“သဲကိုးဖြာတို့ ကျင်လည်ရာ”
မနွယ်ကို မြင်ရတာ ကျွန်မ စိတ်မချမ်းသာလိုက်တာ။ဒီလောက် တုံးရပါ့မလားလို့လည်း စိတ်တိုမိတယ်။ကျွန်မ အမေ့ရွာပြန်သွားတဲ့ နှစ်ပတ်အတွင်း အဖြစ်အပျက်တွေက ဒီလောက် မြန်ဆန်သွားလိမ့်မယ် မထင်မိဘူး။မနွယ်အဖြစ်ကို ကြည့်ပြီး ကျွန်မယောက်ျား ကိုဦး ပြောနေကျ စကားတစ်ခွန်းကို သတိရမိလိုက်တယ်။“မင်းကို တမင် ဂရုမစိုက်လို့မှ မဟုတ်တာ မတော်တဆ ငါမရှိတော့ရင် အစွမ်းအစတုံးတုံး အိမ်ရှင်မ အဖြစ်နဲ့ မကျန်ရစ်ခဲ့ စေချင်လို့”တဲ့။မနွယ်နဲ့ ကျွန်မတို့က အိမ်နီးချင်းတွေ၊သူတို့ လင်မယားနဲ့ ကျွန်မတို့က အသက်အရွယ်တွေလည်း မတိမ်းမယိမ်း။သား တစ်ယောက် ရှိတာချင်းလည်းတူကြတယ်။မနွယ် ယောက်ျား ကိုဘိုအေးက မနွယ်ကို သိပ်ဂရုစိုက်တာ၊သူ့မိန်းမကို အိမ်ထဲက အိမ်ပြင်ထွက်တာ မကြိုက်ဘူး။ဈေးတောင် ရုံးမသွားခင် သူကိုယ်တိုင် ၀ယ်ပေးခဲ့တာ။မနွယ်က အဆင်သင့် ချက်ရုံပဲ။ဒါတောင် ဈေးကအသားငါးတွေ မကိုင်ပေးလိုက်တဲ့နေ့ဆိုရင် ကိုဘိုအေးက အကုန်ခုတ်ထစ် လုပ်ကိုင်ပေးပြီးမှ ရုံးသွားရတာ။မနွယ်က အသားငါး အစိမ်းတွေကို မကိုင်ရဲလို့တဲ့လေ။ကျွန်မလို တစ်နေ့ တစ်နေ့ ဘာချက်ရမှာလိမ့်လို့ခေါင်းခြောက်အောင် လည်း တွေးပူစရာမလိုတော့ မနွယ်နဲ့ ကျွန်မ အသက်ချင်းတူပေမယ့် သူက အရွယ်တင်တယ်။
ကိုဦးတို့ကတော့ ဘယ်နေရာသွားချင်လို့ လိုက်ပို့ပေးပါဆိုလည်း မင်းဘာသာ သွားကြည့်ပေါ့တဲ့။တစ်ယောက်တည်း ဖြစ်နေလို့ ကြောက်လို့ပါလို့ ကျွန်မ ပြောမိတော့ “ချစ်သူနဲ့နှစ်ယောက်တည်း ချောင်းသာသွားခဲ့တာကျတော့ မကြောက်ဘူး မဟုတ်လားတဲ့”။သူနဲ့ ကျွန်မ မယူခင် ချစ်သူဘ၀တုန်းက အိမ်ကို သူငယ်ချင်းတွေနဲ့ သွားမှာလို့ လိမ်ပြောပြီး သူနဲ့ သွားခဲ့မိတာကိုး။အဲဒီလို ကျွန်မ အားနည်းချက်ကို ကိုင်ပြီးပြောတော့ ကျွန်မလည်း စိတ်ဆိုးတာနဲ့ ဘယ်သွားသွား သူ့မခေါ်တော့ဘူး။အဲဒီလို ကိုယ့်အားကိုယ် ကိုးရင်းနဲ့ သူများနဲ့အတူသွားမိရင်တောင် စိတ်က မလွတ်လပ်တော့သလို ခံစားလာရတယ်။အပြင်မထွက်တတ် တဲ့ မနွယ်အတွက် မီတာခဆောင်တဲ့ ကိစ်္စကို ကျွန်မပဲ ဆောင်ရွက်ပေးလိုက် တယ်။
ကိုဦးက ကုမ်္ပဏီဝန်ထမ်းဖြစ်ပြီး ၊မနွယ်ယောက်ျား ကိုဘိုအေးကတော့ အစိုးရ၀န်ထမ်း လုပ်တယ်။ဝင်ငွေချင်းကလည်း မတိမ်းမယိမ်းမို့ လူနေမှုအဆင့်အတန်းချင်းလည်း သိပ်မကွာဘူးလို့ပြောရမယ်။ကွာတာကတော့ မိန်းမကို ဂရုစိုက်ပေးပုံချင်း မတူတာပဲ။ကုမ်္ပဏီကိစ်္စနဲ့ ကိုဦးနယ်ကို ခရီးသွားနေရတဲ့အချိန် တွေဆို ကုမ်္ပဏီက ၀န်ထမ်းမိသားစုပွဲ သွားရမယ့်အချိန်နဲ့ တိုက်နေရင် မင်းသွားလိုက်ပါလို့ လုပ်တော့တာ။အစကတော့ မသွားချင်လို့ အတိုက်အခံလုပ်ပြီး ပြောသေးတယ်။ဒါပေမယ့် သူ့ ရုံးအသိုင်းအ၀ိုင်းနဲ့ အဆက်အစပ်ရှိစေချင်လို့ပါ သွားလိုက်ပါ ဆိုတာနဲ့ ကုမ်္ပဏီပွဲ တော်တော်များများကို တက်ဖြစ်နေတော့တယ်။မနွယ်ဆိုရင် သူ့ယောက်ျား ကိုဘိုအေး ရုံး ဘယ်မြို့နယ် အပိုင်ထဲ ပါလည်း တောင် မသိဘူးတဲ့။အေးရော။
မနွယ် ဘယ်သွားသွား ကိုဘိုအေးက လိုက်ပို့ပေးတာ။ကိုဘိုအေး မအားလို့ကတော့ ဘယ်လောက် အရေးကြီးတဲ့ ကိစ်္စဖြစ်ဖြစ် မနွယ်ကလည်း မသွားဘဲ နေနိုင်တယ်။ဘာမှ သိပ် မဦးဆောင်ရတော့ မနွယ်ဘ၀က ငြိမ်းလိုက်တာလို့ ပြောရမယ်။ကျွန်မလို ဖတ်သီဖတ်သီ ပြေးမနေရဘူးလေ။ပြီးခဲ့တဲ့ လက ကျွန်မတို့ မိသားစု အမေ့ရွာကို ပြန်ကြတယ်။ကိုဦး ရုံးကလည်း ခွင့်ရတာနဲ့ အမေ့အနားမှာ ကျွန်မတို့ မိသားစု နှစ်ပတ်လောက် နေဖြစ်လိုက်တယ်။
ပြန်လာတော့ ကိုဘိုအေးတစ်ယောက် ထောင်ကျသွားတယ်လို့ ကြားရတော့ တော့တာပဲ။ကိုဘိုအေးက လျှပ်စစ်ဝန်ထမ်း၊သူ့ရဲ့ ဘေးလွယ်အိတ်ထဲမှာ လျှပ်စစ်သုံးပစ်္စည်း ကိရိယာ တန်ဆာပလာ အကုန် အမြဲ ပါလေ့ရှိတယ်။ကျွန်မတို့ အိမ်က မီးပူ၊မီးဖို၊မီးချောင်း လျှပ်စစ်ပစ်္စည်းမှန်သမျှ ကိုဘိုအေး လက်က မလွတ်ဘူး။သူအကုန်ပြင်ပေးနေကျ။ကိုဘိုအေး အကျင့်က လျှပ်စစ်ပစ်္စည်း ပျက်နေတာကို မပြင်ဘဲထားရင် သိပ်စိတ်ဆိုးတာ။သူပြောနေကျ စကားက “မီးဖိုပျက်ရင် ဘိုအေးကို ခေါ်ပါ၊ပစ်ထားရင် အားကြီးစိတ်ဆိုးတယ်”တဲ့။ရပ်ကွက်ထဲမှာမီးဖို ပျက်လို့ကတော့ ကိုဘိုအေးလို့ ခေါ်လိုက်ရုံပဲ၊တော်ရုံ တန်ရုံကတော့ အခကြေးငွေ မယူဘဲ ပြင်ပေးတော့တာ။လမ်းသွားရင်း လာရင်းတောင် အမြင်မတော်ရင် ၀င်ပေးတတ်တာ။အဲဒီအကျင့်ကပဲ ကိုဘိုအေးကို ထောင်ကျစေခဲ့တာ။
ပြီးခဲ့တဲ့တစ်ပတ်က ကိုဘိုအေးတို့ မိသားစု ကိုးထပ်ကြီးဘုရားက အပြန် ဗားကရား ဘုန်းကြီးကျောင်းနားက ဓာတ်တိုင်မှာ ၀ိုင်ယာရှော့ ဖြစ်နေတာ တွေ့တယ်။ကိုဘိုအေးရယ် သူ့ထုံးစံအတိုင်း ၀င်ပြင်ပါလေရော။အဲဒီမှာ နယ်မြေပိုင်က တာဝန်ရှိသူတွေ တွေ့ ပြီး ဖမ်းသွားပါလေရော။ကျန်တဲ့ ကိစ်္စ နောက်မှ ရှင်းပဲ။လျှပ်စစ် ၀န်ထမ်း ဖြစ်ပေမယ့် အခွင့်မရှိ ရင် မီတာပုံးတောင် ဖွင့်ခွင့်မရှိဘူးတဲ့။ဓာတ်တိုင် ၀ိုင်ယာရှော့ ဖြစ်နေတာကို တွေ့တဲ့သက်သေ က နှစ်ယောက်ပဲ ရှိတယ်။အဲဒါက မနွယ်နဲ့ သူ့သားလေး။အတိုချုံးရရင် ပြည်သူပိုင် ပစ်္စည်း ဖြုတ်ယူမှုနဲ့ကိုဘိုအေးထောင်ကျတယ်။
အင်းစိန်ထောင်ကနေ မော်လမြိုင်ထောင် အပြောင်းမှာ ရန်ကုန် ဘူတာကြီး မသွားတတ်လို့ မနွယ်တစ်ယောက် သူ့ယောက်ျားကို မတွေ့လိုက် ရဘူးတဲ့။ရန်ကုန် ဧရိယာရဲ့ ဘယ်မြို့နယ်က ကားစီးစီး ဆူးလေကို ရောက်တဲ့ကားချည်းပဲ။ဆူးလေရောက်ရင် ဘူတာကြီးရှိတဲ့နေရာကြည့်ပြီး လမ်းလျှောက်ရင် ရပြီလို့ ကျွန်မ ပြောမိတော့ မနွယ်က“ကျွန်မ မှ တစ်ယောက်တည်း မသွားဘူးတာ ၊မသွားရဲပါဘူးတဲ့“လေ။ဒီလောက် တုံးရသလား မနွယ်ရယ်လို့ပဲ ပြောနိုင်တော့တယ်။ကိုဘိုအေး ရုံးကိုလည်း ဘယ်နေရာမှာရှိမှန်း မသိလို့တဲ့။ကျွန်မပဲ စုံစမ်း ပေးပြီး သူနဲ့ အတူ လိုက်သွားတော့လည်း ကိုဘိုအေး ဇနီးကို ဘယ်သူမှ မမြင်ဘူးကြတော့ ရုံးက တာဝန်ရှိသူတွေနဲ့ မိတ်ဆက် နေရတာနဲ့တင် လာရင်း ကိစ်္စပျောက်တယ်။
ကျွန်မတို့ မိသားစု ပြန်ရောက်ပြီး နှစ်ပတ်လောက်ကြာတော့ ကိုဘိုအေးတစ်ယောက် ရဲဘက် ပါတယ်လို့ တစ်ဆင့်စကားနဲ့ ကြားရတယ်။ကိုဘိုအေးအတွက် လိုအပ်တဲ့ပစ်္စည်းအချို့နဲ့ စားစရာတွေကို လည်း ကျွန်မပဲ လူကြုံရှာ ဆက်သွယ်ပြီး ပေးနေရတယ်။မနွယ်တစ်ယောက် ကိုဘိုအေးကို တစ်ခါမှ ထောင်ဝင်စာ သွားမတွေ့ရသေးဘူး။မော်လမြိုင်ကို လိုက်ဖို့ ကျွန်မ အားမယ့်ရက်ကို စောင့်နေတာ။ကျွန်မကလည်း အစ်မ၀မ်းကွဲတစ်ယောက်ကို လှမ်းမှာထားတာ ရောက် မလာသေးဘူး။သားကို သူ့အဒေါ်နဲ့ထားခဲ့ရမှာလေ။အဲဒီလို ပတ်လည်ရိုက်နေတုန်းမှာပဲ
ရဲဘက်မှာ ကိုဘိုအေး တစ်ယောက်ဆုံးပြီ ဆိုတဲ့ သတင်းရောက်လာတော့တာ။နေမကောင်းဖြစ်ပြီး ဆုံးတာလို့ပဲ ဝေေ၀၀ါးဝါး အဖြေတစ်စ ရလိုက်တယ်။မနွယ်တော့ ဘယ်လိုနေတယ်မသိဘူး၊ ကျွန်မတော့ ခေါင်းတစ်ခုလုံး ချာလပတ်ရမ်းသွားတော့တာ။
ကိုဘိုအေးဆုံးလို့ စိတ်မကောင်းတာထက် ရှေ့လျှောက်မနွယ်တစ်ယောက်တည်း ဘယ်လိုများစခန်းသွားမှာ ပါလိမ့်လို့ တွေးမိလို့ပါ။ကိုဘိုအေး ထောင်ကျတာလည်း မတရားမှုလို့ ပြောလို့ရတယ်။ချက်ချက်ချာချာ လိုက်လုပ်ပေးမယ့်သူ မရှိလို့ဖြစ်ရတာလို့ ကျွန်မကတော့ တွေးနေမိတယ်။မနွယ်သာ အစွမ်းအစရှိရင် ကိုဘိုအေး ဒီလို ဖြစ်မှာ မဟုတ်ဘူးလို့ မနွယ်ကိုလည်း အပြစ်တင်နေမိတယ်။အရင်ခေတ်တွေတုန်းကတော့ ကိုယ့်ခွန်အားနဲ့ မစွမ်းနိုင်တဲ့ကိစ်္စတွေဆို “ကာလနာသာ တရားခံ”ဆိုပြီး ခေတ်ကာလကို လွဲချလေ့ရှိကြတယ်။အခုဟာက ကာလလည်း မနာတော့ဘဲနဲ့ဖြစ်ရတာ။
ကျွန်မကသာ မနွယ်ရှေ့ဆက်ရမယ့် ဘ၀ အတွက် ဘယ်လို နေမှာလည်းလို့ တွေးပူနေတာ၊လူမစွမ်း နတ်မ ဆိုတဲ့ စကားအတိုင်းပါပဲ။ကိုဘိုအေး ဆုံးပြီး ရှစ်လလောက်နေတော့ သူ့တို့ အမေမြို့ကို ပြန်လိုက်နေတော့မယ်ဆိုပြီး မနွယ်တို့ သားအမိ ဧရာဝတီတိုင်းဘက်က မြို့လေးတစ်မြို့ကို ပြောင်းသွားကြတယ်။ဟိုရောက်ပြီး မကြာခင်မှာပဲ မနွယ်တစ်ယောက် နောက်အိမ်ထောင်ကျသွားပြီးလို့ တစ်ဆင့်စကားနဲ့ကြားလိုက်ရတယ်။သူ့အိမ်ထောင်ဘက် ကလည်း မုဆိုးဖိုပဲတဲ့။ကလေးမရှိဘူးလို့ ပြောတယ်။ဒီလိုနဲ့ မနွယ်တို့နဲ့ အဆက်အသွယ်ပြတ်သွားတာ နှစ်နှစ်လောက်နီးပါး ရှိသွားတယ်။
ဒီနှစ် ကျွန်မတို့ ရပ်ကွက်မှာ စတုဒီသာကို မုန့်ဟင်းခါး ကျွေးမယ်လို့ ဆုံးဖြတ်ထား ကြတယ်။သဘက်ခါ အလှူရက်ဆိုတော့ ဒီနေ့မနက် အစောကြီး ငါးဝယ်ရအောင် ကျွန်မနဲ့ ရပ်ကွက် အကျိုးဆောင် အမျိုးသမီးအချို့ ဗဟိုစံပြ ငါးဈေးကြီးကို ထွက်ခဲ့ကြတယ်။အစောကြီးဆို မနက် ၅ နာရီလောက်ပဲရှိအုံးမယ်၊စံပြ ငါးဈေးကြီးရဲ့ ဈေးအထာကို မသိတဲ့ ကျွန်မက ဒီအချိန် ဈေးဖွင့်ပါ့အုံးမလားလို့ တွေးခဲ့မိတာ။ဈေးရောက်တော့ တစ်ဆင့်ယူရောင်းတဲ့ ဖောက်သည်တစ်ချို့တောင် ပြန်ထွက်လာနေကြပြီ။ကျွန်မတို့အဖွဲ့လည်း နီးစပ်ရာ ငါးဒိုင်တစ်ခုကို ၀င်လိုက်ကြပြီး ငါးအမျိုးအစားတွေ ရွေးနေကြတုန်း ဘေးနားက အမျိုးနှစ်ယောက်က ဒီဒိုင်က ဈေးတစ်ခုလုံးမှာ ဈေးအသက်သာဆုံးနဲ့ ဆက်ဆံရေး အပြေပြစ်ဆုံးမို့ ၀ယ်လို့ကောင်းတယ်လို့ ပြောနေသံကြားလိုက်ရတယ်။ဒီဈေးမှာ တစ်ခါမှ မ၀ယ်ဖူးတဲ့ ကျွန်မတို့အဖို့ ဒီ ငါးဒိုင်ကို ၀င်မိတာ ကံကောင်းတယ်လို့ ဆိုရမှာပေါ့။
ကျွန်မတို့ ရွေးထားတဲ့ ငါးတွေ ချိန်တွယ် အပြီးမှာ ကျွန်မတို့ထဲက အစ်မကြီးက ဈေးထပ်ဆစ်လိုက်တယ်။အရောင်း ၀န်ထမ်းလေးက “တစ်ဈေးလုံး စုံစမ်းကြည့်ပါခင်ဗျာ၊ ကျွန်တော်တို့ ဒိုင်က ဈေးအသက်သာဆုံးမို့ ထပ်လျှော့ လို့မရတော့ပါဘူး”တဲ့။အစ်မကြီးက လည်း “တို့ ကလည်း ရပ်ကွက် အလှူအတွက် ၀ယ်ရတာမို့ပါဟယ်”နဲ့ ထပ်ပြောနေတယ်။အဲဒီအချိန်
မှုန်ဖျော့ဖျော့ မီးရောင်အောက်ထဲကနေ အမျိုးသမီး တစ်ယောက်က “အလှူအတွက် ၀ယ်တာဆို
ထပ်လျော့ ပေးလိုက်ပါ” ဆိုတဲ့ စကားသံကြားရမှ ငါးခုံတွေ နောက်မှာ လူရှိနေမှန်း သိရတယ်။ ငါးဒိုင် ပိုင်ရှင် ဖြစ်ပုံရတဲ့ အမျိုးသမီးက စကားသံနဲ့အတူ ခုံနောက်ကနေ လူပါထွက်လာတယ်။အချိန်ကလည်း ဝေလီဝေလင်း အချိန်လောက် ရောက်သွားပြီ။ကျွန်မ နဲ့ အဲဒီ အမျိုးသမီးတို့ မျက်လုံးချင်း ဆုံမိသွားတဲ့အချိန် သူက အရင်စပြီး “အို--မမနု မဟုတ်လား၊မမနု မလားဟင်”ဆိုတဲ့အသံ ထွက်လာတယ်။အဲဒီတော့မှ ကျွန်မ သူ့ကို သေချာကြည့်လိုက်မိတယ် ကျွန်မတို့ရဲ့ “မနွယ်” ဖြစ်နေတာပဲ။သူ့ခေါင်းကပေါင်းထားတဲ့ သဘက်စောင် ပိုင်းကို ဖြုတ်လိုက်မှ သူ့မျက်နှာကို ပြန်မှတ်မိတော့တယ်။သူ့သွင်ပြင်က ရင့်သွားတာ မဟုတ်ပေမယ့် အရင်လို ပျော့ဖတ်ဖတ်နဲ့ နု မနေတော့ဘူး။ရပ်ကွက်ဈေးလေးတောင် မသွားတတ်တဲ့ သူ့ကို ငါးဒိုင်လို နေရာမျိုးမှာ ပြန်တွေ့ရတော့ ကျွန်မ အံ့သြနေမိတယ်။
မနွယ်က “မမနုရယ် နေပါအုံး စကားတွေ ပြောချင်လို့ပါ”ဆိုပြီး ကျွန်မတို့တစ်ဖွဲ့လုံး အတွက် သူ့အလုပ်သမားတွေကို လက်ဖက်ရည်နဲ့ မုန့်တွေမှာခိုင်းလိုက်တယ်။ကျွန်မနဲ့ပါလာတဲ့ အမကြီးတစ်ယောက်ကလည်း ရပ်ကွက်ထဲမှာ အတူနေခဲ့ဖူးတဲ့ မနွယ်ကိုမှတ်မိနေတယ်။ကျွန်မတို့ လက်ဖက်ရည် နဲ့ မုန့်စားနေချိန်မှာ မနွယ်က သူ့ရဲ့ ဇာတ်ကြောင်းကို ခင်းတော့တယ်။မနွယ်ရဲ့ နောက်အိမ်ထောင်က ဧရာဝတီတိုင်း နယ်မြို့လေးတစ်မြို့မှာ အင်းသေးသေးလေး တစ်ခုပိုင်တယ်။မနွယ်နဲ့အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း လုပ်ငန်းချဲ့ထွင်ကြရင်း စီးပွားပါတက်လာကြတယ်။မနွယ်ကိုလည်း သူ့ယောက်ျားက အရောင်းအ၀ယ်နဲ့ပတ်သက်ပြီးခိုင်းတယ်တဲ့။တဖြည်းဖြည်းနဲ့ မနွယ်က စီးပွားရေးလာဘ် မြင်လာပြီး ရန်ကုန် ဗဟိုစံပြ ငါးဈေးမှာ အခန်းတစ်ခန်း ငှားပြီး ငါးဒိုင် စဖွင့်ကြည့်တယ်။
နယ်မြို့အင်း ကထွက်သမျှ ငါးတွေကို သူများထက် ဈေးပိုပေးပြီးကောက်တယ်။စိတ်ချရတဲ့အင်းတွေကိုဆို ငွေကြိုပေးထားတယ်။တဖြည်းဖြည်း အနီးအနားမြို့မှာရှိတဲ့ အင်းတွေ ကပါ သူ့ဒိုင်မှာ ငါးသွင်းလာကြတော့တယ်။သူ့ဆီက ပြန်ယူတဲ့ ဖောက်သည်တွေကိုကျတော့ ဈေးလျှော့ပြီးပေးတယ်။နှစ်ဖက်ဖောက်သည်ကို ငါးဆယ်စီ အနာခံလိုက်တော့ သူ့အတွက် တစ်ရာ အမြတ်နည်း သွားတယ်ဆိုပါတော့။ဒါပေမယ့် အဲဒီအတွက် ထပ်တိုးလာတဲ့ နှစ်ဖက်ဖောက်သည်က နှစ်ဆလောက် တက်သွားတယ်။အခုတော့ ကြည့်မြင်တိုင်မှာ တိုက်ခန်းဝယ်ပြီး သူနဲ့သူ့သား နေတယ်။သူ့ယောက်ျားက နယ်မြို့လေးနဲ့ ရန်ကုန်ကို အသွားအပြန်လုပ်နေတယ်တဲ့။
မနွယ်ရဲ့ပြောဟန်တွေနဲ့ သူပြောပြတဲ့ အကြောင်းအရာတွေကို နားထောင်နေတဲ့ ကျွန်မကတော့ အိပ်မက်ထဲမှာ လမ်းလျှောက်နေရသလိုပါပဲ။သေပြီးသား အသားငါးတောင် မကိုင်ရဲလို့ ကိုဘိုအေးက ချက်ဖို့ အဆင်သင့် လုပ်ပေးခဲ့ရတဲ့ အိမ်ရှင်မတစ်ယောက်က ငါးဒိုင်ပိုင်ရှင် ဖြစ်နေပါပေါ့လား။ကိုဘိုအေး ရုံး တည်နေရာတောင် မသိခဲ့တဲ့ ဇနီးတစ်ယောက်က ငါးဈေးကွက် တစ်ခုလုံးကို နောကြေနေပြီပဲ။ကိုယ့် အတွေးအတိုင်း မနေနိုင် မထိုင်နိုင် မနွယ်ကိုပြောပြမိတော့ မနွယ်က ရယ်ပြီး “မိန်းမဆိုတာ ပုတ်သင်ညိုတွေလိုပဲ အလိုက်သင့် အရောင်ပြောင်းတတ်ကြပါတယ်။ကောင်းသော အရောင်ပြောင်းလဲခြင်းကို ပြောတာနော်။ရောက်နေတဲ့ ၀န်းကျင်အလိုက် အရောင် လိုက်ပြောင်းတာ ပုတ်သင်ညိုတွေရဲ့ဘ၀ရပ်တည်မှု ပဲလေ။ မမနု သတိထားကြည့်ပါလား ယောက်ျားအများစုက သူတို့အိမ်ရှင်မတွေကို ရိုရို ကြိုးကြိုး လေးနေတာ ကြိုက်တယ်လို့ ပြောလေ့ရှိကြပေမယ့် တစ်ကယ်တော့ ထက်မြက်တဲ့မိန်းမတွေကိုပဲ သဘောကျတတ် ကြတာပါ”တဲ့။
မနွယ်ရဲ့ ဘ၀ ဒဿနိက စကားတွေ ဘယ်လောက်မှန်လဲတော့ ကျွန်မ မဆန်းစစ် တတ်ပါဘူး။ဒါပေမယ့် ကျင်လည်ရာ ၀န်းကျင်လိုက် အလိုက်သင့်လေး အရောင်ပြောင်း တတ်တာ ကိုတော့ သဲကိုးဖြာအုပ်စုထဲ ထည့်လို့ဘယ်ဖြစ်မလဲနော်။
ည-၉နာရီ၊၀၉မိနစ်။
၂၄ရက်၊၁လ၊၂၀၁၂ခုနှစ်။
Subscribe to:
Post Comments (Atom)
Subscribe
Labels
Blog Archive
-
▼
2014
(46)
-
▼
June
(38)
- ကျွန်မနှင့်ကျွန်မ၏ လောင်ဘက်များ (ဇတ်သိမ်း)
- ကျွန်မနှင့် ကျွန်မ၏လောင်ဖက်များ (ပထမပိုင်း) မဟေသီ ...
- စားသုံးသူ၏ အခွင့်အရေး
- မြင်တတ်မျက်စိ
- နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း
- ဖြတ်သန်းနေဆဲ ဘ၀တွေထဲ
- ဖြတ်သန်းခဲ့ရ နှစ်ဘ၀။
- “ အပြစ် မတင်ရက်တော့ပါ”
- ဖူးငုံတို့နဲ့ Plan များစွာ
- တော်သူနေ ရှော်သူသေ
- တံတိုင်းလေလား ပေတံလား
- သက်ရှိ မန်ကျည်းပင်တို့ အကြောင်း
- “သိပါရဲ့လား ကျွန်မသည်”
- “အလည်သွားမိတဲ့ တစ်ညတာ”
- အသုံးချပေးပါ။
- “အပန်းတော်ပြေ”
- ' 96 ' မှတ်တမ်း
- “အကာမဲ့ အနှစ်”
- “သဲကိုးဖြာတို့ ကျင်လည်ရာ” မနွယ်ကို မြ...
- “ချေလိုက်လို့ ကြေသွားတာများလား” နုံအ မ...
- ရှည်နိုင်လွန်းချည့် အပူမရှာချင်လို့ အပ...
- “ပါးလွှာသော စည်းလေးများ”၁။ “မာန် မလုပ်ချင...
- သိက္ခာလေးတော့ ကျန်ချင်သား၁။ သတ်္တ၀ါ မျိုးစိတ်...
- “ချန်ထားပေးပါ” ကျွန်မ စာစ ရေးစဉ် အချိ...
- “ ပြည်ကြီးဘာယာ နှင့် ရဲတိုက်အား ခံစားကြည့်ခြင်း” ...
- “နွေရာသီ ဖက်ရှင်” ကျွန်မတို့ငယ်စဉ် နွေရာသ...
- “အမှီ”(၁) စာရေးကြီး ဦးမြင့်ကျော်တဲ့၊ရန်...
- ပျော့သော နှီးဖြင့် ခိုင်အောင်ချည် ...
- ကယ်လ်ဆမ်ကွေကာ အတွေး ကျုပ်နံမည် ခင...
- “မျက်ဖြေ” ခြောက်နှစ်တာ ကာလအတွင်း ပြန်...
- မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ
- ဂျစ်ပစီ မိုးတိမ်
- “မုန်းမာန်ဖွဲ့သော်လည်း”
- “ မကြုံဖူးဆို မယုံဘူးလား”
- မျိုးရိုးက အထက်တန်းစားလေ
- ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ
- မြို့ ရေကြည်သို့
- စာရေးဆရာ ဆိုသည်မှာ.
-
▼
June
(38)
0 comments:
Post a Comment