468x60

သက်ရှိ မန်ကျည်းပင်တို့ အကြောင်း

Thursday, June 5, 2014
            
         မိန်းမ မာယာ သဲကိုးဖြာ လို့ဆိုကြပြီး ယောက်ျား မာယာကိုတော့ မန်ကျည်း ကိုး ပင်တောင် မလောက်ဘူးလို့ဆိုကြပါတယ်။ကျွန်မအထက်တန်း ကျောင်းသူအရွယ်တုန်းက အဲဒီ အဆိုနဲ့ ပတ်သက်ပြီး  မန်ကျည်းကိုးပင် ဆိုတာသိပ်မများပါဘူး၊သဲက ပိုများပြီး ရေတွက်ရတာ ပိုမခက် ဘူးလားလို့ ကျွန်မတို့ သူငယ်ချင်း အချင်းချင်း ပြောနေကြတာကို သူငယ်ချင်း အစ်မ ကကြားသွားပြီး “ဟဲ့ နင်တို့ မန်ကျည်းပင်က အသေမို့လို့လား” လို့ ပြောခဲ့ ဖူးပါတယ်။တစ်ကယ်တော့လည်း ယောက်ျား၊မိန်းမ ဆိုတဲ့ ပညတ်ချက်နဲ့ သိပ်မဆိုင်ဘဲ မာယာများတဲ့သူက များတတ် ကြတာဖြစ်ပါလိမ့်မယ်။
           ကျွန်မတို့မှာ မောင်နှမ လေးယောက်ရှိတဲ့ အနက်က ကျွန်မ တစ်ယောက်သာ မိန်းကလေးပါပြီး သုံးယောက်က ယောက်ျားလေးတွေပါ။အစ်ကိုကြီးနဲ့ ကျွန်မက လေးနှစ် ကွာပြီး မောင်အငယ်ဆုံးလေးနဲ့ ကျွန်မက ဆယ့်တစ်နှစ်ကွာပါတယ်၊မောင်အလတ်နဲ့ ကျွန်မက နှစ်နှစ်ပဲ ကွာတာမို့ မောင်နှတွေထဲမှာ သူနဲ့ ကျွန်မက အတွဲဖြစ်ဆုံးနဲ့ရန်အဖြစ်ကြ ဆုံးလည်း  ဖြစ်ပါတယ်။မောင်အလတ်ကောင်က တစ်မိပေါက် တစ်ယောက်ထွန်းလို့ ဆိုရပါမယ်။နေရာတကာ စပ်စပ်စုစု လုပ်တတ်ပြီး သူဖြစ်ချင်တာကိုလည်း မရ ရတဲ့နည်းနဲ့ လုပ်တတ်ပါတယ်။သူ့အရွယ်နဲ့ မသင့်တော်တာတွေကိုပါ လုပ်လာတတ်လို့  မိဘက လိုက်ကြည့်ပြီး တားမြစ်ပေးရပါတယ်။အဲဒီတော့ သူလုပ်ချင်တာ လုပ်ရဖို့ အတွက် အိမ်ကလူတွေကို လှည့်ပတ် ပြောတော့တာပါပဲ။
        ကျွန်မတို့ငယ်စဉ်က နယ်မြို့ကလေးတွေမှာ နေခဲ့ရပါတယ်။အဖေ့ အလုပ် တာဝန် ပြောင်းရာ မိသားစု အကုန်ပါတာကြောင့် နယ်မြို့ တော်တော်များများ နေခဲ့ဖူးပါတယ်။အထူးသဖြင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွေမှာပါ။ကျွန်မကို မန်္တလေးမြို့မှာ မွေးခဲ့ပေမဲ့ အောက်ပြည်မှာပဲ ကြီးပြင်းခဲ့ရလို့ အညာက ကျွန်မ အဒေါ်တွေကတော့ “ညည်းက မန်္တလေးသူ အတုပါအေ”လို့တောင် ဆိုကြပါတယ်။တစ်ကယ်လည်း ကျွန်မ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ပိုပျော်ပါတယ်။မြစ်ဝကျွန်းပေါ်ဒေသရဲ့ အစားအသောက်၊ရာသီဥတုကအစ ကျွန်မ ကြိုက်ပါတယ်။
       ကျွန်မမောင် အလတ် ရှစ်တန်းတက်နေတဲ့နှစ်၊ တစ်နေ့မှာ အဖေ့ဆီက တိုက်ပုံအင်္ကျီ ငှားပါတယ်။အဖေက တိုက်ပုံနဲ့ မင်းအရွယ်ဘာဆိုင်သေးလို့လဲလို့ ပြောတာကို “အဖေ မငှားချင်လည်း နေပါ၊သားက မြို့နယ် စာစီစာကုံးပြိုင်ပွဲမှာ ပထမ ရလို့ ဆုတက်ယူရမှာမို့လို့ ငှားတာ”လို့ ပြောတာနဲ့ အဖေက စိတ်မကောင်းဖြစ်သွားပြီး “မင်းစောစောက အဲဒီလို ပြောပါလား”ဆိုပြီး သူမှာရှိတဲ့ တစ်ထည်တည်းသော တိုက်ပုံ အင်္ကျီကို ငှားလိုက်ပါတော့တယ်။နောက်တစ်နေ့မှာ အဖေက ရန်ကုန်ရုံးချုပ်မှာ အစည်းအဝေး သွားတက်ရမှာပါ။အမေက “ရှင့်မှာ တစ်ထည်ရှိတာ၊ထားခဲ့တော့ အစည်းအဝေးတက်ရင် ဘာဝတ်မလဲ”လို့ မေးတာကို “ရပါတယ်၊ရန်ကုန်ရောက်မှ မောင်မြင့်(အမေ့မောင်)ဆီက ငှားဝတ်လိုက်တော့မယ်ဆိုပြီး သူ့သားပေးခဲ့လိုက်ပါတယ်။
        အဖေက ရန်ကုန်ရောက်တော့လည်း အမေ့မောင်တွေ၊ညီမတွေကို သူ့သား က စာစီ စာကုံးပြိုင်ပွဲမှာ ပထမ ရလို့ တိုက်ပုံထားခဲ့ရကြောင်း ကြွားမိပါတော့တယ်။အဖေရန်ကုန်ထွက် သွားပြီး နောက်တစ်ရက်ကျမှ စာစီစာကုံးပြိုင်ပွဲမှာ ဆုရတာမဟုတ်ဘဲ သီတင်းကျွတ်မှာ သီချင်းတက်ဆိုမှာမို့လို့ အဖေ့ဆီက တိုက်ပုံငှားတယ်ဆိုတာ ကျွန်မက ကျောင်းကနေ သိခဲ့ရ ပါတယ်၊သူဆိုမဲ့ သီချင်းက “မိုးစက်တင်လေ” သီချင်းဖြစ်လို့ သီချင်းနဲ့ လိုက်ဖက်အောင် တိုက်ပုံဝတ်ဆိုချင်တာပါတဲ့။အဖေပြန်လာလို့ အကြောင်းစုံလည်း သိရော စိတ်ဆိုးပြီး သူ့ကို ထိုးပါလေရော၊ဒါပေမဲ့ သူကတော့ သူလုပ်ချင်တာ လုပ်လိုက်ရတာပါပဲ။
         သူ ကိုးတန်း ရောက်တော့လည်း ဆေးလိပ်ကိုယ်စားလှယ် လုပ်တယ်ဆိုပြီး အဲဒီအချိန်က နာမည်ကြီးနေတဲ့ ဇင်းဇင် စီးကရက်ကို ကိုယ်စားလှယ် ယူရောင်းလိုက်သေးတယ်။သူကနေတစ်ဆင့် ယူတဲ့ လက်ခွဲကိုယ်စားလှယ်တွေက အစပိုင်းတော့ ငွေကို မှန်အောင်ပေးကြပေမဲ့ နောက်ပိုင်းမှာ သူ့ကို ကလေးဖြစ်နေလို့ လုပ်လို့ ရမှန်းသိကြလို့ ထင်ပါတယ် စီးကရက်ဖိုး ပိုက်ဆံတွေ မပေးတော့ပါဘူး။သူကလည်း ကုမ်္ပဏီကို ပေးစရာ ပိုက်ဆံမရှိနဲ့ နောက်ဆုံးတော့ ထိုးထိုးကြိတ်ကြိတ်နဲ့ပဲ အိမ်က  စိုက်လျော် လိုက်ရပါတယ်။သူကတော့ စီးကရက် ကိုယ်စားလှယ်ကြီးပေါ့။
         စီးကရက်ဖိုး စိုက်လျော်ပေးပြီးလို့မှ မကြာသေးခင် သွေးဆေး ကိုယ်စားလှယ် လုပ်မယ်ဆိုပြီး အဲဒီအချိန်က တက်သစ်စ မင်းသမီးထုတ်တဲ့ သွေးဆေးနမူနာတွေ အိမ်ကို ယူလာပါတယ်။အဲဒီမင်းသမီး ကိုယ်တိုင်တောင် ကျွန်မတို့မြို့ကို ရောက်လာဖူးပါတယ်၊ကျွန်မတို့ မြို့ဆိုတာထက် သူ့ဆီကို လာတာပါ။အထက်တန်း ကျောင်းသားအရွယ် တစ်ယောက်ကို သူတို့ ဘာတွေယုံကြည်ကြတယ် မသိပါဘူး။ဒီတစ်ခါတော့ အဖေက လက်မခံတော့ပါဘူး၊ “မင်းစီးပွားရေးလုပ်ချင်ရင် ကျောင်းထွက် ၊ငါ့အိမ်မှာ မနေတော့နဲ့”ဆိုပြီး နှင်ချပါတော့တယ်။သူကလည်း မိသားစု ၀င်ငွေကို တစ်ဖက်တစ်လမ်းက ရှာပေးချင်လို့ လုပ်တာကို သူ့ကို နှင်ချရက် တယ်ဆိုပြီး အထုပ်ဆွဲပြီး အိမ်ပေါ်က ဆင်းမယ်လုပ်ပါတယ်။ကျွန်မကို ထိုင်ကန်တော့ပြီး “မလေး လိမ်လိမ်မာမာ နေရစ်နော်”လို့ ပြောတာကြောင့် ကျွန်မမှာ မျက်ရည်လည်ရွဲနဲ့ပေါ့။
         ကျွန်မနဲ့ အစ်ကို အကြီးမှာ “တို့တွေက သူ့ထက်အကြီးတွေဖြစ်ပြီးတော့ မိသားစု စီးပွားရေးကို တွေးရကောင်းမှန်းတောင် မသိတဲ့အချိန်၊ သူကတော့ မိသားစု စီးပွားရေးကို သူနိုင်သလောက် ကူဖို့ လုပ်ရင်းက အိမ်ကတောင် အနှင်ချခံလိုက်ရတယ်” ဆိုပြီး စိတ်မကောင်း ဖြစ်ကြရပါတယ်။နောက်နှစ်ရက်အကြာ သူ အိမ်ပြန်ရောက်လာပါတယ်၊သူဆင်းသွားတာလည်း ကျွန်မတို့ အိမ်နောက်ဖေးနဲ့ ကျောချင်းကပ်ခြံကိုပါ။သူကတော့ ဘာမှ မဖြစ်သလို အိမ်ပေါ်ပြန်တက်လာခဲ့ပေမဲ့ ကျွန်မ နဲ့အစ်ကိုကြီးကတော့ မိသားစု အရေးကို မသိတတ်တဲ့  သားသမီးများအဖြစ် ကိုယ့်ကိုကိုယ် စိတ်မလုံသလို ခံစားခဲ့ ရပါတယ်။
         သူ့ကို အဖေပေးထားတဲ့ နံမည်အရင်းကို မခေါ်ကြဘဲ သူ့သူငယ်ချင်း အများစုကတော့ “ကိုစိုင်း”လို့ ခေါ်ကြပါတယ်။အိမ်မှာတော့ “နန်္ဒ”လို့ ခေါ်ပြီး ကျွန်မနဲ့ အစ်ကိုကြီးကတော့ သူ့ကို စိတ်တိုရင် “ငနန်္ဒ”လို့ ခေါ်ကြပါတယ်။အဖေတာဝန်ကျရာ မြို့တစ်မြို့ကို ရောက်တိုင်း ရောက်ပြီး မကြာခင်မှာပဲ သူ့မှာ သူငယ်ချင်းအများကြီးနဲ့အတူ ချစ်သူကောင်မလေးတွေပါ ရှိလာ တော့တာပါပဲ။သူ့ရုပ်ရည်ထက် သူ့အပြောကြောင့် သူ့ကိုကောင်မလေး တော်တော်များများက ကြွေကြပါတယ်။အိမ်ကို ကျွန်မသူငယ်ချင်းတစ်ယောက် ခေါ်လာမိရင် ကျွန်မမောင်ကို သာမက ကျွန်မ သူငယ်ချင်းကိုပါ သူ့အကြောင်းကို သတိပေးထားရပါတယ်။ဒါပေမယ့် လည်း ကျွန်မ         

သတိမထားလိုက် မိခင်မှာပဲ သူတို့ ကြည်သွားကြတော့တာပါပဲ။
              ကျွန်မမောင်ရဲ့ ရှုပ်ပွေတတ်ကြောင်း၊သူနဲ့ မပတ်သတ်မိအောင် နေကြဖို့အကြောင်း ပြောထားပေမဲ့လည်း သူ့အပြောကိုသာ ယုံကြပြီး ကျွန်မတို့စကားက အရာမရောက်ဖြစ်ခဲ့ ရပါတယ်။ ပင်လယ်နဲ့နီးတဲ့ နယ်မြို့လေး တစ်မြို့ကို ကျွန်မအဖေတာဝန်ကျတုန်းက သူက ဆယ်တန်းနှစ်ပေါ့။ကျွန်မတို့နဲ့ ရုံးနီးချင်းက အကျဉ်းဦးစီး ဖြစ်နေပါတယ်။အဲဒီရုံးက ၀န်ထမ်းမိသားစုက ရုံးဝန်းထိပ်မှာ သက်သာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ထားပါတယ်။အဲဒီလက်ဖက်ရည်ဆိုင်က ကိုစိုင်းတို့ရဲ့ ဘိလို့ပြောရမှာပေါ့။သူနဲ့အချိန်းအချက် လုပ်သမျှ မိန်းကလေးတွေကို အဲဒီဆိုင်ရှင် အစ်မကြီးက မသိချင်မှ အဆုံးဖြစ်နေတာပေါ့။
            ဆိုင်ရှင် အစ်မကြီးမှာ ခုနှစ်တန်းသာ ရှိသေးတဲ့ သမီးလေးတစ်ယောက်ရှိတယ်။ကိုစိုင်းရှိနေတဲ့ အချိန်တွေ သမီးလေးက ကောင်တာမှာ လာထိုင်တာနဲ့ ဆိုင်ရှင် အစ်မကြီးက မျက်နှာရိပ် မျက်နှာကဲ ပြပြီး အိမ်ထဲဝင်ခိုင်းတော့တာပဲ။“ကိုစိုင်း မင်းမရှိတဲ့  အချိန်တွေထိုင်ရင်တော့ အဲဒီလိုမလုပ်ဘူးလို့”  သူ့သူငယ်ချင်းတွေက ပြန်ပြောတော့ သူကို မယုံမကြည်လုပ်ရပါ့ မလားဆိုပြီး အဲဒီကောင်မလေး ကျောင်းဆင်းချိန်၊ကျူရှင်ဆင်းချိန်တွေကို လေ့လာ၊ပြီးတော့ လက်ဖက်ရည် ထိုင်နေရင်းက ကျူရှင်ဆင်းချိန်ရောက်ရင်“ကျွန်တော့် ကောင်မလေးကို ကျူရှင် သွားကြိုရအုံးမယ်”ဆိုပြီး  ဆိုင်ရှင်အစ်မကြီး ကြားလောက်ပြောပြီး အိမ်ပြန်လာအိပ်နေတာပါ။
        ဆိုင်ရှင် အစ်မကြီးခမျှာ ဈေးရောင်းနေရင်းက ပိုက်ဆံအိတ် ချိုင်းကြားညှပ် ဆိုက်ကားငှားပြီး သူ့သမီးကျူရှင်ကို ပြေးရပါလေရော။အဲဒီကောင်မလေးရဲ့ ကျောင်းဆင်းချိန်၊ကျူရှင်ဆင်းချိန်တွေတိုင်း အဲဒီလိုလုပ်နေတော့ ဆိုင်ရှင်အစ်မကြီးက သူ့ကိုတမင် စိတ်ပူအောင် စ နေတယ်ထင်ပြီး သွားမကြိုဖြစ်တဲ့နေ့တွေဆို သူက “လမ်းကြုံလို့ အန်တီသမီးကို ကြိုလာခဲ့တယ်”ဆိုပြီး တစ်ကယ်ကြိုလာပြန်ပါရော။ကြာလာတော့ ဆိုင်ရှင်အစ်မကြီးမှာ စိတ်ပင်ပန်းရလွန်းလို့ “ကိုစိုင်းရယ် ငါတောင်းပန်ပါတယ်၊ငါ့သမီးလေးတော့ အလွတ်ပေးပါဟာ”လို့ တောင်းပန်ယူရတဲ့အထိ။ဆိုင်ရှင် အစ်မကြီးကို အဲဒီလိုလုပ်တာ ကျစရာမရှိတဲ့  သူ့သိက်္ခာကို ချလို့တဲ့လေ။
         သူ့အစ်မဖြစ်တဲ့ ကျွန်မကိုလည်း အစ်မလေး တစ်ယောက်ထဲ ပါလို့ဆိုပြီး တွန့်တို တတ်မယ် မထင်လိုက်နဲ့။သူ့သူငယ်ချင်းတွေ ကျွန်မကို ပေးသမျှ ရည်စားစာ အကုန် အိမ်ယူလာပေးတာ။သူ့ သူငယ်ချင်းတွေကို  “မင်းတို့ ငါ့အစ်မကို ကြိုက်လို့ရှိရင် လမ်းမှာ စာလိုက်မပေးနဲ့ ငါ့အစ်မ မယူရင် မင်းတို့လည်း အရှက်ကွဲမယ်၊ငါ့ အစ်မလည်း အိနြေ်္ဒ ပျက်မယ်၊ငါ့ကိုလာပေးထား ငါယူသွားပေးမယ် ”လို့ ပြောထားတယ်တဲ့။“ငါ့ကို  ကြိုက်မကြိုက် မသေချာပဲနဲ့  နင်က မောင်တစ်ယောက်လုံး ဖြစ်နေပြီး အဲဒီလိုပြောစရာလား” ဆိုပြီး ကျွန်မကလည်း စိတ်ဆိုး၊အဖေကလည်း “မင်း  ဒီလောက် အရှက်နည်းရပါ့မလားဆိုပြီး ”ထိုးလည်းပဲ သူကတော့ စာတွေကို ယူလာမြဲ ယူလာပေး တာပါပဲ။
         ဒါပေမဲ့ သူယူလာတဲ့ စာ တစ်စောင်ချင်းစီရဲ့  သမိုင်းကြောင်းကိုတော့ ကျွန်မကို ပြောပြလေ့ရှိပါတယ်။ဒီစာက “မလေး” ဆီကိုရေးနေရင်းနဲ့ ကော်ပီ သုံးစောင်ပွားထားပြီး နာမည် တွေသာ ပြောင်းရေးသွားတဲ့ အကြောင်း၊ဒီစာရေးတဲ့သူကတော့ မနေ့ကမှ သူ့ ကောင်မလေးဆီက
 အဖြေရထားပြီးတဲ့ အကြောင်း။ဒီကောင်ကတော့ သူ့အိမ်မှာ ဘာမှ လက်ကြော မတင်းတဲ့ အကြောင်း(သူကလည်း အိမ်မှာ လက်ကြောမတင်း တဲ့သူဖြစ်ပေမဲ့)တွေကို ပြောပြတတ်ပါတယ်။သူအဲဒီလို လုပ်ပေးတာ ရင်ခုန်လွယ်တတ်တဲ့အရွယ်မှာ ကျွန်မအတွက် ကောင်းတော့လည်း ကောင်းပါတယ်၊သူပြောတာတွေ တစ်ကယ်ဟုတ် မဟုတ် မသိပေမဲ့ ဘယ်သူ့မှကြိုက်ချင်စရာ မကောင်းတော့ပါဘူး။တစ်ခါတော့ သူ့ကို ကျွန်မ မေးဖူးပါတယ် “နင် သူများ ညီမ၊အစ်မ တွေကို အဲဒီလို လိုက်လုပ်နေတော့ နင့်အစ်မ ၀ဋ်လည်မှာ မကြောက်ဖူးလားလို့”ဆိုတော့ “ယောက်ျားတွေက အဲဒီလို မယုံရဘူးလို့ ကျွန်တော် နမူနာပြ နေရက်နဲ့ မလေး ၀ဋ်လည်တယ်ဆိုရင် မလေး လောက် ညံ့တဲ့သူ မရှိတော့ဘူး”တဲ့။ကျွန်မ အတွက်ပဲ သူက အနစ်နာခံပြီး စံနမူနာပြ လုပ်ပေးနေရ သလိုလိုနဲ့ ပြောသေးတာ။
       တစ်ခါကလည်း  ကျွန်မတို့အဖေကို ဘာလိုလို လိုက်ပတ်သက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို သူ ရည်စားစကား လိုက်ပြောပါလေရော။အဲဒီအမျိုးသမီးက အဖေ့ကို တစ်ကယ် လိုက်ပတ်သက်နေတာ ဟုတ် မဟုတ်မသေချာပေမဲ့ သူနဲ့တော့ တွဲဖြစ်လိုက်သေးတယ်။အမေသိသွားပြီး သူ့ကိုဆူတော့ အဖေ့ကိုပတ်သက်မှာစိုးလို့ သူကပဲ ၀င်ပြီး ကယ်တင်လိုက် သလိုလိုပြောတာနဲ့ အမေက သူ့တောင် ကျေးဇူးတင်ရမလို ဖြစ်ခဲ့ သေးတာ။သူဆယ်တန်းနှစ်မှာ မြို့တစ်မြို့က ကောင်မလေးတစ်ယောက်နဲ့ အရမ်းတွဲဖြစ်သွားပြီး အဲဒီအိမ်ကို အ၀င်အထွက်များနေတော့ မိန်းကလေးရှင်တွေက လူကြီးချင်း စကားလာ ပြောထားပေး စေချင်ကြတယ်။သူတို့တွေကလည်း အဲဒီမြို့မှာ မြို့မျက်နှာဖုံးလို ဖြစ်နေတာကိုး။
        အဖေကတော့ သူ့သားကို မယုံလို့ စကားလမ်းကြောင်းကမ်းတာမျိုး လိုက်မပြော ပေးနိုင်ဘူး။မိန်းမ ယူမှာဆိုရင်တော့ တစ်ခါတည်း လိုက်တောင်းပေးမယ်တဲ့။အမေကတော့ မိန်းမယူရမဲ့ အရွယ်မရောက်သေးတဲ့ သူ့သားကို နှမြောတဲ့စိတ်နဲ့ တစ်ဖက်မိဘလည်း မျက်နှာ မပျက်ရအောင်ဆိုပြီး လိုက်ပြောပေးလိုက်ပါတယ်။အဖေတာဝန်ကျရာ နောက်မြို့တစ်မြို့ကို           လည်းပြောင်းရရော သူ့အတွက်တော့ နောက် မိန်းကလေးတစ်ယောက် ထပ်တွေ့တာပါပဲ။အမေနဲ့ ကျွန်မက အဲဒီမိန်းကလေးကို သိထားသင့်တယ် ထင်ပြီး အရင်မြို့က ကောင်မလေးနဲ့ သူ့အကြောင်းကို သတိပေးတော့ “ ကိုစိုင်း သနားပါတယ်၊အန်တီတို့ အတင်းစီစဉ်လို့ သူလက်ခံလိုက်ရတာ အဲဒီကောင်မလေးကို သူမကြိုက်ဘူးတဲ့”။သူက အရင် ဦးအောင် သတင်းပေးထားနှင့်ပြီး သူ့စကားကိုသာ ယုံကြည်ပေးတဲ့ မိန်းကလေးတွေ အတွက် ကျွန်မတို့မှာ ပြောစရာ စကားမရှိ ဖြစ်ခဲ့ရပါတယ်။
            ဘဘ ဦးသုခရေးတဲ့ “နေအေးလိမ်နည်း” စာအုပ်ဖတ်မိတော့ ကျွန်မနဲ့ အစ်ကိုကြီးမှာ “တို့လည်း ငနန်္ဒ လှည့်နည်း စာအုပ်ထုတ် ရင်ကောင်းမယ်ထင်တယ်”လို့ပြောမိကြတဲ့အထိပါ။ အလှည့်ခံ ရတဲ့ မိန်းကလေးတွေ ကလည်း သူ့အကြောင်းသိရဲ့သားနဲ့ အလှည့်ခံကြတာပါ။မိန်းကလေးတွေရဲ့  သဘာဝကကို ရှုပ်ပွေတယ်ဆိုတဲ့သူ၊ ဆိုးသွမ်းတယ်လို့ နာမည်ကျော်တဲ့ သူတွေကို စိတ်ဝင်စား တတ်ကြပါတယ်။သူ့တို့နဲ့ တွေ့ရင် လူဆိုးကိုလည်း ကောင်းအောင် ပြုပြင်နိုင်တယ်၊ရှုပ်ပွေတယ် ဆိုတဲ့သူကိုလည်း သူတို့ထိန်းနိုင်မယ်လို့ ကိုယ့်ကိုကိုယ် ထင်နေကြတာပါ။တစ်ကယ်တော့ ဗီဇဆိုတာ ဘယ်တော့မှ ဖျောက်လို့ မရပါဘူး။မွေးသနေ်္ဓ
           
                                      သေမှဖျောက်ဆိုတာမျိုးလိုပေါ့။
       ကျွန်မမောင်ရဲ့ အလှည့်အပတ်ကို ခံခဲ့ရတဲ့ မိန်းကလေးတွေကလည်း အလှည့် အပတ်ခံတုန်းသာ ရှက်လို့ မပြောချင်ကြပေမဲ့ စာတစ်ကြောင်း ပေတစ်ပုဒ်နဲ့ ဖော်ပြခံရတယ်ဆိုရင် ကျွန်မ ဖော်ပြတဲ့ထဲမှာ သူတို့မပါသေးဘူးလို့များ ပြောကြမလား မသိပါဘူး။လောကမှာ အလှည့်အပတ်ခံရတယ်ဆိုတာ မကောင်းပါဘူး၊အထူးသဖြင့် မိန်းကလေးတွေအတွက် တန်ဖိုးထားကြတဲ့ အချစ်ကိစ်္စမှာ အလှည့်အပတ်ခံရတယ်ဆိုတာ ပိုမကောင်းပါဘူး။သူတို့ယောက်ျားတွေရဲ့ နည်းပရိယာယ်တွေကို မန်ကျည်းကိုးပင်လောက်ထိ မသိတောင် တစ်ပင်၊နှစ်ပင်စာလောက် သိထားရလည်း မနည်းဘူး မဟုတ်လား။




                                                 
                                                    မနက်-၈နာရီ၊၅၄မိနစ်
                                                  ၃ရက်၊၆လ၊၂၀၁၀ပြည့်နှစ်။
        

0 comments:

Post a Comment