468x60

ယုံယုံကြည်ကြည် ပေးကြည့်ပါ

Tuesday, November 3, 2015
သည်နေ့ခေတ်တွင် ကျွန်မတို့ အများဆုံး ကြားနေရပြီး ပြောဖြစ်နေသည့် အကြောင်းအရာ တို့သည် လူငယ်များကို နေရာပေးခြင်း၊အားကိုးခြင်းတို့ ဖြစ်သည်။ခေတ် အဆက်ဆက်တွင်လည်း လူငယ်များကို အားကိုးကြောင်း ရှေးလူတို့က ပြောခဲ့ကြပါသည်။လူငယ်များကို အားကိုးခြင်းသည် လက်ရှိ လူကြီးနေရာ ရောက်နေကြသူများ အစွမ်း ရှိသလောက် လုပ်ခဲ့ကြပြီး မအောင်မြင်ခဲ့သည်များကို ဆက်လက် တာဝန်ပေးလိုခြင်းကြောင့် ဖြစ်မည်။ယနေ့ခေတ်ခါ သိသာထင်ရှားသည့် ပမာ တစ်ခု ပြရသော် ဘောလုံးကစားနည်းပင် ဖြစ်သည်။့ ၂၃ ထက့်  ၂၀ ကို ပိုအားကိုးကြသည်။့  ၂၀ ထက် ပိုငယ်ရွယ်သည့် မျိုးဆက်သစ် အားကစားသမားကို ပိုအားထားလာကြသည်။နိုင်ငံရေးပါတီ အဖွဲ့အစည်းများတွင်လည်း လူငယ်များကို ပြုစုပျိုးထောင် ပေးလာကြသည်။စီးပွားရေး လောကနှင့် ပရဟိတ လုပ်ငန်းများ၌ပင် လက်ဆင့်ကမ်း လွဲပြောင်းပေးကြရန် လူငယ်များကို ရွေးချယ်လာကြသည်။ဤသည်မှာ ပိုမို ကောင်းမွန်သည့် မျိုးဆက် တစ်ဆက်ကို မျှော်လင့်ကြသောကြောင့်ဖြစ်သည်။သို့သော် လူငယ်များကို လေ့ကျင့်ပေးရုံ ၊မျှော်လင့်ကြရုံဖြင့် ပိုမိုကောင်းမွန်သည့် မျိုးဆက် ပေါ်ထွက် လာမည် မဟုတ်ကြောင်း သတိချပ် စေချင်ပါသည်။အမှန်တကယ် လုပ်ရမည်မှာ တာဝန်များကို လက်တွေ့ လွဲပြောင်း လုပ်ကိုင်စေခြင်း ဖြစ်ပါသည်။ လူငယ်ဘ၀မှ ယခုလူလတ်ပိုင်း ရောက်လာချိန်ထိ ကျွန်မ ဖြတ်သန်း၊မြင်တွေ့ ခဲ့ရသည့် အဖြစ်အပျက်အချို့ကို စဉ်းစားကြည့်မိပါသည်။ကျွန်မတို့ ငယ်ဘ၀ လမ်းစဉ်လူငယ်၊တေဇလူငယ် အဖွဲ့အစည်းများ ရှိစဉ်က နှစ်စဉ် အဖွဲ့ဝင် အသင်းသား အသစ်များ တိုးလာလေ့ရှိပါသည်။လေ့ကျင့်ပေးထားသည့် ကျောင်းသား လူငယ်များလည်း နှစ်စဉ် အသုတ်လိုက်ရှိနေပါသည်။သို့သော်လည်း အခမ်းအနား ကြီးကြီးမားမား ရှိလေတိုင်း တေဇ အရွယ် မဟုတ်တော့သည့် စီနီယာ အသင်းသားများကပင် ဦဆောင်လုပ်ကိုင်လေ့ရှိပါသည်။ထို့အတူပင် ကျောင်း ဘင်ခရာ တီးဝိုင်းများတွင်လည်း ကျိုင်း ကိုင်သည့် ဘင်ခရာတီးဝိုင်း ခေါင်းဆောင်သည် တော်တော်နှင့်မပြောင်းတတ်။အထူးသဖြင့် နိုင်ငံတော် အခမ်းအနားများတွင် တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးရိမ်ကြကာ အတွေ့အကြုံရှိပြီး ဖြစ်သည့် လူဟောင်းများကိုသာ တာဝန်ယူစေလေ့ရှိသည်။အသင်းအဖွဲ့အစည်းများတွင်လည်း စီနီယာကြီးများက ကိုယ်မရှိလျှင် မဖြစ်တော့သလို၊ကိုယ်တိုင်မှ ၀င် မဆောင်ရွက်ပေးလျှင် မအောင်မြင်တော့မှာလို အတွေးများ အပြောများဖြင့် တာဝန်ယူ ဆောင်ရွက်လေ့ရှိကြသည်။လူငယ်များအား စမ်းသပ် တာဝန်ပေးကြည့်ဖို့ကို လူကြီး တော်တော်များများက ရွံ့ကြပါသည်။အထူးသဖြင့် သူတို့အလေးထားသည့် အကြောင်းအရာ၊အဖြစ်အပျက် ကိစ်္စများတွင် အတွေ့အကြုံ နည်းနေသေးသည့် လူငယ်များကို တာဝန်ပေးဖို့ မရဲကြ။အမှားမခံနိုင်ကြခြင်း ဖြစ်ပါသည်။ရိုးသားစွာ စိတ်ပူသည့် စီနီယာများရှိသလို စိတ်ပူချင်ယောင်ဆောင်သည့် စီနီယာများ ရှိနေသည်ကိုလည်း ၀မ်းနည်းစွာ တွေ့ခဲ့ဖူးရသည်။ သူတို့ နေရာ၊သူတို့ အရေးပါမှု၊သူတို့ အကျိုးရှိမှုများ ပျောက်သွားမည် စိုးသောကြောင့် ပခုံးပြောင်း တာဝန်ပေးချင်ယောင် ဆောင်ကာ တာဝန်များနှင့်အတူ လူငယ်တို့ ပခုံးများကို ရောဖိထားကြသည်။အတွေ့အကြုံနည်းနေသေးသည့် လူငယ်များက တာဝန်များအပြင် ရောဖိထားခံရသည့် အပိုများကိုပါ ထမ်းရသောအခါ မနိုင်မနင်း ဖြစ်လာကြသည်။ထိုအခါကျမှ ”တာဝန်ပေးတော့လည်း လုပ်နိုင်တာမှ မဟုတ်တာ ”ဟု ဆိုကာ စီနီယာများ ပခုံးပေါ်သို့ ပြန်ရောက်သွားကြရသည်။ထိုနည်းဖြင့် လူငယ်အများစုသည် ပခုံးအသားမာ တက်သည်သာ အဖတ်တင်ပြီး တာဝန်များကို ယုံယုံကြည်ကြည် ထမ်းဆောင်နိုင်စွမ်း လျော့နည်း လာကြရသည်။ထို့ကြောင့် အဖွဲ့ အစည်းအများစုတွင် တွင် ပထမလူ ပြီးလျှင် ရဲရဲ တာဝန်ယူဝံ့ သည့် ဒုတိယ လူများ ပျောက်နေရခြင်းဖြစ်သည်။အသင်းဝင်တိုင်းတွင် စုပေါင်း တာဝန်ရှိဩသည်ဟုသာ ရောတိရောရာ တာဝန်များဖြင့် လည်ပတ်နေကြတော့သည်။လူငယ်များအား လေ့ကျင့်ပေးထား၊ပြုစုပျိုးထောင် ပေးထားပါသော်လည်း လက်တွေ့ တာဝန်ပေး အသုံးမချရဲသောကြောင့် မျိုးဆက် ကွာဟ မှုများ ပေါ်ပေါက်လာကြခြင်း ဖြစ်သည်။ကျွန်မ လူငယ်ဘ၀က မြင်တွေ့ ခံစားမိနေသော်လည်း ထိုအားနည်းချက်များကို ကိုယ်တိုင် ၀င်ရောက်ကူညီဖို့၊ကိုယ့်အထက် စီနီယာများကို ထောက်ပြ ဆွေးနွေးဖို့ မရဲခဲ့ပြန်ပါ။ထိုသို့ ပြောဆို ဆွေးနွေးမိပြီး လက်မခံကြလျှင် ကျွန်မအား ငြိုငြင်သွားမှာ စိုးကြောက်သည့် စိတ်ကြောင့် ဖြစ်မည်ဟု ကိုယ့်ဘာသာ သုံးသပ်မိပါသည်။လူငယ်တွေ နေရာပေးမှ ဖြစ်မည်ဟု ကြွေးကြော်နေကြသည့် စီနီယာ အချို့ပင်လျှင် လက်တွေ့တွင် လက်ခံသည်ကို မတွေ့ခဲ့ရပါ။အများစု သည် ကျွန်မလိုပင် စီနီယာများ ငြိုငြင်မည်ကို စိုးကြောက်ကြသောအခါ ပြောရေးဆိုခွင့် ဆိုသည့် အသုံးအနှုန်းသည် လူငယ်များနှင့် လားလားမှ မဆိုင်တော့။ နယ်ပယ်တစ်ခုတွင် ကိုယ့်သိ ကိုယ်လေ့ထားမိသည့် အကြောင်းအရာကို တင်ပြ ဆွေးနွေးမိသည့်အခါ၊အချိန်နှင့် တပြေးညီ လုပ်ဆောင်ရမည့် တာဝန်များကို စီနီယာများအား တင်ပြချိန်မရဘဲ ကိုယ့်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လိုက်သည့်အခါ၊ထို ကိစ်္စသည် ကံအားလျော်စွာ အောင်မြင်သွားသည့် အခါ ၊သိသာ ထင်ရှားစွာ အရည်အချင်းများ ပေါ်ထွက်နေသည့်အခါ ထိုလူငယ်သည် နာခံမှု နည်းသူ၊အရိုအသေ နည်းသူ၊အဆင့်ကျော်သူ လူစွာ အဖြစ် သတ်မှတ်ခံရ တတ်တော့သည်။တာဝန် မပေးရဲခြင်းလား၊တာဝန် မပေးလိုခြင်းလား ဟုပင် တွေးခဲ့မိရသည်။ထိုအတွေးစိတ်တို့ ရှိနေသည့် ကျွန်မ၊ပြီးခဲ့သည့် ကျောင်းသား စုံညီပွဲတွင် ကျွန်မနှင့် ထိပ်တိုက် ကြုံတွေ့ရတော့သည်။ သမီး အားလပ်ချိန်များတွင် သူ ၀ါသနာပါရာ အော်ဂင်တီးရန် ဈေးနှုန်းသင့်သည့် အော်ဂင်လေး တစ်လုံး ကျွန်မတို့ ၀ယ်ပေးထားသည်။ဆရာများနှင့် စနစ်တကျ သင်ပေးထားခြင်း မဟုတ်ဘဲ သူ့ ဖေဖေနှင့်အတူ စိတ်အပန်းပြေ တီးကြခြင်း ဖြစ်သည်။ခြောက်တန်းနှစ်တွင် သမီးတို့ ကျောင်း၌ အော်ဂင် ဆရာတစ်ဦးကို ခေါ်ကာ ၀ါသနာပါသူ ကျောင်းသား ကျောင်းသူများအား လူမှုရေးဘာသာ အချိန်တွင် သင်ကြားခွင့် ပေးလာပါသည်။သမီးကိုလည်း တက်စေလိုက်သည်။သိသာတိုးတက်စွာ သမီးက တီးခတ်လာနိုင်ခဲ့သည်။ဂီတနှင့် နားဝေးသည့်ကျွန်မပင် သတိထားမိခဲ့ရသည်။သမီးက သူ့ ဖေဖေ သင်ပေးထားသဖြင့် နိုင်ငံတော်သီချင်း၊ဇာတိမာန် ၊တို့ကျောင်း သီချင်းတို့ကိုပါ တီးတတ်နေခဲ့သည်။သမီး အရည်အချင်းကို သတိထားမိလာသည့် ကျောင်းအုပ်ကြီးက ကျောင်းသားစုံညီပွဲတွင် အော်ဂင်တီးရန် သမီးကို ရွေးလိုက်တော့သည်။ ထိုသို့ အရွေးခံရခြင်းကို သမီးမှာ ဂုဏ်ယူ မဆုံး၊ကြွားလို့ မဆုံး ဖြစ်နေတော့သည်။ကျောင်းချိန်ပြင်ပ တွင် လေ့ကျင့်မှုများ လုပ်ကြရသည်။ကျွန်မတို့လည်း အပင်ပန်းခံကာ ကြိုပို့ လုပ်ရတော့သည်။ပန်းကမ်္ဘာ မျှော်စင် သီချင်းကို သမီးက တီးကာ သမီး သူငယ်ချင်းမလေးက သီဆိုမည်။လင်းလိုက်စမ်းပါ ကြယ်ကလေးရယ် သီးချင်းကို သမီးတို့နှင့် အတန်းတူပင် ကောင်လေးတစ်ယောက်က တီးကာ နောက် တစ်ယောက် ကဆိုကြမည်ဖြစ်သည်။အော်ဂင်တီးတတ်သူ နှစ်ယောက်အနက်က ကောင်လေးက ကျွမ်းကျွမ်းကျင်ကျင် တော်တော် တီးတတ်သည်။သူ့မိဘများက ငယ်စဉ်ကတည်းက ပရော်ဖယ်ရှင်နယ် ဆရာကို ခေါ်ကာ သင်ကြားပေးထားသည်။သီချင်းကြီး သီချင်းခန့် တွေထိ တီးနိုင်သူ ဖြစ်သည်။လေ့ကျင့် နေကြသည့် အချိန်တွင် ကိုယ့် အော်ဂင် ကိုယ်သယ်လာကာ ကျောင်းမှာ လေ့ကျင့်ကြသည်။သမီး အော်ဂင်က ကျောင်းမှ ပလပ်ပေါက်များနှင့် အဆင်မပြေသော အခါ ကောင်လေး အော်ဂင်ဖြင့်သာ တစ်ယောက်တစ်လှည့် လေ့ကျင့်ကြရသည်။ကောင်လေး အော်ဂင်သည် ပရိုတွေ တီးသည့် အမျိုးအစား မျိုးဖြစ်သည်။လေ့ကျင့်ချိန်များတွင် ပရော်ဖယ်ရှင်နယ် ဆရာတစ်ယောက်ကို ကျောင်းအုပ်ကြီးက ခေါ်ထားပေးသည်။စုံညီပွဲ နီးလာသည့်အခါ ထိုဆရာက နေပြည်တော် ဗိုလ်ရှုသဘင် အခမ်းအနားတွင် တာဝန်ပေးခြင်း ခံရသည်။ကျောင်းတွင် တယောသင်ကြားပေးနေသည့် ဆရာတစ်ယောက် ကို အကူအညီတောင်းကာ ထားခဲ့လိုက်ရတော့သည်။အော်ဂင်၊တယော သီချင်းဆိုသံ တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆိုတီးလေ့ကျင့် နေကြသည့် ကလေးများကို ကြည့်ရသည်မှာ အားမာန်အပြည့်နှင့် ဖြစ်သည်။လေ့ကျင့် ချိန်များတွင် တယောဆရာက အော်ဂင်တီးသူ နှစ်ယောက်အနက် သမီးကို အနည်းငယ် စိတ်မချသလို ဖြစ်နေသည်။နောက်ထပ် အော်ဂင်တစ်လုံးဖြင့် နှစ်ယောက် ပြိုင်တူ လေ့ကျင့်ကြသည်။ ကျောင်းသား စုံညီပွဲတော်နေ့တွင် စစ်တိုင်းမှူးကိုယ်တိုင် လာကြည့်မည် ဆိုသည့် သတင်းက ပွဲမတိုင်မီ တစ်ရက်အလိုတွင် သိလိုက်ရသည်။မီဒီယာများ ရုပ်သံလိုင်းများကိုလည်း ဖိတ်ကြားထားသည်။သမီးတို့ကျောင်းက စစ်တပ်အုပ်ချုပ်မှု အောက်တွင် ရှိနေသည့် နာမည်ရှိ ကျောင်းဖြစ်သည်။ကျောင်းအုပ်ကြီး ကိုယ်တိုင်က ဗိုလ်မှူးဖြစ်သည်။ကျောင်းအုပ်ကြီးက ကလေးများကို နေရာပေးပြီး နားလည်ပေးတတ်သူ ဖြစ်သည်။သူ ကိုယ်တိုင်လည်း လူလတ်ပိုင်း တစ်ယောက်ဖြစ်နေသည်။စုံညီပွဲမနက်တွင် သမီးက အလှတွေပြင်ရင်း စိတ်လှုပ်ရှားနေသည်။ကျွန်မ ကိုယ်တိုင်ပင် စိတ်လှုပ်ရှားနေမိသည်။နောက်ဆုံးအကြိမ် လေ့ကျင့်ရန်အတွက် ကျောင်းသို့ စောသွားကြရသည်။ခန်းမထဲတွင် လေ့ကျင့်မှု မလုပ်ခင် တယောကဆရာ စင်ပေါ်တွင် တီးမည့် အော်ဂင် ခလုတ်များ အား သမီးအား ပြနေသည်။အစ အဆုံး သူကိုယ်တိုင် စင်ပေးမှာ ဖြစ်ပြီး တီးရမည့် ခလုတ်များကို ပြန်လည်သင်ကြားပေးနေသည်။ကျွန်မတို့ မိဘများက ခပ်လှမ်းလှမ်းက ကြည့်နေကြရသည်။သမီးမျက်နှာ ပျက်နေသည်ကို တွေ့ရသော်လည်း ကျွန်မ စိတ်ထဲ စိတ်လှုပ်ရှားမှုကြောင့်ဟုသာ ထင်လိုက်မိသည်။ ပွဲတော် ကျင်းပမည့် ခန်းမထဲတွင် လူအပြည့် နေရာယူပြီးနေပြီ။စစ်တိုင်းမှူး ရောက်လာမည့် အချိန်ကို စောင့်နေကြခြင်းဖြစ်သည်။လေ့ကျင့်သည့် နေရာနှင့် ခန်းမသို့ အကူးလမ်းတွင် သမီးနှင့် သူ့သူငယ်ချင်မလေးတို့ အခြေအတင် စကားတွေ ပြောနေကြသည်။ကျွန်မလည်း သူတို့နောက်နား လိုက်ပါလာသဖြင့် မေးလိုက်မိသည်။ကလေးနှစ်ယောက် ပြောပြသည့်အကြောင်းအရာ ကြားလိုက်ရသည့်အခါ ကျွန်မ တစ်ကိုယ်လုံး သွေးတို့ ဆူပွက်သွားရသည်။ သည်နေ့မနက် လေ့ကျင့် တီးနေသည့် အချိန်တွင် သမီးက သတိထားမိသည်မှာ အော်ဂင်က သူမတီးဘဲ ရပ်နေလည်း တီးလုံးသံက ပုံမှန် ဆက်ထွက်နေသည်ဟု ဆိုသည်။သီချင်းဆိုမည့် ကလေးကလည်း တီဝိုင်းနှင့် ဆိုရသည့် ခံစားမှု မဟုတ်ဘဲ ကာရာအိုကေ ဆိုနေရသလို ဖြစ်သဖြင့် မကြိုက်ဟု ဆိုသည်။သမီး မျက်ဝန်းတွင် မျက်ရည်တို့ စို့နေပြီ။သူ့တီးသည့် လက်သံမဟုတ်ဘဲ တီးချင်ယောင် ဆောင်ရမည့် အဖြစ်ကို သူ လက်မခံနိုင်။သူ့ လက်သံဖြင့်သာ ပရိသတ်ကို တီးပြလိုသည်။အခမ်းအနား စရန် အနည်းငယ်သာ လိုတော့သည်။သမီးတို့ကို ထားခဲ့ကာ လေ့ကျင့်ရာ ခန်းမထဲသို့ ကျွန်မ ဒုန်းဆိုင်း ပြန်ပြေးလိုက်တော့သည်။အော်ဂင်များကို ဖြုတ်ကာ ခန်းမထဲသို့ ရွှေ့ဖို့လုပ်နေသည့် တယောဆရာဖြင့် ဆုံမိတော့သည်။အော်ဂင်ကို ဘာလုပ်ထားတာလဲဆရာ၊ဟု ကျွန်မ ပွင့်ပွင့်လင်းလင်း မေးလိုက်မိသည်။မျက်နှာပျက်ပျက်နှင့် ဘာမှ မလုပ်ဟု ဆိုသည်။”ကလေးတွေကို လျှော့မတွက်ပါနဲ့ဆရာ၊ကျွန်မတို့သာ မသိတာ ကလေးတွေ အကုန်သိနေကြတယ်”ကျွန်မ စကားသံတို့က အနည်းငယ် မာသွားတော့သည်။ထိုအခါ ”အားလုံး အကောင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားထားတာ အစ်မကြီး မနှောက်ယှက်ပါနဲ့၊စစ်တိုင်းမှူး ကိုယ်တိုင်လာကြည့်မှာ အမှားအယွင်းဖြစ်သွားလို့ မရဘူး။”တယော ဆရာကလည်း ကျွန်မကို ၀တ်္တရားနှောက်ယှက်သူ သဖွယ် တုန့်ပြန်ပါတော့သည်။ ကျွန်မ လေသံတို့ လျှော့ချလိုက်ကာ “အသံ သွင်းထားတာ မလားဆရာ ပြန်ဖျက်ပေးပါ” ဟုတောင်းဆိုလိုက်သည်။သူကလည်း လုပ်မပေးနိုင်၊သူ့စေတနာကို မစော်ကားသင့်ကြောင်း ၊ညက တစ်ညလုံး အိပ်ပျက်ခံကာ မြန်မာ့အသံတွင် ပရော်ဖယ်ရှင် တစ်ဦးဖြင့် တီးလုံသံကိုသွင်းခဲ့ရကြောင်းဆိုလာသည်။ကျွန်မ စိတ်တို့ ထိန်းမရတော့ ”ဆရာကိုယ်တိုင် အနုပညာသမား တစ်ဦးဖြစ်ပြီး ကလေးတွေကို တော်တော်ရက်စက် တာပဲ”ဟု ပြောပစ်လိုက်မိတော့သည်။နောက်ဆုံး ကျွန်မ သည်ကိစ်္စ ကျောင်းအုပ်ကြီး လုပ်ခိုင်းတာလားဟု မေးလိုက်တော့သည်။လုပ်ခိုင်းသည် မဟုတ်သော်လည်း သိပါသည်ဟု ဝေ့လည် ချောင်ပတ် အဖြေပေးသည်။ကျွန်မ အပြင်းအထန် ကန့်ကွတ်နေသည့်အခါ သူက “ဟုတ်ပြီ တီလုံးသံတွေကို အကုန်လုံး ပြန်ဖျက်ပေးမယ်။အစ်မကြီး သမီး စင်ပေါ်မှာ လက်ကွက် မမှားပါဘူးလို့ အာမခံလား”ဟု စိန်ခေါ်လာတော့သည်။စုံညီပွဲတော်ကလည်း စတင်ဖွင့်လှစ်ကြောင်း ကြေငြာသံကြားနေရပြီ။ကျွန်မ ကလည်းမလျှော့ သည်တစ်ခါ မတိုက်ဖျက်နိုင်လျှင် အမြဲတမ်းအတွက် အကျင့်ပါသွားတော့မည်ကို စိုးမိသည်။ကျွန်မ သမီး မမှားပါဘူးလို့ အာမ မခံနိုင်ကြောင်း၊ပြိုင်ပွဲ ယဉ်ပြိုင်နေသည် မဟုတ်သဖြင့် မှားပိုင်ခွင့်ရှိကြောင်း၊ကျောင်းသားစုံညီ ပွဲတော်ဆိုသည်မှာ ကျောင်းသားများ ပျော်ပျော် ရွှင်ရွှင် ပါဝင်သင့်ကြောင်း၊တီးလုံးမှားသွားသဖြင့် စစ်တိုင်းမှူး အပြစ်စကား ဆိုခဲ့လျှင် ကျွန်မ တာဝန်ယူ ဖြေရှင်းမည် ဖြစ်ကြောင်းတို့ကို ပြောလိုက်မိတော့သည်။နောက်ဆုံး ၌သမီးတို့ စင်ပေါ်တက်ခါနီး ငါးမိနစ်အလိုတွင် အော်ဂင်တွင် ထည့်သွင်းထားသည့် တီးလုံးအားလုံးကို ဖျက်ပေးလိုက်တော့သည်။ကျွန်မ ခန်းမထဲသို့ ပြန်ပြေးဝင်ကာ စင်နောက်ဘက်နားမှ သမီးတို့နှစ်ယောက်ကို အော်ပြောလိုက်သည်။ “အော်ဂင်ကို သမီးကိုယ်တိုင် တီးမှ အသံထွက်တော့မှာနော်၊ဆိုတဲ့ သမီးလေးလည်း တီးဝိုင်းနဲ့ ဆိုသလို ဆိုရမှာ သိလား ဖိုက်တင်း”။ ထို့နောက် ပရိသတ်ထဲတွင် ကျွန်မ ၀င်ရောက်နားထောင်နေလိုက်သည်။ယုံကြည်မှု အပြည့်ဖြင့် တီးနေသည့် သမီးလေး ဟန်၊ကျေနပ်မှု အပြည့်ဖြင့် သီဆိုနေသည့် သမီး သူငယ်ချင်းလေး တို့ကို ကြည့်ကာ ကျွန်မ ပီတိ မျက်ရည်ကျနေမိသည်။အမှားအယွင်းမရှိ တီးပြ၊ဆိုပြ သွားနိုင်ခဲ့သည်။စစ်တိုင်းမှူး အပါအ၀င် ပရိသတ်တို့ လက်ခုပ်သြဘာ တီး အားပေးကြသည်။စင်ပေါ်မှ ပြန်ဆင်းလာသည့် ကလေးနှစ်ယောက်ကို တယောဆရာဆီ ကျွန်မ ပြန်ခေါ်သွားပေးလိုက်သည်။ထို့နောက် ကျွန်မနှင့်အတူ စကားတစ်ခွန်းကို ဆိုစေလိုက်သည်။ “ကလေးတွေကို ယုံကြည်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဆရာ”။မူလက ကျွန်မ စိတ်တို့သည် မိခင်တစ်ယောက် စိတ် သီးသန့်သာ ဖြစ်နေသည်။သမီးတစ်ယောက်၏ ခံစားချက်ကို ဖြေရှင်းပေးလိုခြင်းဖြစ်သည်။သို့သော် တယောဆရာဖြင့် အပြန်အလှန် စကားတို့ ဆိုနေရင်းက လူငယ်အားလုံးအတွက် ကိုယ်စားပြု ပြောနေမိသည်။ကျွန်မ ဖြတ်သန်း မြင်တွေ့ခဲ့ရသည် လူငယ်များ နေရာပျောက်မှု၊ယုံကြည် မခံရမှုတို့ကိုပါ အတွေးထဲ ပြန်မြင်ယောင်လာသည်။ထိုအခါ အခွင့်အရေးကို လက်လွတ်မခံဘဲ ဇွတ်တွန်း ပြောမိခြင်းဖြစ်သည်။ ကျွန်မ နေရာတွင် အခြား မိခင် ဖြစ်နေခဲ့သော်၊ကျွန်မလို အကြောက်အလန့်မရှိ မဖြေရှင်းခဲ့သော်၊စိတ်ဒဏ်ရာ ရကာ ယုံကြည်မှုတွေ ပျောက်သွားမည့် ကလေးများ၊လူငယ်များ ဘယ်နှစ်ယောက်ရှိနေမည်လဲ ဆိုသည်ကို အိမ် အပြန်လမ်းတွင် တွေးနေမိသည်။တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် ဆိုလျှင်ဟု ဆက်တွေးမိသည်အခါ သက်ပြင်းမောမောတို့ကို သာ အသာဖွဖွ ချလိုက်မိပါတော့သည်။ ခင်သန်္တာ ၆ရက်၊၆လ၊၂၀၁၅ ခုနှစ်။ ည- ၁၂နာရီ၊၄၄မိနစ်။

0 comments:

Post a Comment