468x60

မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ

Tuesday, June 3, 2014
   
                                      (၁)
       ရာထူးတိုး စာမေးပွဲ ဖြေခန်းထဲမှ အစောတလျင် ထွက်ချင်နေသည့် ကျွန်မ၏စိတ်တို့ကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများက သတိထားမိကြသည့်နှယ် မျက်စောင်းတထိုး ထိုးနှင့် ထွက်မသွားသေးရန် အချက်ပြနေကြသည်။အမှန်အတိုင်း ၀န်ခံရလျှင် ထို စာမေးပွဲကို ကျွန်မ စိတ်မ၀င်စားပါ။လုပ်သက် လေးနှစ်ပြည့်သည့် အငယ်တန်းစာရေး အားလုံး ၀င်ရောက်ဖြေဆိုခွင့်ရသည့် ထိုစာမေးပွဲသည် ထူးခြားလှသည့် အရည်အချင်းကြောင့်မဟုတ်ဘဲ လုပ်ရိုး လုပ်စဉ် တစ်ခုသာ ဖြစ်လို့နေပါသည်။အကြီးတန်း စာရေး ရာထူး လစ်လပ်သည့် နေရာများသည်လည်း တိုင်းဒေသကြီး တစ်ခုလျှင် တစ်နေရာ လောက်သာ ရှိတတ်သည်မို့ စာမေးပွဲ အောင်မြင်ခဲ့သည့်တိုင် အကြီးတန်း စာရေး ရာထူး ရဖို့က မလွယ်ကူပြန်ပါ။မန်္တလေးတိုင်းရုံးမှ ရွယ်တူ သူငယ်ချင်းများနှင့်အတူ ရန်ကုန်ရုံးချုပ်သို့ လာရောက်ဖြေကြရခြင်းဖြစ်သည်။သူငယ်ချင်းများနှင့် တစ်စု တစ်ဝေးတည်း အတူနေ၊အတူသွားရသည်များကသာ ပျော်စရာ ဖြစ်လို့နေပါသည်။ရာထူးတိုး စာမေးပွဲအတွက် ကျက်ရသည့် စာများကလည်း နိုင်ငံရေး ဆောင်ပုဒ်နှင့် လက်ရှိ နိုင်ငံ့ အကြီးအကဲများ ပြောကြားသည့် မိန့်ခွန်းအချို့ ဖြစ်နေခြင်းကြောင့် ငယ်စဉ်ကလို အလွတ်ကျက်ချင်စိတ်လည်း မဖြစ်မိပါ။ကျွန်မတို့ အဖွဲ့တွင် မိန်းကလေးချည်း စုစုပေါင်း ၇ ယောက်ရှိသည်။နှစ်ယောက်လောက်ကသာ စာမေးပွဲအတွက် သေချာ ပြင်ဆင် စာကျက်ထားကြပြီး၊ကျွန်မ အပါအ၀င် ကျန် ၅ယောက်ကတော့ အပျော်သက်သက်သာ။
       ရန်ကုန်သို့ ရာထူးတိုး စာမေးပွဲ လာဖြေချင်သည့် ကျွန်မ ရည်ရွယ်ချက်က ချစ်သူနှင့် တွေ့ချင်၍ဖြစ်ပါသည်။ချစ်သူသက်တမ်း တစ်နှစ်လောက်အတွင်း နှစ်ယောက်တည်း တစ်ခါမှ မတွေ့ဖူးသေးပါ။ယခုတစ်ကြိမ်ဆုံရမှာသည် ပထမ ဦးဆုံးဖြစ်နေခြင်းကြောင့် ကျွန်မ စိတ်လှုပ်ရှားနေမိပါသည်။ချိန်းဆိုထားသည့် အချိန်ကလည်း စာမေးပွဲ ပြီးသည့်အချိန်ဖြစ်နေပါသည်။ထို့ကြောင့် အစကတည်းက စိတ်မ၀င်စားလှသည့် ထိုစာမေးပွဲခန်းမှ ကျွန်မ စောထွက်ချင်နေခြင်းဖြစ်ပါသည်။သို့သော်လည်း သူငယ်ချင်းများနှင့် အတူတူကျမှသာ ထွက်ခဲ့လိုက်ရပါသည်။စာမေးပွဲ ဖြေဆိုရသည့် ရုံးဝန်းအပြင် ရောက်တော့လည်း သေချာပြင်ဆင်ထားကြသည့် သူငယ်ချင်း နှစ်ယောက်က ငယ်စဉ် ကလေးဘ၀များကလို အဖြေတိုက်လို ကြပါသည်။ခပ်ပေါ့ပေါ့သာ ဖြေခဲ့ကြသည့် ကျွန်မ တို့တစ်တွေ အားနာပါးနာ အဖြေတိုက်ကြရပြန်သည်။ စီးပွားရေး ဦးတည်ချက် လေးရပ်ကို ရွတ်ပြကြသည့်အခါ သူငယ်ချင်းတစ်ယောက် အဖြေကြောင့် ကျွန်မတို့ ရယ်မောခဲ့ကြရသည်။
      “ဟဲ့ စီးပွားရေး ဦးတည်ချက် လေးရပ်မှာ ပထမဦးဆုံး အချက်က စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကို လည်း မလစ်ဟင်းအောင် ဆောင်ရွက်ရေး မဟုတ်လား” တစ်ယောက်၏ အပြောကို
သေချာ ပြင်ဆင်ထားသည့် သူငယ်ချင်း တစ်ယောက်က စိတ်ဆိုးတကြီးဖြင့်
     “မဟုတ်ပါဘူးဟယ်၊စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း  ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ပါ။နင်တော့ စာမေးပွဲအောင် မအောင်မသိဘူး။ထုချေလွှာတော့ တင်ရတော့မယ် ထင်တယ်။”
       “ဘက်စုံ ဖွံ့ဖြိုးတိုးတက်တာနဲ့ မလစ်ဟင်းအောင် ဆောင်ရွက်တာ သိပ်မကွာပါဘူးဟာ”ဟု ဖြေဆိုခဲ့သူ သူငယ်ချင်းက စောဒက တက်ပါသေးသည်။
ထိုအချိန်က  စစ်အစိုးရ အုပ်ချုပ်နေသည့် ကာလဖြစ်ပြီး ဘယ်အရာကိုမှ အပြောမခံနိုင်၊အထိမခံနိုင်သည့် ကာလ ဖြစ်နေပါသည်။သို့သော်လည်း ထူးခြားလှစွာ ထိုသို့ ဖြေဆိုခဲ့သည့် သူငယ်ချင်းတစ်ဦးသာ စာမေးပွဲအောင်၍ ရာထူးတိုးသွားပြီး ကျွန်မ တို့သူငယ်ချင်း အားလုံး အငယ်တန်း စာရေးဘ၀၌ ပျော်ရွှင်စွာ ကျန်ခဲ့ကြပါသည်။တိုင်းဦးစီးမှူး၏ သမီးဖြစ်သူ ကျွန်မ ရာထူးမတိုးခြင်းကိုလည်း ထိုအချိန်က အံ့သြကြပါသည်။
                                          (၂)
       သူငယ်ချင်းများကို အားမနာစွာ ထားရစ်ခဲ့ပြီး သူ လာကြိုသည့် ဆိုင်ကယ်နှင့် ခေမရဌ် ဆိုင်သို့ ထွက်ခဲ့ကြသည်။သန့်ရှင်းသပ်ရပ်သည့် မှန်ခန်းလေးအတွင်း စတော်ဘယ်ရီ မစ်ရှိတ်နှင့် ချောကလက် မစ်ရှိတ် တစ်ခွက်စီမှာကြပြီး စကားဖောင်ဖွဲ့နေမိကြသည်။ကျွန်မက အပြောသမား ဖြစ်ပြီး သူကတော့ နားထောင်သူ သက်သက်သာ။အသက်အရွယ် ကွာခြားခြင်းနှင့် သူ၏ လူကြီးဆန်သော အနေအထိုင်တို့ကြောင့် ကျွန်မတို့ နှစ်ယောက်ပုံစံမှာ ချစ်သူ နှစ်ယောက်နှင့်မတူ။ညီမငယ်ကို အလိုလိုက်နေသော အစ်ကိုကြီး တစ်ယောက်၏ ပုံစံမျိုး ထွက်နေပါသည်။အေးဆေးတည်ငြိမ်ပြီး စကားနည်းသည့် သူ့ထံမှ
       “အခုမှ လိုက်ဖ်ဆိုက်(ူငလနျငဖန )လေးကို ကြည့်ခွင့်ရတော့တယ်” ဟုဆိုလာသည့်အခါ ပျော်ရွှင် ရင်ခုန်ရသည်။
ကျွန်မ သောက်နေသည့် စတော်ဘယ်ရီ မစ်ရှိတ် တစ်ဝက်ကျိုးသည်ထိ သူ့အအေးခွက်ကို သူ မထိရသေး။ကျွန်မ    အအေးခွက်ကုန်လုကုန်ခင်တွင် သူ့အအေးခွက်လေးကို ကျွန်မဘက် တွန်းပို့ပြီး “ချောကလက် အရသာလည်း မြည်းကြည့်အုံးလေ”
ဟု ဆိုလာပါသည်။စကားပြောရင်း စိတ်မှတ်မဲ့ ကျွန်မ သောက်နေမိပါသည်။အအေးဆိုင်မှပြန်လာကြပြီး ကျွန်မ တည်းခိုရာ အစ်ကိုကြီး အိမ်ရှေ့သို့ ရောက်သောအခါ သူက “ချောကလက် မစ်ရှိတ် အရသာ ဘယ်လိုနေလဲလို့ သိချင်လို့ပါ” ဟု ပြုံးစေ့စေ့ အမူအရာဖြင့် ကျွန်မကို ကြည့်နေသည်။ထိုအခါမှ အအေးနှစ်ခွက်စလုံး ကျွန်မ တစ်ယောက်တည်း သောက်လိုက် မိသည့် အဖြစ်ကို သတိထားမိသည်။ရှက်ရှက်နှင့် ရယ်ရင်း “အကုန်တိုက်တယ် ထင်လို့”ဟု ဖြေခဲ့မိသည်။
           အဖေ တာဝန်ကျရာ မန်္တလေးတွင် နေထိုင်သော ကျွန်မနှင့် ရန်ကုန်တွင် တာဝန်ထမ်းနေသော သူ က လေးငါးလ ကြာမှ တစ်ခါ တွေ့ခွင့်ရကြသည်။တွေ့ကြရသည်ကလည်း ရန်ကုန်ဘူတာကြီးသို့ လာကြိုနေ့နှင့် ပြန်လိုက်ပို့သော နေ့များ ဖြစ်ပါသည်။အလုပ်တာဝန် ကြီးမားသော သူနှင့် ပြိုင်ပွဲများအတွက်သာ အာရုံထားနေရချိန် ဖြစ်သည့် ကျွန်မတို့ ချစ်သူဘ၀က သည်းသည်းထန်ထန် ရင်မခုန်ခဲ့ကြပါ။ရန်ကုန်ရောက်သည့် တစ်ညနေတွင် ညနေစာ စားရင်း တစ်နေရာရာတွင် ထိုင်စကားပြောရန် သူက ချိန်းဆိုလာပါသည်။လွတ်လပ်ပေါ့ပါးသည့် အ၀တ်အစားများကို ကြိုက်နှစ်သည့် ကျွန်မ နှင့် ဂျန်တယ်မန်းဆန်စွာ ၀တ်ဆင်တတ်သည့် သူ့အပြင်အဆင် များကလည်း သိသိသာသာ ကွဲပြားနေကြပါသည်။ရေသူမ စကတ်နှင့် လက်ပြတ် ကိုယ္က်ပ္အက်ႌကို အေပၚထပ္အက်ႌအပါး ထပ်ထားသည့် ကျွန်မ၊ စားသောက်ဆိုင်သို့ ရောက်သောအခါ ဒုက်္ခတွေ့ပါတော့သည်။
          ဆိုင်၏ အခင်းအကျင်းက ဖယောင်းပုဆိုးပေါ်တွင် စားပွဲ ခုံပုလေးများကို ချထားပါသည်။အရပ်မြင့်သည့် ကျွန်မ၊ ဒူးကလည်း ရှည်ပါသည်။ဝတ်ထားသည့် စကပ်ကြောင့် သူနှင့် မျက်နှာချင်းဆိုင်  တည့်တည့်ထိုင်လျှင် ခြေထောက်ကို သူ့ရှေ့သို့ ဆန့်ထားမှသာ အဆင်ပြေသည်။ထိုသို့လည်း ခြေဆန့်မထိုင်လိုသဖြင့် ခုံပုလေးပေါ်တွင် ခါးတစ်ခြမ်းစောင်း၍ ကိုယ်ကို လိမ်ပြီး ထိုင်လိုက်ပါသည်။မှာကြားထားသည့် ထမင်းကြော်နှင့် ဒိန်ချဉ်များ လာချပေးသည့်အခါ တစ်ခြမ်းစောင်း အနေအထားနှင့် စားရန် အဆင်မပြေသောကြောင့် လူနှင့်အတူ ခုံပုလေးကိုပါ မ ပြီး ရွှေ့ကြည့်လိုက်မိသည်။
             “အဲဒီလို မရွှေ့နဲ့  ပလတ်စတစ်ခုံလေးတွေရဲ့ ခြေထောက်က ပျော့တယ်”
သူ ၏ သတိပေးစကားသံ မဆုံးခင်  ခုံပုလေးပေါ်မှ ကျွန်မ ခြေလွတ် လက်လွတ် ပြုတ်ကျသွားပါတော့သည်။ခြေလွတ် လက်လွတ် ဟု သုံးနှုန်းရခြင်းမှာ ကျွန်မ ပြုတ်မကျမီ လုပ်မိလုပ်ရာ အစားအသောက်များ တင်ထားသည့်စားပွဲခုံ ပေါ်သို့ လက်ထောက် လိုက်မိသည်။ကျွန်မ လက်ဖိအားကြောင့် စားပွဲခုံမှာ တစ်ခြမ်းစောင်းသွားပြီး ထမင်းကြော် ပန်းကန်နှင့် ဒိန်ချဉ်ခွက်များ ရှောကျလာသည်။သူ က အချိန်မီ စားပွဲကို လှမ်းထိန်းလိုက်သော အခါ ကျွန်မ တစ်ယောက်တည်းသာ ခြေလွတ် လက်လွတ် ပြုတ်ကျသွားခြင်းဖြစ်သည်။ရေသူမ စကတ်ပုံစံမှာ ပေါင်ရင်းနေရာတွင် အနည်းငယ် ကျပ်ပြီး အောက်ခြေကားသွားသောကြောင့် ကျွန်မ ဒူးခေါင်းထိသာ ပေါ်သွားသဖြင့် အနည်းငယ် မျက်နှာပူ သက်သာရသည်။ဆိုင်ရှင် အစ်မကြီးက ကျွန်မ နားပြေးလာပြီး
          “ဘယ်နား နာသွားသေးလဲ ညီမလေး ဖယောင်းပုဆိုးက ချော်နေတော့ ဖြစ်တတ်ပါတယ်။” ကျွန်မ အတွက် အရှက်ပြေ စကားပြောပေးချိန်တွင် သူ က       
           “ဖြစ်တတ် ပေမဲ့ သူတစ်ယောက်တည်းပဲ ဖြစ်သေးတာ မဟုတ်လား” ဟု ၀င်ပြောလိုက်သောအခါ
 “ဟုတ်တယ် ဟုတ်တယ် ”ဟု ဆိုကာ ရယ်မောပါတော့သည်။ထိုအခါမှ ဆိုင်အတွင်း ဝေ့ ကြည့်လိုက်မိသည်။စားပွဲခုံ အပြည့် ထိုင်နေကြသည့် လူများကလည်း ပြုံးစေ့စေ့နှင့် ကျွန်မကို ကြည့်နေကြသည်။ကျွန်မ မကျေမနပ် ဖြစ်သွားကာ
   ““ လူကို ပြုတ်မကျအောင် ထိန်း မပေးဘဲနဲ့ စားပွဲခုံကို ထိန်းစရာလား၊”ဟု သူ့ကို ရန်တွေ့မိသည်။ထိုအခါ သူက
       “နှစ်ယောက်စာ မှာထားတာ တစ်ယောက်တည်း စားမှာ မလား၊အဲဒါ ပြုတ်ကျသွားမှာ စိုးလို့ပါ” ဟု   ဆိုသောအခါ  အအေး နှစ်ခွက်ကို တစ်ယောက်တည်း သောက်ပစ်မိသည့် အဖြစ်ကို ပြန်သတိရကာ ကျွန်မ ပြုံးမိသွားပါသည်။
                                       (၃)
           ဆရာ တပည့် ဆက်ဆံရေး ကာလ တစ်နှစ်၊ချစ်သူ သက်တမ်းကာလ တစ်နှစ်၊ စုစုပေါင်း နှစ်နှစ်အတွင်း သူနှင့်ကျွန်မ နီးနီးကပ်ကပ် သိပ် မလေ့လာဖြစ်ခဲ့ကြ။သူ့အရည် အချင်း၊နေထိုင်မှု ပုံစံ၊လူအများပေါ် ဆက်ဆံပေး သည့် စိတ်ဓာတ်တို့ဖြင့်သာ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့လိုက်သည်။မင်္ဂလာဦး နေ့ရက်များအတွင်း ဆွေမျိုး ညာတကာ၊မိတ်ဆွေ အပေါင်းအသင်းများနှင့် တရုန်းရုန်း ရှိခဲ့ကြပါသည်။သူ့ သူငယ်ချင်းများက အားကျသော လေသံဖြင့် သူ့အား 
  “မယ်မြန်မာကို  ရထားတာ၊ မင်းတော့ တော်တော် ပျော်နေမှာပဲ ”ဟု နောက်ပြောင်ကြသောအခါ
“အထင်မကြီးကြပါနဲ့ကွာ၊ငယ်ငယ်ကတည်းက ကစားထားတာ ဆိုတော့ လူတစ်ကိုယ်လုံး ကြွက်သားတွေနဲ့ ဓာတ်တိုင်       ကြီး ဖက်ထား ရတဲ့အတိုင်းပါပဲ”ဟု ပြန်လည် ချေပ နောက်ပြောင်ပါသည်။တစ်ဝါးဝါးနှင့် သဘောကျနေသည့်
သူငယ်ချင်းများကြား ကျွန်မ တစ်ယောက်သာ တအံ့တသြနှင့် သူ့ကို ကြည့်နေမိသည်။ထိုသို့ပြောပြီး သူကတော့ လိုက် မရယ်။သူ့အမူအရာ နှင့်  သူပုံစံက အဲဒီလိုပြောလိမ့်မည်ဟု မထင်ခဲ့မိ။
           သျှောင်နောက် ဆံထုံးပါ သူ တာဝန်ကျရာ ရန်ကုန်သို့ ကျွန်မ အလုပ်ပါ ပြောင်းရွှေ့ပြီး လိုက်ခဲ့သည်။ရုံး မတူသော်လည်း ၀န်ကြီးဌာန တစ်ခုတည်းအောက် အတူဖြစ်နေပြီး လူကြီးများ၏ ကြည့်ရှုပေးမှုကြောင့် ချက်ချင်း ပြောင်းရွှေ့ခွင့် ရခြင်းဖြစ်သည်။အသစ်ဆောက်လုပ်ဆဲ အရာရှိရိပ်သာ တိုက်ခန်းများ မပြီးစီးမီ လူပျို အရာရှိများထားရာ သူ့ အခန်းငယ်လေးထဲတွင် လိုက်နေရသည်။ခန်းဝင်ပစ်္စည်းများနှင့် အိမ်ထောင်ပရိဘောဂများ ပြောင်းရွှေ့ မလာသေးသဖြင့် သူအရင် အိပ်နေကျ တစ်ယောက်အိပ် ကုတင်လေးအား အခန်းထောင့်သို့ ရွှေ့ထားပြီး ကြမ်းပြင်တွင် ဖျာခင်းအိပ်ကြသည်။နှစ်ဦးသား တစ်နေကုန် ရုံးသွားနေရပြီး သူကလည်း ရုံးချိန်ပြင်ပများတွင် ဘာသာစကား လိုက်သင်ပေးသောကြောင့် မိုးချုပ်မှ အဆောင်ပြန်ရောက်ကြသည်။တစ်နေ့ ဖျာပေါ်တွင် ခဏ လှဲနေကြရင်း အိပ်ပျော်သွားမည် စိုးသဖြင့် ခြင်ထောင် ထထောင် ရန် တစ်ဦးကို တစ်ဦး သတိပေးနေကြသည်။တစ်နေကုန် ပင်ပန်းနေသဖြင့် နှစ်ဦးစလုံးပင် အနားယူချင်နေကြသည်။
          ထိုခဏ၌ သူက အခန်းတံခါးပေါက် အပေါ်တွင် ကာထားသည့် ဇကာ တိုင်ကွက်များကို ရေတွက်ရင်း ဆယ့်ရှစ်ချောင်း ရှိသည်ဟု ဆိုသည်။ကျွန်မ ရေတွက်ကြည့်သည်မှာ အချောင်း နှစ်ဆယ် ဖြစ်နေပါသည်။တိုင်ကွက်များက စိပ်သောကြောင့် မျက်စိ အမြင်မှား ရေတွက်နိုင်သဖြင့် နှစ်ဦးစလုံး တစ်ကြိမ် ထပ်ရေတွက်ကြည့်ပြန်သည်။ဖျာပေါ်တွင် ပက်လက် အနေအထားဖြင့် မထကြဘဲ စိတ်မှန်းဖြင့် ရေတွက်နေကြခြင်း ဖြစ်သည်။ကျွန်မ ရေတွက်သည်မှာ သေချာပါသည် အချောင်းနှစ်ဆယ် တိတိ ရှိသည်။ကျွန်မ၏ ဥာဉ်သည် မှန်တယ်ထင်လျှင် ဇွတ်ငြင်း သက်သေပြတတ်သည်။ထိုကြောင့် ဖျာပေါ် လှဲနေရာမှ ထရပ်လိုက်ပြီး ကြက်မွေးကို ပြောင်းပြန်ကိုင်ကာ တိုင်ချောင်းများကို တစ်ချောင်းချင်း ထောက် ပြ ရေတွက် လိုက်သည်။ သူက
           “အချောင်း နှစ်ဆယ်ဖြစ်ရင်လည်း ပြီးရောလေ ထ လက်စ နဲ့ ခြင်ထောင်လေး ထောင်လိုက်ပါ”ဟု ခိုင်းပါတော့သည်။ထိုအခါကျမှ ကျွန်မကို ညာပြီးခိုင်းမှန်း သိပါတော့သည်။သူ့ အမူအရာ နှင့် သူ့အထာကို မရိပ်စားမိသော ကျွန်မ၊ ထိုညက အခိုင်းခံလိုက်ရမှန်း သိသော်လည်း ပျော်ရွှင်စွာ ရယ်မောခဲ့ရသည်။
           အရာရှိရိပ်သာများ ပြီးစီးသွား၍ တိုက်ခန်းသစ်သို့ ပြောင်းရွှေ့ကြသောအခါ အခန်းတိုင်းလိုလိုတွင် အလုပ်ရှုပ်နေကြပါသည်။တစ်နေ့ မနက်စောစောတွင် သူက ၀ရံတာသို့ ထွက်နေရပ်သည်။ကျွန်မက မနက်စာအတွက် ပြင်ဆင်နေရင်း သူ့ စကားသံ အချို့ကို ကြားနေရသည်။
                  “မမိဘူး ခင်ဗျ ” 
               “အဲဒါလည်း မမိပါဘူး”
              “အတူတူပဲ  ဘာလိုင်းမှ မမိပါဘူး”
အဆက်အစပ် မရှိသော သူ့စကားသံအချို့ကိုသာ ကြားရပြီး တစ်ဖက်လူ ပြောသံကို မကြားရ၍ ကျွန်မလည်း ၀ရံတာသို့ ထွက်ကြည့်မိသည်။ကျွန်မတို့ အခန်းထက် တစ်ထပ်နိမ့်သော အခန်းမှ အရာရှိတစ်ယောက်က တီဗွီ အင်တက်နာ တိုင်ကို ကိုင်ထားပြီး ဟိုရွှေ့ ဒီရွှေ့ လုပ်ကာ သူ့အား လှမ်းမေးနေခြင်းဖြစ်သည်။ကျွန်မက အကျိုးအကြောင်းမေးကြည့်သောအခါ
                “မြ၀တီ လိုင်းမိလား မေးတယ်၊ မမိဘူးလို့ ပြောလိုက်တယ်၊ပြီးတော့ မြန်မာ့အသံရောတဲ့၊အဲဒါလည်း မမိပါဘူးလို့ ပြန်ဖြေနေတာ၊ျြွှဠ -၄   မိလားလို့ ထပ်မေးနေပြန်ပြီ။ အတူတူပဲ ဘာလိုင်းမှ မမိပါဘူးလို့ ဖြေထားတယ်”
            သူ ကျွန်မကို ရှင်းပြနေစဉ်မှာပင် အောက်ထပ်က ထိုလူက သူ့ အင်တက်နာတိုင် အား ၀ါးလုံးတွင် မြဲမြံအောင် ချည်နှောင်ရင်း ကျွန်မတို့ကို  မကြည့်ဘဲ မေးခွန်းတစ်ခု ထပ်မေးလိုက်ပါသည်။
           “ဘာလိုင်းမှ မမိဘဲ  ခင်ဗျားတို့ တီဗွီ ဘယ်လိုကြည့်နေလဲ”
             “ဘယ်လိုမှ မကြည့်ပါဘူး တီဗွီမှ မရှိတာ ။”  အေးဆေးသော အမူအရာဖြင့် သူက ပြန်ဖြေလိုက်ပါသည်။
သူ့ အဖြေစကားကြောင့် ထိုလူက ဖြတ်ကနဲ မော့ကြည့်ကာ
           “ခင်ဗျား ဗျာ တီဗွီ မရှိဘူးလို့ စောစောကတည်းက ပြောလိုက်ရင် ပြီးရော ၊တစ်ခွန်းချင်း ပြန်ဖြေနေတယ်”ဟုဆိုကာ စိတ်ရှုပ်သော အမူအရာဖြင့် သူ့ အခန်းထဲသို့ပြန်ဝင်သွားသည်။ထိုအခါမှ သူက သဘောကျစွာ  ရယ်မောနေပါတော့သည်။
ကျွန်မက  “ဟုတ်သားပဲ သူများ အလုပ်ရှုပ်နေတာကို ဘာလို့တစ်ခါတည်း မပြောလိုက်တာလဲ” ဟု ဆိုသောအခါ
  “သူက အရေးကြီးတာ အရင် မမေးဘဲ၊တခြားဟာတွေ လျှောက်မေးနေလို့ ပြန်ဖြေပေးလိုက်တာလေ”ဟု ဆိုပါသည်။ကျွန်မ မြင်ခဲ့ဖူးသည့် ချစ်သူ ပုံစံသည် အခု တွေ့လိုက်ရသည့် ခင်ပွန်းပုံစံနှင့် ယှဉ်လိုက်သောအခါ လူနှစ်ယောက်ကဲ့သို့         ကွာနေပါသည်။ခပ်တည်တည် ခပ်တင်းတင်း ပုံစံမျိုးသာ တွေ့ဖူးထားသည့် သူ့ကို ဟာသဥာဏ် ရှိကြောင်း တဖြည်း
ဖြည်းတော့ ရိပ်မိလာခဲ့သည်။
                                       
          
                                    ( ၄ )
           ကျွန်မ တို့ မင်္ဂလာဦးရက်များဆီက သူ့ တပည့်များနှင့်မိတ်ဆွေအချို့က မေးကြသည့် အမေးစကားမှာ ကျွန်မ အရည်အချင်းကို မယုံမရဲစွာဖြင့် ထမင်းဟင်းမှ ချက်တတ်ရဲ့လား၊အိမ်မှုကိစ်္စမှ နိုင်နင်းပါရဲ့လား ဟူ၍ဖြစ်ပါသည်။သူ၏ အဖြေမှာ အမေးစကားနှင့် ဆန့်ကျင်စွာ “ကျန်တာတွေ အရေး မကြီးပါဘူး၊ကျွန်တော့ ဇနီးက တော်တော် တော့ ဆိုးပါတယ်” ဟု ရုပ်တည်တည် နှင့် ဖြေလေ့ ရှိသည်။ရင်းနှီးသည့် သူ့ သူငယ်ချင်းများက မခံရပ်နိုင်စွာ
           “မင်းက ခွင့်ပြုပေးထားတာလား၊အကျင့်ပါသွားလိမ့်မယ်နော်” စသည်ဖြင့် သတိပေးကြသည်။ထိုအခါမှ သူက
“ခွင့်ပြုပေးရမှာပေါ့ နှုတ်ခမ်းနီ ဆိုးတာပဲဗျာ” ဟု မရယ်မပြုံး ဖြေလေ့ရှိသည်။နှုတ်ခမ်းနီ ကြိုက်သည့် ကျွန်မ သူ၏ မထိခလုတ် ထိခလုတ် စကားများကို ကျေနပ်စွာ ရယ်မောခဲ့သော်လည်း နောင်တွင် ထိုစကားများကြောင့်ပင် စိတ်အနှောက်အယှက် ဖြစ်စရာ ကြုံလာရသည်။ဟာသ ဥာဏ် နည်းသည့် ကျွန်မက သူတစ်ပါးအားလည်း မနောက်ပြောင်တတ်ပါ။ထို့ကြောင့် ကျွန်မကို နောင်ပြောင်သည့် အခါများတွင်လည်း ချက်ချင်း သဘောမပေါက်တတ်ပါ။
သူပြောသည့် ဟာသများကို အချိန်အတော်ကြာမှ နားလည်တတ်သည်။
           သမီလေးကို ကိုယ်ဝန်လွယ်ထားသည့် အစောပိုင်းကာလများတွင် သူများနှင့် မတူ ကျွန်မမှာ ထူးထူးခြားခြား ကိုယ်တိုင် ချက်သည့် ဟင်းကိုမှ စားလို့ဝင်သည်။နှစ်ဦးစလုံးက ရုံးဝန်ထမ်းများ ဖြစ်သောကြောင့် မနက်စောစောထ ထမင်းဟင်းချက်ရသည်။မနက်စာ စားပြီး နေ့လည်စာ အတွက် ထမင်းချိုင့်ထည့်သွားကြသည်။ကျွန်မကို အိပ်ရေးဝ ၀ အိပ် စေချင်သည့် သူက  အရင် ဦးစွာ ထပြီး ဟင်းချက်ပေးလေ့ရှိသည်။ကျေးဇူးတင်သော်လည်း ကျွန်မ စိတ်ညစ်မိပါသည်။အဘယ့်ကြောင့် ဆိုသော် ထိုနေ့အတွက် ကျွန်မ ထမင်းစား မကောင်းတော့ပါ။သူ ဟင်းချက်ပုံက ဟင်းအနှစ်အတွက် ကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ဂျင်းတို့ကို မထောင်းဘဲ ပါးပါးလှီး ပြီး ချက်တတ်သည်။ဆားပေါ့ပြီး ဟင်းချိုမှုန့်လည်း လုံးဝ မသုံးပါ။အလွန်အကျွံငန်ခြင်း၊ဟင်းချိုမှုန့် လွန်ကဲခြင်းတို့ကို ကျွန်မ လည်း မကြိုက်နှစ်သက်ပါ။သို့သော် ပေါ့ရွှတ်ရွှတ် နိုင်သည့် သူချက်သော ဟင်းကိုတော့ ဘယ်လိုမှ ခံတွင်း မတွေ့နိုင်ပါ။ထို့ကြောင့် အားနာနာနှင့်ပင် ကျွန်မ ဘာသာ ဟင်းချက်ခွင့်ကို တောင်းလိုက်ရသည်။
         တစ်မနက်ခင်း စောစောတွင် ဟင်းချက်နေသော ကျွန်မ နားသို့ ကပ်လာပြီး “ဘာတွေ ချက်နေတာလဲ” ဟု မေးလာသည်။ထိုနေ့က ငါးခေါင်းနှင့် မျှစ်ချဉ်ချက်သည်။အိပ်ယာထ အနည်းငယ် နောက်ကျသွားသဖြင့် ကျွန်မလည်း ကသီလင်တ ဖြစ်နေရသည်။သူက “အော်  တစ်ယောက်တည်း ချစ်ခင် စုံမက်နေတာပေါ့လေ”ဟု အဆက်အစပ် မရှိသည့် စကားကို ပြောပြီး မီးဖိုခန်းထဲမှ ထွက်သွားသည်။ရုံးချိန်မှီအောင် အချိန်လုနေရင်းက ကျွန်မက
           “ဘာကို ချစ်ခင်စုံမက်နေလို့လဲ” ဟု မေးလိုက်သော်လည်း အဖြေ စကားမဆိုဘဲ ပြုံးစေ့စေ့ လုပ်နေသည်။
ဖယ်ရီမတူသည့် အတွက် ရုံးသွားသည့် လမ်းတစ်လျှောက် စဉ်းစား ကြည့်သော်လည်း အဖြေက မထွက်။ကျွန်မ မနေနိုင်စွာ သူ့ရုံးသို့ ဖုန်းလှမ်းဆက်လိုက်သေးသည်။ ဃေူ  (ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များက ၀န်ကြီးအား တွေ့ဆုံဂါရ၀ပြုခြင်း)၀င်နေသည် ဆိုသောကြောင့် အိမ်ရောက်မှ မေးကြည့်ရန် စိတ်လျှော့လိုက်ရသည်။ညနေ အိမ်ပြန်ရောက်တော့လည်း အရေးတကြီး ၀န်ကြီးခရီးစဉ် လိုက်ရမည်ဟု ဆိုကာ နှစ်ညအိပ် ခရီးထွက်သွားရသည်။ကျွန်မ မှာ နေမထိ ထိုင်မသာ “ကျွန်မက ဘာကို  ချစ်ခင်စုံမက် နေလို့လဲ၊ဘာကြောင့်   ဒီစကားကို မေးရတာလဲ” ဆိုသည့် အတွေးတွေက ခေါင်းထဲရောက်နေသည်။သူ ခရီးက  ပြန်ရောက် ရောက်ချင်းပင် ထိုအမေးစကားအတွက် အဖြေကိုပေးရန် မေးလိုက်မိသည်။ဒီရက်များအတွင်း ထို စကားတစ်ခွန်းအတွက် စိတ်အနှောက်အယှက် ဖြစ်ရကြောင်းလည်း ပြောပြလိုက်သည်။ထိုအခါ သူက
          “ညည်းက အလေးအနက်ထား တွေးနေတာပဲ၊အဲဒီမနက်က မျှစ်ချဉ် အကုန်ချက် နေတာမလား၊ဒါကြောင့် ချစ်ခင် စုံမက် နေတာပေါ့လေ လို့ ကာရန်နဲ့ စလိုက်တာပါ ”တဲ့။ထိုအခါမှ  ကျွန်မ စိတ်ဆိုးသွားတော့သည်။သူ့အတွက် အမှတ်တမဲ့ စ လိုက်သည့် စကားတစ်ခွန်းက ကျွန်မ အတွက်တော့ သုံးရက်လောက် စိတ်ဒုက်္ခရောက်သွားရသည်။နောင်များတွင်လည်း ထိုသို့ အသေးအဖွဲလေးပေါင်းများစွာ သူနှင့်ကျွန်မ ကြားဖြစ်ပွားရသည်။နောက် တစ်ခါ အသေးအဖွဲတစ်ခု ကလည်း ........၊ရှည်လျားလွန်းသည့် ကျွန်မ ဆံပင်များကို ပေါင်းမတင်ဖြစ်သည်မှာ ကြာပြီမို့ ဆံပင်ဆိုင်သို့ ပေါင်းသွားတင်မည်ဟု  ကျွန်မ ပြောနေမိသည်။သို့သော်လည်း တော်တော်နှင့် မရောက်ဖြစ်ခဲ့။တစ်နေ့ သူနှင့် ကျွန်မ ဆိုင်ကယ်နှင့် ဈေးသို့ သွားနေရင်း ဆံပင်ဆိုင်သို့ လိုက်ပို့ပေးမည်ဟု ဆိုလာသည်။အရေးတကြီး ကိစ်္စ မဟုတ်သဖြင့် ကျွန်မ ကလည်း မသွားလိုသေး။ဒါကို သူက ဆိုင်ကယ်မောင်းနေရင်းဖြင့်
        
                     “ပေါင်းလိုက်ပါ”        
  ကျွန်မ ကလည်း   
          “မပေါင်းချင်ပါဘူး”
        “ဒီတစ်ခါတည်းပဲ ပေါင်းလိုက်ပါ”
ကျွန်မ စိတ်မရှည်တော့ဘဲ “မပေါင်းချင်သေးပါဘူးဆို” ဟု ငြင်းနေမိသည်။
       “ဘေးလူတွေကြားရင် လင်မယား ပြန်ပေါင်းထုပ်ဖို့ ဆွေးနွေးနေတာ မပြေလည်ဘူး ထင်နေလိမ့်မယ်၊ပေါင်းမယ်လို့သာ ဖြေလိုက်ပါ” ဟုဆိုရင်း ထိုနေ့က ဈေးသို့ သွားသည့် ကျွန်မ၊ ဆံပင်ဆိုင်သို့ ရောက်ခဲ့ရသည်။
          ဒီလိုနှင့် သမီးလေး ရလာတော့ လည်း သမီးက ရုပ်ရည်သာမက အမူအကျင့်ပါ သူနှင့်တူနေတော့သည်။သမီးလေး ကျောင်းပိတ်သည့် တစ်ရက်၊ တိရစ်္ဆာန်ဥယျာဉ်သို့ လိုက်ပို့ကြသည်။ထိုမှ အပြန် ရန်ကုန်ဘူတာကြီး အထိ လမ်းလျှောက်ကြသည်။အောင်ဆန်း အားကစားကွင်းဘေးအရောက် စီတီးမတ်တွင် တစ်ရှုးအစို( ၽႊနအ ႊင််ကန )၀ယ်လိုသဖြင့်   
           “၀က်တ် တစ်ရှုး ၀ယ်ရအောင် စီတီးမတ် ခဏ၀င်ကြမယ်”
အင်္ဂလိပ် အသံထွက် အတိုင်း ကျွန်မ ပြောလိုက်မိသည်။သူက
          “သမီးရေ ပြေးရအောင်  သမီး မေမေ ပြောနေပုံနဲ့ အရိုက်ခံရတော့မယ်”ဟုဆိုကာ သမီးကို လက်ဆွဲပြီး တစ်ကယ် ပြေးဟန်ပြုပါတော့သည်။သမီးက ကျွန်မ လက်ကိုဆွဲထားသောကြောင့် ကျွန်မပါ အလိုက်သင့် လိုက်ပြေးမိသည်။ကျွန်မက
        “ဘာလို့ ပြေးရတာလဲ၊ဘာပြောလိုက်မိလို့လဲ” ကျွန်မ အမေးကို သူက ပြန် မဖြေသလို သမီးကလည်း  တခစ်ခစ် သဘောကျစွာ ရယ်မောရင်း ခပ်ရွရွ ပြေးနေကြသည်။အကြောင်းမဲ့ ရယ်မောရင်း ပြေးနေကြသည့် သူတို့ သားအဖကို ကျွန်မ စိတ်တိုလာသည်။ကျွန်မ သဘောမပေါက်သည့် အကြောင်းအရာကို သမီးကပါ နားလည်နေသဖြင့်  မကျေမနပ် လည်း ဖြစ်မိသည်။ထို့ကြောင့် သူတို့ကို တွဲထားသည့် လက်ကို လွှတ်လိုက်ပြီး ကျွန်မ ရပ်ကျန်နေလိုက်သည်။
ဒီတော့မှ သမီးက
        “ မေမေကလည်း ဖဖ က စနေတာပါ၊မေမေက ၀က်တစ်ရှုး လို့ ပြောလိုက်တာကိုး  ဟိုမှာလေ” ဟု မေးငေါ့ပြရင်း စကားကို ဆုံးအောင် မဆက်တော့။သမီးက သူ့ အဖေကို စကားပြောတတ်စ အရွယ်ကတည်းက “ဖဖ” လို့ခေါ်သည်။သမီး မေးငေါ့ပြရာ ကြည့်လိုက်မိသည်။ အောင်ဆန်းကွင်းဘေးက ဗလီကို ကြည့်မိတော့မှ အားနာသလို ခံစားလိုက်ရသည်။ဗလီဘေးနားမှ ဖြတ်ရင်း ၀က်တစ်ရှုး ၀ယ်ရန် အော်ကြီးဟစ်ကျယ် ကျွန်မ ပြောနေမိခြင်းဖြစ်သည်။သူ့ အဖေ လုပ်သည့် အပြုအမူကို  မူလတန်း အရွယ်သမီးက ချက်ချင်းနားလည်ပြီး ကျွန်မ က နားမလည်ခဲ့။စ နောက်ကြသည့် သဘောဖြင့် မိသားစု ပျော်ရွှင်စွာ ပြေးဟန်ပြုခြင်းကို ကျွန်မ ကတော့ တစ်သားတည်း မကျနိုင်ခဲ့။
                                          ( ၅ )
            တစ်မိသားစီမှ ပေါက်ဖွားလာကြသည့် လူသားနှစ်ဦး ပေါင်းစည်းခြင်းတွင် မတူညီမှုများက အများကြီးရှိနိုင်ပါသည်။ချစ်ခြင်းမေတ်္တာကို အခြေခံ ကြ၍သာ တစ်ဦး၏ စရိုက်ကို ကျန်တစ်ဦးက သည်းခံ နားလည် ပေးနိုင်ကြခြင်းဖြစ်သည်။သူ၏ ဟာသဥာဏ်ရှိသည့် စရိုက်တို့နှင့် အသားတကျ ဖြစ်လာသည့်အခါ မင်္ဂလာဦး ကာလများလောက် စိတ် မပင်ပန်းတော့။တစ်ဦး၏ အမူအကျင့်များ က ကျန်တစ်ဦးထံ အလိုက်သင့် စီးမျောသွားရင်း   သံယောဇဉ်မြစ်များ ပေါ်ထွန်းလာရသည်။ထို့ကြောင့်ထင်ပါသည်၊အသက်ကြီး သွားကြသည့် စုံတွဲ လင်မယားများ၏ အမူအကျင့်များက  တူသွားတတ်ကြသည်။ချစ်ခြင်း မေတ်္တာ ဆိုသည်ကို တမာနှင့် နှိုင်းနှိုင်း သကာဖြင့် တိုင်းတိုင်း ၊နှစ်မျိုးစလုံးမှာ ကိုယ်ပိုင် အရသာများ ရှိနေကြပါသည်။လျှာနှင့်သွား အလုပ် လုပ်နေသ၍ မိသားစု ဘ၀သည် အသက်ဝင်နေပါသည်။တစ်ခါ တစ်ရံ ကိုက်မိတတ် ကြသော်လည်း လျှာပြတ် သွားသည် ၊သွားကျိုး သွားသည် အထိတော့ မဖြစ်ဖို့လိုမည်။ယခုလည်း ကျွန်မ ဘက်ကသာ တစ်ဖက်သတ် ခံစား ရေးဖွဲ့နေခြင်းကြောင့် ကျွန်မ အပေါ်မြင်သည့် သူ့ သဘောထားများကို မသိနိုင်ခြင်း ဖြစ်ပါလိမ့်မည်။သူသည်လည်း ကျွန်မ အပေါ် သည်းခံ နားလည်ပေးရသည့် အရာက များစွာ ရှိနေနိုင်ပါသည်။ထိုသို့ အပြန်အလှန် နားလည် ပေးနေ ရခြင်းကပင် မိသားစုဘ၀ ဟု ဆိုရမည်သာ။


                                                           ခင်သန္တာ
                                                       

0 comments:

Post a Comment