468x60

“အပန်းတော်ပြေ”

Thursday, June 5, 2014
 
         ရုက်္ခဗေဒဥယျာဉ်ရဲ့ အရှေ့ဘက်ပေါက် ကနေ ခပ်ပြေပြေ တောင်စောင်းလေး အတိုင်း တည့်တည့် တက်လာမိတယ် ဆိုရင်ပဲ ကျွန်မ ရင်တွေ အဆမတန်ခုန်နေပြီ။အဖေ့ကို ဘယ်လိုပုံစံမျိုးနဲ့ ကျွန်မ ပြန်တွေ့ရမှာလဲ။အဖေနဲ့ မတွေ့ဖြစ်တာ နှစ်နှစ်တောင် ကျော်နေပြီလေ။ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တုန်းကလည်း ကျွန်မ မသွားနိုင်ခဲ့ဘူး။အဖေ့ ခြေထောက်ကျိုးသွားပြီး စတီးချောင်းထည့်ထားရတယ်လို့ အစ်ကိုကြီး ကပြောတယ်။လမ်းကောင်းကောင်း ပြန်လျှောက်နိုင်ဖို့ အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမယ်တဲ့။ဆိုင်ကယ်မှောက်ထားတာ ခြောက်လလောက် ပဲရှိသေးတာဆိုတော့  အဖေ့ကို ချိုင်းထောက်ကြီးနဲ့တွေ့ရမယ်ထင်တယ်။
          အမျိုးသားက သမီးကို သူ့ဂုတ်ပေါ်မှာ ခွထမ်းထားပြီး    ကျွန်မရှေ့ ကနေ ခပ်သွက်သွက် လျှောက် နေလေရဲ့။သူတို့သားအဖကို ကြည့်နေရင်း ကျွန်မငယ်ငယ် ကလည်း အဖေ့ပခုံးပေါ် ခွထိုင်ခဲ့ဖူးတာတွေ သတိရမိတယ်။အဖေ စက်ရုံးမှူးတာဝန် နဲ့ ကျွန်မတို့နယ်မြို့လေးမှာ နေခဲ့တုန်းက  အချိန်ပေါ့။ကျွန်မတို့ အိမ်ရှေ့ဧည့်ခန်းထဲမှာ ကွတ်ပျစ်လည်း မက ကုတင်လည်းမကျ တဲ့  ကုတင်ကြီးတစ်လုံးရှိတယ်။အဖေရုံးက ပြန်လာတာတွေ့ရင် ကျွန်မက အဲဒီ ကုတင်ကြီး ပေါ်ပြေးတက်ပြီး အဖေ အိမ်ထဲဝင်လာတာကို မမြင်ချင်ယောင်ဆောင် နေလိုက်တယ်။
       ကုတင်ကြီးရှေ့က အဖေကျော်သွားပြီ ဆိုမှ ကုတင်ပေါ်ကနေ အဖေ့နောက်ကျောပေါ် ခုန်တက်လိုက်တယ်။ပြီးတော့မှ အဖေ့နောက်ကျောပေါ်က တစ်ဆင့် ပခုံးပေါ်တက်ခွ ထိုင်ပြီး အဖေတို့  အိပ်ခန်းထဲထိ လိုက်သွားတော့တာပဲ။အဖေကလည်း ကျွန်မ ကုတင်ပေါ်မှာ ရှိနေတာကို မမြင်ချင်ယောင်ဆောင် ပေးနေလေ့ရှိတယ်။ကျွန်မ အရွယ်နည်းနည်းရောက်လာတော့မှ အမေက “သမီးက အပျိုဖြစ်နေပြီ၊အဖေ့ဂုတ်ပေါ် တက်မထိုင်ရတော့ဘူး၊ငရဲကြီးတတ်တယ်လို့ ”ပြောမှ ကျွန်မ မလုပ်တော့တာ။
        မြေမှုန့် နီနီလေးတွေကို နင်းရင်း အသစ်စိုက်ပျိုးထားတဲ့ ကော်ဖီခြံတွေကို ကြည့်နေမိတယ်။သက်ဆိုင်ရာက ဒီဒေသကို ကော်ဖီမြို့တော်ဖြစ်အောင်ဆိုပြီး တိုင်းအဆင့် အကြီးအကဲတွေကို ခြံကွက်ကျယ်ကြီး နေရာချပေးထားပြီး ကော်ဖီပင်တွေ တိုးချဲ့စိုက်ပျိုးစေခဲ့တယ်။အဖေကလည်း ပင်စင်မယူခင် တစ်ကွက်ရခဲ့ပြီး ကော်ဖီနဲ့ လိမေ်္မ်ာပင်နည်းနည်း စိုက်ပျိုးထားတယ်လို့ အဖေ့တစ်ပည့် တစ်ယောက်ကတော့ ပြောဖူးတယ်။တစ်ချို့ခြံတွေက ကော်ဖီပင်တွေ  ဖြစ်ထွန်းပေမဲ့ တစ်ချို့တွေမှာတော့ ကော်ဖီပင် ငုတ်တိုလေးတွေပဲတွေ့ရတယ်။ငယ်စဉ်ကတည်းက စိုက်ပျိုးရေးကို ၀ါသနာပါခဲ့ပြီးြ.န(ဗါမင) ဘွဲ့ယူခဲ့တဲ့ အဖေ၊သူဝါသနာပါရာနဲ့ သူ့အလုပ် တစ်ထပ် တည်းကျနေပါရဲ့လား။
      ကျွန်မ အိမ်ထောင်မကျခင် တုန်းကတော့ အဖေ့ခြံထဲကို တစ်ခေါက်နှစ်ခေါက် ရောက်ဖူးတယ်။ခြံထဲမှာ ခြံစောင့် မိသားစုတွေ နေဖို့ဆိုပြီး ဓနိမိုး၊ထရံကာ အိမ်လေးတစ်လုံးဆောက်ထားတယ်။အခု အဖေတို့က ခြံထဲမှာပဲ နေတာဆိုတော့ အဲဒီအိမ်လေးထဲ မှာပဲ နေတာလား၊ ဒီတောင်ပေါ်မြို့လေးက နွေအခါမှာတောင် အေးနေတတ်တာ၊အခုလို ဒီဇင်ဘာ လကြီးမှာ တဲသာသာ အိမ်ကလေးက အဖေ့ကို အနွေးဓာတ်ပေးနိုင်ပါ့မလား။အဖေက ကျန်းမာရေး ကောင်းတယ်ဆိုပေမဲ့ ပင်စင်စားဆိုတဲ့ အရွယ်က မငယ်တော့ဘူးလေ။အဖေ ရွေးချယ်ထားတဲ့ ဘ၀သစ်ကို မဝေဖန်၊မကန့်ကွတ်၊အပြစ်မတင်ရက်ပေမဲ့ ဒီနှစ်တွေ အတော အတွင်းမှာတော့ အဖေ့ကို မတွေ့ချင်ခဲ့ဘူး။
           ကျွန်မတို့ဇနီးမောင်နှံကလည်း အဖေကျင်လည်ခဲ့ဖူးရာ ရုံးအသိုင်းအ၀ိုင်းထဲမှာ ပဲရှိနေတော့ အဆင်မပြေတဲ့ အဖေ့ကြောင်းတွေ မသိလို၊မကြားလိုလည်း မရပါဘူး။ကျွန်မသူငယ်ချင်း(အဖေ့တပည့်လည်းဖြစ်ပါသည်)တစ်ယောက်က “တိုင်းမှူးကြီးရယ် သူ့အမျိုးသမီးနဲ့အတူ ရုံးထဲမှာ အထည်တွေလာရောင်းနေတယ်”လို့ ဆိုတုန်းကလည်း ကျွန်မမှာ စိတ်ဆင်းရဲခဲ့ရဖူးတယ်။နယ်တွေမှာ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲကို တိုင်းမှူးကြီး၊တိုင်းဂျာကြီးလို့ ခေါ်လေ့ရှိကြတယ်။အဖေပင်စင်ယူပြီးတဲ့ အချိန်ထိ တိုင်းမှူးကြီးလို့ ဆက်ခေါ်နေကြတုန်းပါပဲ။
            အဲဒီသူငယ်ချင်းကပဲ ကျွန်မကို “လှိုင်ရယ် တိုင်းမှူးကြီးက အထုတ် ကြီးဆွဲပြီး  ရုံးကနေ ပြန်သွားတော့ အခုရောက်နေတဲ့ တိုင်းမှူးအသစ်က သူ့ဘေးကနေ ကားနဲ့ဖြတ်သွားတာ၊ မြို့ထဲ အစည်းအဝေးသွားတက်ရမှာ လမ်းကြုံနေရက်နဲ့ ခေါ်တင်မသွားဘူးဟယ်၊ငါ့ဖြင့် စိတ်မကောင်းလိုက်တာ”တဲ့။အဖေအရင် တိုင်းဦးစီးအဆင့်နဲ့တုန်းက လင့်ရိုဗာ အိမ်ရှည်ကားကြီး ကို အစွမ်းကုန်ပြင်ဆင် ထားတာ ကျွန်မ မှတ်မိသေးတယ်။သူ့အရပ်က ရှည်ရှည် ကားအိမ်ကရှည်ရှည်နဲ့ ကားပေါ်ကဆင်းလာရင် ကြည့်ကောင်းလွန်းလို့ စောင့်ကြည့်တဲ့ သူတပည့်တွေတောင်ရှိဖူးတယ်။သူငယ်ချင်းပြောပြတဲ့ပုံက ပုံပေါ်လွန်းလို့ ကျွန်မမှာ အဖေ့ပုံစံကို မမြင်ရဘဲနဲ့ စိတ်မကောင်းဖြစ်ပြီး ငိုလိုက်ရတာ။
          အခုရောက်နေတဲ့ တိုင်းဦးစီးမှူးအသစ်ဆိုတာလည်း အဖေ့ ဂျူနီယာတန်းကသူပါ။အဖေ့ကိုလည်း လေးစားကြည်ညိုခဲ့တဲ့သူပါပဲ။ဒါပေမဲ့ အဖေတစ်ယောက်ထဲမှ မဟုတ်တာ သူဘယ်ခေါ်တင်ချင်ပါ့မလဲ။ဒီလိုကိစ်္စမျိုးဆိုတာ လူမသိ သူမသိသာ ကျူးလွန်ချင် ကျူးလွန်ကြမယ်တရားဝင် အသိအမှတ်ပြုပေးဖို့ တော့ ၀န်လေးတတ်ကြတယ်လေ။အဖေနဲ့ပတ်သက်ပြီး ၀န်ထမ်းတစ်ယောက်က ကျွန်မကို မေးဖူးတယ်၊“တိုင်းမှူးကြီး အဲဒီလို လုပ်သွားတာ သမီးတစ်ယောက် အနေနဲ့ မရှက်ဘူးလားတဲ့”။“ဘာရှက်စရာရှိလဲ၊ဒီလိုကိစ်္စဖြစ်နေတဲ့ လူကြီးတွေ အများကြီးပါ ဘယ်သူမှ တာဝန်ယူဖြေရှင်းပေးတယ်ဆိုတာ မရှိဘူး။အဖေက လူပီသလို့ သူများသားသမီးကို တရားဝင်ယူလိုက်တာ။ဂုဏ်ယူရမဲ့ ကိစ်္စမဟုတ်ပေမဲ့ အဖေ့စိတ်ကို လေးစားတယ်လို့” ကျွန်မပြန်ပြောလိုက်မိတယ်။
           အဖေတို့ ခြံနားကို မရောက်ခင် သေချာအောင် “ဦးမောင်လှိုင်တို့ ကော်ဖီခြံက ဘယ်နားမှာလဲလို့”ကောင်လေးတစ်ယောက်ကို မေးရတယ်။ကောင်လေးက “သြော် အပန်းတော်ပြေ ကော်ဖီခြံကိုပြောတာလာဆိုပြီး” သူပဲ လိုက်ပို့ပေးမယ်ဆိုပြီး ကျွန်မတို့ရှေ့ကနေ လမ်းပြလုပ်တယ်။“ကော်ဖီခြံကို အပန်းတော်ပြေ လို့ပေးထားတာ တဲ့လား၊တစ်ကယ်ရော အပန်းတွေ ပြေပါရဲ့လား အဖေရယ် လို့ ကျွန်မစိတ်ထဲက ပြောနေမိတယ်။ခြံထိပ်ရောက်တော့ ကောင်လေးကပဲ “တိုင်းမှူးကြီးရေ ဧည့်သည်လာတယ်”လို့ အသံပြုလိုက်တယ်။
          အသားညိုညိုနဲ့ အမျိုးသမီးတစ်ယောက်ထွက်လာပြီး “ဦးမောင်ရေ -ဦးသမီးဆိုတာ ထင်တယ်လာကြည့်ပါအုံး”လို့တစ်ဆင့်အော်ပြောနေပြန်တယ်။အိပ်ခန်းက လူမထွက်လာသေးဘဲ “မဖြစ်နိုင်ပါဘူးလို့ ” ပြန်ပြောသံအဆုံးမှာတော့ ချိုင်းထောက်နှစ်ဖက်ကို အားပြုပြီး ထွက်လာတဲ့ အဖေ့ကိုတွေ့လိုက် ရတော့တာပါပဲ။ပါးချောင် နားချောင်တွေကျပြီး ပိန်ချုံးနေတဲ့ အဖေ့ ရုပ်သွင်ကို ချိုင်းထောက်ကပါ အားဖြည့်လိုက်သလို ဖြစ်နေတော့ အဖေ့အသံသာ မကြားလိုက်ရရင် မှတ်တောင် မမှတ်မိချင်တော့ဘူး။
           ဘာစကားမှ ပါးစပ်ကထွက်မလာတော့ဘဲ ရင်ထဲမှာသာ အလုံးကြီးဆို့သလို ခံစား    နေရတဲ့ ကျွန်မ အဖေ့ကိုပြေးဖက်ပြီး ငိုမိပါတော့တယ်။ချိုင်းထောက်ကို အားပြုပြီးရပ်နေရတဲ့ အဖေက ကျွန်မမှီလိုက်လို့ ကျွန်မခန်္ဓာကိုယ် အလေးချိန်ကိုပါ ထိန်းထားရသလိုဖြစ်နေလို့ အမျိုးသားက “ဟေး တော်ပြီလေ၊အဖေလဲတော့မယ်”လို့ သတိပေးလိုက်မှ အဖေ့ဆီက ကျွန်မ ခွာရပ်လိုက်ပါတယ်။အဖေ့မျက်လုံးမှာလည်း မျက်ရည်စတစ်ချို့တွေ့လိုက်တယ်။အဖေရွေးချယ်ခဲ့တဲ့ ဘ၀သစ်မှာ အဖေမပျော်ဘူးလား၊ကျွန်မ စဉ်းစားနေမိတယ်။
       အဖေက သူ့အမျိုးသမီးနဲ့ မိတ်ဆက်ပေးတယ်။ချောက်ချိ ချောက်ချက် အိမ်ဆိုင်လေးကိုကြည့်ရင်း “အဖေတို့အဆင်ပြေရဲ့လားလို့“ မေးမိတော့ အဖေပြန်မဖြေခင် သူ့အမျိုးသမီးက “ဘယ်ပြေပါ့မလဲ မလှိုင်ရယ် ဦးဆေးဖိုးကလည်း ရှိသေးတယ်လေ၊ ကော်ဖီပင်စိုက်တယ်ဆိုတာလည်း အရင်းအနှီးက မသေးဘူး၊နောက်ထပ် ထပ်မထည့်နိုင်တော့လို့ ငွေပေါ်လွယ်တဲ့ ချဉ်ပေါင်၊ဂေါ်ရခါးနဲ့ အခြားသီးပင် စားပင်လေးတွေတော့စိုက်ထားတယ်။အိမ်ဆိုင်ကလည်း အကြွေးကျတာများပါတယ်”လို့ အခုမှ မြင်ဘူးတဲ့ ကျွန်မကို တစ်ဆက်တည်း ပြောချနေပါတော့တယ်။အဖေကတော့ “ဘာတွေလျှောက်ပြောနေတာလဲ၊ဒီလိုပါပဲ သမီးရယ် နေလို့ဖြစ်ပါတယ်”လို့ ပြောတယ်။
           အဖေက ကျွန်မတို့ကို နေ့လယ်စာ စားသွားစေချင်တာနဲ့ ကျွန်မတို့မိသားစု စားလိုက်ရတယ်။ခြံထွက်ချဉ်ပေါင်ဟင်း၊ ငြုပ်သီးထောင်း နဲ့ ငါးခြောက်အမှုန်အမွှားလေးကို ကြော်ကျွေးတယ်။သူ့အမျိုးသမီးက “ကျွန်မတို့ဆို နေ့တိုင်းဘူးသီးကြော်ချက်နဲ့ပဲ စားတာ၊မလှိုင် အဖေ ကလည်း စားနိုင်ပါတယ်”တဲ့ ကျွန်မကို သူတို့အခြေအနေသိရအောင် တစေ့တစောင်းပြောတာထင်တယ်၊ကျွန်မကတော့  မြိုတောင် မကျချင်တော့ဘူး။အဖေ ဟင်းချေးမများဘဲ စားနိုင်တယ်ဆိုတာတော့ ကျွန်မ ကပိုသိတာပေါ့။ကျွန်မ မှတ်မိသေးတယ်။ ကျွန်မ ခြောက်တန်းနှစ်လောက်တုန်းက အဖေနဲ့အမေ ကုန်ခြောက်ကြွေးတွေ များတာနဲ့ပတ်သက်ပြီးတော့ စကားများကြတယ်။
           နယ်မြို့လေးဖြစ်တဲ့ အတွက် အရာရှိကတော်တွေဆိုရင် ကုန်စုံဆိုင်တွေက ဘယ်လောက် အကြွေးယူယူ ပေးချင်ကြတယ်။အမေကလည်း သူ့အကြောင်းပြချက်နဲ့သူ ကုန်ခြောက်ကြွေးကို နည်းအောင် မလုပ်နိုင်ဘူး။ဒီတော့ အဖေကလည်း “လခအပြင် ငါက ဘယ်က ဓားပြသွားတိုက်ပေးရမလဲ”လို့ဆိုတယ်၊အမေကလည်း “ရှင့်သားသမီးတွေ စားဖို့ကုန်ခြောက် ကြွေးကို ယူရတာပဲ၊ကျွန်မတစ်ယောက်ထဲ သုံးနေတာမဟုတ်ဘူးဆိုပြီး ”စကားများကြပါလေရော။နောက်တစ်နေ့ မနက်လည်းကျရော အမေက အိမ်မှာ ဘာမှမချက်တော့ဘူး ဈေးလည်း မသွားဘူး၊ဆန်ရှိနေလို့ထမင်း တစ်အိုးပဲတည်ထားတယ်။နွေရာသီကျောင်းပိတ်ရက် ဆိုတော့ ကလေးတွေ ထမင်းချိုင့်လည်း လုပ်ပေးစရာ မလိုလို့ အမေ လုပ်တာထင်ပါတယ်။
           အဖေရုံးနဲ့ အိမ်ကနီးတော့ အဖေက ထမင်းစာချိန်ဆို အိမ်ပြန်ထမင်းစားလေ့ရှိတယ်။အဲဒီမနက်က အဖေ မနက်စာ စားမသွားဘူး၊ရုံးကိုဒီအတိုင်းထွက်သွားတာ။ အဖေလည်း ရုံးကို ထွက်သွားရော အမေက ကျွန်မတို့ အစ်ကိုအကြီးဆုံးကို မနက်စာအတွက် မုန့်ဟင်းခါးဝယ်ခိုင်းပြီး ကျွန်မတို့ ကို ကျွေးတယ်။နေ့လယ်စာကိုလည်း ခေါက်ဆွဲကြော် ၀ယ်ကျွေးထားတယ်။အမေက သူတော့ ဘာမှ မစားဘူး။ကျွန်မတို့ကို ခေါက်ဆွဲကြော် ၀ယ်ကျွေးထားတာ အဖေ့ကိုပြန်မပြောနဲ့
လို့ ကျွန်မတို့ မောင်နှမတွေကို အမေက မှာထားတယ်။ ကလေးတွေလည်း ဘာမှမစားရဘူးလို့ အဖေ့ကို သိစေချင်တာထင်ပါတယ်။ကျွန်မတို့က ငယ်သေးတော့ ဘာမှ သိမ်မသိဘူး။အဖေနဲ့အမေ ရန်ဖြစ်မှ ခေါက်ဆွဲကြော်တောင် စားရသေးတယ်လို့ပဲ တွေးဖြစ်တယ်။
           နေ့လယ်ထမင်းစားချိန် အဖေရုံးကပြန်လာတော့ အမေက အခန်းထဲကမထွက်ဘူး။အဖေက ကျွန်မကို “သမီး  အဖေ့ကို ထမင်းခူးပေးလို့ပြောတယ်၊ကျွန်မတို့ကို စားပြီးပြီလား”လည်း မမေးဘူး။အိမ်မှာ ထမင်းအိုးတစ်လုံးထဲ တည်ထားကို သိတဲ့ကျွန်မက အဖေ့ကို “အဖေ ထမင်းပဲရှိတယ်လို့ ပြောမိတော့ အဖေက “ကြက်သွန်နီရော ရှိလားသမီး ရှာကြည့်ပါအုံးလို့ ” ကျွန်မကို ပြောတယ်။ကျွန်မ မီးဖိုချောင်ထဲမှာ ရှာကြည့်တော့ ကြက်သွန်နီ ဥကြီးတစ်လုံးနဲ့ အသေးလေးတစ်လုံး ကိုတွေ့တယ်။အဲဒါနဲ့ အဖေလည်း ထမင်းနဲ့ ကြက်သွန်နီကို နေ့လယ်စာ အဖြစ် စားနေပါတော့တယ်။
           အဖေ ထမင်းစားနေတာကို ဘေးကထိုင်ကြည့်နေတဲ့ ကျွန်မ မနေနိုင်တော့ပဲ “အဖေ သမီးတို့ကျတော့ ခေါက်ဆွဲကြော်စားရတယ်လို့” ငိုပြီးပြောလိုက်မိပါရော။အဖေက ကျွန်မကိုကြည့်ပြီး ရယ်နေပါတော့တယ်။“အဖေသိပါတယ်၊သမီးတို့အမေက သမီးတို့ကို ဒီအတိုင်း ဘယ်ထားပါ့မလဲ၊ တစ်ခုခုတော့ ကျွေးထားမယ်ဆိုတာ အဖေသိပြီးသားပါ”တဲ့။အမေကတော့ အဖေလည်း ရုံးပြန်သွားရော ကျွန်မကို “နောက်တစ်ခါ ညည်းကိုပါ မကျွေးဘဲ ထားတော့မယ်”လို့ ရယ်ပြီးပြောပါတယ်။ဘာဘဲဖြစ်ဖြစ် ညနေကျတော့ အမေက ဟင်းဝယ်ချက်ပြီး အဖေနဲ့အမေ ပြန်အဆင်ပြေသွားတာ တွေ့ရတယ်။
       ကျွန်မတို့မိသားစု အဖေ့ခြံထဲက ပြန်ခါနီးကျတော့ အဖေ့ကိုကျွန်မတို့ တတ်နိုင် သလောက်လေးနဲ့ ကန်တော့ကြတယ်။ထိုင်ကန်တော့တဲ့ အချိန်ကျမှ အဖေ့ခြေထောက်ကို သတိထားကြည့်မိတယ်၊ အဖေ့ခြေထောက်မှာ ခြေ၀ဲတွေ စားနေတာပဲ။ဘာဖြစ်တာလဲလို့ အဖေ့ကို မေးကြည့်မိတော့ အဖေမဖြေခင် သူ့အမျိုးသမီးက မိုးတွင်းဘက်မှာ မိုးတွင်းစီး ဖိနပ်မစီးလို့ဖြစ်တာတဲ့။မိုးတွင်းစီးဖိနပ်ဆိုတာ ဖိနပ်တွေထဲမှာတော့ ဈေးအပေါဆုံးဝယ်လို့ရတဲ့ ဖိနပ်ပါ။ဒီလိုဖိနပ်တောင် ၀ယ်မစီးနိုင်တော့ဘူးလားလို့ ကျွန်မ စဉ်းစားနေတုန်း “ဒီကော်ဖီခြံကို ရောင်းဖို့ စပ်ထားတယ်၊ခြံမထွက်ခင်စပ်ကြား စနေနံ အ၀င်မခံရဘူးလို့ ဗေဒင်ကဟောထားလို့ ၀ယ်မပေးတာ”တဲ့။
           ဘာမှဝင်မပြောတဲ့ အဖေကို ကျွန်မနည်းနည်းအံ့သြသွားတယ်။ဘာလို့လဲဆိုတော့ ကျွန်မတို့သိတဲ့ အဖေက လက်္ခဏာ၊ဗေဒင်တွေဆိုတာကို လုံးဝမယုံတတ်လို့ပဲ။အဖေ့ရဲ့လက်္ခဏာ
           မှာ ပညာရေးလမ်းကြောင်းက မပါသလာက်နီးပါး ပြတ်နေတယ်။ဟောသမျှ ဗေဒင်၊လက်္ခဏာ ဆရာတွေက ပညာရေးမှာမဖြစ်ထွန်းဘူးလို့ ဟောခဲ့ကြတာ။ဒါပေမဲ့ အဖေ က မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဘွဲ့တစ်ခုကို ရအောင်ယူနိုင်ခဲ့တယ်လို့ အဖေက ကျွန်မတို့ ငယ်ငယ်တုန်းက မကြာခဏ ပြောပြခဲ့ဖူးတယ်။ကံဆိုတာ အလုပ်တို့၊ကိုယ်ကံကြမ်္မာဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတာတို့ ဆိုတဲ့ အတွေးအခေါ်တွေကို ကျွန်မတို့ အဖေ့ဆီကပဲ အရင်ဆုံးသိခဲ့ရတာ။
         ဒီထက်အံ့သြစရာကောင်းတာ ရှိသေးတယ်၊ကော်ဖီခြံရောင်းလို့ထွက်အောင် နတ်
ကိုလည်း အပ်ထားလို့ ခြံထဲကို ၀က်သား အ၀င်မခံရဘူးတဲ့၊၀က်သားလည်းစားလို့ မရဘူးတဲ့။အဖေက အသီးမှာ သရက်၊အရွက်မှာ လက်ဖက်၊အသားမှာ ၀က်ဆိုပြီး စာချိုးနဲ့အညီ အဲဒီသုံးမျိုးလုံးကို သိပ်ကြိုက်တတ်တာ။အမေ့ဘက်က အဘွားနဲ့ အမေ့ ညီအစ်ကို မောင်နှမတွေကို နတ်ကိုးကွယ်မှုက ကျွတ်အောင် အဖေပဲ ချွတ်ပေးခဲ့တာ။သုံးဆယ့်ခုနစ်မင်း နတ်ဖြစ် စဉ်တွေကိုလည်း ကျွန်မတို့ကို ငယ်စဉ်ကတည်းက ပြောပြခဲ့ဖူးတာလည်း အဖေပါပဲ။အဖေတို့ခြံရောင်းလို့ထွက်သွားတော့ နတ်ကန်္နား အကြီးအကျယ်ပေးကြတယ်လို့ ကျွန်မ ပြန် ကြားရတဲ့ အချိန်မှာတော့ အဖေနဲ့ပတ်သက်ပြီး ကျွန်မရဲ့ အံ့သြမှု အမြင့်ဆုံးရောက်သွားတော့ တာပါပဲ။
         လူတစ်ယောက်ရဲ့ အတွေးအခေါ် အယူအဆတွေဆိုတာ သူကျင်လည်ရာ ၀န်းကျင်အလိုက် ပြောင်းလဲသွားတတ်ပါသလား၊အဖေနဲ့ပတ်သက်ပြီး ကျွန်မတွေးနေမိတယ်။တစ်အိမ်လုံးထဲမှာ အဖေနဲ့ ကျွန်မက ကီးအတူဆုံးလို့ ပြောရမယ်။အဖေ စကားတစ်ခွန်း ပြောလိုက်ရင် ဘာကိုရည်ရွယ်တယ်ဆိုတာ ကျွန်မအရင်ဆုံးသိလေ့ရှိတယ်။ဒါကြောင့်ပဲ ရုံးမှာတောင် ကျွန်မက အဖေ့ရဲ့ ပီအေ တစ်ပိုင်းဖြစ်ခဲ့ရသေးတယ်။အဖေနဲ့ ကျွန်မ အစ်ကိုတွေ မောင်တွေက တစ်နေကုန်နေလို့ စကားတစ်ခွန်းမပြောဖြစ်ကြပေမဲ့ သမီးမိန်းကလေး တစ်ယောက်ထဲပါတဲ့ ကျွန်မနဲ့တော့ ပြောစရာ စကားတွေ မကုန်နိုင်အောင် ဖြစ်ရတယ်။
         ဘာသိဘာသာ နေတတ်တဲ့ အမေနဲ့ ကျွန်မ သိပ်မရင်းနှီးပေမဲ့ အဖေနဲ့တော့  သား
အမိလို တစ်မျိုး၊သူငယ်ချင်းလို တစ်ဖုံ ဖြစ်နေတတ်ပါတယ်။ကျွန်မရဲ့ အရိပ်အကဲကို အဖေကသိနေ သလို၊ကျွန်မကလည်း အဖေ့ရဲ့ စိတ်ကို သိနေတတ်တယ်။မှတ်မိပါသေးတယ် ကျွန်မအရွယ်ရောက်စက တိုင်းမြို့တစ်မြို့ကို ပြိုင်ပွဲတစ်ခုအတွက် သွားရတယ်။ကျွန်မနဲ့အဖေရယ်၊အမျိုးသမီး အုပ်ချုပ်သူတစ်ယောက်ရယ်၊နောက်ပြီး ကျွန်မလို ပြိုင်ပွဲဝင်သူ တစ်ယောက်ရယ်ပေါ့။ပြိုင်ပွဲမပြိုင်ခင် မနက်မှာ ကျွန်မတို့ ပြိုင်ပွဲဝင်တွေအားလုံး နိုင်ငံတော် အကြီးအကဲ တစ်ယောက်ကို ကြိုဆိုရမယ် ဆိုပြီး မနက်အစောကြီး ကတည်းက ခေါ်ထားကြတယ်။
         စောင့်ရချိန် ကြာလာတော့ ကစားသမား အားလုံးက ညောင်းနေပြီး အားကစားကွင်းရဲ့ ပတ်လမ်း ဘောင်ပေါ်မှာ ထိုင်ချလိုက်ကြတယ်။မထိုင်ဘဲ ကျန်ခဲ့တဲ့ ကျွန်မ တစ်ယောက်သာ မားမားကြီး ကွင်းထဲမှာ ရပ်နေတယ်။ကစားကွင်းဘေးကနေ အဖေက ကျွန်မကို ထိုင်နေဖို့ အမူအရာနဲ့ လှမ်းပြတယ်။ကျွန်မလည်း ခေါင်းခါပြပြီး ဆက်ရပ်မြဲ ရပ်နေလိုက်တယ်၊နောက်တစ်ခါ  ကျွန်မတို့ရဲ့ အမျိုးသမီး အုပ်ချုပ်သူကလည်း အမူအရာနဲ့ လှမ်းပြပြန်တယ်။အဖေတို့ကလည်း ကွင်းထဲ ၀င်လို့ မရဘူး။ကျွန်မ အဖေတို့ရှိတဲ့ နေရာကို မကြည့်တော့ဘဲ ရပ်မြဲအတိုင်း ဆက်ရပ် နေလိုက်တယ်။ဆယ်မိနစ်လောက်ကြာတော့ အား/ကာ က ၀န်ထမ်း အမျိုးသမီးတစ်ဦးက ကျွန်မကို  “ညီမလေး အဖေပေးခိုင်းလိုက်တာ”ဆိုပြီး အထုပ် တစ်ထုပ်လာပေးတယ်။ကျွန်မ ဖွင့်ကြည့်လိုက်တော့ အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ်ဖြစ်နေတယ်။
       ကျွန်မမှာ ကြည်နူးမှုနဲ့အတူ တော်တော် အံ့သြခဲ့ရတယ်။တစ်ကယ်ပဲ ကျွန်မထိုင် လို့မရတဲ့အကြောင်းရင်း ကလည်း အဲဒါကြောင့် ဖြစ်နေလို့ပါပဲ။ကျွန်မ သူငယ်ချင်းနဲ့ အုပ်ချုပ်သူ အန်တီလည်း တအံ့တသြ ဖြစ်ကြတယ်။သူများတွေ ထိုင်သလို ကျွန်မ မထိုင်တာ ဘာကြောင့်လဲလို့ သတိထားမိတဲ့ အဖေက အနီးနားက စတိုးဆိုင်တစ်ခုမှာ သွားဝယ်ပြီး ပေးတာပါ။အမေပါလာရင် တောင် ဒီလိုတွေးမိပါ့မလားလို့ ကျွန်မစဉ်းစားခဲ့ဖူးတယ်။
          ကျွန်မ ဆံပင်ရှည် စထားချင်စ အရွယ်တုန်းကလည်း မြန်မြန်ရှည်ချင်လွန်းလို့ ကျွန်မှာ ဆံပင် အဖျားတောင် မတိချင်ခဲ့ဘူး။အဲဒါကို အဖေက “ဆံပင်အဖျားဆိုတာ တိပေး၊ညှပ်ပေးရတယ်၊ကတ်ကြေးနဲ့မထိချင်ရင် ရှေးခေတ်တုန်းကလို ကျောက်တုံးချင်း ခတ်ပေးမယ်” ဆိုပြီး ကျောက်တုံးအကြီး တစ်တုံးပေါ်ကို ကျွန်မဆံပင် အဖျားတင်ပြီး ကျောက်တုန်း အသေးတစ်တုန်းနဲ့ တစ်ကယ်ပဲ အဖျားခတ် ပေးခဲ့ဖူးပါတယ်။ဆံပင်အရှည်ထားစမှာ ကတ်ကြေး မထိခဲ့ဖူးလို့ထင်ပါရဲ့ ကျွန်မဆံပင်တွေ အခုအချိန်ထိ နှစ်ခွဖြစ်တာ၊ပြတ်ထွက်တာ  မဖြစ်ခဲ့ဖူးဘူး။
          အဖေနဲ့ ပတ်သက်ရင် ကျွန်မဘ၀မှာ အမှတ်ရ စရာတွေက အများကြီးပါ။ကျွန်မရဲ့ ရွှေရင်သိမ်းစ အရွယ်တုန်းကလည်း သူငယ်ချင်းယောက်ျားလေး တစ်ယောက်က လက်ဆောင်ပေးတာကို ကျွန်မ လက်ခံလိုက်တာ အဖေသိသွားတယ်။အရွယ်ရောက်စ မိန်းကလေး တစ်ယောက်အတွက် လက်ဆောင်ရဲ့ နောက်ကွယ်က မမြင်ရတဲ့ အန်္တရာယ်တွေ အကြောင်း ပြောပြခဲ့ဖူးတာလည်း  အဖေပါပဲ။ကျွန်မနဲ့ အတူ ကာယလေ့ကျင့်ခန်းတွေ လိုက်လုပ်ပေးတာ၊ ကျွန်မရဲ့ ပြိုင်ပွဲတွေကို အားကြိုးမာန်တက် ဆောင်ရွက်ပေးခဲ့တာ၊ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်အောင် လုပ်ပေးခဲ့တာ၊နောက်ဆုံး ကျွန်မထားခဲ့ဖူးတဲ့ ချစ်သူတွေရဲ့ အမူအကျင့်ကို ထောက်ပြ ဆွေးနွေး ပေးခဲ့တာတွေလည်း အဖေပဲ ဖြစ်နေပြန်ပါတယ်။
          အဖေပြောလိုက်တဲ့ စကား အားလုံးနီးပါးကို အဓိပ်္ပါယ်ကောက်လွဲလေ့ရှိတာတော့ အမေပါပဲ။ကျွန်မတို့ သားသမီးတွေ အားလုံးက အဖေ့စကားရဲ့ ရည်ရွယ်ရင်းကို သိနေပေမဲ့ အမေကတော့ သူ့အတွေးနဲ့သူ ခေါင်းမာစွာ လက်ခံလေ့ မရှိပါဘူး။အဖေနဲ့ အမေရဲ့ အဓိက ကွဲလွဲချက်ကတော့ အတွေးအခေါ်မတူခြင်းပါပဲ။အတန်းပညာ ကွာဟခြင်းကလည်း အတွေးအခေါ် မတူခြင်းရဲ့ အဓိက အချက်ဖြစ်မယ်လို့ ကျွန်မ တွေးမိပါတယ်။အဲဒီကိစ်္စနဲ့ ပတ်သက်ပြီး ကျွန်မ အိမ်ထောင်ပြုရမဲ့ အရွယ်ရောက်လာတော့ အဖေက ဆွေးနွေးခဲ့ဖူးပါတယ်။
      “သမီး ကိုယ့်အိမ်ထောင်ဘက်ကို ရွေးချယ်တဲ့ နေရာမှာ အိုင်ကျူချင်းညီတဲ့သူကို ရွေးတတ်ဖို့လိုတယ်၊ကိုယ်ရွေးထားတဲ့ အိမ်ထောင်ဘက်က အိုင်ကျူမြင့်နေရင် ကိုယ်ကလည်း လိုက်မြင့်နိုင်အောင် ကြိုးစားရမယ်၊မဟုတ်ရင် လိုက်ညှိနေရတာနဲ့ နှစ်ဦးစလုံးအတွက် အဆင်မပြေနိုင်ဘူး”လို့ ပြောခဲ့ဖူးတဲ့ အဖေကိုယ်တိုင်က နောက်တစ်ကြိမ် အိမ်ထောင်ဘက် ရွေးတဲ့အချိန်မှာ အိုင်ကျူအပါအ၀င် အမေထက် ဘာမှ မသာတဲ့သူကို  ထပ်ရွေးတာတော့ ကျွန်မ နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။           နောက်တစ်ကြိမ် အဖေနဲ့ ပြန်ဆုံတော့ ကျွန်မဖတ်ဖူးတဲ့ ကာတွန်းလေးအကြောင်း အဖေ့ကို ပြောပြဖြစ်တယ်။ကာတွန်းထဲမှာ ယောက်ျားက မိန်းမလုပ်သူကို ကြည့်ပြီးတော့ “တစ်ချို့က ညံ့မှ ကြိုက်ကြတယ်၊ဥပမာ -မင်းကိုကြိုက်ခဲ့ မိတဲ့ငါ” လို့ ပုံဖေါ်ထားပါတယ်။အဲဒီအကြောင်း အဖေ့ကို ပြောပြတော့ ကျွန်မ ဘာကို ရည်ရွယ် တယ်ဆိုတာ သိလို့ အဖေက ဘာမှပြန်မပြောဘဲ ရယ်လို့သာ နေပါတော့တယ်။ကျွန်မတို့သားအဖချင်းက စကားကို ရှော့ကတ်နည်း သုံးပြီးလည်း ပြောလို့ရတယ်။သိပ်ရှင်းပြနေစလိုဘဲ တစ်ဦးရဲ့ ဆိုလိုရင်းကို တစ်ဦးက သဘောပေါက် လွယ်ကြပါတယ်။
           အဲဒီလို သိနေလို့လည်း အဖေရဲ့ ဘ၀သစ်မှာ အဆင်မပြေမှုတွေကို ကျွန်မ မြင် နေမိတာပေါ့။ဒါပေမဲ့ အဖေရွေးချယ်ခဲ့တဲ့ ဘ၀ထဲကို ကျွန်မ ပါဝင် ကပြလို့မှ မရနိုင်တာ။အဖေ့အမျိုးသမီးကို ကျွန်မအိမ်မှာ ကြည်ဖြူစွာ ၀င်ထွက် သွားလာခွင့် ပေးထားတာတွေ၊ တလေးတစား ဆက်ဆံပေးတာတွေ ကို တွေ့ကြတဲ့ ကျွန်မမိတ်ဆွေတစ်ချို့က အံ့သြကြသလို၊ ဆွေမျိုးတစ်ချို့က(အဖေ့အမျိုးတွေ အပါအ၀င်) မေးငေါ့ကြပြန်တယ်။ကျွန်မကတော့ လူသားတစ်ဦးအနေနဲ့ လက်ခံပေးတာပါ။အဖေကြည်ဖြူသူကို လိုက်ကြည်ဖြူပေးတာပါ။ကျွန်မ တန်ဖိုးထား ချစ်ခင်ရတဲ့ အဖေ့ကို စိတ်ချမ်းသာ စေချင်တာပါပဲ။
           အဖေဟာ သူ့ဘ၀တစ်လျှောက်လုံးနီးပါးကို ကျွန်မကိစ်္စတွေနဲ့ပဲ အချိန်ကုန်ခဲ့သူပါ။ကျွန်မကို မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဆုကို မရမချင်း ပြိုင်ပွဲဝင်ရမယ်ဆိုပြီး စနစ်တကျ ကစား စေခဲ့တာပါ။ ပြိုင်ပွဲကိစ်္စတွေ၊တံတားဖွင့်ပွဲ၊လမ်းဖွင့်ပွဲ သွားရတာတွေ ဖိတ်ကြားခံရတဲ့ ဒင်နာ တက်ရမဲ့ ကိစ်္စတွေ ကအစ၊ကျွန်မအတွက် စဉ်းစားပေးပြီး သင့်၏၊မသင့်၏ ဆုံးဖြတ်ပေးခဲ့သူပါ။တစ်ခါတစ်လေတော့ ကျွန်မစဉ်းစားမိတယ်၊ကျွန်မအိမ်ထောင်ကျသွားချိန်၊အဖေကလည်း ပင်စင်ယူလိုက်ချိန်ဆိုတော့  သူ့ဘ၀မှာဘာမှ သိပ်လုပ်စရာမရှိတော့လို့များ  ဒီလိုဖြစ်သွား ရတာလားလို့ ပါ။
       ကျွန်မဘ၀မှာ အမေ့ကို အဖေ့လောက် အထင်မကြီိခဲ့ရိုး အမှန်ပါ။ ဒါပေမဲ့လည်း လူ့ဘ၀ရဲ့နောက်ပိုင်းအချိန် နေထိုင်မှုပုံစံ ရွေးချယ်ခဲ့တဲ့ နေရာမှာတော့ အမေ့ကို ကျွန်မ အထင်မကြီးလို့ မရတော့ပါဘူး။အဖေနောက်တစ်ယောက်ကို တာဝန်ယူလက်တွဲမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အမေက ရန်စကားတစ်ခွန်းမဆို၊အပြစ်တင်စကားတစ်ခွန်း မဖွဲ့ဘဲ ကွာရှင်းစာချုပ်မှာ လက်မှတ်ရေးထိုးပြီး အဖေ့ကို လွှတ်ပေးလိုက်တာပါ။နောက်ပြီးတော့ လင့်တာဝန်တွေ ဘာမှလုပ်ပေးစရာ မလိုတော့ဘဲ တရား ဓမ်္မအလုပ်မှာ အေးချမ်းစွာ မွေ့လျော်နိုင်တာဟာ သူတို့နှစ်ယောက်ကျေးဇူးကြောင့် ဆိုပြီး မေတ်္တာပို့ပေးနိုင်သူကလည်း အမေ ဖြစ်နေလေတော့ ကျွန်မ အမေ့ကို အထင်ကြီး လေးစားရပြီပေါ့။
       အိုင်ကျူချင်းမတူတဲ့ အိမ်ထောင်ဘက်ကို ရွေးမိရင် လိုက်ညှိနေရတာနဲ့ပဲ  နှစ်ဦး စလုံးအတွက် အဆင်မပြေနိုင်ဘူး”လို့ ပြောခဲ့ဖူးတဲ့အဖေ -အမူအကျင့်အချို့ကို သူ့အမျိုးသမီးနဲ့ ကိုက်ညီအောင် သူ့ရဲ့စံနှုန်းတွေကို  နိမ့်ပြီးလိုက်ပြင်နေတာ တွေ့ရတဲ့ ကျွန်မမှာ ရင်နာရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး။အဖေဆုံးမဖူးခဲ့တဲ့ စကားတစ်ခွန်းကလည်း ကျွန်မနားထဲမှာ စွဲကျန်ရစ်တုန်းပါ။“မဲနဲ့ နီပါးအတူထား၊ နီပါးမဲစော်နံ”ဆိုတဲ့ ဥပမာပေးနဲ့လည်း ဆုံးမတတ်
           ပါတယ်။မဲဆိုတာတော့ မဲနယ်ကိုပြောတာပါ၊နီပါးဆိုတာက အနီရောင်ဆိုးဆေး ထုတ်ယူလို့ရတဲ့ နီပါး ဆေးအပင်ငယ် တစ်မျိုးကိုပြောတာပါ။ဆိုလိုတာက အမဲရောင်ကို မကောင်းမှု ရဲ့ အကျင့်စရိုက်အရောင် အဖြစ်တင်စားထားပြီး ပိုတောက်ပတဲ့ အနီရောင်ကတော့ ကောင်းမှုရဲ့ အကျင့်စရိုက် အရောင်အဖြစ် တင်စားပြီးပြောထားတာပါ။
           မကောင်းတဲ့အမူအကျင့်ရှိသူ နဲ့ကောင်းတဲ့အမူအကျင့် ရှိသူနှစ်ယောက် အတူထားရင် မကောင်း တဲ့ အမူအကျင့်များကသာ လွှမ်းမိုးသွားတတ်ကြောင်း ပြောချင်တဲ့ ဥပမာပါ။အနီရောင်မင်အိုးထဲကို အနက်ရောင် မင်တစ်စက်ပဲ ရောလိုက်ပေမဲ့ မင်တစ်အိုးလုံး အနက်ရောင် အဖြစ်ပြောင်း သွားသလိုမျိုးပေါ့။တံငါ နားနီးတံငါ မုဆိုးနားနီး၊မုဆိုးဆိုတဲ့ ဥပမာနဲ့လည်း တူမယ်ထင်ပါတယ်။လောကမှာ ကိုယ့်ရွေးချယ်မှုရဲ့ နောက်ဆက်တွဲ ကောင်းကျိုး၊ဆိုးကျိုးတွေကို ကိုယ်ကိုတိုင်ပဲ တာဝန်ယူကြရတာပါ။
         အဖေ့အမျိုးသမီးရဲ့ နေရာမယူတတ် မှုများကြောင့် အဖေ့ကိုကြည်ညိုခဲ့ဖူးတဲ့ တပည့်များနဲ့ မိတ်ဆွေတွေ သိသိသာသာ ရှောင်ခွာ သွားကြတာလည်း အဖေသတိထား မိနေမှာပါ။သိပ်ကွာဟလွန်းတဲ့ ၀န်းကျင်နှစ်ခုကို ဆွဲယူညှိနှိုင်းဖို့ အဖေ ဘယ်လိုများ ဆုံးဖြတ်မိလည်း ဆိုတာ အဖေကိုယ်တိုင်မှပဲ သိမယ်ထင်ပါတယ်။ ဒါပေမဲ့ အဖေရဲ့ အလုပ်နဲ့ပတ်သက်တဲ့ ရိုးသားခဲ့တဲ့ဂုဏ်၊အဖေ့ရဲ့ စီမံခန့်ခွဲနိုင်မှု ပညာတွေကြောင့် ကုမ်္ပဏီတစ်ခုက ကမ်းလှမ်းတာ ခံခဲ့ရပြီး  အလုပ်ဝင် ပြီးမကြာခင်မှာပဲ ဂျီအမ်အဆင့်ထိ တိုးမြှင့်ခံရအောင် ကြိုးစားပြနိုင်ခဲ့တယ်။လူမှုဝန်းကျင်က ရှောင်ဖယ်ထားခံရတဲ့အချိန်၊ နလန်ပြန်မထူနိုင်တော့ဘူးလို့ အများသတ်မှတ် ထားတဲ့အချိန်မှာတောင် အဖေက တစ်ကြော့ပြန် ကြိုးစားပြနိုင်ခဲ့တာက  ကျွန်မသိတဲ့ အဖေအဖြစ် ပြန်မြင်တွေ့ရတာပါပဲ။
          ငယ်ရွယ်စဉ်ဘ၀တုန်းကတော့ အဖေ့မှာ ရှိတဲ့အရည်အချင်းအားလုံး အကောင်း ချည်းသာလို့ သတ်မှတ်ခဲ့သလို၊အဖေဆိုရင် အမှားမလုပ်တတ်သူ၊ ချွင်းချက်မရှိ အမှန်ချည်းလို့သာ လက်ခံ သတ်မှတ်ထားပါတယ်။တွေးတောတတ်တဲ့ အရွယ်ရောက်လာတော့မှ အဖေလည်း လူထဲက လူတစ်ယောက်ပဲ သူ့မှာလည်း အမှားတွေ လုပ်မိနိုင်တာပဲ။လူသား တစ်ယောက်အနေနဲ့ အမှားပိုင်ခွင့်တွေ ရှိတာပဲလို့ လက်ခံမိပါတယ်။မဲနဲ့ အတူထားပေမဲ့ နီပါး မဲစော်မနံအောင် တည့်မတ်ပြီး နေပြနိုင်သေးတဲ့ အဖေ့ကို တစ်လောက လုံးက ဘာတွေပဲပြောပြော ကျွန်မသိထားတဲ့ အဖေဆိုတာတော့ ပျောက် မသွားသေးပါဘူး။
            


                                                           
                                                            နေ့လယ်-၁၀နာရီ၊၇မိနစ်
                                                            ၁၄ရက်၊၄လ၊၂၀၁၀ပြည့်နှစ်။

0 comments:

Post a Comment