468x60

“မုန်းမာန်ဖွဲ့သော်လည်း”

Tuesday, June 3, 2014
                     
                                         (၁)
     တိရစ်္ဆာန်လေးတွေကို ချစ်တတ်တဲ့သူရဲ့ စိတ်ဟာ နူးညံ့သိမ်မွေ့တယ် ဆိုရင် ကျွန်မကတော့ တော်တော် မနူးညံ့တဲ့ မိန်းမတစ်ယောက်ဖြစ်မှာပါ။ကျွန်မ ဘယ်အိမ်မွေး တိရစ်္ဆာန်ကိုမှ မချစ်တတ်ပါဘူး။ အထူးသဖြင့် အိမ်မွေး တိရစ်္ဆာန် တွေထဲမှာ လူတွေနဲ့ တရင်းတနှီး နေလေ့ရှိတဲ့ ခွေးနဲ့ကြောင်တွေပါပဲ။ခွေးနဲ့ကြောင် အနက်မှာမှ ခွေးက ခြံထဲနဲ့အိမ်ပြင်တွေမှာ နေလေ့ရှိသေးတယ်။အိမ်ထဲမှာ ထားအိပ်ရင်တောင်  အိပ်ခန်းထဲထိ    လူက အလိုလိုက်ပြီး သွင်းထားတာ မဟုတ်ရင် အိပ်လေ့မရှိကြပါဘူး။ကြောင်တွေကတော့  လူတွေရဲ့ အိပ်ယာက သူတို့အတွက် လုပ်ပေးထားတယ်များ ထင်နေကြလားမသိဘူး၊အိပ်ယာပေါ်မှာပဲ နေလေ့ ရှိကြပါတယ်။ကျွန်မ သူတို့ကို မချစ်ရုံတင်မဟုတ်ဘူး ခွေးတွေ၊ကြောင်တွေကို အလွန်အကျွံ တယုတယလုပ်ပြီး ချစ်နေ တဲ့ လူတွေကိုပါ ကြည့်မရချင်ဘူး။
           ကျွန်မ ဘယ်လိုပဲ ကြည့်မရဖြစ်နေပေမဲ့ ကျွန်မတို့အိမ်ကို တစ်နေ့မှာတော့ ကြောင်ကြီး တစ်ကောင် ရောက်လာပါတယ်။ကြွက်တွေရဲ့ သောင်းကျန်းတဲ့ ဒဏ်ကို မခံနိုင်လို့ဆိုပြီး ကျွန်မ အမေက အဖေ့ ၀န်ထမ်းတစ်ယောက်အိမ်ကနေ တောင်းလာ တာပါ။သူရဲ့ ခန်္ဓာကိုယ်က အကြီးကြီးနဲ့ သူ့အမွေးတွေက မီးခိုးနဲ့ ရွှေဝါရောင် ရောဖောက်ထားတဲ့ အရောင်ပါ။ကြောင်တွေထဲမှာ ကျွန်မ အဲဒီလို အရောင် မတွေ့ဖူးသေးပါဘူး။ဒီခေတ် မိန်းကလေးတွေ ဆံပင်ကို ဟိုက်လိုက် ဖောက်ထားတာ နဲ့တောင် တူနေပါသေးတယ်။ကြောင်ချစ်တတ်သူ အတွက်ဆိုရင်တော့ တော်တော် ချစ်စရာကောင်းတဲ့ အကောင်ကြီးပါ။
          တစ်ဦးမေတ်္တာ တစ်ဦးမှာလို့ ကြားဖူးတာပဲ။ဒါပေမဲ့ အမေ့ကြောင်ကို ကျွန်မ မေတ်္တာမထားပါဘဲ သူကတော့ ကျွန်မကို တော်တော် မေတ်္တာရှိပုံရတယ်။ရောက်တဲ့အချိန်က စပြီး ကျွန်မအခန်းထဲ ၀င်နေတော့တာပဲ။ကျွန်မတို့အိမ်သားတွေထဲက ဘယ်သူကအရင်စပြီး  သူ့ကို  နံမည် ပေးလိုက်တယ်မသိဘူး။“ကဲကဲ” လို့ ခေါ်နေသံတော့ကြားတယ်။သူ့နံမည်နဲ့ သူ့လှုပ်ရှားဟန်က မလိုက်ပါဘူး။အကောင်ကကြီးကြီး လမ်းလျှောက်ရင်တောင် မလှုပ်တလှုပ်နဲ့ ဘယ်လိုလုပ် “ကဲကဲ”ဖြစ်နိုင်မှာလဲ၊“ထိုင်းထိုင်း” လို့ခေါ်မှ သူနဲ့လိုက်အုံးမယ်။ကဲကဲ ရောက်ပြီး တစ်ပတ်ကြာတော့ ကျွန်မက အမေ့ကို “အမေ့ကြောင်က ကြွက်ခုတ်တာလည်း မတွေ့မိပါဘူး။သူလည်း ကြွက်နင်း သွားပါ အုံးမယ်လို့” ပြောမိလို့ အမေက “ ကြောင်ရှိနေတာနဲ့တင် ကြွက်က ငြိမ်တယ်၊ခုတ်ခုတ် မခုတ်ခုတ်  အဟန့်ပေါ့အေ အခုအိမ်မှာ ကြွက်တွေ ငြိမ်ကုန်တာ သတိမထားမိဘူးလား”တဲ့ သူ့ကြောင်ထိလို့ မခံချင်သံနဲ့ ကျွန်မကိုပြောနေတယ်။
                                         (၂ )
         ဒီနေ့မနက်လည်း ကျွန်မမှာ “ကဲကဲ”နဲ့ ပတ်သက်ပြီး စိတ်တိုရပြန်ပြီ။ကျွန်မက ရုံးယူနီ ဖောင်းတွေကို မီးပူတိုက်ပြီးသားဖြစ်ပေမဲ့  ၀တ်ခါနီးကျရင် တစ်ခါပြန်တိုက်ပြီးမှ ၀တ်လေ့ရှိပါတယ်၊ မီးပူနံမွှေးမွှေးလေးနဲ့ ၀တ်ရတာကို ကြိုက်လို့ပါ။ကျွန်မ ရေမချိုးခင် ယူနီဖောင်းကို ပြန့်နေ အောင်ထပ် တိုက်ပြီး ကျွန်မ ကုတင်ခြေရင်းမှာ ဖြန့်ထားခဲ့ပါတယ်။      ကျွန်မ ရေချိုးပြီးထွက်လာတော့ ကျွန်မရဲ့ ယူနီဖောင်းအ၀တ်တွေ အပေါ်မှာ ကဲကဲ တစ်ကောင်ရယ် ခြေဆန့် လက်ဆန့် တက်အိပ်နေလေရဲ့။ကျွန်မလည်း စိတ်တိုတာနဲ့ သူ့ဂုတ်ကနေ ကိုင်ပြီး အခန်းဝရောက်အောင် လွင့်ပစ်လိုက်တယ်။ဖြစ်ချင်တော့ အမေနဲ့တိုးပါလေရော၊ “ဟဲ့   အဲဒီလောက်တောင် လုပ်ရလား ညည်း မိန်းကလေးဖြစ်ပြီး အကြင်နာတရား တော်တော်မရှိတာပဲတဲ့” ဆူပါလေရော။ကျွန်မ ရုံးသွားတိုင်း ကျွန်မရဲ့ အခန်းတံခါးကို စေ့ထားခဲ့ပေမဲ့ ကဲကဲ တစ်ကောင်ကတော့ ကျွန်မရဲ့ အခန်းတံခါးကို ဖွင့်တတ်တယ်။သူ့ရဲ့ လက်ကို ပြောင်းပြန်လှန်ပြီး လက်သည်းနဲ့ တံခါးကိုယက်ပြီး ဖွင့်တာတွေ့ရတော့ ကျွန်မတောင် အံ့သြသွားတယ်။
            ကျွန်မရုံးကပြန်လာရင် သူက ကျွန်မရဲ့ ခေါင်းအုံးတွေ ပေါ်နဲ့ စောင်တွေ အောက်မှာ ရှိနေတတ်ပါတယ်။သူ့ကို အဲဒီလိုတွေ့တိုင်းလည်း ကျွန်မ တစ်ကြိမ်မှ မျက်နှာသာ မပေးပါဘူး၊အမေလစ်ရင် လစ်သလို သူကို ဆွဲလွင့်ပစ်လိုက်တာပဲ။ညရောက်ရင်လည်း ကျွန်မရဲ့ခေါင်းရင်းဘက်မှာ လာအိပ်တတ်ပြန်တယ်။သူရဲ့ အသက်ရှုသံက သိပ်ပြင်း ထန် တာကြောင့် ကျွန်မ မခံနိုင်ပါဘူး။ပြီးတော့ သူတို့အမွေးတွေ ကလည်း သိပ်ကျွတ်လွယ်တာပဲ။ကျွန်မကို အကြင်နာတရား မရှိဘူးလို့ပဲ ဆိုဆို၊ ကျွန်မကတော့ ကဲကဲ ကျွန်မအနား ရောက်လာတာနဲ့ ဦးအောင် အရင်ရိုက်ထုတ်ပစ်လိုက်တာပဲ။
            တစ်ခါတစ်ရံ ညဥ့်နက်သည်ထိ ကျွန်မ စာဖတ်ဖြစ်တဲ့ အခါတွေမှာလည်း စာထဲ အာရုံရောက်နေပြီဆိုရင် ထုတ်တန်းပေါ်က ခုန်ချတော့တာပဲ။ခုန်ချတာတောင် ဟုတ်ရဲ့လားမသိပါဘူး၊သူ့ခန်္ဓာကိုယ်ကြီးကို သူမထိန်းနိုင်ဘဲ ပြုတ်ကျလာတာ ဖြစ်ချင်ဖြစ်နေမှာ။ သက်သောင့်သက်သာ မနာဘဲကျတာကို ကြောင်ကျ ကျတယ်လို့ ပြောတာကြားဖူးတယ်။ကဲကဲတို့ကတော့ ကြောင်ရာဇ၀င်ကို ဖျက်တယ်။ပြုတ်ကျရင် ဘယ်တော့မှ မသက်သာဘူး၊ ခြေကားယား လက်ကားယားပဲ။နောက်ပြီးတော့ ရှိသေးတယ်၊ ကိုးလို့ကန့်လန့် မီးသွေးမီးဖိုထဲ ၀င်အိပ်လား အိပ်ရဲ့၊လျှပ်စစ်မီးဖိုရဲ့ ကွိုင်ပေါ်တောင် တက်ခွေချင် ခွေနေတတ်တာ။ကျွန်မအရင် မီးဖိုထဲ ၀င်ဖြစ်တဲ့နေ့တွေနဲ့ သူအဲဒီလို အိပ်နေတာ ကြုံရင် ကျွန်မလန့်သွားတတ်ပါတယ်။ကျွန်မလန့်လို့ကတော့  လန့်စေတဲ့ အမှုနဲ့  သူလည်း သေပြီသာမှတ်။
            အစကတည်းက ကြောင်မုန်းတီးရေး ၀ါဒီ ရှိရတဲ့အထဲ အခုတစ်လော ဖတ်မိတဲ့ စာတွေက  ပိုမုန်းအောင် တွန်းပို့နေသလိုပဲ။လူတွေနဲ့ အနီးဆုံး နေတဲ့ အိမ်မွေးတိရိစ်္ဆာန် တွေထဲက ကြောင်နဲ့ ခွေးရဲ့ အတွင်းစိတ်ကို သုတေသန လုပ်ကြည့်ကြသတဲ့။ပြည်ပက ကာတွန်း တစ်ပုဒ်မှာ ဖတ်လိုက်ရတာ။တစ်ကယ် ဟုတ် မဟုတ်တော့မသိပါဘူး။ခွေးတွေက ဒီလို တွေးသတဲ့
“ငါတို့ကို လူတွေက စားစရာကျွေးတယ်၊နေစရာပေးတယ်။ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ဒါကြောင့် လူတွေဟာ ငါတို့ရဲ့ ဘုရားသခင် ဖြစ်ရမယ်တဲ့”။
ကြောင်တွေ တွေးတဲ့ အကြောင်း ဆက်ဖတ်ကြည့်လိုက်တယ်။
   “ငါတို့ကို လူတွေက စားစရာကျွေးတယ်။နွေးနွေးထွေးထွေး နေရာထိုင်ခင်းပေးတယ်။ကြင်ကြင်နာနာ ဆက်ဆံတယ်။သူတို့ရဲ့ ပေါင်ပေါ်တွေ၊အိပ်ယာတွေထဲထိလည်း ၀င်ခွင့်ပေးတယ်။ဒါကြောင့် ငါတို့ဟာ လူတွေရဲ့ ဘုရားသခင် ဖြစ်ရမယ်တဲ့”။
      ဘယ်လောက် မုန်းစရာ ကောင်းလိုက်ပါသလဲ။အဲဒီလို မဆီမဆိုင် အချက်တွေနဲ့လည်း ကျွန်မက ကဲကဲကို နှစ်ဆတိုး မုန်းတော့တာ။
      ပြီးတော့ ရှိသေးတယ်၊အိမ် တစ်အိမ်မှာ မိသားစုဝင် တစ်ယောက် တစ်ယောက် နေမကောင်းဖြစ်ရင် သူ့တို့က အိမ်ကနေ ရှောင်နေကြရောတဲ့။အိမ်ရှင်လူတွေ ကိုယ်စား ကြောင်တွေက ခံပေးရတတ်လို့တဲ့။လူတွေ နေပြန်ကောင်းမှ ဒါမဟုတ်လည်း ကွယ်လွန်တိမ်းပါး သွားပြီးမှ အိမ်ပြန်လာကြတာလို့ လေ့လာမိသူတွေက ဆိုကြပြန်တယ်။ကြောင်နဲ့ကြွက် ကာတွန်းကား မှာလည်း ကြောင်ကို မုန်းစရာကောင်းအောင် ဖန်တီးပြီး ရိုက်ပေးထားကြတာ။
 “အဲဒါ ကြောင်တွေရဲ့ ဓာတ်ခံ မကောင်းတာ သိလို့ ဒါရိုက်တာတွေက ရိုက်ထားတာ နေမှာလို့” ကျွန်မက ပြောတော့ အမေက
“ကြောင်တွေနဲ့ပတ်သက်ရင် တော်တော် အဆိုးမြင်တာပဲ။ညည်းကို ဘာလုပ်နေကြလို့လဲ”တဲ့။
“သမီးကိုတော့ ဘာမှ မလုပ်ကြပါဘူး၊အမေ့ ကဲကဲ ကိုသာ သမီးအခန်းထဲ မ၀င်စေနဲ့”။
ကဲကဲကို ကျွန်မက ဆတိုးမုန်း။သူ့ ကြောင် မုန်းတဲ့ ကျွန်မကို အမေက ကြည့်မရနဲ့၊
နောက်ဆုံးတော့ ကဲကဲကြောင့်ပဲ ကျွန်မ နဲ့ အမေ ကတောက်ကဆ ဖြစ်ကျန်ခဲ့ရတယ်။
                                    ( ၃ )
       နွေရာသီ တစ်ခုရဲ့ ရုံးပိတ်ရက် တစ်ရက်မှာတော့ မန်္တလေးနွေရဲ့ အပူဒဏ်ကို မခံနိုင်တာနဲ့ နေ့ခင်းဘက်ကြီး ကျွန်မ ခေါင်းလျှော် ရေချိုးပြီး စာအုပ်တစ်အုပ်နဲ့ ကုတင် အောက်ဆင်းပြီး နပ်နေမိပါတယ်။ကျွန်မတို့နေတဲ့ခြံထဲမှာ အပင်ကြီးတွေပေါပါတယ်၊ ပိတောက်ပင်နဲ့၊အညာကုက်္ကိုပင်ကြီးရဲ့ အကိုင်းအခက်တွေက ကျွန်မအခန်းရဲ့ ပြတင်းပေါက် ဘောင်ပေါ်ကို လာထိနေတတ်ပါတယ်။ကုတင်ပေါ်မှာ မအိပ်ဘဲ သံမံတလင်းမှာ သင်ဖြူးဖျာ တစ်ချပ်ခင်း၊ပြီးတော့ မခြောက်တခြောက် ဆံပင်တွေကို ခေါင်းအုံး အပေါ်ဘက်မှာ ဖြန့်ပြီး ပက်လက်အိပ်ရင်း ကျွန်မ စာဖတ်ပါတော့တယ်။ကဲကဲရဲ့ အနှောက်အယှက်က လွတ်အောင် ကျွန်မအခန်းတံခါးကို ဂျက်ချထားလိုက်ပါတယ်။
            စာဖတ်ရင်း မျက်ကြောစင်းပြီး အိပ်ချင်လာတာမို့ စာအုပ်ဘေးခဏချပြီး ကျွန်မ မှေးကနဲ အိပ်ပျော်သွား ပါတော့တယ်။ဒါပေမဲ့ ခဏအကြာမှာတော့ ကျွန်မရဲ့ ဆံပင်တွေပေါ်ကို တစ်ကောင်ကောင်က ဆွဲပြီးရှုပ်ဖွနေသလို ခံစားမိပြီး ကျွန်မလန့်နိုးသွားပါတော့တယ်။မျက်စိက မဖွင့်နိုင်သေးဘဲ လက်နဲ့ဆံပင်တွေကို လှမ်းသပ် လိုက်တဲ့အချိန်မှာ ကဲကဲကိုစမ်းမိသွားတော့တာပဲ။တံခါးဂျက် ထိုးထားပါရက်နဲ့ လျှော်ပြီးစ ကျွန်မဆံပင်တွေပေါ်ထိ ရောက်လာတဲ့ ကဲကဲ ကိုဒေါသဖြစ်စိတ်နဲ့ ကျွန်မ အိပ်ချင်ပြေသွားပါတော့တယ်။
     ကျွန်မရဲ့ ထုံးစံအတိုင်း ကဲကဲကို ဂုတ်ကနေဆွဲပြီး လွင့်ပစ်ဖို့ ကျွန်မ ထထိုင် လိုက်ချိန်မှာတော့ အသက်ရှုရပ်သွားမတတ် ကျွန်မ တုန်လှုပ်သွားပါတော့တယ်။ကျွန်မဆံပင် အရှည်က တံခေါက်ခွက် ကျော်တာမို့  ကျွန်မ တ၀က်တပျက် ထထိုင်လိုက်တဲ့အချိန်မှာ ဆံပင်က ဖျာပေါ်မှာဖြန့်လျက် ကျန်နေသေးပါတယ်။ဖျာပေါ်မှာ ကျန်နေတဲ့ ကျွန်မဆံပင် သုံးပုံတစ်ပုံလောက် ပေါ်မှာတော့ ကဲကဲနဲ့ မြွေတစ်ကောင် သတ်ပုတ်နေတာ တွေ့လိုက်ရပါတော့တယ်။ကျွန်မ ငယ်သံပါအောင် အော်လိုက်ပေမဲ့ ခြံထဲက     ကွတ်ပျစ်ပေါ်ရောက်နေတဲ့ ကျွန်မ မိသားစု ကတော့ မကြားကြပါဘူး။ကျွန်မ အခန်းတံခါးကို ပိတ်ထားမိလို့ အသံလုံနေတာလည်း ဖြစ်ပါလိမ့်မယ်။
         မတ်တပ်လည်း ထမရပ်ရဲ၊ ဆံပင်တွေကိုလည်း ဆွဲမဖယ်ဝံ့နဲ့ ကျွန်မမှာ တစ်ကိုယ်လုံး တုန်နေပါတယ်။ကဲကဲ က သူ့လက်သည်းနဲ့ မြွေရဲ့ပါးပျဉ်းကို ပုတ်လိုက်၊မြွေက လှမ်းပေါက်လိုက်နဲ့ ကျွန်မ ဆံပင်တွေပေါ်မှာ လုပ်နေတာကို ခန်္ဓာကိုယ် တစ်ခြမ်းလိမ်ကြီးနဲ့ ကျွန်မမှာ အောင့်အီးပြီး ကြည်နေ့ရပါတယ်။နှစ်ကောင်သား သတ်ပုတ်နေကြရင်း  တဖြည်းဖြည်းနဲ့ ကျွန်မဆံပင်ပေါ်က လွတ်သွားပြီး ဖျာပေါ်ရောက်သွားတော့မှ ကျွန်မမှာ ခြေကုန်သုတ်ပြီး အခန်းအပြင်ကို ပြေးထွက်ခဲ့ရပါတယ်။အဲဒီတော့မှ မိသားစုတွေသိသွားကြပြီး ကျွန်မအခန်းထဲကို ၀င်ကြည့်ကြပါတော့တယ်။မိသားစုနောက်ကနေ မရဲတရဲနဲ့ မြွေနဲ့ကြောင်ရဲ့ သတ်ပုတ်ပွဲကို ကျွန်မလည်း ၀င်ကြည့် နေမိပါတယ်။
         ကျွန်မ မောင်အငယ် ကတော့ 
“တရုတ်သိုင်းကားတွေထဲမှာ မြွေသိုင်းနဲ့ကြောင်သိုင်းချရင် ကြောင်သိုင်းကပဲ နိုင်တာဟ၊ကဲကဲ ပဲနိုင်လိမ့်မယ် မမ ကြည့်နေ”တဲ့။
      နောက်ဆုံးမှာတော့ မြွေက ကဲကဲကို လှမ်းပေါက်လိုက်တဲ့ အချိန် ကဲကဲက ခုန်ရှောင်နိုင်ပေမဲ့ ၊ကဲကဲက မြွေရဲ့ပါးပျဉ်းကိုမှ လက်သည်း နဲ့ ကုတ်တာကိုတော့ မြွေခမျှာ မရှောင်နိုင်တော့ဘဲ ငြိမ်သက်သွားပါတော့တယ်။ကဲကဲ နဲ့ ကျွန်မ ဇာတ်လမ်းကို အကြောင်းစုံသိသွားတဲ့ အမေက
   “ညည်း ရေချိုးခန်းက မထွက်ခင်ကတည်းက ”ကဲကဲ” က ထမိန်ပုံ ပေါ်တက်အိပ်နေတာ အမေ တွေ့သားပဲ၊ညည်း မတွေ့နိုင်လောက်တဲ့ နေရာမို့ မောင်းမထုတ်ခဲ့တာ။ တိရစ်္ဆာန်လည်း သူ့အစွမ်းနဲ့ သူရှိပါတယ်အေ အလကားနေရင်း မလိုမုန်းထား လုပ်မနေပါနဲ့ ညည်းမုန်းနေတာလည်း သူမသိပါဘူး။အခုတော့ ကဲကဲက ညည်းအသက်ကယ်လိုက်တာ မဟုတ်ဘူးလား”တဲ့။
                                        (၄)
      ဒီနေ့နေ့လည် ကျွန်မ အခန်းထဲမှာ  ကဲကဲတစ်ကောင် ရှိနေတာ ကံသီပေလို့ပဲ။တစ်ကယ်လို့ ကဲကဲ သာကျွန်မ အခန်းထဲမှာ ရှိမနေရင် ကျွန်မ ဘာဖြစ်လို့ သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး။ဆံပင်ရေစို မခြောက်တစ်ခြောက်က မြွေတစ်ကောင်အတွက် ၀င်ခွေချင်စရာ နေရာ ဖြစ်နေပြီး၊မဆင်မခြင် ကုတင်အောက် ဆင်းအိပ်မိတာလည်း ကျွန်မရဲ့ အမှားပါပဲ။စဉ်းစားဥာဏ်ရှိတဲ့ လူတောင် မစဉ်းစားဘဲ လုပ်မိသေးတာ၊ကဲကဲ ကကြောင်ပဲလေ၊ကျွန်မ ဘယ်နှခါ လွင့်ပစ် လွင့်ပစ် သူဘယ်မှတ်ထားတတ်မှာလဲ။ကျေးဇူးတင်ပါတယ် “ကဲကဲ”ရယ်လို့ ကျွန်မ အသံထွက်ပြီး ပြောမိတဲ့ အချိန်မှာတော့ “ကဲကဲ” က အသိအမှတ်ပြုတဲ့အလား ကျွန်မ ခြေထောက်ကို သူ့ခေါင်းနဲ့ တိုးဝှေ့လို့ နေပါတော့တယ်။
           
                                                                 ခင်သန္တာ                                                                        
           

0 comments:

Post a Comment