468x60

အောက်တိုဘာလထုတ်၊မဟေသီ မဂ္ဂဇင်းပါ ၀တ္ထုတို ။'ရသ ချွတ်ခြုံ '

Tuesday, October 7, 2014

                                                                        (၁)
ဒေါ်ယဉ်ယဉ်ထွန်း တစ်ယောက် ကျွန်းဆက်တီ ကုလားထိုင်ပေါ်တွင် ခြေနှစ်ဖက်စလုံး စုံတင်ပစ်ထိုင်ရင်း သမီးငယ်၏ပုံရိပ်ကို ထိုင်ကြည့်နေမိသည်။သမီးနှစ်ယောက်ကို ဆိုဆုံးမလွန်းသော မိမိကြောင့်လား၊ကလေးများကို အရွယ်မတိုင်ခင် တရားဓမ်္မများ ဟောကြားထားသည့် သူတို့အဖေကြောင့်လား။သမီးငယ်နှင့် ပတ်သက်ပြီး စိတ်ထဲ နေလို့မကောင်းသည်မှာ တစ်နှစ်နီးပါး ရှိနေခဲ့ပြီ။သမီးကြီး တက်္ကသိုလ်ဝင်တန်းအောင်တော့ ဘာသာစုံဂုဏ်ထူးထွက်သည်။ဆေးအမှတ်ကို မှီသော်ငြား သူဝါသနာပါရာ ပိုလီ တက်ချင်သည်ဟုဆိုကာ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။စင်ကာပူ အစိုးရထံမှ ပညာသင်စရိတ် အထောက်အပံ့   ရရန် အရည်အချင်း ပြည့်မီသဖြင့် မိဘများက သူ့အတွက် ပိုက်ဆံ သိပ်မကုန်ခဲ့ရ။သမီးငယ်သည်လည်း ငါးဘာသာဂုဏ်ထူးဖြင့်အောင်သည်။သူ ၀ါသနာပါရာ ဆေးတက်္ကသိုလ်တွင် ပညာသင်ကြားနေသည်။သမီးနှစ်ယောက်စလုံးပင် ငယ်စဉ်ကတည်းက စာတော်ကြသည်၊လိမ်္မာရေးခြားရှိသည်။အရွယ်ရောက်လာတော့ မိန်းကလေးတစ်ယောက်အတွက် ထိန်းသိမ်းအပ်သည့်၊တန်ဖိုးထားအပ်သည့် အရာများကိုသင်ကြားရသည်။သမီးတို့ အဖေကလည်း အခုနောက်ပိုင်း တရားဓမ်္မမှာ ပျော်မွေ့လာပြီး ပြောအပ်သည့်စကား၊ပြောသင့်သည့် စကားတို့ကိုသာ ပြောသင့်ကြောင်း နေ့စဉ် တရားဟောနေတော့သည်။ တစ်ခါတစ်ရံ ဒေါ်ယဉ်ယဉ်ထွန်းပင် သူတို့ အဖေကြောင့် စီးပွားရေးစကား ပြောရသည်ကို စိတ်မလုံတော။့
          ပြီးခဲ့သည် နှစ်လခန့်လောက်က သမီးကြီးရှိရာ စင်ကာပူနိုင်ငံသို့ သမီးငယ်လေးနှင့်အတူ လိုက်သွားကြသည်။တက်ကြွလန်းဆန်းနေသည့် သမီးကြီးမျက်နှာက ဒီမှာရှိစဉ်ကထက်ပင် ပိုလှနေသည်။သူ့အနီးအနားက လူများနှင့် လိုက်လျော ညီထွေရှိလွန်းသည်ကို တွေ့ရတော့ အပေါင်းအသင်းနည်းခဲ့ဖူးသည့် သမီးကြီးမှ ဟုတ်ပါလေစ ဟုပင် တွေးမိသည်။လှုပ်ရှားဟန်များကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမှန်း သေချာလှသည်။မြန်မာပြည်မှာ ရှိစဉ်က သမီးနှစ်ယောက်၏ ပုံရိပ်များက သိပ်မကွာခြားလှသော်လည်း ယခုနှိုင်းယှဉ်ကြည့်တော့မှ သမီးငယ်လေး၏ မျက်နှာမှာ တစ်ခုခု ပျောက်ဆုံးသလို ခံစားနေရသည်။သမီးကြီး ကျောင်းသွားတက်စဉ် အချိန်များက ဒေါ်ယဉ်ယဉ်ထွန်းတစ်ယောက် အပူပေါင်းစုံ စုစည်းနေသည်။မိဘ မမြင်ကွယ်ရာမှာ တစ်ယောက်တည်း ကျောင်းထားရမှာကို စိတ်မချနိုင်ခဲ့။မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေကို ပစ်ပြီး စင်ကာပူသို့ လိုက်ရသည်မှာ အကြိမ်ကြိမ်။သမီးတို့၏ ငယ်ဘ၀ ၀န်းကျင်က ကျဉ်းမြောင်းလှသည်၊အပေါင်းအသင်း သူငယ်ချင်းများ၏ အရေအတွက်က လက်တစ်ဖက်စာတောင် မပြည့်ချင်။ကျောင်းစာ မှလွဲ၍ ဘာမှ မလေ့လာခဲ့သော သမီးများက စာတော်တာ တစ်ခုကလွဲလျှင် ကျန်သည့် အရည်အချင်းများ နည်းပါးခဲ့ရသည်။ဒီလိုအဖြစ်ကိုလည်း အခုချိန်မှ ဒေါ်ယဉ်ယဉ်ထွန်း သုံးသပ်မိခြင်းဖြစ်သည်။ယခင်ကတော့ သမီးများ ဘာမှ မသိခြင်းကိုပင် မိမိ အသိုင်းအ၀ိုင်းကြား ဂုဏ်ယူစွာ ပြောခဲ့ဖူးသည်။
           အပေါင်းအသင်းနည်းသည့် သမီးများကလည်း စကားပြောစရာ အဖော်ဆိုလျှင် ဒီအမေ တစ်ယောက်တည်းသာ ရှိသည်ဟုထင်နေကြသည်။အမေကို ဘာမဆို ဖွင့်ပြောတိုင်ပင်တတ်သည့် အလေ့အကျင့်ကိုလည်း  မိမိကိုယ်တိုင် လုပ်ပေးခဲ့မိသလို ဖြစ်နေသည်။သူငယ်ချင်းပေါင်း ပေါင်းတော့ သူတို့ အန်္တရာယ်ဖြစ်စေမည့် အရာများကို ကြိုမြင်၊ကြိုကာကွယ်ပေးနိုင်သည် အတွက် ကောင်းသည်ဟု မှတ်ယူခဲ့ဖူးသည်။အခုတော့ ဒေါ်ယဉ်ယဉ်ထွန်း အဲဒီလို မဖြစ်စေချင်တော့။အထူးသဖြင့် သမီးငယ်နှင့် ပတ်သက်လျှင် ဖြစ်သည်။သမီးငယ် ဆေးတက်္ကသိုလ် ဒုတိယနှစ်တွင် ချစ်သူထားဖြစ်သွားသည်။အစစ အရာရာ ပြောပြနေသည့်အတွက် သမီးငယ်၏ ကောင်လေးက ဆွေကြီး မျိုးကြီးထဲ ကမှန်းသိရသည်။လူကိုယ်တိုင် တွေ့ရသောအခါ ခေတ်လူငယ် ပုံစံဖြစ်သော်လည်း ရည်ရည်မွန်မွန် ရှိသည်။ဒါကြောင့် မိမိကပဲ ချစ်သူအဖြစ် ရွေးချယ်ရန် တိုက်တွန်းမိသည်။ကောင်လေးက သမီးငယ်ထက် တစ်တန်းကြီးသည်။အနေတည်၊စာတော်သည့် သမီးငယ်ကို တော်ရုံ ယောက်ျားလေးများက မိတ်ဆွေဖြစ်ဖို့ပင် ရွံ့ကြသည်။
           ဒီလိုဆို တော့လည်း သမီးငယ်တွင် ရွေးချယ်ခွင့်က နည်းသွားသလို ဖြစ်နေသည်။အများကြားက ခေါင်းခေါက် ရွေးချယ်ရခြင်းမျိုးမဟုတ်ဘဲ အနီးနားကပ်လာသည့် သူကိုသာ လေ့လာခွင့်ရတော့သည်။ဒေါ်ယဉ်ယဉ်ထွန်း ငယ်စဉ်က အဒေါ်တစ်ယောက် ပြောဖူးသည့် အိမ်ထောင်ဘက်ရွေးချယ်သည့် ဥပမာပေးလေးကို သတိရမိသည်။
         “မိန်းကလေးတစ်ယောက် အိမ်ထောင်ဘက်ရွေးတယ်ဆိုတာ ဘုရားပွဲဈေး လျှောက်သလို လျှောက်ရတယ်အေ့။ဝင်ဝင်ချင်း ဆိုင်တန်းက ပစ်္စည်းတွေကို အကောင်းဆုံးထင်ပြီး ကြိုက်မိမှာပဲ။အဲဒါ မ၀ယ်လိုက်နဲ့အုံး၊ဆက်လျှောက်သွား နောက်တစ်ဆိုင်ရောက်တော့လည်း တွေ့တဲ့ ပစ်္စည်းက ပိုကောင်းနေရော။အဲ ဆက်လျှောက်ရင်းနဲ့ ဈေးတန်းကြီးလည်း ဆုံးသွားရော ဘယ်ဆိုင်ပစ်္စည်းက အကောင်းဆုံးလဲဆိုတာ မှန်းတတ်သွားပြီ။အဲဒီအချိန်မှ ၀ယ်လိုက်တော့။အနာအဆာ ရှိတောင် နည်းနည်းပါးပါးပဲပေါ့အေ”တဲ့။
    ဒီအတိုင်းသာဆို သမီးငယ်က ဈေးတန်းကိုပင် မလျှောက်၊ဈေးတန်းအပြင်ကနေ လှမ်းကြည့်ပြီး ၀ယ်သလိုဖြစ်နေပါပြီ။
                                       (၂)
         သမီးငယ် ချစ်သူ ထားဖြစ်သွားတာလည်း ဒေါ်ယဉ်ယဉ်ထွန်း တိုက်တွန်းချက်ကြောင့်ဆို ပိုမှန်လိမ့်မည်။ သူဖြစ်ပျက်ခဲ့သမျှ ပြန်ပြောတတ်နေတော့ ကိုယ်ကပါ ရည်းစားလိုက်ထား နေရသလို ဖြစ်နေသည်။
“မေမေ သူက နှစ်ယောက်တည်း ကော်ဖီဆိုင်သွားချင်လို့တဲ့ ခေါ်နေတယ်။အဲဒါ လိုက်သွားရမလား“”
အမေတစ်ယောက်အနေနဲ့ မယုတ်မလွန် အမေး မေးလိုက်ပါသည်။
 “သမီးက လိုက်သွားချင်လို့လား”
“မေမေပြောထားတာ ခေါ်တိုင်းလိုက်ရင် မိန်းကလေး တန်ဖိုးကျသွားမယ်ဆို”
ကိုယ်ပြောဖူးတဲ့ စကားနဲ့ ချည်နှောင် ပြန်မေးတဲ့ သမီးငယ်ကို ဒေါ်ယဉ်ယဉ်ထွန်းက
“မဟုတ်ဘူးလေ သမီးရဲ့ လူမြင်ကွင်းလို နေရာမျိုးတွေကတော့ သွားလို့ရပါတယ်။”
တစ်ခါတစ်ရံကျတော့လည်း
       “မေမေ သူကလေ ကျောင်းဝင်းထဲ ခုံမှာထိုင်ကြရအောင်တဲ့၊သမီးကတော့ ကျောင်းသူဆိုတာ စာသင်ကျောင်းခန်းထဲမှာပဲ ရှိနေရမှာ တွေ့ချင်ရင် စာသင်ခန်းထဲကို လာခဲ့လို့ ခေါ်လိုက်တယ်” လို့ဆိုပြန်ပါသည်။
       “အဲဒီတော့ သူက လာတွေ့လား” ဆိုသည့် အမေးကို
         “လာတွေ့တယ် မေမေရဲ့၊မေမေပြောတာ ဟုတ်တယ်နော် ယောက်ျားလေးတွေက သူတို့တောင်းဆိုတာ မရရင် သူက ပြန်လိုက်လျော တတ်ကြတယ်။”ဟု ပြန်ဖြေနေပါသည်။
          မကြာခဏကြားနေရတော့ “အကုန်လုံး မေမေ့ကို မပြောနဲ့ သမီးဘာသာ လိုက်သွားပြီးမှ မေ့မေ့ကို ပြန်ပြောလည်း ရပါတယ်။ခွင့်တောင်း မနေပါနဲ့။သမီးငယ်ကို မေမေယုံတယ်”လို့ ချုပ်လိုက်ရသည်။
         တစ်ရက်တော့ သမီးငယ် ကောင်လေးက အိမ်ကို လိုက်လာသည်။ကိုယ်တိုင်ကလည်း တွေ့ချင်နေသည်မို့ လာခဲ့ဖို့ ခေါ်လိုက်မိသည်။ကိုယ့်ကို “မေမေ” ဆိုတဲ့နာမ်စားထပ် တလဲလဲ သုံးပြီး သမီးငယ်နှင့် ပတ်သက်သည့်အကြောင်းတွေ ပြောနေပါသည်။
      “သူ့ကို ချစ်စကားပြောဖို့ ရှစ်လ လောက် အချိန်ယူရတာ မေမေရဲ့၊ ကျွန်တော့် သူငယ်ချင်းတွေဆို မိန်းကလေးတစ်ယောက်ကို အဲဒီလောက် စိတ်ရှည်ပြီး ဘယ်သူမှ မလိုက်ကြဘူး။”
      “ပိုးက အကုန်လုံးကောင်းပါတယ်၊စာလည်းတော်တယ်၊အနေလည်းတည်တယ်၊ချစ်ဖို့လည်းကောင်းတယ်။လူငယ်တစ်ယောက်မှာ ရှိရမဲ့ ခံစားချက်တွေ  ပျောက်နေတာပဲခက်တယ်။ဘယ်လို ပြောရမလဲ မေမေရယ် ၊ပျော်ရွှင်မှုတွေ ပျောက်နေတယ်လို့ ပြောရမလားပဲ။ပိုးနဲ့ စကားပြောတိုင်း ကျွန်တော် အဲဒီလို ခံစားရတယ်။”
         စင်ကာပူ သွားလည်စဉ်က   သမီးကြီးနှင့် သမီးငယ် ကွာခြားတာကို သတိထားမိပေမဲ့ ဒေါ်ယဉ်ယဉ်ထွန်း သေချာ မသိခဲ့။အခု သမီး ကောင်လေးပြောမှ သမီးငယ် မျက်နှာမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတာကို သတိထား မိရသည်။သူ့ကိုယ်သူ ပျော်မနေဘူး ဆိုသည်ကိုတောင် သမီးငယ် သိရဲ့လား မသိ။
          တစ်ညနေ သမီးငယ် သူ့ကောင်လေးနှင့် ဖုန်းပြောနေရင်း စကားများကြသည် ထင်သည်။ခပ်လှမ်းလှမ်းမှ တီဗွီကြည့်ရင်း အသံကို နားစွင့်နေမိသည်။
        “ရတယ်လေ စာမေးပွဲလည်း နီးနေပြီပဲ စာလုပ်ကြတာပေါ့” ခပ်အုပ်အုပ် အသံဖြင့် ပြောရင်း ဖုန်းချလိုက်တာ မြင်သည်။အမေကို လှမ်းကြည့်သော်လည်း ဘာမှ မပြောသဖြင့် ပြန်ကြည့်ရုံသာ ကြည့်လိုက်မိသည်။
         ထိုတစ်ပတ်လုံး စာကြည့်စားပွဲ မခွာတော့။ဒါပေမဲ့လည်း စာထဲအာရုံ မရောက်သည့် အချိန်က များနေတတ်သည်။အခုအချိန်ထိ အမေနှင့်အတူအိပ် နေသေးသဖြင့် ညဘက် သက်ပြင်းချသံတို့ ကြားရသလို၊ တစ်ရေးနိုးမျက်စိဖွင့်ကြည့် လိုက်မိလျှင် စိုစွတ်နေသည့် မျက်ဝန်းတို့ဖြင့် ရှိနေတတ်သည်ကို မြင်ရသည်။အမေနှင့် အတူအိပ်ရသဖြင့် ခံစားချက်များကို လွတ်လပ်စွာ ပွင့်ထွက်ခွင့် မရှိရသလို ဖြစ်နေပြီလား။ငယ်စဉ်ကတည်းက ခွဲသိပ်ဖို့ စဉ်းစားကြည့်ဖူးသော်လည်း အပျိုအရွယ် ရောက်သည်ထိ အကောင်အထည် မဖော်ဖြစ်ခဲ့။နောက်ဆုံး သမီးတို့အဖေကသာ အိပ်ယာခွဲ အိပ်သွားရသည်။သမီးကြီးသည်လည်း စင်ကာပူ ထွက်မှသာ ခွဲအိပ်ဖြစ်တော့သည်။အခုချိန်မှ ခွဲအိပ်ဖို့ ပြောကြည့်တော့ သမီးတို့ကိုယ်တိုင်က မအိပ်တတ်တော့။
         သမီးငယ်တို့ ကျောင်း စာမေးပွဲထုံးစံအရ၊ဒီနေ့ ဖြေပြီး နောက်တစ်နေ့ အောင်စာရင်းထွက်သည်။
အောင်စာရင်း ထွက်ပြီးနောက်တစ်နေ့ ကောင်လေးက အိမ်ရောက်လာသည်။ဧည့်ခန်းထဲတွင် ထိုင်ရင်း စကားပြောနေကြသည့် စကားသံအချို့ ကော်ဖီဖျော်ပေးရင်း က ကြားနေရသည်။
    “အစ်ကိုနဲ့ စကားမပြောတဲ့ အချိန်တွေတုန်းက ညီမလေး ဘာလုပ်နေလဲဟင်”         
ကောင်လေး၏ ကျေအေးစကားသံကို သမီးငယ် တုန့်ပြန်ပုံက
“ဒီလိုပဲ လုပ်နေကြ အလုပ်တွေတော့ လုပ်ရတာပဲလေ”
“ညီမလေးက စာကျက်လည်း ပျက်ပုံ မပေါ်ဘူးနော်၊ဘာမှ သိပ်မခံစားရသလိုပဲ”
ကောင်လေး၏ တစ်ဆင့်တက်စကား။
“အဲဒီလိုလည်း မဟုတ်ပါဘူး၊အမှတ်တွေ အများကြီး ကျသွားတာပဲ”
သမီးငယ်၏ ဖြေရှင်းစကားကြောင့် ကောင်လေး စိတ်တိုသွားပုံရသည်။
“ညီမလေးအမှတ်ကျသွားတာ ဂုဏ်ထူးနား ကပ်နေတဲ့အမှတ်ပါ။ခါတိုင်းလို ဂုဏ်ထူး မထွက်တာပဲရှိတာ။အစ်ကိုက မင်နီတွေ ဗလပွနဲ့ စာမေးပွဲ ကျတာလေ။”
“အဲဒါတွေကြောင့် အစ်ကို့ ကို မကြိုက်တာ၊ရန်ဖြစ်တာ ဖြစ်တာပဲ ။ကိုယ်လုပ်ရမဲ့ အလုပ်ကို လုပ်ရမှာပဲ။အစ်ကိုက ခံစားချက်ကို ဦးစားပေးလွန်းတယ်။
       “ဟုတ်တယ်၊အစ်ကိုက ခံစားချက်ကို ဦးစားပေးတယ်။ညီမလေးကတော့ ခံစားချက်ကို မရှိတာ။မရှိတာမှ လူငယ်တစ်ယောက်မှာ ရှိရမဲ့ ခံစားချက် ဆိုတာကိုတောင် မသိတာ။လူငယ်တစ်ယောက်အနေနဲ့ စိတ်ခံစားချက်အတိုင်း တုန့်ပြန်ရမှာပဲ။စိတ်တိုနေရင် ၊ချစ်သူနဲ့ပတ်သက်ပြီး အသဲကွဲနေရင် စာလည်း ကျက်ချင်စိတ်မရှိဘူး။ညီမက ကိုယ့်ဘာသာ ပျော်လား၊မပျော်ဘူးလား ဆိုတာတောင် သိမနေတာ၊”
ဒေါ်ယဉ်ယဉ်ထွန်း ကြားနေရသည့် စကားသံတို့က ပြင်းထန်လာသည်ထင်သည်။ကောင်လေးက မောသွားဟန်ဖြင့် ခေတ်္တနားလိုက်သည်။

       “ညီမနဲ့ ရန်ဖြစ်တော့ ခံစားရတယ်။သူဘာလို့ ငါ့ကို နားမလည်နိုင်ရတာလဲလို့ တွေးပြီး စိတ်မကောင်းဖြစ်တယ်။အစ်ကိုက ကျောင်းရဲ့လှုပ်ရှားမှုတွေ အာလုံးမှာ ပါဝင်တယ်။စာဘက်မှာ နည်းနည်းပါးပါး ပေါ့လျှော့ သွားပေမဲ့ ဆရာဝန် မဖြစ်သည်ထိတော့ မလုပ်ပါဘူး။ညီမကတော့လူငယ်တွေ လုပ်ရမဲ့တာဝန်ဆိုတာလည်းမသိ၊အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ဆိုတာလည်း ဝေး၊တက်္ကသိုလ် ကျောင်းသူနဲ့ တူတာဆိုလို့ ကျောင်းတက်တာနဲ့ စာကျက်တာပဲရှိတယ်””
           ကောင်လေးက သမီးငယ်ကို ဝေဖန်ပြောဆိုလာသည်။အရှိန်တက်နေကြသည့် စကားဝိုင်းထဲ မ၀င်ဘဲ ထမင်းစားခန်းထဲက ကုလားထိုင်ပေါ်တွင်ထိုင်ရင်း နားစွင့်နေမိသည်။
           “ညီမ စဉ်းစားကြည့်၊အစ်ကိုတို့လို စုံတွဲတွေကို ကျောင်းဝန်းထဲ နေရာအနှံ့တွေ့ရသလို။အပြင်ကော်ဖီဆိုင်မှာ၊အအေးဆိုင်မှာ၊ရုပ်ရှင်ရုံတွေမှာလည်း မြင်နေရတယ်။အစ်ကိုလည်း ချစ်သူ သဘာဝ အတူတွဲသွားချင်တာပဲ၊ညီမ ကိုခေါ်မိရင် အရွယ်နဲ့ မလိုက်နဲ့ စကားသံတွေပဲ ကြားရတယ်။ကြာလာတော့ အစ်ကိုလည်း စိတ်ပျက်မိတာပဲ”။တစ်ခါတစ်လေ အစ်ကိုတွေးမိတယ်။အစ်ကို ကို့ တစ်ကယ်ချစ်တာ ဟုတ်ရဲ့လားလို့။တစ်ကယ်ချစ်မိရင် ခံစားတတ်ကြတာပဲဟာ။”
ကောင်လေး၏ စကားကြောင့် ဒေါ်ယဉ်ယဉ်ထွန်း ကြားထဲကနေ မရိုးမရွ ဖြစ်လာသည်။“ပြောလိုက်ပါလား သမီးငယ်ရယ် ညီမလည်း ခံစားနေရပါတယ်လို့၊တစ်ကယ်ချစ်တာပါတို့”ဒေါ်ယဉ်ယဉ်ထွန်း ပါးစပ်မှ တီးတိုးပင် ထွက်သွားမိသည်။
“အဲဒီလိုတော့ မဟုတ်ပါဘူး”
ဘယ်လို မဟုတ်မှန်းမသိသည့် အဖြေစကားမကျ စကားသံကိုသာ သမီးငယ်ထံမှ ကြားလိုက်ရသည်။သည်လိုနှင့် ချစ်သူနှစ်ဦး ဖြေရှင်းမှုက ပြီးဆုံးသွားကြသည်။

                                     (၃)
          မပြီးဆုံးနိုင်သည်က ဒေါ်ယဉ်ယဉ်ထွန်းပဲ ဖြစ်သည်။သမီးငယ် တစ်ကယ်ချစ်ပြီး၊တစ်ကယ်ခံစားနေရသည်ကို သိနေသည်။
          “သမီးငယ်ကလည်း ပြောလိုက်တာ မဟုတ်ဘူး၊သမီးလည်း ခံစားရတာပဲဟာ။သူ့တစ်ယောက်တည်း ဖြစ်နေတာမှ မဟုတ်တာ”။
သမီးကိုပင် ဖွင့်ပြောလိုက်မိသည်။
“ပြောရမဲ့ စကားမဟုတ်ဘူးလားလို့ တွေးမိလို့ပါ။သူ သိမယ်လည်း ထင်လို့။ပြီးတော့ သူခေါ်တိုင်းလည်း မလိုက်သင့်ဘူးထင်လို့ ဘယ်မှ သိပ်မသွားခဲ့တာ။”မပွင့်တပွင့် တုန့်ပြန်လာသည်။
           “အလိုတော်  --- ချစ်သူဘ၀မှာ ချစ်တယ်လို့ပြောတာ ၊သတိရတယ်လို့ ပြောတာ ပြောရမဲ့
စကားပေါ့ဟဲ့၊တစ်ချို့စကားတွေက သိပြီးသားပေမဲ့ ပြောပေးရတယ်။ကြားချင်တာပေါ့။”
          ဒေါ်ယဉ်ယဉ်ထွန်းပင် သမီးငယ်ကို စိတ်မရှည်ချင်တော့။
 “ကျောင်းက အတွဲတွေမှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို အရမ်းလိုက်လျော နေသလားလို့”
သမီးငယ်က ဘာကို တွေးမိသွားပြီး ပြောလိုက်သည် မသိ။
 “သမီးရယ် ချစ်သူထားတယ်ဆိုမှတော့ လက်လေးကိုင်၊ပါးလေးတော့ နမ်းချင်ကြမှာပေါ့။မေမေ ပြောတဲ့ တန်ဖိုးဆိုတာ အပျိုဂုဏ်ကို မပျက်အောင်ထိန်းရင် ရပါပြီ။”
သမီးကို ပြောလိုက်ပြီးမှ ဒေါ်ယဉ်ယဉ်ထွန်း တွေးမိသည်၊အမေ တစ်ယောက်အနေဖြင့် သိပ်များ ရက်ရောလွန်းသွားပြီလား။
ဟိုတစ်နေ့ ဖတ်ဖြစ်သည့်  ဖေ့စ်ဘွတ်ထဲမှ ကာတွန်း ဟာသလေးတစ်ပုဒ်ကို အတွေးက ရောက်သွားသည်။ဖေ့စ်ဘွတ်ကို သမီးငယ်က သူ့အကောင့်ဖွင့်ထားသော်လည်း ဒေါ်ယဉ်ယဉ်ထွန်းက ကိုယ်စားသုံးပေးနေရသည်။အဲသည်လောက်ထိ လူငယ်မဆန်သည့် သမီးပါလေ။ကာတွန်းပုံထဲတွင် ကောင်မလေးက စကပ်အတို ၀တ်ထားပြီး ခါးပတ်ကို ဒူးခေါင်းနေရာတွင်ပတ်ထားသည်။ကောင်လေးက
       “ခါးပတ်ကို ဘာဖြစ်လို့ ခါးမှာမပတ်ဘဲ ဒူးခေါင်းမှာ ပတ်ထားရတာလဲ ” ဟုမေးသောအခါ  “မေမေက ချစ်သူနဲ့တွေ့ရင် ခါးပတ် အောက်ပိုင်း ပေး မထိရဘူးလို့မှာထားလို့” ဟုကောင်မလေးက ပြန်ဖြေသည်။ခေတ် အခြေအနေ ပုံရိပ်ကို ပုံဖော်ထားသည့် ကာတွန်းလေးဖြစ်မည်။
          သမီးနှင့်သူ့ကောင်လေး၏ မအီမလည်ဇာတ်လမ်းကြား ဒေါ်ယဉ်ယဉ်ထွန်း လည်း ရင်လိုက်မော နေမိသည်။
ဒီနေ့ နေ့လည် ကောင်လေး အိမ်ရောက်လာသည်။ဗယ်လင်တိုင်း အထိမ်းအမှတ် ဟုဆိုကာ သူကိုယ်တိုင်လုပ်ထားသည့် ဟန်းမိတ် ပို့စ်ကတ်လေးပေးသည်။သမီးငယ်ကတော့ ဒီနေ့ ဗယ်လင်တိုင်းဒေး ဖြစ်ကြောင်း ကောင်လေးပြောမှ သိသည်။ဒေါ်ယဉ်ယဉ်ထွန်း အမှတ်တမဲ့ လှမ်းကြည့်ပြီး ဧည့်ခန်းနှင့်ကပ်ရပ် ထမင်းစားခန်းထဲသို့ ၀င်လိုက်သည်။ပို့စ်ကတ်လေးက ချစ်စရာလေး ဖြစ်သည်။ပျော်ရွှင်သွားသည့် သမီးငယ်မျက်နှာလေးကို မြင်လိုက်ရတော့ ကျေနပ်သွားရသည်။
 “အစ်ကို ကိုယ်တိုင်လုပ်ထားတာ ကြိုက်လား”ကောင်လေးမေးနေသံကြားရသည်။
“အင်း  ချစ်စရာလေး၊ ကြိုက်ပါတယ်” သမီးငယ် တုန့်ပြန်သံ အေးစက်စက်နိုင်လှသည်။
 “အစ်ကို ကို့ တစ်ခုခုပြောအုံးလေ” ကောင်လေး၏ လေသံက နိမ့်ပြီးပြောသော်လည်း ကြည်နှူးသံတို့က အပြည့်။
 “ကျေးဇူးတင်ပါတယ်”
 “ဟာကွာ အဲဒီစကားက လူတိုင်းကို ပြောနေကျ စကားလေ” အားမလို အားမရ ကောင်လေး လေသံက အနည်းငယ် ကျယ်လောင်သွားသည်။
 “ဒါဆို တစ်ကယ် ကျေးဇူးတင်ပါတယ်”
“တော်ကွာ”
 “၀ုန်း”
တံခါးပိတ်သံနှင့်အတူ ကောင်လေး ပြေးထွက်သွားသံကြားလိုက်ရသည်။
ဒေါ်ယဉ်ယဉ်ထွန်း ဧည့်ခန်းထဲရောက်လာတော့ ပို့စ်ကတ်လေး ကိုင်ထားပြီး မျက်ရည်ဝဲနေသည့် သမီးငယ်ကို တွေ့လိုက်ရသည်။ကောင်းလေးကို တစ်ခေါက်ပြန်လာကြည့်စေချင်သည်။ခံစားချက် မရှိဟု သူထင်ထားသည့် သူ့ချစ်သူ ပုံစံကို မြင်စေချင်သည်။အီလီကလီ ပြီပြီတီ မဟုတ်တောင် သမီးငယ်ကို တီတီတာတာ ချွဲချွဲနွဲ့နွဲ့တော့ ပြောတတ်စေချင်သည်။
                                  (၄)
         သမီးငယ် အဖြစ်ကိုကြည့်ရင်း  ကြည့်ဖူးသည့် ရုပ်ရှင်တစ်ကားကို ပြန်သတိရသွားသည်။ရုပ်ရှင်ကားနံမည်က  ဏနမ်နခအ  ဃငအပ  ဟု ထင်သည်။သေချာမမှတ်မိတော့။မြို့ပြနှင့် ကင်းဝေးသည့် နေရာတွင် အစစအရာရာ ပြည့်စုံသည့် မြို့တစ်မြို့တည်ထားသည်။တည်ထောင်သူ သိပ်္ပံပညာရှင်က ထိုမြို့၏ မြို့တော်ဝန်ဖြစ်သည်။လူနေအိမ်များ၊ခေတ်မီအသုံးအဆောင်များကို ပင် ပြည့်စုံအောင် ဖြည့်ဆည်းထားသည် မဟုတ်။လူတွေကိုပါ ပြည့်စုံသည့် လူတစ်ယောက်အဖြစ် စီမံထိန်းချုပ်ထားသည်။အိမ်ရှင်မတစ်ယောက်သည် ဘယ်လောက် အိမ်မှုကိစ်္စ လုပ်ရ လုပ်ရ ၊ပင်ပန်း နွမ်းခြင်းမရှိ၊မတော်တဆ ဂတ်စ် မီးဖိုးထဲသို့ လက်ဝင်သွားလျှင် ပူလောင်မှုကို လက်ကမခံစားလိုက်ရ။
          ချစ်ခြင်းမေတ်္တာမလို၊ယောက်ျားများ အလိုရှိချိန်တွင် မိန်းမများက အမြဲ အဆင်သင့် ဖြစ်နေကြသည်။ပိုက်ဆံဆိုသည်ကိုလည်း ရှာစရာ မလို။ဖဲကစားနေကြရင်း ငွေလိုလျှင်ပင် မိန်းမကိုခေါ်ပြီး ၀မ်းဗိုက်မှ ပိုက်ဆံထုတ်ယူလိုက်သည်။ယုတ်စွအဆုံး
 အိမ်မှာ မွေးထားသည် ခွေးကပင် ခွေးတစ်ကောင်၏ အမူအကျင့် မရှိတော့။ဦးနှောက် အသိဥာဏ်ကို စက်များဖြင့် ထိန်းချုပ်ထားသည့်တိုင်  ဘာမှ မလိုအပ်လောက် ပြည့်စုံနေကြသောအခါ  တစ်မြို့လုံးရှိ မြို့သူ၊မြို့သားများက ငြီးငွေ့လာကြသည်။ထိုအချိန်တွင် မြို့ပေါ်မှ ဇာတ်လိုက် စာရေးဆရာမ တစ်ယောက်က ထိုမြို့သို့ ပြောင်းရွှေ့လာသည်။အကြောင်းအရင်းကလည်း မှန်လွန်းသော သူ့အတွေးအခေါ်၊သူ့ အပြောများကြောင့် မြို့မှနှင်ထုတ်ခံရခြင်းဖြစ်သည်။ထိုစာရေးဆရာမက ဦးဆောင်၍  ခံစားချက်မဲ့ ပြည့်စုံခြင်း ကို တွန်းလှန်လိုက်ကြသည်။ထို့နောက် လူသားပီသစွာ ဆက်လက် နေထိုင်သွားကြသည်။
        လူတွေတင် မဟုတ်၊အသီးအနှံများပင် အော်ဂဲနစ် အသီး၊အနှံများက အနာအဆာရှိနိုင်သော်လည်း အန်္တရာယ် ကင်း ပြီး ပိုချိုမြိန်သည်။ဂျီအမ် စနစ်ဖြင့် စိုက်ပျိုးထားသည့် အသီးအနှံများကတော့ အမြင်ကလှပသေသပ်မည်။အလုံးအထည် ကြီးထွားမည်။အော်ဂဲနစ်နှင့်ယှဉ်ရသော် သူက ပိုပြည့်စုံသလို ထင်ရ၍ အစပိုင်းတော့ လူများအကြိုက် တွေ့ကြသည်။နောက်တော့လည်း အော်ဂဲနစ်ကိုသာ ပြန်လည်တန်ဖိုးထားလာကြသည်။သဘာဝတရားအတိုင်းကိုသာ လူများ လက်ခံကြခြင်းဖြစ်သည်။ထိုသို့ဆိုလျှင် လူ့စိတ်သဘောကိုရော၊သမီးငယ်နှင့် ပတ်သက်ပြီး ဒေါ်ယဉ်ယဉ်ထွန်း ဆက်တွေးကြည့်နေမိသည်။
         ကောင်လေး ပေါ်မလာသည်မှာ လပေါင်းများစွာကြာသွားပြီ။သူတို့ချင်း ဖုန်းအဆက်အသွယ် ရှိ၊မရှိတော့မသိ။သမီးငယ်၏ အမူအရာများက ပိုလို့လျှို့ဝှက်သွားသည်။မနေ့ညက ဗွီဇက်အိုဖြင့် သူတို့ ညီအစ်မ စကားပြောနေကြသည်။  သမီးကြီး၏ တက်ကြွ ပျော်ရွှင်နေသော မျက်နှာကို  ကြည့်ရင်း သမီးငယ်၏ပျော်ရွှင်မှု ပျောက်ဆုံးနေသော မျက်နှာက ပိုလို့သိသာနေသည်။ ဒေါ်ယဉ်ယဉ်ထွန်း တစ်ယောက် ကျွန်းဆက်တီ ကုလားထိုင်ပေါ်တွင် ခြေနှစ်ဖက်စလုံး စုံတင်ပစ်ထိုင်ရင်း သမီးငယ်၏ပုံရိပ်ကို ထိုင်ကြည့်နေမိသည်။သမီးနှစ်ယောက်ကို ဆိုဆုံးမလွန်းသော မိမိကြောင့်လား၊ကလေးများကို အရွယ်မတိုင်ခင် တရားဓမ်္မများ ဟောကြားထားသည့် သူတို့အဖေကြောင့်လား။အဖြေရှာရင်း သမီးငယ်နှင့် ပတ်သက်ပြီး စိတ်ထဲမှာ နေလို့မကောင်း။ဦးနှောက်အသိဥာဏ် ဖွံ့ဖြိုးမှုကို ဦးစားပေးလွန်း၍ နှလုံးသားခံစားချက်တွေ ပျောက်ဆုံးကုန်ပြီလား။စာရေးဆရာများ၏ စကားကို ငှားသုံးပြီး ပြောကြည့်ရလျှင် သမီးငယ်တစ်ယောက်  ရသ ပျောက်ဆုံးနေတာ ဖြစ်ပါလိမ့်မည်။

0 comments:

Post a Comment