468x60

“မျက်ဖြေ”

Sunday, October 19, 2014

        ခြောက်နှစ်တာ ကာလအတွင်း ပြန်မရောက်ဖြစ်တဲ့ နန်းရဲ့ဒေသလေးက နန်း ကို နွေးနွေး ထွေးထွေး ကြိုဆိုနေတုန်းပါပဲ။လမ်းပန်းဆက်သွယ်ရေးတွေ အရင်လို မခက်ခဲမှု၊ ခေတ်မီ တိုးတက် လာတဲ့အဆောက်အအုံတွေ ပြောင်းလဲမှုရှိနေပေမဲ့  နန်း တို့ဒေသလေးက လုံးဝပုံစံပြောင်းသွားတာတော့ မဟုတ်ပါဘူး။ကမ်္ဘာတစ်ဝှန်း လုံးမှာ သစ်တောပြုန်းတီးမှုကြောင့် ပူနွေးတဲ့ဒဏ်ကိုခံနေကြရပေမဲ့ တောင်ဂတုန်း မဖြစ်သေးတဲ့  နန်း တို့ရဲ့ တောင်တန်းကြီးတွေကြောင့် နန်း တို့ဒေသက အေးမြ နေ ဆဲပါ။ဒီဒေသလေးကို ခြောက်နှစ်နှစ် လုံးလုံး နန်းပြန်မလာဖြစ်တာ မောင့် မျက်လုံး မောင့်အမုန်းတွေကို ရင်ဆိုင်မရဲလို့ဆိုရင် မောင်ယုံနိုင်ပါ့မလား။အင်းလေ မောင်က  နန်းကိုဆိုရင် အတ်္တကြီးတဲ့မိန်းမ အသည်းမာတဲ့ မိန်းမရယ်လို့ ၀ိသေဿထူးတွေ ပေးထားတာကိုး။
     ရှမ်းကုန်းမြင့်ကြီးတွေကို ဖြတ်လာပြီဆိုရင်ပဲ နန်း တစ်ယောက် အထက် တန်းကျောင်းသူ ဘ၀တုန်းက ဒီဒေသလေးမှာ စက်ဘီးတစ်စီးထဲ နှစ်ယောက် အတူစီးပြီး ကျောင်းတက်ခဲ့ရတာတွေ၊အအေးဒဏ်ကို အကြောင်းပြလို့ မောင့်နောက် ကျောကို တိုးကပ် ခေါင်းမှီရင်း စက်ဘီးနောက်က ထိုင်လိုက်ခဲ့ရတာတွေ၊ဒီ အဖြစ် တွေကို တမ်းတ နေတော့တာ မဟုတ်ပေမဲ့ မမေ့နိုင်သေးပါဘူးလို့ဆိုရင်မောင်တစ်  ယောက် ဟားတိုက် လှောင်ရယ်နေအုံးမလား။မောင်ပြောနေကျ စကားအတိုင်း “ဒေါ်နန်း ရယ် ခင်ဗျားကတော့ ကြီးကြီးပြော ကျယ်ကျယ်ပြန့်ပြန့် တွေး ပြီးတော့ ကြောင်ကြောင် တောင်တောင် အလုပ်တွေ လုပ်တတ်ပါပေတယ်”တဲ့။မောင် စိတ်ဆိုးရင် နန်းကို ဒေါ်တပ်ခေါ်တာတွေ ခင်ဗျားတစ်လုံး ကျူပ်တစ်လုံးနဲ့ စကားပြော တတ်တာတွေ အရာရာကို သတိရနေဆဲပါ မောင်။
    စာသင်ချိန်တွေမှာ နန်းရဲ့စိတ်ကို ဘယ်အရာကမှ မလွှမ်းနိုင်ပေမဲ့ အဆောင် ပြန်ရောက်လို့  ခဏနားနေချိန်တိုင်းမှာ ခုချိန်ဆို မောင်တစ်ယောက် ဘာတွေ လုပ်နေမလဲလို့ တွေးမိတယ်။ရန်ကုန် သူနာပြုတက်္ကသိုလ်ရဲ့ အဆောင် မှာတော့ နန်းရဲ့ အခန်းဖော် သူငယ်ချင်းက ကရင်မလေးလေ။နန်းတို့တက်ရတဲ့ နှစ်တွေတုန်းက မန်္တလေးသူနာပြုတက်္ကသိုလ် ဆိုတာ မရှိသေးတော့ မြန်မာတစ်နိုင်ငံ လုံးရဲ့ နေရာဒေသ အသီးသီးက နန်းနဲ့ ၀ါသနာတူ ညီအစ်မတွေကို တွေ့ဆုံ ပေးတဲ့ ဒီတက်္ကသိုလ် ကြီးကို  နန်းဘ၀မှာ မောင်ပြီးရင် သံယောဇဉ် အရှိဆုံးပါ။
    စာသင်နှစ်ဝက် လောက် မှာ တစ်ယောက်အကြောင်း တစ်ယောက်သိလာ ကြတော့ နန်းရဲ့ အခန်းဖော် “နော်ဖောမူး”ကို မောင့်အကြောင်း အလွမ်းပြေ ရင်ဖွင့်မိတယ်။“မနော်ရယ် ငယ်ကချစ်အနှစ်တစ်ရာ မမေ့သာတဲ့၊အချစ်ဦးကို တစ် သက်လုံး မေ့လို့ မရဘူးဆိုတာ တစ်ကယ်လားဟင်”လို့မေးမိတော့ မနော်ကတော့ ကရင်မလေးပီပီ “နန်းရယ် အတိတ်မေ့တတ်တဲ့ သူ မဟုတ်ရင် ကိုယ့်ဘ၀မှာ ဘယ်သူ့ကို အရင်ဆုံး ချစ်ခဲ့မိတယ်
ဆိုတော့ ကို ဘယ်မေ့နေပါ့မလဲ၊တမ်းတမ်းတတ ဖြစ်နေပြီး မမေ့နိုင်တာကို ပြောတာမဟုတ်ဘူး ထင်ပါတယ်ဟယ်”တဲ့။ဘွင်းဘွင်းကြီး ပြောချ လိုက်တယ်။ပြီးတော့ မနော်က ပြောသေးတယ် “နန်း နင် အသည်းသိပ်ကွဲ နေတယ် ထင်ရင်လည်း နင့်အသည်း ဆူပါဂလူးသာ ကပ်ထားလိုက်တော့ ငါ ကြားရတာ နားကြားပြင်း ကပ်လာပြီတ”ဲ့။လက်တွေ့ဆန်တဲ့ မနော်ရဲ့ စကားတွေ ကြောင့် စာသင်နှစ် လေးနှစ်တာ ကာလကို နန်းတစ်ယောက် အဓိပ်္ပါယ်ရှိရှိ ကျော်ဖြတ်နိုင်ခဲ့တာပါ။
      စာသင်နှစ်ရဲ့ ဒုတိယနှစ်ဝက်မှာတော့ မောင်တစ်ယောက် လက်ထပ် သွားပြီ ဆိုတဲ့သတင်း တစ်ဆင့်စကားနဲ့ကြားလိုက်ရပါတယ်။မောင့် ဇနီးက နန်းတို့မြို့သူတော့ မဟုတ်ဘူးတဲ့။အသည်းကွဲတယ်ဆိုတဲ့ အရသာကို အသည်း မကွဲဖူးတဲ့သူတွေ ကတော့ ဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲ။တက်္ကသိုလ် တန်းဝင် တွေအောင် ပြီးတဲ့နှစ်မှာ မောင့် ကို မောင့်အိမ်က မိဘအလုပ်အကိုင်ဖြစ်တဲ့ လက်ဖက်ခြောက် ပွဲရုံမှာပဲ ထိုင်စေခဲ့ပြီး အဝေးသင် ဆက်တက် စေခဲ့တယ်နော်။နန်းကတော့ နန်းဝါသနာ ပါတဲ့ သူနာပြု တက်္ကသိုလ် တစ်ခုထဲကိုပဲ လျှောက်ခဲ့တာပါ။မောင်တို့လောက် စီးပွားရေးမပြေလည်ဘဲနဲ့ နန်း တက်္ကသိုလ်သွားတက်ဆိုတော့ လူတွေက နန်းကို မိဘကို မငဲ့ညှာဘူးလို့ စွတ်စွဲခဲ့ကြတယ်နော်။
     မောင်ကလည်း မောင်အိမ်မှာ တစ်ဦးတည်းသားဖြစ်သလို နန်းကလည်း နန်းအိမ်မှာ တစ်ဦးတည်းသော သမီးပါ။နန်းအဖေက မောင့်ဖေဖေလောက် ၀င်ငွေ မများ ပေမဲ့ “သမီး ၀ါသနာပါတဲ့ အလုပ်က မွန်မြတ်တဲ့အလုပ်ပဲ၊သူနာပြု တက်္ကသိုလ်ကို စိတ်ဖြောင့်ဖြောင့် သွားတက်ပါ။ဖေဖေတို့မှာ ဒီသမီးတစ်ယောက် ပဲရှိတာ၊ဖေဖေ သမီးကိုကျောင်းထားနိုင်တယ် မိသားစုကလည်း များကြတာမှ မဟုတ်တာ။သမီးမေမေရဲ့ အိမ်ဆိုင်လေးကလည်း မိသားစုဝင်ငွေကို တစ်ဖက် တစ်လမ်း ထိန်းပေးနိုင်ပါတယ်။သမီးကို တက်္ကသိုလ်ပို့တာ ဖေဖေတို့အတွက် အတွက် မနိုင်ဝန်ထမ်းတာ မဟုတ်ပါဘူး သမီး”တဲ့။
     မောင်နဲ့နန်း မိသားစုနည်းကြတာချင်း တူပေမဲ့ မောင့်အိမ်က မောင့်ကို ဘယ်မှ မလွှတ်ချင်ဘဲ သူတို့မျက်စိအောက်မှာပဲ ထားလိုသူတွေ။နန်းမိဘတွေ က တော့ အမြင်ကျယ်တယ်ပြောရမလား၊ခေတ်မီတယ်ပဲ ပြောရမလား၊နန်းကို ဒေသ ပေါင်းစုံမှာ လူမျိုးပေါင်းစုံနဲ့ သိကျွမ်းပြီး အသိပညာသစ်၊ အတတ်ပညာသစ် တွေရ စေချင်သူ၊နန်းကို မိသားစု တစ်ခုထဲ၊နေရာဒေသတစ်ခုထဲမှာ မမြုပ်နှံ စေချင်လိုသူတွေ။မောင့်ကို မောင်မိဘတွေက အိမ်ထောင်ပြုပြီး ဇနီးမယား၊ သမီးသားတွေနဲ့ သူတို့နားမှာ သိုက်သိုက်ဝန်ဝန်း နေခိုင်းနေချိန်မှာ နန်းမိဘတွေ ကတော့ သူတို့နားထွက်ခွာဖို့ နန်းကို အတောင်ပံအသစ်တွေ တပ်ပေးနေချိန်ပေါ့။
     “နန်းရယ်  အဝေးသင်ပဲတက်ပါ၊ငါတို့ အကြာကြီးခွဲဖို့ မလိုဘူးပေါ့။သူနာပြု ဖြစ်ရင် တာဝန်ကျရာနေရာတွေသွားရမှာ၊ကိုယ့်အရပ်ကိုယ့် ပြန်ရဖို့အချိန် ယူရမယ်။နင့်မိဘတွေ အရေးအကြီးဆုံးအချိန်မှာ နင်မရှိနိုင်မှာ မကြောက်ဘူးလား”
လို့ မောင်က ဆိုလာတယ်။“သွားရေးလာရေးခက်လို့ အသက်မသေသင့်ပဲ သေကြရတဲ့ သူတွေရှိတယ်၊ ဆေးဝန်ထမ်းတွေ လောက်လောက်ငှငှ မပေးနိုင်လို့ ကျန်းမာရေး အခက်ကြုံနေရတဲ့ ဒေသတွေမှာ  တာဝန်သွားထမ်း ချင်ပါသေးတယ်၊ တိုင်းပြည်တာဝန် ကို တစ်ဖက် တစ်လမ်းက ကူကြည့် တာပေါ့။ပြီးတော့ နန်းအဖေ နဲ့ အမေက အခုကျန်းမာ နေတာပဲ သူတို့မကျန်းမမာဖြစ်တဲ့ အချိန်ကျရင်လည်း နန်း ပြန်လာပြီး ပြုစုပေးလို့ ရတာပဲ” လို့ဆိုမိတော့ “ဒေါ်နန်း ဘုတ်အုပ်ထဲက စာ စကားတွေလျှောက် ပြောမနေနဲ့ ခင်ဗျားပြောပုံက သူနာပြု မလုပ်ရင်ပဲ တိုင်းပြည်ကို အကျိုးမပြုတဲ့သူလို ဖြစ်နေပြီ၊ ခင်ဗျားမသွားလည်း အဲဒီဒေသတွေမှာ  သူနာပြု ဆရာမတွေက ရှိပြီးသားပါ၊ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူးဟာ”။တဲ့ မောင်ကတော့ ပစ်ပစ်နှစ်နှစ်ဝေဖန်ခဲ့တယ်။နန်းကလည်း အားကျမခံ “မောင့်လိုသာတွေးပြီး မသွားပဲနေကြရင် အဲဒီဒေသတွေမှာ သူနာပြုတွေရှိနေပါ့မလား”လို့ပြန်ပြောခဲ့တယ်။
      “နောက်ပြီး အခု နန်းတို့အရွယ်ကအိမ်ထောင်ပြုရမဲ့ အရွယ်တွေမှ မဟုတ်သေးတာ မောင်ရယ် နန်းကျောင်းပြီးသွားလို့ အလုပ်ဝင်တဲ့ အချိန်ရောက်ရင်လည်း မောင်နဲ့ ယူလို့ ရတာပဲမလား။”လို့ဆိုတော့ “နန်း နင် တာဝန်ကျတဲ့ နောက်ကို မောင်က လျှောက်လိုက် ရမယ်ပေါ့ ဟုတ်လား၊ ပြီးတော့ မောင့်အိမ်က မောင့်ကို  အခု တစ်နှစ် နှစ်နှစ်အတွင်း အိမ် ထောင်ပြုစေချင် နေတာ”။တဲ့ နန်းက“နန်းကို  ယူရင်ရော  မောင့်အိမ်က သဘောကျမှာ မို့လို့လား ဆိုတော့”။ “အခုနန်းက မောင့်ကိုယူမယ်ဆိုရင် အဲဒါတွေ ရင်ဆိုင်ရဲပါတယ်လို့” နန်းမေးခွန်းနဲ့ မသက်ဆိုင်တဲ့ အဖြေကို မောင်ကပေးခဲ့ တယ်လေ။ဒီလိုနဲ့ပဲ နန်းနဲ့မောင် ဘယ်သူကမှ လမ်းခွဲစကားမပြောခဲ့ရပဲ ညောင်ညိုပင်ဇာတ်လမ်း တစ်ခန်းရပ် ခဲ့ကြတယ်နော်။
      လေးနှစ်တာကာလရဲ့ စာသင်နှစ်အပြီးမှာတော့ နန်းဒေသကို မပြန်ဖြစ်တော့ဘဲ ဆရာမတစ်ယောက်အကူအညီနဲ့ ရန်ကုန်ကအပြင်ဆေးရုံတစ်ခုမှာနန်း အတွေ့အကြုံရအောင် ၀င်လုပ်နေလိုက်တယ်။ပိုစတင်ကျလာတော့ နန်းက မနော်တို့ရဲ့ ဒေသကို တာဝန်ကျပြီး၊မနော်ကတော့ မြစ်ဝကျွန်းပေါ်ဒေသကို တာဝန်ကျခဲ့ကြတယ်လေ။ပွင့်လင်းတဲ့ ကရင်တိုင်းရင်းသားတွေကြား နန်းပျော်နေတယ် ဆိုပေမဲ့ “ ဇွဲကပင်” တောင်ကြီးကို ကြည့်နေရင်းက ရှမ်းရိုးမ ကိုပဲ မျက်စိထဲမြင်ယောင်နေတာတွေ၊ တာလပေါဟင်း စားနေရင်း က ရှမ်းပဲပုတ်ကို လွမ်းနေတာရတွေကတော့ ဒေသအစွဲကြောင့်ဆိုတာ နန်းဝန်ခံပါတယ်။
      နန်းအဖေနဲ့အမေကတော့ ကျန်းမာစွာဖြင့် တာဝန် ထမ်းဆောင်ဆဲပါ ဆိုတဲ့ နန်းရဲ့ စာချွန်လွှာတွေဖတ်ပြီး၊နေရပ်ပြန်မလာသေးတဲ့ သမီးအပေါ် အပြစ်မမြင်ခဲ့ကြပါဘူး၊နှစ်နှစ် တာကာလအတွင်း မနော်တို့ ဒေသမှာ နန်းတစ်ယောက် အတွေ့အကြုံလည်းမျိုးစုံ၊ ပညာလည်းမျိုးစုံ ရခဲ့ပါတယ်။အတွေ့အကြုံ အသစ်တွေကြား အရင်လို မောင့်ကို တမ်းတ မနေနိုင်တော့တာက နန်းအတွက် ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ။နန်း ကိုယ့်ဒေသကို တာဝန်ထမ်းခွင့်ကျလာတဲ့အခါမှ မောင့်ပုံရိပ်
     
       မောင့်အကြောင်းတွေ အတွေးထဲပြန်ရောက်လာတော့တယ်။တာဝန်ကျရာ ရွာကို မသွားခင် အဖေနဲ့အမေ့ နားလေး နန်းခဏအနားယူရင်းနန်းရဲ့ လုပ်ငန်း အတွေ့အကြုံတွေ ပြန်ဖောက်သည်ချဖြစ်တယ်။အဖေကလည်းနန်းကို မောင့်အကြောင်းတွေ  အရိပ်အမြွက်ပြောပြခဲ့တယ်။
      မောင်မိဘ နှစ်ပါးလုံးမရှိတော့တဲ့ အကြောင်း၊အဲဒီနောက်ပိုင်း လက်ဖက်ခြောက် ပွဲရုံကိုဖြုတ်ပစ်ခဲ့ပြီး ယောက်္ခမဘက်က ရွာမှာ လိမေ်္မ်ာနဲ့ ပန်းသီးခြံတွေဝယ်ပြီး စိုက်ပျိုးနေတယ် ထင်ကြောင်းတွေ ပြောပြနေတယ်။မောင့် ယောက်္ခမ ရွာကိုတော့ အတိအကျ သိပုံ မပေါ်ပါဘူး။နန်းသိလည်း မသိချင် တော့ပါဘူး၊နန်းတာဝန်ကျရာ ဒေသတွေကို လိုက်ရမှာ ကြောက်တဲ့မောင်တစ်ယောက် အခုတော့ လက်ဖက်ခြောက် ပွဲရုံတောင်ဖြုတ်ပြီး မိန်းမရွာကို ကောက်ကောက်ပါအောင် လိုက်သွားတာပါလား။သူတို့သားကို ဇနီးမယား သမီးသားနဲ့ သူတို့နားမှာ သိုက်သိုက်ဝန်းဝန်းနေတာ မြင်ချင်ခဲ့တဲ့ မောင့် အဖေနဲ့အမေ ဘယ်လောက်ကြာကြာ သူတို့မြင်သွား နိုင်ခဲ့လဲ။ကမောက်ကမနိုင်လှ တဲ့ လောကကြီးကို နန်း တရားရမိ သလိုတောင် ဖြစ်သွားတယ်။
     နန်း တာဝန်ကျရာ ရွာလေးကိုရောက်သွားတော့ ညနေတောင်စောင်းနေပြီ။ ကျေးရွာကစီစဉ်ပေးထားတဲ့ အိမ်လေးမှာ အထုပ်အပိုးနေရာချရင်း နန်း အိမ်ကို အကဲခတ်ကြည့်လိုက်တယ်။သန့်ရှင်းသပ်ရပ်တဲ့ ဧည့်ခန်းလေးနဲ့အတူ အိပ်ခန်းသုံးခန်းဖွဲ့စည်းထားတာကို တွေ့ရတယ်။ ကျောင်းဆရာမ လေးနှစ်ယောက်က အရင်နေနှင့်ပြီးသား။နန်းကို ဆရာမလေးနှစ်ယောက်က ညစာကျွေးကြတယ်။ညစာစားအပြီး စကားစမြည်ပြောကြရင်း ည ဆယ့်တစ်နာရီ ကျော်သွားတယ်။ကိုယ့်အခန်းကိုယ် အိပ်ယာဝင် ကြပြီး ဆယ့်ငါးမိနစ်လောက်ကြာတော့ “ဆရာမရေ” ဆိုပြီးအိမ်ရှေ့က အော်ခေါ်သံကြားလိုက်ရတယ်။ဘယ်ဆရာမကို ခေါ်တာလဲမသိလို့ ခဏငြိမ်နားထောင်နေတုန်း မျက်နှာချင်းအိပ်ခန်းထဲက ကျောင်းဆရာမလေးက ထွက်မေးနေသံကြားလိုက်ရတယ်။
      နန်းနဲ့ သက်ဆိုင်တယ်ဆိုတာသိရတာနဲ့ နန်း မအိပ်သေးကြောင်း အသံပြုလိုက်ရတယ်။သူတို့ခြံရှင်ရဲ့ အမျိုးသမီး မီးဖွားချင်သလိုဖြစ် နေလို့  ဆရာမလေး ကိုလာခေါ်တာလို့ပြောတော့ နန်းလည်း ဆေးအိတ်ဆွဲပြီး လိုက်သွားလိုက်တယ်။ရောက်ရောက်ချင်း ညရဲ့ ပွဲဦးထွက်ပေါ့လို့ နန်းတွေးလိုက်မိတယ်။နန်း အိမ်ထဲဝင် လိုက်တယ်ဆိုရင်ပဲ အမျိုးသမီးရဲ့ ငြီးတွားသံ သဲ့သဲ့ကို ကြားလိုက်ရတယ်။ စိုးရိမ်သောကမျက်နှာနဲ့ အမျိုးသမီးကြီးက နန်းဝင်လာတာတွေ့တော့ စိတ်သာရာ ရ သွားပုံပေါ်တယ်၊မိခင်လောင်းရဲ့ အမေထင်ပါတယ်။အရင် ကိုယ်ဝန်နှစ်ကြိမ် ဆောင်ဘူးပေမဲ့ အဖတ်မတင်ဖြစ်ခဲ့တယ်လို့ နန်းကို ရှင်းပြနေတယ်။
     နန်းပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရင်း မိခင်လောင်းကို ကြည့်လိုက်တော့ အသက်အနည်းနည်း ကြီးပုံပေါ်တယ်။ကလေးက မိခင်ဗိုက်ထဲမှာ ကန့်လန့်ဖြစ်နေပြီး အနေအထားမှန်အောင် လှည့်ပေးတော့လည်း ခြေက ဖွားဖြစ်နေတယ်။အသက်လုပြီး မီးဖွားပေးလိုက်ရတာ မဟုတ်ပေမဲ့လည်း အချိန်မီ မီးဖွားမပေးနိုင်ရင်၊မီးဖွားပေးတဲ့သူ မကျွမ်းကျင်ရင်  မိခင်ရော ကလေးကိုပါ အသက်အန်္တရာယ်ထိခိုက် နိုင်တယ်။နန်းရဲ့ပွဲဦးထွက် အောင်မြင်မှုပေါ့။ကလေးက မိခင်နို့စို့နေပြီ ဖြစ်တဲ့အချိန် နန်းလည်းဆေးအိတ်တွေသိမ်းပြီး ပြန်ဖို့ပြင်ဆင်တော့တယ်။အဲဒီအချိန်မှာ အမျိုးသားတစ်ယောက် ရဲ့အသံကို ကြားလိုက်ရတယ်။“ကျေးဇူးတင်လိုက်တာ ဆရာမရယ် မနက်ဖန် မနက်ပဲ မီးဖွားဖို့ မြို့ကိုကြို ပြီးသွားတော့မလို့ မွေးဖို့သတ်မှတ်ထားတဲ့ရက်က နှစ်ပတ်ကျော်ကျော် လောက် လိုသေးတော့ ဒီလောက်မြန်လိမ့်မယ် မတွေးလိုက်မိဘူး”တဲ့။နန်းဘယ်လိုမှ မမေ့နိုင်တဲ့ ဒီအသံ၊သေချာအောင် လှည့်ကြည့်လိုက်တော့ မှုန်ဝါးနေတဲ့ မီးရောင်အောက်မှာပေမဲ့ စွဲလန်းခဲ့ဖူးတဲ့ အရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
     “နှမ်းတစ်စေ့ပေမဲ့ ဆီတော့ ဖြစ်တယ်မဟုတ်လား မောင်မောင်ရယ်” လို့ နံမည် အပြည့်အစုံ ခေါ်ပြီး နန်းက ပြောလိုက်တော့ “ဟာ နန်း နင်ဖြစ်နေတာလား၊ဒါ ငါ့အမျိုးသမီးလေ ဒါငါတို့ရဲ့ သားဦးပဲ၊အမျိုးသမီးက ငါ့ထက် ခြောက်နှစ်ကျော်ကြီး တယ်တဲ့”။“အေးလေ  နန်းမဖြစ်လို့ဘယ်သူဖြစ်နိုင်မှာလဲ၊”လို့ဆိုတော့ “ဟုတ်တယ်ဟာ ဒေသခံလူမဟုတ်ကြတော့ မကြာခဏ သူနာပြုဆရာမလေးတွေ ပြောင်းနေတယ်၊ နောက်အသစ်တစ်ယောက် ထပ်မလာနိုင်သေးသ၍ ရွာမှာ သူနာပြုနေရာ လစ်ဟာနေမြဲပဲ။သူတို့ကိုလည်း အပြစ်ပြောလို့မရ ပါဘူး။ကိုယ့်ဒေသမှာသာ ကိုယ်ပျော်ကြမှာပဲလေ”တဲ့။ တော်တော် တိုးတက်လာတဲ့ မောင့် အတွေးအခေါ်တွေပါလား။
     အရင်က နန်းကို သူနာပြုဆရာမ မလုပ်ဖို့ အတိုက်အခံပြောခဲ့တာ သူမဟုတ် သလိုပါပဲလား။ သူ့သားမျက်နှာကို တစိမ့်စိမ့်ကြည့်နေတဲ့ မောင့်မျက်လုံးမှာ အရင်ကလို အမုန်းတွေ မရှိတော့ပါဘူး။နန်းနဲ့ ပတ်သက်ပြီး သူဘာမှ မခံစားခဲ့ဘူးသလို၊နန်းကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဘူးသလိုပဲနော်။ဘာပဲဖြစ်ဖြစ် မောင့်အမုန်း၊မောင့်အမျက် တွေပြေဖို့ စောင့်ခဲ့ရတဲ့ ခြောက်နှစ်တာ ကာလဟာ အခုတော့လည်း ဘာမှ မကြာ လိုက်သလိုပါပဲလား။တစ်ကယ့်ကို ဘာမှ မကြာလိုက်သလိုပါပဲ။


                                                      
                       

အောက်တိုဘာလထုတ်၊မဟေသီ မဂ္ဂဇင်းပါ ၀တ္ထုတို ။'ရသ ချွတ်ခြုံ '

Tuesday, October 7, 2014

                                                                        (၁)
ဒေါ်ယဉ်ယဉ်ထွန်း တစ်ယောက် ကျွန်းဆက်တီ ကုလားထိုင်ပေါ်တွင် ခြေနှစ်ဖက်စလုံး စုံတင်ပစ်ထိုင်ရင်း သမီးငယ်၏ပုံရိပ်ကို ထိုင်ကြည့်နေမိသည်။သမီးနှစ်ယောက်ကို ဆိုဆုံးမလွန်းသော မိမိကြောင့်လား၊ကလေးများကို အရွယ်မတိုင်ခင် တရားဓမ်္မများ ဟောကြားထားသည့် သူတို့အဖေကြောင့်လား။သမီးငယ်နှင့် ပတ်သက်ပြီး စိတ်ထဲ နေလို့မကောင်းသည်မှာ တစ်နှစ်နီးပါး ရှိနေခဲ့ပြီ။သမီးကြီး တက်္ကသိုလ်ဝင်တန်းအောင်တော့ ဘာသာစုံဂုဏ်ထူးထွက်သည်။ဆေးအမှတ်ကို မှီသော်ငြား သူဝါသနာပါရာ ပိုလီ တက်ချင်သည်ဟုဆိုကာ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။စင်ကာပူ အစိုးရထံမှ ပညာသင်စရိတ် အထောက်အပံ့   ရရန် အရည်အချင်း ပြည့်မီသဖြင့် မိဘများက သူ့အတွက် ပိုက်ဆံ သိပ်မကုန်ခဲ့ရ။သမီးငယ်သည်လည်း ငါးဘာသာဂုဏ်ထူးဖြင့်အောင်သည်။သူ ၀ါသနာပါရာ ဆေးတက်္ကသိုလ်တွင် ပညာသင်ကြားနေသည်။သမီးနှစ်ယောက်စလုံးပင် ငယ်စဉ်ကတည်းက စာတော်ကြသည်၊လိမ်္မာရေးခြားရှိသည်။အရွယ်ရောက်လာတော့ မိန်းကလေးတစ်ယောက်အတွက် ထိန်းသိမ်းအပ်သည့်၊တန်ဖိုးထားအပ်သည့် အရာများကိုသင်ကြားရသည်။သမီးတို့ အဖေကလည်း အခုနောက်ပိုင်း တရားဓမ်္မမှာ ပျော်မွေ့လာပြီး ပြောအပ်သည့်စကား၊ပြောသင့်သည့် စကားတို့ကိုသာ ပြောသင့်ကြောင်း နေ့စဉ် တရားဟောနေတော့သည်။ တစ်ခါတစ်ရံ ဒေါ်ယဉ်ယဉ်ထွန်းပင် သူတို့ အဖေကြောင့် စီးပွားရေးစကား ပြောရသည်ကို စိတ်မလုံတော။့
          ပြီးခဲ့သည် နှစ်လခန့်လောက်က သမီးကြီးရှိရာ စင်ကာပူနိုင်ငံသို့ သမီးငယ်လေးနှင့်အတူ လိုက်သွားကြသည်။တက်ကြွလန်းဆန်းနေသည့် သမီးကြီးမျက်နှာက ဒီမှာရှိစဉ်ကထက်ပင် ပိုလှနေသည်။သူ့အနီးအနားက လူများနှင့် လိုက်လျော ညီထွေရှိလွန်းသည်ကို တွေ့ရတော့ အပေါင်းအသင်းနည်းခဲ့ဖူးသည့် သမီးကြီးမှ ဟုတ်ပါလေစ ဟုပင် တွေးမိသည်။လှုပ်ရှားဟန်များကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမှန်း သေချာလှသည်။မြန်မာပြည်မှာ ရှိစဉ်က သမီးနှစ်ယောက်၏ ပုံရိပ်များက သိပ်မကွာခြားလှသော်လည်း ယခုနှိုင်းယှဉ်ကြည့်တော့မှ သမီးငယ်လေး၏ မျက်နှာမှာ တစ်ခုခု ပျောက်ဆုံးသလို ခံစားနေရသည်။သမီးကြီး ကျောင်းသွားတက်စဉ် အချိန်များက ဒေါ်ယဉ်ယဉ်ထွန်းတစ်ယောက် အပူပေါင်းစုံ စုစည်းနေသည်။မိဘ မမြင်ကွယ်ရာမှာ တစ်ယောက်တည်း ကျောင်းထားရမှာကို စိတ်မချနိုင်ခဲ့။မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေကို ပစ်ပြီး စင်ကာပူသို့ လိုက်ရသည်မှာ အကြိမ်ကြိမ်။သမီးတို့၏ ငယ်ဘ၀ ၀န်းကျင်က ကျဉ်းမြောင်းလှသည်၊အပေါင်းအသင်း သူငယ်ချင်းများ၏ အရေအတွက်က လက်တစ်ဖက်စာတောင် မပြည့်ချင်။ကျောင်းစာ မှလွဲ၍ ဘာမှ မလေ့လာခဲ့သော သမီးများက စာတော်တာ တစ်ခုကလွဲလျှင် ကျန်သည့် အရည်အချင်းများ နည်းပါးခဲ့ရသည်။ဒီလိုအဖြစ်ကိုလည်း အခုချိန်မှ ဒေါ်ယဉ်ယဉ်ထွန်း သုံးသပ်မိခြင်းဖြစ်သည်။ယခင်ကတော့ သမီးများ ဘာမှ မသိခြင်းကိုပင် မိမိ အသိုင်းအ၀ိုင်းကြား ဂုဏ်ယူစွာ ပြောခဲ့ဖူးသည်။
           အပေါင်းအသင်းနည်းသည့် သမီးများကလည်း စကားပြောစရာ အဖော်ဆိုလျှင် ဒီအမေ တစ်ယောက်တည်းသာ ရှိသည်ဟုထင်နေကြသည်။အမေကို ဘာမဆို ဖွင့်ပြောတိုင်ပင်တတ်သည့် အလေ့အကျင့်ကိုလည်း  မိမိကိုယ်တိုင် လုပ်ပေးခဲ့မိသလို ဖြစ်နေသည်။သူငယ်ချင်းပေါင်း ပေါင်းတော့ သူတို့ အန်္တရာယ်ဖြစ်စေမည့် အရာများကို ကြိုမြင်၊ကြိုကာကွယ်ပေးနိုင်သည် အတွက် ကောင်းသည်ဟု မှတ်ယူခဲ့ဖူးသည်။အခုတော့ ဒေါ်ယဉ်ယဉ်ထွန်း အဲဒီလို မဖြစ်စေချင်တော့။အထူးသဖြင့် သမီးငယ်နှင့် ပတ်သက်လျှင် ဖြစ်သည်။သမီးငယ် ဆေးတက်္ကသိုလ် ဒုတိယနှစ်တွင် ချစ်သူထားဖြစ်သွားသည်။အစစ အရာရာ ပြောပြနေသည့်အတွက် သမီးငယ်၏ ကောင်လေးက ဆွေကြီး မျိုးကြီးထဲ ကမှန်းသိရသည်။လူကိုယ်တိုင် တွေ့ရသောအခါ ခေတ်လူငယ် ပုံစံဖြစ်သော်လည်း ရည်ရည်မွန်မွန် ရှိသည်။ဒါကြောင့် မိမိကပဲ ချစ်သူအဖြစ် ရွေးချယ်ရန် တိုက်တွန်းမိသည်။ကောင်လေးက သမီးငယ်ထက် တစ်တန်းကြီးသည်။အနေတည်၊စာတော်သည့် သမီးငယ်ကို တော်ရုံ ယောက်ျားလေးများက မိတ်ဆွေဖြစ်ဖို့ပင် ရွံ့ကြသည်။
           ဒီလိုဆို တော့လည်း သမီးငယ်တွင် ရွေးချယ်ခွင့်က နည်းသွားသလို ဖြစ်နေသည်။အများကြားက ခေါင်းခေါက် ရွေးချယ်ရခြင်းမျိုးမဟုတ်ဘဲ အနီးနားကပ်လာသည့် သူကိုသာ လေ့လာခွင့်ရတော့သည်။ဒေါ်ယဉ်ယဉ်ထွန်း ငယ်စဉ်က အဒေါ်တစ်ယောက် ပြောဖူးသည့် အိမ်ထောင်ဘက်ရွေးချယ်သည့် ဥပမာပေးလေးကို သတိရမိသည်။
         “မိန်းကလေးတစ်ယောက် အိမ်ထောင်ဘက်ရွေးတယ်ဆိုတာ ဘုရားပွဲဈေး လျှောက်သလို လျှောက်ရတယ်အေ့။ဝင်ဝင်ချင်း ဆိုင်တန်းက ပစ်္စည်းတွေကို အကောင်းဆုံးထင်ပြီး ကြိုက်မိမှာပဲ။အဲဒါ မ၀ယ်လိုက်နဲ့အုံး၊ဆက်လျှောက်သွား နောက်တစ်ဆိုင်ရောက်တော့လည်း တွေ့တဲ့ ပစ်္စည်းက ပိုကောင်းနေရော။အဲ ဆက်လျှောက်ရင်းနဲ့ ဈေးတန်းကြီးလည်း ဆုံးသွားရော ဘယ်ဆိုင်ပစ်္စည်းက အကောင်းဆုံးလဲဆိုတာ မှန်းတတ်သွားပြီ။အဲဒီအချိန်မှ ၀ယ်လိုက်တော့။အနာအဆာ ရှိတောင် နည်းနည်းပါးပါးပဲပေါ့အေ”တဲ့။
    ဒီအတိုင်းသာဆို သမီးငယ်က ဈေးတန်းကိုပင် မလျှောက်၊ဈေးတန်းအပြင်ကနေ လှမ်းကြည့်ပြီး ၀ယ်သလိုဖြစ်နေပါပြီ။
                                       (၂)
         သမီးငယ် ချစ်သူ ထားဖြစ်သွားတာလည်း ဒေါ်ယဉ်ယဉ်ထွန်း တိုက်တွန်းချက်ကြောင့်ဆို ပိုမှန်လိမ့်မည်။ သူဖြစ်ပျက်ခဲ့သမျှ ပြန်ပြောတတ်နေတော့ ကိုယ်ကပါ ရည်းစားလိုက်ထား နေရသလို ဖြစ်နေသည်။
“မေမေ သူက နှစ်ယောက်တည်း ကော်ဖီဆိုင်သွားချင်လို့တဲ့ ခေါ်နေတယ်။အဲဒါ လိုက်သွားရမလား“”
အမေတစ်ယောက်အနေနဲ့ မယုတ်မလွန် အမေး မေးလိုက်ပါသည်။
 “သမီးက လိုက်သွားချင်လို့လား”
“မေမေပြောထားတာ ခေါ်တိုင်းလိုက်ရင် မိန်းကလေး တန်ဖိုးကျသွားမယ်ဆို”
ကိုယ်ပြောဖူးတဲ့ စကားနဲ့ ချည်နှောင် ပြန်မေးတဲ့ သမီးငယ်ကို ဒေါ်ယဉ်ယဉ်ထွန်းက
“မဟုတ်ဘူးလေ သမီးရဲ့ လူမြင်ကွင်းလို နေရာမျိုးတွေကတော့ သွားလို့ရပါတယ်။”
တစ်ခါတစ်ရံကျတော့လည်း
       “မေမေ သူကလေ ကျောင်းဝင်းထဲ ခုံမှာထိုင်ကြရအောင်တဲ့၊သမီးကတော့ ကျောင်းသူဆိုတာ စာသင်ကျောင်းခန်းထဲမှာပဲ ရှိနေရမှာ တွေ့ချင်ရင် စာသင်ခန်းထဲကို လာခဲ့လို့ ခေါ်လိုက်တယ်” လို့ဆိုပြန်ပါသည်။
       “အဲဒီတော့ သူက လာတွေ့လား” ဆိုသည့် အမေးကို
         “လာတွေ့တယ် မေမေရဲ့၊မေမေပြောတာ ဟုတ်တယ်နော် ယောက်ျားလေးတွေက သူတို့တောင်းဆိုတာ မရရင် သူက ပြန်လိုက်လျော တတ်ကြတယ်။”ဟု ပြန်ဖြေနေပါသည်။
          မကြာခဏကြားနေရတော့ “အကုန်လုံး မေမေ့ကို မပြောနဲ့ သမီးဘာသာ လိုက်သွားပြီးမှ မေ့မေ့ကို ပြန်ပြောလည်း ရပါတယ်။ခွင့်တောင်း မနေပါနဲ့။သမီးငယ်ကို မေမေယုံတယ်”လို့ ချုပ်လိုက်ရသည်။
         တစ်ရက်တော့ သမီးငယ် ကောင်လေးက အိမ်ကို လိုက်လာသည်။ကိုယ်တိုင်ကလည်း တွေ့ချင်နေသည်မို့ လာခဲ့ဖို့ ခေါ်လိုက်မိသည်။ကိုယ့်ကို “မေမေ” ဆိုတဲ့နာမ်စားထပ် တလဲလဲ သုံးပြီး သမီးငယ်နှင့် ပတ်သက်သည့်အကြောင်းတွေ ပြောနေပါသည်။
      “သူ့ကို ချစ်စကားပြောဖို့ ရှစ်လ လောက် အချိန်ယူရတာ မေမေရဲ့၊ ကျွန်တော့် သူငယ်ချင်းတွေဆို မိန်းကလေးတစ်ယောက်ကို အဲဒီလောက် စိတ်ရှည်ပြီး ဘယ်သူမှ မလိုက်ကြဘူး။”
      “ပိုးက အကုန်လုံးကောင်းပါတယ်၊စာလည်းတော်တယ်၊အနေလည်းတည်တယ်၊ချစ်ဖို့လည်းကောင်းတယ်။လူငယ်တစ်ယောက်မှာ ရှိရမဲ့ ခံစားချက်တွေ  ပျောက်နေတာပဲခက်တယ်။ဘယ်လို ပြောရမလဲ မေမေရယ် ၊ပျော်ရွှင်မှုတွေ ပျောက်နေတယ်လို့ ပြောရမလားပဲ။ပိုးနဲ့ စကားပြောတိုင်း ကျွန်တော် အဲဒီလို ခံစားရတယ်။”
         စင်ကာပူ သွားလည်စဉ်က   သမီးကြီးနှင့် သမီးငယ် ကွာခြားတာကို သတိထားမိပေမဲ့ ဒေါ်ယဉ်ယဉ်ထွန်း သေချာ မသိခဲ့။အခု သမီး ကောင်လေးပြောမှ သမီးငယ် မျက်နှာမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတာကို သတိထား မိရသည်။သူ့ကိုယ်သူ ပျော်မနေဘူး ဆိုသည်ကိုတောင် သမီးငယ် သိရဲ့လား မသိ။
          တစ်ညနေ သမီးငယ် သူ့ကောင်လေးနှင့် ဖုန်းပြောနေရင်း စကားများကြသည် ထင်သည်။ခပ်လှမ်းလှမ်းမှ တီဗွီကြည့်ရင်း အသံကို နားစွင့်နေမိသည်။
        “ရတယ်လေ စာမေးပွဲလည်း နီးနေပြီပဲ စာလုပ်ကြတာပေါ့” ခပ်အုပ်အုပ် အသံဖြင့် ပြောရင်း ဖုန်းချလိုက်တာ မြင်သည်။အမေကို လှမ်းကြည့်သော်လည်း ဘာမှ မပြောသဖြင့် ပြန်ကြည့်ရုံသာ ကြည့်လိုက်မိသည်။
         ထိုတစ်ပတ်လုံး စာကြည့်စားပွဲ မခွာတော့။ဒါပေမဲ့လည်း စာထဲအာရုံ မရောက်သည့် အချိန်က များနေတတ်သည်။အခုအချိန်ထိ အမေနှင့်အတူအိပ် နေသေးသဖြင့် ညဘက် သက်ပြင်းချသံတို့ ကြားရသလို၊ တစ်ရေးနိုးမျက်စိဖွင့်ကြည့် လိုက်မိလျှင် စိုစွတ်နေသည့် မျက်ဝန်းတို့ဖြင့် ရှိနေတတ်သည်ကို မြင်ရသည်။အမေနှင့် အတူအိပ်ရသဖြင့် ခံစားချက်များကို လွတ်လပ်စွာ ပွင့်ထွက်ခွင့် မရှိရသလို ဖြစ်နေပြီလား။ငယ်စဉ်ကတည်းက ခွဲသိပ်ဖို့ စဉ်းစားကြည့်ဖူးသော်လည်း အပျိုအရွယ် ရောက်သည်ထိ အကောင်အထည် မဖော်ဖြစ်ခဲ့။နောက်ဆုံး သမီးတို့အဖေကသာ အိပ်ယာခွဲ အိပ်သွားရသည်။သမီးကြီးသည်လည်း စင်ကာပူ ထွက်မှသာ ခွဲအိပ်ဖြစ်တော့သည်။အခုချိန်မှ ခွဲအိပ်ဖို့ ပြောကြည့်တော့ သမီးတို့ကိုယ်တိုင်က မအိပ်တတ်တော့။
         သမီးငယ်တို့ ကျောင်း စာမေးပွဲထုံးစံအရ၊ဒီနေ့ ဖြေပြီး နောက်တစ်နေ့ အောင်စာရင်းထွက်သည်။
အောင်စာရင်း ထွက်ပြီးနောက်တစ်နေ့ ကောင်လေးက အိမ်ရောက်လာသည်။ဧည့်ခန်းထဲတွင် ထိုင်ရင်း စကားပြောနေကြသည့် စကားသံအချို့ ကော်ဖီဖျော်ပေးရင်း က ကြားနေရသည်။
    “အစ်ကိုနဲ့ စကားမပြောတဲ့ အချိန်တွေတုန်းက ညီမလေး ဘာလုပ်နေလဲဟင်”         
ကောင်လေး၏ ကျေအေးစကားသံကို သမီးငယ် တုန့်ပြန်ပုံက
“ဒီလိုပဲ လုပ်နေကြ အလုပ်တွေတော့ လုပ်ရတာပဲလေ”
“ညီမလေးက စာကျက်လည်း ပျက်ပုံ မပေါ်ဘူးနော်၊ဘာမှ သိပ်မခံစားရသလိုပဲ”
ကောင်လေး၏ တစ်ဆင့်တက်စကား။
“အဲဒီလိုလည်း မဟုတ်ပါဘူး၊အမှတ်တွေ အများကြီး ကျသွားတာပဲ”
သမီးငယ်၏ ဖြေရှင်းစကားကြောင့် ကောင်လေး စိတ်တိုသွားပုံရသည်။
“ညီမလေးအမှတ်ကျသွားတာ ဂုဏ်ထူးနား ကပ်နေတဲ့အမှတ်ပါ။ခါတိုင်းလို ဂုဏ်ထူး မထွက်တာပဲရှိတာ။အစ်ကိုက မင်နီတွေ ဗလပွနဲ့ စာမေးပွဲ ကျတာလေ။”
“အဲဒါတွေကြောင့် အစ်ကို့ ကို မကြိုက်တာ၊ရန်ဖြစ်တာ ဖြစ်တာပဲ ။ကိုယ်လုပ်ရမဲ့ အလုပ်ကို လုပ်ရမှာပဲ။အစ်ကိုက ခံစားချက်ကို ဦးစားပေးလွန်းတယ်။
       “ဟုတ်တယ်၊အစ်ကိုက ခံစားချက်ကို ဦးစားပေးတယ်။ညီမလေးကတော့ ခံစားချက်ကို မရှိတာ။မရှိတာမှ လူငယ်တစ်ယောက်မှာ ရှိရမဲ့ ခံစားချက် ဆိုတာကိုတောင် မသိတာ။လူငယ်တစ်ယောက်အနေနဲ့ စိတ်ခံစားချက်အတိုင်း တုန့်ပြန်ရမှာပဲ။စိတ်တိုနေရင် ၊ချစ်သူနဲ့ပတ်သက်ပြီး အသဲကွဲနေရင် စာလည်း ကျက်ချင်စိတ်မရှိဘူး။ညီမက ကိုယ့်ဘာသာ ပျော်လား၊မပျော်ဘူးလား ဆိုတာတောင် သိမနေတာ၊”
ဒေါ်ယဉ်ယဉ်ထွန်း ကြားနေရသည့် စကားသံတို့က ပြင်းထန်လာသည်ထင်သည်။ကောင်လေးက မောသွားဟန်ဖြင့် ခေတ်္တနားလိုက်သည်။

       “ညီမနဲ့ ရန်ဖြစ်တော့ ခံစားရတယ်။သူဘာလို့ ငါ့ကို နားမလည်နိုင်ရတာလဲလို့ တွေးပြီး စိတ်မကောင်းဖြစ်တယ်။အစ်ကိုက ကျောင်းရဲ့လှုပ်ရှားမှုတွေ အာလုံးမှာ ပါဝင်တယ်။စာဘက်မှာ နည်းနည်းပါးပါး ပေါ့လျှော့ သွားပေမဲ့ ဆရာဝန် မဖြစ်သည်ထိတော့ မလုပ်ပါဘူး။ညီမကတော့လူငယ်တွေ လုပ်ရမဲ့တာဝန်ဆိုတာလည်းမသိ၊အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ဆိုတာလည်း ဝေး၊တက်္ကသိုလ် ကျောင်းသူနဲ့ တူတာဆိုလို့ ကျောင်းတက်တာနဲ့ စာကျက်တာပဲရှိတယ်””
           ကောင်လေးက သမီးငယ်ကို ဝေဖန်ပြောဆိုလာသည်။အရှိန်တက်နေကြသည့် စကားဝိုင်းထဲ မ၀င်ဘဲ ထမင်းစားခန်းထဲက ကုလားထိုင်ပေါ်တွင်ထိုင်ရင်း နားစွင့်နေမိသည်။
           “ညီမ စဉ်းစားကြည့်၊အစ်ကိုတို့လို စုံတွဲတွေကို ကျောင်းဝန်းထဲ နေရာအနှံ့တွေ့ရသလို။အပြင်ကော်ဖီဆိုင်မှာ၊အအေးဆိုင်မှာ၊ရုပ်ရှင်ရုံတွေမှာလည်း မြင်နေရတယ်။အစ်ကိုလည်း ချစ်သူ သဘာဝ အတူတွဲသွားချင်တာပဲ၊ညီမ ကိုခေါ်မိရင် အရွယ်နဲ့ မလိုက်နဲ့ စကားသံတွေပဲ ကြားရတယ်။ကြာလာတော့ အစ်ကိုလည်း စိတ်ပျက်မိတာပဲ”။တစ်ခါတစ်လေ အစ်ကိုတွေးမိတယ်။အစ်ကို ကို့ တစ်ကယ်ချစ်တာ ဟုတ်ရဲ့လားလို့။တစ်ကယ်ချစ်မိရင် ခံစားတတ်ကြတာပဲဟာ။”
ကောင်လေး၏ စကားကြောင့် ဒေါ်ယဉ်ယဉ်ထွန်း ကြားထဲကနေ မရိုးမရွ ဖြစ်လာသည်။“ပြောလိုက်ပါလား သမီးငယ်ရယ် ညီမလည်း ခံစားနေရပါတယ်လို့၊တစ်ကယ်ချစ်တာပါတို့”ဒေါ်ယဉ်ယဉ်ထွန်း ပါးစပ်မှ တီးတိုးပင် ထွက်သွားမိသည်။
“အဲဒီလိုတော့ မဟုတ်ပါဘူး”
ဘယ်လို မဟုတ်မှန်းမသိသည့် အဖြေစကားမကျ စကားသံကိုသာ သမီးငယ်ထံမှ ကြားလိုက်ရသည်။သည်လိုနှင့် ချစ်သူနှစ်ဦး ဖြေရှင်းမှုက ပြီးဆုံးသွားကြသည်။

                                     (၃)
          မပြီးဆုံးနိုင်သည်က ဒေါ်ယဉ်ယဉ်ထွန်းပဲ ဖြစ်သည်။သမီးငယ် တစ်ကယ်ချစ်ပြီး၊တစ်ကယ်ခံစားနေရသည်ကို သိနေသည်။
          “သမီးငယ်ကလည်း ပြောလိုက်တာ မဟုတ်ဘူး၊သမီးလည်း ခံစားရတာပဲဟာ။သူ့တစ်ယောက်တည်း ဖြစ်နေတာမှ မဟုတ်တာ”။
သမီးကိုပင် ဖွင့်ပြောလိုက်မိသည်။
“ပြောရမဲ့ စကားမဟုတ်ဘူးလားလို့ တွေးမိလို့ပါ။သူ သိမယ်လည်း ထင်လို့။ပြီးတော့ သူခေါ်တိုင်းလည်း မလိုက်သင့်ဘူးထင်လို့ ဘယ်မှ သိပ်မသွားခဲ့တာ။”မပွင့်တပွင့် တုန့်ပြန်လာသည်။
           “အလိုတော်  --- ချစ်သူဘ၀မှာ ချစ်တယ်လို့ပြောတာ ၊သတိရတယ်လို့ ပြောတာ ပြောရမဲ့
စကားပေါ့ဟဲ့၊တစ်ချို့စကားတွေက သိပြီးသားပေမဲ့ ပြောပေးရတယ်။ကြားချင်တာပေါ့။”
          ဒေါ်ယဉ်ယဉ်ထွန်းပင် သမီးငယ်ကို စိတ်မရှည်ချင်တော့။
 “ကျောင်းက အတွဲတွေမှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို အရမ်းလိုက်လျော နေသလားလို့”
သမီးငယ်က ဘာကို တွေးမိသွားပြီး ပြောလိုက်သည် မသိ။
 “သမီးရယ် ချစ်သူထားတယ်ဆိုမှတော့ လက်လေးကိုင်၊ပါးလေးတော့ နမ်းချင်ကြမှာပေါ့။မေမေ ပြောတဲ့ တန်ဖိုးဆိုတာ အပျိုဂုဏ်ကို မပျက်အောင်ထိန်းရင် ရပါပြီ။”
သမီးကို ပြောလိုက်ပြီးမှ ဒေါ်ယဉ်ယဉ်ထွန်း တွေးမိသည်၊အမေ တစ်ယောက်အနေဖြင့် သိပ်များ ရက်ရောလွန်းသွားပြီလား။
ဟိုတစ်နေ့ ဖတ်ဖြစ်သည့်  ဖေ့စ်ဘွတ်ထဲမှ ကာတွန်း ဟာသလေးတစ်ပုဒ်ကို အတွေးက ရောက်သွားသည်။ဖေ့စ်ဘွတ်ကို သမီးငယ်က သူ့အကောင့်ဖွင့်ထားသော်လည်း ဒေါ်ယဉ်ယဉ်ထွန်းက ကိုယ်စားသုံးပေးနေရသည်။အဲသည်လောက်ထိ လူငယ်မဆန်သည့် သမီးပါလေ။ကာတွန်းပုံထဲတွင် ကောင်မလေးက စကပ်အတို ၀တ်ထားပြီး ခါးပတ်ကို ဒူးခေါင်းနေရာတွင်ပတ်ထားသည်။ကောင်လေးက
       “ခါးပတ်ကို ဘာဖြစ်လို့ ခါးမှာမပတ်ဘဲ ဒူးခေါင်းမှာ ပတ်ထားရတာလဲ ” ဟုမေးသောအခါ  “မေမေက ချစ်သူနဲ့တွေ့ရင် ခါးပတ် အောက်ပိုင်း ပေး မထိရဘူးလို့မှာထားလို့” ဟုကောင်မလေးက ပြန်ဖြေသည်။ခေတ် အခြေအနေ ပုံရိပ်ကို ပုံဖော်ထားသည့် ကာတွန်းလေးဖြစ်မည်။
          သမီးနှင့်သူ့ကောင်လေး၏ မအီမလည်ဇာတ်လမ်းကြား ဒေါ်ယဉ်ယဉ်ထွန်း လည်း ရင်လိုက်မော နေမိသည်။
ဒီနေ့ နေ့လည် ကောင်လေး အိမ်ရောက်လာသည်။ဗယ်လင်တိုင်း အထိမ်းအမှတ် ဟုဆိုကာ သူကိုယ်တိုင်လုပ်ထားသည့် ဟန်းမိတ် ပို့စ်ကတ်လေးပေးသည်။သမီးငယ်ကတော့ ဒီနေ့ ဗယ်လင်တိုင်းဒေး ဖြစ်ကြောင်း ကောင်လေးပြောမှ သိသည်။ဒေါ်ယဉ်ယဉ်ထွန်း အမှတ်တမဲ့ လှမ်းကြည့်ပြီး ဧည့်ခန်းနှင့်ကပ်ရပ် ထမင်းစားခန်းထဲသို့ ၀င်လိုက်သည်။ပို့စ်ကတ်လေးက ချစ်စရာလေး ဖြစ်သည်။ပျော်ရွှင်သွားသည့် သမီးငယ်မျက်နှာလေးကို မြင်လိုက်ရတော့ ကျေနပ်သွားရသည်။
 “အစ်ကို ကိုယ်တိုင်လုပ်ထားတာ ကြိုက်လား”ကောင်လေးမေးနေသံကြားရသည်။
“အင်း  ချစ်စရာလေး၊ ကြိုက်ပါတယ်” သမီးငယ် တုန့်ပြန်သံ အေးစက်စက်နိုင်လှသည်။
 “အစ်ကို ကို့ တစ်ခုခုပြောအုံးလေ” ကောင်လေး၏ လေသံက နိမ့်ပြီးပြောသော်လည်း ကြည်နှူးသံတို့က အပြည့်။
 “ကျေးဇူးတင်ပါတယ်”
 “ဟာကွာ အဲဒီစကားက လူတိုင်းကို ပြောနေကျ စကားလေ” အားမလို အားမရ ကောင်လေး လေသံက အနည်းငယ် ကျယ်လောင်သွားသည်။
 “ဒါဆို တစ်ကယ် ကျေးဇူးတင်ပါတယ်”
“တော်ကွာ”
 “၀ုန်း”
တံခါးပိတ်သံနှင့်အတူ ကောင်လေး ပြေးထွက်သွားသံကြားလိုက်ရသည်။
ဒေါ်ယဉ်ယဉ်ထွန်း ဧည့်ခန်းထဲရောက်လာတော့ ပို့စ်ကတ်လေး ကိုင်ထားပြီး မျက်ရည်ဝဲနေသည့် သမီးငယ်ကို တွေ့လိုက်ရသည်။ကောင်းလေးကို တစ်ခေါက်ပြန်လာကြည့်စေချင်သည်။ခံစားချက် မရှိဟု သူထင်ထားသည့် သူ့ချစ်သူ ပုံစံကို မြင်စေချင်သည်။အီလီကလီ ပြီပြီတီ မဟုတ်တောင် သမီးငယ်ကို တီတီတာတာ ချွဲချွဲနွဲ့နွဲ့တော့ ပြောတတ်စေချင်သည်။
                                  (၄)
         သမီးငယ် အဖြစ်ကိုကြည့်ရင်း  ကြည့်ဖူးသည့် ရုပ်ရှင်တစ်ကားကို ပြန်သတိရသွားသည်။ရုပ်ရှင်ကားနံမည်က  ဏနမ်နခအ  ဃငအပ  ဟု ထင်သည်။သေချာမမှတ်မိတော့။မြို့ပြနှင့် ကင်းဝေးသည့် နေရာတွင် အစစအရာရာ ပြည့်စုံသည့် မြို့တစ်မြို့တည်ထားသည်။တည်ထောင်သူ သိပ်္ပံပညာရှင်က ထိုမြို့၏ မြို့တော်ဝန်ဖြစ်သည်။လူနေအိမ်များ၊ခေတ်မီအသုံးအဆောင်များကို ပင် ပြည့်စုံအောင် ဖြည့်ဆည်းထားသည် မဟုတ်။လူတွေကိုပါ ပြည့်စုံသည့် လူတစ်ယောက်အဖြစ် စီမံထိန်းချုပ်ထားသည်။အိမ်ရှင်မတစ်ယောက်သည် ဘယ်လောက် အိမ်မှုကိစ်္စ လုပ်ရ လုပ်ရ ၊ပင်ပန်း နွမ်းခြင်းမရှိ၊မတော်တဆ ဂတ်စ် မီးဖိုးထဲသို့ လက်ဝင်သွားလျှင် ပူလောင်မှုကို လက်ကမခံစားလိုက်ရ။
          ချစ်ခြင်းမေတ်္တာမလို၊ယောက်ျားများ အလိုရှိချိန်တွင် မိန်းမများက အမြဲ အဆင်သင့် ဖြစ်နေကြသည်။ပိုက်ဆံဆိုသည်ကိုလည်း ရှာစရာ မလို။ဖဲကစားနေကြရင်း ငွေလိုလျှင်ပင် မိန်းမကိုခေါ်ပြီး ၀မ်းဗိုက်မှ ပိုက်ဆံထုတ်ယူလိုက်သည်။ယုတ်စွအဆုံး
 အိမ်မှာ မွေးထားသည် ခွေးကပင် ခွေးတစ်ကောင်၏ အမူအကျင့် မရှိတော့။ဦးနှောက် အသိဥာဏ်ကို စက်များဖြင့် ထိန်းချုပ်ထားသည့်တိုင်  ဘာမှ မလိုအပ်လောက် ပြည့်စုံနေကြသောအခါ  တစ်မြို့လုံးရှိ မြို့သူ၊မြို့သားများက ငြီးငွေ့လာကြသည်။ထိုအချိန်တွင် မြို့ပေါ်မှ ဇာတ်လိုက် စာရေးဆရာမ တစ်ယောက်က ထိုမြို့သို့ ပြောင်းရွှေ့လာသည်။အကြောင်းအရင်းကလည်း မှန်လွန်းသော သူ့အတွေးအခေါ်၊သူ့ အပြောများကြောင့် မြို့မှနှင်ထုတ်ခံရခြင်းဖြစ်သည်။ထိုစာရေးဆရာမက ဦးဆောင်၍  ခံစားချက်မဲ့ ပြည့်စုံခြင်း ကို တွန်းလှန်လိုက်ကြသည်။ထို့နောက် လူသားပီသစွာ ဆက်လက် နေထိုင်သွားကြသည်။
        လူတွေတင် မဟုတ်၊အသီးအနှံများပင် အော်ဂဲနစ် အသီး၊အနှံများက အနာအဆာရှိနိုင်သော်လည်း အန်္တရာယ် ကင်း ပြီး ပိုချိုမြိန်သည်။ဂျီအမ် စနစ်ဖြင့် စိုက်ပျိုးထားသည့် အသီးအနှံများကတော့ အမြင်ကလှပသေသပ်မည်။အလုံးအထည် ကြီးထွားမည်။အော်ဂဲနစ်နှင့်ယှဉ်ရသော် သူက ပိုပြည့်စုံသလို ထင်ရ၍ အစပိုင်းတော့ လူများအကြိုက် တွေ့ကြသည်။နောက်တော့လည်း အော်ဂဲနစ်ကိုသာ ပြန်လည်တန်ဖိုးထားလာကြသည်။သဘာဝတရားအတိုင်းကိုသာ လူများ လက်ခံကြခြင်းဖြစ်သည်။ထိုသို့ဆိုလျှင် လူ့စိတ်သဘောကိုရော၊သမီးငယ်နှင့် ပတ်သက်ပြီး ဒေါ်ယဉ်ယဉ်ထွန်း ဆက်တွေးကြည့်နေမိသည်။
         ကောင်လေး ပေါ်မလာသည်မှာ လပေါင်းများစွာကြာသွားပြီ။သူတို့ချင်း ဖုန်းအဆက်အသွယ် ရှိ၊မရှိတော့မသိ။သမီးငယ်၏ အမူအရာများက ပိုလို့လျှို့ဝှက်သွားသည်။မနေ့ညက ဗွီဇက်အိုဖြင့် သူတို့ ညီအစ်မ စကားပြောနေကြသည်။  သမီးကြီး၏ တက်ကြွ ပျော်ရွှင်နေသော မျက်နှာကို  ကြည့်ရင်း သမီးငယ်၏ပျော်ရွှင်မှု ပျောက်ဆုံးနေသော မျက်နှာက ပိုလို့သိသာနေသည်။ ဒေါ်ယဉ်ယဉ်ထွန်း တစ်ယောက် ကျွန်းဆက်တီ ကုလားထိုင်ပေါ်တွင် ခြေနှစ်ဖက်စလုံး စုံတင်ပစ်ထိုင်ရင်း သမီးငယ်၏ပုံရိပ်ကို ထိုင်ကြည့်နေမိသည်။သမီးနှစ်ယောက်ကို ဆိုဆုံးမလွန်းသော မိမိကြောင့်လား၊ကလေးများကို အရွယ်မတိုင်ခင် တရားဓမ်္မများ ဟောကြားထားသည့် သူတို့အဖေကြောင့်လား။အဖြေရှာရင်း သမီးငယ်နှင့် ပတ်သက်ပြီး စိတ်ထဲမှာ နေလို့မကောင်း။ဦးနှောက်အသိဥာဏ် ဖွံ့ဖြိုးမှုကို ဦးစားပေးလွန်း၍ နှလုံးသားခံစားချက်တွေ ပျောက်ဆုံးကုန်ပြီလား။စာရေးဆရာများ၏ စကားကို ငှားသုံးပြီး ပြောကြည့်ရလျှင် သမီးငယ်တစ်ယောက်  ရသ ပျောက်ဆုံးနေတာ ဖြစ်ပါလိမ့်မည်။

ရိုးမြေကျ 2014,ကလျာ မဂ္ဂဇင်း။နိုဝင်ဘာလ။

        
                               (၁)
    မင်္ဂလာဒုံ အမှတ်(၂) စစ်ဆေးရုံ မှ ကားလမ်း ဖြတ်ကူးရန် ဆွေဆွေစောင့်ဆိုင်းနေသည်မှာ ငါးမိနစ်လောက်ရှိတော့မည်။အရင်လ တွေ လာတုန်းက သည်လောက် ကားမရှုပ်ဟုထင်သည်။မင်္ဂလာဒုံ-ပြည်လမ်းမကြီး ပေါ်တွင်ဖြတ်သန်းသွားသည့် လိုင်းကား အရေအတွက်က နည်းသည်။ခဏအကြာ ဆေးရုံထဲမှ လူနှစ်ယောက်ထွက်လာသည်။သူတို့နှင့် ကပ်လိုက်ပြီး ဆွေဆွေ လမ်းကူးလိုက်သည်။ထိုအချိန် ကားဂိတ်သို့ ဆူးလေ သွားသည့် လိုင်းကားတစ်စီး ထိုးဆိုက်သဖြင့် အဆင်သင့်ပင် တက်လိုက်သည်။နေရာ ရသည့် ထိုင်ခုံပေါ်တွင် နေသားတကျထိုင်လိုက်ပြီး ဆွဲခြင်းတောင်းကို ပေါင်ပေါ်တင်လိုက်သည်။သည်နေ့ ရလာသည့် ဆေးများကို ဖွင့်ကြည့်လိုက်သည်။သည်တစ်ပတ် ဆေးပေးသည့် ဗိုလ်မှူး ကျော်ကျော်က သဘောကောင်းသည်။ဈေးကောင်းရမည့် ဆေးများဖြစ်သည်။အရင်တစ်ပတ် ဆေးမှူးတွေ ကတော့ ဘားပလက်နှင့်ဖြူးရာမင်း ဘီစီတွေသာ ပေးသည်။အဲ့သည့် ဆေးများက ဈေးသိပ်မရ။ဆွေဆွေ မေမေ့ကို လက်ဖက်ရည်တိုက်ပြီး မုန့်လည်း ၀ယ်ကျွေးချင်သည်။သည်နေ့တော့ လက်ဖက်ရည်ဖိုးတစ်ဝက်ကို မေ့မေ့ဆီမှ မတောင်း၊ဒါ့ပြင် ဗိုလ်ချုပ်ဈေးမှ မေမေကြိုက်သည့် ရေမုန့်လည်း ၀ယ်သွားလိုက်မည်။သိမ်ကြီးဈေးတွင် ဆေးအရင် ၀င်ရောင်းရမည်၊ပြီးမှ ဗိုလ်ချုပ်ဈေးဘက် ဆက်သွားမည်။သည်လကုန် ကိုကြီးဆီပြန်လိုက်အုံးမည်။ပုဆိုးနှင့်စွပ်ကျယ်တစ်ထည်လောက်လည်း ၀ယ်ချင်သေးသည်။ပြီးတော့ သမီးဝါ၀ါနှင့်မြေးမလေးအတွက်လည်း မိုးတွင်းစီး ဖိနပ်ဝယ်ပေးချင်သေးသည်။
    ဆွေဆွေ ယောက်ျား ကိုကြီး ဦးတင်အောင်သည် စစ်တပ်မှ ပင်စင်စား တပ်ကြပ်ကြီး စာရေးဖြစ်သည်။တပ်၏ ရိက်္ခာသိုလှောင်ရုံကို ကိုင်ရသည်။သည်အချိန်တုန်းက ဆွေဆွေတို့ ရွှေထီးဆောင်းခဲ့သည်။အိမ်မှာ သကြား၊နို့ဆီ၊ကော်ဖီမှုန့်နှင့် အသားများ ၀ယ်စား စရာမလို။ဟန်းကောချိုင့်နှင့် စတီးဇွန်းများလည်း ဆွေဆွေ လိုသလောက်ရနိုင်သည်။နယ်မြို့တွင် တာဝန်ကျသည့် ဆွေဆွေတို့ ထံသို့ ရန်ကုန်မှ မောင်၊ညီမများ လာလည်လျှင် အပြန်လက်ဆောင်အဖြစ် ထည့်ပေးလိုက်နိုင်သေးသည်။ကလေးမရသည့်အတွက် ညီမ တစ်ယောက်မှ မွေးသည့် တူမကို ငယ်ငယ်လေးကတည်းက ခေါ်မွေးစားထားသည်။လောဘမကြီးသည့် ကိုကြီးနှင့် ပစ်္စည်းများတန်ဖိုး သိပ်မသိသည့် ဆွေဆွေတို့ ဘ၀သည် ငြိမ်းချမ်းသည်ဟု ဆိုရမည်။သမီး ၀ါဝါကိုလည်း ချစ်လွန်းသဖြင့် အလိုလိုက်ထားကြသည်။သမီး အရွယ်ရောက်လာချိန်တွင် ကိုယ့် အမျိုးတစ်စုကြောင့် သူ့ကိုယ်သူ မွေးစားသမီးမှန်း သွားခဲ့သည်။ထိုအချိန်မှ စ၍ ပြောမကောင်း၊ဆိုမကောင်း ဖြစ်လာသည်။တစ်ခုခု ပြောဆိုဆုံးမလျှင် “မွေးစားသမီး မို့မလား” ဆိုသည့် စကားဖြင့် မိဘနှစ်ပါးကို အနိုင်ယူလာသည်။ပညာကို ဆုံးခန်းတိုင်အောင် မသင်တော့။အရွယ်မတိုင်ခင် ချစ်သူရည်းစားများ ထားသည်။အမေရင်းထံ ပြန်ပို့ကြည့်လိုက်တော့ ပိုဆိုးလာတော့သည်။ထိုအခါ ကိုကြီးက အသက်မပြည့်ခင် လုပ်သက်ပြည့်ပင်စင်ယူကာ သူ့သမီးကို အမျိုးများနှင့် ဝေးရာ သူ့ရပ်ရွာ ဇာတိတွင်သာ ထားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
      ကိုကြီး ဦးတင်အောင် ဇာတိဖြစ်သည့် ပဲခူးတိုင်း၊ဂျင်ကလိ ကျေးရွာတွင် အခြေပြန်ချကြသည်။ပင်စင်မှရလာသည့် ပိုက်ဆံလေးဖြင့် အုတ်၊သဲ ကျောက်လုပ်ငန်း စ ကြည့်သည်။တပ်တွင်းမှာသာ တစ်ချိန်လုံး နေလာခဲ့သဖြင့် အပြင်စီးပွားရေး အကြောင်းကို သိပ်နားမလည်။ဆွေမျိုးနီးစပ် တူတစ်ယောက်ကို အကူအညီတောင်းထားရသည်။သမီးဝါ၀ါကတော့ ဂျင်ကလိရွာမှ ခြောက်တန်းမအောင်သည့် အောင်ဝင်းဆိုသူနှင့် အိမ်ထောင်ကျသွားတော့သည်။သမီးကို ချစ်လွန်းသဖြင့် သားမက်ကို အိမ်ခေါ်တင်ကာ အုတ်၊သဲကျောက် လုပ်ငန်း ဦးစီးခိုင်းကြည့်သည်။လောင်းကစား ၀ါသနာထုံသည့် သားမက်က လုပ်ငန်းခွင်ကို စိတ်မ၀င်စား။ရသလောက် ငွေများကို လောင်းကစား လုပ်ပစ်လိုက်သည်။သည် လုပ်ငန်းများကို မကျွမ်းကျင်သည့် ကိုကြီးတစ်ယောက် ပင်စင်ငွေများ ကုန်ချိန်တွင် အုတ်၊သဲကျောက် လုပ်ငန်းလည်း ရပ်ဆိုင်း လိုက်ရတော့သည်။လစဉ်ရသည့် ပင်စင်ငွေလေးဖြင့် သမီးနှင့် သားမက်ကိုပါ တင်ကျွေးထားရသည်။  
         ဆွေဆွေကတော့ ရန်ကုန်တွင်သာ အနေများသည်။မေမေက ဆွေဆွေ့ကို ခေါ်ထားသည်။ငယ်စဉ်ကတည်းက ဥာဏ်ရည် မပြည့်ဝသည့် ဆွေဆွေ့ကို အသနားပိုသည်။ညီမများကလည်း ပြောပြောဆိုဆို ကျွေးမွေးကြပါသည်။အ၀တ်အစားများကို မငြီးမငြူ ပြောင်စင်အောင် လျှော်ဖွတ်တတ်သည့် ဆွေဆွေကို သူတို့လည်း စေတနာရှိကြပါသည်။တစ်ယောက်စာလောက်တော့ ဘယ်ညီမ အိမ်က ဖြစ်ဖြစ် ခေါ်ထားချင်ကြသည်။ခက်သည်က ဆွေဆွေ ၊နည်းနည်းလေး စုမိ ဆောင်းမိလျှင် ပဲခူးသို့ သွားချင်သည်။ကိုကြီး၊သမီးနှင့် မြေးလေးကို ပေးချင်၊ကျွေးချင်သည်။ဆွေဆွေသည် အရူးလက်မှတ် တရားဝင်ကိုင်ဆောင်ခွင့် ရသူဖြစ်သည်။သွက်သွက်ခါ ရူးသည် မဟုတ်သော်လည်း ပြည့်တော့ မပြည့်။ကိုကြီးကို ချစ်ခင်ခဲ့ကြသည့် အထက်လူကြီးများ စောင်မမှုဖြင့် အာရုံကြောအားဆေးများ၊ စိတ်ငြိမ်ဆေးများနှင့် အခြား အားဆေးအချို့ ကို မင်္ဂလာဒုံ စစ်ဆေးရုံကြီးက လစဉ် ထုတ်ပေးသည်။ထိုဆေး အားလုံးက ဆွေဆွေ့အတွက်အသုံးမ၀င်။ထိုအခါ ထုတ်ဆေးဖြင့်ရသည့် ဆေးများကို သိမ်ကြီးဈေး ဆေးဆိုင်ကြီးများသို့
ပြန်သွင်းလိုက်သည်။ရလာသည့် ငွေများက ဆွေဆွေ့အသုံးစရိတ်ရသည်။မေမေ့အတွက် ညီမ ၀ယ်ပေးထားသော အိမ်တွင် မေမေ နှင့်အတူ ဆွေဆွေ ကပ်နေသည်။သားအမိ နှစ်ယောက်စလုံး လက်ဖက်ရည်ကြိုက်ကြသဖြင့် မနက်တစ်ခါ၊နေ့လည် တစ်ခါ ပိုက်ဆံစပ်သောက်ကြသည်။တစ်ခွက်ဝယ် ၍ ရေနွေးနည်းနည်း ရောရသေးသည်။အခုလို ဆေးရောင်းရသည့် ရက်များဆိုလျှင်တော့ ဆွေဆွေသည့် မေမေ့ ဆီက လက်ဖက်ရည်ဖိုး တစ်ဝက်မတောင်းတော့။ပြီးလျှင် မေမေကြိုက်တတ်သည့် မုန့်များလည်း ၀ယ်လာပေးသည်။
    ဆွေဆွေ့တို့ငယ်ဘ၀က အင်စပက်တော် အဖေ့ရာထူး အရှိန်ဖြင့် ကောင်းကောင်းနေခဲ့၊စားခဲ့ရသည်။မေမေ့ အသက် သုံးဆယ့်ရှစ်နှစ်တွင် မုဆိုးမ ဖြစ်တော့ မလုပ်တတ်၊မကိုင်တတ်ဖြင့် ဆွေဆွေနှင့်အောက်က ညီမ တစ်ယောက် အသက်လိမ်ကာ အလုပ်ဝင်လုပ်ကြရသည်။အဖေ့ အပေါင်းအသင်းများက အလုပ်သွင်းပေးကြခြင်း ဖြစ်သည်။ခန်္ဓာကိုယ်ဖွံ့ဖြိုးလာသော်လည်း ဦးနှောက်မှတ်ဥာဏ် ဖွံ့ဖြိုးမလာသည့် ဆွေဆွေကို အလုပ်ထဲက ဆရာများက ကြည့်ရှုစောင့်ရှောက်ပေးကြသည်။သည်လိုနှင့် ကိုကြီးဆိုသူကို ဆွေဆွေ့ဘ၀မှာ တွေ့ခဲ့ရသည်။ဆွေဆွေ့ကို သနားချစ် ချစ်မိသည့် ကိုကြီးက မေမေ့ ထံတွင် တောင်းရမ်း လက်ထပ်ယူခဲ့သည်။ထို မင်္ဂလာဆောင်နေ့ကို ဆွေဆွေ မှတ်မိနေသေးသည်။ချစ်သူ ဘ၀က ကိုကြီး အိမ်သို့ အလည်လာလျှင် စစ်ယူနီဖောင်း အမြဲဝတ်လာလေ့ရှိသည်။မင်္ဂလာဆောင်သည့် နေ့က တိုက်ပုံ၊ပုဆိုးဖြင့် လာသည့် ကိုကြီးကို ဆွေဆွေ ချစ်သူ မဟုတ်ပါဟု ငိုပြီး ငြင်းခဲ့သည့်အတွက် စစ်ယူနီဖောင်း ပြန်လဲကာ မင်္ဂလာဆောင်ခဲ့ကြရသည်။ညီမတွေ ဘယ်လို ပြောသော်လည်း စစ်ယူနီဖောင်းဖြင့်သာ ကိုကြီးကို မှတ်မိနေသည်။
      ရိပ်က်္ခာသိုလှောင်ရုံ ကို ကိုင်ရသဖြင့် အသားများက ၀ယ်စားစရာ မလိုအောင်ရသည်။သို့သော် ချုပ်ထားသည့် အင်္ကျီအသစ် ရလာသည့် နေ့မျိုးတွင် ဆွေဆွေသည် အင်္ကျီအသစ်ကို ၀တ်ကာ ဈေးသို့ သွားချင်သည်။ထိုအခါ ရုံးမှ လူကြုံဖြင့် ပေးပို့လိုက်သည့် အသားများကို တွင်းတူးကာ မြေကြီးထဲသို့ မြှုပ်ပစ်လိုက်သည်။ပြီးမှ ဈေးသို့ အသားဝယ် ထွက်ခဲ့လိုက်သည်။ကိုကြီးသည် အလွန် စိတ်ဆိုးသော်လည်း ဆွေဆွေကို သည်းညည်း ခံရှာသည်။ကိုကြီးသည် တစ်လ တစ်ခါ ပန်းကန် ဆေးစင်အောက်ရှိ ရေအိုင်ကို ပေါက်တူးဖြင့် တူးဖော်ရသည်။စတီးဇွန်းများ ဒါဇင်လိုက် ထွက်လာသောကြောင့်ဖြစ်သည်။ပန်းကန်ဆေးရင်း ရေအိုင်ထဲသို့ ကျသွားသည့် ဇွန်းများကို ဆွေဆွေ ပြန်ကောက်လေ့မရှိ။ညီမများကပင် သည်းမခံနိုင်ဘဲ “အရူးပါး”ဟု ဆွေဆွေကို ခေါ်ကြသော်လည်း ကိုကြီးကတော့ “ဆွေဆွေရာ မင်းကွာ” ဟူသည့် အသုံးအနှုန်းလောက်သာ ဆိုဖူးသည်။ဆွေဆွေဘ၀အတွက် ဘာတွေမှ အများကြီးမလို သောက်စရာ ကော်ဖီမှုန့်၊နို့ဆီနှင့် သကြားများလည်း လိုသလောက်ရသည်။ပိုလျှံသည်များကိုပင် အမေနှင့်ညီမများအား ပေးနိုင်သေးသည်။တပ်တွင်းမှာ သမီးအတွက် ကျောင်းစရိတ်သည်လည်း မပူခဲ့ရ။
      ကိုကြီး ပင်စင်ယူမှ အပြင်လောကသည် ဆွေဆွေ့အတွက် ခက်ခဲသည်ကို သိရသည်။ကော်ဖီ မရှိ၊မီးမရှိသည့် ဂျင်ကလိရွာတွင် ဆွေဆွေ မနေနိုင်။အ၀တ်လျှော်လျှင် ဆပ်ပြာနှင့် ရေလည်း များများမသုံးရ။ဂျင်ကလိတွင် ခဏသာ လိုက်နေပြီး ရန်ကုန်ရှိ မေမေ နှင် ညီမများထံတွင် နေသည်။ဆွေဆွေအ၀တ်လျှော်လျှင် ဖြူဖွေး ပြောင်စင်သည့်အတွက် ညီမများ ကြိုက်ကြသည်။အချိန်တော့ နည်းနည်းကြာသည် ဆပ်ပြာများများ၊ရေများများ သုံးခွင့်ပေးရမည်။ရံဖန်ရံခါ သူတို့ပေးသည့် မုန့်ဖိုးများ၊ဆေးရောင်းရငွေများကို စုဆောင်းပြီး ဂျင်ကလိရွာသို့ ပြန်ပို့ပေးသည်။မေမေ့ ဆီက ကပ်စားသည်။လက်ဖက်ရည်ဖိုးတော့ တစ်ဝက်ပေးသည်။ဒါကို ညီမများက မကြိုက် “အရူးပါး”ဟု ပြန်ခေါ်နေကြသည်။ဆေးထုတ်ပြီး ရောင်းရသည့် နေ့ဆိုလျှင် ညီမ အငယ်ဆုံးသည် သူ့ကိုလည်း လက်ဖက်ရည်တိုက်စေချင်သည်။ဆွေဆွေကလည်း မတိုက် သူ့တွင် သူ့ကိုရှာကျွေးသည့် ယောက်ျားရှိနေသည်။အခုလည်း မေမေ နှင့်ဆွေဆွေ့အတွက် ရေမုန့်နှင့်လက်ဖက်ရည်ပါလာသည်။ရေနွေးရောစရာမလို မေမေတစ်ခွက်၊ဆွေဆွေ တစ်ခွက်ဖြစ်သည်။
                            ( ၂ )
     ကိုကြီး ဦးတင်အောင်သည် လူဖြောင့်စိတ်တို ဖြစ်သည်။ကိုကြီး ပြေလည်စဉ်က ဆွေဆွေ့ မောင်နှစ်ယောက်နှင့်ညီမ တစ်ယောက်ကို ကျောင်းထားပေးသည်။ဆွေဆွေပြော၍ မဟုတ်၊ဆွေဆွေက အကြီးဆုံးသမီးဖြစ်သည် တာဝန်ရှိသည်ဟု ဆိုကာ ကိုကြီးက စီစဉ်ပေးခြင်းဖြစ်သည်။ထိုအချိန်တုန်းကတော့ မောင်၊ညီမများက “ကိုကြီး၊ကိုကြီး”ဖြင့် ပါးစပ်ဖျားက မချခဲ့ကြ။အသက်မပြည့်ခင် ပင်စင်ယူသည့် အတွက် ကိုကြီးကို ကြောင်နေသည် ဟု ဝေဖန်ခဲ့ကြသည်။ကွယ်ရာတွင် “မဆွေ ယောက်ျားပဲ”ဟု ဆိုကြသေးသည်။အဲသည့်နောက်တော့ ကိုကြီး အကြောင်းကို သိပ်မပြောကြတော့။သားမက်လုပ်၍ လုပ်ငန်းပြုတ်သွားသည် ဆိုသောအခါ ကိုကြီးကို ဘယ်သူမှ အဖက်မလုပ်တော့။ဆွေဆွေကိုပင် “ယောက်ျားဆီ ပြန်ပို့ပေးနေရင် ကျွေးမထား”ဟု ဆိုကြသေးသည်။မေမေ တစ်ယောက်လုံးရှိသည် ဆွေဆွေ ဂရုမစိုက်။ရေပိုက်မှ ရေမလာသည့်အချိန် ဆွေဆွေ ရေသုံးကြမ်းသည့်အခါ၊ရွှေဝါ ဆပ်ပြာတောင့်တွေ တစ်ရက် တစ်တောင့် ကုန်အောင် သုံးပစ်လိုက်သည့်အခါ မေမေ စိတ်ညစ်တတ်သည်။ပိုက်ဆံရှိ၊မရှိ မသိ၊အချိန်တန် လက်ဖက်ရည် မသောက်ရလျှင် ဂျီတိုက်သည့်အခါ “ငါသေရင် ညည်းတော့ ခက်သေးတယ်”ဟု  ညည်းညူတတ်သည်။သို့သော်လည်း ဆွေဆွေ့ဘ၀တွင်မေမေ နှင့်ကိုကြီးကို အချစ်ဆုံးဖြစ်သည်။ဆွေဆွေ ဥာဏ်ရည် မမီဆိုသော်လည်း ဆွေဆွေ့အပေါ် ဘယ်သူ ကောင်းသည်ကို သိသည်။အမှန်တွေ ပြောတတ်သည်၊ ထို့ကြောင့် ကျန်သည့် ညီအစ်ကိုမောင်နှမများက မကြိုက်ကြ။
      လွန်ခဲ့သည့် လများက ဆေးရုံမှ ပေးသောဆေးများသည် ဈေးသိပ်မရ။ဒါကြောင့် ကိုကြီးတို့ဆီ မပြန်နိုင်သည်မှာ နှစ်လရှိပြီ။တပ်မတော် စစ်ဆေးရုံတွင် ပင်စင်စား မိသားစုများအား ဆေးထုတ်ပေးခြင်းဖြင့် ကြည့်ရှုထားရသည်မှာ များသည်ဟု ဆိုကာ ဈေးသိပ်မရသည့် ဆေးများကို ဆေးတပ်မှူးများက ပေးလာကြသည်။သည်လတော့ ဆေးတပ်မှူး အသစ်ပြောင်းသည်။ဆေးကောင်းများ ပြန်ပေးသည့်အတွက် ဆွေဆွေ ပျော်နေမိသည်။တစ်ခါတစ်ခါ ဆွေဆွေ ဆိုးဆိုးဝါးဝါး ဖြစ်သည့်အချိန်များတွင်လည်း သည်ဆေးရုံက စောင့်ရှောက်ပေးထားရသည်။ညီမအလတ် (သမီးဝါ၀ါ၏ အမေ၊)က ပိုက်ဆံချောင်လည်သည်။သူ့၏ ဒုတိယအိမ်ထောင်က လူပျိုဖြစ်သည်၊ညီမလတ်တွင် ပထမ အိမ်ထောင်ကွဲ နှင့် သမီးရှိသည်ကို သိသော်လည်း လက်ထပ်ယူလိုသည်။သို့သော် ကလေးကိုတော့ ခေါ်မလာစေလို။သည်လိုနှင့် ကလေးမရသည့် ဆွေဆွေတို့လင်မယားက သမီးကို တရားဝင် မွေးစားလိုက်ကြသည်။အခု သည်ညီမလတ်က ဆွေဆွေ့ကို ကြည့်ရှုစောင့်ရှောက်စေရန် စစ်ဆေးရုံအုပ်ကြီးနှင့် တပ်မှူးများ၊ကို လက်ဆောင်များပေးလေ့ရှိသည်။နယ်မြို့တွင် နေသဖြင့် ခြောက်လ တစ်ခါမှ ရန်ကုန်လာနိုင်သည်။မေမေ အခုနေသော အိမ်သည် ထိုညီမ လတ် ၀ယ်ပေးထားခြင်းဖြစ်သည်။သည့်အတွက်ကြောင့်များ ဆွေဆွေ သည်တစ်ပတ် ဆေးကောင်းများ ရသည် လားမသိ။ညီမလတ်သည် ဆွေဆွေ့ကို စေတနာရှိသော်လည်း သူ့သမီးအရင်းနှင့် မြေးများကိုတော့နည်းနည်းမှ မကြည့်။ဆွေဆွေ ပေးကမ်းနေတာ သိလျှင်ပင် မကြိုက်ချင်။ကိုကြီးကိုတော့ ကျေးဇူးရှိသည်ဆိုကာ ကြည့်တတ်သည်။မေမေ နှင့်ကိုကြီးပြီးလျှင် သည်ညီမလတ်ကို နည်းနည်းချစ်သည်။များများ မချစ်ရသည့် အကြောင်းရင်းက ပါးစပ် အလွန်ဆိုးသည်။သူ မကြိုက်သည်များ ကို ဆွေဆွေလုပ်မိလျှင် “အရူးမ” ဟုခေါ်တတ်သောကြောင့် ဖြစ်သည်။
       ဆွေဆွေ သည်တစ်လ ဂျင်ကလိရွာသို့ ပြန်သည်။ကိုကြီးအတွက် စွပ်ကျယ်၊ပုဆိုး။သမီးနှင့် မြေးမလေးအတွက် ဖိနပ်များနှင့် ညီမတွေဆီက တောင်းလာသည့် အ၀တ်အစားများ။သားမက်အတွက်ပင် မောင်တွေဆီက ပုဆိုး အလတ်လေးတွေ တောင်းခဲ့သေးသည်။ယောင်းမက ရေလဲ ပုဆိုးအဟောင်းများ ထုတ်ပေး သဖြင့်မယူဘဲ နည်းနည်းလတ်သည့် အထဲက ဇွတ်တောင်းလာခြင်းဖြစ်သည်။ကိုကြီးက မသောက်ရတာ ကြာပြီ ဖြစ်သည့် ကော်ဖီကို တရှိန်ထိုး မော့သောက်နေသည်။ဆွေဆွေ စိတ်မကောင်းဖြစ်ရသည်၊လတိုင်း ကိုကြီးကို ကော်ဖီတိုက်နိုင်အောင် လုပ်ရမည်။ဆွေဆွေအတွက်တော့ လက်ဖက်ရည်က အချိန်မှန်သောက်နေရသည်။ပေးစရာရှိသည်များ ပေးပြီး ဆွေဆွေ ရန်ကုန်ပြန်လာသည်။အိမ်ရှေ့တွင် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်၊ “ဘာများလဲ”ဟု တွေးရင်း ဆွေဆွေ အိမ်ထဲဝင်လိုက်မိသည်။ညီမအငယ်ဆုံး အော်သံကို ကြားလိုက်ရသည်။
   “အမေရေ ငါသေရင် ငါ့ သမီးကြီးကို စိတ်မချဘူးဆို အခု မဆွေလာနေပြီ ကြည့်ပါအုံးအမေရဲ့”။
ဆွေဆွေနှင့် အမေ လက်ဖက်ရည်သောက်နေကျ ဧည့်ခန်းက ကွတ်ပျစ်လေးပေါ်တွင် အမေကို ပက်လက်လေး တွေ့ရသည်။ယောင်တောင်တောင် ဖြစ်နေသည့် ဆွေဆွေ့ကို မောင်အငယ်ကောင် က “မဆွေ ဘေးဖယ် ဟိုမှာ နာရေးအသင်းက အလောင်းလာယူနေပြီ”ဟုဆိုက တွန်းဖယ်လိုက်သည်။လူတွေ အားလုံး အလုပ်ရှုပ်နေကြသည်၊ဆွေဆွေ့ကို ဘယ်သူမှ အရေးတယူ မရှင်းပြအား။ညီအငယ်ဆုံး၏ သမီးလေးက ဆွေဆွေ့ အနားမှာလာငိုနေသည်။တူမလေးကို ပေါင်ပေါ်ပွေ့တင်လိုက်သည်။မေမေ့ အချစ်ဆုံး မြေးမ လေးဖြစ်သည်။နို့ဖြတ်ပြီးကတည်းက မေမေ နှင့်အတူအိပ်လာသည်မှာ အခု သူငယ်တန်းပင် တက်နေပြီ။
  “ဘွားဘွား မျက်လုံးကြီး လှန်နေပြီး ခေါ်လို့ မရတော့ဘူးလို့ မေမေတို့ကိုသွားပြောတာ နိုးလို့မရဘူး”။
အမေ့အိမ်နောက်ဘက် လမ်းကြားတွင် ညီမအငယ်ဆုံးနေသည်။သူ့သမီးလေးက အဘွားနှင့်အိပ်သော်လည်း မနက်မိုးလင်းလျှင် နောက်ဖေးတံခါး သူ့ဘာသာဖွင့်၍ အိမ်ပြန်တတ်သည်။တူမလေးကိုသာ မေးကြည့်ရတော့သည်။
အမေသည် အုန်းနို့ခေါက်ဆွဲ အလွန်ကြိုက်သည်။အခုလို မိုးတွင်းဆိုလျှင် တညင်းသီးကလည်း တို့လိုက်သေးသည်။သွေးတိုး၊ဆီးချို နှစ်မျိုးလုံးရှိသည်၊ဆွေဆွေရှိလျှင် မစားဖြစ်အောင် ဟန့်တားတတ်သည်။သွေးအတက်လွန်သွားရာမှ ဦးနှောက်သွေးကြောပြတ်ခြင်းဖြစ်သည်။ဆွေဆွေသာ ရှိလျှင် အချိန်မီ ဆေးရုံ၊ဆေးခန်း ပို့နိုင်မည်။တူမလေးက လူကြီးများကို အကြောင်းကြားသော်လည်း ညီမအငယ်ဆုံး လင်မယားက မနိုးကြ။ဆွေဆွေ အလွန်ဝမ်းနည်းသွားသည်။မေမေ နှင့်ဆွေဆွေသည် တစ်ယောက်တစ်လှည့် အပြန်အလှန် စောင့်ရှောက်နိုင်သည်။အခု မေမေ မရှိတော့။နယ်မှာနေသည့် ညီမ နှစ်ယောက်ရောက်လာကြသည်။သားသမီး ခြောက်ယောက်အနက် ငါးယောက်တော့ စုံသည်။သားအလတ် တစ်ယောက်သာ မလေးရှားသို့ ရောက်နေသည်။အသုဘချသည့်နေ့တွင် ဆွေဆွေသည် သည်းထန်စွာ ငိုကြွေးသည်။မေမေ မရှိတော့ခြင်းသည် ဆွေဆွေ့ ဘ၀တစ်ဝက် မရှိခြင်းပင်။
      ရက်လည်သည့်နေ့တွင် အိမ်ပိုင်ရှင် ညီမအလတ်က ဆုံးဖြတ်သည်။မလေးရှား သို့ရောက်နေသည့် မောင်၏ မိန်းမနှင့် သားသမီးများကို အိမ်ပေါ်ခေါ်တင်ထားမည်။“မဆွေကိုတော့ စောင့်ရှောက်ပေးကြ“ဟုဆိုသည်။မောင်အလတ်သည် မလေးရှားတွင် ဘာအလုပ် လုပ်သည် မသိ။သူ့မိသားစုကို ပိုက်ဆံပုံမှန် ပြန်မပို့နိုင်။ဆွေဆွေကတောင် သူ့ကလေးများကို မုန့်ဖိုးပေးနေရသေးသည်။အခု အိမ်လခ သက်သာမည့် အစီအစဉ်ဖြစ်သဖြင့် ယောင်းမလုပ်သူက ဆွေဆွေ့ကို “ကျေးဇူးတင်စွာ ကြည့်ရှုစောင့်ရှောက်ပါမည်”ဟု ဂတိပေးနေသည်။ရက်လည် ပြီးသည်နှင့် နယ်မှ ညီမများ ကြာကြာမနေနိုင် ပြန်ကုန်ကြတော့သည်။ဆွေဆွေနှင့်မေမေ နှစ်ယောက်သာ နေခဲ့သည့် သည်အိမ်လေးထဲတွင် အထုပ်အပိုး၊နှင့် ကလေး လေးယောက်တို့ နေရာယူလာကြသည်။ယောင်းမသည် မနက်စောစော အိပ်ယာ မထတတ်၊ ဟင်းကို ချက်စားလေ့မရှိ။ကလေးများကိုလည်း ဆိုင်မှ ဟင်းချက်များသာ ၀ယ်ကျွေးလေ့ရှိသည်။မေမေ ရှိလျှင် ဆွေဆွေသည် ကောင်းကောင်း စားရသည်။ချည်ရည်၊အသားဟင်းနှင့် ငပိ၊တို့စရာတို့ မြိုင်မြိုင်ဆိုင်ဆိုင်။ပုဇွန်ထုပ်ကို သားအမိနှစ်ယောက်စလုံး ကြိုက်ကြသည်။ပိုက်ဆံမရှိလျှင် ပုဇွန်ဆီနှင့်ခေါင်းကို ၀ယ်ချက်စားကြသည်။မေမေ့ ပင်စင်လခ ရလျှင်ဖြစ်စေ၊ဆွေဆွေ ဆေးရောင်းရလျှင် ဖြစ်စေ ပုဇွန်ထုပ်ကို ၀ယ်စားကြသည်။မေမေသည် တပ်မတော် အထည်ချုပ်စက်မှ ပင်စင်စား စက်သမ တစ်ဦးဖြစ်သည်။
    “ယောင်းမ ဟင်းမချက်နိုင်ရင် ချက်ပေးမယ်လေ” ဟု ဆွေဆွေ အရေးဆိုကြည့်သေးသည်။ချက်စားခြင်းသည် ဟင်းချက် ၀ယ်စားခြင်းထက် အကုန်အကျ များသည်ဟု ဆိုကာ သဘောမတူခဲ့။လက်ဖက်ရည်သောက်ချိန်ရောက်လျှင် ယောင်းမသည် မေမေ့ ကဲ့သို့ ပင် ပိုက်ဆံစပ်သောက်ကြသည်။သို့သော် ရေနွေးရောပြီး လက်ဖက်ရည်ကို ကလေးများကပါ ၀င်မော့ကြသဖြင့် ဆွေဆွေ ၀အောင် မသောက်ရ။မေမေဆုံးပြီး တစ်လ အကြာ ဆွေဆွေ ဆေးရုံတက်ရသည်။ညဘက်များတွင် ကောင်းကောင်း အိပ်မပျော်၊အစားအသောက်မမှန် သဖြင့် နေမကောင်းဖြစ်သည်။ဆွေဆွေ တောင်စဉ်ရေမရ စကားများလျှောက်ပြောသည်။နားထဲတွင် အသံအချို့ကို ကြားနေရသည်။တစ်ခါတစ်ရံ မေမေ့ အသံများဟု ထင်ရသည်။ထို့ကြောင့် စကားပြန်ပြောမိသည်။ယောင်းမလုပ်သူက ဆွေဆွေ ရောဂါဖောက်နေပြီဟု ညီမအလတ်ကို အကြောင်းကြားလိုက်သည်။ညီမအလတ် ရောက်လာပြီး ဆေးရုံတင်လိုက်သည်။ဆေးရုံတွင် ဆွေဆွေ ပျော်သည်။အစားကောင်းကောင်းစားရသည်။ကော်ဖီ၊လက်ဖက်ရည် ၀အောင်သောက်ရသည်။၁၅ရက်လောက်နေတော့ ဆွေဆွေ ကျန်းမာလာသည်။ညဘက် ကောင်းကောင်းအိပ်ပျော်သည်၊အသံများလည်း မကြားရတော့။
    ဆွေဆွေ ဆေးရုံက ပြန်ဆင်းလာသည့်နေ့တွင် သမီးဝါ၀ါ အိမ်မှာ ရောက်နေသည်။သူ့အမေနှင့် တွေ့မသွားသည်မှာ တော်သေးသည်။သည်အိမ်ကိုလာတာ သူ မကြိုက်။
 “အမေ . . . . အဖေရယ် တော်တော် နေမကောင်းဖြစ်နေတယ်။လိုက်ခဲ့ပါအုံး။”
ဆွေဆွေတစ်ယောက် ချက်ချင်းလိုက်သွားခဲ့သည်။ကိုကြီးကို အတော်ပိန်နေသည်ကို တွေ့ရသည်။ဆေးရုံမှ ပါလာသည့် ကော်ဖီမှုန့်များ ဖျော်တိုက်သော်လည်း အရင်လို မသောက်။မျက်လုံးများက လည်နေသည်။တစ်နေရာကို အကြာကြီးငေးနေတတ်သည်။နဖူးကို စမ်းကြည့်တော့လည်း ကိုယ်မပူ။
 “အဖေ အဲဒီလို ဖြစ်နေတာ နှစ်ပတ်လောက်ရှိပြီ။သမီး အမေ့ကို လာခေါ်မလို့ လမ်းစရိတ်မရှိလို့ အခုမှလာတာ”။
    သမီးဝါ၀ါသည် အိမ်ထောင်ကျပြီး နောက်ပိုင်း အဖေနှင့်အမေကို ပိုခင်တွယ်လာသည်။အနည်းငယ်သိတတ်လာသည်။လက်ကြောမတင်းသည့် ယောက်ျားကြောင့် ဆေးလိပ် လိပ်နေရသည်။သူ့အဖေကို တတ်နိုင်သလောက် ကျွေးမွေးထားသည်။ကိုကြီး၏ ပုံစံသည် ဆေးရုံတွင် တွေ့ခဲ့သည့် လူနာတစ်ယောက်နှင့်တူနေသည်။ဘာလုပ်ရမည်ကိုတော့ မသိ။သူ့ဆရာများ ရှိရာ တပ်မတော် စစ်ဆေးရုံသို့ ခေါ်ခဲ့လိုက်သည်။ညီမအလတ်ကိုလည်း အကြောင်းကြားလိုက်ရသည်။ဆေးရုံတွင် စစ်ဆေးကြည့်သောအခါ ကိုကြီးသည် စိတ်ကျ ဝေဒနာ ခံစားနေရသည်ဟု ဆိုသည်။ဆေးရုံတွင် ထားခဲ့ရမည်။မိသားစုများက နှစ်ပတ် တစ်ခါ လာကြည့်နိုင်သည် ဟုဆိုသည်။ညီမအလတ်က သက်ဆိုင်ရာ ဆရာများကို ၀င်ကန်တော့ရင်း ကိုကြီးကို စောင့်ရှောက်ဖို့ အပ်ပေးသည်။ဆွေဆွေသည် ဆေးရုံသို့ တစ်လ နှစ်ခေါက်ရောက်ရတော့သည်။ဆေးထုတ်ဖို့တစ်ကြိမ်နှင့် ကိုကြီးကို ကြည့်ရန် တစ်ကြိမ်တို့ဖြစ်သည်။
                        
                               ( ၃ )
     နွေရာသီ ကျောင်းပိတ်ရက်များတွင် ညီမအလတ်သည် သားနှင့်သမီးကို ခေါ်ကာ ရန်ကုန်တွင် နွေသုံးလ လာနေလေ့ရှိသည်။ထိုအချိန်မျိုးတွင် ဆွေဆွေ အ၀တ်တွေ အများကြီးလျှော်ရတတ်သည်။အ၀တ်လျှော်ရခြင်းကို ဆွေဆွေ မပင်ပန်း၊၀ါသနာလည်း ပါသည်။ယောင်းမက သူ၏ သားသမီး အ၀တ်များပါ ရောပုံလာသောအခါ ဆွေဆွေမှာ ခြေ၀ဲစားသည်ထိ ဖြစ်ရသည်။ညီမအလတ်က “မဆွေ အ၀တ်လျှော်ရင် သိပ်ကြာတာကိုး ဒါကြောင့် ခြေ၀ဲစားတာ။အ၀တ်အစားတွေလည်း မများဘဲနဲ့”ဟု ဆူသည့်အခါ ဆွေဆွေ ဘာမှ ပြန်မပြော။သူတို့မရှိလျှင် ဆွေဆွေသည် ယောင်းမနှင့်အဆင်ပြေအောင် နေရမည်ဖြစ်သည်။ညီမလတ် ရှိနေသည့်အတွက် ကိုကြီးဆေးရုံကို သွားတွေ့ပေးသည်။မုန့်တွေဝယ်သွားတတ်သည်။ဆွေဆွေ စိတ်ချမ်းသာရသည်။သည် တစ်ခေါက် ဆေးရုံသွားလျှင် ဆွေဆွေလည်း လိုက်သွားမည်။သို့သော် ညီမလတ်က
  “မဆွေ မလိုက်နဲ့အုံး။လူကြီး အပြောင်းအလဲ ဖြစ်လို့ တွေ့ဖို့ခက်နေတယ်၊ကျွန်မ ၀င်ကန်တော့ထားတယ်။မဆွေက မပြောတတ် မဆိုတတ်နဲ့ ငြိုငြင်သွားရင် ကိုယ့်ယောက်ျားကို မကြည့်ပေးဘဲ နေလိမ့်မယ်”။
“မဆွေ ဘာထည့်ပေးလိုက်ချင်လဲ ၊ထည့်ပေးလိုက်လေ ကျွန်မ ပေး ပေးမယ်”။
အရင်တစ်ခေါက် ဆွေဆွေ ရောက်စဉ်က ကိုကြီးသည် သူ့ကိုတောင် မမှတ်မိသလို ဖြစ်နေသည်။အခြေအနေမှန်ကို သိချင်လှသည်။ပြောပြတော့ ညီမလတ်က သူအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည်၊“ကိုယ့်ဘာသာ နေကောင်းအောင်” နေ ဟုသာ ပြောသည်။ကိုကြီးအတွက် ငပိကြော်နှင့်ငါးဘတ်မွှေလေး ထည့်ပေးလိုက်သည်။ဆွေဆွေ့လက်ရာများထဲတွင် ငါးဘတ်မွှေကို အကြိုက်ဆုံး ဟု ကိုကြီးပြောဖူးသည်။ ငါးဘတ်မွှေကို ဒီနေ့စားလိုက်ဖို့ ကိုကြီးကိုပြောရန် ညီမလတ်ကို သေချာမှာရသည်။ဆေးရုံမှ ပြန်လာသောအခါ ကော်ဖီမှုန့်နှင့်သကြားတစ်ထုပ်ပါလာသည်။ကိုကြီး ပေးလိုက်သည်ဟု ပြောသည်။နေလည်း တော်တော်ကောင်းနေပြီဖြစ်သည်တဲ့။စိတ်ချမ်းသာရသည်။နောက်တစ်ပတ် ဆေးသွားထုတ်ရင်းကိုကြီး ကို ၀င်တွေ့ရမည်။
       ဆေးများထုပ်ပြီး လူနာဆောင်သို့ကူးခဲ့လိုက်သည်။လက်ထဲတွင် အ၀တ်အစားအချို့နှင့်ချဉ်ပေါင်ကြော်ဘူးလေး ပါလာသည်။အ၀င်ဂိတ် မရောက်ခင် အနောက်မှ အော်ခေါ်သံကြားလိုက်ရသည်။“ဒေါ်ဆွေဆွေ ခဏလေးခင်ဗျ၊ဦးတင်အောင်ကို ၀င်တွေ့ခွင့် ခဏပိတ်ထားတယ်။သူ နေကောင်းစမို့ ဒေါ်ဆွေဆွေရဲ့ အမကိုလည်း ပြောထားပါတယ်၊ပေးစရာရှိရင် သူ့ကိုပဲ ပေးခိုင်းလိုက်ပါနော်“
 “အော် ဟုတ်ကဲ့ ဒါလေး ထားခဲ့လို့ ရမလား”ဆွေဆွေ ဇဝေဇ၀ါနှင့် ဘာဆက်ပြောရမှန်း မသိတော့။
 ““ဟုတ်ကဲ့ ကျွန်တော့်ကို ပေးခဲ့ . . . ရတယ်။လာ ကျွန်တော် ကားဂိတ်ပြန်ပို့ပေးမယ်”။
အိမ်ပြန်ရောက်တော့ ညီမအလတ်က ဆူပါသည်။နောက်တစ်ခါ သူမသိဘဲ ကိုကြီးသွားမတွေ့ရန် တားမြစ်သည်။နွေသုံးလလုံး ညီမအလတ်ကပင် ကိုကြီးကို တွေ့သည့် တာဝန်ယူသည်။ဆွေဆွေထည့်ပေးလိုက်သည့် စားစရာများ ယူသွားပေးသည်။သည်တစ်ခါတော့ စွပ်ကျယ်လေး သုံးထည် အသစ်ဝယ်ထားသည်။ကိုကြီး ဆေးရုံမှာ နေရသည်မှာ ကြာပြီ ဖြစ်သည်။စွပ်ကျယ်ကိုသာ ၀တ်လေ့ရှိသည့် ကိုကြီး စွပ်ကျယ်များ ဟောင်းကုန်လောက်ပြီ။ညီမလတ် မသိအောင် စွပ်ကျယ်ထဲတွင် စာတိုလေး တစ်စောင် ညှပ်ပေးလိုက်သည်။
သို့/   ကိုကြီး နေကောင်းရဲ့လား။ ဆွေဆွေလာတယ် ၀င်တွေ့လို့မရဘူး။ဘာစားချင်လဲ စာရေးပေးလိုက်ပါ။ကိုကြီးကို သတိရတယ်။ဆေးရုံက ဆင်းရင် ဆွေဆွေလည်း ဂျင်ကလိကို လိုက်နေတော့မယ်။ဒီမှာ မပျော်တော့ဘူး။သမီးနဲ့မြေးအတွက် တောင်းထားတဲ့ အ၀တ်အစားတွေ အများကြီးဖြစ်နေပြီ။             မှ/ ဆွေဆွေ
    ညီအလတ် ဆေးရုံမှ အပြန်ကို မျှော်နေမိသည်။ကိုကြီး စာပြန်ရေးပေးလိုက်လျှင်ကောင်းမည်။ကိုကြီးနေထိုင်ကောင်းကြောင်းသာ ပြောပြီး စာအကြောင်းဘာမှ မပြော။“ကိုကြီးက စာပြန် ရေးမပေးလိုက်ဘူးလား”ဆွေဆွေ့ အမေးကို ညီမလတ်က “ခဏပဲတွေ့ရတာ၊ဘာမှ သိပ်မပြောလိုက်ရဘူး။လူကြီးတွေကိုလည်း ၀င်တွေ့ရသေး တယ်လေ”ဟုဆိုသည်။ညက ကိုကြီးကို အိပ်မက်မက်သည်။ကိုကြီးသည် တစ်ယောက်တည်း လမ်းလျှောက်နေသည်၊ ဆွေဆွေ ခေါ်သည်ကို မကြား။ဆွေဆွေက ကိုကြီးနောက် လျှောက်လိုက်နေသည်၊ဆွေဆွေ့နောက်ကို မေမေက လျှောက်လိုက်နေပြန်သည်။တရေးနိုးတော့ ရင်တွေတုန်ပြီး ပြန်အိပ်မပျော်တော့။မနက် အစောကြီး ကလေးတွေ နိုးနေကြသည်။သည်နေ့ တိရိစ်္ဆာန် ဥယျာဉ်သို့ သွားကြလိမ့်မည်။ယောင်းမနှင့်သူ့ကလေးများ။ညီမအငယ် သမီးလည်း လိုက်သွားမည်။ဆွေဆွေကိုလည်း ခေါ်သည်။ညက အိပ်မပျော်သဖြင့် နေလို့မကောင်း ဒါကြောင့်မလိုက်တော့ ဟု ဆိုလိုက်သည်။ညီမအလတ် မိသားစုတို့ကျောင်းများ ဖွင့်ခါနီး ၍ နယ်ပြန်ကြတော့မည်။သူတို့တွေ ထွက်သွားကြပြီး ခဏအကြာ ဆွေဆွေ စိတ်ကူးတစ်ခု ရသည်။ဆေးထုပ်ဖို့ ရက်တော့လိုသေးသည်၊သို့သော် ကိုကြီးကို သွားတွေ့တော့မည်။
         

ဆေးထုတ်သည့် ဘက်မှ မ၀င်ဘဲ လူနာဆောင် နောက်ပေါက်မှ ၀င်ခဲ့လိုက်သည်။အ၀င်ဝတွင် ဂိတ်စောင့်က လူနာကုတင် နံပါတ်ကိုမေးသည်။ဆွေဆွေသိသည်က ကုတင်နံပါတ် ၃၉၆၊နောက်ပိုင်း အပြောင်းအလဲ ရှိ၊မရှိ မသိ။လူနာအမည် မေး၍ ပြောလိုက်သည်။
မရှိဟု ဆိုသည်။ဆွေဆွေကလည်း ပြီးခဲ့သည့် တစ်ပတ်ကမှ ညီမလတ် လာတွေ့သွားသေးသည်ဟု ဇွတ်ပြောရသည်။
ထိုစဉ် တာဝန်ရှိသူတစ်ယောက်ထွက်လာသည်။
 ““ အဲ့ဒီ ဦးတင်အောင် ဆိုတဲ့ လူနာ ဆေးရုံက ပျောက်သွားတာ ကြာပြီလေ။”
ဆွေဆွေရင်တို့ ပူကနဲဖြစ်သွားရသည်။  “ဘယ်တုန်းက ပျောက်သွားတာလဲ ။လိုက်မရှာကြဘူးလားဟင်”
“ရှာတာပေါ့ မတွေ့တာ။မပျောက်ခင်ကတည်းက ဆေးရုံဝန်းထဲက အပင်အောက်မှာ သွားသွားထိုင်နေလို့ လိုက်ခေါ်ရတယ်။နောက်ဆုံးတစ်ခေါက်ကတော့ သူ့ပုဆိုးစ တွေကို ဖြဲပြီး စားနေတာ။အဲသည့်နောက် ဆေးရုံက အပြီးပျောက်သွားတော့တာပဲ။
ခင်ဗျားက သူနဲ့ ဘာတော်လဲ”။
“ကျွန်မ သူ့မိန်းမပါ”
““ဟာ သူ့မိန်းမက အခုမှ သိလား။ခင်ဗျား ဆေးရုံကို လာမမေးဘူးလား၊”
ထိုသူ ပြောသံများကို ဆွေဆွေ မကြားတော့။အိမ်ကို ဘယ်လိုပြန်ရောက်လာသည်လည်း မသိတော့။
ဧည့်ခန်းထဲက ကွတ်ပျစ်ပေါ်တွင် အထုပ်များစွာချထားပြီး ၀ိုင်းဖွဲ့စကားပြောနေကြသည်။ဖိနပ်ချွတ်နားတွင် ဆွေဆွေရောက်နေသည်ကို သတိမထားမိကြ။
“ဟဲ့ အငယ်မ . . . . . .  . မဆွေ ဘယ်သွားလဲ။“ညီမလတ်၏ မေးသံကိုကြားရသည်။
“မသိဘူးလေ။ ဒီနား ဟိုနား ရှိမှာပေါ့”
“အေး ငါ ပြန်သွားရင်လည်း နည်းနည်းတော့ ဂရုစိုက်ကြအုံးနော်။အဓိက ဆေးရုံကို မသွားစေနဲ့။သူ ဆေးသွားထုတ်နေတဲ့ ဆေးမှူးကိုတော့ ပြောထားတယ်။သူ့ကို လူနာဆောင် ပေးမ၀င်ပါနဲ့လို့”
“မဆွေက မသိသေးဘူး ဟုတ်လား အမ”ယောင်းမ လုပ်သူက ၀င်မေးနေသံကြားရသည်။
“သိလို့ဘယ်ဖြစ်မလဲ သွက်သွက်ခါသွားလို့ ကျန်တဲ့သူတွေ အကုန် ဒုက်္ခရောက်ကုန်မယ်”။
 “ကိုကြီးဘယ်ရောက်သွားတာတဲ့လဲ”   ညီမအလတ် မေးနေသံတို့ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊
“ဆေးရုံကပျောက်သွားတာ နှစ်လလောက်ရှိပြီ။လိုက်တော့ရှာကြသေးတယ်။မတွေ့ဘူး။ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတော့ ထောက်ကြန့်နားမှာ စစ်ဆေးရုံ ၀တ်စုံနဲ့ ပိုင်ရှင်မဲ့ အလောင်းတစ်လောင်းတွေ့တယ်တဲ့။ဆေးရုံကတော့ ကိုကြီးလို့ မှန်းဆကြတယ်။”ငါ့မှာ သူမရိပ်မိအောင် ဆေးရုံသွားပြီး ဆေးမှူးနဲ့ တိုင်ပင်ကိုက်ထားရတာ။ဒါတောင် ပြီးခဲ့တဲ့ တစ်ပတ်က သူ့က စာထည့်ပေးလိုက်တယ်တဲ့။ငါလည်း ဘယ်သိမှာလဲ အဆောင်မှာ လိုအပ်တဲ့ လူနာတွေ ပေးလိုက်ပါဆိုပြီး ထားခဲ့တာလေ။”
ဆွေဆွေ၏ လက်ကျန်ဘ၀လေး မရှိတော့။မျက်လုံးများလည်လာပြီး နားထဲတွင်လည်း အသံများ ကြားနေရပြန် သည်။ဘယ်လောက်ကြာအောင် ရပ်နေမိသည် မသိ၊ဘာတွေဖြစ်ခဲ့သည် လည်း မသိတော့။သူ သတိထားမိသည့် အချိန်သည် အိပ်ယာထဲတွင် ရောက်နေပြီ။ညီမအလတ်က ပြောနေသည်။
 “မဆွေ အိပ်လိုက်နော်၊ဆေးထိုးပေးထားတယ်၊ကျန်းမာအောင်နေ။ဘာမှ မတွေးနဲ့ မဆွေကို ကျွန်မ တစ်သက်လုံး စောင့်ရှောက်မှာ၊ကြားလား”။
အိပ်မက် မက်ပြန်သည်။သည်တစ်ခါ မေမေ့ နောက်ကို ဆွေဆွေက လိုက်နေသည်။မေမေ က လှည့်မကြည့်၊ကိုကြီးက  ဆွေဆွေ့နောက်ကို ပုဆိုးစ တွေ ကိုက်စားရင်း လိုက်နေသည်။လန့်နိုးလာတော့ ရင်တွေ တဒိန်းဒိန်းခုန်နေသည်။နားထဲတွင်လည်း မေမေ့ အသံကို ကြားနေရသည်။မျက်လုံးထဲတွင် ကိုကြီး ပုဆိုးစ များ ကိုက်စားနေသည်ကို မြင်နေသည်။သမီးနှင့်မြေးအတွက် တောင်းထားသည့် အ၀တ်ထုပ်ကို လှမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲပိုက်ထား လိုက်မိသည်။သည်ထဲတွင် ကိုကြီးအတွက် ပုဆိုးလည်း ပါသည်။ရေငတ်လာသည်၊ထ သောက်မိသည်ထင်သည်။သို့သော် ဂျင်ကလိရွာကို ပြန်ရောက်နေသည်။သမီးဝါ၀ါက ထွက်လာပြီး “အမေရေ အဖေရယ် ရွာပြန်ရောက်နေတယ်”ဟု အော်ပြောသည်။   
        ((((((((((((နောက်တစ်နေ့မနက် ညီမလတ်က ဆွေဆွေ့ အခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် ဖြည်လက်စ အ၀တ်ထုပ် ပိုက်ပြီး လဲကျနေသည့် ဆွေဆွေ့ကို တွေ့လိုက်ရသည်။ပုဆိုးတစ်ထည်ကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားရင်း အသက်ပျောက်နေပြီ ဖြစ်သည်။)))))))))))