468x60

မြို့ ရေကြည်သို့

Tuesday, June 3, 2014
    
        ၁၁၊၁၁၊၂၀၁၃ခုနှစ် ညနေ ၆နာရီဝန်းကျင်တွင် ကျွန်မတို့ စာရေးဆရာများကို ခေါ်ဆောင်လာသည့် ကားလေးက ရေကြည်မြို့မှ ကြိုဆိုပါ၏ ဆိုသည့် မုဓ်ဦးကို ဖြတ်ကျော်ပြီး ရေကြည်မြို့၊ မြို့မကျောင်းလမ်း ကလေးပေါ်သို့ ရောက်သွားသည်။ရေကြည်သား ကဗျာဆရာ သော်ဇင်အုန်းက ကမကထ လုပ်ပြီး ရေကြည်မြို့မှ ပွင့်လင်းပရဟိတ လူငယ်များ ပူးပေါင်းဆောင်ရွက်သည့် စာပေဟောပြောပွဲလေး ဖြစ်သည်။ရေကြည်သည် ကျွန်မအတွက်တော့ ၁၅နှစ်တာ နေထိုင်ခဲ့ဖူးသည့်အတွက် မြို့ခံတစ်ယောက်လို ဖြစ်နေသည်။ထို့အတွက် ကြောင့်ပင် ဆရာသော်ဇင်အုန်းက တကန့်တက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ဆရာ ညီမင်းညို၊ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့နှင့် အတူ သွားရောက်ဟောပြောခွင့် ရခဲ့သည်။ဟောပြောမည့် စာရေးဆရာ ပုံများကို ဘုတ်ထောင်ထားသည်ကို တွေ့သဖြင့် ရေကြည်မှ ကျွန်မ ငယ်သူငယ်ချင်းများက ဖုန်းဖြင့် ဆက်သွယ်ကြသည်။ကျွန်မ ဟုတ် မဟုတ် အတည်ပြု လှမ်းမေးကြခြင်းဖြစ်သည်။ထိုမြို့လေးသို့ ကျွန်မ ပြန်မရောက်ဖြစ်ခဲ့သည်မှာ ၁၇နှစ်တာမျှ ကြာသွားခဲ့ရပြီ။ရန်ကုန် တိုးဂိတ်မှ စထွက်သည့် အချိန်မှာပင် ရေကြည်က သူငယ်ချင်းများက ကျွန်မတို့ကို လာကြိုသည့် သူထံ ဖုန်းဆက်ကြသည်။ကျုံပျော်မှ ဆရာဝန်နှင့်သူ့ကတော်က ကျွန်မကို လာတွေ့ချင်သည်ဟု ဆိုသည်။ပုသိမ်မှ စည်ပင်ဦးစီးကတော်ကလည်း ကျွန်မနှင့် သူငယ်များ တွေ့ဆုံချိန်တွင် ဖုန်းဖြင့်စကားပြောချင်ပါသည် ဟု ဆက်သွယ်ပြန်သည်။ထို့နောက် ငသိုင်းချောင်းမှ စသည့်ဖြင့်။
        ဘယ်သူငယ်ချင်းတွေမှန်း ကျွန်မ မသိ ၁၇နှစ်တာ ကင်းဝေးသွားသည့်အတွက် မှန်းဆရ ခက်နေသည်။ဖုန်းလက်ခံသူက ကျွန်မ ကားပေါ်တွင် ရှိနေသည် ဖုန်းပြောမည်လားဟု မေးသော်လည်း နေပါစေ ဟုဆိုကာ ဖုန်းချသွားကြသည်။ပန်းတနော်၊ကျောင်းကုန်း မြို့များသို့ ဖြတ်သွားချိန်တွင်လည်း ထပ်မံ ဆက်သွယ် ကြပြန်သည်။တစ်လမ်းလုံး လိုင်းမိသည့် နေရာရောက်သည်နှင့် ဖုန်းက ၀င်လာသည်။ကျွန်မမှာ ကျေနပ်စိတ်နှင့် အတူ ပျော်ရွှင်ကြည်နူးမိသည်။သူငယ်များ၏ပုံစံကို ပြန်ဖော်ကြည့်နေမိသည်။ငယ်ရုပ်များနှင့်ကွာခြားသွားပြီး ကျွန်မ မှတ်မိပါတော့မည်လား ဟု လမ်းတစ်လျှောက် တွေးနေမိသည်။ကျွန်မတို့အတွက် နေရာချထားရာ ရွှေအိုးကြီး ကြိမ်အချောထည်လုပ်ငန်း နေရာသို့ ရောက်ပြီး မကြာမီမှာပင် သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ် ကိုယ်စီဖြင့် ရောက်လာကြသည်။မြင်မြင်ချင်းမှာပင် ထိုသူငယ်ချင်းနှစ်ယောက်ကို ကျွန်မ မှတ်မိသည်။ငယ်ရုပ်များ မပျောက်ကြ။ဝမ်းသားအားရ ကျွန်မ ကိုကြိုဆိုကြသည်မှာ “သောက်မြင်ကပ်လိုက်တာဟယ် နင်ကဘာလို့ စာရေးဆရာမ ဖြစ်နေရတာလဲ” ဟူ၍ဖြစ်သည်။စာရေးဆရာမ အဖြစ်ကြိုဆိုကြခြင်း မဟုတ်၊ငယ်သူငယ်ချင်း တစ်ယောက်အဖြစ် ကြိုဆိုကြခြင်းဖြစ်သည်။
        စီစဉ်ပေးသည့် နေရာတွင် မနေတော့ဘဲ သူငယ်များနှင့်လိုက်သွားခဲ့သည်။သူငယ်ချင်း ခိုင့် အိမ်မှာပင် ရေချိုး၊ထမင်းစား လုပ်ဖြစ်သည်။ပွဲစီစဉ်သူများကလည်း သူငယ်ချင်းများနောက် ကောက်ကောက်ပါအောင် လိုက်သွားသည့် ကျွန်မကို မြင်ပြင်းကပ်၍လားမသိ၊ညစာ စားဖို့ပင် မဆက်သွယ်ကြတော့။ဟောပြောပွဲက ည ၇နာရီခွဲတွင် စ မည်။ရေကြည်သား ကဗျာဆရာ သော်ဇင်အုန်းမှ အဖွင့်မိတ်ဆက် အမှာစကားနှင့် ကဗျာ အချို့ရွတ်ဖတ်မည်။ပြီးလျှင် ကိုဂျင်မီ အလှည့် ၊ပြီးမှ ကျွန်မ အလှည့်ဆိုသော်လည်း ပွဲစ ချိန်မှာ ပွဲခင်းထဲသို့ ရောက်နေချင်သည်။ပွဲခင်းထဲသို့ကျွန်မ တို့ သူငယ်ချင်းတွေ အရင်ဆုံး ရောက်နှင့်နေသည်။ကျွန်မကို လာရောက် နှုတ်ဆက်ကြသည့်သူများ တစ်ချို့ကိုလည်း မသိသလို၊တစ်ချို့ကိုလည်း သေချာမမှတ်မိ။ငယ်သူငယ်ချင်း အရင်းအချာများလောက်သာ ကျွန်မ မှတ်မိတော့သည်။ကျုံပျော်မှ ဆရာဝန် လင်မယားဆိုသည်များ၊ပုသိမ်မှ ဖုန်းဖြင့်စကားပြောလိုသည့် စည်ပင်ဦးစီးမှူးကတော်ဆိုသည်များက ကျွန်မနှင့် အလယ်တန်းမှ အထက်တန်းရောက်သည်ထိ တစ်လျှောက်လုံး ခင်မင်ခဲ့ကြသည့် သူငယ်ချင်းများ ဖြစ်နေကြသည်။
အခြားမြို့များတွင် မြို့နယ်မှူးဖြစ်နေကြသည့် ယောက်ျားလေး သူငယ်ချင်းအချို့နှင့် ပြန်ဆုံကြသည်။တစ်ပတ်လောက် အလိုကတည်းက စာပေဟောပြောပွဲကို ကြေငြာထားသဖြင့် ပုသိမ်၊အသုတ်၊ကျောင်းကုန်း၊ငသိုင်းချောင်းမြို့များမှ လာရောက်နားထောင်ကြသည်။ကိုမင်းကိုနိုင်တို့ ပါသည်ဆို၍ လာရောက်နားထောင်ကြခြင်းဖြစ်သည်။
        ကျွန်မ ဟောပြောရမည့် အလှည့်တွင် ကျွန်မ၏ ကိုယ်ရေးအကျဉ်းကို မိန်းကလေးတစ်ယောက်က ဖတ်ကြားပေးသည်။ဆောင်းပါးပေါင်း ၈၉ ပုဒ် ဖော်ပြပါရှိပြီး ဆိုသည့်အသံကို ကြားလိုက်ရချိန်တွင် ကျွန်မ အနားကပ် ထိုင်နေသည့် သူငယ်ချင်းက “ဟယ် ၈၉ ပုဒ်တောင်ရှိပြီလား ငါ တစ်ပုဒ်မှ မဖတ်ဖူးဘူး” ဟုဆိုကာ ရယ်သံနှောပြီး အော်သည်။“နင့်စာမှ မဟုတ်ပါဘူးဟယ်၊ဘာစာမှ မဖတ်ဖြစ်တာ ဆယ်စုနှစ် နှစ်ခုလောက် ရှိတော့မယ်“ဟု ရိုးသားစွာဝန်ခံသည်။ကျွန်မတို့ငယ်စဉ်က ရေကြည်မြို့တွင် စာပေဟောပြောပွဲများ အလွန်ပေါသည်။ရေကြည် အထက်တန်းကျောင်းတွင်ပင် စာရေးဆရာများကို ခေါ်၍ စာပေဟောပြောပွဲများ ကျင်းပပေးသည်။ငယ်ဘ၀က နားထောင်ခဲ့ရသည့် စာပေဟောပြောပွဲ အတွေ့အကြုံများကြောင့် စာပေမြတ်နိုးစိတ် ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။  နောက်ပိုင်းတွင်တော့ ရေကြည်မြို့တွင် ဟောပြောပွဲများ ကျင်းပသည့် အသံ သိပ်မကြားမိတော့။ထိုမြို့လေး နှင့် အဆက်ပြတ်သွားသဖြင့် ကျွန်မ မသိတော့တာလား ထင်မိသည်။မဟုတ်၊တစ်ကယ်ပင် ဟောပြောပွဲများ မကျင်းပဖြစ်တော့။ ကျွန်မနှင့်အတူကြီးပြင်းခဲ့သည့် မြို့ခံလူများ၊ကျွန်မ၏ သူငယ်ချင်းများက ထိုမြို့လေးတွင်ပင် မပြောင်းမရွှေ့ အခြေတကျ နေထိုင်နေကြခြင်းဖြစ်သည်။မြို့လေး၏ အစဉ်အလာကို သူတို့တွေက ဦးဆောင်ပြီး ဆက်လက်ထိန်းသိမ်း မထားသည်ကိုတော့ အနည်းငယ် အံ့သြမိသည်။ကျွန်မနှင့်အခု ပြန်တွေ့ကြသည့် သူငယ်ချင်း အများစုကတော့ စာမဖတ်ဖြစ်ကြတော့။ဂျာနယ်ဖတ်လျှင်ပင် ရှည်လျားလွန်းသည့် စာများကို မဖတ်ဟု လက်ဖက်ရည်ဆိုင် ပိုင်ရှင် ကျွန်မ သူငယ်ချင်း ချယ်ရီက ဆိုသည်။လာရောက်ဟောပြောမည့် ကျွန်မတို့၏ ပုံများကို သူ့ဆိုင်ရှေ့တွင် လာထောင်ထားသည်၊ ဘယ်စာရေးဆရာကိုမှ မသိခြင်းကြောင့် ထိုဆိုင်းဘုတ်ကိုပင် စေ့စေ့ မကြည့်မိ ဟုဆိုသည်။နောက်မှ သူများပြောသဖြင့် အပြေးအလွား ပြန်ကြည့်ရသည်ဟု အားမနာတမ်း ကျွန်မကို ပြန်ပြောနေသည်။
         အလယ်တန်းနှင့်အထက်တန်း ကျောင်းသူဘ၀များတွင် သူတို့သည် စာတော်သော ကျောင်းသူ စာရင်းဝင်များ ဖြစ်ကြသည်။ကျွန်မကတော့ စာညံ့သည်ထိ မဟုတ်သည့်တိုင်အောင် စာတော်သည့်အထဲတွင် မပါဝင်ခဲ့။ယခု ပြန်ဆုံကြသည့်အခါတွင် သားသမီးအရေး၊မိသားစု စီးပွားရေးများမှလွဲလျှင် ကျန်သည့် မည်သည့်ကိစ်္စ်္စ
ကိုမှ စိတ်မ၀င်စားကြတော့သည့် သာမန် အိမ်ရှင်မများ သဖွယ် နေထိုင်နေကြသည်။စာဆိုလျှင် မည်သည့်စာကိုမှ အချိန်ကုန်ခံပြီး ဖတ်နေစရာမလိုဟုပင် မှတ်ထင်နေကြသည်။သူငယ်ချင်းများနှင့် ပြန်ဆုံတွေ့ရသည့်အတွက် ၀မ်းသာသည်မှန်သော်လည်း ထိုအနေအထားဖြင့် တွေ့ရသဖြင့် ၀မ်းနည်းစိတ်လည်း ဖြစ်ပေါ်မိသည်။ထိုအကြောင်းကိုပင် စင်ပေါ်မှာ ကျွန်မ ထည့်ပြောမိသည်။ရေကြည်မြို့သည် ရန်ကုန်သို့ ကားဖြင့် သွားလျှင်  အချိန် သုံးနာရီသာသာကြာသည်။မြို့ပြ လူနေမှုနှင့်အလှမ်းမဝေးသလို၊မြို့သူ မြို့သားများကိုယ်တိုင်ကလည်း ရန်ကုန်သို့ အရောက်အပေါက် ရှိကြသည်။သို့သော်လည်း မြို့ကလေး၏ တိုးတက်ပြောင်းလဲမှုက ထိုက်သင့်သလောက် ပါမလာခဲ့ဟု ကျွန်မ ခံစားနေရသည်။ကျွန်မငယ်စဉ်က လက်ဖက်ဆိုင် တစ်ဆိုင်၊နှစ်ဆိုင်သာရှိသည့် ဒီမြို့လေး၊ည ၈နာရီကျော်လျှင် တစ်မြို့လုံး လူခြေတိတ်နေသည့် ဒီမြို့လေး၊အပြိုင်တွေ သိပ်ကို နည်းပါးလွန်းသည့် ဒီမြို့လေးကို ငြီးငွေ့ခဲ့ဖူးသည်။အခုအရွယ် ပြန်လှည့်ကြည့်လျှင်တော့ ကျွန်မ၏ငယ်ဘ၀များသည် စိတ်ဖိစီးမှု အတော်ကင်းဝေးစွာ ထိုမြို့ကလေးတွင် နေထိုင်ခွင့်ရခဲ့သည်ဟု ဆိုရမည်။
         ထိုမြို့ကလေးမှ အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များ၊ကဗျာဆရာများ၊စာရေးဆရာများကို မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် မြို့ကလေးတွင် တာဝန်ကျေသည်ဟုပင် ဆိုနိုင်သည်။ထိုမြို့ကလေးတွင် တည်မှီနေကြသည့် မြို့နေလူထုကရော ၊အောင်မြင်သွားကြပြီး တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့နေထိုင်နေသွားကြသည့် သူများကရော မြို့ကလေးတိုးတက်ရန်အတွက် ဘာတွေလုပ်ပေးခဲ့သည်လဲ။ထိုအတွေး ဆန်သည့် မေးခွန်းသည် ကျွန်မ ကိုယ်တိုင်ကိုလည်း မေးနေခြင်းဖြစ်သည်။မြို့ကလေးက ပြန်လည်ဖိတ်ခေါ်မှ ကျွန်မ အတွေးတို့က တစ်ရေးနိုးခြင်းဖြစ်သည်။တစ်ညအိပ်ပြီး နောက်တစ်နေ့ မနက်တွင် သူငယ်ချင်းအားလုံးနှင့် ဆုံတွေ့ရန် လက်ဖက်ရည်ဆိုင်ပိုင်ရှင် သူငယ်ချင်းထံတွင် စုရပ်လုပ်ထားကြသည်။သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ညမအိပ်နိုင်ဘဲ ကျွန်မ ပြန်ခဲ့ရသည်။ပစ်္စည်းအချို့ကို ထိုသူငယ်ချင်းနှင့် ထည့်ပေးလိုက်မိသည့်အတွက် ည၂နာရီလောက်မှ သွားနိုးယူရသည်။ကျုံပျော်မှ သူငယ်ချင်းက ညတွင်းချင်း ပြန်သွားကြသည်။သူ့ခင်ပွန်းနှင့်သမီးကလေးပါ လိုက်လာပေးကြသည်။သူငယ်ချင်း ခိုင်နှင့် ထွေးပုတ်တို့ ဇနီးမောင်နှံကတော့ တစ်ညလုံး မအိပ်ရတော့ ဆိုင်ကယ်နှစ်စီးဖြင့် ချယ်ရီရှိရာလက်ဖက်ရည်ဆိုင်သို့ သွားနိုးကြသည်။ထိုအခါမှ ရေကြည်မြို့ကလေးကို ညဥ့်နက်သန်းခေါင် ဆိုင်ကယ်နှင့်ပတ်ကြည့်ရသလို ဖြစ်သွားသည်။ငယ်စဉ်က ကျယ်ပြန့်သည်ဟု ထင်ခဲ့မိသည့်လမ်းများက ခပ်ကျဉ်းကျဉ်း။နံမည်ကြီး ဂျင်းသုတ်ဆိုင်ပင် ကျွန်မ ငယ်စဉ်က တွေ့ဖူးထားသည့် အဆောက်အဦးနှင့် ဆိုင်အပြင်အဆင်တို့က အစ မပြောင်းလဲသည်ကို အံ့သြစွာ တွေ့ခဲ့ရသည်။
         အတူပါလာသည့် ဆရာများက ကျွန်မကို “ရွှေအိုးကြီး”မှ ညစာစားရင်း စောင့်ပေးနေကြသည်။ဆိုင်ကယ်သံကျယ်လောင်စွာ အမြန်မောင်းရင်း ကျွန်မတို့ ပြန်လာကြသည်။မနက်ခင်း ပြန်ဆုံရန် ချိန်းထားမိသည့် သူငယ်ချင်း အချို့ကို စိတ်ထဲမှ နှုတ်ဆက်တောင်းပန်နေမိသည်။မြို့ကလေးက တိတ်ဆိတ်စွာ အိပ်မောကျနေသည်။သို့သော်လည်း မြို့နေ ပြည်သူများကတော့ အနည်းငယ် နိုးထကျန်ရစ်ခဲ့ကြသည်ဟု ကျွန်မ ယုံကြည်မိပါသည်။
                                 ရေကြည်မှ ငယ် သူငယ်ချင်းများသို့
                                         ခင်သန္တာ

0 comments:

Post a Comment