468x60

“ မကြုံဖူးဆို မယုံဘူးလား”

Tuesday, June 3, 2014
               
                                 အခန်း(၁)
ဖြစ်ရပ်(၁)။        ။တက်္ကသိုလ် ကျောင်းပိတ်ရက်တွေအတွင်း အိမ်မှာအပြည့်အ၀ အနားယူချိန် ကာလ တစ်ခုတုန်းကပေါ့။အဖွားနဲ့အတူ ဟာသကားကြည့်နေရင်းက အိပ်ငိုက်လာပြီး လေးလံနေတဲ့ မျက်ခွံတစ်စုံဟာ ပြုတ်ကျလာပါတော့တယ်။ရုပ်ရှင်တွေ ကြည့်နေကျ မဟုတ်လို့ လည်း ပါပါလိမ့်မယ်။ဧည့်ခန်းထဲက တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက် ကိုးနာရီခွဲပဲ ရှိသေးတယ်။နေ့လည် နေ့ခင်းလို တစ်ရေးပြန်အိပ်ရမယ့် အချိန်လည်း မဟုတ်ဘဲနဲ့။ကိုယ့်ရဲ့ အားလပ်ချိန်တွေကို အပြည့်အ၀ အသုံးချဖို့ ဆုံးဖြတ်ထားပြီးမို့ ၀င်အိပ်ဖို့ အခန်းထဲကို ၀င်ခဲ့လိုက်တော့တယ်။အိပ်ခန်းကို လိုက်ကာ ကာထားပေမယ့်  အိမ်ရဲ့ ဧည့်ခန်းထဲ ကနေ လှမ်းကြည့်ရင် ကျွန်မရဲ့ ကုတင်ခြေရင်းကို မြင်နေရတယ်။လေတိုက်လို့ လိုက်ကာလွင့်သွားတဲ့ အချိန်ဆို ကုတင် အောက်တစ်ပိုင်းလောက်ကို မြင်နေရတယ်။ဘာလို့မှန်းတော့မသိဘူး ကျွန်မ အိပ်နေတာကို လူမြင်ရင် မအိပ်တတ်တော့ဘူး။
          ပြီးတော့ အိပ်ပျော်နေတဲ့အချိန် တစ်ယောက်ယောက်က အသားကိုလာထိရင် မျက်စိဖွင့်ကြည့်တတ်သေးတယ်။နိုးသွားတာလား ဆိုတော့ မဟုတ်ဘူး၊အလိုလို မျက်စိဖွင့်ကြည့်မိလိုက်တာ။အညာက အဒေါ်တွေ အိမ်ကို အလည်လာတုန်းက အဒေါ်တစ်ယောက်က ကျွန်မ နဲ့အတူ လာအိပ်တယ်။တစ်ယောက်အိပ် ကုတင်ကို နှစ်ယောက် အိပ်ရတာ ဆိုတော့ အသားချင်းက ထိမိနေတာပေါ့။မနက်မိုးလင်းတော့ အဒေါ်က  “သမီးကို အားနာလိုက်တာ တစ်ညလုံး အိပ်မပျော်ဘူးထင်တယ် အသားကိုထိမိတိုင်း မျက်စိဖွင့်ကြည့်နေတော့တာပဲ”တဲ့။ကျွန်မကတော့ သိဖို့နေနေ သာသာ တစ်ရေးတောင် နိုးတာ မဟုတ်ဘူး။ကောင်းတော့ ကောင်းသားပဲ အဟန့်အတားတစ်ခုတော့ ဖြစ်တာပေါ့။
         အဲဒီကြောင့် ကျွန်မ အခန်းထဲဝင်အိပ်ပြီဆိုရင် အခန်းတံခါးကို စေ့ခဲ့လေ့ရှိတယ်။အဲဒီနေ့ကလည်း အခန်းတံခါးကိုစေ့ခဲ့လိုက်ပြီး ကျွန်မ ကုတင်ပေါ်လှဲအိပ်လိုက်တယ်။ကျွန်မ လှဲအိပ်ပြီး ခဏပဲကြာမယ်ထင်တယ်၊တစ်ယောက်ယောက် ၀င်လာပြီး ကုတင်ပေါ်လှဲ လိုက်သလို ခံစားလိုက်ရတယ်။အသားချင်း လာမထိခင် နံရံဘက်အခြမ်းကို  ကျွန်မ နည်းနည်းရွေ့ ပေးလိုက်တယ်။ရွေ့ပေးလိုက်ခါမှ ကျွန်မ ခါးပေါ်ကို လက်တင်ပြီး ပြီးချင်း လျှောချလိုက်သလို ထပ်ခံစားရတယ်။ပြီးတော့ ကုတင်ပေါ်က ထသွားတယ်လို့ သိလိုက်တယ်။လူကလည်း အရမ်းအိပ်ချင်နေပြီ၊အဖြစ်အပျက်တွေကို သိနေပြီး၊ အထိအတွေ့ကတော့ မသေချာသလို ခံစားနေရတယ်။
          ပြီးတော့ ချက်ချင်းပဲ အိပ်ချင်ပြေသွားတယ်။ကုတင်ပေါ်က ထပြီး ဧည့်ခန်းထဲကို ပြန်ဝင်ခဲ့တော့ ရုပ်ရှင်ဇာတ်ဝင်ခန်းက တစ်ခန်းမပြီးသေးဘူး။ဒါဆို အချိန်က ခဏလေးပဲရှိသေးတာပေါ့လို့ တွေးမိပြီး အဖွားကို “သမီးကုတင်ပေါ် လာအိပ်သေးလား”လို့ မေးလိုက်တယ်။အဖွားက ဒီနေရာက ထတောင် မထရသေးဘူး တဲ့။အဖေ့ ရုံးဝန်ထမ်း    စာရေးမတစ်ယောက်ကလည်း နေ့ခင်းဘက် တွေ အားရင် ကျွန်မ ကုတင်ပေါ် လာလှဲနေတတ်တော့ သူ လာ မလာလည်း အိမ်သားတွေကို မေးကြည့်လိုက်တယ်။စာရေးမ ကလည်း ဒီနေ့ ရုံးမလာဘူးတဲ့။ထူးဆန်းတဲ့ ဒီအဖြစ်အပျက်ကို အိမ်က မိသားစုတွေကို ပြောပြတော့လည်း ဘယ်သူမှ ထူးဆန်းတယ်လို့ ထင်ပုံမရကြပါဘူး။ဒါကြောင့် အဲဒီနေ့ ရက်စွဲနဲ့ အချိန်ကို ပြက်္ခိန်ပေါ်မှာ  ကျွန်မ ၀ိုင်းထားလိုက်တယ်။၁၉၉၃ခုနှစ်၊ ဇွန်လ ၁၇ ရက်၊မနက် ၉နာရီ၊၂၀ မိနစ်။
       နောက်တစ်ပတ် အကြာမှာတော့ တခြားမြို့က သူငယ်ချင်းတစ်ယောက်ဆီက သံကြိုးစာရောက်လာတယ်။ဇွန် ၁၇ ရက် မနက် ၉ နာရီ ၁၀မိနစ် နီလာဆုံးပြီ အမြန်လာပါတဲ့။သံကြိုးရိုက်လိုက်တဲ့ သူငယ်ချင်း မဝေနဲ့ သေဆုံးသူ နီလာတို့က တစ်မြို့တည်း အတူနေကြတာ။နှစ်ယောက်စလုံး ကျွန်မ နေထိုင်ရာ ဖျာပုံမြို့ကို မရောက်ဘူးသေးလို့ အလည်လာကြမှာ။သဘောင်္လက်မှတ်ကို ၂၁ ရက်နေ့ ရက်စွဲနဲ့ ဖြတ်ထားပြီးနေ ကြပြီ။တက်္ကသိုလ် စာမေးပွဲဖြေပြီးလို့ ကျွန်မတို့ ခွဲခဲ့ကြတာ ဇွန် ၁၀ ရက်နေ့ကမှပါ။ကျွန်မတို့ သူငယ်ချင်း သုံးယောက်က မေဂျာသာ မတူကြတာ အဆောင်အတူ၊အခန်းတောင် နှစ်ယောက်ခန်းကို သုံးယောက် ရအောင်နေကြတာ။ကျောင်းတက်နေတုန်းက နီလာ့မှာ အမျိုးသမီး ရောဂါ ခံစားနေရတာ သိပေမယ့် ဒီလောက် ဆိုးဝါးပြီး မြန်မြန်ဆန်ဆန် သေနိုင်လိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး။
          နီလာ ဆုံးတာကို ကျွန်မ သွားချင်ပေမယ့် အဖေတို့ကလည်း လိုက်မပို့နိုင်၊ကျွန်မ ကလည်း ပထမနှစ်ကျောင်းသူ အရွယ်ဆိုတော့ တစ်ယောက်တည်းလွှတ်ဖို့ စိတ်မချကြတာနဲ့ မသွားဖြစ်လိုက်ဘူး။ကျွန်မ အဖေက ကူညီငွေကိုပဲ စာတိုက်ကနေ လွှဲပေးလိုက်တယ်။
                                   အခန်း(၂)
ဖြစ်ရပ်(၂)။        ။အဲဒီ အဖြစ်အပျက် ဖြစ်မယ့်နေ့က အိမ်မှာ အမေက ဘိန်းမုန့် ဖုတ်တယ်။မြန်မာ မုန့်တွေ တော်တော်များများကို အမေက အိမ်မှာပဲ လုပ်ကျွေးလေ့ရှိတယ်။ကျွန်မ ကလည်း စားသာစားချင်တာ ကူလုပ်ပေးဖို့တော့ ပျင်းတယ်။ဝယ်စားလိုက်ရင်လည်း ရသားနဲ့ အချိန်တွေ အများကြီးပေးပြီး ပင်ပင်ပန်းပန်းနဲ့ လုပ်နေရတာကို မတန်ဘူးလို့ ထင်တတ်တာ။အမေကတော့ သူပင်ပန်းပေမယ့် ကျွန်မတို့ မောင်နှမတွေ ပေါပေါများများနဲ့ သန့်သန့်ရှင်းရှင်းစားရတာပေါ့ လို့ပဲ တွေးတတ်သူပါ။အစပိုင်းမှာ အမေ့ကို ကူလုပ်ပေးနေပါသေးတယ်။ဒါပေမဲ့ ခဏကြာတော့ ကျွန်မ အရမ်းအိပ်ချင်လာပြန်တယ်။နေ့ခင်းဘက်လည်း ဖြစ်နေတော့ ကျွန်မ ၀င်အိပ်လိုက်တယ်။ကုတင်ပေါ်လှဲပြီး မကြာခင်မှာပဲ ပြတင်းပေါက်နားမှာ အရိပ်တစ်ခု လာရပ်ပြီး ကျွန်မကို လှမ်းပုတ်လိုက်သလို ခံစားလိုက်ရတယ်။အဖြစ်အပျက်ကိုပဲ သိတာ အထိအတွေ့ကို တော့ ခံစားကြည့်လို့ မရဘူး။
       ကျွန်မကုတင်က ပြတင်းပေါက်ဘက်ကို ကပ်ထားတာ၊ကျွန်မ နံရံဘက် အခြမ်းကို ကပ်အိပ်လိုက်တာနဲ့ ပြတင်းပေါက်နားကို ရောက်သွားပြီ။  ကျွန်မ ချက်ချင်း အိပ်ချင်ပြေသွားတယ်။ကျွန်မ အခန်းနဲ့ ကပ်ရပ်က ရေချိုးခန်း ပြီးတော့ မီးဖိုချောင်၊ကျွန်မတို့အိမ်ရဲ့ မျက်နှာစာက အဖေ့ရဲ့ ခရိုင်ရုံးကြီး ရှိတယ်။အဲဒီတော့ တစ်ယောက်ယောက်က လာစ တာဆိုရင် ကျွန်မ     မမြင်အောင်ကွယ်ဖို့က  အနီးဆုံး ရေချိုးခန်းဘက်ကို ပြေးမှ လွတ်မယ်။ရေချိုးခန်းဘက် အရင်ကြည့်လိုက်တော့ ဘယ်သူမှ မတွေ့ဘူး၊ပြီးတော့ ကပ်ရပ် မီးဖိုချောင်မှာ အမေက မုန့်ဖုတ်နေ တာ။ရုံးဘက်ပိုင်းကို ပြေးရင်တော့ ကွင်းပြင် ကွက်လပ်ဖြစ်နေတဲ့အတွက် ဘယ်သူမှ မရှိတာကို ရှင်းရှင်းလင်လင်းကြီး မြင်နေရတယ်။ကျွန်မကို လာစ နေတတ်တဲ့ အဖေ့ ၀န်ထမ်းရဲ့ မိန်းမ တစ်ယောက်ရှိတယ်။သူလာ စ တာများလို့ အမေ့ကို မေးကြည့်လိုက်တော့ “ညည်းတို့မှ အားမကိုးရတာ ဘိန်းမုန့်ထဲထည့်ဖို့ ဘိန်းစေ့ မလောက်လို့ ဈေးကို လွှတ်လိုက်တယ်”တဲ့ မကြည်မလင်နဲ့ အမေက ပြန်ဖြေတာမို့ ငြိမ်နေလိုက်ရတယ်။ပထမ အဖြစ်အပျက်လိုပဲ အချိန်က သိပ်တိုတောင်းလွန်းတယ်။ပြက်္ခဒိန်ရက်စွဲက ဇူလိုင် ၂၇ ရက်ကို ကျွန်မ အမှတ်အသားလုပ်ပြီး ထပ်ဝိုင်းထားလိုက်တယ်။
          ကျောင်းတွေ ပြန်ဖွင့်တော့ သူငယ်ချင်းတို့ မြို့ကို ၀င်ပြီး နီလာအဖေ့ကို ၀မ်းနည်း ကြောင်း ၀င်ပြောဖြစ်တယ်။အဲဒီအချိန်မှာ သိရတာက ဇူလိုင် ၂၇ ရက်က သူတို့ ဘာသာအရ ရက်လည်တဲ့ နေ့ဖြစ်နေတာပဲ။နီလာ ဆုံးမယ့် မနက်က ဗိုက်အောင့် တယ်ဆိုပြီး ဆေးရုံကို ဆိုက်ကားနဲ့ သားအဖနှစ်ယောက် သွားကြတယ်တဲ့။နီလာတို့မောင်နှမတွေ မှာ အမေ မရှိတော့ဘူး၊အဖေနဲ့ပဲ နေကြတာ။ဆိုက်ကားပေါ်မှာ ဗိုက်အောင့်တယ် အော်နေရင်း နီလာက “အပါကြီး သမီးနဲ့ မဝေ ခင်လေးဆီသွားရမှာနော်၊ သင်္ဘောလက်မှတ် ဖြတ်ပြီးပြီ ဆေးရုံမတက်ဘူး”လို့ ပြောနေတာတဲ့။ဆေးရုံရောက်တော့ အသက်မရှိတော့ဘူးတဲ့။မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် သူ့အဖေကတော့ ယူကြုံးမရ ဖြစ်နေတယ်။နီလာက အောင်စာရင်းထွက်တော့ ဂုဏ်ထူးနှစ်ဘာသာ ပါသေးတာလေ။
            နီလာ့ အဖေ့ပြောစကားအရဆိုရင် နီလာ ၀ိဥာဉ်က ကျွန်မဆီရောက်လာတာလား၊ စဉ်းစားကြည့်နေမိတယ်။ဖျာပုံဆိုတဲ့ မြို့ကို နီလာ မသေခင် ရောက်မှ မရောက်ဘူးတာပဲ။အဲဒီလို နယ်လွန် စိတ်ပညာတွေကို သိပ်မယုံကြည်ပေမယ့်  မဖြစ်နိုင်ဘူးလို့တော့ ပြောရခက်နေတယ်။အဲဒီနောက်ပိုင်း ဖြစ်ရပ်မှန် ဘာသာပြန် စာအုပ်တစ်အုပ်ဖတ်လိုက်ရတဲ့ အချိန်မှာ နည်းနည်းတော့ လက်ခံသလို ဖြစ်သွားရတယ်။
       ပင်လယ်ကူး သင်္ဘောကြီးတစ်စင်းရဲ့ စက်ခန်းသော့ကို သင်္ဘော ကက်ပတိန်နဲ့ သူ့လက်ထောက်တစ်ယောက်သာ ကိုင်ထားတယ်တဲ့။အဲဒီအခန်းထဲမှာ သူတို့သင်္ဘောသွားရမယ့် မြေပုံအညွှန်းနဲ့တခြား အရေးကြီး စာရွက်စာတမ်းတွေ ရှိတာမို့ သတိထားနေရတာပေါ့။တစ်ညမှာ သင်္ဘောခွေးတစ်ကောင်က ဆွဲဆွဲငင်ငင် အူအပြီး စက်ခန်းထဲမှာအရိပ်တစ်ခုတွေ့လိုက်သလို ကက်ပတိန်က ခံစားလိုက်ရတယ်တဲ့။မနက်မိုးလင်းလို့ စက်ခန်းကို ဖွင့်ကြည့်တဲ့အခါမှာ ဘာမှ မထူးခြားပေမယ့် မြေပုံပေါ်မှာ အစက် တစ်စက်ထင်နေတာ တွေ့ရတယ်တဲ့။ဒုတိယည မှာလည်း အဲဒီလို ထပ်ဖြစ်တာမို့ လက်ထောက်လက်ထဲက စက်ခန်းသော့ကို ကက်ပတိန်က ပြန်တောင်းထားလိုက်တယ်တဲ့။တတိယညအပြီး မြေပုံပေါ်က အစက်သုံးစက်မြောက်ကို မြင်ရတဲ့အချိန်မှာတော့ ကက်ပတိန်က အဲဒီမြေပုံပေါ်မှာ တွေ့ရတဲ့ အစက်အတိုင်း သင်္ဘောလမ်းကြောင်းကို ပြောင်းပြီး မောင်းဖို့အမိန့်ပေးလိုက်တော့တယ်။
     တတိယမြောက်  မြေပုံအညွှန်း အစက်အဆုံးမှာတော့ သက်ကယ်လှေတစ်စီး တွေ့ရပြီး အဲဒီအပေါ်မှာ လူတစ်ယောက်လဲနေတာကို တွေ့လိုက်ရတယ်။အသက်မရှိ တော့ဘူး ထင် ရပေမယ့် အသက်ငွေ့ငွေ့ ရှုနေတာကို သိရလို့ သင်္ဘောကြီးပေါ် ပြောင်းတင် ခဲ့ကြတယ်။ သင်္ဘော ဆရာဝန်တွေနဲ့ ကုသပြီး တစ်ပတ်အကြာမှာ အဲဒီလူက ကောင်းကောင်း သတိပြန်ရလာတယ်။သူ စကားပြော ပြော နိုင်ချင်းမှာပဲ သင်္ဘောကက်ပတိန်ကို “ကျေးဇူးတင်လိုက်တာ ကက်ပတိန်ရယ် ကျွန်တော်တို့ သဘောင်္ မုန်တိုင်းမိပြီး မှောက်သွားတာ ကျွန်တော် သက်ကယ်လှေပေါ်မှာ မျောနေတဲ့အချိန် ကူမယ့်သူလိုက်ရှာတာ ကက်ပတိန်တို့ သင်္ဘောပဲတွေ့ရလို့ အကူအညီ တောင်းလိုက်ရတာပါတဲ့။
         အဲဒီ စာအုပ်ထဲမှာ ဘယ်လို ပုံစံမျိုးနဲ့အကူအညီတောင်းလိုက်တယ် ဆိုတာတော့ ထည့်ရေးမထားဘူး။ဖြစ်ရပ်မှန် ဇာတ်လမ်းဆိုပြီး နိုင်ငံတကာ သင်္ဘောသား လောကမှာတော့ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ်ပါ။လူတစ်ယောက် က မသေသေးဘဲနဲ့လည်း သူ့ဝိဥာဉ်က လျှောက်သွားလို့ရလား၊မရောက်ဘူးခဲ့တဲ့ နေရာတွေကိုရော သေပြီးတဲ့ ၀ိဥာဉ်က သွားတတ်သလား ကျွန်မ သိချင်လိုက်တာ။အဲဒီလို သွားလို့ရတယ်ဆိုရင် ကျွန်မ သူငယ်ချင်း ၀ိဥာဉ်က ကျွန်မဆီ တစ်ကယ်ရောက်ခဲ့တာလား။နားလည်ရခက်တဲ့ ပုစ်္ဆာတစ်ခုလိုပါပဲ။
                                        အခန်း(၃)
ဖြစ်ရပ်(၃)။       ။ကျွန်မ မင်္ဂလာဆောင်ကာနီး တစ်ပတ်လောက်အလိုမှာ ပုံစံတူ အဖြစ်အပျက် ဖြစ်ပြန်ပါတယ်။ဘာသံကြားရမှာလည်းလို့ နားစွင့်နေတုန်းမှာပဲ ကျွန်မနဲ့ အရမ်းခင်တဲ့ မိတ်ဆွေ တစ်ယောက် ရထားတွဲနှစ်ခုကြားထဲကို ပြုတ်ကျပြီးသေဆုံးသွားတဲ့ သတင်းဖြစ်နေတယ်။ရှေ့က ကျွန်မ အတွေ့အကြုံတွေ အရ ဒီတစ်ခါ အဖြစ်အပျက်မှာတော့ နည်းနည်း ကြိုသိသလို ဖြစ်နေပြီ။အချိန်အခါမဟုတ် ကျွန်မ အရမ်းအိပ်ချင်ပြီဆိုရင် ရင်းနှီးတဲ့သူတွေထဲက တစ်ယောက်ယောက် တစ်ခုခု ဖြစ်နေပြီလို့ ကျွန်မ မှန်းဆ တတ်ပြီ။အဖြစ်အပျက်တိုင်းမှာ အိပ်ချင်စိတ်ကို ကြိုးစားပြီး ဖြေဖျောက်ကြည့်ပေမယ့် ကျွန်မ မတတ်နိုင်ခဲ့ဘူး။
        ကျွန်မ  အိမ်ထောင်ကျတော့ ရုံးဝန်ထမ်းဘ၀က ထွက်ပြီး ကိုယ်ပိုင် အားကစားသင်တန်းကို ရန်ကုန်မှာ စဖွင့်ကာစ အချိန်။မန်္တလေးမှာ ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖုံးအဆက်အသွယ် မပြတ်ရှိနေသေးတယ်။ တနင်္လာနေ့တစ်ရက်ကို သင်တန်းပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။အဲဒီနေ့က မနက် ကိုးနာရီကျော်လောက်ကို ပြန်အိပ်ချင်နေတယ်။ဝင်အိပ်ပြီး ခဏကြာတော့ အိပ်မက်လိုလို မြင်နေတာ မန်္တလေးက ကျွန်မ အစ်မလိုခင်နေတဲ့ ရုံးဝန်ထမ်းတစ်ယောက် ဆိုင်ကယ်မှောက်တဲ့ပုံရိပ်ပါပဲ။ရုံးကို လာတဲ့လမ်းမှာ ၀က်တစ်ကောင် ကို ၀င်တိုက်ပြီး ဆိုင်ကယ်မှောက်သွားတာလို့တောင် အတိအကျ မြင်နေတာ။အဲဒီပုံရိပ်ကို အိပ်မက်လိုမြင်ယောင်ပြီး ပြီးချင်းမှာပဲ ကျွန်မ အိပ်ချင်ပြေသွားတယ်။
          မန်္တလေးရုံးကို ဖုံးဆက်ကြည့်လိုက်တော့ အဲဒီအစ်မ ရုံးကို မရောက်သေးဘူးတဲ့။အိပ်မက်မက်တဲ့ အကြောင်း ဖုံးကိုင်တဲ့ဝန်ထမ်းကိုပြောပြနေတုန်း နောက်ဖုံးတစ်လုံး မြည်သံကြား လိုက်တယ်။အဲဒီအစ်မ ခွင့်တိုင်တာတဲ့ ရုံးမလာခင် မနက်အစောကြီး ဘုရားကြီးကိုသွားရင်းလမ်းမှာ      ၀က်တစ်ကောင်ကို ၀င်တိုက်မိပြီး ဆိုင်ကယ်မှောက်တာ ဒဏ်ရာရသွားတယ်တဲ့။မစိုးရိမ်ရပေမယ့် ဆေးခန်းသွားထားရလို့ ခွင့်တိုင်တာပါတဲ့။ဖုံးကိုင်တဲ့ ၀န်ထမ်းက ကျွန်မကို တယ်လီပသီ ရထားတာ လားလို့ မေးတယ်။ဆိုင်ကယ်မှောက်တဲ့ နေရာပဲ လွဲလို့တဲ့။တော်ပါသေးတယ် အဲဒီ အဖြစ်အပျက်ကတော့ အသက်သေတယ်ဆိုသည်ထိ မကြားလိုက်ရလို့။
                                    အခန်း(၄)
            စိတ်နယ်လွန် ဖြစ်ရပ်တို့ ၊ပရလောကတို့ ဂမ်္ဘီရတို့ ဆိုတာတွေကို ကျွန်မ နားမလည် တာတော့ အမှန်ပါ။အရင်က မယုံကြည်ဘူး၊မဖြစ်နိုင်ဘူးလို့တောင် ပြောခဲ့သူပါ။ဒါပေမယ့် တစ်ကြိမ်မက တိုက်ဆိုင်လာတော့ ပြောရခက်နေပြီ။စိတ်အစွဲ ကြောင့်လို့ တွေးရအောင်လည်း အဖြစ်အပျက်တွေက တစ်ကယ်ဖြစ်ခဲ့တာ။ဘာပဲ ဖြစ်ဖြစ် အခုနောက်ပိုင်းမှာ အဲဒီလို ပုံမှန်မဟုတ်တဲ့ အိပ်ချင်စိတ်မျိုး ပေါ်မလာတော့ တာကို ကြံဖန်ပြီး ကျေးဇူးတင်နေမိပါတယ်။ကျွန်မ မမြင်နိုင်တဲ့ ဘယ်အရာတွေကိုပဲ ဖြစ်ဖြစ်ပေါ့။



                                                                    ခင်သန္တာ                                        
                                                       
          
    

0 comments:

Post a Comment