468x60

နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း

Tuesday, June 10, 2014
   နှဖူးပေါ် ၀ဲကျနေတဲ့ မောင့်ဆံပင် ပျော့ပျော့လေး၊ဘေးတိုက် မြင်နေရတဲ့ မောင့်နှာတံ စင်းစင်း၊ တင်းတင်းစေ့ထားတဲ့ မောင့် နှုတ်ခမ်းတွေကို ကြည့်ရင်း စိတ်တိုနေတဲ့ကြားက ကျွန်မ ရင်ခုန်မိနေပြန်ပြီ ။မောင်ကတော့ ပြောနေကျ စကားအတိုင်း “ No  ပြဿနာပါ ယွန်းရယ်” လို့ တီးတိုးလေး ရေရွတ်နေတယ်။မောင်စကားပြောရင် အဲဒီလိုပဲ ပြဿနာ မရှိပါဘူးလည်း မဟုတ်၊အင်္ဂလိပ်လို No problem  လို့လည်း အပြည့်အစုံ  မပြောနဲ့။သူ့ ညီမလေးကိုတောင်  My ညီမလေးလို့ ခေါ်တာတဲ့လေ။ဘယ်လောက် ချစ်ဖို့ကောင်းလိုက်သလဲ။မောင်ကတော့ ပြောနေကျ စကား အတိုင်း ရိုးရိုးလေး ပြောတာပါ။ရယ်နေကျအသံ အတိုင်း တိုးတိုးဖွဖွ ရယ်တာပါ။ကျွန်မ အတွက်သာ ထူးဆန်းနေတာ။ဟုတ်တယ် မောင်နဲ့ပတ်သက်ရင် ကျွန်မ က အသေးစိတ်က အစ အရာရာ အလေးထား မိနေတယ်။မောင်နဲ့ ကျွန်မကြား အဓိက ပြဿနာကလည်း ကျွန်မရဲ့ အသေးစိတ် အလေးထား မှုတွေကြောင့် ဖြစ်ရတာ။ကျွန်မ နံမည် “ခင်ယွန်းစံ”ကို မောင်က “ယွန်း” လို့ခေါ်ဝေါ် သုံးနှုန်းတယ်။“ကျွန်တော် တစ်ကယ်ချစ်တဲ့သူနဲ့ကျရင် ကိုယ့်ကိုကိုယ် “မောင်”လို့ နာမ်စား သုံးချင်တာ ယွန်းရဲ့” လို့ အစချီပြီး ကျွန်မ နဲ့စကားပြောလေတိုင်း “မောင်ကလေ”ဆိုတဲ့ နာမ်စားကို ရေလဲသုံးနေတော့တာ။မောင်က ယွန်းလို့ခေါ်ပေမဲ့ “မောင် နဲ့ ကျွန်မ”ဆိုတဲ့ အသုံးအနှုန်းလေးကို ပိုခုံမင်တာမို့ မောင်လို့ခေါ်မိတဲ့ အကြိမ်တိုင်းမှာ ကျွန်မကလေ ဆိုတဲ့ နာမ်စား ကလည်း တွဲလို့ပါမြဲ။
           အရင်က R -c 1 လို့ ခေါ်ကြတဲ့ ဗိုလ်တစ်တောင် တက်္ကသိုလ်နယ်မြေကို ခြေချမိတော့ ကျွန်မ တို့သူငယ်ချင်းတွေ “ဟင် တက်္ကသိုလ် နယ်မြေကလည်း စတိတ်ကျောင်းအတိုင်းပါပဲလား၊ငါတို့ တက်ခဲ့တဲ့ စတိတ်ကျောင်းကမှ ဒီထက် သားနား သေးတယ်”လို့ တစ်ယောက် တစ်ပေါက် အော်ခဲ့ကြပေမဲ့ ကျောင်းသားတို့ရဲ့ ထုံးစံအတိုင်း ခြေချမိရာ ပျော်သွားကြတာပါပဲ။“ပါဋိသင်တဲ့ ဆရာမက ငယ်ငယ်လေးဟဲ့ ချောလည်း ချောတယ်နော်”လို့ သူငယ်ချင်းတစ်ယောက်ရဲ့ အပြောကို နောက်တစ်ယောက်က “အခုမှ မဟာဝိဇ်္ဇာ ပြီးလာတာတဲ့ သူနဲ့စေ့စပ်ထားတဲ့ ကောင်လေးက ဒီကျောင်းမှာ တက်နေလို့  မနည်းလိုက်ပြီး တောင်းပြောင်းလာတာတဲ့”။ကျွန်မ တို့သူငယ် ချင်းတွေက ဒီလိုပဲ တစ်ယောက်ရဲ့ သတင်းပေးမှုကို နောက်တစ်ယောက် က နောက်ဆက်တွဲ သတင်းပြောနိုင်ကြတယ်။မိန်းကလေးချည်း ငါးယောက်တွဲ ကျွန်မ တို့သူငယ်ချင်းအဖွဲ့ကို Rc 1 မှာတော့ မသိသူ ခပ်ရှားရှားပဲ။အဲဒီ အချိန်ကတည်းက ကျွန်မက ဆရာမ ဆိုသူထက် သူနဲ့ စေ့စပ်ထားတယ်ဆိုတဲ့   ကျောင်းသားကို ပိုစိတ်ဝင်စားမိခဲ့တာ။

                                        (၂)
           ကဗျာလေးတွေ ဟိုနားတစ်စ၊ဒီနား တစ်စ ပါဖူးတဲ့ ကျွန်မက ဦးဆောင် စည်းရုံးပြီး တက်္ကသိုလ် စာပေ မဂ်္ဂဇင်း အဖွဲ့လေး ထူထောင်ဖြစ်တယ်။ကိုယ့်လိုပဲ စာရူးပေရူး မဂ်္ဂဇင်းအချို့မှာ ကလောင်သွေးစ ကဗျာဆရာတွေ ကလည်း ပူးပေါင်း ပါဝင်လာပြီး ကဗျာ စာအုပ်ထုတ်ဝေဖို့ အထိ ဖြစ်လာတော့တယ်။ကဗျာ စာအုပ် အတွက် ပန်းချီ ၀ါသနာရှင်များ ကလည်း စေတနာနဲ့ ကူညီလာကြမို့ မေဂျာမတူတဲ့ အနုပညာ မောင်နှမတွေ ကျောင်း ပရ၀ုဏ် ကျဉ်းကျဉ်းလေးမှာ တရုန်းရုန်းနဲ့ပေါ့။အဲဒီအဖွဲ့ ထဲမှာ ကဗျာလည်း မရေး ပန်းချီလည်း မဆွဲတတ်တဲ့ ကျောင်းသားတစ်ယောက်ကတော့ ကဗျာ စာအုပ် ဖြစ်မြောက်ရေးအတွက် အားကြိုးမာန်တက် ကူညီနေလေရဲ့။“ကျွန်တော်က ကဗျာတွေကို ချစ်တတ်ပြီး ပန်းချီပညာ ကို မြတ်နိုးတတ်သူပါ” ဆိုတဲ့ သူ့ရဲ့စကားသံ ကြားလိုက်ရတော့ ကျွန်မ မှာ ခင်မင်နှစ်လိုစိတ်တွေနဲ့ ကြည့်ခဲ့မိတယ်။နောက်မှ သိလာရတာ ပါဋိဆရာမ ချောချောလေးနဲ့ စေ့စပ်ထားတဲ့ သူ တဲ့လေ။မောင်နဲ့ ကျွန်မ တွေ့ဆုံမှုက အစကတည်း က လွဲနေခဲ့တာပါ။ကဗျာစာအုပ် ထုတ်ဖို့ အလုပ်တွေ ရှုပ်နေကြတဲ့ ရက်ထဲမှာပဲ မောင်နဲ့ကျွန်မ ခင်မင်မှုတွေ တိုးခဲ့ကြတယ်။ကျွန်မ မျက်နှာက ကလေးတစ်ယောက်နဲ့ တူလို့တဲ့။ ကျွန်မကို “ကလေးမ” လို့ခေါ်ရင်းက နောက်ပိုင်းတွေကျတော့ မောင်က ကလေး လို့ ခေါ်ခဲ့တာလေ။ချစ်သူ ဖြစ်ပြီးနောက်ပိုင်းမှာလည်း ရန်ဖြစ်ကြတဲ့ အချိန်မှာသာ “ယွန်း”လို့ခေါ်ပေမဲ့  ကျန်တဲ့ အချိန်တွေမှာတော့ “ကလေး” လို့ပဲ ခေါ်တတ်သူပါ။
           သိပ်မကျယ် လှတဲ့ တက်္ကသိုလ် နယ်မြေထဲမှာ ဆရာမ၊ မောင်နဲ့ ကျွန်မရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးက    မြန်နှုန်းမြင့် ပျံ့လွင့်နေလေရဲ့။မောင် ဆရာမကို ချစ်ခဲ့တာ လား ဆိုတဲ့ ကျွန်မရဲ့အမေးကို “ချစ်တယ်လို့ ထင်ခဲ့တာပါ”တဲ့။“မောင့် အဖိုးနဲ့ မမမေ အဖိုးက ရဲဘော်သုံးချိပ်ဝင်တွေလေ။သိပ်ချစ်ကြတာ သားသမီးတွေ လက်ထက်မှာ အမျိုးမတော် ခဲ့ရလို့ မြေးတွေ လက်ထက်မှာ လက်ဆက်စေချင်ကြတာ”တဲ့။မောင်က ဆရာမကို “မမမေ”လို့ ခေါ်တယ်။“မောင်က လူပျိုပေါက်အချိန်၊ မမမေကို မောင်နဲ့သဘောတူထားတဲ့သူ လို့ ပြကြတော့ မမမေကို သဘောကျမိခဲ့တယ်။ကိုယ်လုံး ကိုယ်ပေါက်တောင့်တောင့် မျက်နှာ လှလှ နဲ့ကွာ။သိတယ်မလား ယောက်ျားလေးတွေ အရွယ်ရောက်စမှာ အသက်ကြီးကြီး မိန်းမ တွေကို သဘောကျတတ် တယ်လေ။ပြီးတော့ ယောကျာ်းတွေ အများစုက ကိုယ်လုံးလှတဲ့ မိန်းမကို ကြိုက်တယ်ဗျ”တဲ့။ကျွန်မကို သူ့ရင်ခွင်ထဲ ဆွဲသွင်းထားပြီး ပြောပြနေတဲ့ မောင့်စကားသံတွေလေ။ “ကျွန်မ  ကျတော့ရော”  ဆိုတဲ့အမေးကို  “ကိုယ့်ချစ်သူကတော့ တဖြောင့်တည်းလေ”တဲ့။ပြောပြီး ရယ်နေတယ်။အသားဖြူဖြူ ပိန်ပိန် ပါးပါး ကျွန်မကိုယ်လုံးကို မောင်က တဖြောင့်တည်း တဲ့လေ။ကျွန်မ စိတ်ဆိုးမလို့ လုပ်နေတုန်း “အချစ်ဆိုတာ အဲဒါပဲလေ ကလေးရဲ့ ချစ်ချင်လို့ကို ချစ်တာ ကလေးမှာ မက်မော စရာဆိုလို့ မျက်နှာလေးပဲ ရှိတာ”တဲ့။မောင်က အဲဒီလိုမျိုးပါ။ရန်တွေ့မယ် စဉ်းစားထားတဲ့ ကျွန်မ နောက်ဆုံးတော့ ကျေနပ်လိုက်ရတာပါပဲ။
                                        (၃)
          မောင်နဲ့ ကျွန်မ အကြောင်း သိုးသိုးသန့်သန့် ကြားတဲ့ မမမေက မောင့်ကို ဘာမှ မမေးဘူးတဲ့။ပညာတတ် ပီပီ မျိုသိပ်ထားတာ နေမှာပေါ့တဲ့။ကျွန်မက “မဟုတ်ပါဘူး မောင့်ကို သူပဲ  အပိုင်ရမှာ သေချာလို့ ဘာမှ မပြောဘဲ နေတာ  နေမှာပေါ့”လို့ ဆိုတော့ “ မောင့်ကို အဲဒီလို ချုပ်ကိုင်လို့ မရပါဘူး၊မောင့်အချစ်နဲ့ မောင့် ခန်္ဓာ မောင်ယူချင်တဲ့ သူကို ယူမှာပေါ့ စေ့စပ်ထားကြတာပဲ လက်ထပ်ထားတာမှ မဟုတ်တာတဲ့”။မောင်က သတ်္တိရှိသားပဲ ဆိုတဲ့ ကျွန်မ အပြောကို “ကလေးက မောင့်ကို လျှော့တွက်နေတာကိုး အခုချက်ချင်း ကောက်ယူလိုက်လို့ ဟုတ်ပေ့ ဖြစ်နေအုံးမယ်”တဲ့။မောင်က အဲဒီလိုပဲ အညာလေသံနဲ့ “ဟုတ်ပ”လည်း မဟုတ်၊ရန်ကုန်လေသံနဲ့ “ဟုတ်တယ်”လည်း မပြော၊ဟုတ်ပေ့ လို့ သုံးတတ်တယ်။ကျွန်မ ကပဲ ချစ်တဲ့စိတ်နဲ့ ကြည့်လို့လားတော့ မသိဘူး မောင့် အမူအရာ၊မောင့် စကားအသုံးနှုန်းတွေက ဆွဲဆောင်မှုရှိနေတယ်။ကျွန်မ သူငယ်ချင်းတစ်စု ကန့်ကွတ်တားမြစ်သံတွေ၊ကဗျာ ဆရာ မောင်နှမတွေရဲ့ သတိပေးသံတွေက ကျွန်မ အချစ်ကို တိုး မပေါက်နိုင်ခဲ့ပါဘူး။မောင့်ကို ယုံကြည်နေတာထက် ပိုမြတ်နိုးတာပါ ဆိုတဲ့ ကျွန်မရဲ့ ကြေငြာသံကို “ကဗျာ ရေးနေတာ  မဟုတ်ဘူးနော် မယွန်း၊အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုဆိုရင် သေချာ စဉ်းစား စေချင်တယ်တဲ့။ဝါသနာတူ ကဗျာဆရာတွေရဲ့ စေတနာ စကားသံတွေမှန်းလည်း ကျွန်မ သိပါတယ်။
          ကျွန်မ ကဗျာတွေဖတ်ပြီး ဝေဖန်ပေးတဲ့အခါမှာတော့ မောင်က စာဖတ်ပရိသတ် တစ်ယောက်အနေနဲ့ ဝေဖန်တတ်သူပါ။“မောင် အားမနာဘူးဗျနော် ကလေး ကဗျာတွေနဲ့ ပတ်သက်ရင် တစ်ကယ်ကောင်းမှ ကောင်းတယ် ပြောမှာ”လို့ မောင်က ဆိုလာတော့လည်း ကျွန်မ ၀ါသနာကို တန်ဖိုးထားသူရယ် လို့ အချစ်ပိုရပြန်တယ်။ညဘက်တွေ မောင့်ကို ဖုံးဆက်တဲ့အခါ မမမေ နဲ့အတူ ရှိနေရင် မောင့် လေသံတွေက သိပ်ကို တစိမ်း ဆန်လွန်းပါတယ်။ကျွန်မ မကျေမနပ် ရန်တွေ့တဲ့အခါ “ကလေးကလည်း မောင် ပြောချင်လို့ ပြောတာမှ မဟုတ်တာ သူ့ရှေ့မှာ ဆိုတော့ နည်းနည်းတော့ လေးစားသမှုပြုရတာပေါ့၊သိသာ သိစေ မမြင်စေနဲ့ ဆိုတဲ့ သဘောပေါ့ကွာ”တဲ့။ကျွန်မက ဒေါသ တကြီး “ဒါဆို ကျွန်မက မောင့်အတွက် ဘာလဲ၊မောင့်ရဲ့ ဘယ်နေရာမှာ လဲလို့”အော်ဟစ်မိရင် ပြုံးတုံ့တုံ့ အမူအရာနဲ့ “မောင့်ချစ်သူလေ၊မောင်ရဲ့ နှလုံးသား တစ်နေရာမှာ ထားတာတဲ့။“ဟုတ်တယ် အဲဒီနေရာမှာ ပို့ထားပြီး ကတည်းက လှည့်မကြည့်တော့ဘဲ ပစ်ထား တာမလား”လို့ ကျွန်မ ကဆိုတော့ “ကဗျာ ဆရာမကြီးကလည်း ကဗျာတွေ ရေးနေပြန်ပါပြီ၊မောင်တို့နှစ်ယောက် ချစ်နေတာကို သိရက်နဲ့ လွတ်လွတ် လပ်လပ် ခွင့်ပြုထားတဲ့ မမမေကို ကျေးဇူးတောင် တင်ရမှာ ကလေးရဲ့တဲ့”။မောင့်သဘောထားတွေက အဲ့ဒီလိုပါ။လူတစ်ယောက်အပေါ် ကျေးဇူးကြွေးတွေနဲ့  ကျွန်မ မောင့်ကို ချစ်နေရတာပါလား။
                                 (၄)
          ကျွန်မနဲ့ မောင်ရဲ့ တွေ့ဆုံမှု အလွဲ အပေါ်မှာ ကျွန်မ ဘက်က အလျှော့ပေးရမယ် ဆိုတာ အစကတည်းက သိပါတယ်။မပိုင်ပေမဲ့ ဆိုင်သူ ရှိပြီးသား မောင့်အပေါ်   တွယ်တွယ်


တာတာ ဖြစ်လွန်းတဲ့ ကျွန်မ ကိုယ် ကျွန်မလည်း မကျေနပ်ပါဘူး။မောင်ကတော့ အချိန်အတိုင်း အတာ တစ်ခုထိ စောင့်ကြည့်ပါ။မောင် စီစဉ်နေပါတယ်။သြ  ပြဿနာပါ ကလေးရဲ့” ဆိုတာ အကြိမ်ကြိမ် ပြောတတ်ပါတယ်။ဒါပေမဲ့လည်း ကျောင်းမှာ မမမေရဲ့ စက်ကွင်းအောက်၊မမမေ သူငယ်ချင်း ဆရာမ အချို့ရဲ့ အကြည့်တွေအောက်က လွတ်အောင်ရှောင်ကွင်းနေရတဲ့ အခါ၊မမမေ မောင့် အိမ်ရောက် နေချိန် ဖုံးခေါ်လိုက်မိလို့ “ကျွန်တော်”ချင်း ထပ်နေတဲ့ မောင့်စကားသံတွေ ကြားရတဲ့ အချိန်မှာတော့ ၀မ်းနည်း အားငယ်မိတာ အမှန်ပါ။ရှိခဲ့ ဖူးတယ် ထင်ရတဲ့ မာနတွေ အရည်ပျော် အဆင့်ကနေ အငွေ့ပျံ့ ကုန်နေပြီဆိုတာ ကျွန်မ ဘာသာ သတိထားမိတာမို့ ဘယ်သူ့ကိုမှ ရင်မဖွင့်ရဲ။ကျွန်မ သတ်္တိရှိတယ် လို့ ထင်ခဲ့တဲ့ မောင်က သတ်္တိရှိချင်ယောင် ဆောင် နေတာများလားလို့ အတွေးတွေ ၀င်လာတော့ ၀မ်းနည်းတဲ့ အဆင့်ကနေ ချုံးပွဲချ ငိုမိတဲ့ အဖြစ်က အကြိမ်ပေါင်းမနည်း။
       မောင်နဲ့ကျွန်မကြား ဒီလိုတွေ ကတောက်ကဆ ဖြစ်ပြီးတိုင်း ကျွန်မ ကပဲ ပြန်ချော့ခဲ့ရတာပါ။“ချစ်သူတွေကြားမှာ ဘယ်သူ အရင်စ ချော့ရမယ်လို့ မရှိပါဘူး ကလေးရယ်”လို့ မောင်ပြောတတ်ပေမဲ့ ချစ်သူသက်တမ်း တစ်လျှောက်မှာတော့ ကျွန်မ ကသာ ချော့ခဲ့ရသူပါ။သာမန် မိန်းကလေးတွေထက် နည်းနည်းပဲ အရပ်ပိုမြင့်တဲ့ ကျွန်မ က မြင့်မားလွန်းတဲ့ မောင့်အရပ်ကို ခြေဖျားထောက်ပြီး နမ်းလိုက်တဲ့ အပြုအမူတွေက မောင် အကျေနပ်ဆုံး ချော့နည်းတဲ့လေ။ကတောက်ကဆ  အဆင့်ကနေ ပြဿနာအဆင့် ကူးပြောင်းသွားတဲ့ အခါ ကျွန်မ ဘက်ကလည်း တင်းမာမှုတွေ ရှိလာပြီဆိုရင် မောင်က သူ့ခေါင်းကို မော့ထားပြီး“ ကလေးက နမ်းလည်း မနမ်း တတ်ပါဘူးကွာ”လို့ ဆိုလိုက်တာ နဲ့ ကျွန်မ ဘက်က အလိုလို ကျေအေးပြီးသား ဖြစ်သွားရတာတွေ။“မှားတဲ့သူဘက်က အရင် စ ချော့ပေါ့” ဆိုတဲ့ နိုင်ထက်စီးနင်း မောင့် စကားတွေကိုလည်း နာရ ကောင်းမှန်း မသိခဲ့ပါဘူး။
                           (၅)
       တိုးတက်ပြောင်းလဲလာတဲ့ ဒီဘက်ခေတ်ထဲမှာ ကျွန်မ တို့ တက်္ကသိုလ် ကျောင်းသားတွေ ကျောင်းသားသမဂ်္ဂအဖွဲ့ ပြန်ဖွဲ့ခွင့် ရခဲ့ကြပါတယ်။ဟိုးအရင်တုန်းက ကြားသာ ကြားဖူးပြီး သေချာ မသိခဲ့တဲ့ ကျောင်းသားသမဂ်္ဂဆိုတဲ့ အဖွဲ့ကို ဖွဲ့ဖို့ ကျွန်မတို့တွေ တက်တက် ကြွကြွ လှုပ်ရှားကြတာပေါ့။ရင်းနှီးပြီးသား စာပေ အသင်းသားတွေတင် မဟုတ်ဘဲ မေဂျာပေါင်းစုံက ကျောင်းသားတွေပါ ပါဝင်လာကြပါတယ်။မောင်နဲ့ ကျွန်မက ထိပ်ဆုံးကပေါ့။မောင်ရဲ့ အားသာချက်က လူမှုဆက်ဆံရေးတော်တော့ စည်းရုံးရေးကောင်းတယ်။ကျွန်မ ရဲ့ အားသာချက်က ကျောင်းသားတွေ သိသင့်တဲ့ စည်းမျဉ်းဥပဒေတွေ ကို နောင်တော်ကြီးတွေဆီက တစ်ဆင့်မေးပြီး ဖြန့််ဝေနိုင်တယ်။ကျောင်းသားတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ ရပြီး ချစ်သူနဲ့ အတူတွဲလုပ်ရတဲ့ ကျွန်မ ဘ၀ရဲ့ ပျော်စရာ နေ့ရက်များပေါ့။
      ဒါပေမဲ့ အဖွဲ့အစည်း အသင်းအပင်းနဲ့ အလှမ်းဝေးခဲ့တဲ့ ကျွန်မတို့တွေမှာ မညီညွတ်မှုတွေ တော့ ရှိနေကြတာပေါ့။စီနီယာ ကျောင်းသားကြီးများရဲ့ ကိုယ်ပြောတာမှ မှန်တယ်ထင်၊ကိုယ်လုပ်တာမှ ကောင်းတယ်ပြော၊ဂျူနီယာ ကျောင်းသားများရဲ့ အစွမ်းအစ


        ပြလိုတဲ့စိတ်နဲ့ ကိုယ့်ထက် တစ်ရက်လောက် ပိုကြီးရင်ကိုပဲ အန်းတိတ်ဖြစ်နေပြီ ထင်နေမှု ကြောင့် ကျောင်းသား သမဂ်္ဂအဖွဲ့ ပုံမပေါ်သေးခင် ပြိုကွဲမယ် ဖြစ်ရတာ ခဏ ခဏ။ကျွန်မ ကိုယ်တိုင်ကလည်း အဖွဲ့အစည်းဆိုတဲ့ စိတ်ကို မွေးမြူနေရဆဲ ဆိုတော့ ခံနိုင်ရည် အရေးပြားက ခပ်ပါးပါး။အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုတွေမှာလည်း ထိပ်တိုက်တိုးရတာက မောင်နဲ့ကျွန်မ။
      “စိတ်ပျက်လာပြီ မောင်ရယ် လူနှစ်ယောက်ရှိတာ သုံးဖွဲ့ကွဲနေတယ်၊ဆိုသလို ဖြစ်လာပြီ” လို့ ကျွန်မ ညည်းမိတော့ “လူနှစ်ယောက်ရှိတာ ဘယ်လိုများ သုံးဖွဲ့ ကွဲသလဲ ကလေးရယ် ပြောပါအုံးတဲ့”။“တစ်ယောက်ကို တစ်ဖွဲ့နဲ့ နှစ်ယောက်ကို တစ်ဖွဲ့လေ မောင်ရဲ့”လို့ ပြောမိတော့  မောင်က ရယ်ပြီး “စိတ်နည်းနည်း ရှည်စမ်းပါ ဘယ်နိုင်ငံရဲ့ ဘယ်အဖွဲ့အစည်း ကမှ မညီညွတ်တတ်ကြပါဘူး၊အဲဒါကိုက အဖွဲ့အစည်းရဲ့သဘောလေ”တဲ့။ကျောင်းသားကြီးတွေ လေသံ အတိုင်း ကျွန်မကို နားချတယ်။မောင့် အရည်အချင်းကြောင့် ကျွန်မတို့ အဖွဲ့လေး သူများကဲ့ရဲ့ မခံရအောင် ရပ်တည်နေနိုင်တာတော့ ၀န်ခံပါတယ်။ချစ်သူချင်း ဖြစ်တဲ့ မပြေလည်မှုရယ် သမဂ်္ဂအတွင်း အဆင်မပြေမှုတွေ ရယ် ပေါင်းလိုက်တော့ မောင်နဲ့ကျွန်မ ကြား ရန်မဖြစ်တဲ့ နေ့ရက်တွေ က မရှိသလောက်ရှား။
                            (၆)
      သမဂ်္ဂအတွင်း လှုပ်ရှားမှုတွေကို ကျောင်းချိန်ပြင်ပမှာ လည်း ဆောင်ရွက်ကြရပါတယ်။မောင်က ကျွန်မ နဲ့ နှစ်ယောက်တည်းရှိချိန်မှာသာ “မောင်” ဆိုတဲ့ နာမ်စား ထပ်တလဲလဲသုံးနှုန်း ပေမဲ့ အများ သူငါ ရှေ့မှာတော့ ကျွန်တော်လို့ ပြောတတ်သူပါ။တစ်ညနေ သမဂ်္ဂကိစ်္စ အတွက် အလုပ် လုပ်ကြရင်း အပြန် နောက်ကျ တော့ ကားငှားပြန်ကြရတယ်။ဗဟန်းကိုပြန်မဲ့ မောင် က ဗိုလ်တစ်ထောင် လမ်းမပေါ်မှာ ကားငှားဖို့စောင့်နေတယ်။သမိုင်းကို ပြန်ရမဲ့ ကျွန်မကလည်း  မောင့်နားလေး သွားရပ်ပြီး ကားငှားဖို့ စောင့်နေမိတယ်။တခြားမေဂျာ ကျောင်းသားတွေလည်း သူ့အုပ်စု နဲ့သူ ကားငှားဖို့ စောင့်နေကြတယ်။အဲဒီအချိန် မောင်က ကျွန်မ ဘက်လှည့်ပြီ “ကျွန်တော်က ဗဟန်းပြန်မှာဆိုတော့ ကားငှားဖို့က ယွန်းနဲ့ လမ်းကြောမသင့်ဘူးနော်။ကိုယ့်ဘာသာ ငှားပြန်လိုက်”တဲ့။ကျွန်မ ရုတ်တရက်ကြောင်သွားတယ်၊ မောင် ဘာပြောလိုက်တာလဲ။ကျွန်မ သူနဲ့အတူ လိုက်မယ်လည်း မပြောမိဘဲနဲ့၊ကျောင်းသူ တစ်ချို့ ကျွန်မကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတယ်။ပြီးတော့ သူက အရင် ကားငှားပြီး ပြန်သွားတယ်။
     တစ်ကယ်ဆို  သူ့ထက် ပြန်ရမှာ  နည်းနည်း ပိုဝေးတဲ့ ကျွန်မကို အရင် ကား ငှားပေးလိုက်သင့်တာပေါ့။ကျွန်မ အငှားကားပေါ်အရောက် မနေနိုင်ဘူး မောင့်ကို ဖုံးလှမ်းဆက်လိုက်တယ်။“မောင် ဘာအဓိပ်္ပါယ်နဲ့ အဲဒီ စကားပြောသွားတာလဲ” ဆိုတော့ “မောင်တို့နားမှာ ရပ်နေတာ မမမေ တပည့်တွေလေတဲ့”။ကျွန်မ စိတ်တိုသွားတယ်“ဘာလဲ မမမေ တပည့်တွေရှေ့မှာ မောင့်နား ကျွန်မ ရပ်နေလို့ မရဘူးလား။ဘယ်သူက မောင့်နောက်ကို လျှောက်လိုက်မယ် ပြောနေလို့ ဒီစကားပြောရတာလဲ”လို့ ရန်တွေ့တော့ “ပြောမိပြောရာ ပြောလိုက်တာပါ၊ဘာအကြောင်းလို့ ရည်ရွယ်တာ မဟုတ်ပါဘူး”တဲ့။
            မရည်ရွယ်ဘဲ ထွက်တဲ့ စကားတောင် ဒီလောက် ထိခိုက်အောင် ပြောနိုင်တဲ့ မောင့်စိတ်ကို နည်းနည်း အံ့သြသွားတယ်။မောင်က ကျွန်မ ပတ်သက်ပြီး သမဂ်္ဂအဖွဲ့ဝင် တွေ တစ်မျိုးထင်သွား မှာကို စိုးရိမ်နေတာကိုး။ဒါဆို မိန်းကလေး ဖြစ်တဲ့ ကျွန်မ ဘက်ကိုရော မောင် ထည့်စဉ်းစားမိရဲ့လား။အဖြစ်အပျက်တွေကို သိကြရင် မောင့်ထက် ကျွန်မကို အပြစ်ပြောမဲ့သူက ပိုများမှာပါ။
      နောက်နေ့ မနက် ကျောင်းမှာ ပြန်တွေ့တော့ “သြ  ပြဿနာပါ ကလေးရယ်”လို့ ရယ်ရယ်မောမော ပြောနိုင်တယ်။ကျွန်မ မှာသာ နာကျင်ပြီး ကျန်ခဲ့ရတာ။“မောင် ဘာကို စိုးရိမ်နေတာလဲ၊လူတွေရဲ့ အကြည့် အပြောတွေကို ရင်မဆိုင်ရဲဘူး ဆိုရင်လည်း အစကတည်းက မောင် ကျွန်မကို မချစ်ခဲ့သင့်ဘူး”ဆိုတော့ “အချစ်မှာ အဲဒီလို မချစ်နဲ့လို့ လုပ်လို့မှ မရတာ”တဲ့လေ ၀ိနည်းလွတ် စကားပြောတယ်။လွတ်လပ်စွာ ချစ်ခွင့် မရှိတဲ့ ချစ်သူကို  ချစ်ခဲ့မိတဲ့ ကျွန်မ အပြစ်တွေပါ။ချစ်မိတဲ့နောက်ပိုင်း မပြတ်သားတဲ့ မောင့်ရဲ့စိတ်တွေကို ရိပ်မိပေမဲ့လည်း  မောင့်အချစ်နွံ့ထဲက ရုန်းမထွက်နိုင်ပြန်ဘူး။မိန်းကလေး တစ်ယောက်ရဲ့ မာန၊သိက်္ခာ တွေကို အောက်ခြေ ဇီးရိုးထိ ချထား ပေးခဲ့ပေမဲ့လည်း အသေးအဖွဲလေးတွေကို အပြစ်ရှာတတ်သူ အဖြစ်သာ မောင်က ကျွန်မကို မြင်ခဲ့တယ်။
      “ကလေး နံမည်မှာ ယွန်း ထည့် မှည့်ခဲ့လို့ထင်တယ်၊အရာရာကို တည့်တည့် မမြင်တတ်ဘူး၊တော်သေးတယ် မောင်က ယွန်း ဆိုတဲ့ နာမ်စား သိပ် မခေါ်မိလို့”တဲ့။ယွန်း ဆိုတာ ရွေ့လျားတဲ့သဘော၊မတည့်မတ် တဲ့ သဘောလို့ မောင်က အဓိပ်္ပါယ် ဖွင့်ခဲ့တယ်။
                               (၇)
       “ ဒီတစ်ခါ အဖြစ်အပျက်မှာတော့ မောင်လွန် လွန်းတယ်” လို့ ကျွန်မ ပြောလိုက်မိတော့တယ်။မောင်ကတော့ ပြောနေကျ စကားအတိုင်း “ သြ  ပြဿနာပါ ယွန်းရယ်” လို့ တီးတိုးလေး ရေရွတ်နေတယ်။ဆံပင်ပျော့ပျော့တွေ ၊နှာတံစင်းစင်း ၊တင်းထားတဲ့ နှုတ်ခမ်းလွှာတစ်စုံ ဆီကနေ ကျွန်မ အကြည့်တွေ လွှဲဖယ်လိုက်တယ်။မောင့်ကို မမြင်ရမှ၊မောင့် စကားသံ မကြားရမှ မောင့်နားမှာ ကျွန်မ မရှိတော့မှ ဒီ အချစ်နွံ့က ရုန်းထွက် နိုင်မယ် ထင်တယ်။သမဂ်္ဂ လှုပ်ရှားမှု အထိမ်းအမှတ်ပွဲလေး တစ်ခုအပြီးမှာ ဖိုင်နယ်က စီနီယာ အစ်ကိုကြီးတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖို့  ချိန်းထားတယ်။အရင်ထက်စာရင် အဖွဲ့အစည်းရဲ့ စည်းရုံးညီညွတ်မှုက တိုးတက်လာပြီမို့ အဖွဲ့သား အချင်းချင်းလည်း ချစ်ခင်ရင်းနှီးလာကြတယ်။
      မောင်ရော ကျွန်မပါ   လက်ဖက်ရည်ဆိုင် လိုက် မသွားခင် ပထမနှစ် ဂျူနီယာတန်းက ညီမငယ်တွေနဲ့ စကားရပ်ပြောနေကြတယ်။သူတို့နဲ့ လမ်းခွဲခါနီးမှာ မောင်က “ကျွန်တော်တို့ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ ကိုကြီးထွန်းတို့ အဖွဲ့နဲ့ ရှိနေမှာနော်၊သူတို့နဲ့ စကားပြောရင်း လက်ဖက်ရည် ဆိုင်ထိုင်မလို့ပါ”တဲ့။ဘယ်သူမှ မမေးဘဲ ပြောလိုက်တဲ့ မောင့် စကားကြောင့်  မောင့် မျက်နှာကို လှမ်းကြည့်လိုက်မိတယ်။မောင့် မျက်နှာပေးက အရင်တစ်ခါ ကိုယ့်ဘာသာ ကားငှားသွားလိုက်ပါ လို့ပြောတုန်း ကလို ပုံစံမျိုးနဲ့။မောင်ရော ကျွန်မပါ အရွယ်ရောက်ပြီးသား တက်္ကသိုလ်ကျောင်းသားတွေပါ။ကျွန်မတို့ နှစ်ယောက် ချစ်သူတွေမဟုတ်တောင် လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ဖို့ကို ဘယ်သူ့ဆီက

  ခွင့်ပြုချက်မှ တောင်းစရာ မလိုဘူး ထင်ပါတယ်။ဂျူနီယာ ညီမတွေ ကျွန်မ တို့နှစ်ယောက်ကို အတွဲလိုက် သွားတယ်လို့ မြင်သွားမှာကို စိုးရိမ်နေတာလား။
        ကျွန်မ မမြိုသိပ်နိုင်ဘူး ဖွင့်ပြောမိတော့ “သူတို့တွေက မောင့်ကို သမဂ်္ဂနဲ့ ပတ်သက်ပြီး သီးသန့် စကား ပြောချင်တယ် လို့ ပြောထားလို့ပါ”တဲ့။အဲဒါဆို တစ်ခါတည်း လိုက်ခဲ့လို့ ရတာပဲဆိုတော့ သူတို့စိတ်ထဲ ယွန်းကို ပါစေချင်မှန်း မပါစေချင်မှန်းမှ  မသိတာတဲ့။ကျွန်မ တစ်ကိုယ်လုံး ဖျဉ်းကနဲ ဖြစ်သွားတယ်။“ကျွန်မကို မလိုလားဘူးဆိုရင် မောင်ကြိုပြောထားပေါ့၊ကျွန်မ မလိုက်ပါဘူး”လို့ပြောမိတော့ “အဲဒါတော့ ယွန်း သူတို့ကို ကိုယ်တိုင် သွားမေးကြည့်ပေါ့ မောင်ဘယ်သိမှာလဲတဲ့”။ပြီးတော့ “ သြ  ပြဿနာပါ ယွန်းရယ် ဆိုပြီး”ဘာမှ ဆက်မပြောတော့ဘူး။
        “သူတို့နဲ့မဆိုင်ဘူး သူတို့က မောင်နဲ့စကားပြောချင်နေတယ်ဆိုတာကို ကျွန်မကို ကြိုပြောရမှာပေါ့လို့”ဆက်ပြောမိတော့ “ယွန်း မင်းတို့ မိန်းမတွေ အတူတူပဲ နေရာတကာ အကုန်လုံးသိချင်နေတယ်။ပြောချင်မှ ပြောမှာပေါ့ မမမေ လည်း ဒီအတိုင်းပဲ၊ဒါက မောင့်ရဲ့ လွတ်လပ်ခွင့်၊မောင့်ရဲ့ လူမှုဆက်ဆံရေး။ ယွန်း အဲဒီလိုသာ အသေးစိတ် အကုန်လိုက် သိချင်နေရင် မောင် နေစရာ နေရာ မရှိတော့ဘူး။အသေးအဖွဲလေးကို ဘာလို့ ပြဿနာ လိုက်ရှာနေတာလဲ”တဲ့။ကျွန်မ “ဘုရားရေ”ဆိုတဲ့ စကားလုံးတောင် မရေရွတ်နိုင်တော့ဘူး။မောင့်ကို တအံ့တသြ ကြည့်နေမိတယ်။စကားလုံးတွေ ဆွံ့အ မသွားဖို့ တံတွေးတွေ ကို အခါခါ မြိုချ ထားနှင့်ရတယ်။
                           (၈)
        အခုကိစ်္စက ချစ်သူချင်းပတ်သက်တဲ့ ကိစ်္စမဟုတ်တော့ဘူး။သမဂ်္ဂကိစ်္စ ဆိုရင် သမဂ်္ဂအဖွဲ့ဝင် ဖြစ်တဲ့ ကျွန်မ လည်း သိသင့်တာပေါ့ လို့ တွေးမိတာပါ။စည်းရုံးမှုလေး စ ရနေချိန်မှာ မိန်းကလေးတွေက ခွဲခြား ခွဲခြားလုပ်ရင်တောင် ယောကျာ်းလေး ဖြစ်တဲ့ မောင်က လိုက်မလုပ်သင့်ဘူးလို့ ပြောတဲ့ ကျွန်မ စကားကို မောင်က ဆတ်ဆတ်ခါ နာနေလေရဲ့။ကျွန်မရဲ့ ခနဲ့သလို၊ရွဲ့သလို စကားတွေကို မကြိုက်ပါဘူးဆိုတဲ့ မောင့်အပြောကို ကျွန်မ မနာချင်ယောင် ဆောင်နေလိုက်တယ်။အထင်အမြင် လွဲမှာ စိုးလို့ ပြောမိ ပြောရာ ပြောလိုက်မိတဲ့ စကားတွေ အပေါ် မောင် မဖြေရှင်းနိုင်လို့ ဒီလိုပြောမှန်း မောင့်စကား တစ်ခွန်းက သက်သေခံတယ်။အဲဒါကတော့ “မောင်တို့နှစ်ယောက် အကြောင်းက ပေါ်တင် လျှောက်ပြောနေလို့ ကောင်းတာမှ မဟုတ်ဘဲ”တဲ့။ဒီစကား တစ်ခွန်းနဲ့တင် ကျွန်မ မောင့်ကို လက်လွတ်လိုက်သင့်ပါပြီ။
           ဒီစကား မဆိုင်ပါဘူးလို့ မောင်ငြင်းနေပေမဲ့ တစ်ခြားကျောင်းသူတွေနဲ့ သွားရင်    
မောင် ဘယ်သူ့ကို အဲဒီလို လိုက်ဖြေရှင်းဖူးပါသလဲ။ရင်ထဲမှာ တင်းကျပ်လာတယ်။မောင့် မမမေ အကြောင်းကိုတော့ မသိပါဘူး။ချစ်သူ သက်တမ်းတစ်လျှောက်မှာ မောင့်အကြောင်း ဘာကိုများ သိချင်ဖူးပါသလဲ၊ဘာကိုများ စပ်စု ဖူးပါသလဲ။မောင် နေစရာ နေရာ မရှိအောင် ဘယ်အရာတွေကိုများ တောင်းဆိုပြီး၊ဘယ်အရာတွေကိုများ ကန့်သတ် ထိန်းချုပ်ဖူးပါသလဲ။ကျွန်မ အတွက်သာ  မမမေ မငြိုငြင်ရအောင် မောင့်ကို ဖုံးဆက်ရမဲ့အချိန်၊မောင့်နားလေး နေရမဲ့အချိန်တွေကို ရွေးချယ်ကန့်သတ်ခံရတာပါ။မောင့်ဘက်ကို ဘာ များကန့်သတ်ဖူး ပါသလဲ။ “ခင်ယွန်းစံ” ဆိုတဲ့ မိန်းမက သိပ်ချစ်တဲ့ မောင့်ကို မပြောနဲ့ တခြားသူတွေ အပေါ်မှာတောင် စပ်စုတာ၊စွက်ဖက်တာ မလုပ်တတ်သူပါ။အခုကိစ်္စနဲ့ ပတ်သက်ပြီး ကျွန်မကို  သဘောထား သေးသိမ်တဲ့ မိန်းမတစ်ယောက် ဖြစ်အောင် မောင် ပြောထွက် တာကိုတော့ မအံ့သြဘဲ မနေနိုင်ပါဘူး။
      ပြည်တည်ပြီး အတွင်းလှိုက်စားနေတဲ့ အနာက ပေါက်ချိန်တန်ပြီထင်ပါရဲ့။အသေးအဖွဲတွေကို ပြဿနာ ရှာတတ်သူတဲ့လား။အဲဒီပြဿနာဆိုတဲ့ မီးကွင်းက ကျွန်မ ကိုယ်တိုင်အရင် လောင်မြိုက်ခံရတာပါ၊မောင့်ဆီကို ပို့လွတ်လိုက်တဲ့အချိန်မှာ အဲဒီမီးက အရှိန်သေပြီး ငြိမ်းတောင် ငြိမ်းနေပါပြီ။မောင့်ကို ချစ်ရတာ ပင်ပန်းလှပါပြီ။မောင့်လက်တွေကို ယုံယုံကြည်ကြည်နဲ့ ခိုတွယ်ခဲ့တာ ကျွန်မကိုယ်တိုင်ပါ။မောင် နေစရာ နေရာ မရှိအောင် မွန်းကြပ် နေပြီဆိုရင်လည်း မောင့်လက်တွေကို ကျွန်မ ကိုယ်တိုင်ပဲ ဖြေလျော့ ပေးလိုက်ပါတော့မယ်။
                           (၉)
         ငယ်ငယ်က နားထောင်ခဲ့ဖူးတဲ့ ကိုင်ဇာရဲ့သီချင်းစာသားလေးကို သတိရနေမိ တယ်။“ချန်ထားရစ်တဲ့သူ၊ကျန်နေခဲ့တဲ့သူ အတူနှစ်ယောက်လုံး ဆွေးကြရှာပြီ......”တဲ့။မောင်ရော ကျွန်မကို လွမ်းနေမလား။ကျွန်မကတော့ သူငယ်ချင်းတွေကြားထဲ တစ်ချိန်က  ကြေငြာခဲ့ဖူးသလို ယုံကြည်နေတာထက် ပိုမြတ်နိုးလို့ ကျွန်မ အချစ်တွေ ပုံလွန်နှင်းအပ်ခဲ့တာပါ။ကျွန်မ ကိုယ်တိုင် ချန်ထားရစ်ခဲ့ပေမဲ့ တစ်ကယ်တမ်း ကျန်ခဲ့ရသူက ကျွန်မ ပဲ ဖြစ်နေပါလား။ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုတွေ ကင်းလွတ်တဲ့ “မမမေ”ရဲ့ အချစ်တွေ အောက်မှာ မောင်စိတ် လုံခြုံနေမလား။“မမမေ” မောင့်ကို နမ်းတဲ့အချိန် “နမ်းလည်း မနမ်းတတ်ဘဲနဲ့” ဆိုတဲ့စကား မောင် ယောင်မှားပြီ ထွက်မိနေမလား။
         ကျွန်မကတော့ ပတ်ဝန်းကျင်ရဲ့ မေးငေါ့ ထိုးနှက်မှုတွေကို ကြောက်လို့ မောင့်ကို ရှောင်ခွာခဲ့တာ မဟုတ်သလို၊ “မမမေ”ကို စာနာလို့လည်း မဟုတ်ခဲ့ပါဘူး။ကျွန်မ ချစ်တဲ့ မောင်တစ်ယောက် စိတ်မလုံခြုံမှုတွေနဲ့ ကျွန်မ အနားမှာ ခေါ်မထားရက်လို့ပါ။   ကျွန်မစိတ်တွေ တစ်ပတ်ပြန်လည် ယိမ်းယိုင် မသွားခင် မောင့် အနားက ပြေးထွက်ခဲ့တာပါ။လွယ်လွယ်နဲ့ မပျောက်နိုင်တဲ့ အသည်းကွဲ ရောဂါအတွက် ဘယ်ဆေးမြီးတိုမှ  ကျွန်မ အလို မရှိပါဘူး။ကျွန်မအသည်း ကွဲမှ ကို ဖြစ်မှာပါ။ဘာလို့လဲဆို ကျွန်မ အသည်းမကွဲအောင် ကုစားနိုင်သူက ဟောဒီ လောကကြီးထဲမှာ မောင် တစ်ယောက်တည်း ရှိနေလို့ပါပဲ။

                                                 

Lik

0 comments:

Post a Comment