန်ဆိုတာရှိလာမှာပါပဲ၊ငါ ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ နေရမယ်။အပြောင်းအလဲတွေက ကောင်းတဲ့ဘက်ကို ဦးတည်သွားမှာပါ။စိတ်
လှုပ်ရှားပြီး ငါ စိတ်မနှံသူတစ်ယောက်လို လုပ်မိလုပ်ရာတွေ လျှောက်လုပ်နေရင် အခြေအနေတွေ ကပိုဆိုးကုန်နိုင်တယ် ဆိုတာပါပဲ။
အခန်း(၇)
ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ကိုကိုဌေးတစ်ယောက်အပြင်ကိုမထွက်ဘဲငြိမ်ချက်သား ကောင်းနေပါတယ်။ကျွန်မလည်းသူ့အရိပ်အခြည်ကို မသိမသာကြည့်နေတုန်း သူခြံထဲဆင်းသွား
တာတွေ့လိုက်ပါတယ်။ခဏနေတော့ “မြင့်ရေ -ကိုကို့ နှီးတစ် ပင်နှစ်ပင် လောက်ပေး စမ်းပါ၊ဒီမှာ မင်းဘူးစင်ကညွှတ်နေပြီ ကျိုးမကျခင် နှီးလေးတုပ်လိုက်ချင်လို့”။
ကျွန်မခြံထဲမှာ စားပင်သီးပင်လေးတွေ နည်းနည်းပါးပါးစိုက်ပျိုးထားပါတယ်။သိပ်မကျယ်တဲ့ မြေ
ကွက်လေးမှာ ရုံးပတေ၊ငြုတ်၊ပဲသီး၊ချဉ်ပေါင်နဲ့ဘူးပင်တွေစိုက်ထားတာပါ။ကျန်တဲ့အပင်တွေက
သိပ်မဖြစ်ထွန်းပေမဲ့ ဘူးပင်ကတော့ တော်တော်ဖြစ်ပါတယ်၊ကျွန်မထောင်ပေးထားတဲ့ စင်နဲ့မမျှ
အသီးအရမ်းသီးပါတယ်။အိမ်နီးချင်းတွေကိုပေးတဲ့အပြင် ရောင်းတောင်ရောင်းရပါတယ်။ရပ်ကွက်
ထဲကလူတွေက ဘူးညွှန့်၊ဘူးသီးလာတောင်းဝယ်ကြတာပါ။နောက်ဆုံး ဘူးသီးပုပ်တောင်ရောင်း
စားရပါတယ်။သီးလာတဲ့အသီးရဲ့ အလေးချိန်ကို စင်ကမခံနိုင်တော့ဘဲ ကျိုးချင်သလိုဖြစ်နေတာ
ကြာပြီ ကျွန်မလည်း ကိုကိုဌေးကို မပြောချင်တာနဲ့ ဒီအတိုင်းပစ်ထားတာ။
ကျွန်မပေးတဲ့ နှီးသုံးလေးပင် ယူပြီး ကိုကိုဌေးပြန်ဆင်းသွားပါတယ်။မကြာပါဘူး သူ့ အသံထပ်ကြားရပါတယ်။“မြင့်ရေ မင်းနှီးတွေက ကျွတ်နေတယ်တုပ်လို့မရဘူး အကုန်ကျိုးကုန်ပြီ
ရှိသေးရင်ထပ်ပေးအုံး”
“သိပ်မကျန်တော့ဘူး နည်းနည်းထိန်းပြီးတော့ ချည်ပေါ့”
ပြောရင်းနဲ့ကျန်နေတဲ့နှီးအကုန်ပေးလိုက် ပါတယ်။သူထပ်ချည်ပြီး နှစ်ပင်သုံးပင်လောက် ကျိုးကုန်တော့ “ကျန်နေတဲ့နှီးတွေကို ရေစိမ်ပေး ဒီအတိုင်းဆက်ချည်သွားရင် အကုန်သာ ကျိုးကုန် မယ် ဘူးစင်တုပ်လိုက်ရမှာမဟုတ်ဘူး”။ကျွန်မ နှီးတွေကိုရေခဏစိမ်ပြီး ပြန်ပေးလိုက်တော့မှ သူ
ဘူးစင်ကိုချည်လို့ရသွားပါတယ်။ဘူးစင်ကို နှီးချည်နေရင်းက ကျွန်မကို “နှီးဆိုတာ ရေလေးစိုပြီး ပျော့ပျောင်းနေမှ ချည်လို့ကောင်းတာ မြင့်ရဲ့၊မာမာကြီးဖြစ်နေရင် ဘယ်လောက်ချည်ချည်ပြတ်ထွက်ကုန်ရော၊ အလုပ်မဖြစ်ဘူး”။သူအမှတ်တမဲ့ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက ကျွန်မခေါင်းထဲမှာ လက်ခနဲ အတွေးတစ်ခုဝင်လာပါတယ်။“ဟုတ်တယ်၊ပျော့ပျောင်းနေမှ ခိုင်အောင်ချည်လို့ရတာ”။
အခန်း(ဂ)
တဖြည်းဖြည်းနဲ့ ကိုကိုဌေးတစ်ယောက် ဦးစီးအရာရှိသက်တမ်း လေးနှစ်ကျော်လာပါတယ်။
အဲဒီအချိန်မှာပဲ လေးနှစ်ပြည့်တဲ့ ဦးစီးအရာရှိတွေ ပရိုမိုးရှင်းဖြေဖို့အခွင့်အရေးတစ်ခုပေါ်လာပါတယ်။ငွေစာရင်းဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူးတစ်ယောက် ပင်စင်သွားတော့ သူရဲ့ လစ်လပ်နေရာအတွက် ဖြေရမှာပါ။ငွေစာရင်းလိုင်းဆိုတော့ စာရင်းအင်းကိုင်သူတွေနဲ့သာ သက်ဆိုင်တဲ့အတွက် ရုံးချုပ်မှာ ဦးစီးအရာရှိအများကြီးပေမဲ့ လူတိုင်းဝင်ဖြေလို့မရပါဘူး။ဒီလိုနဲ့
ဦးကိုဌေးတစ်ယောက် လက်ထောက်ညွှန်ကြားရေးမှူးဖြစ်လာပါတော့တယ်။
တစ်ခုသော သီတင်းကျွတ်မှာတော့ ဒေါ်မြင့်မြင့်ထူး တစ်ယောက် ကန်တော့ရမဲ့ပစ်္စည်း တစ်ပွေ့တစ်ပိုက်နဲ့ မနက်လင်းထဲက အိမ်ကထွက်ဖို့ပြင်နေပါတော့တယ်။တနင်္ဂနွေနေ့ဆိုတော့
ကလေးနှစ်ယောက်ကို သူတို့အဖေနဲ့ထားခဲ့ရမှာပဲ။စောစောစီးစီးအိပ်ယာထ သူတို့သားအဖတွေ
စားဖို့ချက်ပြုတ်ပြီးတာနဲ့ ရေချိုးအ၀တ်လဲနေတုန်း “ကိုကိုဌေး” အိပ်ယာကနိုးလာပါတယ်။
“မြင့် အစောကြီးဘယ်သွားမလို့လဲ”
“လူကြီးတစ်ချို့ကို သွားကန်တော့မလို့”
“ကိုတို့သားအဖကိုရော မခေါ်ဘူးလား”
“မလိုက်ပါနဲ့ ကလေးတွေနဲ့ အိမ်မှာပဲနေခဲ့၊မကြာဘူး နေ့ခင်းလောက်ပြန်ရောက်မယ်”
ပြောပြောဆိုဆိုနဲ့ပဲ အိမ်ကထွက်ခဲ့ပါတော့တယ်။
စက်ရုံနဲ့သုတေသနဌာနရဲ့ ညွှန်ကြားရေးမှူးအိမ်ကို အရင်ဝင်လိုက်ပါတယ်။ညွှန်မှူးက
“ဒေါ်မြင့်ထူး တစ်ယောက်ထဲလား၊ဦးကိုဌေးရော မပါဘူးလား၊ဘာလာလုပ်တာလဲ”
“ဦးကိုဌေးမပါဘူး ညွှန်မှူး၊ကျွန်မတစ်ယောက်ထဲ ညွှန်မှူးကိုတောင်းပန်စရာရှိလို့လာတာပါ”။
ညွှန်မှူးက ကျွန်မကို ဇဝေဇ၀ါနဲ့ လှမ်းကြည့်နေပါတယ်။
“ဒီလိုပါညွှန်မှူး လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်က ညွှန်မှူးအပါအ၀င်ညွှန်မှူး တွေအားလုံးကို
ညာပြောခဲ့မိလို့ပါ။ဦးကိုဌေးကိစ်္စက အဲဒီအချိန်တုန်းက ညွှန်မှူးတို့ထင်သလို တစ်ကယ်ဖြစ်တာ ပါ။ဒါပေမဲ့ ကျွန်မကပါဝန်ခံလိုက်ရင် တစ်ရုံးလုံးကို တရားဝင်အသိပေးသလိုဖြစ်သွားမှာ။လူကြီး တွေကလည်း ဦးကိုဌေးကို နယ်ပို့ပစ်လိုက်ကြမှာ၊အဲဒါဆို တစ်ကယ်ဒုက်္ခရောက်မှာက ကျွန်မတို့ မိသားစုပဲဆရာ။နှစ်အိမ်ထောင် အိုးခွဲပြီးစားရမဲ့စရိတ်၊ဦးကိုဌေး ခရီးစရိတ်တွေက အပိုကုန်တော့မှာ။
ဒါ့အပြင် ဦးကိုဌေးလည်း သူ့ရဲ့လုပ်သက်တစ်လျောက် အမည်းစက်ထင်နေ တော့မှာ၊အဲဒါကြောင့်
အဲဒီအချိန်တုန်းက ကျွန်မကို ဘယ်လူကြီးမေးမေး မဟုတ်ပါဘူးလို့ညာပြောခဲ့တာပါ။အခုတော့
သူတို့ဇာတ်လမ်းကလည်းပြီးသွားပါပြီ၊တစ်ယောက်ကလည်း သူ့အိမ်ထောင်နဲ့သူဖြစ်နေပါပြီ။ဒါပေမဲ့ ကျွန်မကိုယ်ကျိုးအတွက် ပြောခဲ့ကြတဲ့လူကြီးတွေကို ညာခဲ့မိလို့ ဒီသီတင်းကျွတ်မှာ လိုက်တောင်း ပန်တာပါဆရာ”။
ကျွန်မလည်းတစ်ဆက်တည်း စကားအရှည်ကြီးပြောချလိုက်ပါတယ်။
ညွှန်မှူးဦးမောင်သန်းက ခေါင်းတညိတ်ညိတ်နဲ့ ကျွန်မကိုကြည့်နေပါတယ်။ပြီးတော့မှ “အေး-မမြင့်ထူးက မယားအလိမ်္မာပဲ”တဲ့။စကားနည်းသူပီပီ တစ်ခွန်းပဲပြောပါတယ်။ညွှန်မှူးတွေအိမ်ကို တစ်အိမ်ဝင် တစ်အိမ်ထွက်သွားရင်း နောက်ဆုံးမှာ ကျွန်မ ညွှန်မှူး(စီမံ)အိမ် ကိုရောက်လာပါတယ်။
ကျွန်မအားလုံးရှင်းပြပြီးတော့ ညွှန်မှူး(စီမံ)ဦးထွန်းညီက “ကျွန်တော် မမြင့်ထူးရဲ့ သဘောထားကို အစောကြီးထဲကရိပ်မိပါတယ်။အခုတစ်ခေါက် ဦးကိုဌေးတို့ရဲ့ ပရိုမိုးရှင်းကိစ်္စ ဘုတ်ထိုင်တော့ ညွှန်မှူးအားလုံး ဒီကိစ်္စကိုပြောဖြစ်ကြတယ်၊ဦးကိုဌေးက လုပ်ငန်းပိုင်းမှာ တစ်ကယ်တော်တဲ့သူပါ။ငွေစာရင်းပိုင်းမှာဦးကိုဌေးလိုလူမျိုး လိုအပ်ပါတယ်ဗျာ။တစ်ကယ်လို့သာ မမြင့်ထူးက ဦးကိုဌေးရဲ့ကိစ်္စဟုတ်နေပါတယ်လို့ ငိုယိုပြီးလာပြောထားခဲ့ရင် ကျွန်တော်တို့ သူ့ပရိုမိုးရှင်းကိစ်္စကိုအနည်းနဲ့အများတော့ ထည့်စဉ်းစားရလိမ့်မယ်။မမြင့်ထူးက အမြော် အမြင်ရှိတဲ့မိန်းမပါ၊ကျွန်တော်တို့ကိုတောင်းပန်စရာမလိုပါဘူး၊ခွင့်လွှတ်ပါတယ်”တဲ့။
ကျွန်မလည်း လူကြီးတွေရဲ့ ချီးကျုးစကားနဲ့ ကျေနပ်ပြီးအိမ်ကိုပြန်ခဲ့ပါတယ်။အိမ်ရောက်တော့ “ကိုကိုဌေး” က “မြင့်- ဘယ်လူကြီးတွေမို့လို့ တစ်ယောက်ထဲသွားကန်တော့ ရတာလဲဟင်”တဲ့။ကျွန်မလည်းအကြောင်းစုံ သူ့ကိုရှင်းပြလိုက်ပါတယ်။“မြင့်”ကို “ကို”တစ်ကယ်လေး
စားပါတယ်၊အဲဒီအချိန်တုန်းက “မြင့်”သာ ဂမူးရှုးထိုးနဲ့ပူပူညံညံလုပ်ခဲ့ရင် အရှက်ကွဲရမဲ့အတူတူ
သူ့ကိုယူဖြစ်လိုက်မယ်ထင်တယ်။တစ်ကယ်တော့ အနေနီးသွားလို့ ခဏသာယာလိုက်မိတာပါ၊ တစ်ကယ်ချစ်တဲ့စိတ်ဆိုတာ မဖြစ်ပေါ်ပါဘူး။မြင့် ဘက်က မယားဝတ်္တရားမပျက် လုပ်ပေးရင်း
မသိချင်ယောင်ဆောင်ပေးခဲ့တော့ ကိုယ့်ကိုကိုယ်ရှက်ခဲ့မိပါတယ်။နောင်တလည်းရခဲ့ပါတယ်၊ ဒါကြောင့် ဘာတွေမှလွန်လွန်ကျွံကျွံမဖြစ်ခင် “ကို” အခြေအနေတွေကိုရပ်ပစ်ခဲ့တာပါ။တစ်ခါမှားခဲ့မိတဲ့အတွက် ခွင့်လွှတ်ပေးပါလို့ မတောင်းဆိုချင်ပါဘူး၊ဒါပေမဲ့ “ကို”အရင်ကထက် အဆပေါင်းများစွာတိုးပြီး မိသားစုအပေါ် ကြင်နာသွားပါ့မယ်ဆိုတာကိုတော့ ယုံပေးပါ”တဲ့။
မြင့်တစ်ယောက် ကို့ ပခုံးပေါ်ခေါင်းမှီလိုက်ပြီး ဘာစကားမှပြန်မပြောဘဲ ငြိမ်နေလိုက် ပါတယ်။စီးကျလာတဲ့ မျက်ရည်တွေကိုလည်း “ကို” မမြင်အောင် သုတ်နေဖို့မလိုတော့ပါဘူး။
သြော်-ပြောရမဲ့အချိန်တွေတုန်းကတောင် မပြောဘဲငြိမ်နေနိုင်ခဲ့သေးတာ အခုမှတော့
ဘာမှပြောနေဖို့မလိုတော့ဘူးထင်ပါတယ်။
ခင်သန္တာ
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment