468x60

ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ

Tuesday, June 3, 2014
 
       ကျေးဇူးတရားဆိုသည်ကို မြန်မာ အဘိဓာန်တွင် “တစ်ဦးက အခြားတစ်ဦးအပေါ်တွင် ပြုသော အကျိုးဆောင်မှု၊ကောင်းကျိုး” ဟု အဓိပ်္ပါယ်ဖွင့်ဆိုထားပါသည်။ပေးဆပ်ခြင်းသက်သက်ဖြစ်ပြီး ရယူလိုမှု မပါဟု ဆင့်ပွားတွေးမိပါသည်။ကျေးဇူးပြုသောသူနှင့် အပြုခံရသူ နှစ်ဦးတွင် ဘယ်နေရာက နေချင်ပါသလဲဟု မေးလာသော် ပြုသောသူသာ ဖြစ်ချင်ကြလိမ့်မည်ဟု ကျွန်မ ထင်ပါသည်။အဘယ့်ကြောင့်ဆိုသော် ကျေးဇူးပြုသောသူက စိတ်လုံခြုံမှု ပိုရ၍ ဖြစ်ပါသည်။တစ်လုပ်စားဖူး သူ့ကျေးဇူးနှင့် ကျေးဇူးခံ၊ကျေးဇူးစား ဆိုသည့် ဆိုရိုးများသည် ကျွန်မ တို့ လူမျိုးများသာ သုံးနှုန်းကြသည်ဟု ထင်ပါသည်။ကျွန်မတို့ လူမျိုးများကြား နေ့စဉ် အကြားအများရဆုံး စကားလုံးကို ပြောပါဟု ဆိုသော် “ကျေးဇူးတင်ပါတယ်” ဆိုသည့် စကားဖြစ်နေသည်။ရင်ထဲက ပါ မပါ မသေချာလှသော်လည်း နှုတ်မှ အလိုအလျောက် ထွက်သွားသည့် စကားများ ဖြစ်နေပါသည်။ကျေးဇူးတင်ပါသည် ဆိုသည့် စကားသည် အလေ့အကျင့် တစ်ခုလို ဖြစ်နေတော့သည်။မိဘကျေးဇူး၊ဆရာ့ ကျေးဇူး၊အဆွေခင်ပွန်းတို့ ကျေးဇူး မှစ၍ နိုင်ငံ့ကျေးဇူးထိ သတ်မှတ်ထားကြပါသည်။ကျေးဇူး တရားကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်း ကျွန်မ ကောင်းစွာ လက်ခံထားပါသည်။
       ကျွန်မ ရုံးဝန်ထမ်းဘ၀က ခင်မင်ခဲ့ဖူးသည့် ဌာနခွဲ စာရေး အန်တီကြီးသည် အလွန် အလုပ် ကြိုးစားပါသည်။လင်ကိုယ် မယားနှစ်ယောက်ပဲရှိပြီး ကလေးရှိမနေခြင်းကလည်း အလုပ်ထဲတွင် ပို၍ အချိန်နှစ်မြုပ် နိုင်ခြင်း ဖြစ်ပါလိမ့်မည်။ရုံးဝန်ထမ်းဘ၀ ရာထူးတိုးခြင်းသည် အကြီးမားဆုံး ဆုလဒ် ဟုဆိုရသော်၊ရာထူးတိုး ရပြီးသည့်နောက် လက်ရှိ မိမိနေ နေရသည့် ဌာန၊တိုင်း၊မြို့နယ်တို့မှ မပြောင်းရွှေ့ကြခြင်းသည်လည်း ကြီးမားသည့် အပိုဆု ဖြစ်ပါသည်။ထို အန်တီကြီးသည် သူ ရာထူးတိုးခဲ့သည့် သက်တမ်း တစ်လျှောက် အပိုဆု ရခဲ့သည်ချည်း ဖြစ်ပါသည်။စေ့စပ်သေချာ တတ်သည့် သူ့ အရည်အချင်းကြောင့် လက်မလွှတ်လိုသည့်အခါ အထက်လူကြီးများ ကိုယ်တိုင်က လက်ရှိနေရာ ပြန်ရရေးအတွက် ကြိုးပမ်းပေးကြသည်။ဒါသည် ရုံး၏ လုပ်ထုံးလုပ်နည်း တစ်ခုလို ဖြစ်နေပါသည်။ကိုယ့်အကျိုးလို ၍ သူ့အကျိုးဆောင်ပေးခြင်း ဖြစ်သည်ဟု ကျွန်မ ခံစားရပါသည်။
      ကျွန်မတို့နိုင်ငံတွင် ၀န်ထမ်းအများစုသည် ၀န်ထမ်း မျိုးရိုး ဖြစ်ခြင်းကြောင့် ၀န်ထမ်းလုပ်ကြသည်က များပါသည်။ထို အန်တီကြီးကတော့ သူ့မျိုးရိုးတွင် ၀န်ထမ်း တစ်ဦး တစ်ယောက်မှ မပါဝင်ခဲ့။သူ တက်္ကသိုလ် ကျောင်းပြီးစ အချိန်တွင် သူ၏ အိမ်နီးချင်းက အစိုးရ အရာရှိတစ်ယောက် ဖြစ်နေသောကြောင့် ၀န်ထမ်းဘ၀ကို ရောက်ရှိလာခြင်း ဖြစ်သည်။ထိုခေတ်အခါက အစိုးရ၀န်ထမ်းထဲတွင် မိန်းကလေး ၀န်ထမ်း က နည်းပါးနေသည့် အချိန်ဖြစ်သည်။အိမ်နီးချင်း အရာရှိလင်မယား ကျေးဇူးကြောင့် အစိုးရရုံးတစ်ခုတွင် လုပ်အားပေး နှစ်နှစ် ၀င်လုပ်ဖြစ်ခဲ့သည်။လုပ်အားပေးကာလ နှစ်နှစ်ကြာမြင့်မှ အထက်ရုံးက အန်တီကြီး၏ အရည်အချင်းကို အသိအမှတ်ပြုကာ အမြဲတမ်း ၀န်ထမ်း ခန့်အပ်လိုက်ခြင်း ဖြစ်သည်။အလုပ်သွင်းပေးသူ အရာရှိကြီးနှင့် အန်တီကြီးတို့သည် သူတို့အရည်အချင်းကြောင့် ရာထူးများ အတူတူ တိုးခဲ့ကြပါသည်။ကျွန်မ ထိုတိုင်းရုံးသို့ ရောက်သွားချိန်တွင် အရာရှိကြီးသည် ပင်စင်စား ဖြစ်နေပြီ။တစ်ခါ တစ်ရံ တိုင်းရုံးသို့ အရာရှိကြီး လင်မယားတို့ အလည်ရောက်လာ တတ်ကြသည်။ပင်စင်စား အရာရှိများကို ပို၍ပင် အလေးထား ကြိုဆိုတတ်ကြသည်မှာ ချစ်စရာကောင်းသည့်  ကျွန်မ နိုင်ငံ၏ ၀န်ထမ်းလောက ဖြစ်ပါသည်။
       သို့သော်လည်း ထိုအရာရှိ လင်မယား လာလည်လျှင် အန်တီကြီးမှာ ပျာပျာသလဲ နေစရာ မရှိအောင် ကြိုဆိုမှ ကြိုက်တတ်ကြသည်။ရုံးအလုပ် ဘယ်လောက် ရှုပ်ရှုပ် ခဏပစ်ထားပြီး ကြိုဆိုရသည်။ကိုယ့်ကို ကိုယ် ယုံကြည်မှု အပြည့်နှင့် အလုပ် လုပ်တတ်သည် အန်တီကြီး၏ အမူအရာများသည် ထိုအရာရှိ လင်မယားရှေ့တွင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တတ်သည်။အနေကြာလာမှ ကျွန်မ သိရသည်မှာ အလုပ်သွင်းပေးထားသည့် ကျေးဇူးကြောင့် ဖြစ်သည်။ရာထူး အတူတိုးခဲ့ကြသည့် အချိန်တိုင်း အရာရှိကတော့ သူ့အရည်အချင်းကြောင့် တိုးတာ ဖြစ်ပြီး အန်တီကြီးခမျှာ သူတို့ ကျေးဇူးကြောင့် တိုးခြင်း ဖြစ်သည်။သူတို့သာ အလုပ်မသွင်းပေးခဲ့လျှင် ထိုရာထူးတိုး ဘယ်ဖြစ်လာ မှာလဲတဲ့။အရာရှိ လင်မယားသည် နှုတ်မှပင် ထုတ်ဖော် ပြောဆိုလေ့ရှိသည်။နှစ်စဉ် သီတင်းကျွတ်ရောက်တိုင်း သွားရောက်ကန်တော့ခဲ့သည်မှာ အလုပ်စ၀င် ကတည်းမှသည် ထိုအရာရှိ သက်ရှိထင်ရှား ရှိချိန်ထိ ဖြစ်ပါသည်။ကျွန်မ ထိုရုံးသို့ ရောက်ပြီးနောက်ပိုင်း ရုံးသို့ အလည်လာစဉ် အရာရှိ ကတော်ပြောသည်ကို နားနှင့်ဆတ်ဆတ် ကြားဖူးခဲ့သည်။“ညည်းတို့ အန်တီက ကျေးဇူး မသိတတ်လည်း ခွင့်လွတ်ပါတယ်။ကိုယ်တွေက  ဘာမှ မျှော်ကိုးပြီး လုပ်ပေးခဲ့တာ မဟုတ်ပါဘူး ”တဲ့။ဆပ်၍ မဆုံးတော့သည့် သူ၏ ကျေးဇူးတရားများ အတွက် ကျွန်မ ဘုရားပင် တ လိုက်မိသည်။
         ထို အချိန် ကျွန်မ အဖေက တိုင်းအကြီးအကဲ တာဝန်ယူထားရသည့် အချိန်ဖြစ်သည်။ကျွန်မ ဘုရားတ မိသည့်အကြောင်း အန်တီကြီးကို ပြောပြတော့ ဒီလောက်ပြောတာ အသေးအဖွဲလေးပဲ ရှိသေးသည်ဟု ဆိုသည်။အိမ်နီးချင်း ဖြစ်နေသဖြင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် သူ့အိမ်သို့ အလည်လာပြီး အိမ်အလုပ်များ ကူလုပ်ပေးမှ ကြိုက်သည်။ပျက်ကွက်မိသည့် အပတ်များတွင် ကျေးဇူးကန်းသူ ဖြစ်သွားတတ်သည်တဲ့။ကျွန်မနှင့်အန်တီကြီး ခင်မင်လာသည့် နောက်ပိုင်း ကျွန်မ မြှောက်ပေးမိသည်။ထို အရာရှိ လင်မယား၏ ကျေးဇူးတရားကို တော်တော် အမြင်ကပ်၍ ဖြစ်သည်။အလုပ်သွင်းပေးခဲ့သည် မှန်သော်လည်း အလုပ်သွင်းပေးနိုင်လောက်သည့် အရည်အချင်း(ဘွဲ့ရ)ဖြစ်နေခြင်း၊ လုပ်အားပေး ကာလနှစ်နှစ် အတွင်း ၀န်ထမ်းတစ်ယောက်၏ အရည်အချင်း ပြည့်ဝ၍သာ အထက်ရုံးမှ တိုက်ရိုက် ၀န်ထမ်း ခန့်အပ်ခံရခြင်း။အမြဲတမ်း ၀န်ထမ်း ဖြစ်ပြီးသည့်နောက် အလုပ်ကြိုးစားသည့် ၀န်ထမ်းတစ်ယောက် ဖြစ်၍သာ အခြားဝန်ထမ်းများကြားမှ ရွေးချယ် ရာထူး အတိုးခံရခြင်း။စသည့်ဖြင့် ထောက်ပြ၍ သူတို့အား ပုံမှန်သာ ဆက်ဆံရန် အန်တီကြီး ကို ကျွန်မ မြှောက်ပေးတော့သည်။ထိုသို့သာ ဆိုလျှင် ယနေ့ခေတ် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများသည် မဟာ့ မဟာ ကျေးဇူးရှင်ကြီးများ ဖြစ်နေပေတော့မည်။အလုပ်သွင်းပေးခဲ့သည့် ကျေးဇူးတရားများသည် အန်တီကြီး ၏ ကြိုးစားမှုများကြောင့် ဆ တိုးပွားကာ မြင့်မားနေတော့သည်။ဆပ်၍ ကုန် မကုန် နိုင်တော့။
         ထိုအချိန်က ကျွန်မအသက် နှစ်ဆယ်စွန်းစ ဖြစ်သဖြင့် အရာရှိကြီးတို့ လင်မယားသည် စိတ်ပုံမှန် မဟုတ်ကြသူများ ဖြစ်၍ ထို စိတ်ဓာတ်ရှိကြခြင်း ဖြစ်မည်ဟု မှတ်ယူခဲ့မိသည်။အသက်အရွယ် ရလာသောအခါမှ ထိုစိတ်ဓာတ်များသည် လူတို့၏ ပုံမှန်စိတ်များ ဖြစ်နေသည်ကို တွေ့ရှိလာရပါသည်။လူနည်းစု မှာသာ မဟုတ်ဘဲ လူများစုက ဖြစ်နေကြသည်ဟု သိလိုက်ချိန်တွင် စိတ်မသက်သာတော့။လုပ်ငန်း တစ်ခု အောင်မြင်နေသည့် သူတစ်ယောက်ကို သူ့ အကြံပေးချက်တွေကြောင့် ဟု ပြောဆိုတတ်သည့် လူုကြီးများ။နယ်ပယ် တစ်ခုမှာ အကြီးအကဲ ဖြစ်နေသည့် သူ တစ်ယောက်ကို ဒီလမ်းကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်သည်မှာ မိမိပင် ဖြစ်ကြောင်း ပြောဆိုနေသူများ။အောင်မြင်နေသည့် အနုပညာရှင်( စာပေ အပါအ၀င် ) တစ်ယောက်ယောက်ကို သူ ပြုစု ပျိုးထောင်ပေးလိုက်ခြင်းကြောင့်  ယခုလို အခြေ အနေ ရောက်ရခြင်း အကြောင်းများ။နေ့စဉ် ဘ၀များတွင် ကျွန်မ မကြာခဏ ဆိုသလို ကြားလာရသည်။ထိုအခါ ကျေးဇူးတရား လက်ကိုင်ထား ပြောဆိုလာသူများကို ကျွန်မ ကြည့်မရချင်တော့။ကျေးဇူးတရားဆိုသည့် စကားလုံးကိုပင် မုန်းချင်ချင် ဖြစ်လာရသည်။
         ကျေးဇူးတရားများနှင့် ပတ်သက်ပြီး   ထိုသို့ စိတ်အခံဖြစ်နေသည့် ကျွန်မ၊ပြီးခဲ့သည့် တစ်ပတ်က အဖြစ်အပျက်တို့ကြောင့် စိတ်မကောင်းခြင်းနှင့်အတူ စိတ်ပျက်ခြင်းတို့ကိုပါ တစ်ပြိုင်နက် ခံစားလိုက်ရသည်။ကျွန်မ အစ်မရင်းကဲ့သို့ ခင်မင်လေးစားရသည့် အမတစ်ယောက် ကျွန်မ အိမ်သို့ အလည်လာမည်ဟု ဖုန်းလာသည်။ထိုနေ့က စာရေးဆရာများ၏ ငယ်ဘ၀ဖြတ်သန်းမှုနှင့် လက်ရှိပုံရိပ်များ အစီအစဉ်ရိုက်ကူးမှုကို ကျွန်မ အိမ်တွင်ျြွှဠ -၄ မှ လာလုပ်ကြပါသည်။ရိုက်ကူးရေး အစီအစဉ်တော့ ရှိနေကြောင်း ဖုန်းထဲတွင် ပြောလိုက်ပါသည်။အိမ်ပေါ်တွင် ရိုက်ကူးရေး ပြီးသွားသည့် အချိန်ထိ ထိုအစ်မ ရောက်မလာသေး။ကျွန်မ၏ အားကစားသင်တန်းကို လည်း ရိုက်ကူးချင်ကြသည် ဆို၍ အားကစားသင်တန်းရှိရာ ပထမထပ်သို့ ကျွန်မနှင့်ျြွှဠ -၄ အဖွဲ့တို့ ဆင်းသွားကြသည်။စက်တင် မီးများနှင့် ဆင်ပြီးရိုက်ကြသဖြင့် အားကစားသင်တန်း တံခါးကို လော့ချပြီး ရိုက်ကူးနေကြသည်။မနက် ၁၁နာရီလောက်က စလိုက်သည်မှာ နေ့ခင်း ၂နာရီခွဲသွားကြသည်။အားလည်းကုန် ဗိုက်လည်း အတော်ဆာနေကြသည်။ကျွန်မ အိမ်ပေါ်ပြန်တက်ခါနီး ကျွန်မအိမ်မှ မိန်းကလေးက ဆင်းလားပြီး “အန်တီချို့ကို တွေ့ပြီးပြီလား”ဟု ဆိုသည်။ကျွန်မ မသိဆိုသောအခါ ဖုန်းဆက်ကြည့်ပါအုံး အောက်ဆင်းသွားတာ ဟုဆိုသည်။
         ကျွန်မ ဖုန်းလှမ်းဆက်ချိန်တွင် ထိုအစ်မသည် ငိုကြီးချက်မနှင့် ကျွန်မကို တိုင်ပါတော့သည်။ရုတ်တရက် ကျွန်မ နားမလည် ဖြစ်သွားရသည်။ဘာတွေဖြစ်ကြသည် ကျွန်မ မသိ။သူ ထိုင်စောင့်နေသည့် အချိန်တွင် ကျွန်မအိမ်မှ အိမ်တော်ထိန်းနှင့် အားကစားသင်တန်းမှ လက်ထောက်နည်းပြနှစ်ယောက်က အိမ်ပေါ်တွင် ရှိနေကြသည်။ရိုက်ကူးရေးကြောင့် ဖရိုဖရဲ ဖြစ်ကျန်ခဲ့သည့် စာအုပ်စင် အပါအ၀င် ဆက်တီကုလားထိုင်များကို နေရာ ပြန်ချနေကြသည်။ထိုအချိန်ထိ နေ့လည်စာ ထမင်းကို ဘယ်သူမှ မစားကြရသေး။ကျွန်မ အိမ်မှ ကလေးများက သူ့အား မတူမတန်သလို ဆက်ဆံကြသည်။သုံးယောက်စလုံးက စကားပြောဖော်မရ၊ဖြစ်နိုင်လျှင် မောင်းချချင်နေကြသည့် ပုံများဖြစ်နေကြသည် ဟု တိုင်ပါသည်။ထိုင်နေရင်း ရှက်လာသဖြင့် ကျွန်မကို မစောင့်ဘဲ ပြန်သွားရသည်ဟု ဆိုလာသည်။အထူးသဖြင့် ကျွန်မ၏ အိမ်တော်ထိန်း မိန်းကလေးကို မကျေနပ်ခြင်း ဖြစ်သည်။သူ့ကို ထိုသို့ဆက်ဆံရဲ သည်ကို အံ့သြသည်ဟုလည်း ဆိုပါသည်။ကျွန်မ အိမ်မှ ကလေးများ ရိုင်းစိုင်းကြသည်ဆိုလျှင် ကျွန်မ ရိုင်းစိုင်းသည်နှင့်အတူတူပင် ဖြစ်ပါသည်။ထို့ကြောင့် နှစ်ဖက်နားကို ကြားနာရပါတော့သည်။အိမ်ရှိ မိန်းကလေး သုံးယောက်ဘက်မှတော့ အစ်မကြီး စွတ်စွဲသည်ကို မသိဟု ဆိုကြသည်။
         သင်တန်းနည်းပြ နှစ်ယောက်အနက်မှ တစ်ယောက်သည် ထိုအစ်မကြီးကို ယခုမှ မြင်ဖူးခြင်းဖြစ်သည်။မြင်မြင်ချင်းတွေ့ဖူးသည့် သူကို အကြောင်းမဲ့ မချေမငံ ဆက်ဆံစရာမရှိ။ကျန်တစ်ယောက်မှာ တွေ့ဖူးသော်လည်း အကျွမ်းတ၀င် ရှိလှသည်မဟုတ်။အစ်မကြီး၏ “ရိုက်ကူးရေး ဘယ်အချိန်ပြီးမလဲ” ဆိုသည့်အမေးကို မသိပါဟု ဖြေမိကြသည်၊“အားကစားသင်တန်း တံခါးမကြီး လော့ချထား၍ သမီးတို့တောင် ၀င်လို့မရပါ” ဆိုသည့် အပြောကို အစ်မကြီးက သူ့အား မသွားစေချင်၍ပြောကြသည်။သည်လောက်တော့ လူမှုရေးနားလည်ပါသည်ဟု ကျွန်မအား တိုင်ပါသည်။တစ်ဖက်သတ် တစ်ယောက်တည်း ပြော၍ ကျွန်မ ရှင်းပြသည်ကို နားမထောင်။ငိုပြီး ဖုန်းချသွားသည်။အဓိက အကြောင်းအရင်းမှာ ကျွန်မ အိမ်တော်ထိန်းဟု သုံးနှုန်းသည့် မိန်းကလေးနှင့် ဆိုင်ပါသည်။တစ်အိမ်လုံး၏ အရေးကိစ်္စများကို အမှန်တစ်ကယ် စီမံခန့်ခွဲ ပေးနေသောကြောင့် အိမ်တော်ထိန်းဟု သုံးနှုန်းရခြင်း ဖြစ်ပါသည်။ထိုမိန်းကလေးကို ကျွန်မ ဆီသို့ ခေါ်ဆောင်လာပေးသူမှာ ထိုအစ်မကြီး ဖြစ်ပါသည်။ကျွန်မအိမ်အတွက် အဖော်လိုနေချိန်တွင် ထိုမိန်းကလေး၏ လုပ်ရည်ကိုင်ရည်နှင့် စိတ်ဓာတ်တို့ကို အာမခံပေးသည်မှာ အစ်မကြီး ဖြစ်ပါသည်။ထို့အတူ မိန်းကလေး မိဘနှင့်ဆွေမျိုးများဘက်သို့ မိသားစုလို ဆက်ဆံတတ်သူပါ ဟု ကျွန်မ အတွက် အာမခံပေးခဲ့သည်မှာလည်း ထိုအစ်မကြီးပင် ဖြစ်ပါသည်။
        အစ်မကြီး ပြောသလိုပင် နှစ်ဦးနှစ်ဘက် အဆင်ပြေကြသည့်အတွက် ကျွန်မတို့ အတူနေလာကြသည်မှာ လေးနှစ်ကျော် ငါးနှစ်နီးပါး ရှိခဲ့ပြီ။ကျွန်မတို့ နှစ်ဘက်စလုံး အစ်မကြီးကို တစ်ကယ်ကျေးဇူးတင်ကြပါသည်။သီတင်းကျွတ်ရောက်တိုင်း အစ်မကြီးအား သွားကန်တော့ဖို့ မိန်းကလေး မေ့နေမည်စိုး၍ ကျွန်မ သတိပေးလေ့ရှိသည်။သူလည်း မမေ့လျော့တတ်ပါ။ကျွန်မ ကိုယ်တိုင်လည်း အစ်မကြီးအိမ်သို့ အလည်လာလျှင် တတ်နိုင်သလောက်ကို လက်အုပ်ချီ ထိုင်ကန်တော့ပြီးမှ ပေးလေ့ရှိပါသည်။သည် ဒီတစ်ကြိမ်မှသာ ကျွန်မတို့ ခရီးဦးကြို မလုပ်လိုက်နိုင်ခြင်း ဖြစ်သည်။လွန်ခဲ့သည့် သုံးလခန့် အစ်မကြီး အိမ်ကို လာလည် စဉ် ကတည်းက ကျွန်မ သတိထားမိနေခဲ့သည်။နေ့လည် စာ စားအပြီး၊ထမင်းစားပွဲမှ မထသေးဘဲ အစ်မကြီးနှင့် ကျွန်မတို့ လင်မယားနှစ်ယောက် စကားလက်ဆုံကြနေကြသည်။မိန်းကလေးက ပန်းကန်အချို့ကို ဘေစင်မှာ ဆေးရင်း ကျွန်မတို့ကို စောင့်နေမှန်း ကျွန်မ သိပါသည်။စကားစ မပြတ်သေးသဖြင့် ဧည့်ခန်းသို့ မရွေ့နိုင်သေးဘဲ ဆက်ထိုင်နေခြင်းဖြစ်သည်။ထမင်းစားပွဲပေါ်ရှိ ဟင်းပန်းကန် လက်စများ ကို လာသိမ်းဖို့ အစ်မကြီးက မိန်းကလေးအား ညွှန်ကြားလိုက်သည်။ပန်းကန် ဆေးလက်စ ဖြစ်နေ၍ ချက်ချင်း လာမယူနိုင်ခြင်းကို သူ့အား မထီလေးစား ဆက်ဆံသည်ဟု ထင်ကာ မကျေမနပ် တစ်ခါဖြစ်ဖူးသည်။ကျွန်မ နေရာ ပေးထားလွန်းခြင်းကြောင့် ဖြစ်သည်ဟု အစ်မကြီးက ယူဆပါသည်။
        ထိုမိန်းကလေးသည် သူ့အလုပ် သူ တာဝန်ကျေသည့် သူ ဖြစ်ကြောင်း လေးနှစ်လောက် အတူနေလာသည့် ကျွန်မ သိပါသည်။တာဝန်ကျေ တတ်သည့် သူတစ်ယောက်အပေါ် ဘာကိုမှ ထပ်မံ ညွှန်ကြားနေစရာ မလိုဟု ကျွန်မ ထင်ပါသည်။ခိုင်းမှ လုပ်တတ်သည့် ၀န်ထမ်း အမျိုးအစားထဲတွင် ထိုမိန်းကလေး မပါဝင်။ကျွန်မတို့ကြားတွင် စကားအများကြီး ပြောစရာမလို၊ တစ်ယောက်၏ လိုအပ်ချက်ကို တစ်ယောက်က သိပြီးဖြစ်နေပါသည်။သူက ကျွန်မ အပေါ်တွင် တာဝန်ကျေ သလို၊ကျွန်မ သည်လည်း သူ့အပေါ်တွင် သမီးနဲ့ တန်းတူ ဆက်ဆံပေးထားခြင်း ဖြစ်သည်။တစ်ယောက်ပေါ် တစ်ယောက် ဘာကျေးဇူးကြွေးမှ ရှိမနေကြ။အစ်မကြီး အာမခံ သော်လည်း မိန်းကလေး၏ အရည်အချင်းကို မကြိုက်လျှင် ယခုလို နေရာပေးထားစရာမလို၊ထို့အတူ သူသည်လည်း ကျွန်မတွင် သူ လက်ခံနိုင်သည့် သဘောထား မရှိလျှင် လေးနှစ်လောက် အတူဆက်နေစရာ အကြောင်းမရှိ။မိန်းကလေး၏ ရှိရင်းစွဲ အရည်အသွေးအပေါ် ကျွန်မ၏ ပေါလစ်တိုက်ပေးမှု တို့ကြောင့် အရောင်ထွက်လာခြင်း ဖြစ်ပါသည်။ထိုအခါ မိန်းကလေး၏ ကြိုးစားမှုတို့ကြောင့် ကျေးဇူးတရား ဆိုသည်များက ဆ တိုး ပွားလာရခြင်း ဖြစ်ပါသည်။
          မင်္ဂလာရှိလှသည့် ကျေးဇူးတရားများ အကြောင်းကို ကျေးဇူးခံ သူများဘက်မှ မဟုတ်ဘဲ ကျေးဇူးစားသူတို့ ထံမှသာ ကြားလိုခြင်း ဖြစ်ပါသည်။ကျွန်မတို့ငယ်စဉ်က ဖတ်ဖူးခဲ့သည့်  ဇာတ်လမ်းလေး တစ်ပုဒ်ကို သတိရမိသည်။“တစ်လုပ်စားဖူး သူ့ကျေးဇူး” ဟုထင်ပါသည်။ဘုရင် အင်္သခရာ စောယွန်းသည် သူ၏ သူရဲကောင်း ငခင်ညို ကို စစ်ကိုင်းမင်းအား လုပ်ကြံရန်စေလွတ်လိုက်သည်။စေလွှတ်လိုက်သည့် နိုင်ငံသို့ ရောက်ခဲ့ကြောင်း သက်သေအဖြစ် စစ်ကိုင်းမင်း၏ ဦးခေါင်းကို ဖြတ်ယူခဲ့ရမည်ဟု မိန့်မှာ လိုက်လေသည်။ငခင်ညို  ဗိုက်ဆာနေချိန်တွင်  စားစရာ အဖြစ်မြင်တွေ့လိုက်ရသည်မှာ ဘုရားဆွမ်းတော်ပွဲ သာလျှင် ဖြစ်နေသည်။ဆွမ်းတော်ပွဲကို စားပြီးသွားသောအခါ ငခင်ညိုက စဉ်းစားသည်၊ဗိုက်ဆာနေသည့် အချိန် စားလိုက်ရသည့်အတွက် ကျေးဇူးတင်သည့် စိတ်ဖြစ်သွားရသည်။ဖြစ်ပေါ်လာသည့် ကျေးဇူးတရားကြောင့် စစ်ကိုင်းမင်း၏ ဦးခေါင်းကို မဖြတ်တော့ဘဲ ထိုတိုင်းနိုင်ငံသို့ ရောက်ခဲ့ကြောင်း အသိအမှတ်ပြု သည့်အနေဖြင့် စစ်ကိုင်းမင်းကိုင်ဆောင်သည့် ပတ်္တမြား ကျောက်စီဓားကိုသာ ယူဆောင်ခဲ့လိုက်သည်။
                    မိမိ အရှင်သခင်အား အကျိုးအကြောင်း ရှင်းပြပြီး အပြစ်ပေးလျှင် ခံယူရန် အသင့်ဖြစ်နေ စဉ် အပြစ်မပေးသည့် အပြင် ဆုတော်လာဘ်တော်များ ချီးမြှင့်ခံခဲ့ရသည်။အင်္သခရာ စောယွန်း စဉ်းစားသည်မှာ ဆွမ်းတော်ပွဲလို တစ်လုပ်စာလေး စားမိသည်ကို သည်လောက် ကျေးဇူးသိတတ်နေလျှင် ထိုမျှမက ချီးမြှင့် မြှောက်စားထားသည့် မိမိအပေါ်ဆိုလျှင် ဆိုဖွယ်မရှိဟု တွေးမိ၍ ဖြစ်သည်။ထိုကျေးဇူး သိခြင်းသည် အပြုခံရသူ ဘက်မှ ဖြစ်၍ ကျက်သရေရှိပါသည်။ထို ရာဇ၀င်၊ထို ဇာတ်လမ်းတွင် ခေါင်းဖြတ်ခံရမည့် စစ်ကိုင်းမင်းဘက်မှ “ငါ့ဆွမ်းတော် ယူစားထားတာပဲ ငါ့ခေါင်း မဖြတ်နဲ့”ဟု ဆိုသောကြောင့် မဖြတ်ခဲ့တာ ဆိုပါလျှင် ဇာတ်လမ်းသည် ယခုလောက် ကျွန်မ တို့စိတ်တွင် စွဲကျန်လိမ့်မည် မထင်။တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုသည့် သမိုင်းတွင်သည့် ဆိုရိုးစကားလည်း ပေါ်ပေါက်မလာနိုင်တော့။
     တစ်ကမ်္ဘာလုံးတွင် ကျေးဇူးကြွေး အများဆုံးသည် ကျွန်မတို့ နိုင်ငံ ဖြစ်လိမ့်မည်ထင်သည်။ယုတ်စွအဆုံး ငွေတိုးပေးစားကြသည့် သူများပင် ကျေးဇူးခံ စာရင်းထဲ ပါနေကြသည်။များပြားလှသည့် အတိုးနှုန်း ယူထားကြသော်လည်း ငွေချေး ပေးထားရခြင်းကပင် ကျေးဇူး အဖြစ် ရှိနေတတ်ကြသည်။မိဘကျေးဇူး ဆပ်ခိုင်းသည့် မိဘ အချို့ ရှိနေသည်ကိုလည်း  ကျွန်မ အံ့သြမိသည်။သားသမီးများဘက်မှ သူ့အလိုလို သိတတ်ပြီး ဆပ်သည့် ကျေးဇူးလောက် မလေးနက်ဟု ခံစားရ၍သည်။မွေးကျေးဇူး ဟု ဆိုရအောင်လည်း ဘယ်သားသမီးကမှ ဘယ်မိဘကို မွေးဖွားပေးပါဟု တောင်းဆို ခဲ့သည်မဟုတ်။နိုင်ငံတကာတွင်လည်း ကျွန်မတို့ ကျေးဇူးတင်ရမည့် နိုင်ငံက အတော်များများရှိနေသည်ဟု သတ်မှတ်ထားကြသည်။ကိုယ့်နိုင်ငံတွင်း ချဉ်းနင်းဝင်ရောက်ကာ ဒုက်္ခပေးမည့် အစီအစဉ်များကိုပင် ကျေးဇူးတရား ရှိသည်ဟုဆိုကာ ငြိမ်ခံရသည့် အဖြစ်များက ရှိလာရသည်။ကျွန်မ အထင်ပြောရလျှင် ကျေးဇူးခံ၊ကျေးဇူးစား နှစ်ဘက်စလုံးတွင် မိမိအကျိုး ဆိုသည့် အတ်္တက အလိုလို ပါပြီးသားဖြစ်နေသည်။ကျွန်မတို့ နိုင်ငံကို မည်သည့် နိုင်ငံကမှ အကြောင်းမဲ့ သက်သက် ကူညီနေခြင်း မဟုတ်။အနည်းဆုံးတော့ ပြောင်းလဲတိုးတက်လာသည့် မြန်မာနိုင်ငံသည် သူတို့နိုင်ငံ ကျေးဇူးနှင့် မကင်းဟု အထင်ခံချင် ကြ၍ ဖြစ်သည်။
        နိုင်ငံ့ ကျေးဇူးကို ပြောရလျှင်တော့ အနည်းငယ် ကျယ်ပြန့်ပြီး ရှုပ်ထွေးသွားနိုင်သည်။လက်ဆုပ် လက်ကိုင် ပြဖို့လည်း ခဲယဉ်းသည်ဟု ထင်ပါသည်။ထို့ကြောင့် နိုင်ငံသားများ အကြောင်းသာ ပြောလိုတော့သည်။နီးကပ်လာသည့် ရွေးကောက်ပွဲကြီးအတွက် ဘယ်သူကတော့ ဘာကျေးဇူးကြောင့်ဟု ဆိုကာ မရွေးချယ်စေလို။ပုဂိ္ဂုလ်တစ်ဦးချင်းစီ ၏ အရည်အချင်းကို အမှန်တစ်ကယ် လက်ခံပြီးမှသာ ရွေးချယ်စေချင်ပါသည်။ကျွန်မတို့ရှေ့မှ ဘိုးဘေးဘီဘင်များက သူတို့ လုပ်ဆောင်သင့်သည် ထင်သည့် အလုပ်များကို လုပ်ခဲ့ကြခြင်းဖြစ်သည်။မှားသည် မှန်သည်ကို သမိုင်း က အဆုံးအဖြတ် ပေးပါလိမ့်မည်။ကျွန်မ တို့လက်ထက်တွင်လည်း ဆပ်၍ မဆုံးသည့် ကျေးဇူးတရားများကို မဆုံးနိုင်တော့မည် အတူတူ ခေတ်္တ မေ့ထားစေချင်ပါသည်။အမှီအခိုကင်း၊အရိပ်မမိုးသည့် ကျေးဇူးတရား တို့ဖြင့်သာ ရှေ့ဆက်လိုပါတော့သည်။





                                             ခင်သန္တာ

                                          ၂ရက်၊မတ်လ၊၂၀၁၄ခုနှစ်။
                                             ည-၉နာရီ၊၁၅မိနစ်။
  
        

0 comments:

Post a Comment