468x60

မျှော်လင့်ခြင်း ဟင်းလင်းပြင် ။ဒီဇင်ဘာလ၊ရွှေအမြုတေ မဂ္ဂဇင်း၊၂၀၁၄

Monday, December 1, 2014
                         
                        (၁)
        ဆိုက်ရောက်ဆိုသည့် ၀င်ပေါက်ဝမှ တစ်သုတ်ပြီး တစ်သုတ် ထွက်လာနေကြသည့် လူအုပ်ကြီးကို ကြည့်ရင်း တိုးညွှန့်တစ်ယောက် စောင့်စားရခြင်းကို စိတ်တိုစပြုလာပြီ။ကိုယ့်ဘာသာ တက်္ကစီငှားပြီး ပြန်ခဲ့လို့ရသည်ကို ရေးကြီးခွင်ကျယ်လုပ်ပြီး လာကြိုခိုင်းသည်။ပြီးတော့ ဘယ်အချိန်ဆိုသည်ကိုလည်း အတိအကျမသိ။တစ်နေ့ က မျိုးညွှန့် ဖုန်းဆက်လာတော့ ပြန်ကြရမည့် အဖွဲ့များကို လေယာဉ်ဖြင့် သုံးသုတ်ခွဲပြီး ပို့မည်ဟုပြောသည်။ဘယ်အသုတ်တွင် ပါဝင်မည်ကို သူကိုယ်တိုင် မသိသေး။မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်းတစ်ခုက အခမဲ့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။မနက်ဖန်မှ ဖုန်းထပ်ဆက်မည်ဟု ဆိုကာ ပြန်မဆက်သွယ်တော့။မနက်မိုးမလင်းခင်ကတည်းက အမေက သူ့သားကြီးကို သွားကြိုဖို့ လောဆော်နေသည်။ကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်ပြီး၊ကိုယ့်အိမ် ကိုယ်ပြန်လာခြင်းကို သွားကြိုပေးနေစရာ မလိုဟု တိုးညွှန့်ထင်သည်။ပညာတော်သင် ပြန်လာသည့်သူမဟုတ်။နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားလည်း မဟုတ်။နောက်ဆုံး မိသားစုအတွက် စုမိဆောင်းမိ ငွေစကြေးစ ကလေးများပင် ပါလာမည့်သူ မဟုတ်။ထိုလေကြောင်းလိုင်းက ပြန်မပို့ပေးလျှင် ပြန်စရာ လေယာဉ်စရိတ်တောင် ရှိမည့်သူ မဟုတ်ဘဲ မလေးရှားနိုင်ငံ၏ လူမျိုးရေး ပဋိပက်္ခကြားတွင် ဓားစားခံဖြစ်ကာ ဒုက်္ခရောက်မည့်သူ ဟု စိတ်တိုစွာဖြင့် တိုးညွှန့် ထိုင်တွေးနေမိသည်။
        မျိုးညွှန့်နှင့် တိုးညွှန့် က တစ်နှစ်နှင့်ရှစ်လသာ ကွာသည့် ညီအစ်ကို။တိုးညွှန့်အောက် နွယ်နွယ်ထွန်းနှင့်  တိုးညွှန့်က နှစ်နှစ်ကွာပြီး၊ညီအငယ်ဆုံးလေးနှင့် နွယ်နွယ်ထွန်းတို့က လေးနှစ်ကွာကြသည်။မိန်းကလေးတစ်ဦးတည်း ဖြစ်သည့် နွယ်နွယ်ထွန်းက ဘာသိဘာသာ နေတတ်ပြီး အငယ်ကောင် ချမ်းငြိမ်းနှင့်အကြီးဆုံး မျိုးညွှန့်တို့က ရှစ်နှစ်လောက် ကွာကြသဖြင့် မရင်းနှီးကြပြန်။တိုးညွှန့်နှင့် မျိုးညွှန့်တို့က အထက်အောက်လည်း ဖြစ်၊အသက်ချင်းလည်း သိပ်မကွာကြသဖြင့်  အချင်းချင်း နံမည်ခေါ်ပြီး မင်းနဲ့ငါ သုံးနှုန်းပြောဆိုကြသည်။မျိုးညွှန့် ပြန်လာခြင်းအပေါ်တွင် တစ်အိမ်သားလုံးက ဘာမှ မထူးခြားလှ၊အမေတစ်ယောက်သာ “သားကြီး ပြန်လာတော့လည်း ကောင်းတာပေါ့ကွယ်။မိသားစု တစ်စုတစ်ဝေးတည်း ဖြစ်တာပေါ့”ဟု မှတ်ချက်ချသံကြားရသည်။တိုးညွှန့် မတ်တပ်ရပ်၍ မျှော်ရသည်မှာ ညောင်းသလောက်ရှိမှ နောက်ဆုံးလေယာဉ် အသုတ်ဖြင့် မျိုးညွှန့်တစ်ယောက် ပါလာတော့သည်။သူ့ထုံးစံအတိုင်း သစ်လွင်တောက်ပြောင်သော အ၀တ်အစားတို့ကိုဝတ်၍ ဆိုက်ရောက် အပေါက်မှ ခေါင်းမော့ ထွက်လာပုံမှာ
ပညာတော်သင်နှင့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများထက်ပင် ၀ံ့ကြွားနေသေးသည်။
       နောက်ဆုံး လေယာဉ်ခေါက် ဖြစ်၍ထင့်၊လေဆိပ်ထဲတွင်လည်း စောင့်နေကြသည့် သူများနည်းပါးသွားပြီ။ လာကြိုကြသည့် သူများထဲမှ  အချို့ကတော့ လူဝင်မှုကြီးကြပ်ရေး အပေါက်နားထိ သွားရပ်နေကြသည်။တိုးညွှန့်ကတော့ မျိုးညွှန့်တစ်ယောက် ခရီးဆောင်အိတ် ထုတ်ပြီးချိန်ထိ အထွက် အပေါက်နားမှ ရပ်စောင့်နေလိုက်သည်။အနားရောက်လာသည့် မျိုးညွှန့်က သူ့ ခရီးဆောင်အိတ်ကို တိုးညွှန့်ဆီ လှမ်းပေးရင်း
         “မင်းကလည်း အထဲနားထိတောင် မလာဘူး” ဟုဆိုသည်။
ကမ်းပေးလာသည့် သူ့ခရီးဆောင်အိတ်ကို မသိကျိုးကျွံပြုကာ
         “ရပြီမလား သွားကြမယ်” ဟုသာ တိုးညွှန့်ဆိုလိုက်သည်။
လေဆိပ်ထွက်ပေါက်နား ကားအ၀င်အထွက် ရှုပ်နေသဖြင့် လေဆိပ်အပြင်ဘက် ကားလမ်းမပေါ်ထိ လမ်းလျှောက်ခဲ့လိုက်သည်။လမ်းလျှေက်နေရင်း နောက်ဘက်မှ မျိုးညွှန့် လှမ်းအော်သံကို ကြားလိုက်သည်။
        “ဟေ့ကောင် ကားမငှားဘူးလား”
လမ်းလျှောက်ရသည့် အကွာအဝေးက အနီးကလေးသာ ရှိသေးသည်။အချိန်အားဖြင့်လည်း ငါးမိနစ်ပင် ပြည့်မည်မထင်။လေဆိပ်ဝင်ပေါက်ထက် ကားလမ်းမကြီးပေါ်က ကားငှားရသည်မှာ ပိုလွယ်ကူသည်။ဈေးလည်း အနည်းငယ် သက်သာနိုင်သည်။ဒါလေးကိုပင် မစောင့်နိုင်စွာ မျိုးညွှန့်အော်နေပြီ။တစ်မနက်ခင်းလုံး ထိုင်စောင့်နေရသည်ကိုမှ အားမနာ။တွေးရင်းပင် စိတ်ချဉ်ပေါက်လာသည်။
          “လိုင်းကားနဲ့ ပြန်မှာ”
   “လိုင်းကားနဲ့ ပြန်စရာလားကွ၊ငါ့ပုံကိုလည်း ကြည့်အုံး ဘယ်လိုလုပ် လိုင်းကားနဲ့ ပြန်လို့ ဖြစ်မှာလဲ”။မျိုးညွှန့်တစ်ယောက် စိတ်ဆိုးတကြီး အော်ပြီ။
      “အဲဒါဆို မင်းမှာ တက်္ကဆီခ ပါလား”။တိုးညွှန့်တစ်ယောက် မျိုးညွှန့်ကို ကလိချင်စိတ်ပေါ်လာသည်။
      “ပြည်ပက ပြန်လာတာ မြန်မာငွေ ပါမလားကွ”
   “ဒါဆို မလေး ရင်းဂစ်တွေတော့ အများကြီး ပါလာတယ်ဆိုတဲ့ သဘောာပေါ့။”တိုးညွှန့် အမေးကို
“လချီးထဲမှပဲ” ဟု ရယ်ဟဟနှင့် ဆဲလေသည်။မျိုးညွှန့် ရယ်လိုက်လျှင် ခင်မင်နှစ်လိုဖွယ်ကောင်းသည်။ငယ်စဉ်ကတည်းက သူငယ်ချင်းများကြား၊ဆွေမျိုးများ ကြားထဲတွင် သူဘယ်လောက် စိတ်ဆိုးအောင် လုပ်ထားလုပ်ထား ထိုသို့ ရယ်ပြီး ဖြေရှင်းလိုက်လျှင် အားလုံးက ကျေအေးသွားတတ်ကြသည်။သူ၏ ထူးခြားချက်ဟု ဆိုရမည်သာ။အခုလည်း ရယ်ဟဟနှင့် ဆဲလိုက်သည့် သူ့ပုံစံကြောင့် တစ်မနက်ခင်းလုံး တိုနေသည့် စိတ်တို့ အနည်းငယ် ပြေလျှော့သွားရသည်။လက်ကလည်း အလိုလို အနားက ဖြတ်သွားသည့် တက်္ကစီ တစ်စီးကို လှမ်းတားမိရက်သား ဖြစ်သွားသည်။
         ငှားလာသည့် တက်္ကစီလေးက လေဆိပ်လမ်းမှ မြောက်ဥက်္ကလာပ ဘက်သို့ထွက် ထိုမှတစ်ဆင့် မြောက်ဒဂုံဘက်ကို ဦးတည်မောင်းနေသည်။မြောက်ဒဂုံလမ်းတွေပေါ် ရောက်သွားသည့်အချိန်တွင် မျိုးညွှန့်ပါးစပ်မှ စကားလုံး အချို့ ထွက်ကျလာသည်။
 “ငါထွက်သွားတာ ငါးနှစ်ကျော် ခြောက်နှစ်နီးပါးပဲ လမ်းတွေကလည်း အရင်အတိုင်း စုတ်ပြတ်နေတုန်းပါလား”။ကားပေါ်တွင် ဘာစကား မဆိုချင်သဖြင့် တစ်လမ်းလုံး သူ့အကြောင်းပင် မမေးဘဲ လိုက်ပါလာသည့် တိုးညွှန့်တစ်ယောက် မျိုးညွှန့်ကို စောင်ပေပေနှင့် သာကြည့်လိုက်မိသည်။တက်္ကစီဆရာက မနေနိုင်စွာ
     “မဟုတ်ဘူး အစ်ကိုရဲ့ လမ်းတွေက ကောင်းလိုက်သေးတယ်။ပြီးတော့မှ ပြန်ပျက်သွားတာ။မိုးတွင်းဆိုရင်တော့ ပိုဆိုးတယ်။ကတ်္တရာလမ်းတွေပေါ် ရေကျော်နေတော့ လမ်းပေါ်က ကျင်းတွေ၊ချိုင့်တွေဆို မမြင်ရဘူး။ကားတွေက တော်သေး ဆိုက်ကားတွေဆို ခဏ ခဏ မှောက်ကြတာ”။ ဟု ၀င်ရှင်းပြနေသည်။
    “အဲဒါပဲ လမ်းတွေကို အစကတည်းက ကောင်းအောင်မှ မလုပ်ခဲ့တာ။အထက်က လူကြီးတွေက သေချာ မသိ၊အင်ဂျင်နီယာတွေလည်း  လမ်း၊တံတား ပရော့ဂျက် တစ်ခု ရပြီဆိုရင် သူတို့ အိတ်ထဲထည့်ဖို့လောက်ပဲ စဉ်းနေကြတာ။မလေးမှာဆိုရင် လမ်းတစ်ခါခင်းထားရင် ဆယ်စုနှစ် လေးစုလောက်တော့ အသာလေးခံတယ်။ပြုပြင်ထိန်းသိမ်းမှု တွေကလည်း မပြတ်လုပ်နေကြတာကိုး---ပြီးတော့----”။မျိုးညွှန့်စကား မဆုံးခင်
     “တော်ပါတော့ကွာ” ဟု တိုးညွှန့် ၀င်အော်လိုက်မိတော့သည်။အဲဒီတော့လည်း ဆက်မပြောတော့ပဲ အိမ်ရောက်သည်ထိ ငြိမ်ငြိမ်လေး ထိုင်ကာ လိုက်ပါလာသည်။
         အိမ်ရောက်တော့ ဧည့်ခန်းကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်ရင်း အနားရှိ ဂျာနယ်တစ်စောင်ကို ကောက်ဆွဲကာ ယပ်ခတ်နေသည်။အမေက ပန်ကာလေး ဆွဲထုတ်လာရင်း သူ့သားကြီးနား လာချပေးသည်။ဆောင်းလယ်လောက် ရောက် နေပြီဆိုသော်လည်း ရန်ကုန်နေက ပူပြင်းလွန်းနေသည်။မျိုးညွှန့် တစ်ယောက် အ၀တ်အစား မလဲဘဲ ဧည့်သည်ထိုင် ထိုင်ကာ အိမ်ကို မျက်လုံးဝေ့ကြည့်နေသည်။ပန်ကာ အနားလာချသည့် အမေ့ကို ကြည့်ရင်း
       “ဟာ အမေ ဒီပန်ကာကြီးက အခုထိ ရှိနေသေးတာလား”။
မျိုးညွှန့်အမေးကို အမေက
 “အေးလေ သားကြီးရယ် မရှိလို့ ဘာလုပ်ရမှာလဲ အသံ တခြစ်ခြစ် မြည်နေပေမဲ့ လည်နေသေးတော့ လေရသားပဲဟာ” ဟု ရိုးစင်းစွာ ပြန်ဖြေသည်။
       “မင်း အ၀တ်အစားတွေ လဲလိုက်လေကွာ။ပြောင်ချော်ချော် ဘောင်းဘီရှည်နဲ့ အင်္ကျီလက်ရှည်ကြီးက ပူတာပေါ့”။
ကိုယ်တိုင်လည်း စွတ်ကျယ် လက်ပြတ်ကို လဲရင်း တိုးညွှန့် လှမ်းပြောလိုက်သည်။
ခရီးဆောင်အိတ်ကို တရွတ်တိုက်ဆွဲကာ ဘယ်အခန်း ၀င်ရမှန်း မသိပုံစံဖြင့် လျှောက်နေသည့် မျိုးညွှန့်ကို ကြည့်ရင်း တိုးညွှန့်တစ်ယောက် စိတ်မရှည်နိုင်တော့ဘဲ အခန်းထဲသို့ တွန်းသွင်းလိုက်တော့သည်။ဒါတောင်မှ ပါးစပ်က “အော် ဒီအခန်းပဲလား” ဟု ပြောဖြစ်အောင် ပြောလိုက်သေးသည်။မျိုးညွှန့် တစ်ယောက် အိမ်ရှိပစ်္စည်းများကို ဘာကြောင့် ပြောင်းလဲ ရမည်ဟု ထင်နေသည်မသိ။
         ညနေရောက်တော့  အငယ်ကောင် ချမ်းငြိမ်း ကျောင်းက ပြန်လာရောက်လာသည်။ချမ်းငြိမ်းကို ကြည့်ပြီး “ဟာ ဒီကောင် မှတ်တောင် မမှတ်မိဘူး။ထွားလာလိုက်တာ”ဟု တအံ့တသြ ရေရွတ်သည်။
“ဆယ်တန်းရောက်နေပြီလေကွာ၊မင်းထွက်သွားတော့ ဒီကောင် လေးတန်းပဲ ရှိသေးတာကို” တိုးညွန့် က ချမ်းငြိမ်း အကြောင်း ပြောနေစဉ်မှာပင် ကားပစ်္စည်း အရောင်းဆိုင်တွင် စာရေးမ ၀င်လုပ်နေသည့် နွယ်နွယ်ထွန်းက
   “ဟယ် ကိုကြီးပြန်ရောက်နေပြီလား” ဟု ဆိုကာ အိမ်ပေါ်ပြေးတက်လာသည်။
“နွယ်နွယ် နင်လည်း နည်းနည်း လူကောင်ကြီးလာတယ်ဟ”။

        “မျိုးညွှန့်တို့ကတော့ လုပ်ပြီ လူတွေပဲ အသက်အရွယ်အရ ပြောင်းလဲရမှာပေါ့ ဟ”။
တိုးညွှန့် လှမ်းပြောသည်ကို မျိုးညွှန့်ကတော့ နားမလည် သလို ကြည့်နေသည်။
ညနေစောင်းတော့ အဖေပြန်မလာခင် ညီအစ်ကို နှစ်ယောက် ၇/၈ လမ်းဆုံးနားက ဘီယာဆိုင်သို့ ထွက်ခဲ့လိုက်ကြသည်။ဒီတစ်ခါတော့ တိုးညွန့်နှင့်အတူ လိုင်းကားပေါ်ပြေးတက်ပါလာသည်။အဖေပြန်လာလျှင် သူဘာသာ ရေချိန်ကိုက်ပြီးသော်လည်း လိုက်မည်ဟု လုပ်နေဦးမည်။လွတ်လွတ်လပ်လပ် မျိုးညွှန့်ကို မလေးရှားက အကြောင်းတွေ မေးချင်သေးသည်။ပြီးလျှင် သူ ရှေ့ဆက်မည့် အစီအစဉ်များကိုလည်း သိလိုသည်။
                              ( ၂ )
        မျိုးညွှန့်တို့ မြန်မာဆယ်ယောက် တစ်ဖွဲ့က အားလုံး အိုဗာစတေးတွေချည်းဖြစ်သည်။အလုပ်ရှင်နှင့် မလေးရဲတို့ နားလည်မှုယူကာ အိုဗာစတေးအဖြစ် နေလာခဲ့သည်မှာပင် သုံးနှစ်ကျော်ပြီ။မျိုးညွှန့် မလေးရှားတွင် နေလာခဲ့သည့် စုစုပေါင်း ခြောက်နှစ်နီးပါးတွင် စိတ်လုံလုံ ခြုံခြုံ တရားဝင်နေထိုင်ခွင့်ရခဲ့သည်မှာ နှစ်နှစ်လောက်သာရှိခဲ့ရသည်။ကျန်သည့် နှစ်များကတော့ ကျီးလန့်စာစားဘ၀။အခု ဖြစ်သည့် လူမျိုးရေး ပြဿနာများကြောင့်  မြန်မာ အလုပ်သမားများ အလုပ်ခွင်ဝင်ရန် အခက်တွေ့နေကြသည်။သူတို့လို အိုဗာစတေးသမားများ အတွက်ကတော့ ဆိုဖွယ် မရှိတော့။အခြေအနေတွေ မတည်ငြိမ်ခင်ကာလများ အတွင်း သူဌေးက သူတို့ အိုဗာစတေးများကို လစာ ထုတ်မပေးဘဲ သိမ်းထားသည်။အခြေအနေက ပိုဆိုးရွားလာတော့ ပြည်တော်ပြန်ရန် ဖြစ်လာရသည်။လစာလည်း ထုတ်မပေးတော့ဟု ဆိုသည်။မြန်မာ အလုပ်သမားများနှင့်အတူ ဖိလစ်ပီးနှင့် အိန်္ဒိနွယ်ဖွား တစ်ချို့လည်း ပါသည်။ရ ရမည့် လစာက သုံးလစာတောင် ဖြစ်သည်။မပေးတော့မလို ပြောလာသည့် မန်နေဂျာ စကားကြောင့် တစ်ဖွဲ့လုံး ဂဏာမငြိမ်နိုင်။နောက်မှ မြန်မာပြည်မှ ဆရာတော်တစ်ပါးရောက်လာပြီး  ပေါက်ပေါက်ရောက်ရောက် မြန်မာများနှင့် ဆက်သွယ်မိကာ သူတို့၏ စွမ်းဆောင်ပေးမှုကြောင့် နှစ်လစာ ပြန်ရခဲ့ကြသည်။တင်နေသည့် အကြွေးများထဲမှ တစ်လစာ ပြန်ဆပ်ခဲ့လိုက်သည်။
        အဆောင်ငှားနေရသည့် စရိတ်များ။စားသောက်စရိတ်များ။မြင့်မားသည့် လူနေမှု အဆင့်အတန်းကို နေလိုခြင်းကြောင့် ကုန်ရသည့် စရိတ်များက မနည်း။ဒါ့အပြင် အလုပ်ပင်ပန်းမှု၊အထီးကျန်ဆန်မှုတို့ကို ပြေပျောက်စေရန်အတွက် အလုပ်ပိတ်ရက်များတွင် အပေါင်းအသင်များနှင့် သောက်သောက်စားစား စရိတ်တို့ကလည်း မသေးလှ။ရောက်ပြီး သုံးနှစ်လောက်သာ အိမ်သို့ ငွေမှန်မှန်ပို့နိုင်ပြီး ကျန်နှစ်များကတော့ လေးလတစ်ခါ၊ငါးလ တစ်ခါပင် အနိုင်နိုင်ပို့နေရသည်။ကြွေးကျေသွားပြီ ဆိုသည့် အမေ့အပြောများကြောင့် စိတ်က ပေါ့သွားတာလည်းပါသည်။
အဖေ ပင်စင်ယူပြီဆိုတော့ မိသားစု စားဝတ်နေရေးအတွက် စဉ်းစားကြရပြီ။ထိုနှစ်မှာပင် မျိုးညွှန့် ဆယ်တန်းကျသည်။အသက် နှစ်နှစ်လောက်သာ ကွာသည့် တိုးညွှန့်က ဆယ်တန်းရောက်လာသည်။ဆယ်တန်းကျောင်းသားနှစ်ယောက်၏ ကျောင်းစရိတ်၊ကျူရှင်စရိတ်များက မနည်းသလို အောက်မှာလည်း အငယ်နှစ်ယောက်က ရှိသေးသည်။အစကတည်းက ပညာရေးကို စိတ်မ၀င်စားလှသည့် မျိုးညွှန့် ရပ်ကွက်ထဲမှ သူငယ်ချင်းများနှင့် ပေါင်းမိကာ ပြည်ပသို့ အလုပ်ထွက်လုပ်ချင် စိတ်ပေါက်လာသည်။မိသားစု စားဝတ်နေရေးအတွက် ငွေရှာလိုသည်ဟု အကြောင်းပြလိုက်သည်။ပွဲစားသို့ ပေးရမည့် ငွေကြေးပမာဏက နည်းတော့ မနည်းလှ။
        အမေ့ကို ပူဆာရသည်၊အဖေကတော့ အစကတည်းက ဘာကိုမှ စိတ်ဝင်စားတတ်သူ မဟုတ်။အစိုးရ အမှုထမ်း ဘ၀တုန်းက ရာထူးက စက်မှုကျွမ်းကျင် (၃)၊အပိုဝင်ငွေ အဖြင့် ပြင်ပမှ အပ်သည့် စက်ပစ်္စည်းများကို ကရိုင်းသ ပေးလို့ရသည်။သို့သော်လည်း မလုပ်ခဲ့။အလုပ်အပေါ် သစ်္စာရှိသည်၊ထို့အတူ လူပျိုပေါက်ကတည်းက သောက်ခဲ့သည့် အရက်အပေါ်လည်း အဖေသည် သစ်္စာမပျက်ခဲ့။သားသမီးလေးယောက်၊အဖေ အမေနှင့်ပေါင်း မိသားစု ခြောက်ယောက်စရိတ် သည် အဖေ၏ လစာ ၀င်ငွေတစ်ခုတည်းနှင့်  ဘယ်လိုမှ မလောက်ငနိုင်။အမေ အစ်မ၊မျိုးညွှန့်တို့၏ အဒေါ်အပျိုကြီးက ထောက်ပံ့ခဲ့ရသည်။ယခုနေသည့် အိမ်ကပင် အဘိုးအဘွားတို့ အမွေပေးခဲ့သည့် အမေတို့ညီအစ်မ နှစ်ယောက်ပိုင် အိမ်ဖြစ်သည်။အမေက အဖေနှင့် အိမ်ထောင်ကျသည့်အခါ ဒေါ်ကြီး လှနွယ် က အတူမနေဘဲ အမေ့တစ်ယောက်တည်းကိုသာ ပေးခဲ့သည်။သူဆောက်လုပ် လှူဒါန်းထားသည့် ရိပ်သာတစ်ခုတွင်နေကာ ငယ်စဉ်က ရှာဖွေထားသည့် ပိုက်ဆံ အချို့ကို အတိုးပေးစားနေသည်။ထိုထဲမှပင် မျိုးညွှန့်တို့ မောင်နှမများ လိုအပ်စရိတ်ကို ထောက်ပံ့ပေးနေရသေးသည်။ဒါကို အဖေက အေးအေးမယူ အရက်မူးလာလျှင် “ငါ့ မိသားစုကို ငါ့ဘာသာ ရှာကျွေးနိုင်တယ်၊ဘယ်သူ့ အထောက်အပံ့မှ မလိုဘူး။ငါ့ကို သိက်္ခာ လာမချနဲ့” ဟူ၍ ကြွေးကြော်သေးသည်။
        ဒေါ်ကြီးကတော့ အမေ့ကို “မြနွယ်ယောက်ျား ကိုကောင်းညွှန့် တို့များ ကိုယ်တိုင်လည်း မိသားစုကို လောက်ငအောင် ရှာမပေးနိုင်ဘူး၊အကူအညီမလိုဘူးလေး၊ဘာလေးနဲ့ လေကျယ်နေသေးတယ်။ညည်းယောက်ျားကို ပြောလိုက် အိမ်ထောင်ဦးစီး ဆိုတဲ့ ရာထူးက  ကိုယ့်မိသားစုကို ဦးစီးဦးဆောင် လုပ်နိုင်မယ်ထင်လို့ ပေးထားတာဟဲ့။ဟု အဖေကြားအော် ပြောလေ့ရှိသည်။ယခု အမေ့ကို ပူဆာရမည့် ကိစ်္စသည် ဒေါ်ကြီး၏ သဘောတူညီမှုလည်း လိုသည်။မျိုးညွှန့် မလေးရှားသို့ အလုပ် သွားလုပ်ရန်အတွက် လိုအပ်သည့် ငွေကြေးကို ရနိုင်ရန် အိမ်ပေါင်ဖို့ ဖြစ်သည်။အမေ့အိမ် ဆိုသော်လည်း ဒေါ်ကြီးနှင့် အမွေဆိုင်ဖြစ်သည်။အမေက တွန့်ဆုတ်ဆုတ် ၊ဒေါ်ကြီးက သဘောမတူ။သူ့အတွက် မလိုအပ် မျိုးညွှန့် တို့မောင်နှမတွေ နေစရာ နေရာ ပျောက်သွားမှာကိုပဲ စိုးရိမ်သည်ဟု ဆိုသည်။ဒေါ်ကြီးကို နားဝင်အောင် မနည်း မျိုးညွှန့်ပြောရသည်။ဟိုရောက်သည်နှင့် အိမ်ပေါင်ထားသည်ကို ပြန်ရွေးနိုင်ရန် ငွေပို့ပေးနိုင်မည့်အကြောင်း။ဒါ့အပြင် ကျန်သည့် မောင်နှများ၏ ကျောင်းစရိတ်ပါ ထောက်ပံ့နိုင်ကြောင်း ပြောပြရသည်။
         နောက်ဆုံးတော့ အိမ်ပေါင်ပြီး မလေးရှားသို့ မျိုးညွှန့် အလုပ်လုပ်ရန် ထွက်ဖြစ်ခဲ့လိုက်သည်။မြန်မာပြည်တွင် ပွဲစားများက ရွှန်းရွှန်းဝေအောင် ပြောကြသော်လည်း တစ်ကယ် မလေးရှားနိုင်ငံသို့ ရောက်သောအခါ တော်တော်နှင့် အလုပ်မရ။နောက်ဆုံး အရင်ရောက်နေသည့် မြန်မာများ အကူအညီနှင့် ကိုယ့်ဘာသာ အလုပ်ရှာကြရသည်။ဝင်ဝင်ချင်း ရသည့် လခက ကိုယ့်တစ်ယောက်စာ နေစရိတ်၊စားစရိတ်ပင် မလောက်ချင်။ဒီတော့လည်း ရောက်ရောက်ချင်း လေးလလောက်က မြန်မာပြည်ကို ငွေမလွဲနိုင်ခဲ့။အဲဒီနောက်ပိုင်းတော့ ကိုယ့်ဘာသာ အလုပ်တွေ တစ်ခုပြီး တစ်ခုပြီး ရှာဖွေရင်း လစာ သင့်တင့်သည့် စက်ရုံတစ်ခုတွင် အလုပ်မြဲခဲ့ရသည်။ခြိုးခြိုးခြံခြံ နေပြီး သုံးနှစ်လောက် ငွေပြန်ပို့ဖြစ်ခဲ့သည်။အိမ်ပြန်ရွေးနိုင်ပြီဆိုသည့် အမေ့စကားသံကြောင့် စိတ်အနည်းပေါ့သွားခဲ့သည်။မလေးရှား ရောက်ခါစကသာ အိမ်ကို လွမ်းသလိုလိုနှင့် စိတ်ညစ်မိသော်လည်း နောက်ပိုင်းတွင်တော့ ကိုယ့်အိမ်ကိုယ့်ရာ လိုဖြစ်ကာ နေရတာ ပျော်လာသည်။ရှာလို့ရသမျှငွေကိုလည်း အလွယ်တကူပင် သုံးမိသည်။လေးနှစ်မြောက်လောက် ရောက်တော့ မျိုးညွှန့်တို့ ပစ်စပို့ သက်တမ်းက ကုန်ပြီ။တစ်ကယ်ဆိုလျှင် မြန်မာပြည်ပြန်ပြီး သက်တမ်း အသစ်တိုးရမည်။ဒါပေမဲ့ ထိုသို့လုပ်ဖို့ လမ်းစရိတ်များက ကုန်ကျမည်။လက်ထဲတွင် စုစုဆောင်းဆောင်းက မရှိကြ။
        မျိုးညွှန့်အပါအ၀င် ရွှေမြန်မာတို့ မလေးရှားမှာပင် ပတ်စပို့ အတု လုပ်ကြသည်။အစစ်နှင့် ခွဲမရအောင် အတော်တူသည်။ပတ်စပို့ အသစ် ကိုင်စ အချိန်တုန်းကသာ စိတ်မလုံသလိုနှင့် ကြောက်မိသော်လည်း လ အနည်းငယ်တွင် အသားကျ သွားရပြန်သည်။ထို့နောက် စက်ရုံများသို့ ရှောင်တစ်ခင် ၀င်စစ်သည့် မလေး ရဲများကိုကြောက်ရပြန်သည်။ထိုရဲများကိုတော့ ပတ်စပို့ အတုပြလို့ မဖြစ်။သူဌေးက နားလည်မှုယူထားရသည်။ကြောက်သည့်အခါ ကြောက်လိုက်၊ပြေးရသည့် ပြေးလိုက်နှင့် သံသရာလည်ရင်း ခြောက်နှစ်နီးပါး ရှိသွားခဲ့ရသည်။အခု လူမျိုးရေး ကိစ်္စ ဖြစ်လာသည့် အခါတွင်တော့ အခြေအနေများက ပိုပြင်းထန်လာပြီး ပြန်လာရသည့် အဆင့်သို့ ရောက်သွားရသည်။ရှေ့ဆက် ဘာလုပ်ရမည်ကတော့ မစဉ်းစားတတ်သေး။သည် အရွယ်ကျကာခါမှ ဆယ်တန်းလည်း ပြန်မဖြေချင်တော့။ အငယ်ဆုံးကောင် ချမ်းငြိမ်းတောင် ဆယ်တန်းရောက်နေပြီ။တိုးညွှန့်နှင့် နွယ်နွယ်ထွန်းတို့ကလည်း အဝေးသင်ဖြင့် ဘွဲ့ အသီးသီး ရပြီးကြပြီ။မြန်မာပြည်က ထွက်မသွားခင်ကလည်း ဘာအလုပ်မှ မယ်မယ်ရရ လုပ်ဖူးခဲ့သည်
မဟုတ်။ဒါကြောင့်ပင် မလေးရှားရောက်စက အတော် ဒုက်္ခရောက်သည်။လက်ကြောတင်းအောင် ဘာမှ မလုပ်နိုင်ခဲ့ နောက်မှသာ မဖြစ်မနေ ရပ်တည်ဖို့ အတွက် အလုပ်က သင်သွားရင်း လုပ်နိုင်လာသည်။
                             (၃)
        မျိုးညွှန့်တွင် ရှေ့ဆက်မည့် အကြောင်းအရာတို့က ရေရေရာရာ ရှိပုံ မပေါ်သေး။သူ ရှင်းသမျှ နားထောင်ကာ အိမ်ပြန်ခဲ့ကြသည်။အဖေက အသင့်ဆီးကြိုနေသည်။ထူးထူးခြားခြား အဖေ ဒီနေ့ သောက်ထားပုံ မပေါ်။အမေနှင့် နွယ်နွယ်တို့က ညစာ ထမင်းပြင်နေကြသည်။ချမ်းငြိမ်း ကျူရှင်က ပြန်ရောက်လာချိန်တွင် မိသားစု ထမင်းဝိုင်း စ ကြသည်။သည်လို ဆိုတော့လည်း အမေ ပြောသလို မျိုးညွှန့် ပြန်လာတော့  မိသားစု တစ်စုတစ်ဝေးထဲ ဖြစ်သွားတာပေါ့ ဟု တွေးရသည်။ထမင်းစားရင်း အဖေက မလေးရှားနိုင်ငံ၏ နိုင်ငံရေး အကြောင်း မျိုးညွှန့်ကို မေးနေသည်။မျိုးညွှန့်ကလည်း မစားရ ၀ခမန်း အဖေ့ကို ရှင်းပြနေသည်။တစ်မိသားစုလုံးနှင့် မသက်ဆိုင်သည့် အကြောင်းအရာ ဖြစ်နေခြင်းကြောင့် ထမင်းဝိုင်းတွင် အဖေနှင့် မျိုးညွှန့် တို့အသံသာ ကြားနေရသည်။တိုးညွှန့်ကတော့ အရင်ဦးဆုံး ထမင်းဝိုင်းမှ ထ ဖြစ်လိုက်သည်။အိပ်ခန်းတွင်း အနည်းငယ် ရှင်းလင်းရင်း၊မျိုးညွှန့်၏ ပစ်္စည်းများကို နေရာချသည်။ပြီးလျှင် အိပ်ယာပြင်ရန် ခြင်ထောင်၊ခေါင်းအုံးတို့ကို ယူ၍ ဧည့်ခန်း သို့ထွက်ခဲ့လိုက်သည်။တိုးညွှန့်ကိုမြင်တော့
အမေက “ဟဲ့သားရဲ့ ဆောင်းတွင်းကြီး ဧည့်ခန်းထဲ ထွက်အိပ်မလို့လား” ဟုဆိုသည်။
“ကျွန်တော်က အိပ်နိုင်တယ် အမေ၊အမေ့သားက ပူလို့အိပ်နိုင်မှာ မဟုတ်ဘူး။ဟိုမှာ သူက လေအေးပေးစက်နဲ့ နေခဲ့ရမှာ။”
တိုးညွှန့် အိပ်ယာပြင်နေစဉ်မှာပင် အဖေနှင့် မျိုးညွှန့်ုတို့ ထွက်လာကြသည်။အဖေကလည်း
     “ဆောင်းတွင်းပဲကွာ ညဘက်တော့ သိပ်မပူပါဘူး၊အခန်းထဲမှာ မအိပ်ကြဘူးလား”ဟု ဆိုပြန်သည်။ဒီတော့မှ မျိုးညွှန့်က “အေး ဟုတ်သားပဲ အဲကွန်း မရှိဘူးပဲ။အဲဒါမှ ပြဿနာ ငါက အဲကွန်း သိပ်မအေးရင်တောင် မအိပ်တတ်တော့ဘူးကွ”။ဟု ၀င်ပြောသည်။
      မအိပ်တတ်လျှင်လည်း မတတ်နိုင်ပြီ။တိုးညွှန့် ကတော့ ခင်းစရာ ရှိတာ ခင်းပြီး  ဂျာနယ်တစ်စောင်ကို ဆွဲဖတ်နေလိုက်သည်။အိမ်မှာက အိပ်ခန်း သုံးခန်း ရှိသည်။မီးဖိုချောင်ထဲမှာပင် ထမင်းစားကြသည်။ခေါင်းရင်းဘက်က အဖေနှင့်အမေ့အခန်း။ချမ်းငြိမ်းနှင့် တိုးညွှန့်တို့ တစ်ခန်း အတူအိပ်ပြီး ၊နွယ်နွယ်ကို တစ်ခန်းပေးထားရသည်။အခန်းများကလည်း သိပ်မကျယ်။အဖေနှင့်အမေ့ အခန်းရှေ့ မှာ ဘုရားစင်နှင့် ဧည့်ခန်း။နွယ်နွယ်အခန်းက လေ၀င်သေးသည်။တိုးညွှန့်တို့ အခန်းက နွေဘက်ဆို အခန်းထဲမှာ မအိပ်နိုင်။ညီအစ်ကို နှစ်ယောက် ဧည့်ခန်းထွက်အိပ်ရသည်။အခု မျိုးညွှန့် ရောက်လာတော့ သုံးယောက်၊ အိပ်ဖို့ ဆန့်သည့်တိုင်အောင် ပူနိုင်သည်။တိုးညွှန့်လည်း အပြင်မှာပင် မျိုးညွှန့်နှင့် အတူအိပ်တော့မည်။ချမ်းငြိမ်းကလည်း စာကြည့်စားပွဲ ထိုင်နေပြီ။ဒီကောင်က စာအလွန်တော်သည်။တိုးညွှန့် တို့မောင်နှမများထဲတွင် ဥာဏ်အကောင်းဆုံးနှင့် စာ အကြိုးစားဆုံး ဖြစ်သည်။မနက်ဖန် အလုပ်ဆင်းရမည့် နွယ်နွယ်ကလည်း အခန်းထဲဝင်နေပြီ။အဖေနှင့် အမေက အစောကြီး အိပ်ယာဝင်တတ်ကြသည်။
        ဒီတော့လည်း တိုးညွှန့်တစ်ယောက်သာ မျိုးညွှန့်နား ရှိနေရပြန်သည်။ဆောင်းညက မအေးသည့်တိုင် မပူအိုက်ဟု တိုးညွှန့်ထင်သည်၊ မျိုးညွှန့်ကတော့ ယပ်တောင် တဖျပ်ဖျပ်နှင့်။
   “မလေးရာသီဥတုနဲ့ ရန်ကုန် ရာသီဥတုက ဆင်တယ်လို့ ပြောကြပါတယ်ကွာ၊မင်းက ဘယ်လိုဖြစ်လို့ အတင်းအိုက်နေရတာလဲ”။
    “မလေးရာသီဥတုက ပူပေမဲ့ စက်ရုံထဲမှာရော၊အိမ်မှာက အဲယားကွန်း အပြည့်သုံးထားတာကွ။ငါက အဲဒီနှစ်နေရာမှာပဲ နေရတာများတာကိုး။ဟိုမှာ အပြင်ထွက်ရင်လည်း ငါက ပူတတ် တာပါပဲကွာ။”
       ညီအစ်ကိုနှစ်ယောက် ဖျာပေါ်တွင် ပက်လက်လှန်နေကြရင်း စကားဆက်ပြောဖြစ်ကြပြန်သည်။မျိုးညွှန့်က သူထွက်သွားစဉ် ကျန်ခဲ့သည့် မိသား စားဝတ်နေရေးကို စိတ်ဝင်တစား မေးဖော်ရသည်။ဆယ်တန်းကို တိုးညွှန့်နှင့်မျိုးညွှန့်တို့ အတူတူ ဖြစ်သွားကြသည်၊မျိုးညွှန့်က ဆက်မတက်လိုတော့။ကျူရှင်လခများကို အကြောင်းပြသည့်အတွက် တိုးညွှန့် သုံးဘာသာ သာ ကျူရှင်ယူဖြစ်သည်။ထောက်ပံ့ပေးသည့် ဒေါ်ကြီးကို အားနာတာလည်း ပါသည်။ဒါတောင် ဆင်ခြေဖုံး ရပ်ကွက်က ကျူရှင်လခများက ဈေးသိပ်မကြီး။ဆယ်တန်းဖြေပြီးသည်နှင့် ဆိုင်ကယ်တစ်စင်း ငှားပြီး ၇/၈ လမ်းဆုံနားမှာ ဆိုင်ကယ် ကယ်ရီဆွဲသည်။နောက်တော့ ဆိုင်ကယ် ပွဲစားပါ ကြုံရင်  ကြုံသလို လုပ်ဖြစ်သည်။တိုးညွှန့်တို့လို ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ကယ်က တွင်ကျယ်သည်။အဖမ်းအဆီးလည်း နည်းပြီး သွားရေးလာရေး အဆင်ပြေလှသဖြင့် အန်္တရာယ်ရှိသော်လည်း အသုံးပြုနေကြသည်။အဖေ့ပင်စင် လခနှင့် တိုးညွှန့် ရှာလို့ရသမျှသည် မိသားစု အိမ်စရိတ်။အလယ်တန်းကျောင်းသူ နွယ်နွယ်က ဘာကျူရှင်မှ မယူသေး။နွယ်နွယ် ဆယ်တန်းရောက်သည့် အချိန်မှာတော့ ဒေါ်ကြီးအထောက်အပံ့ မယူတော့ဘဲ တိုးညွှန့်ရှာသည့် ငွေဖြင့် ကျောင်းထားနိုင်ခဲ့သည်။
        နွယ်နွယ် ဆယ်တန်းဖြေပြီးတော့ အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်ဝင် လုပ်လိုက်သေးသည်။ရသည့်လခနှင့် ၊သွားရ လာရစရိတ်၊၀တ်ရ စားရ စရိတ်တို့နှင့် မကာမိသဖြင့် နှစ်လလောက်လုပ်ပြီးထွက်လိုက်သည်။နောက်တော့ ရိပ်သာက ဒေါ်ကြီး မိတ်ဆွေတစ်ယောက် အဆက်အသွယ်ဖြင့် မိန်းမစီး ကတီ်္တပါ ဖိနပ်များ သဲကြိုးကို ဆီးကွင့်ထိုးသည့် အလုပ်ရသည်။အပ်ထည်များကို အိမ်ယူထိုးခွင့်ရသည့်အတွက် အပြင်လည်း အမြဲထွက်နေစရာမလို။နွယ်နွယ်ယူလာသည့် ပုံတော်ဖိနပ် အချို့ကို အမေကပါ ဆီးကွင့် ကူထိုးပေးသည်။အမေတို့ ငယ်ငယ်က ခေတ်စားခဲ့ သည့် ဖိနပ်ပုံများ ဖြစ်သောကြောင့် အမေက နွယ်နွယ်ထက် ပိုပြီး မျက်စိ အမြင်ရှိသည်။အမေ့လက်ရာများကို လူကြိုက်များကြသည်။သားအမိနှစ်ယောက် အိမ်တွင်း လက်မှုလုပ်ငန်း အသေးစားလေး ဖြစ်ကာ အဆင်ပြေနေသည်။အပိုဝင်ငွေလေး ရလာတော့ ချမ်းငြိမ်းကို အလယ်တန်း ကျောင်းသားဘ၀ ကပင် ကျူရှင် ကောင်းကောင်းထားနိုင်ခဲ့သည်။ချမ်းငြိမ်းကလည်း စာကြိုးစားသည်။ကျူရှင်ဖိုးအပြင် ကျောင်းမုန့်တောင် မတောင်းတတ်သူ။သူ့ကျောင်းစာ ကလွဲလျှင် မိသားစု အရေးလည်း စိတ်ဝင်စားပုံမပေါ်။အငယ်ဆုံးဖြစ်နေ၍လည်း ပါပါလိမ့်မည်။
       မျိုးညွှန့်ပို့ပေးသည့် ပိုက်ဆံတို့က အတိုးနှင့်အရင်းပေါင်းပြီး အနိုင်နိုင် အကြွေးဆပ်နေရသည်။သတ်မှတ်ထားသည့် နှစ်အတွင်း အိမ်ပြန်မရွေးနိုင်ပါက အပေါင်ဆုံး ဖြစ်တော့မည်။ဒီအိမ် အပေါင်ဆုံးလျှင် ဘယ်နားသွားနေကြမည်နည်း။ဒီအိမ်သည်ပင် အဖေ့ပိုင် မဟုတ်။အဖေ့လက်ထက်ပွား မဟုတ်။အဘိုးတို့ ပေးခဲ့သည့် အမွေဖြစ်သည်။အဖေက ဘာမှ ပူပင်စရာမလို အိမ်ပေါ်တက်နေရုံသာ။အဖေ့သားသမီး များ ဖြစ်ကြသည့် တိုးညွှန့်တို့ မောင်နှမများလည်း အလိုအလျောက် နေခွင့်ရခဲ့ကြသည်။အဖေ့အကြောင်းကိုတော့ ရှည်ရှည်ဝေးဝေး မပြောလိုတော့။

အမေနှင့်မရခင် လူပျိုဘ၀ ကပင် အရက်ကို ကြိုက်နှစ်သက်ပြီး သောက်သူ ဖြစ်သည်။ဒါကြောင့် ဒေါ်ကြီးက အမေနှင့် သဘောတူသည်ကို ရအောင် ခိုးပြေးကြသည်။ရ ပြီးသွားတော့လည်း ညီအစ်မ နှစ်ယောက်တည်း ရှိသဖြင့် ဒေါ်ကြီးက ပစ်မထားနိုင်။အဖေက အလိုလို အိမ်ပေါ်ရောက်ရတော့သည်။အဖေ မူးလာလျှင် သွေးက ဆိုးချင်သေးသည်။အထူးသဖြင့် အမေ့ကို ရန်လုပ်တတ်သည်။အမျိုးမျိုးရစ်ပြီးမှ အိပ်ပျော်သွားလေ့ရှိသည်။သူ့ညီမ ဒုက်္ခများကို မြင်တွေ့နေရသည်မှာ စိတ်ဆင်းရဲသဖြင့် နွယ်နွယ်ထွန်း သူငယ်တန်းတက်သည့် နှစ်မှာပင် အမွေဆိုင်အိမ်ကို ပေးပစ်ခဲ့ကာ ရိပ်သာတွင် သွားနေတော့သည်။ချမ်းငြိမ်းလေး ငယ်စဉ်ကလည်း အဖေလုပ်လို့ လေဖြတ်သလို ဖြစ်သွားဖူးခဲ့သည်။အဖေမူးလာလျှင် ချမ်းငြိမ်းကို “ကြီးလာလျှင် စစ်ဗိုလ်ကြီး လုပ်မှာလား”ဟု မေးလေ့ရှိသည်။ချမ်းငြိမ်းက ဘယ်တော့မှ လုပ်မည်ဟု မဖြေ။အမေက ပြဿနာ မဖြစ်စေချင်သည့် သဘောဖြင့် “သားလေး ပြောလိုက် စစ်ဗိုလ်ကြီးလုပ်မှာလို့” ဟုသင်ပေးသော်လည်း ဘယ်တော့မှ မပြော။အရိုက်ပဲ ခံသည်။
       ဆောင်းတစ်ညတွင် ထိုသို့ အရိုက်ခံရပြီး နောက်တစ်နေ့ မနက်တွင် ချမ်းငြိမ်းတစ်ယောက် လမ်းမလျှောက်နိုင်တော့။လူကြီးများ လေဖြတ်သလိုမျိုး ဖြစ်သွားခဲ့ရသည်။မြန်မာဆေးဖြင့် မနည်းကုထားရသည်။ညနေရောက်တော့ မျိုးညွှန့်နှင့်တိုးညွှန့်တို့နှစ်ယောက် အဖေနှင့်အပြိုင် သောင်းကျန်းပေးလိုက်ကြသည်။မျိုးညွှန့် ဦးဆောင်သည်၊တိုးညွှန့်က နောက်လိုက် လုပ်ပေးရုံသာ။အဲသည့်နောက်ပိုင်းတော့ အမေ့ကိုတောင် သိပ်မရစ်တော့။သားတွေ အရွယ်ရောက်လာ၍ ဖြုံသွားတာ ဖြစ်နိုင်သည်။အဖေကို သည်လိုဆက်ဆံရသည်မှာ ငရဲတော့ကြီးသည်။ဒါပေမဲ့မတတ်နိုင်။အဖေ့ဘ၀တွင် ဘာကိုမှ ပူပင်သည်ကို မတွေ့ဖူးခဲ့။ကံကောင်းသည်ဟု ဆိုရမည်။ပင်စင်ယူပြီးတော့လည်း အေးချမ်းသက်သာစွာ အပြင်ဝပ်ရှော့တစ်ခုတွင် သူ့သူငယ်ချင်းများနှင့် တစ်နေကုန်နီးပါး နေသည်။ညနေရောက်လျှင် ရေချိန်ကိုက်ပြီး ပြန်လာသည်။မျိုးညွှန့် မရှိတော့သော်လည်း အရင်ကလိုတော့ ပြဿနာမရှာတော့။နွယ်နွယ် အဝေးသင်ဆက်တက်ပြီး ဘွဲ့ရသည့် နှစ်မှာပင် ကတ်္တီပါ ဖိနပ် ဆီးကွင်းထိုးသည့် လုပ်ငန်းကို ဗီယက်နာမ် နိုင်ငံက စိတ်ဝင်စားလာကာ မြန်မာ လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ဖိနပ် စက်ရုံ ဖက်စပ် တည်ထောင်ကြသည်။မြန်မာ အလုပ်သမားများကို ခေါ်ယူသည်။အိမ်ကို အထည်ပေးလိုက်သည့် လုပ်ငန်း မရှိတော့။နွယ်နွယ်တို့ သားအမိကိုတော့ စက်ရုံတွင် အလုပ်လာဆင်းဖို့ ခေါ်ကြပါသည်။စက်ရုံတည်နေရာက အိမ်နှင့်ဝေးပြီး၊ပေးသည့် လခနှင့် အဆင်မပြေနိုင်သဖြင့် နွယ်နွယ်တို့ အိမ်တွင်းမှု လုပ်ငန်းလေး ရပ်ဆိုင်းသွားခဲ့ရသည်။နွယ်နွယ်ကို ကွန်ပျူတာ သင်တန်းတက်ခိုင်းပြီး သင်တန်းပြီးစမှာပင် ကားပစ်္စည်း အရောင်းဆိုင်ကြီးတစ်ခုမှ အလုပ်ခေါ်သည်နှင့် ၀င်လုပ်ခိုင်းလိုက်သည်။ရောင်းရသည့် ကားပစ်္စည်းစာရင်းများကို ကွန်ပျူတာနှင့် စာရင်းသွင်းရသည့် အလုပ်ဖြစ်သည်။ပေးသည့် လခကလည်း မဆို၊သင်ထားသည့် ကွန်ပျူတာ ပညာလည်း အသုံးချပြီးသားဖြစ်သွားသည်။အဓိက အိမ်နှင့်မဝေးသည့်အတွက် လမ်းစရိတ် သက်သာသည်။
       တိုးညွှန့် ရှင်းပြသံကို နားထောင်ကာ အင်း လိုက်နေသည့် မျိုးညွှန့် အသံတို့ တဖြည်းဖြည်း ကျဲသွားသည်။ဆောင်းညည့်က နက်လာသည့်အတွက် အနည်းငယ် အအေးပိုလာပြီ။ပေါင်နှစ်လုံးကြား လက်ညှပ်ပြီး အိပ်ပျော်နေသည့် မျိုးညွှန့်ဟန်က ငယ်စဉ်ကအတိုင်း။စောင်ပါးပါးတစ်ထည် လှမ်း ခြုံပေးလိုက်ကာ တိုးညွှန့်လည်း တစ်ဖက်လှည့်ပြီး  အိပ်လိုက်တော့သည်။
                                ( ၄ )
        မျိုးညွှန့် နိုးလာတော့ အနားတွင် တိုးညွှန့် မရှိတော့။တစ်အိမ်လုံးလည်း တိတ်ဆိတ်နေသည်။ချမ်းငြိမ်းက ကျောင်းသွားပြီး၊နွယ်နွယ် အလုပ်သွားပြီထင်သည်။ဆောင်းမနက်ခင်းက နေလို့ကောင်းရုံ အေးနေသည်။ပြန်အိပ်အုံးမည်ဟု စိတ်ကူး ပြီးမှ မီးဖိုထဲမှ ဟင်းနံ့က ပျံလွင့်လာသည်။မျိုးညွှန့်တို့ ငယ်စဉ်ကတည်းက မနက်စာကို အမေက ထမင်းကျွေးလေ့ရှိသည်။ညဘက် ထမင်းမကျန်လျှင်ပင် ထမင်းကြမ်းဖြစ်အောင် ညကတည်းက ချက်ထားလေ့ရှိသည်။ဟင်းကျန်များကို ရောနွေးပြီး ပဲပြုတ်နှင့်  ထမင်းနယ်က ကျွေးလေ့ရှိသည်။တစ်ခါတစ်ရံ အကြော်၊ငပိရည်ဖျော်တို့ဖြင့်လည်း ကျွေးတတ်သေးသည်။မနက်မိုးလင်း လျှင် ထမင်းစားတတ်သည့် အကျင့်က မလေးရှား ရောက်တော့ အတော် ဖျောက်ယူရသည်။မနက် ထမင်းမစားရလျှင် ရင်ပူ သလိုလိုနှင့် ဘာစား စား ဗိုက်မ၀သလို ဖြစ်နေတတ်သည်။အခုတော့လည်း ခေါက်ဆွဲခြောက်နှင့် ပေါင်မုန့်တို့က မနက်စာ အဖြစ် အကျွမ်းဝင်နေကြပြီ။ခြေရင်းဘက်က ခြင်ထောင်ကြိုး နှစ်စကို တိုးညွှန့် ဖြုတ်ခဲ့ပုံရသည်။သူတို့ အလုပ်သွားကြဖို့ အ၀င်အထွက် အပေါက် ကို ခြင်ထောင်ကြိုးများက ပိတ်နေသည်။ကျန်နေ သည့် ခေါင်းရင်းဘက်မှ ကြိုးနှစ်စကို ဆွဲဖြုတ်ပြီး၊ခေါင်းအုံး၊စောင်ပုံတို့နှင့် ရောကာ အမေတို့ အခန်း နံရံဘေး တွန်းကပ်ခဲ့လိုက်သည်။ပြီးနောက် မျက်နှာသစ်ရန် ခြံထဲသို့ ဆင်းခဲ့လိုက်သည်။
        အုတ်ကန်ဘေး ရောက်မှ မုတ်ဆိတ်ရိတ်ရန် သတိရသည်။သည်တော့မှ အရင်က အတိုင်း လုပ်ဖို့ သတိပြန်ရလာသည်။မျိုးညွှန့်တို့ ညီအစ်ကို နှစ်ယောက်က မျက်နှာသစ်ကန် တွင် မေးစေ့ကို ဆပ်ပြာသုတ်ပြီးအိမ်ပေါ် ပြန်တက်လေ့ရှိသည်။အိမ်ရှေ့ ကျွန်း မှန်ဘီဒိုကြီးရှေ့တွင် ရပ်ကာ မှန်ကြည့်ပြီး မုတ်ဆိတ်ရိတ်ကြသည်။ပြီးမှ ပြန်ဆင်းလာပြီး မျက်နှာသစ်လေ့ရှိသည်။အဖေကတော့ ဟိုးခေတ် မတ်စေ့လေး နှစ်စေ့ကို လက်တွင် ကိုင်ကာ နှုတ်လေ့ရှိသည်။အဖေ   မုတ်ဆိတ်ရိတ်သည်ကို ဘယ်တုန်းကမှ မမြင်ဘူးခဲ့။မျိုးညွှန့် အိမ်ပေါ်ပြန်တက်လာတော့မှ သတိထားမိသည် ကျွန်းဘီဒိုကြီးကို မတွေ့တော့။မနေ့ကတော့ အမှတ်တမဲ့ ဖြစ်နေသည်၊မေးစေ့တွင် ဆပ်ပြာများ တန်းလန်းနှင့် အမေ့ကို အော်မေးနေမိသည်။
  “အမေ ဒီနားက ကျွန်းဘီဒိုကြီး ဘယ်ရောက်သွားလဲဗျ”
 “မင်း အဖေ ရောင်းစားလိုက်ပြီလေ မရှိတော့ဘူး”။ အမေ့ပြန်ဖြေသံကို သာ ကြားရပြီး လူက ထွက်မလာ။
မျိုးညွန့် မီးဖိုချောင်ထဲထိ ၀င်လိုက်သွားသည်။
“ဘာဖြစ်လို့ ရောင်းစားရတာလဲ အမေ။အမေကရော အဖေ ရောင်းစားတာကို ဘာမှ မပြောဘူးလား။တိုးညွှန့်ရောပဲ”
     “သူ့သူငယ်ချင်းတစ်ယောက်  ကရိုင်းသဖို့ အပ်ခိုင်းထားတဲ့ စက်ပစ်္စည်းတစ်ခု မင်း အဖေကြောင့် ပျောက်သွားလို့တဲ့၊ပစ်္စည်းက တန်ဖိုးကြီးတယ်ပြောတယ်။မူးပြီး ဘယ်နေရာမှ ချခဲ့မိမှန်း မသိတော့ဘူးတဲ့။အဲဒါ ပြန်လျှော်ပေးရမှာ။ဘာနဲ့ လျှော်မှာလဲ။အဲဒီ သူငယ်ချင်းက အိမ်ကို လာလည် ကတည်းက ကျွန်းဘီဒိုကြီးကို သဘောကျလို့ ရောင်းပါလားလို့ ပြော ပြောနေတာ။အမေက မရောင်းပါဘူး မိဘပိုင် အမွေပါလို့ ပြောလိုက်တာ။နောက်နှစ်လ လောက်နေတော့ အဲဒီလို ဖြစ်သွားတာပဲ။တိုးညွှန့် ကတော့ ဒါ သွေးရိုး သားရိုး မဟုတ်နိုင်ဘူးလို့ ပြောနေတယ်။
 “အမေတို့ ဒီအတိုင်း ပြီးသွားကြတာလား” မေးရင်းကပင် မျိုးညွှန့် စိတ်တိုလာသည်။
 “မင်းအဖေ အိမ်ထောင်ဦးစီးပဲ သိရမှာပေါ့၊ပိုက်ဆံတော့ နည်းနည်းပါးပါး ထပ်ပေးတယ် ထင်တာပဲ”။
 “ဒီ ကျွန်းဘီဒိုကြီးက ဘိုးဘွားပိုင် ပစ်္စည်း အမေ၊ကျွန်တော်တို့နဲ့လည်း ဆိုင်တယ်။ဒေါ်ကြီးနဲ့လည်း ဆိုင်တယ်။အဖေ့သဘောတစ်ခုတည်းနဲ့ လုပ်လို့ မရဘူးလေ။ဒေါ်ကြီးရော ဘာပြောလဲ”။
 “မင်း ဒေါ်ကြီးလည်း ရောင်းပြီးမှ သိရတာလေ၊စိတ်ဆိုးရုံ အပြင် ဘာလုပ်နိုင်မှာလဲ၊ဒီလိုပဲ ပြီးသွားတာပါပဲ”။
       မျိုးညွှန့်တစ်ယောက် မကျေမချမ်းဖြင့် အိမ်ပေါ်မှ ပြန်ဆင်းခဲ့လိုက်သည်။မုတ်ဆိတ်ကိုလည်း လက်ဖြင့် စမ်းရင်း ရိတ်လိုက်သည်။တစ်လက်စတည်း ရေပါချိုးမည်ဟု စိတ်ကူးကာ ရေကန်ဘေး အ၀တ်တန်းမှ ပုဆိုးတစ်ထည်ကို လှမ်းဆွဲလိုက်သည်။ကန်ထဲတွင် ရေအပြည့် ဖြစ်နေသည်၊တိုးညွှန့် အပြင်မသွားခင် ရေငင်ထည့်ခဲ့သည် ထင်သည်။ထိုစဉ်မှာပင် ခြံထောင့်က မချစ်စု သရက်ပင်ကြီးတွင် ပြွတ်နေအောင် သီးနေသည့် သရက်ကင်းတို့ကို တွေ့လိုက်ရသည်။စိတ်တို့ ကြည်လင်ပေါ့ပါးသွားသည်။ငယ်ဘ၀က ပုံရိပ်လေးတွေ ပြန်မြင်ယောင်လာသည်။မျိုးညွှန့် တို့ ခြံထဲတွင် နောက်ဘက် ခြံထောင့် ၌ မချစ်စု သရက်ပင်ကြီး နှစ်ပင်က တစ်ထောင့်စီမှာ ရှိနေသည်။ရှေ့ဘက်တွင် တစ်ဖက်ထောင့်မှာက မန်္တလေး ရင်ကွဲ သရက်ပင်နှင့် အခြားထောင့်တွင် ရေတွင်း တစ်တွင်း။မျိုးညွှန့်တို့ ငယ်စဉ်ကပင် ရေကို ငင်ပြီး ချိုးခဲ့ကြသည်။အရွယ်ရောက်လာတော့ ဒေါ်ကြီးက ရေတွင်းတွင် စက်သီးတပ်ပေးသည်။သည် တွင်းရေက အေးပြီး အလွန်ချိုသည်။အဘိုးလက်ထက် ကတည်းက တူးခဲ့သည်ဟု ဆိုသည်။နွေခါဆို အေးနေပြီး၊ ဆောင်းတွင်းတွင် နွေးနေတတ်သည့် သည်တွင်းရေကို ငင်ဖို့ မျိုးညွန့် ညီအစ်ကို နှစ်ယောက် ဘယ်တုန်းကမှ မပျင်းခဲ့ကြ။အခြားရပ်ကွက်များနှင့် အိမ်များတွင် နွေအခါ ရေခန်းချိန်၌ မျိုးညွှန့်တို့ တွင်းရေသည် ခန်းဖို့ မဆိုထားနှင့် လျှော့ပင် မလျှော့တတ်။
        ရေကို တဗွမ်းဗွမ်း ခပ်ချိုးရင်း  နောက်ဖေး ရေကပြင်တွင် ပန်းကန် ဆေးနေသည့် အမေ့ကို လှမ်းပြောနေမိသည်။
  “အမေရေ ဒီနှစ်နွေတော့ ကျွန်တော် သရက်သီးစိမ်းကို ငံပြာရည်နဲ့ စားရပြီဗျ။ဟိုမှာက သရက်သီး အမှည့်တွေပဲ ရှိတယ်။သူတို့ဆီက သရက်သီးတွေ ဘယ်လောက် ချိုချို၊ကျွန်တော်တော့ မချစ်စု သရက်သီးပဲကြိုက်တယ်။အစိမ်းမှာလည်း စားလို့ကောင်းတယ်။မှည့်ရင်လည်း ချိုတယ်နော်”။
   “မချစ်စု ကတော့ ဒီနှစ် မရတော့ဘူး သားရေ။မင်းအဖေက အပင်ကို ပုတ်ပြတ် ရောင်းထားပြီးသား။နောင်နှစ်မှ စားတော့” အမေ လှမ်းပြောလိုက်သံကို ရေသံတို့ဖြင့် မျိုးညွှန့်တစ်ယောက် မသဲကွဲ။
“အမေ ဘာပြောလိုက်တာလဲ၊ဘာလို့ စားလို့မရမှာလဲ သရက်ကင်းတွေ ဒီလောက် အများကြီးကို၊နှင်းခါးရိုက်တယ်ပဲ ထားလိုက်အုံး၊အများကြီး ကျန်အုံးမှာပါ။ဒီပင်က နှစ်တိုင်း အများကြီး သီးနေကြပဲ”။
 “မဟုတ်ဘူးဟေ့ နှစ်ပင်စလုံးကို မင့် အဖေ ပုတ်ပြတ် ရောင်းထားပြီးသား”။
မျိုးညွှန့် တစ်ကိုယ်လုံး ရှိန်းကနဲ ခံစားလိုက်ရသည်။အဖေ တစ်ဆိတ် လွန် လွန်းပြီ။
 “ရင်ကွဲတော့ မရောင်းပဲ  ဘာလို့ မချစ်စုကြီးပဲ နှစ်ပင်စလုံး ရောင်းထားရတာလဲ အမေရ”
   “၀ယ်တဲ့သူက မင်း ရင်ကွဲ အပင်ကို မှ မကြိုက်တာ၊”
 “မသိဘူးဗျာ။ကျွန်တော်တော့ ခူးစားမှာပဲ၊၀ယ်ထားတဲ့သူကလည်း လာကြည့်နိုင်တာမှ မဟုတ်တာ”။
မျိုးညွှန့်တစ်ယောက် ငယ်စိတ်ပေါက်ကာ တစ်ကယ်ပင် ခူးစားဖို့ ဆုံးဖြတ်ထားလိုက်သည်။
  “ဟဲ့ အဲဒီလို လုပ်လို့ ဘယ်ဖြစ်မလဲ။သူတို့က ပိုက်ဆံကို ကြိုပေးထားကြတာ၊မလုပ်ကောင်းပါဘူးကွယ်။သူတို့ မမြင်တာနဲ့ပဲ ခူးစားစရာလား။ ကိုယ့်အပင်နဲ့ ကိုယ် ခိုးစားရမဲ့အဖြစ်မျိုး။”
 “အဲဒီလို ခိုးစားရအောင် အဖေ လုပ်ခဲ့တာလေ အမေရဲ့။တစ်ကယ်တည်းဗျာ။တစ်အိမ်လုံး ဖြစ်ချင်တိုင်းကို ဖြစ်လို့ ကျွန်တော်မရှိတဲ့ ခြောက်နှစ်လောက်အတွင်း အိမ်ပေါ်က ကျွန်းဘီဒိုကြီးလည်း မရှိတော့ဘူး။ခြံထဲက သရက်ပင်လည်း အပင်ပဲ ပိုင်တော့တယ်။သီးသမျှ သူများရောင်းပြီးသားတဲ့၊ဟိုကောင် တိုးညွှန့်ကရော ဘာလုပ်နေလဲ။နည်းနည်းပါးပါး ကာကွယ်ရကောင်းမှန်း မသိဘူးလား။”
နောက်ဆုံးတွင် မျိုးညွှန့် ဒေါသတို့က တိုးညွှန့်အပေါ်သို့ ပုံကျသွားတော့သည်။သန်သန်မာမာ လူငယ်တစ်ယောက်လုံး အိမ်မှာ ရှိနေပါရက်  အိမ်ရှိပစ်္စည်းများ တစ်စတစ်စ လျော့ပါးကုန်ရသည်ကို မကျေနပ်နိုင်။မျိုးညွှန့်တစ်ယောက်တည်း တစ်နေ့ခင်းလုံး ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ဟိုလှိမ့် ဒီလှိမ့်နှင့် အချိန်တွေ ကုန်ခဲလှသည်။ညနေစောင်းတော့ တိုးညွှန့် ပြန်လာသည်ထိ မစောင့်တော့ဘဲ မနေ့က သောက်ခဲ့သည့် ဆိုင်ကို တစ်ယောက်တည်း ထွက်ခဲ့လိုက်သည်။မျိုးညွှန့် ဒီပြန်ရောက်ပြီး ဘာလုပ်ရမည်ကို မစဉ်းစားတတ်သေး၊တော်ရုံတန်ရုံ အလုပ်လည်း လုပ်နိုင်မည်မထင်။နိုင်ငံခြားသို့ တစ်ခါ ပြန်ထွက်ပြီး အလုပ်လုပ်ဖို့ဆိုတာလည်း မလွယ်တော့။အလိုလိုမှ ကိုယ့်ဘာသာ စိတ်တိုင်းမကျ ဖြစ်နေရချိန်တွင် အိမ်အခြေအနေတို့က မျိုးညွှန့်စိတ်ကို ပေါက်ကွဲစေသည်။အိမ်ပြန်ရောက်တော့ တိုးညွှန့်က ပြန်ရောက်ပြီး ညနေစာပင် စားနှင့်နေပြီ။
      “မိသားစုဆိုတာ စုံစုံညီညီ ထမင်းစားစောင့်ရတယ်ကွ၊တိုးညွှန့်ရ အဖေလည်း ပြန်မလာသေးဘူး။မင်းက စားနှင့်နေပြီလား။” ရန်စကားဆိုရင်း မျိုးညွှန့် မီးဖိုခန်းထဲ ၀င်လိုက်သည်။
    ”မစောင့်နိုင်ဘူးဟေ့ ငါက အလုပ်လုပ်နေရတာ။ဒီနေ့ နေ့လယ်စာ မစားလိုက်ရဘူး။ဆိုင်ကယ်တစ်စီး ၀ယ်လက်ရှိတုန်း လိုက်ပြပေးနေရလို့။ညကျရင်လည်း အိုဗာတိုင်ကျတဲ့ ဟိုဘက်လမ်းက အန်တီကြီးကို ဖယ်ရီဂိတ်မှာ သွားကြိုပေးရအုံးမှာ။”တိုးညွှန့်ကလည်း မခံ ခွန်းတုံ့ပြန်သည်။
ခပ်ထွေထွေဖြစ်နေသည့် မျိုးညွှန့် အနာပေါ် တုတ်ကျသလို ခံစားလိုက်ရသည်။
 “ဟေ့ ကောင် မင်းဘာပြောတာလဲ။မင်းက အလုပ်လုပ်နေတာ ဆိုတော့ ငါက ထိုင်စားနေသလို။သူများနိုင်ငံမှာ ကျွန်သွားခံပြီး အလုပ်လုပ်ခဲ့ရတာပါ။ပြန်ရောက်တာမှ နှစ်ရက် မပြည့်သေးဘူး မင်းက ဒီစကားပြောတယ်ပေါ့။မိသားစု ဒုက်္ခရောက်နေတဲ့အချိန် အနစ်နာခံပြီး ထွက်သွားခဲ့ရတာ ဘယ်သူလဲကွ။ပြောပါအုံး၊အိမ်မှာ မိသားစုနဲ့ နွေးနွေး ထွေးထွေး ကျန်ခဲ့ရပြီး မိသားစုပိုင် ပစ်္စည်းတွေကိုတောင် မစောင့်ရှောက်နိုင်တဲ့ ကောင်ကများ”။
 တိုးညွှန့်တစ်ယောက် စားလက်စ ထမင်းပန်ကန် ချထားပြီးလက်ဆေးကာ မျိုးညွှန့်ကို မီးဖိုထဲမှ ဆွဲထုတ်လာသည်။
     “လာပါ ထိုင်ပါအုံးကွ၊မင်း ခုနက ဘာပြောလိုက်တယ်။မိသားစု ဒုက်္ခရောက်နေတဲ့အချိန် အနစ်နာခံပြီး ထွက်သွားခဲ့ရတာ ဟုတ်လား။ဘာတွေများ အနစ်နာခံခဲ့လို့လဲ။မပြောတော့ဘူးလို့ ဆုံးဖြတ်ထားတာ မင်းက အရင် စပြောတော့ ပြောရတာပေါ့ကွာ၊နားထောင်။မင်းသွားရဖို့ အိမ်ပေါင်ပေးလိုက်ရတယ်။လေးလလောက်ထိ မင်း ငွေပြန် မပို့နိုင်ခဲ့ဘူး။မင်း မပို့နိုင်ပေမဲ့ အတိုးတွေက မပေးဘဲ နေလို့ မရဘူး။အတိုးမပေးနိုင်ရင် အတိုးပေါ် အတိုးဆင့်ပြီး အရင်းကပါ များသွားရော။ဒီတော့ အမေ၊ငါနဲ့နွယ်နွယ် ဖြစ်အောင် အတိုးဆပ်ပေးနေရတယ်။မင်းပို့လာတဲ့အချိန်ကျတော့ အတိုးနဲ့အရင်း မျှဆပ်ပေးတယ်။နောက်ဆုံးတော့ အိမ်ပြန်ရွေးနိုင်ခဲ့တယ်။အမေကတော့ မင်းစိတ်ပေါ့ ပါစေတော့ဆိုပြီး အိမ်ပြန်ရွေး ပြီးတာကို ပြောပြလိုက်တယ်။အဲဒီနောက် မင်းငွေ ဆက်ပို့သေးလား။ငါးလ၊ခြောက်လ မှ တစ်ကြိမ် မဖြစ်စလောက် ငွေလေး ပို့ပေးတယ်။အစကတည်းက မင်းမသွားခဲ့ရင် ဒီအိမ်ကို ပေါင်စရာမလိုဘူး၊ဒါဆို ပြန်ရွေးစရာလည်း မလိုတော့ဘူးပေါ့။မင်းကြောင့်ပေါင်လိုက်ရတဲ့ အိမ်ကို မင်းပြန်ရွေးရတာ မိသားစု အတွက်တဲ့လား။ပြန်စဉ်းစားကြည့်ပါ။မင်း ပြည်ပသွား အလုပ်လုပ်နေတဲ့အချိန် ငါတို့က ဒီမှာ အခန့်သား ထိုင်စားနေရတယ် ထင်လို့လား။မင်းကမှ အဆင့်မြင့်တဲ့ လူနေမှု အဆင့်အတန်းတစ်ခုနဲ့ နေရသေးတယ်။ငါတို့က ဒီမှာ အဖေနှိပ်စက်တဲ့ ဒဏ်ပါ ခံနေရတာကွ။အိမ်က ပစ်္စည်းတွေကို မင်းတစ်ယောက်တည်း နှမြောနေတယ် မထင်နဲ့။ငါတို့ မောင်နှမတွေလည်း နှမြောတာပဲ။သူက အဖေကွ။ဒါတောင် ဒေါ်ကြီး ၀င်ပါ နေလို့ ဒီလောက်ကျန်တာ။ဒေါ်ကြီးလည်း အသက်ကြီးလှပြီ  ဘယ်လောက်  တားပေးနိုင်၊လုပ်ပေး နိုင်တော့မှာလဲ”။
      တစ်ဆက်တည်း ပြောချလိုက်ပြီး တိုးညွှန့် ငြိမ်နေလိုက်တော့သည်။သူ့ဘာသာ ဆက်တွေးစေတော့
   ထိုအချိန် အဖေလည်း အိမ်ပြန်ရောက်လာသည်။မျိုးညွှန့်က မကျေနပ်သံနှင့် အဖေ့ကို လှမ်းမေးလိုက်သည်။
“အဖေ ဘာဖြစ်လို့ မချစ်စု သရက်သီးတွေကို ပုတ်ပြတ် ရောင်းစားလိုက်ရတာလဲ”။
ခပ်ထွေထွေဖြစ်လာသည့် အဖေက
 “ခြံစည်းခတ်ဖို့လေ မင်းမမြင်ဘူးလား ခြံစည်းရိုး အသစ်ခတ်ထားတာ။အိမ်တစ်အိမ်မှ လုံခြုံရေးကလည်း အရေးကြီးတယ်လေကွာ”။
“ဒါဆို ကျွန်းဘီဒိုကြီး ရောင်းစားတာကျတော့ရော”
“အဲဒါလည်း လိုအပ်လို့ပေါ့ကွာ”
 ပြောပြီး မီးဖိုခန်းထဲ ၀င်သွားတော့သည်။
                                ( ၅ )
       သည်နေ့ နွယ်နွယ်ထွန်း အလုပ်နားရက် ဖြစ်သည်။ဆိုင်ကတော့ ပိတ်ရက်မရှိ။အလုပ်သမားများက တစ်ပတ် တစ်ရက် နားခွင့် ရသည်။လူငယ့်အလင်းရောင် ပရဟိတ အဖွဲ့နှင့် တွံတေးမြို့သို့ လိုက်သွားမည်။နွယ်နွယ် က ထိုအဖွဲ့ဝင် တစ်ဦးဖြစ်သည်။အလုပ် အားသည့် အချိန်များတွင် ပါဝင်ကူညီဖြစ်သည်။သွားမည့် အချိန်က နေ့လည်မှ ဖြစ်သည်။အမေ့ကို မီးဖိုချောင် ၀င်ကူရင်း သားအမိနှစ်ယောက် စကားပြောနေကြသည်။အမေက မနေ့ညက ကိုကြီး၊ကိုလေးနှင့် အဖေတို့၏ သုံးပွင့်ဆိုင် ဆွေးနွေးပွဲအကြောင်း ပြောပြနေသည်။ကိုကြီး မျိုးညွှန့်နှင့် နွယ်နွယ်  တို့ စကား အေးအေးဆေးဆေး မပြောရသေး။ကိုယ့် အလုပ်သွားချိန်တွင် သူက မနိုးသေး။ဒီနေ့ အလုပ်နားမည် ဖြစ် သဖြင့် စာရင်းများကို တစ်ဖြတ် ချုပ်ပေးခဲ့ရသည်။ထို့ကြောင့် မနေ့ညနေက အိမ်ပြန်နောက်ကျသည်။အဖြစ်အပျက်တို့ကို ချမ်းငြိမ်းကတော့ အတိုချုံး ပြောပြထားသည်။ နွယ်နွယ်ကတော့ ဘယ်သူ့မှ အပြစ်မတင်လိုတော့။ပြီးခဲ့တာတွေ ပြီးခဲ့ပြီ။ရှေ့လျှောက် အဆင်ပြေဖို့ပဲလိုသည်။ကိုကြီးမျိုးညွှန့်ကိုလည်း အလုပ် တစ်ခုခု လုပ်စေချင်သည်။ယခင်ကထက် စာလျှင် အခုဆို အနည်းငယ် အဆင်ပြေလာပြီဟု ပြောနိုင်ပြီ။နေစရာ အိမ်ပိုင်လေးရှိသည်။နေ့စဉ် စားဖို့ အဆင်ပြေသည်။ချမ်းငြိမ်း ကျူရှင်လခလည်း ပေးနိုင်နေပြီ။ဒေါ်ကြီး အကူအညီပင် မယူရတော့။တစ်ခုပဲ ရှိသည် ချမ်းငြိမ်းက စာတော်သည်  ဆယ်တန်းအောင်မှတ်ကောင်းပြီး လိုင်းကောင်းကောင်း တက်ခွင့်ရခဲ့လျှင် ထားနိုင်ဖို့ စဉ်းစားရမည်။
        နွယ်နွယ်တို့သားအမိ စကားမဆုံးခင် ကိုကြီးမျိုးညွှန့် ၀င်လာသည်။
       “မိနွယ် ဒီနေ့ အလုပ်မသွားရဘူးလား”
   “ဟုတ်တယ် ကိုကြီး ပရဟိတ အဖွဲ့နဲ့ တွံတေး လိုက်သွားမလို့ အဲဒီက အပြန် အမှိုက်ဝင်ကောက်ကြမယ်။”
   “ဘာရယ် တစ်ခါမှ မကြားဖူးပါဘူး၊ဘယ်မှာ အမှိုက်ဝင်ကောက်ကြမှာလဲ။”
    “ကိုကြီးကလည်း နွယ်တို့ လူငယ့် အလင်းရောင် အဖွဲ့က တစ်ပစ်ခြားစီ ရန်ကုန်မြို့လယ်ခေါင် လူစည်ကားတဲ့ မီးပွိုင့်တွေနားမှာ အမှိုက်လိုက်ကောက်ကြတယ်။တူညီဝတ်စုံတွေ ၀တ်ပြီးတော့ပေါ့”။
   “နင်တို့ကို ဘယ်သူက လုပ်ခိုင်းတာလဲ”။
   “အို ဘယ်သူမှ မလုပ်ခိုင်းပါဘူး။ကိုယ့်အသိစိတ်နဲ့ ကိုယ် လုပ်ကြတာပေါ့”။
   “ရယ်ရတယ် မိနွယ်။နင်က အိမ်က အမှိုက်တွေကျတော့ အလွယ်တကူ အိမ်ရှေ့ မြောင်းထဲ ပစ်ချနေပြီးတော့ မြို့လယ်ခေါင်က အမှိုက်တော့ သွားကောက်ပေးတယ် ဟတ်လား”။
  “ကိုကြီးကလည်း အဲဒီမြောင်းက မိုးတွင်းဆို ရေစီးကောင်းတော့ သူ့အလိုလို အမှိုက်တွေ ပါသွားရော။ဆောင်းနဲ့ နွေကျတော့ ရပ်ကွက် အုပ်ချူပ်ရေးမှူး လုပ်ပေးရမှာလေ။သူတို့ မဲဆွယ်တုန်းက သူတို့ ပါတီနိုင်ရင် ရပ်ကွက်ထဲက အဲဒီမြောင်းကြီးကို အမြဲ သန့်ရှင်းနေအောင် လုပ်ပေးမယ်ဆိုတာ ပါတယ်၊အခုမှ မသိချင်ယောင်ဆောင်နေကြတာ။”
  “ဒါဆို နင်တို့ ပရဟိတ အလုပ်ဆိုတာ ဘာတွေ လုပ်ကြတာလဲ။ငါမသိလို့ မေးတာပါ”။
  “ဒီနေ့ဆို တွံတေး မိဘမဲ့ ဘုန်းကြီးကျောင်းက ကလေးတွေကို စာရေးကိရိယာနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ သွားလှူကြမှာ။နွယ်တို့ အဖွဲ့က အဲဒါတွေ ရဖို့ ရက်ကွက်တွေထဲမှာ အလှူလိုက်ခံပေးထားကြတာ။”အဲဒီလို ပရဟိတ အဖွဲ့တွေ မြန်မာပြည်မှာ အများကြီးရှိနေပြီ ကိုကြီးရဲ့ အားရစရာ”။
  “မိနွယ်ရေ နိုင်ငံတစ်နိုင်ငံမှာ ပရဟိတ အဖွဲ့တွေ အများကြီး ရှိလာပြီဆိုရင် အဲဒီနိုင်ငံရဲ့ ဆုတ်ယုတ်မှုပဲဟဲ့။တာဝန်ရှိ အစိုးရအဖွဲ့က လုပ်မပေးနိုင်တာတွေ များနေလို့ ၀င်ကူညီရတဲ့ ပြည်တွင်းပြည်ပ အဖွဲ့တွေ များလာရတာ။အားရစရာ မဟုတ်ပါဘူး။”
 “နွယ်နွယ်သွားဖို့ ပြင်လိုက်အုံးမယ်”။ကိုကြီးမျိုးညွှန့် စကားကို ပြန်မချေပတော့ဘဲ မီးဖိုထဲမှ နွယ်နွယ်ထွက်ခဲ့လိုက်တော့သည်။

       နွယ်နွယ်ထွန်းနှင့် မျိုးညွှန့်တို့ ပြောနေကြသည်ကို ဧည့်ခန်းထဲမှ တိုးညွှန့် နားထောင်နေမိသည်။မျိုးညွှန့် ၏ စကား အချို့က မှန်သင့်သလောက် မှန်သည်။သူ့မှာ အတွေးအခေါ်ကောင်းတို့ရှိသည်။နိုင်ငံတကာ အမြင်လည်း ရှိသည်ဟု ပြောနိုင်သည်။ခက်တာက လက်တွေ့ဘာမှ အကောင်အထည် မဖော်ခြင်းပင်။ပြည်ပမှာ အလုပ်လုပ်ပြီး ပြန်လာသူ တစ်ယောက်အတွက်  သည်နိုင်ငံတွင် အခြေကျရန် အချိန်အနည်းငယ် ယူဖို့လိုမည် ထင်ပါသည်။တိုးညွှန့်ကတော့ နွယ်နွယ်လုပ်နေသည့် အလုပ်ကို မှားသည်ဟု မဆိုချင်။အရွယ်ရောက်နေသည့် မိန်းကလေးတစ်ယာက်  ပရဟိတ လုပ်ငန်း စိတ်ဝင်စားခြင်းသည် အခြားဘက်များတွင် အာရုံလျှော့သွားနိုင်သည်ဟု မြင်သည်။လတ်လျားလတ်လျား လုပ်တာချင်း တူခဲ့လျှင်တောင် ပရဟိတ ဆိုသည့် ကောင်းမှုလုပ်ချင်သည့် စိတ်ကလေး ၀င်သွားသေးသည်ဟု တိုးညွှန့် တွေးမိသည်။။
                               ( ၆ )
       ဆောင်းကုန်၍ နွေဝင်လာပြီ။မျိုးညွှန့်တစ်ယောက် ဘာလုပ်ရလျှင် ကောင်းမည်လဲ စဉ်းစားရင်း၊အတူပြန်လာကြသည့် မိတ်ဟောင်း၊ဆွေဟောင်းတို့နှင့် ဆက်သွယ်ကြည့်သည်။အချို့လည်း နယ်ပြန်ပြီး မိဘ လက်ငုတ်လက်ရင်း အလုပ် လုပ်နေကြပြီ။အချို့ ရန်ကုန်မှာ အိမ်ပွဲစား၊မြေပွဲစား၊ကားပွဲစား ၀င်လုပ်နေကြသည်။
ရာသီဥတု ပူပြင်းလှသဖြင့် ညဘက်ဆို တော်တော်နှင့် အိပ်မပျော်တတ်။ချမ်းငြိမ်း စာမေးပွဲလည်း နီးကပ်လာပြီ။အိပ်မပျော်သည့် အတူတူ ချမ်းငြိမ်း စာကျက်သည်ကို ထိုင်စောင့်ပေးနေမိသည်။ကော်ဖီဖျော်ပေးလိုက်၊ခြင်ဆေးလေး ထွန်းပေးလိုက်နှင့် ချမ်းငြိမ်း အိပ်မှ လိုက်အိပ်ဖြစ်တော့သည်။အမေကတော့ မျိုးညွှန့်ကို ကျေးဇူးတင်နေသည်။စာမေးပွဲ ဖြေသည့် ရက်များတွင်လည်း နေ့တိုင်း မျိုးညွှန့် လိုက်စောင့်ပေးသည်။ဖြေနိုင်သလား ဟု မေးနေစရာ မလိုလောက်အောင် ချမ်းငြိမ်း ကြိုးစားမှုများက အားရဖွယ် မြင်တွေ့ထားပြီး ဖြစ်သည်။စာမေးပွဲခန်းမှ ထွက်လာကြသည့် ကလေးများကိုကြည့်ရင်း ဆယ်တန်းတော့ အောင် အောင်ဖြေခဲ့သင့်တယ်ဟု ကိုယ့်ဘာသာ အပြစ်မြင်စိတ်များ ပေါ်လာမိသည်။တစ်ကယ်တော့ ဘ၀မှာ စာကျက်ရတဲ့ အလုပ်က အသက်သာဆုံးပါလားဟု လည်း တွေးထင်မိသည်။
       ချမ်းငြိမ်းနှင့် မျိုးညွှန့်တို့က ငယ်စဉ်က ခပ်စိမ်းစိမ်း ဖြစ်နေကြသော်လည်း ဒီရက်ပိုင်းများတွင်တော့ အတော်ရင်းနှီးလာကြသည်။သူနှင့်အတူ လိုက်စောင့်ပေးသည့် မျိုးညွှန့်ကိုလည်း ခင်တွယ်လာပုံရသည်။စာမေးပွဲဖြေနေသည့် ရက်ပိုင်းများတွင် ညီအစ်ကို နှစ်ယောက် အိမ်သားများနှင့်ပင် ကောင်းကောင်း စကားမပြောဖြစ်တော့။အိမ်သားများကလည်း ဖြေနိုင်တယ်မလား ဆိုရုံလောက်သာ မေးကြသည်။ချမ်းငြိမ်းကို ယုံကြတာလည်း ပါမည်ထင်သည်။နောက်ဆုံးနေ့ စာမေးပွဲဖြေပြီး ချိန်တွင် မျိုးညွှန့်ကိုယ်တိုင်ပင် ပေါ့ပါးလွတ်လပ်သလို ခံစားသွားရသည်။အိမ်ပြန်ရောက်တော့ ချမ်းငြိမ်းက “မှော်ဘီမှာ ကလေး တရားစခန်းသွားဝင်ချင်တယ်။သူငယ်ချင်းတွေနဲ့ စာရင်းပေးထားပြီးသား။ဒီညနေ ကိုကြီးလိုက်ပို့” ဟု ဆိုလာသည်။
 “မင်း မပင်ပန်းဘူးလားကွာ၊နားပါအုံးလား” ဆိုတော့
“တရားစခန်းမှာလည်း နားရတာပါပဲ၊သွားမယ်”ဟု ဆိုသဖြင့် အထုပ်အပိုးများပြင်ကာ တစ်ခါ ထွက်ကြရပြန်သည်။
မှော်ဘီက အိမ်ပြန်ရောက်တော့ မိုးအတော်ချုပ်နေပြီ။ရာသီ ဥတုပူပူမှာ လိုင်းကားများ အဆင့်ဆင့်စီးသွားရသဖြင့်  လူကလည်း တော်တော် ပင်ပန်းနေပြီ။အိမ်ပြန်ရောက်လျှင် ထမင်းပင် မစားချင်တော့ ရေမိုးချိုးပြီး တန်းအိပ်လိုက်တော့မည် ဟု စိတ်ကူးထားသည်။အိမ်ရောက်တော့ အမေ၊အဖေနှင့် တိုးညွှန့်တို့ ဧည့်ခန်းထဲတွင် ၀ိုင်းထိုင်နေကြသည်။တိုးညွှန့် မျက်နှာကြည့်ရသည်မှာ သုန်မှုန်နေသည်၊စိတ်ဆိုးနေသည့်ပုံ ပေါ်နေသည်။အမေကလည်း မျက်နှာမကောင်း။အဖေကတော့ ခန့်မှန်းရခက်သည့် မျက်နှာမျိုးနှင့်။မျိုးညွှန့် ၀င်လာသည်ကို တွေ့ကြသော်လည်း ဘာမှမပြောကြ။တိုးညွှန့် စကားသံကို အရင် စ ကြားလိုက်ရသည်။
“အဖေ ကျွန်တော်တို့ကို ဘာလို့ မတိုင်ပင်တာလဲ၊ဒါ အဖေ တစ်ယောက်တည်း ပိုင် မဟုတ်ဘူးလေ။အရင်ကိစ်္စတွေတုန်းက ကျွန်တော်တို့ ဘာမှ မပြောခဲ့လို့ အဖေ တိုးလုပ်လာတာလား။ဒေါ်ကြီးသိရင် ဘာပြောမလဲ”။
 “မင်းဒေါ်ကြီးက မင်းအမေကို အပိုင်ပေးထားပြီးသားပဲ၊သူနဲ့မှ မဆိုင်တော့တာ။”
 “အပိုင်ပေးထားတယ်ဆိုတာ ပါးစပ်နဲ့ပဲပြောထားတာ။စာချုပ်ထဲမှာ အမေတို့ ညီအစ်မနှစ်ယောက်ပိုင် နံမည်နဲ့လေ။
 “ငါကလည်း မိသားစု အတွက်ပဲ လုပ်တာလေ။မင်းက ဘာဖြစ်လို့ အပြစ်တင်နေရတာလဲ။မင်းက အဖေလား၊ငါက အဖေလား။”
 “အဖေ အဲဒီလို အဖေပါဝါ မသုံးပါနဲ့။အဖေလုပ်ခဲ့သမျှ ကျွန်တော်တို့ ဘာပြောဖူးလဲ။ပြီးတော့ မိသားစု အတွက်လို့ အမြဲပြောပြီး လက်တွေ့မှာ ဘာတွေဖြစ်လာခဲ့ဖူးလို့လဲ၊အခုဟာက ကျွန်တော်တို့ခြံထဲမှာ ရှိတဲ့ တစ်ခုတည်းသော ရေတွင်းဗျ၊ကြံကြံဖန်ဖန် အဖေ မို့လို့ ရောင်းစားရက်တယ်”။

တိုးညွှန့်အသံကပြောရင်းနှင့် ငိုသံပါလာသည်။မျိုးညွှန်က အံ့သြသွားရသည်၊ရုတ်တရက် နားမလည်နိုင် အဖေက
ဘာလို့ ရေတွင်းကို ရောင်းစားတာပါလိမ့်။
       ”ခြံထောင့်က ရေတွင်း တစ်နေရာတင် ကွက်ပြီးယူကြမှာလေကွာ။ပြီးရင် သူတို့က တွင်းရေကို စက်နဲ့မောင်းတင်ပြီး တစ်ရပ်ကွက်လုံးကို ရေ ပြန်ရောင်းပေးမှာ၊ရေပိုက်တွေနဲ့ အိမ်အရောက်ပို့တဲ့ စနစ်တဲ့။ဘယ်သူမှ ရေစည်လှည်း တွန်းစရာမလိုဘူး။မင်းတို့လည်း တွင်းရေ မငင်ရတော့ သက်သာတာပေါ့ကွာ။ရေ အကျိုးဆယ်ပါးတဲ့ကွ၊ကိုယ့် အိမ်နီးနားချင်းတွေကို မျှရတာ ကုသိုလ်တောင် ရသေးတယ်။ဒီရပ်ကွက်ထဲမှာ တို့ရေတွင်းက ရေအသန့်ဆုံးနဲ့ အချိုဆုံးလေ။ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း တိုက်တွန်းတာနဲ့ ရောင်းပေးလိုက်တာ”။
    “မပြောနဲ့တော့ အဖေ ကိုယ့်ရေတွင်းကို သူများပေးလိုက်ရပြီး လက်မဲ့ ဖြစ်သွားတာထက် စာရင်၊ပင်ပန်းချင် ပင်ပန်းပစေ၊ကိုယ့်ခြံထဲက ကိုယ့်တွင်းရေ ကိုယ်ငင်ချိုးရတဲ့ ဘ၀ကိုပဲ ကျေနပ်တယ်”။
တိုးညွှန့် ကုန်းအော်ပါလေတော့သည်။အခြေအနေတို့ကို မျိုးညွှန့်နားလည် လိုက်သည်။ဘာမှ ၀င်မေးနေစရာ မလိုတော့ တစ်ခုပဲ သိချင်နေသည် ရေတွင်းရောင်းလိုက်လို့ ရသည့် ပိုက်ဆံ အဖေလုပ်မည်ဆိုသည်ကို သိချင်နေသည်။
မျိုးညွှန့်အတွေးတို့ ပျံလွင့်နေစဉ် အမေ့စကားသံကို ကြားလိုက်ရသည်။
        “အဲဒီပိုက်ဆံတွေ ရှင်ဘာလုပ်ပစ်လိုက်လဲ ကိုကောင်းညွှန့်”
        “သူငယ်ချင်းတစ်ယောက်ရဲ့ ၀ပ်ရှော့မှာ ရှယ်ယာဝင်မလို့ လုပ်ထားတယ်”။
        “ ရှင့် သူငယ်ချင်းတွေက ဘယ်တုန်းကမှ ကောင်းကျိုးမပေးခဲ့ဘဲနဲ့ အမှတ်မရှိ ရှင် လုပ်ပြန်ပြီ”။
သည်လောက်သာ အမေ ပြောနိုင်သည်။အဖေက ထထွက်သွားပြီး၊ဧည့်ခန်းထဲတွင် တိုးညွှန့် အသက်ရှုသံပြင်းပြင်းတို့သာ ကျန်ရစ်ခဲ့တော့သည်။
        နောက်နှစ်ရက်လောက်နေတော့ ရိပ်သာမှ ဒေါ်ကြီးရောက်လာသည်။မျိုးညွှန့်တို့ ပြောသမျှ အကျိုးအကြောင်း အကုန်နားထောင်ပြီး
  “သူပြောသလိုပဲ ဒေါ်ကြီးက အပြင်လူဖြစ်နေပြီ၊ဒီအချိန်မှာ ဒေါ်ကြီးစကားလည်း နားဝင်မှာမဟုတ်တော့ဘူး။မမြနွယ် အသုံးမကျလို့ ဖြစ်ရတာ။တရားသဘောအရ ပြောရရင်တော့ ကိုကောင်းညွှန်နဲ့ သားတို့ကသာ ရေစက်ရှိလို့ ပတ်သက်မှုရှိလာ ကြတာ၊ဆိုင်လာကြတာ။ကိုယ့်ဘာသာ ကာကွယ်နိုင်ရင် ကာကွယ်ကြ။ဒီလိုမှ မဟုတ်ရင်  သားတို့ ကံပဲပေါ့။”ဟုဆိုလာသည်။သည်လိုနှင့် နောက်တစ်ပတ်အကြာ ရေတွင်းက သူများခြံထဲ ပါသွားတော့သည်။ရက်အနည်းအတွင်း ရေစက်သံ တချုန်းချုန်းနှင့်ရေတင်သံတို့၊ရေကျသံတို့ ကြားရသည်။သည့်နောက်တော့ မျိုးညွှန့်တို့ ညီအစ်ကိုတစ်တွေ ရေငင်စရာ မလိုတော့ဘဲ ကိုယ့်ရေတွင်းဖြစ်ခဲ့ဖူးသည့် တွင်းရေကို ရေဖိုးပေးကာ ပိုက်သွယ်၍ ပြန်သုံးနေကြတော့သည်။တစ်လ၊နှစ်လ ကြာလာတော့လည်း အသားကျ သွားကြပြန်သည်။သူတို့၏ ရေတွင်းကို ကျွန်းဘီဒိုကြီးကို မေ့သွားသလို၊မချစ်စု သရက်သီးများကို မေ့သွားသလို မေ့သွားကြတော့သည်။
                             ( ၇ )
        ဇွန်လ ဒုတိယပတ်တွင် ဆယ်တန်းအောင်စာရင်းတွေ ထွက်သည်။ချမ်းငြိမ်း သုံးဘာသာဂုဏ်ထူးပါသည်။အမှတ်စာရင်းအရ သွားဘက်ဆိုင်ရာ တက်္ကသိုလ် တက်ခွင့်ရသည်။တစ်အိမ်လုံး ပျော်နေကြသည်။ရပ်ကွက်ထဲတွင်လည်း မော်ကြွားနိုင်ကြသည်။သားအငယ်ဆုံးလေးကို တက်္ကသိုလ်ပို့ရမည့် စရိတ်တို့ကို မမြနွယ် တွက်ချက်နေမိသည်။မျိုးညွှန့် တစ်ယောက်လည်း မြေပွဲစား ယောင်ယောင်၊အိမ်ပွဲစား ယောင်ယောင် လုပ်နေသည်။ကိုကောင်းညွှန့်ကို ဘာမှ မပြောလိုတော့ သည်လို ယောက်ျားနှင့် ဖူးစာဆုံရခြင်းသည် သူ့အတိတ်ကံ မကောင်းခဲ့လို့ဖြစ်သည်ဟုသာ ယူဆလိုတော့သည်။နွယ်နွယ်ကလည်း ၀တ်ချင်စားချင်သည့် အရွယ်ရောက်နေပြီ။သူရှာသည့် ငွေ သူပြန်သုံးချင်လာပြီ။ကိုယ်က ပြန်မဆင်ပေးရသည်ပင် တော်လှပြီ။သူ အနစ်ခံခဲ့ရသည့် အချိန်တုန်းက ခံခဲ့ရပြီးပြီ။တိုးညွှန့်လည်း ထို့အတူပင်။ဟိုတစ်နေ့က မျိုးညွှန့် ပြောလာသည်ကို စဉ်းစားနေမိသည်။ဒီခြံကို ရောင်းပစ်လိုက်ဖို့ ဖြစ်သည်။အိမ်က သိပ်မကောင်းတော့ သော်လည်း ခြံက အဖိုးတန်နေသည်။အိမ်ပြန်ပြင်ဖို့ဆိုသည်မှာလည်း အိမ်အသစ် တစ်လုံးစာနီးပါးလောက် ပြင်ရမလို ဖြစ်နေသည်။ပြီးလျှင် တိုက်ခန်းတစ်ခန်း ပြန်ဝယ်မည်။ပိုသည့်ငွေ အနည်းငယ်ဖြင့် သည့်ထက် မြို့စွန်ကျသော၊ဆင်ခြေဖုံး ကျသော နေရာတွင် မြေပြန်ဝယ်ထားလိုက်မည်။သူကတော့ ထိုမြေကို အလဲအထပ်ဖြင့် ပွဲစားလုပ်မည်။ဒါဆိုလျှင် မျိုးညွှန့်လည်း အလုပ်မယ်မယ်ရရ ရှိမည်။သားငယ် အတွက် တက်္ကသိုလ် စရိတ်လည်း ပိုထွက်လာနိုင်မည်။
        ယခုနေရာက မိုးတွင်းဆိုလျှင် ရေ၀ပ်သည်။မျိုးညွှန့်ကတော့ ရောင်းမည်ဆိုလျှင် မြန်မြန်ရောင်းစေချင်သည်။ဇွန်လ ကတော်သေးသည် ရေ၀င်သော်လည်း နေပူလျှင် ပြန်ခြောက်သွားတတ်သည်။ဇူလိုင်၊သြဂတ်ဆိုလျှင် မိုးပိုကြီးလာမည်။ဝပ်သည့် ရေပမာဏက များတော့ နေပူလည်း ပြန်ခြောက် မသွားတော့။ထိုသို့ဆိုလျှင် ၀ယ်လက် မကြိုက်ဖြစ်နိုင်သည် ဟု မျိုးညွှန့်က လောဆော်သည်။မမကြီးကို ရိပ်သာ လူကြုံနဲ့အကျိုးအကြောင်း စာရေးပေးလိုက်သည်။ဒီတစ်ခါ ကိစ်္စမှာတော့ သူနှင့် သားကြီး မျိုးညွှန့်တို့သာ သိကြသည်။တိုးညွှန့် သိသွားလျှင်ဝမ်းပမ်းတနည်း ငိုသံကြီးနှင့် “လုပ်ရက်လိုက်တာ အမေရာ”ဟု ပြောနေမည်လား။ကိုကောင်းညွှန့် သိသွားလျှင်တော့ သူထက် လက်စွမ်းထက်သည့်   မမြနွယ်ကို အံ့သြတကြီး မျက်လုံးများနှင့် ကြည့်ကာ ကန့်ကွတ်မည်လော။မမကြီး ကရော စာဖတ်ပြီးသည့်အခါ အမိုက်မ ဟုအော်ကာ ကဆုန်ဆိုင်း ပြေးချလာမည်လား၊ဒါမှ မဟုတ် သူ့ထိုက်နဲ့ သူ့ကံ တစ်ဇာတ်လမ်းပြတ်တာပဲဟု သဘောပိုက် ကာ မလာဘဲ နေလိုက်မည်လား။ထိုသုံးယောက်တွင် မည်သူက မမြနွယ်အတွက် ကယ်တင်ရှင်ဖြစ်မည်ကိုတော့ စောင့်မျှော်ရန်မှ တစ်ပါး ..........  ။


                                     
                                     
       




2 comments:

  1. ဖတ်​လို့​ကောင်းပါသည်​ဆက်​ဖတ်​ပါဦးမည်

  1. Unknown said...:

    ကျေးဇူးပါရှင်။

Post a Comment