-
My Novel
.................
-
About Me
Khin Thandar
-
Miss Myanmar Gym
Please come and join with us if you want to fit.
ပြည့်စုံခြင်းပန်းချီကားအတွက် ဆေးရောင်မဲ့ စုတ်ချက် ။မေလထုတ် ရွှေအမြုတေ မဂ္ဂဇင်း ၂၀၁၅
Posted by
Unknown
at
9:14 AM
Thursday, May 7, 2015
ပြည့်စုံခြင်းပန်းချီကားအတွက် ဆေးရောင်မဲ့ စုတ်ချက်
(၁)
ဖုန်းစကရင်ကို လက်ဖြင့် ပွတ်သပ်လိုက်သည့် မောင့်လက်ချောင်းလေးများ၊ထိုနောက် လက်ချောင်းလေးတို့က ချွေးရှိ မနေသည့် မျက်နှာကို ပွတ်သုတ်နေသည့် ဟန်ပန် တို့ကို မေသက် လိုက်ကြည့်နေမိသည်။ဟန်ဆောင်မတတ်သည့် မောင့်ပုံစံတို့က စိတ်ကျဉ်းကျပ်နေသည်မှာ သိသာလှသည်။စားပွဲပေါ်သို့ ဖုန်းကို လှမ်းတင်လိုက်ရင်း “မေ ဒီနေ့ အလုပ်နားရက်လား”ဟု သမရိုးကျ မဟုတ်သည့် မေးခွန်းကို မေးနေသည်။မေသက်တို့ ကုမ်္ပဏီက တစ်လလျှင် တစ်ရက်သာ အနားရသည်။လစာကောင်းသော်လည်း လစာနှင့်တန်အောင် အလုပ်လုပ်ချိန် များလှသည်။တစ်နေ့ကပင် သား ကျောင်းပိတ်ရက်နှင့် တိုက်ကာ မေသက် နားရက်ယူပြီး မေမေတို့အိမ်သို့ တစ်မိသားစုလုံး အလည်သွားခဲ့ကြသေးသည်။အနေခက်နေသည့် မောင့်ပုံစံကို အားနာသွားသဖြင့် မေသက် ပြုံးရုံသာ ပြုံးပြလိုက်သည်။မေသက်တို့ လင်မယားနှစ်ယောက်သည် တစ်ဦး၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို တစ်ဦးက မပိတ်ပင်တတ်၊တစ်ဦး၏ ကိုယ်ရေးကိုယ်တာကို ကျန်တစ်ဦးက ၀င်ရောက်စွက်ဖက်ခြင်း မရှိကြ။ဟန်းဖုန်း ဆိုသည်ကို မေသက်ကတော့ တစ်ဦးဆိုင် ပစ်္စည်းဟုသာ သတ်မှတ်သည်။မောင့် ဟန်းဆက်ကို ဘယ်တုန်းကမှ စပ်စပ်စုစု ကိုင်မကြည့်ခဲ့ဖူး။ထို့အတူ မေသက် ဖုန်းကို ယူကြည့်လျှင်လည်း မကြိုက်တတ်။တစ်ခါ တစ်ခါ သားသား ယူဆော့လျှင် ပင် မေသက် မကြိုက်။မေသက် ဖုန်းခေါ်လိုက်လျှင် ဖုန်းပိုင်ရှင်ဖြင့်သာ တိုက်ရိုက် စကားပြောလိုသည်။မေသက်ကို ခေါ်လျှင်လည်း မေသက် အသံကိုသာ အရင်ကြားစေရမည်။အလုပ်အားမနေလျှင် မကိုင်ဘဲ နေမည်၊ပြီးမှ မစ်ကောလ် ကို ကြည့်ကာ ပြန်ခေါ်ဆိုနိုင်သည်ပဲ။ဒါသည် မေသက် သတ်မှတ်ထားသည့် ဟန်းဖုန်း ယဉ်ကျေးမှုဖြစ်သည်။မောင်သည်လည်း မေသက်လိုပင် လိုက်နာ ကျင့်သုံးသူ ဖြစ်သည်။သည်ရက်ပိုင်းများထဲတွင် မောင်သည် သူ့ဖုန်း အသံမြည်လာချိန် ထမင်းစားနေလျှင် ဖြစ်စေ၊ရေချိုးခန်း ၀င်နေလျှင် ဖြစ်စေ ”မေ ရေ ကိုင်လိုက်ပါ ”ဟု ပြောလာတတ်သည်။ဘယ်တုန်းကမှ မေသက် ကိုင်မပေးခဲ့ဖူး သဖြင့် ကိုင် မပေးသည့် အပြင် ခေါ်ဆိုလာသည့်နံပါတ်နှင့် အမည်ကိုပင် လှမ်းမကြည့်တတ်။”မောင် အားမှ ပြန်ခေါ်ပေါ့၊အရေးကြီးရင် တစ်ဖက်က ပြန်ခေါ်ပါလိမ့်မယ်” ဟုသာ ပြောခဲ့သည်။မက်ဆေ့ဝင်လာသည့် အသံတို့က ညည့်နက်နက်တွင် ရှိလာတတ်သည်။ထိုအခါမျိုးတွင် မီးမဖွင့်ဘဲ ဖတ်နေသည့် မောင့်အတွက် မေသက် မီးခလုတ်ကို ဖွင့်ပေးလိုက်သည်။ဝင်လာသည့် မက်ဆေ့အချို့ကို တစ်ခါတစ်ရံ အသံထွက်ပြီး မေသက်ကို ဖတ်ပြနေတတ်သည်။အချို့ ဖုန်းများကို မေသက်အား ကိုင်စေချင်လာသည်။
မေသက်ရော မောင်ပါ ကုမ်္ပဏီဝန်ထမ်းများ ဖြစ်ကြသည်။သို့သော် ကုမ်္ပဏီတူ ၀န်ထမ်းများတော့ မဟုတ်ကြ။သူငယ်ချင်းဘ၀မှ ချစ်သူများ အဖြစ် ကူးပြောင်းကာ အိမ်ထောင်သည်ဘ၀ကို နှစ်ကိုယ်တူ တည်ဆောက်ခဲ့ကြသည်။သားသားလေး ရလာတော့လည်း နှစ်ဖက်မိဘ နှင့်နီးကာ သားသား အတွက် မပူပင်ရသဖြင့် မေသက် အလုပ်ထွက်စရာ မလိုတော့ဘဲ မောင်နှင့်တန်းတူ အလုပ် လုပ်ခွင့်ရခဲ့သည်။အစိုးရဌာနများ နေပြည်တော်သို့ ပြောင်းရွှေ့သွားချိန်တွင် ထိုရုံးများနှင့် အဆက်အစပ်ရှိလှသည့် မောင်တို့ ကုမ်္ပဏီသည်လည်း လိုက်ပါ ပြောင်းရွှေ့ကြရသည်။ပါမစ် ကိစ်္စအတွက် သွားရေးလာရေး အချိန်များကို ထည့်သွင်းစဉ်းစားကာ ကုမ်္ပဏီ ၀န်ထမ်းအိမ်ရာများ ပါရှိလာရသည်။မောင်သည်လည်း နေပြည်တော် ကုမ်္ပဏီဝန်ထမ်း အိမ်ရာတွင် နေထိုင်ရမည့် ၀န်ထမ်းတစ်ဦးထဲတွင် ပါဝင်နေသည်။မေသက် ကုမ်္ပဏီကတော့ ဒီဇိုင်နာ လုပ်ငန်းနှင့် ဆက်စပ်သဖြင့် နေပြည်တော်တွင် ဈေးကွက် စီးပွားရှာရန် သိပ်မလိုအပ်သေး။သည်တော့လည်း မယ်တစ်ရွာ၊မောင်တစ်မြို့ နေကြဖို့ အကြောင်းဖန်လာတော့သည်။မောင်က သာ ရန်ကုန်နှင့် နေပြည်တော်ကို အသွားအပြန်လုပ်သော်လည်း မေသက်ကတော့ အလုပ်တစ်ဖက်၊သားတစ်ဖက်နှင့် တစ်ခေါက်မှ မရောက်ဖူးသေး။မောင် နေပြည်တော် ပြောင်းရွှေ့သည့် လမှာပင် မေသက် တစ်ယောက် ရာထူးရော၊လစာပါ တိုးမြှင့်ခြင်းခံရသည်။ထိုအခါ ပေးထားသည်နှင့် ထိုက်တန်စွာ အလုပ်များ တိုးလုပ်ရတော့သည်။မောင်ပြောင်းရွှေ့ပြီး နှစ်နှစ်လောက် နေမှ မေသက် မောင်ရှိရာ နေပြည်တော်သို့ ရောက်ဖူးတော့သည်။သူငယ်ချင်းတစ်ယောက်က နေပြည်တော်တွင် ကျင်းပမည့် ဖိုရမ် တစ်ခု တက်ရောက်ရန်ရှိသည်၊”ငါလည်း အဖော်ရတယ် ၊နင်လည်း နင့်ယောက်ျားဆီ အလည် ရောက်ဖူးတာပေါ့ဟာ လိုက်ခဲ့ပါ”ဟု ဆိုလာသည်။နားရက်နှင့်ပေါင်းကာ ရုံးမှခွင့်ယူကြည့်တော့ လွယ်လင့်တကူပင် အဆင်ပြေနေသည်။သားသား ကျောင်းတက်ရက် ဖြစ်နေသဖြင့် မေမေတို့က “ညည်းဘာသာသွား၊ကလေး ငါတို့
ကည့်ထားပေးမယ်”ဟု ဆိုသဖြင့် သူငယ်ချင်းကတော့ “စက်ကန်း ဟန်းနီးမွန်းပေါ့ဟယ်” ဟု စ နေသေးသည်။
မောင်က မေသက်ကို ကားဂိတ်တွင် လာကြိုပေးသည်။မောင် ရထားသည့် တိုက်ခန်းလေးသည် မကျဉ်းမကျယ်နှင့် သပ်သပ်ရပ်ရပ်။ဆိုင်ထမင်းဟင်းကိုသာ ၀ယ်စားနေသည့် မောင့် မီးဖိုခန်းလေးထဲရှိ စားပွဲပေါ်တွင် ဓာတ်ဘူး၊ကော်ဖီမစ်များနှင့် ကော်ဖီခွက် အချို့ကို တွေ့ရသည်။ကြွေခုံပေါ်တွင် အဆူမြန်သည့် ရေနွေးအိုးလေးကို ပလပ်ပေါက် တပ်လျှက် တွေ့ရသည်။ပြီးတော့ ရေသန့်ဗူးကြီးများနှင့် ရယ်ဒီမိတ် ဆီပုလင်း အသေးတစ်လုံး။ဟင်းချက်မစားသည့် မောင်က ဆီပုလင်းကို ဘာလုပ်ဖို့ ၀ယ်ထားသည် မသိ။ပန်းကန်အနည်းငယ် ထည့်ထားသည့် ပန်းကန်စင်လေးကိုလည်း တွေ့လိုက်မိသည်။တိုက်ခန်းလေးကို လှည့်ပတ်ကြည့်ပြီး မေသက်မှာ လုပ်စရာ အလုပ်က မရှိတော့သလို။မောင်က ရေချိုးပြီးထွက်လာသည် “မေ ရေချိုးတော့လေ ခဏနေ ရုံးဖယ်ရီလာတော့မှာ မနက်စာကို ကန်တင်းမှာ ကျွေးမယ်”။မေသက် ရေချိုး၊အ၀တ်စားလဲကာ မောင့်ရုံးသို့ လိုက်ခဲ့လိုက်ရသည်။မလိုက်လျှင်လည်း တစ်တိုက်လုံးတွင် မေသက် တစ်ယောက်သာ ကျန်ခဲ့ရလိမ့်မည်။နေ့လည်စာ ၀ယ်စားရန် ထမင်းဆိုင်များကို တိုက်ခန်း အနီးအနားတွင်လည်း မတွေ့ရ။ဖယ်ရီပေါ်တွင် မောင်တို့ ၀န်ထမ်းအချင်းချင်း အပြန်အလှန် ပြောနေကြသံတို့က ပျော်ရွှင်ဆူညံစွာ။မေသက်ကတော့ ပြုံးလို့သာ လိုက်ကြည့်နေမိသည်။မောင့် အထက်လူကြီးအချို့၊လုပ်ဖော် ကိုင်ဖက် အချို့နှင့် မိတ်ဆက်ပေးသည်။ထို့နောက် အလုပ်လုပ်နေသည့် မောင့်အခန်းလေးထဲတွင် မေသက်တစ်ယောက်တည်း ငေါင်တောင်တောင် ထိုင်နေမိသည်။တစ်မနက်ခင်းလေးပဲ ရှိသေးသည် မေသက် ရုံးခန်းလေးကို လွမ်းနေမိသည်။နေ့လည် ထမင်းကိုလည်း မောင်က ကန်တင်းမှာပင် လ ပေး စားနေသည်။မောင်နှင့်အတူမေသက်လည်း ကန်တင်း တစ်ဖန် ရောက်ရပြန်သည်။
ကန်တင်းမှ ဟင်းတို့ကို နှစ်နှစ်လောက် ဆက်တိုက်စားနေနိုင်သော မောင့်ကို သနားစိတ်နှင့်အတူ အံ့သြမိရသည်။ယခုမှ စားဖူးသည့် မေသက်ကတော့ မနည်းမြိုချနေရသည်။ထိုအချိန် သူ့ကို မေသက် စတင် သတိထားမိလိုက်ရသည်။ထမင်းငုံစားနေသည့် မောင့်နားလေး လာရပ်ကာ ငါးခူဆီပြန်ဟင်းနှင့် အရည်သောက် တစ်ခွက် လာချပေးရင်း “နည်းနည်းလေး စောင့်တာ မဟုတ်ဘူးဟယ် နင်ကလည်း ဒီနေ့မှ ငါတို့ ဆက်ရှင်က နေရာ အသစ်တွေ ပြန်ချနေလို့ ထမင်းစား နောက်ကျသွားတာ”။ဘေးဘီကို ဘယ်မှ မကြည့် မောင့်တစ်ယောက်ကိုသာ ကြည့်ရင်း စကားဆိုနေသည့် မိန်းကလေးကို မေသက် ငေးနေမိသည်။မေသက်တို့နှင့် ရွယ်တူလောက်ဖြစ်မည်။အသားဖြူဖြူ အရပ်မြင့်မြင့် သူ့ဟန်ပန်တို့က မလှသော်လည်း စွဲဆောင်မှု ရှိနေသည်။“မေ ရောက်နေလို့ဟ” မောင်ကတော့ တစ်ခွန်းသာ ပြောရင်း မိတ်ဆက်ပေးပြီးသလို ဖြစ်သွားရသည်။ထိုမိန်းကလေးက မေသက်ကို တစ်ချက်သာ ဝေ့ကြည့်သည်။စကားပင် မဆို။အသိအမှတ် မပြုသည့်အလား “ထားခဲ့လိုက်ပြီနော်၊နင်စားပြီး စားပွဲမှာထားခဲ့။ညနေမှ တွေ့မယ်”ဟု ဆိုကာ တစ်ဖက်ဝိုင်းသို့ ကူးသွားသည်။ထို မိန်းကလေး ထွက်သွားမှ မောင်က “မောင်နဲ့ စက်ရှင်တော့ မတူဘူး ထားထားလေ”ဟု တစ်ဖက်သတ် မိတ်ဆက်ပေးသည်။မောင့်ရုံးတွင် တစ်နေကုန် ပျင်းရိငြီးငွေ့စွာ မေသက် ထိုင်နေရသည်။သူငယ်ချင်းကလည်း သူ့အဖွဲ့များနှင့် အခြားနေရာတွင် တည်းခိုကာ ဖိုရမ်အတွက် အလုပ်ရှုပ်နေကြတော့မည်။မနက်ဖန် တစ်ရက်တော့ မေသက် မောင့်ရုံးသို့ မလိုက်လိုတော့၊တိုက်ခန်းတွင် ကျန်နေခဲ့သည်ကမှ အညောင်းအညာပြေ အိပ်နေလို့ ရသေးသည်။ရုံးက အပြန် ကတ်ပီတယ် မတ်သို့ ၀င်ကာ မောင်က ညနေစာ ကျွေးသည်။မေသက်ကတော့ ခေါက်ဆွဲခြောက်ထုပ်နှင့်ရယ်ဒီမိတ် ဆတ်သားခြောက်ထုပ်များ ၀ယ်လိုက်သည်။မနက်ဖန် တစ်ရက် အိမ်မှာနေခဲ့ကာ ဒါတွေနှင့် ရိက်္ခာ ဖြည့်မည်။
အိမ်ပြန်ရောက်ပြီး မောင်နှင့် မေသက် စကားတွေ ပြောဖြစ်ကြသည်။သားသားအကြောင်း၊ရန်ကုန်ရှိ သူငယ်ချင်းများ အကြောင်း၊နှစ်ဖက် မိဘများ အကြောင်းတို့ကို ရောက်တတ်ရာရာ ပြောကြသည်။သည်လို စကားတွေ အေးအေး ဆေးဆေး မပြောဖြစ်သည်မှာ အတော်ကြာခဲ့ပြီမှန်း အခုမှ သတိထားမိသည်။ည ၇နာရီဝန်းကျင်လောက်တွင် ထားထား နှင့်အတူ မိန်းကလေးတစ်ယောက်ပါလာသည်။ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပင် ယောက်ျာလေး နှစ်ယောက် ၀င်လာကြသည်။နေပြည်တော်တွင် မောင် အင်္ဂလိပ်စာ လေ့လာနေသည်ကိုတော့ တစ်ခါ ပြောဖူးသည်။ဆရာ တစ်ယောက်ကို ခေါ်ကာ မောင့်တိုက်ခန်းတွင် ၀ိုင်းဖွဲ့ သင်ကြသည်ဟု သိခဲ့ဖူးသည်။အခုမှ ပြန်သတိရမိသည်။မောင်က မေသက်ကို အားလုံးနှင့် မိတ်ဆက်ပေးသည်။ခဏအကြာ ဆရာရောက်လာသည်။
“မေ လည်း ၀င်ထိုင်လိုက်ပါလား။”မောင်ကတော့ ဖိတ်ခေါ်ပါသည်။သို့သော်လည်း ဒီတစ်ရက်တည်းနှင့် သူတို့စကားဝိုင်းကို မနှောက်ယှက်လိုတော့။ဧည့်ခန်းထဲမှာပင် စာသင်စားပွဲနှင့် မလှမ်းမကမ်း ထိုင်ကာ တွေ့သည့် စာအုပ်ကို ကောက်ကြည့်နေမိလိုက်သည်။စာအုပ် ခေါင်းစဉ်က နှလုံးသားမိတ်္တူ တဲ့ ဆရာတော်တစ်ပါးရေးထားသည့် စာအုပ်ဖြစ်သည်။ပထမဆုံး စာမျက်နှာ အလွတ်ပေါ်တွင် မောင့် မွေးနေ့ ရက်စွဲဖြင့် “ကျော့် အတွက် ထား ”ဆိုသည့် လက်မှတ်လေး
ထိုးထားသည်ကို တွေ့ရသည်။စာဖတ်နေသော်လည်း မေသက်နားထဲတွင် မောင့်တို့ စကားဝိုင်းမှ အင်္ဂလိပ်လို ပြောနေသံများကို ကြားနေရသည်။ဆရာနှင့်သူတို့ ရယ်မောနေသံများ။စာသင်ချိန် တစ်နာရီလောက် ကြာတော့ ကော်ဖီတိုင်းမ်ဟု အော်နေကြသည်။မေသက် သည်တော့မှ သတိရသည် ”ဟုတ်သားပဲ ကိုယ့်အိမ် မဟုတ်တောင် မောင့်အိမ် လာသည့် ဧည့်သည်များကို ကော်ဖီတိုက်သင့်သည်ပဲ။”အတွေးတို့ဖြင့် မေသက် မီးဖိုခန်းဆီသို့ သွားဖို့ ပြင်လိုက်သည်။မီးဖိုခန်းနှင့် စာသင်စားပွဲက ကပ်လျှက် အနေအထား ဖြစ်နေသည်။ထားထားနှင့် အဖော် မိန်းကလေးတို့က ဦးစွာ မီးဖိုခန်းသို့ ရောက်နှင့်ပြီ။မေသက် ထလာသည်ကို မြင်သည့် ယောက်ျားလေး တစ်ယောက်က “အမ နေနေ ထားထားတို့ ဖျော်နေကျ သူတို့လုပ်လိမ့်မယ်”“ဟု လှမ်းပြောသည်။မေသက် ရှေ့ဆက်လှမ်းရတော့မလို ပြန်ထိုင်ရတော့မလို ဖြင့် မောင့်ကို လှမ်းကြည့်လိုက်မိသည်။မောင်ကလည်း “မေ နေပါစေ ထားထားလုပ်လိမ့်မယ် ဆရာက သူဖျော်တဲ့ ကော်ဖီကို ကြိုက်တယ်”ဟု ဆိုကာ ထပ်ဆင့် ထောက်ခံပြန်သည်။ထို့နောက် ယောက်ျားလေးတို့ အဖွဲ့က ဆရာနှင့် စာဆက်ပြောနေကြသည်။မိန်းကလေး နှစ်ယောက်ကတော့ မီးဖိုခန်းထဲတွင် ကော်ဖီဖျော်ဖို့ အလုပ်ရှုပ်နေကြသည်။
မောင်ရှိနေသော်လည်း တစ်စိမ်းတို့ အလယ် ရောက်နေသလို မေသက် ခံစားလိုက်ရသည်။သိပ်မကြာလိုက်သည့် ခဏအတွင်း ထားထားတို့နှစ်ယောက် ကော်ဖီခွက်များဖြင့် မီးဖိုထဲမှ ထွက်လာကြသည်။မေသက် သောက်ဖို့ပင် ကော်ဖီတစ်ခွက်ပါလာသည်။ဘယ်တုန်းက ဘယ်သူ ပါလာမှန်း မသိသည့် စတော်ပဲပြုတ်ကို ဆီစိမ်း ဆမ်း သုတ်ထားသည့် ခွက်လေးက စားပွဲအလယ်တွေ အမြည်းသဖွယ် ချထားပေးသည်။မနက်က တွေ့ခဲ့သည် ဆီပုလင်းလေးကို အခုမှ ဆက်စပ်ကြည့်မိသည်။ထို့နောက် စာသင်သားများ ကော်ဖီ တစ်ယောက်တစ်ခွက်ဖြင့် စကားဆက်သင် နေကြသည်။မေသက် ထလုပ်ပေးလျှင်ပင် အချိန်ဒီလောက် မြန်မြန်နှင့် ဒီလို အစီအစဉ် မကျနိုင်ပါဟုသာ တွေးဖြစ်တော့သည်။နာရီဝက်အကြာ စာသင်ချိန် ပြီးဆုံးသွားကြသည်။ဆရာ အပါအ၀င် အားလုံး မေသက်ကို နှုတ်ဆက်ပြန်သွားကြသည်။ထားထားနှင့်အဖော် မိန်းကလေးတို့က ကော်ဖီခွက်များကို ဆေးကြောပြီး စင်ပေါ်တွင် ပြန်တင်ခဲ့ကြသည်။ထားထားဆိုသည့် မိန်းကလေးကတော့ မေသက်ကို ယခုချိန်ထိ မျက်လုံးချင်း ဆုံပြီး မကြည့်သေး။မေသက် လိုက်မနေနိုင်သည့် သည်အိမ်လေးတွင် စာသင်ဝိုင်းလေး ရှိနေခြင်းကြောင့် မောင် အထီးမကျန်ရခြင်း ဖြစ်သည်။ဆရာနှင့်အတူ စာသင်ဝိုင်းအဖွဲ့သားများကို မေသက် ကျေးဇူးတင်မိပါသည်။
(၂)
နောက်တစ်နေ့ မနက်စာကို စောစောထကာ မောင့်အိမ်နှင့် အနည်းငယ် လှမ်းသည့် ဈေးကြီးတစ်ခု သို့ မေသက်တို့ နှစ်ယောက် လမ်းလျှောက်ထွက်ခဲ့လိုက်ကြသည်။ဈေးမှာပင် နံနက်စာ စားကြသည်။စာအုပ်ဆိုင်တွင် စာအုပ်နှစ်အုပ် ၀င်ဝယ်ခဲ့လိုက်သည်။တစ်နေကုန် စာဖတ်ရင်း မောင့် တိုက်ခန်းလေးထဲတွင် ကျန်ခဲ့လိုက်တော့မည်။မောင့်ဖယ်ရီထွက်သွားပြီးသည်နှင့် စာအုပ်များပိုက်ကာ ကုတင်ပေါ်သို့ တက်လိုက်သည်။ခေါင်းအုံးနှစ်လုံးဆင့်ပြီး ခပ်လျှောလျှော အနေအထားဖြင့် စာဖတ်တော့မည် လုပ်ပြီးကာမှ စားပွဲလေးပေါ်က အပင်စိမ်းစိမ်းလေးကို သတိထားမိလိုက်သည်။ခပ် ပက်ပက် ဖန်ခွက် အကြည်လေးထဲတွင် ရေနှင့် ရောင်စုံ ကျောက်စရစ်ခဲများထည့်ထားသည်။အလှ တင်ထားရသည့် ပန်းပင် အမျိုးအစားဖြစ်မည်ထင်သည်။မောင့် အခန်းလေးထဲက ပန်းအိုးကတော့ ရေများလည်း ခန်းခြောက်ခါနီးနေပြီ၊ကျောက်စရစ်ခဲ အရောင်တို့ကလည်း ညိုညစ်ညစ် ဖြစ်နေပြီ။မေသက် စာမဖတ်သေးဘဲ ဖန်ခွက်လေးထဲ ရေဖြည့် ၊ကျောက်စရစ်ခဲများကို ပွတ်တိုက် ဆေးကြည့်နေမိသည်။အားလုံး ဆေးကြောပြီးသောအခါ အပင်စိမ်းစိမ်းတို့က အရောင်ထွက်လာသည်။ကြည့်ရသည်မှာ မျက်စိအမြင်အေးနေသည်။ပန်းအိုးလေး နေရာကျပြီးသောအခါ မေသက် အခန်းလေးထဲ လိုက်ကြည့်မိနေသည်။မနေ့က တစ်နေကုန် ရုံးတွင် လိုက်နေပြီး၊ညကလည်း ချက်ချင်း အိပ်ပျော်သွားခဲ့သည်။သေတ်္တာနှစ်လုံးဆင့်ထားသည့် ပေါ်တွင် ဆေးပုလင်း အချို့ကို တွေ့ရသည်။ထက်လင်း ရင်လူးဆေး၊မှန်ချိုငုံဆေးပြား အချို့နှင့် လျှက်ဆားထုပ်များ အနည်းကို တွေ့ရသည်။ဘယ်တုန်းကမှ မြန်မာဆေး မသောက်ခဲ့ဖူးသည့် မောင့် အခန်းထဲတွင် မြန်မာဆေးများ တွေ့ရသဖြင့် မေသက် အံ့သြသွားရသည်။ဆေးပုလင်းများကို စနစ်တကျ စီပေးရင်း ချောကလက် အခွံ့အချို့ကိုလည်း တွေ့ရသည်။”ချောကလက်ကို အရောင်မြင်တာနဲ့တင် စားချင်စိတ်ကုန်တယ်“ဟုဆိုကာ စား မကြည့်ဖူးသည့် မောင်က ချောကလက်များ ၀ယ်စားနေသည်တော့ မဟုတ်တန်ရာ။လက်စနှင့် အခန်းကို ဆက်ရှင်းနေမိသည်။အိပ်ယာခင်းများ၊ခေါင်းအုံးစွပ်များ လဲလှယ်ကာ မောင့် အ၀တ်အစားသေတ်္တာကိုပါ ဆက်ရှင်းပေးရင်း စာမဖတ်ဖြစ်တော့။မောင့် အင်္ကျီများ ခေါက်ပေးရင်း အ၀တ်အစား အချို့ကို မေသက် မှတ်ပင် မမှတ်မိတော့ သူ့ အ၀တ်အစားများ မဟုတ်ဟုပင် ထင်မိနေသည်။စွပ်ကျယ်နှင့် အတွင်းခံ ဘောင်းဘီတို့က အတော် ဟောင်းနွမ်းနေတာ တွေ့ရသည်။နှစ်နှစ်လောက် မောင့်ကို ပစ်ထားမိသည်ပဲ။အတွေးတို့နှင့် စိတ်မကောင်းဖြစ်သွားပြီး အိမ်ရှင်မစိတ် ၀င်လာမိတော့သည်။
ဖြစ်မည်။မောင် ရန်ကုန်ပြန်ရောက်နေသည့် တစ်ပတ်တွင် ထားထားနှင့်အတူစာသင်ဝိုင်းမှ မောင့် လုပ်ဖော်ကိုင်ဖက် တစ်ချို့ အိမ်ရောက်လာကြသည်။ထားထားနှင့်အတူ ယောက်ျားလေး နှစ်ယောက်တို့ အနောက်နိုင်ငံတစ်ခုသို့ သင်တန်းတက်ရောက်ရန် လွတ်ခြင်းခံရသည်။ရန်ကုန်တွင် လိုအပ်သည်များကို လာ ပြင်ဆင်ကြရင်း မောင့်ထံ ၀င်လာကြခြင်းဖြစ်သည်။မေသက်ကလည်း ရုံးသွားခါနီး ဖြစ်နေသည်။သားသားကို မေမေတို့က ကျောင်းပို့ပေးနေသဖြင့် အိမ်တွင် မောင်တစ်ယောက်သာ ကျန်ခဲ့မည်။ဧည့်သည့်များသောက်ဖို့ ကော်ဖီတော့ ဖျော်ပေးခဲ့သင့်သည်ကို သိသော်လည်း တိုက်အောက်မှ ဖယ်ရီဟွန်းတီးသံကို ကြားနေရပြီ။မောင့်ကိုပဲ တာဝန်ပေးခဲ့ရတော့သည် ”မောင်ရေ ဓာတ်ဗူးထဲမှာ ရေးနွေးအသင့်ရှိတယ်။ကော်ဖီထုပ်တွေက ကြောင်အိမ်ပေါ်မှာ၊ကော်ဖီပန်းကန်တွေက စားပွဲပေါ်မှာ အသင့်ရှိတယ် ဧည့်သည်တွေကို ဖျော်တိုက်လိုက်နော်”။မေသက် စကားသံတို့ အဆုံး ထားထားက ”ရတယ် ကျော် ငါတို့ဘာသာ ဖျော်သောက်လိုက်ပါမယ်”ဟု မောင့်မျက်နှာကိုသာ ကြည့်ရင်း ဆိုသည်။ယခုမှ ရောက်ဖူးသည့် အိမ်တစ်အိမ်တွင် ကိုယ့်ခြေ ကိုယ့်လက် ကော်ဖီဖျော်သောက်ဖို့ဆိုသည်မှာ ရဲတင်းလွန်းမနေဘူးလား၊ပြီးတော့ ဧည့်ခန်းတွင် ၀င်ထိုင်နေပြီး သည်အိမ်၏ အိမ်ရှင်မ မျက်နှာကိုပင် မကြည့်ဘဲ နေနိုင်သည်ကိုလည်း အံ့သြမိရသည်။ဖယ်ရီကားပေါ်တွင် မေသက်စိတ်တို့ စနိုးစနောင့်ဖြစ်ကာ လိုက်ပါခဲ့သည်။ကိုယ့်ခံစားချက်ကို ပြန်လည် ဆန်းစစ်ကြည့်နေမိသည်၊ ၀န်တိုခြင်းမဟုတ်သည်ကတော့ သေချာလှသည်၊ဒါဆို ခံပြင်းခြင်းများလား။
( ၃ )
မေသက်စိတ်ထဲ ဘယ်လိုပင် ရှိနေစေ မောင့်ကိုတော့ ပြောပြချင်စိတ် မရှိ။စွတ်စွဲပြောဆိုစရာ အခိုင်အမာ အကြောင်းအရာတို့ကလည်း ရှာမရ။သည်လိုနှင့် မေ့ပျောက်သွားရပြန်သည်။ထူးခြားသည်က မောင်တစ်ယောက် မေသက် ကိုဘာမှ မပြောဘဲ ရန်ကုန်တွင်သာ ရုံးထိုင်ရမည့် စက်ရှင်သို့ ပြောင်းရွှေ့လိုက်ခြင်းပင်။မိသားစု တစ်စည်းတစ်လုံး ပြန်နေခွင့်ရတော့လည်း မောင်နှင့်မေသက်တို့ သွေးများ ပြန်နွေးလာသလိုလို။မောင့် အားလပ်ချိန် တော်တော်များများက မေသက်နှင့်သားသားတို့အတွက်သာ။သုံးလလောက်ကြာပြီး တစ်ညနေတွင်တော့ မောင်က မေသက်ထက်စောစီးစွာ အိမ်ပြန်ရောက်နေနှင့်သည်။မေသက် အိပ်ခန်းထဲသို့ ရောက်ရောက်ချင်း မောင်က “မေရေ လက်ဆောင်ပစ်္စည်းတွေ ပေးချင်လို့ မေ့ကို စောင့်နေတာ”ဟု ဆိုကာ မေသက်ကို ကုတင်ပေါ်တွင် ထိုင်စေသည်။အိတ်ကြီး တစ်လုံးထဲမှ နိုင်ငံခြားဖြစ် အသုံးအဆောင် ပစ်္စည်း အချို့ကို ထုတ်ပြသည်။”ပြည်ပသို့ သင်တန်းသွားတက်ကြသည့် မောင့်လုပ်ဖော် ကိုင်ဖက် သူငယ်ချင်းများ ပြန်ရောက်လာတာ ဖြစ်နိုင်သည်။”လက်ဆောင်ပစ်္စည်းနှစ်ထုပ်က မေသက်နှင့် မောင့်အတွက် နှစ်မျိုးဖြစ်နေသည်။ကျန် တစ်ထုပ်သာ ရေမွှေး ပုလင်းတစ်မျိုးတည်း ပါတာတွေ့ရသည်။မေသက် ချက်ချင်းမှန်းမိသွားသည်။ ထားထားလက်ဆောင် ဖြစ်လိမ့်မည်၊အခြားသူများလို မောင့်မိန်းမအတွက် ထည့်သွင်း စဉ်းစားခဲ့ပုံမရ။ရေမွှေးပုလင်းကို ဆွဲထုတ်လိုက်ပြီး မောင်က “ဒီရေမွှေးလေး မေ ယူလိုက်၊မေက ရေမွှေးကြိုက်တယ်လေ”ဟု ဆိုလာသည်။ဗူးခွံပေါ်တွင် ဖော်မန်း (်သမာနည) ဟု အထင်အရှား ရေးထားသည်ကိုတွေ့ရသည်။မေသက်က ”မောင်ကလည်း ယောက်ျားလေး သီးသန့် သုံးဖို့ ထုတ်ထားတာကို မောင်သုံးပါ၊ဈေးကြီးမှာ ပစ်္စည်းက အမျိုးအစားကောင်းကြီး။”ဟု ဆိုကာ မောင်ပေးသည်ကို မယူဘဲ နေလိုက်သည်။“ဟာ မေ ကလည်း ဖော်မန်းဆိုတာ မိန်းကလေးတွေ သုံးရမှာလေ၊မေ သုံးတယ်ဆို မောင့် အတွက်ပေါ့” ဟုဆိုကာ ကြည်ကြည်နူးနူးပြုံးနေသည့် မောင့်ကို မေသက် ငေးကြည့်နေမိသည်။
သည်တစ်ခါတော့ မေသက် ထားထားနေရာက ခံစားလိုက်ရခြင်းဖြစ်သည်။ကိုယ်ချစ်တဲ့သူ သုံးစေချင်၍
ပေးသည့် အသုံးအဆောင်ကို ထိုသူက သူချစ်သည့် သူကို ပြန်ပေးနေသည်ဆိုတာ သိလျှင် ဘယ်မျှ ခံစားလိုက်ရမည် မသိ။အဲ့သည်နောက်ပိုင်းတော့ မောင်က ထားထားနှင့်ပတ်သက်သည့် ဖုန်းများ၊မက်ဆေ့များကို မေသက်အား သိစေချင်လာသည်။ဘာကြောင့်မှန်းတော့ မသိ၊မေသက် မှန်းဆ မိသည်မှာ အတင်းတိုးဝင်နေသည့် ထားထားကို တားဆီးလိုခြင်းဖြစ်မည် ထင်သည်။ဘယ်လိုပင် ဖြစ်ဖြစ် မောင့်အပေါ်တော့ မေသက် သံသယ မဖြစ်မိ။မောင်ရော မေသက်ပါ ရန်ကုန်တွင် အတူနေရသည့်အတွက် ယခင်ကထက်စာလျှင် အနည်းငယ် ပိုစုမိကြသည်။ကံကောင်းချင်တော့ မောင့်ဘက်မှ အဘွားက မောင်နှင့်မေသက်အတွက် အမွေဟုဆိုကာ ထောက်ကြန့်အလွန်နားလေးတွင် မြေတစ်ကွက်ပေးသည်။မေသက်တို့တွင်ကိုယ်ပိုင်အိမ်လည်း မရှိသေးသည့်အတွက် ထိုမြေလေးပေါ်တွင် နှစ်ဦးသား ကိုယ်ပိုင်အိမ်လေး ဆောက်နေချင်ကြသည်။လက်ထဲတွင်လည်း အိမ်ဆောက်လောက်အောင် များများစားစား မစုမိကြသေး။ရန်ကုန်ဧရိယာနှင့် ဝေးသည်ဆိုသော်လည်း လိုင်းကားများ ပေါသဖြင့် သွားနေနိုင်သည်။ရန်ကုန်မြို့ထဲရှိ အငှားတိုက်ခန်း ကျဉ်းကျဉ်းနှင့်စာလျှင် မြို့ပြင်ရှိ ကိုယ်ပိုင်ခြံ၊ကိုယ်ပိုင်အိမ်လေးဖြင့် ပိုနေချင်ကြသည်။မေသက်ကတော့ ဆန်္ဒ
အပြင်းထန်ဆုံးဖြစ်သည်။မောင့်ကို အတင်းတိုက်တွန်းကာ စီစဉ်တော့သည်။မေသက်ရုံးမှ ပိုက်ဆံအနည်းငယ် ချေးလိုက်သည်၊မောင်လည်း သူ့ရုံးမှ ရနိုင်သလောက် ဆွဲကာ ပျဉ်ထောင်၊သွပ်မိုးအိမ်လေးကို ဇွတ်ဆောက်လိုက်ကြသည်။အကြွေးများရှိနေသော်လည်း ကိုယ်ပိုင်အိမ်ဆိုသည့် အသိလေးဖြင့် မမောနိုင်မပန်းနိုင် အချိန်ရှိသရွေ့ လုပ်နေကြသည်။ သစ်နှင့်သွပ်များအတွက် ဈေးနှုန်းသက်သာစေရန် အစိုးရထံမှ လျှောက်ခြင်းကို မောင့်သူငယ်ချင်း တစ်ယောက်က ကူညီပေးသည် ဆိုသည်။အိမ်ရှေ့ ရေကန်လေးနှင့် ရေချိုးခန်းအတွက် လိုအပ်သည့် အုတ်နီခဲ များကိုလည်း မီးခံအုတ်စက်ရုံမှ ဈေးသက်သက်သာသာနှင့် ရခဲ့သည်။ခြံထောင့်တွင် စိုက်လိုသည့် အပင်များ၊ခြံထဲတွင် တူးလိုသည့် ရေတွင်းအတွက် ကုန်ကျစရိတ်များက လုပ်နေရင်းဖြင့် မလောက်ငနိုင်တော့။မောင့်ကိုသာ အပူကပ်ကာ ထပ်မံချေးငှားကြည့်ခိုင်းရသည်။နောက်မှ ဘယ်လို ဆပ်ရ ဆပ်ရ အခုလောလောဆယ်ဆယ် တော့ အိမ်ကလေးကို အမြန်ပြီးလိုလှသည်။၇ လလောက်နီးပါး ကြိုးပမ်းပြီးချိန်တွင် မေသက် ဆန်္ဒများပြည့်ဝခဲ့ရသည်။
ရောင်စုံဆီမီး ထွန်းညှိထားပြီး နှင်းဆီဖြူများ ဝေနေသည့် ဘုရားစင်နှင့်တလူလူလွင့်နေသည့် ပြတင်းပေါက်မှ ခန်းဆီးပြာပြာလေးများ။ဖယောင်းပုဆိုး အသစ်လေးပေါ်တွင် ၀မ်းလျားမှောက် စာရေးနေသည့် သားသား ဟန်ပန်များ။အိမ်ရှေ့ အုတ်ကန်နားတွင် တ၀ုန်းဝုန်းရေချိုးနေသည့် မောင့်ပုံရိပ်တို့ကို ကြည့်ပြီး မေသက် ကြည်နူးနေမိသည်။တစ်နေကုန် အိမ်အလှဆင်နှင့် မီးဖိုချောင် ပစ်္စည်းများ နေရာချထားခြင်း အလုပ်ကို လုပ်နေရသဖြင့် လူ ပင်ပန်းနေသော်လည်း မေသက် စိတ်ပျော်ရွှင်လှသည်။ညစာ အတွက် ထမင်းပွဲ ပြင်ဆင်ရင်း မောင် ရေချိုးအပြီးကို စောင့်နေမိသည်။အိမ်ပေါ်သို့ မောင် တက်လာသည်နှင့် အချိန်ကိုက်ပင် မောင့် ဟန်းဖုန်းက အသံမြည်လာသည်။မောင်ကလည်း ရေသုတ်နေရင်း ချက်ချင်းကောက်ကိုင်လိုက်သည်။မောင်ပြောနေသည့် စကားသံတို့ကို မှန်းဆရသည်မှာ ထားထားဆီက ဖြစ်နိုင်သည်။ကြည်လင်နေသည့် မေသက် စိတ်တို့ အနည်းငယ် ညစ်ညူးသွားရသည်။မောင်နှုတ်ဖျားမှ ကျေးဇူးစကားတို့ အကြိမ်ကြိမ် ဆိုနေသံကို ကြားရသည့်အခါ နားထောင်မိလျှက်သား ဖြစ်သွားရသည်။သစ်နှင့်သွပ်၊အုတ်နီခဲများအတွက် ဈေးနှုန်းသက်သာစေရန် စီစဉ်ပေးခဲ့သူ၊မေသက် လိုချင်နေသည့် အပင်တို့အတွက် နေပြည်တော်မှပင် တကူးတကပို့ပေးခဲ့သူ။နောက်ဆုံး စုဆောင်းထားသည့် ငွေတို့ခါးဆက်ပြတ်ကာ လိုအပ်သမျှငွေအတွက် ဖြည့်ဆည်းချေးငှားခဲ့သူ။ဘာကြောင့်မှန်း မသိ မောင်က ပြောနေရင်း စပီကာ ဖွင့်လိုက်သည်။မောင်နှင့်ထားထားတို့ အပြန်အလှန်စကားပြောသံတို့က မေသက်တို့ အိမ်သစ်လေးထဲတွင် ပျံ့လွင့်နေသည်။
“ကျေးဇူးအထူးပါဟာ ငါ့သူငယ်ချင်း အပျိုကြီး စုဆောင်းထားတဲ့ ပိုက်ဆံတွေ အမြန်ဆုံး ပြန်ဆပ်ပါ့မယ်”။
“မလိုပါဘူးဟာ ငါက သုံးစရာ အရေးတကြီး မရှိပါဘူး။အခု နင်စိတ်ချမ်းသာနေတယ် မလား။နင့် မိန်းမ ဖြစ်ချင်တာတွေကို လုပ်ပေးရလို့လေ။ပြီးတော့ နင့်ကို အဲ့ဒီလို အိုးပိုင်အိမ်ပိုင်လေး ဖြစ်စေချင်နေတာ။နင်စိတ်ချမ်းသာရင် ငါစိတ်ချမ်းသာပါပြီဟာ။ လုပ်ပါ လုပ်ပါ ရေချိုးပြီး တက်လာတာဆို၊”
“ အေး ဟုတ်တယ် မေတို့ ထမင်းစားဖို့ စောင့်နေလို့”မောင့် အသံတို့က အားတုံ့အားနာ။
xxxxxxxxxxxxxx((((((((((((((((((((((((((((((((((((((((((((((((((((((((((((((((
ချစ်ခြင်းမေတ်္တာဆိုသည်မှာ ဖမ်းဆုပ်ကိုင်တွယ်၍မရ၊တွေ့မြင်နေစရာလည်း မလို၊မျှော်လင့်ချက်များလည်း မပါ ၊အဖြူထည် သက်သက်ဖြင့် ကိုယ်ချစ်သောသူ စိတ်ချမ်းသာနေပါစေ ဆိုသည့် စိတ်ကလေးဖြင့် မေတ်္တာထား ၍
ရနိုင် ပါသေးကြောင်း မေသက် တစ်ယောက် သဘောပေါက် လိုက်မိပါတော့သည်။
“နတ်စောင့်တရားများ အကြောင်း” မတ်လ၊၂၀၁၅ မဟေသီ မဂ္ဂဇင်း။ ၀တ္ထုရှည် စ/ဆုံး
Posted by
Unknown
at
2:21 AM
Wednesday, March 4, 2015
အခန်း (၁)
၁၉၈၄ခုနှစ်၊အောက်တိုဘာလ။အုံ့မှိုင်းနေသည့် မိုးသားကောင်းကင်ကြီး အောက်တွင် အလတ်စားစက်ပြင် အလုပ်ရုံ ၀န်းကြီး သည် ထူးခြားစွာ မီးပျက် နေသည်။ညဥ့် သန်းခေါင်ယံ အချိန်တွင် အလုပ်ရုံဝန်းကြီး တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။မိုးကာအင်္ကျီများ ၀တ်ဆင်ထားကြသည့် လူသုံးယောက်သည် စက်ရုံမှူး၏ နေအိမ်တံခါးကို တိုးတိုးသက်သာခေါက် နေကြသည်။ မှေး ကနဲ အိပ်ပျော်သွားသည့် စက်ရုံမှူးသည် ချက်ချင်းထလာ၍ တံခါးဖွင့်ပေးလိုက်သည်။ထို့နောက် ၀မ်းသာအားရလေသံဖြင့် ထိုလူ သုံးယောက်အား မေးလိုက်လေသည်။
“ဘာလဲ ဘာလဲ သူခိုးမိလာပြီလား”
“မဟုတ်ပါဘူး ဆရာ၊ဆရာကတော် ကလေးမွေးပြီလေ ယောက်ျားလေးပါ။ကလေးရော အမေပါ ကျန်းမာကြပါတယ်။အဲဒါ ဆရာ့ကို လာပြောတာပါ။”
ထိုအခါမှ စက်ရုံမှူး၏ အာရုံတို့သည် ဆေးရုံရောက်နေသည့် မိန်းမကို သတိရသွားတော့သည်။
“အေးဗျာ ကျေးဇူးပါ၊မနက် ဧည့်တွေ့ချိန်ကျရင် ကျွန်တော် သွားလိုက်မယ်”။
သားယောကျာ်းလေး နှစ်ယောက်၊သမီးတစ်ယောက် ရှိပြီးဖြစ်သည့် စက်ရုံမှူးတို့ မိသားစုထဲ သို့ နောက်ထပ်ရောက်လာသည့် ရတနာလေးသည် ယောက်ျားလေးပဲ ဖြစ်နေသည်။ယခု လောလောဆယ်တွင်တော့ စက်ရုံမှူး ဦးသိန်းငွေ ၏ စိတ်ထဲတွင် စက်ရုံကို ဖောက်ထွင်းသွားသည့် သူခိုးမိရေး ကိစ်္စသာဖြစ်သည်။ဖောက်ထွင်းခံရသည်မှာ နှစ်ပတ်ကျော်နေပြီ ဖြစ်သော်လည်း ယခုချိန်ထိ သဲလွန်စ မရသေး။ဧရာဝတီတိုင်းတွင်ရှိ သည်နယ်မြို့လေးတွင် နေလာခဲ့သည်မှာ ၁၁နှစ်ရှိပြီ။ဝန်ထမ်းဦးရေ များသော်လည်း ရောင့်ရဲတတ်ကြသည့်အောက်ငယ် သားများကြောင့် ခေါင်းလည်းသိပ်မခြောက်ခဲ့ရ။ယခုမှသာ.................။
အလတ်စား စက်ရုံဝန်းထဲတွင် စက်ရုံ အဆောက်အဦးကြီးများက ပုံစံတူ သုံးလုံးပြိုင်။အလယ်ရုံးတွင် စက်ရုံမှူးနဲ့ စာရေးစာချီတွေ ရုံးထိုင်ကြပြီး ၊ယာစွန်သည် ကရိုင်းသ စက်၊၀ရိန်ဆော် စက်၊တွင်ခုံနှင့် အလုပ်ရုံသုံး စက်ကြီးများ တည်ရှိရာ။စက်မှုကျွမ်းကျင် ၀န်ထမ်းအများစုက ထို အလုပ်ရုံတွင် ရုံးထိုင်ကြသည်။ဘယ်စွန် အလုပ်ရုံကြီးသည် လယ်ယာသုံးစက်ကရိယာ အပိုပစ်္စည်းများ ထားသိုရာ။ထို နေရာတွင်တော့ ရုံးထိုင်သည့် ၀န်ထမ်းက နှစ်ယောက်တည်း၊ စတိုမန်း (ှအသမန နြည) ၁နှင့် စတိုမန်း ၂။စက်ရုံဝန်ထမ်း များကတော့ သည် အလုပ်ရုံကြီးကို ဂိုထောင်ဟုပဲ ခေါ်ကြသည်။သည်နယ်ဝန်းကျင် တွင် ရှိကြသည့် တောင်သူ ဦးကြီးများအတွက် လယ်ယာသုံးစက်ကိရိယာများကို အလတ်စားစက်ပြင်အလုပ်ရုံကြီးက ရောင်းချပေးနေသည်။ဝယ်ယူခွင့် စာအုပ်များ လုပ်ပေးထားပြီး ၀ယ်ယူလိုသည့် လယ်ယာသုံး ပစ်္စည်းများကို စာအုပ်ထဲတွင် လျှောက်ထားရသည်။တောင်သူ တစ်ဦးအတွက် စာအုပ်၂အုပ် ထပ်ပိုင်ခွင့်ရှိသည်။စက်ရုံမှူး လက်မှတ်ပါမှ ဘယ်စွန် အလုပ်ရုံကြီးထဲက ပစ်္စည်းများကို စတိုမန်းများက ထုတ်ရောင်းပေးရသည်။
တောင်သူများလိုချင်သည့် ပစ်္စည်း အရည်အတွက်ထက် အစိုးရရောင်းပေးနိုင်သည့် အရေအတွက်က နည်းပါးနေသည်။ထိုအခါ အလတ်စားစက်ရုံကြီးထဲမှ ၀န်ထမ်းအချို့သည် တောင်သူ အတု အမည်များဖြင့် စာအုပ်ထပ်ပေးကြသည်။ရလာသည့် လယ်ယာသုံး ပစ်္စည်းများကို အပြင်ဈေးနှုန်းဖြင့် တောင်သူများက ပြန်ဝယ်ကြသည်။ဝန်ထမ်းများ၏ စီးပွားရေး ချောင်လည် ကြသဖြင့် စက်ရုံမှူးသည်လည်း မသိချင်ယောင်ဆောင် ခွင့်ပြုပေးထားသည်။သို့သော် ထိုကဲ့သို့ တောင်သူအတု လုပ်ပြီး စာအုပ်လျှောက်နိုင်ဖို့ကလည်း အရင်းအနှီး လိုသောကြောင့် ၀န်ထမ်းတိုင်းတော့ မလုပ်နိုင်ကြချေ။စက်ရုံမှ ထုတ်ပေးသည့် အချိန်တွင် ပစ်္စည်းများကို ထုတ်ထားရပြီး တောင်သူများ လိုအပ်သည့် အချိန်ကျမှ ထုတ်ရောင်းကြသည်။။ငွေရင်းနှီးထားနိုင်သည့် ၀န်ထမ်း အချို့သာ စီးပွားဖြစ်ကြသည်။အားလုံးထဲတွင်တော့ ကိုမောင်မောင်က အကြွယ်ဝဆုံး ၀န်ထမ်းဖြစ်သည်ဟု ပြောရမည်။ကိုမောင်မောင့် မိန်းမ မကြည်သည်လည်း မော်လမြိုင်ဘက်သို့ မှောင်ခို ကုန်ကူး သောကြောင့်ဖြစ် သည်။ထို အချိန်က မှောင်ခိုလုပ်ငန်းများကို ဖိဖိစီးစီး ဖမ်းနေသည့် အချိန် ဖြစ်သည်။သို့သော် မော်လမြိုင်သူဖြစ်သည့် မကြည်က ၊ပါးရည်နပ်ရည်လည်းရှိတော့ အဆင်ပြေသည်။အခေါက်ရေ နည်းတာကြောင့် လည်းဖြစ်နိုင်သည်။ စက်ရုံမှူးကတော့ ဘောင်အတွင်းမှ တင်ခွင့်ရှိသည့် စာအုပ်အရေအတွက်သာ လက်ခံ လက်မှတ်ထိုးပေးသည်။မည်သို့ပင်ဖြစ်စေ စက်ရုံဝန်းကြီးထဲမှာတော့ အရာရာသည် အသားကျ အဆင်ပြေပြေ လည်ပတ်နေခဲ့ဖူးသည်။
+++++++++++++++++++++++
သောကြာ တစ်နေ့ခင်းတွင် စက်ရုံမှူး ဦးသိန်းငွေ သည် ပစ်္စည်းများသိုလှောင်ထားရာ ဘယ်စွန် စက်ရုံကြီး ဘက်သို့ ရောက်လာခဲ့သည်။ဖရိုဖရဲ ပြန့်ကြဲနေသည့် ပစ်္စည်းအချို့ကို ကြည့်ရင်း အမှတ်တမဲ့ ပြောလိုက်သည်။
“မင်းတို့ စက်ပစ်္စည်းဂိုထောင်ကိုလည်း စစ်အုံးမှပါ၊စာရင်းတွေက အထွေအထူး ထပ်လုပ်စရာ မလိုတော့ဘူးမလား။လာမဲ့ တင်္နလာနေ့ ပဲစစ်မယ်။”
တင်္နလာနေ့ မနက် ၇နာရီခွဲတွင် စက်ရုံသံချောင်းခေါက်သည်၊၀န်ထမ်းများ တန်းစီ အပြီး သက်ဆိုင်ရာ အလုပ်ရုံအသီးသီးသို့ ပုံမှန်အတိုင်း အလုပ် ၀င်ကြသည်။ခဏအကြာတွင် စတိုမန်းနှစ်ယောက် သတင်းလာပို့သည်။
“ဆရာရေ ချိပ်ဖွင့်ပြီး ဂိုထောင် တံခါးဖွင့်လိုက်တော့ အလင်းရောင်ကို စူးကနဲ မြင်လိုက်ရတာနဲ့ ကြည့်လိုက်တော့ သံဇကာကွက် နေရာမှာ အပေါက်ကျယ်ကြီးကို တွေ့ရတယ်။အဲဒါ ဆရာ့ကို သတင်းလာပို့တာ”
“ဟေ ဘာပစ်္စည်းတွေ ပါသွားလဲ”
”မစစ်ရသေးဘူး ဆရာ တွေ့တွေ့ချင်း ဆရာ့ကို အရင်လာပြောတာ”
ဂိုထောင်ထဲ ရောက်သွားသည့်အချိန်တွင် စက်ပစ်္စည်းတစ်ချို့ ပြန့်ကြဲလျှက်။ထင်းရှုးသေတ်္တာ သုံးလေးပုံးက အဖုံး ပွင့်လျှက်သား။ရဲစခန်းကို အကြောင်းကြားခိုင်းလိုက်သည်။စခန်းမှူး ဦးသိန်းထွန်းသည် စက်ရုံးမှူး ဦးသိန်းငွေတို့အိမ်မှာ စားအိမ်သောက်အိမ်၊မိန်းမဖြစ်သူက ၀န်ထမ်းဖြစ်နေသောကြောင့် သူတာဝန်ကျရာ နယ်မြို့လေးသို့ လိုက်မနေနိုင်။မယ်တစ်ရွာ၊မောင်တစ်မြို့ ဇာတ်လမ်း။တစ်မြို့တစ်ရွာမှာ လာဆုံကြရင်း ခင်မင်လာကြသည့်အခါ မောင်နှမရင်းချာများလို ဖြစ်နေသည်။အခင်းဖြစ်သည့် ဂိုထောင်နေရာကို ဓာတ်ပုံရိုက်ကြသည်။ဂိုထောင်တံခါးသော့ကို လက်ဗွေယူရန် ကြည့်လိုက်စဉ် စတိုမန်းက သော့ဖြင့် ဖွင့်ဝင်ထားပြီး ဖြစ်သည်။နံရံ အ၀ါနုပေါ်တွင် အပေါ်ဘက်သို့ တွယ်တက်ထားဟန် ခြေရာ တစ်ပိုင်းတွေ့ရသည်။ခြေရာများက အားပြုထောက်ထားရာ ခြေချောင်း လေးချောင်း သာတွေ့ရပြီး ခြေသန်းနေရာတွင် လွတ်နေသည်။စခန်းမှူးသည် စက်ရုံမှူး အပါအ၀င် တာဝန်ရှိသည့် ၀န်ထမ်းအချို့ကို စစ်မေးသည်။
“ဦးသိန်းငွေတို့ ဒီဂိုထောင်က နေ့တိုင်း ချိပ်ပိတ်နေကျလား”
“ဟုတ်တယ် စခန်းမှူးကြီး ညနေတိုင်း ကျွန်တော်ရယ်၊စတိုမင်း နှစ်ယောက်ရယ်၊သုံးယောက်စလုံး စာရွက်ပေါ်မှာ လက်မှတ် ထိုးကြတယ်၊ပြီးရင် အဲဒီစာရွက်ကို သော့ဂလောက် အပေါက်မှာ ပတ်ပြီး ဂိုထောင်တံခါးကို ချိပ်ထိုးကြတယ်။အခုလည်း သောကြာနေ့ ညနေက အဲဒီလို လုပ်ခဲ့ပါတယ်။”
“အဲဒီတော့ ဒီနေ့မနက် တံခါးဖွင့်တော့ စက်ရုံမှူးကြီးရော ပါ ပါသလား”။
“မနက်ဖက်တွေ တံခါးဖွင့်ရင်တော့ ကျွန်တော် မပါဘူး ခင်ဗျ၊စတိုမန်း နှစ်ယောက်ဆုံတဲ့ အချိန်ကျမှ တံခါး ချိပ်ဖွင့်ကြတာ။
ညစောင့်များနှင့် သောကြာ၊စနေ၊တနင်္ဂနွေ ညတွေများတွင် ဂျူတီကျသည့် ၀န်ထမ်းများကို ခေါ်ပေးရန် စခန်းမှူးက တောင်းဆိုလိုက်သည်။
စတိုမန်းများကို လည်း ပျောက်သွားသည့် ပစ်္စည်းစာရင်းများ ပြုစုခိုင်းလိုက်သည်။ဝန်ထမ်းလိုင်းခန်းတွင် မနေထိုင်ကြသည့် ညစောင့်များအား မြို့ထဲသို့ လူလွှတ်ခေါ်ခိုင်းလိုက်သည်။တန်းစီးပြီးမှ ပြန်ကြသည့် ညစောင့်များလမ်းမှာပင် ရှိနေနိုင်သည်။ခေါ်ထားသည့် တာဝန်ကျ ၀န်ထမ်းများ ရောက်လာကြသည်။တာဝန်မှူးကြီး နှင့် တွဲဖက်တာဝန်မှူးတို့သည် ရုံးတွင် အိပ်လေ့ မရှိကြ။စက်ရုံဝန်းနှင့် ၀န်ထမ်းအိမ်ရာသည် နီးနေသည်က တစ်ကြောင်း၊ ညဘက် ကင်းစစ်ပြီးချိန်သည် သန်းခေါင်ယံအချိန် ဖြစ်သည်နေသည်က တစ်ကြောင်းတို့ကြောင့် ကိုယ့်အိမ် ကိုယ်ပြန်အိပ်ကြသည်။ခဏအကြာ ညစောင့် နှစ်ဦး ပြန်ရောက်လာသည်။ထူးထူးခြားခြား သူတို့သည် လည်း ဘာမှ သတိမထားမိကြ။လူစိမ်း အ၀င်အထွက်လည်း မရှိဟု ဆိုကြသည်။စက်ရုံဝန်းကြီး သည် ရှေ့ဘက်ပေါက်က ဟိုင်းဝေး ကားလမ်းမ။နောက်ဘက်ပေါက်မှာ ရပ်ကွက်ကြီး တစ်ခုရှိသည်။ရပ်ကွက်တွင် နေထိုင်သူများက လက်လုပ်လက်စားတွေများသည်။အိမ်ခြေများကလည်း ခပ်စိပ်စိပ်။အရေးအကြောင်းရှိလို့ လူတစ်ကိုယ် ဖြတ်ပြေးလျှင်တောင် အိမ်ကြိုအိမ်ကြားမှ မနည်းလွတ်အောင် ပြေးရမည်။ညနေ ၆နာရီမှ မနက် ၆နာရီအတွင်း စက်ရုံဝန်းအတွင်း အပြင်လူ ဖြတ်သန်းသွာလာခွင့် မရှိ။စက်ရုံဝန်း၏ ရှေ့ဘက်နှင့် နောက်ဘက် တံခါး နှစ်ချပ်ကို သော့ခတ်ပြီး ပိတ်လိုက်သည်နှင့် စက်ရုံဝန်းတစ်ခုလုံး လုံခြုံသွားပြီ။စက်ရုံဝန်း၏ ဘေးနှစ်တွင် တစ်ဖက်က ၀န်ထမ်းအိမ်ရာ တိုက်တန်းများက ပိတ်ထားပြီး နောက်တစ်ဖက်သည် အခြားဌာနတစ်ခု၏ စည်းရိုးနှင့် ကပ်လျှက်။ခြေရာများကို တစ်ခေါက်ထပ်ကြည့်သည် အပေါ်နံရံသို့ တွယ်တက်ရန် ထင်ရှုးသေတ်္တာပုံးများကို အသုံးပြုမှ ရမည်။ခြေရာများကို ကြည့်နေစဉ် ပျောက်ဆုံးသွားသည့် ပစ်္စည်းများ စာရင်းရောက်လာသည်။ပစ်္စည်းများ၏ အရွယ်ပမာဏကို စခန်းမှူးကြီး မခန့်မှန်းတတ်၊ဂိုထောင်ထဲတွင် ကျန်ရှိနေသေးသည့်
ပစ်္စည်းအချို့နှင့် တိုက်ကြည့်ရသည်။စခန်းမှူးကြီး အံ့သြသွားရသည်။
“စက်ရုံမှူးတို့ ပျောက်သွားတဲ့ ပစ်္စည်းတွေက လှည်းနဲ့တိုက်ထုတ်ရင် လှည်းလေးစီး တိုက်စာလောက်ရှိတယ်ဗျ။ ကားနဲ့သယ်ရင်တောင် တစ်စီး၊တစ်ခေါက်နဲ့ မရဘူး။ပြီးတော့ ၀န်ထမ်းအိမ်ရာရှေ့က ဖြတ်မောင်းရမှာ စက်ရုံရဲ့ မိန်းတံခါးမကြီး တစ်ခုခုကိုလည်း ဖြတ်ရမှာ။နောက်ပေါက်က ထွက်ရင် ဗောဓီကုန်း ရပ်ကွက်ကြီး ရှိတယ်။ဂိုထောင်ထဲက သယ်ထုတ်သွားပြီးရင် ရှေ့ဘက်တံခါးက ထွက်မှ ရမယ်။ဒါပေမဲ့ တစ်ညတည်း သယ်လို့ မဖြစ်နိုင်ပြန်ဘူး။ပြီးတော့ စဉ်းစားကြည့်တာ တာဝန်မှူးတွေက ညသန်းခေါင်ထိ ကင်းစစ်လေ့ ရှိတယ်ဆိုတော့ မနက်ပိုင်း တစ်ပိုင်းပဲ လှုပ်ရှားချိန်ရှိမယ်။အစောင့် ကင်းတဲကိုလည်း ဖြတ်ရအုံးမယ်ဆိုတော့ ..................။”
ဂိုထောင်တစ်ခုလုံး ငြိမ်သက်၍ စခန်းမှူးကြီး၏ သုံးသပ်ချက်ကို နားထောင်နေကြသည်။နောက်ဆုံးတော့ စက်ရုံမှူးအပါအ၀င် တာဝန်ရှိ ၀န်ထမ်းအချို့ ရဲစခန်းသို့ လိုက်သွားရတော့သည်။စစ်ဆေးမှုများ အနည်းငယ် ဆက်လုပ်ပြီး ညစောင့်ဝန်ထမ်း နှစ်ဦးကို ထိန်းသိမ်းထားလိုက်သည်။စက်ရုံမှူး၊စတိုးမန်း နှစ်ယောက်နှင့် ဂျူတီကျ ၀န်ထမ်းများသည် အမှုမှန် မပေါ်ပေါက်မချင်း ညအိပ် ညနေ ခရီးထွက်ခွင့်မရှိ။အရေးကြီး ကိစ်္စပေါ်ခဲ့လျှင် စခန်းကို အကြောင်းကြားပေးရမည် ဖြစ်သည်။ဝန်ထမ်းများအားလည်း မင်္သကာစရာ သဲလွန်စ တွေ့ရှိခဲ့လျှင် စခန်းသို့ ချက်ချင်း အကြောင်းကြားပေးရန် မှာကြားထားသည်။စက်ရုံမှူးသည် မိခင်ဌာန ရုံးချူပ်သို့ ကြေးနန်းဖြင့် သတင်းပို့သည်။နောက်တစ်နေ့ မနက် အစောကြီးတွင် စီမံဌာနမှ ညွှန်မှူးတို့အဖွဲ့ ရောက်ချလာတော့သည်။
”ဦးသိန်းငွေရာ စိတ်မကောင်းလိုက်တာ၊သောကြာနေ့ ညနေက ဒါတာရိုက်ဘုတ်အဖွဲ့ အစည်းအဝေးထိုင်ကြတယ်။ဒီတစ်ခေါက် ရာထူးတိုးပေးဖို့ ရွေးချယ်တဲ့အထဲ ခင်ဗျားနံမည်က ထိပ်ဆုံးက ပါတာ၊ညွှန်/ချုပ် လက်မှတ်ထိုးပြီးသွားပြီ။အော်တာထွက်ဖို့ပဲ ကျန်တော့တယ်။မနေ့က နေ့လည်မှာ ခင်ဗျား ဆီက ကြေးနန်း ၀င်လာတော့တာပဲ။အော်တာထွက်ဖို့ ခဏဆိုင်းငံ့ထားကြတယ်။”
စီမံညွှန်မှူး ဦးကြီးညွှန့် တို့ အဖွဲ့သည် ဂိုထောင်ဆီသို့ သွားကြသည်။ညွှန်မှူးတို့အဖွဲ့ ကတော့ ပျောက်ဆုံးနေသည့် ပစ်္စည်းစာရင်းများကို မြင်မြင်ချင်း ခန့်မှန်းတတ်ကြသည်။
”“ဒီလောက်များတဲ့ ပစ်္စည်းတွေကို ဂိုထောင်ဖောက်ပြီး သယ်ထုတ်သွားဖို့ဆိုတာ မလွယ်ဘူးနော်။ပြီးတော့ ညှပ်ထားတဲ့ သံဇကာကွက်ကလည်း သိပ်မကျယ်ပါလား။”
“သံဇကာကွက်တွေရဲ့ အမြင့် ဘယ်လောက်ရှိလဲဗျ ဦးသိန်းငွေ”
“နှစ်ပေ အမြင့်ရှိပါတယ် ညွှန်မှူး”
“ကိုက်ညှပ်ထားတဲ့ အကျယ်ကရော၊မနေ့က ရဲတွေ တိုင်းသွားကြလား။”
“တိုင်းသွားကြပါတယ်။၄၄ လက်မ ဆိုတော့ သုံးပေခွဲကျော်ကျော်လောက်ရှိမယ် ညွှန်မှူး”
ညွှန်မှူး ဦးကြီးငွေသည် ဂိုထောင်ထဲလှည့်ပတ်ကြည့်ရင်း စတိုမန်း ၁ ကိုသန်းတင်ကို လှမ်းကြည့်လိုက်သည်။
“ဂိုထောင် အဖောက်ခံရပြီဆိုတာကို မင်း ဘယ်လို သတိထားမိတာလဲ” “ဂိုထောင်တံခါး ဖွင့်လိုက်တော့ အလင်းရောင် ပိုရနေလို့ လှမ်းကြည့်လိုက်တော့ သံဇကာ အပေါက်ကိုတွေ့လို့ သတိထားမိတာ”။
“ဒီတံခါးကို မဖွင့်သေးဘဲ သတိထားမိတာလား”
ညွှန်မှူးက အတွင်းတံခါး ဘောင်ကို ကိုင်ပြရင်း ထပ်မေးသည်။ဂိုထောင်၏ ဖွဲ့စည်းပုံသည် နောက်ဘက်တွင် တစ်ကန့် အခန်းဖွဲ့ထားသည်။အောက်ပိုင်းကို သစ်သားကာပြီး အပေါ်ပိုင်းတစ်ဝက်ကို သံဇကာများ တပ်ထားသည်။ထို အခန်းကို ချိပ်မထိုးသော်လည်း သော့ခတ်ထားသည်။ရှေ့ဘက်ပိုင်းတွင် စတိုမန်းနှစ်ဦးထိုင်ရန် စားပွဲနှစ်လုံးရှိသည်။
“ ဟုတ်ကဲ့ . . .အတွင်းခန်း တံခါးမဖွင့်သေးဘဲ စက်ရုံမှူးကို အကြောင်းကြားတာပါ“
“ကိုသန်းတင်က မျက်စိအားတော်တော်ကောင်းတာပဲ အစကတည်းက သံဇကာ နေရာက အလင်းပိတ်မှ မဟုတ်တာ။ကျွန်တော့် မျက်စိဆို အဲဒီအလင်းရောင်ကို ထူးပြီး သတိထားမိမှာ မဟုတ်ဘူး”။
“ဟုတ်သားပဲ သံဇကာတွေ တပ်ထားတာ အစကတည်းက အလင်းရောင် ရဖို့ပဲ။ကိုသန်းတင် ဘာကြောင့် အလင်းရောင်ကို သတိထားမိတယ် ပြောရတာလဲ”။သံသယအတွေးတစ်ချို့ ခေါင်းထဲဝင်လာသော်လည်း စက်ရုံမှူးကတော့ စိတ်ထဲမှပင် ရေရွတ်လိုက်သည်။
ညွှန်မှူး ဦးကြီးညွှန့် ဦးဆောင်သည့် ရုံးချုပ်မှ စစ်ဆေးအဖွဲ့အား မြို့ထဲရှိ တည်းခိုခန်းတစ်ခုတွင် နေရာချပေးပြီး အပြန်တွင် ဒုရဲအုပ် ကိုထွေးလေး က စက်ရုံမှူး အိမ်တွင် ရောက်နေပြီ။
“စက်ရုံမှူးကြီးခင်ဗျား စခန်းမှူးလွတ်လိုက်လို့ပါ” “ဟုတ်ကဲ့ ကျွန်တော် ဘာလုပ်ပေးရမလဲ”
“နေ့လည်က စခန်းကို ၀န်ထမ်းတစ်ယောက် သတင်းလာပို့ပါတယ်။ဒီစက်ရုံဝန်းထဲက ၀န်ထမ်းတစ်ယောက် အိမ်မှာ ပျောက်သွားတဲ့ ပစ်္စည်းနဲ့ အမျိုးအစား တူတွေ တော်တော်များများ ရှိနေတယ်လို့ ဆိုပါတယ်။ဒါကြောင့် ကျွန်တော်တို့ ရှာဖွေပုံစံလည်း ပါလာ ပါတယ်။အဲဒီအိမ်ကို ၀င်ရှာဖို့ စက်ရုံမှူးကို စောင့်နေ တာပါ။”
“ဘယ်သူ့ အိမ်များလဲ ခင်ဗျာ”
“စက်ကျွမ်း -၃ ကိုမောင်မောင် အိမ်ပါ”
ဟုတ်သည်ပဲ ကိုမောင်မောင်အိမ်တွင် ပျောက်သွားသည့် ပစ်္စည်းများနှင့်ပုံစံတူ ပစ်္စည်းများ အများကြီးရှိနေနိုင်သည်။ကိုမောင်မောင်အိမ်ကို ရှာဖွေခွင့်ပေးလိုက်ရသည်။သိပ် မကျယ်ဝန်းသည့် ၀န်ထမ်းလိုင်းခန်းတွင် ရှာဖွေချိန်က နာရီဝက်တောင် မကြာချင်။ပစ်္စည်းတွေနှင့်အတူ ကိုမောင်မောင်ကိုပါ စခန်းသို့ ခေါ်သွားကြတော့သည်။ကိုမောင်မောင့် ဇနီး မကြည် ငိုပြီး စက်ရုံမှူးအိမ်ရောက်ချလာသည်။
“ဆရာရယ် ကယ်ပါအုံး၊ကိုမောင်မောင် ရိုးသားတာ ဆရာ အသိဆုံးပါနော်။ကျွန်မတို့ ရိုးရိုးသားသား ရှာဖွေထားတာပါ။”
“ကျွန်တော်သိရုံနဲ့ မရဘူး မကြည် --ခဏစောင့်ကြည့်ပါ။အမှန်အတိုင်းဖြစ်ရမှာပါ။အခုလောလောဆယ်တော့ တရားခံ မတွေ့မချင်း သံသယရှိတဲ့သူတွေကို ခေါ်ယူစစ်ဆေးခွင့် ရှိနေတယ်။”
လိုင်းခန်းထဲမှ ၀န်ထမ်းအချို့ ခေါင်းပြူထွက်ကြည့်ကြသော်လည်း အသံများ တိတ်နေကြသည်။ဝန်ထမ်းကလေးများ ၄၀ ကျော်ရှိသည့် အလတ်စားဝန်းထဲ တွင်အမြဲတမ်းလိုလို ပြေးလွှား ဆော့ကစားသံများက ဆူညံနေခဲ့သည်။ယခုချိန်က စလို့များ သည်အသံတွေ တိတ်သွားတော့မှာလားဟု တွေးရင်း----စက်ရုံမှူး ဦးသိန်းငွေ သက်ပြင်းကို သာသာ ချလိုက်မိသည်။
++++++++++++++++++++++++++++
နောက်တစ်နေ့ မနက် တည်းခိုခန်းတွင် ညွှန်မှူးတို့ကို သွားကြိုရင်း ကိုမောင်မောင့် အကြောင်း ပြောပြရသည်။
“အေးဗျ ၀န်ထမ်း တစ်ယောက်အိမ်မှာ လယ်ယာသုံး စက်ပစ်္စည်းတွေ ရှိ မနေရဘူးဆိုတဲ့ ၀န်ထမ်း ဥပဒေကလည်း ရှိနေတယ်။ဖောက်ထွင်းမှုနဲ့ မပတ်သက်ရင်တောင် ၀န်ထမ်းဥပဒေနဲ့ ငြိစွန်း နေပြီ”။ “ကျွန်တော်လည်း သိပါတယ် ညွှန်မှူး။ဒါပေမဲ့ နယ်က ၀န်ထမ်းတွေ မပြေလည်ကြတော့ နည်းနည်းပါးပါး ခွင့်ပြုပေးထားတာ။ကိုမောင်မောင်ကတော့ စီးပွားဖြစ် လုပ်သလို ဖြစ်နေလို့ ကျွန်တော် မကြာခဏ သတိပေးထားပါတယ်။”
“ကိုမောင်မောင်က ရိုးတော့ ရိုးသားပါတယ် ညွှန်မှူး။ကျွန်တော်နဲ့ လက်တွဲ အလုပ်လုပ်လာတာ ခြောက်နှစ်လောက်ရှိပြီ။သူတို့ လင်မယား မော်လမြိုင်က ပြောင်းလာခါစတုန်းက သူ့မိန်းမ မကြည်က နေ့လည်ဘက်မှာ အရင်စက်ရုံဝန်းဟောင်း အနောက်ဘက်တောထဲက မျှစ်ချိုးပြီးရောင်းတယ်။မုန့်ဖက်ထုပ် ထုပ် ပေးထားတယ်။ညဘက်တွေမှာ ကိုမောင်မောင်က ဆိုက်ကားထွက်နင်းရင်း မုန့်ဖက်ထုပ်ရောင်းတယ်။”
“အေးဗျာ ၀န်ထမ်းတွေကလည်း -------အခုတော့ ဦးသိန်းငွေမှာ တာဝန်ရှိနေပြီ၊”
မနက်စာ ကျွေးပြီး ညွှန်မှူးတို့ကို စခန်းမှူးနှင့် တွေ့ဖို့ခေါ်သွားလိုက်သည်။
“စခန်းမှူးကြီးကို ကျေးဇူးတင်ပါတယ်“ညွှန်မှူးရဲ့ နှုတ်ခွန်းဆက် စကားအဆုံး
“ဟာ ကျေးဇူးမတင်ပါနဲ့ ကျွန်တော် စိတ်တော်တော်ရှုပ်တယ်။ဦးသိန်းငွေ ဆိုတာက ကျွန်တော်နဲ့ ညီအစ်ကိုလို နေလာတာ သူ့ကိုယ်ကျင့်တရားကို ယုံပြီးသား။တစ်ဖက်ကလည်း တာဝန်အရ လုပ်ရမှာတွေ ရှိနေတယ်။ဒီနေ့ပဲ သူ့ဝန်ထမ်း တစ်ယောက်ကို ချုပ်ထားလိုက်ရတယ်။စစ်ဆေးစရာ ရှိတာ စစ်ဆေးရအုံးမယ် ညွှန်မှူးတို့ ဘယ်နှစ်ရက်နေမှာလဲ”။
“ ကျွန်တော်တို့ မနက်ဖန် ပြန်ရမှာ ရုံးချုပ်ကို ရီပို့ တင်ပြီး ကျန်တာတော့ ညွှန်ချုပ် ဆက်ညွှန်ကြားမှာပေါ့”။
“ဒါဆို ဘာမှ ကျွန်တော် ပြောလိုက်နိုင်မှာ မဟုတ်သေးဘူး။”
ဦးသိန်းထွန်း ပြောတာ ဖြစ်နိုင်သည်။သဲလွန်စ ဘယ်က တွေ့နိုင်ပါ့။ဝန်ထမ်းသက်တမ်း တစ်လျှောက် အလုပ်ပင် ပန်းခဲ့သော်လည်း အမှုရယ်လို့ ကြီးကြီးမားမား မကြုံခဲ့ဖူး။နောက်တစ်ကြိမ် ထပ်ကြည့်သော်လည်း အခင်းဖြစ်သည့် နေရာက သိပ်များများစားစား ကြည့်စရာ မရှိ။မကြည်ကတော့ ညွှန်မှူးကို လာတွေ့ပြီး ငိုနေပြန်သည်၊ သူ့ယောက်ျား ကို နှိပ်စက်ပြီး မေးကြမှာလားဟု တွေးပြီး ကြောက်နေသည်။နောက်တစ်နေ့ မနက်စောစော ညွှန်မှူးတို့အဖွဲ့ ပြန်သွားကြသည်။မှတ်တမ်းမှတ်ရာ များနှင့် ဓာတ်ပုံအချို့ ယူသွားကြသည်။နေ့လည် ဦးသိန်းထွန်း ဆီ တစ်ခေါက်ထပ်သွားတော့ ကိုမောင်မောင့်ကို အာမခံနဲ့လွတ်ပေးလိုက်သည်။အမှူကိုလည်း တရားရုံးကို တင် လိုက်ပြီဟု ပြောသည်။စတိုမန်း နှစ်ယောက်ကိုလည်း တစ်ယောက်ချင်းစီ ခွဲ၍ ခေါ်စစ်ထားသည်ဟု စခန်းမှူးပြော သည်။စက်ရုံဝန်းထဲမှာလည်း ပုံမှန် တန်းစီ၊ရုံးတက် ရုံးဆင်း လုပ်နေကြသော်လည်း အားလုံးက မျက်နှာမကောင်းကြ။ကိုမောင်မောင်လွတ်လာပြီး နှစ်ရက်မြောက်နေ့။နေ့လည် ထမင်းစားဆင်းချိန် ဒုရဲအုပ် ကိုထွေးလေး ရောက်လာပြန်သည်။
“စက်ရုံမှူးခင်ဗျား စက်ကျွမ်း ၄ ကိုကြည်ဝင်းကို စစ်ဆေးခွင့်ပြုပါ”။
“ဘာကြောင့်လဲ ခင်ဗျ”
“ကိုကြည်ဝင်းရဲ့ ကိုယ်ပေါ်မှာ မင်္သကာစရာ ခြစ်ရာ၊အစင်းရာတွေကို တွေ့ရှိရတယ်လို့ အကြောင်းကြား လာပါတယ်။”
ကိုကြည်ဝင်းသည် ယာစွန် အလုပ်ရုံထဲတွင် ကရိုင်းသနေသည်။ကိုကြည်ဝင်း ကိုယ်ပေါ်က အဆင်းရာများကို ရဲစခန်းက ဘယ်လို သိနိုင်သည်လဲ။စက်ရုံမှူးသည် ဒုရဲအုပ် ကိုထွေးလေးကို စကားမပြန်သေးဘဲ စဉ်းစား နေသည်။ဝန်ထမ်းလိုင်း တိုက်ခန်းတွေ၏ ဖွဲ့စည်းပုံသည် နှစ်ခန်းတစ်တွဲ။နောက်ဘက် ရေဘုံပိုင်တွေက ကပ်လျှက်။ပန်းကန်ဆေး၊ရေချိုးကြလျှင် တစ်ယောက်နှင့် တစ်ယောက်က အနီးကပ်မြင်နေရသည်။တစ်ချို့ နှစ်ခန်းတွဲများ ကတော့ အလယ်တွင် ၀ါးခြံစည်းရိုးကာထားကြသည်။သို့သော် မြင်တော့နေရသည်။ဒါ့ပြင်နှစ်ခန်းတွဲ တစ်ချို့က ၀န်ထမ်းမိသားစုချင်း မတည့်ကြတာ၊စကားများထားဖူးကြတာတွေ ရှိကြသေးသည်။ ကိုကြည်ဝင်းနှင့် နှစ်ခန်းတွဲ အတူနေသည်က စက်ကျွမ်း ၃ ကိုသောင်း။စက်ရုံထဲတွင် ကိုသောင်း နှစ်ယောက်ရှိသောကြောင့် ပဒေါင်းဒေသမှ ပြောင်းလာသည့် သူ့ကို ပဒေါင်းသောင်းလို့ ခေါ်ကြသည်။ကိုကြည်ဝင်းသမီး ရေချိုးနေတုန်း ပဒေါင်းသောင်း သားက ချောင်းကြည့်ပါသည် ဆိုပြီး အမေချင်း စကားများရန်ဖြစ်ကြရင်း အဖေတွေပါသည်ထိ ဖြစ်ခဲ့ဖူးသည်။သည်ကိစ်္စပြီး ကတည်းက ယောက်ျားချင်းပါ ခပ်တန်းတန်း နေလာကြသည်။ကိုကြည်ဝင်းကိုယ်ပေါ်က အစင်းရာ အကြောင်း အနီးစပ်ဆုံး သတင်းပေး ဖြစ်နိုင်သည်မှာ ပဒေါင်းသောင်းပင် ရှိသည်။သည်လို ဆိုလျှင် ၀န်ထမ်းများ ကိုယ့် အချင်းချင်း ချောက်ချ ကုန်ကြပြီလား။
“ဟုတ်ပြီ ကိုထွေးလေး ခဏထိုင်အုံး။ကိုကြည်ဝင်းကို ခေါ်ခိုင်းလိုက်မယ်”
“ကိုကြည်ဝင်း မလာခင် ဂိုထောင်က သံဇကာကွက်ကို ထပ်ကြည့်ချင်ပါသေးတယ်၊စခန်းမှူးကြီးက မှာလိုက်လို့ပါ။”
ကိုထွေးလေး က ဓာတ်ပုံတွေ လိုက်ရိုက်နေသည်။
“အံ့သြစရာနော် စက်ရုံမှူး ဒီလောက်များတဲ့ ပစ်္စည်းတွေကို ဖြတ်စ မပျက် ဘယ်လို သယ်ထုတ်သွားလဲ မသိဘူး၊ပစ်္စည်းတွေ သယ်ထုတ်ရင်းနဲ့ အနည်းဆုံးတော့ ဖိမိမှာပဲ။အခုတော့ ဖြတ်ထားတဲ့အတိုင်း ပုံစံမပျက် ထောင်လျှက်လေးတွေ--------”။
ကိုထွေးလေး စကားကြောင့် စက်ရုံမှူး စိတ်ကူးထဲတွင် ကွင်းဆက်များကို လိုက်ချိတ်ကြည့်နေမိသည်။ကိုထွေးလေး စိတ်ကျေနပ် သလောက်ကြည့်ပြီးတော့ အလယ်ရုံးဘက်ကို ပြန်လာကြသည်။
“ကိုကြည်ဝင်းရေ စိတ်တော့ မရှိပါနဲ့ဗျာ၊ကျွန်တော်တို့က တာဝန်အရ စစ်ရမှာပါ။သတင်းပို့ထားတဲ့သူကလည်း ရှိနေတော့ လာမစစ်လို့ မဖြစ်ဘူး။ဒီရက်ပိုင်းတွေတော့ ရသမျှ သတင်း သဲလွန်စ အကုန်လိုက်နေရတာပဲ။” “ကျုပ်ကို ဘာစစ် စရာရှိလို့လဲ”
ကိုကြည်ဝင်း ဘုတောသည့် လေသံနှင့် တုန့်ပြန်သည်။ပျောက်သည့် ပစ်္စည်းများနှင့် ကိုကြည်ဝင်းက တော်တော်ဝေးသည်။တချို့ပစ်္စည်းများဆို သေချာတောင် မြင်ဖူးတာ မဟုတ်။တောင်သူအတု စာအုပ်ဆိုတာလည်း သူတစ်ခါမှ မထပ်ဘူး။အပြင်က လာအပ်ကြသည့် ကရိုင်းသလို့ ရသည့် ၀င်ငွေကို စက်ရုံမှူးက သူ့အားကော်မရှင် သဘောမျိုးပေးထားသည်။အပြင်ဝင်ငွေ အဖြစ်ကတော့ ညနေ ရုံးဆင်းပြီးသွားလျှင် ကွင်းလျားကြီးဘက်မှာ ကွန်သွားပစ်သည်။နေ့တိုင်းအတွက် ငါး ဟင်းစားရသည်။ငါးကြီး ငါးကောင်း မိသည့် အခါများဆို ကိုကြည်ဝင်း မိန်းမ မခင်လှက ဈေးမှာ သွားသွင်းပေးသည်။သို့အတွက်ကြောင့် ၀န်ထမ်းလိုင်းခန်းထဲတွင် ကိုကြည်ဝင်း မိသားစုတွေက အူစိုသည်။ငယ်စဉ်ကတည်းက တံငါအလုပ် နှင့် အကျွမ်းဝင်လာပြီး ၀န်ထမ်းဘ၀ရောက်လာတော့လည်း ၀ါသနာက မစွန့်လွတ်နိုင်။ကိုကြည်ဝင်းအိမ်တွင် တံငါနှင့် ပတ်သက်သည့် ပစ်္စည်းတော့ အစုံရှိသည်။ပိုက်ကွန်၊ခဲ၊ငါးမျှားတံ။ဖော့လုံးများ။
“စစ်ရမှာကတော့ အင်္ကျီခဏ ချွတ်ပြ ပေးပါ။ကိုကြည်ဝင်း ကိုယ်ပေါ်မှာ သံသယဖြစ်စရာ ခြစ်ရာ၊အစင်းရာတွေ ပေါ်နေတယ်လို့ ကြားထားရလို့ပါ။ “
“ဟုတ်တယ်ဗျ ကျုပ်လည်း ဒီမနက် ရေချိုးတော့မှ သတိထားမိတာ။ဘာလို့ ကျုပ်ကိုယ်ပေါ်မှာ အစင်းရာ ခြစ်ရာတွေ ပေါ်လာရတာလဲမသိဘူး။မိန်းမကိုတောင် ပြော မပြရသေးဘူး ခင်ဗျားတို့ ရဲစခန်းက ဘယ်လို သိနေတာလဲ။”
ဒုရဲအုပ် ကိုထွေးလေး ဘာမှ မပြောဘဲ ကိုကြည်ဝင်း ကိုယ်ပေါ်က ခြစ်ရာ၊စင်းရာတွေကို သေချာကြည့်နေသည်။ရင်ဘက်နှင့် ကျော တစ်ခုလုံးတွင် အစင်းရာတွေ အများကြီးရှိနေသည်။တချို့ ခြစ်ရာတွေက ဖောင်းနေသည်။
“ဒီရက်ထဲ ကိုကြည်ဝင်း ဘာတွေသွားသေးလဲ”။
“ဘယ်မှ မသွားမိပါဘူး”။ခပ်လေးလေး လေသံနဲ့ ကိုကြည်ဝင်း ဖြေသည်။
“စက်ရုံမှူးကြီး ကျွန်တော် ကိုကြည်ဝင်းကို စခန်းခဏခေါ်သွားမယ်”
“ဘာလဲ ကျုပ်ကို မသင်္ကာတာလား၊ဂိုထောင်ဖောက်ခံရတာပဲ တစ်ပတ်ကျော်နေပြီ။ကျုပ် ဟုတ်ခဲ့ရင်တောင် ဒီအစင်းရာတွေ ကျန်ပါ့အုံးမလားဗျ။”
“ကျွန်တော်တို့လည်း တာဝန်အရပါ ကိုကြည်ဝင်းရယ် စခန်းရောက်ပြီး စခန်းမှူးကြီး စစ်ဆေးပြီးရင် ပြန်လွတ်ပေးမှာပါ“။
ကိုကြည်ဝင်း ပဒေါင်းသောင်း ရှိရာဘက်လှည့်ပြီး တစ်ခွန်းအော်ရင်း ကိုထွေးလေးနှင့် လိုက်သွားသည်။
“ဟို ခွေးမသားပဲ နေမှာ”
ဝန်ထမ်းလိုင်းခန်းရှေ့မှ ဖြတ်သွားတော့ မခင်လှကို အကျိုးအကြောင်း ခဏ၀င်ပြောသည်။
“အောင်မလေး ဘာတွေ ဖြစ်ကုန်တာလဲ စက်ရုံမှူးကြီးရဲ့ ဒီအမှု မပေါ်မချင်း မသင်္ကာတိုင်း ဆွဲနေတော့မှာလား။ခင်လှတို့က ပါဏာတိပါတာကံသာ ကျူးလွန်ချင် ကျူးလွန်မယ်၊အန်္ဒိနဒါနာ ကံတော့ တစ်ခါမှ မကျူးလွန်ခဲ့ပါဘူးတော်”။
မျောက်ရှုံးလောက် အောင် ဆော့ခဲ့ဖူးကြသည့် ၀န်ထမ်းများ၏ သားများ။ဝါးတော လေတိုက် ဆူဆူညံ အော်ဟစ် စကားပြောခဲ့ကြသည့် ၀န်းထမ်းများ၏ သမီးပျိုတွေ။သည်ကလေး အယောက် လေးဆယ်ကျော် သည် ဘယ် လူကြီးမှ မဟန့်တားရပါဘဲ အလိုက်တသိ တိတ်ဆိတ်လို့ နေကြသည်။
++++++++++++++++++++++++++++
ကိုကြည်ဝင်းသည် စခန်းမှူးကြီး စစ်ဆေးသည့် အချိန်ကျမှ သတိရသည်။သူ တစ်နေ့က နေ့လည်ဘက် ထမင်းစားချိန် တွင် အလုပ်ရုံအနောက်ဘက် ရေကန်ဟောင်းကြီး ထဲမှာ ကွန်သွားဆွဲခဲ့သည်။ “”ကန်ဟောင်းက ရေနက်တော့ ကြောက်ကြတယ်၊တော်ရုံလူ မဆင်းရဲကြဘူး။စက်ရုံမှူးကလည်း ကလေးတွေကို ကန်နား မသွားဖို့ စည်းကမ်းထုတ်ထားတယ်။ပြီးခဲ့တစ်ပတ် ဂျူတီကျတဲ့ ညက ရုံးဝန်းကြီးထဲတစ်ပတ် ပတ်လိုက်စစ်ရင်း ကန်ကြီးဘက်ရောက်တော့ လရောင်အောက်မှာ ငါးတွေမြူးပြီး ခုန်နေတာ တွေ့ကတည်းက ကွန်ပစ်ချင်နေခဲ့တာ။တစ်ကယ် ပစ်တော့လည်း အများကြီး ရခဲ့တယ်။“”
မခင်လှတောင် ဈေးသွား သွင်းလိုက်ရသေး။ကန်ဟောင်းကြီးက သန့်ရှင်းရေး မလုပ်တာ ကြာနေတော့ ဒိုက်တွေ အများကြီးပဲ။ကန်ထဲမှာ နေတုန်းကတော့ သတိမထားမိပေမဲ့ အိမ်ပြန်ရောက်လို့ ရေချိုးတော့ တစ်ကိုယ်လုံးစပ်လိုက်တာ။ဒိုက်ရှ ခဲ့တာ နေမှာ။“”
“ကိုကြည်ဝင်း ပြောသလို ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ စခန်းက ရဲဘော်တစ်ယောက်ကို ကန်ထဲဆင်းပြီး စမ်းခိုင်းကြည့်လိုက်မယ်၊အခုလောလောဆယ်တော့ အဖြေ မပေါ်သေးခင် စခန်းမှာပဲ နေပါအုံး”။
“ဟုတ်ကဲ့ ခင်ဗျ”
ကိုကြည်ဝင်း ဒီစကားမှ တစ်ပါး အခြားမပြောတတ်တော့။စမ်းသပ် ကူးခိုင်းလိုက်မည့် ရဲဘော် ဒိုက်ရှ ပါစေဟု သာဆုတောင်း ရတော့မည်။ကိုယ့်တုန်း က ရှခဲ့ပြီး ၊သူ့ ကျမှ မရှတော့လျှင် ကိုကြည်ဝင်းတော့ ဒုက်္ခ။ကန်ရေသည် ကျယ်လည်းကျယ်၊ရေ လည်း နက်ပုံရ၏။ဒါကြောင့်ပဲ ရေကူးချန်ပီယံ မြ၀င်းကို ရွေးခေါ်ခဲ့ရခြင်းဖြစ်သည်။
“မြ၀င်းရေ ကန်ထောင့် အစပ်တွေထိ ရောက်အောင် ကူးကွာ၊ကိုကြည်ဝင်းက ကန်ထဲမှာ နေ့တစ်ပိုင်းလောက် နေခဲ့တာ ဆိုတော့၊မင်းလည်း ကူးလိုက် နားလိုက် လုပ်ပြီး နာရီဝက်လောက်တော့ နေကြည့်မှ ရမယ်။”
စက်ရုံမှူးနှင့် ၀န်ထမ်းများသည်လည်း ကန်ဘောင် အပြည့် လာကြည့်နေကြသည်။အကြောင်းအရင်းသည် စခန်းမှူးက ရေကန်အောက်ကို ရှာခိုင်းလိုက် ၍ မျှော်လင့်ချက်များနှင့် စောင့်ကြည့်နေကြသည်။ပျောက်ဆုံး သွားသည့် ပစ်္စည်းများ ရေကန်အောက်တွင် ဖွက်ထားနိုင်သည်ဟု ယူဆ၍ ဖြစ်သည်။နာရီဝက်ကြာ ရေထဲ ဆင်းပြီးနောက် ရဲဘော် မြ၀င်း ပြန်တက်လာသည်။ဝန်ထမ်းများ အားလုံးက ရဲဘော် မြ၀င်း ကိုယ်ပေါ်တွင် အစင်းရာများ ပေါ်လာပြီးလားဟု စိတ်ဝင်တစား ကြည့်နေကြသည်။ “ကိုကြည်ဝင်း တုန်းကတော့ နောက်တစ်နေ့မှ အစင်းရာ ပေါ်လာတယ် ဆိုတော့ ကျွန်တော်တို့ မြ၀င်းကို မနက်ဖန်ထိ စောင့်ကြည့်ရအုံးမယ် စက်ရုံမှူး”။
“အေးဗျာ တာဝန်ရှိသလို သာ လုပ်ပါ။ကျွန်တော်လည်း ဘာလုပ်ပေးရမှန်းတောင် မသိတော့ဘူး”။
စက်ရုံမှူး ဦးသိန်းငွေ ဘာလုပ်ရမှန်း မသိသော်လည်း သူ့၏ မိခင်ဌာန ရုံးချုပ်ကတော့ ဘာလုပ်ရမှန်း သိသည်။
စက်ရုံမှူးနှင့် ၀န်ထမ်းများ အလုပ်ရုံထဲ ပြန်ရောက်ချိန်တွင် စာတိုက် ၀န်ထမ်းလေး ကြေးနန်း တစ်စောင် လာပို့သည်။ ၀န်ထမ်းအများရှေ့မှာပင် ဦးသိန်းငွေ ဖွင့်ဖတ်လိုက်သည်။ထို့နောက် ခပ်ယဲ့ယဲ့ တစ်ချက် ပြုံးလိုက်မိသည်။
“ရုံးချုပ်က လာတဲ့ ကြေးနန်းစာပါ။ကျွန်တော့်ကို တာဝန်ပေါ့လျှော့မှုနဲ့ ရာထူးနဲ့နှစ်တိုး လေးနှစ်ပိတ်လိုက် ကြောင်း အကြောင်းကြားတာပါ”။
ကိုယ့်တစ်ယောက်တည်း အတွက်နှင့်တော့ ရာထူးတိုးခြင်း မတိုးခြင်း၊နှစ်တိုး ပိတ်ခြင်း၊မပိတ်ခြင်းကို ဘယ်လို မှ မခံစားရပါ။ခံစားနေရသည် က တရားခံ အစစ် မတွေ့နိုင်သေးဘဲ အပြစ်မရှိသည့် ၀န်ထမ်းများ တစ်ယောက်ပြီး တစ်ယောက် စခန်း အခေါ်သွားခံနေရခြင်းဖြစ်သည်။ဦးသိန်းငွေ ၀န်ထမ်းလုပ်သက် ၁၆နှစ်ကျော်ပြီ။ရုံးချုပ်က စေလွှတ်ခဲ့တဲ့နေရာများကို နေရာမရွေး တာဝန်ကျေ ထမ်းဆောင်ခဲ့သည်။အရာရှိပို့စ်တွေ ၄နှစ်တစ်ကြိမ် ရာထူးတိုးကြလည်း ကိုယ်မပါခဲ့။အလုပ်အတူတူ ၀င်ခဲ့ကြသည့် ဘီးအီးဆင်း သူငယ်ချင်းများ က လက်ထောက် ညွှန်မှူး၊ဒုညွှန်မှူး တွေ ဖြစ်ကုန်ကြပြီ။ယခုတော့ ရာထူးတိုး လေးနှစ်ပိတ်လိုက်ပြီတဲ့။စ၀င်ကတည်းက ဦးစီးအရာရှိ ပို့စ်နဲ့ဝင်၍သာ ရာထူးချ၍ မရခြင်းဖြစ်သည်။နောက်တစ်နေ့ မနက် ၇နာရီခွဲ တန်းစီဖြုတ်ပြီးသည့်အချိန် ဗောဓိကုန်းရပ်ကွက်ထဲမှ လူတစ်ယောက် ရောက်လာသည်။
“ဆရာ --- မီးရထားဂုံးနားက ချုံဖုတ်ထဲမှာ ဒီ ပစ်္စည်းတွေ တွေ့လို့၊ဂုန်နီအိတ်နဲ့ ထည့်ထားတာ။တစ်ခုပဲ ယူလာပြတာ၊ဟိုမှာ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်ကို စောင့်ခိုင်းထားခဲ့တယ်။”
“ဟုတ်လား လာ သွားကြမယ်။စိုးမြင့် ၊ကြည်စိုး မင်းတို့ ညစောင့်တွေလည်း လိုက်ခဲ့ကြ၊ စာရေးကြီးက ဦးသိန်းထွန်းတို့ စခန်းကို အကြောင်းကြားဖို့ လုပ်။စတိုမန်း နှစ်ယောက်ရော၊ကျန်တဲ့ စက်ကျွမ်းအဖွဲ့ အချို့လည်း လိုက်ခဲ့ကြ။”
သည်ရပ်ကွက်ကို အလတ်စား စက်ရုံ ၀န်ထမ်းများက အသုံးပြုနေရသည့် မြို့ထဲသို့ သွားသည့် ဖြတ်လမ်းဖြစ်နေသည်။စက်ရုံဝန်း ရှေ့ဘက်မှ ထွက်ပြီး မြို့ထဲသို့သွားလျှင် တစ်ပတ်ကြီး သွားရသည်။မိုးတွင်း ဆိုလျှင်တော့ ဗောဓိကုန်း ရပ်ကွက်က အသုံးပြုလို့ မကောင်၊ဗွက်ထ တတ်သည်။စက်ရုံဝန်းကြီးကသာ ဗောဓိကုန်းသားများကို မနက် ၆၊ည ၆ အတွင်း မဖြတ်ရဟု အမိန့်ထုတ်ထားသော်လည်း စက်ရုံဝန်ထမ်းများ ကိုတော့ ဗောဓိကုန်း ရပ်ကွက်ကြီးက တံခါး မရှိ။ဓားမရှိ။ယခု မီးရထားဂုံးဆိုသည်က ဗောဓိကုန်း ရပ်ကွက်မှ ထွက်လိုက်လျှင် မီးရထားလမ်းရှိသည်။ ကုန်းမြင့်ထက်မှာ ရှိနေသဖြင့် မီးရထားဂုံးဟု ခေါ်ကြသည်။မီးရထားဂုံးကို ကျော်လိုက်လျှင် မြို့ထဲသွားသည့် ကားလမ်းမပေါ် ရောက်သွားသည်။စက်ရုံမှူးတို့ အဖွဲ့ရောက်သွားသောအခါ ယောက်ျားများ သုံးလေးယောက် ခန့် ချုံဖုတ်တွေနားတွင် ၀ိုင်းထိုင်နေကြသည်။
“ပစ်္စည်းတွေကို သွားမကိုင်လိုက်ကြနဲ့နော်။ရဲစခန်းကို အကြောင်းကြားထားတယ် ၊သူတို့ လက်ဗွေရာ ယူလို့ရနိုင်အောင် ကျွန်တော်တို့ စောင့်ကြမယ်”။
“ကျုပ်တို့တော့ မကိုင်ပါဘူး။ဒီအတိုင်း ထိုင်ကြည့်နေတာ ၊ဒါပေမဲ့ ငစိုး က အဲဒီအိတ်ကို ဖွင့်ကြည့်ပြီး ဆရာတို့ကို ပစ်္စည်းလာပြတာလေ။ငစိုး လက်ရာပဲ ရှိတော့မှာပေါ့”။
စခန်းမှူးရောက်လာပြီး စစ်သည့် အချိန်တွင် တွေ့ရသည့် ပစ်္စည်းများက ပျောက်နေသည့်ပစ်္စည်းအမျိုးအစားများနှင့် တူသော်လည်း အသေးလေးများ သာ ဖြစ်နေသည်။ကြီးကြီးမားမား တစ်ခုမှ မပါ။ဂုန်နီအိတ်လိုက် မ ပြီး ပစ်္စည်းများ သိမ်းသွားသည်။အရင်တွေ့သည် ဆိုသည့် သတင်းလာပေးသူ ငစိုးလည်း ရဲစခန်း ပါသွားတော့သည်။ဘာလိုလိုနှင့် ဂိုထောင်အဖောက်ခံရသည်မှာ မနက်ဖန်ဆိုလျှင် နှစ်ပတ်ပြည့်ပြီ။ ညနေရောက်တော့ ဦးသိန်းထွန်း စက်ရုံမှူးတို့ အိမ်ကို ရောက်လာသည်။စက်ရုံမှူးတို့ အိမ်တွင် ကြက်များ၊ငုံးများ မွေးထားသည်။အိမ် နောက်ဘက် တွင် ဗူးစင် အကြီး ကြီးရှိသည်။အသီးများ သီးသလို။အရိပ်လည်းရသည်။အရင်ရက်များဆီက ညနေစောင်းဆိုဗူးစင်အောက်တွင် ဆက်တီခုံတွေချထားပြီး လူကြီးများ မလာခင် ကလေးများက အမြည်းထဲမှ အားလူးကြော်တွေ နှိုက်စား၊အမေ လုပ်သူက အော်နှင့်ပျော်စရာ စည်ကားခဲ့သည်။
“ဦးသိန်းငွေရေ ကျွန်တော် စကားပြောချင်နေတာ ကြာပြီဗျာ----ခင်ဗျားတို့ အမှုက တော်တော်ရှုပ်ထွေးတယ်။အခု နေ့ခင်းပဲ စတိုမန်း နှစ်ယောက်စလုံးကို အချုပ်ထဲ ထည့်ခဲ့လိုက်ပြီ။စစ်ဆေး စရာ ရှိတာ စစ်ဆေးပြီးမှ ပြန်လွှတ်ပေးမယ်လို့ ပြောထားတယ်”
ဦးသိန်းထွန်း စကားပြောတာ ခဏရပ်ပြီး ရေကို တရှိန်ထိုး မော့သောက်လိုက်သည်။ “အဲဒါ တာဝန်ရှိတဲ့ စက်ရုံမှူးကိုရော အချုပ်ထဲ မထည့်ဘူးလားတဲ့ဗျာ။ခင်ဗျားရဲ့ စတိုမန်းက မေးတာနော်”။
“တာဝန်အရဆိုရင်တော့ ဟုတ်တယ် မင်းတို့ စက်ရုံမှူးကိုလည်း အချုပ်ထဲ ထည့် စစ်ဆေးရမယ်။ဒါပေမဲ့ ငါက
သူ့ရဲ့ကိုယ်ကျင့်တရား၊လုပ်ရပ်တွေကို ဆယ်စုနှစ် လောက် မြင်တွေ့ထားတာ ဖြစ်လို့ လူကို ယုံကြည်လို့ မထည့်တာကွာ လို့ ပြောဖြစ်ခဲ့တယ်”။
“တော်တော် မလွယ်ဘူးဗျ”
ဦးသိန်းငွေ ယမကာခွက်ထဲ ရေခဲထည့် လှုပ်ပြီး စခန်းမှူးကို ကမ်းလိုက်သည်။ဘာ စကားမှ ပြန်မပြောသေး။
“အားလုံးက လှည့်ကွက်တွေချည်းပဲဗျ သိလား။သံဇကာကို ညှပ်ထားတဲ့ ကိစ်္စ။ဒီနေ့ မနက် မီးရထားဂုံးမှာ ပစ်္စည်းတွေ လာပစ်ပြထားတဲ့ ကိစ်္စ။မျက်စိလည်အောင် လုပ်ထားတာ။”
“ဒီမနက်ဆို ဘော်တယ်လ် ကုလားတွေဆီထိပါ ကျွန်တော်လိုက်စုံစမ်းကြည့်မိတယ်။ပစ်္စည်းတွေ လာပစ်သွားတာ သူတို့များ သိနိုင်မလားလို့”
ကြက်ဥကြော် တစ်ဇွန်း ခပ်စားရင်း ဦးသိန်းထွန်း စကားမဆက်သေးဘဲ ခပ်လျှောလျှော ထိုင်ပြီး ငြိမ်သွားသည်။ခဏကြာတော့ ဆက်တီခုံမှ ကိုယ်ကို ပြန်မတ်ထလာပြီး စကားဆက်ပြန်သည်။
“ဦးသိန်းငွေ ခင်ဗျား စဉ်းစားကြည့် ဒီသံဇကာကွက်က တစ်ကယ်တော့ လူတစ်ကိုယ်တောင် ထွက်ဖို့ မဖြစ်နိုင်ဘူးဗျ။ဒီအတိုင်း လွတ်လွတ်ကင်းကင်းဆိုရင်တော့ ရရင် ရ နိုင်မှာပေါ့ဗျာ။အခုဟာကဂိုထောင်က အမြင့်ကြီး၊လှေကား အသုံးပြုထားရာ မတွေ့ရဘူး။တချို့ ပစ်္စည်းတွေ့ရဲ့ အရွယ်ပမာဏက ညှပ်ထားတဲ့ အပေါက်ထက် ကြီးတယ်။
“လှည်းတောင် လေးစီးတိုက်လောက် သယ်မှ ရနိုင်မဲ့ ပစ်္စည်းတွေကို--------- ဒီတော့ ပြောချင်တာ ဂိုထောင် မဖောက်ခင် ကတည်းက ပစ်္စည်းတွေက ပျောက်နေနှင့်တာဗျ စက်ရုံမှူးကြီးရ”
ဦးသိန်းထွန်းကတော့ သူ့တာဝန်တွေ ကျေသွားသည့် အလား အားရကျေနပ်နေသည်။သူ အခု ပြောခဲ့သည့် အချက်များကို ဦးသိန်းငွေလည်း တွေးထားပြီးသားဖြစ်သည်။ကိုယ့်ထင်မြင် သုံးသပ်ချက်တွေကိုလည်း ညွှန်ချုပ်ဆီ ကြေးနန်းပို့ထားလိုက်ပြီ။သို့သော်----- သက်သေ။သဲလွန်စ ဘာမှ မရှိသည့် အမှုဖြစ်နေသည်။
“အဲဒီတော့ စက်ရုံမှူးက တရားလိုတစ်ယောက်အနေနဲ့ စတိုမန်း နှစ်ယောက်ကို တရားစွဲရမယ်၊နောက်တစ်ပတ် စတော့။”
“ကျေးဇူးတင်ပါတယ် ဦးသိန်းထွန်း ၊တရားစွဲရင် ကျွန်တော်က ခြောက် တစ်နဲ့ စွဲရမှာလား။”
“ခြောက် တစ်ထက် မြင့်တယ်၊အပက (၃)နဲ့ စွဲရမှာ။အများပြည်သူဆိုင်ရာ ပစ်္စည်းအလွဲသုံးစားလုပ်မှု လို့ခေါ်တယ်ဗျ”
“အေးဗျာ နောက်တစ်ပတ် တရားရုံးမှာ ရင်ဆိုင်ရုံပေါ့။သန်းသန်းကလည်း နေ့မွေးမလား၊ညမွေး မလားနဲ့ဗျ”
သန်းသန်းနှင့် ကလေးများကို နှုတ်ဆက်ပြီး ဦးသိန်းထွန်း ပြန်သွားတော့သည်။မနက်ဖန်ဆို ဂိုထောင်ဖောက်ခံရသည်မှာ နှစ်ပတ်ပြည့်သွားခဲ့ပြီ။
+++++++++++++++++++++
ရဲဝန် ထမ်း တစ်ယောက် ယောက် ၀င်လာတာ တွေ့လိုက်သည်နှင့် ဘယ်သူ့ယောက်ျား ခေါ်သွားအုံးမလဲဆိုသည့် ခံစားချက်က အိမ်ရှင်မ တွေရင်ထဲ စိုးမိုးနေပြီ။အိပ်ယာဝင် နောက်ကျပေမဲ့ ဦးသိန်းငွေ တစ်ယောက် တော်တော်နဲ့ အိပ်လို့မပျော်။မှေးကနဲ အိပ်ပျော်စမှာတံခါးခေါက်သံကို ကြားလိုက်ရသည်။ရုတ်တရက် အတွေးများက သူခိုးမိလာ တာများလားဟု ထင်လိုက်မိသည်။ဝန်ထမ်းများ လာပြောမှ မိန်းမ ဆေးရုံတက်နေသည် ကိုသတိရသည်။တရားရုံး ၀င်ပေါက်တွင် လူ အများကြီးတွေ့လိုက်ရသည်။နယ်မြို့လေး၏ တရားရုံးသည် လူသိပ်မရှိတတ်။နေရာယူ ၀င်ထိုင်လိုက်စဉ် ဦးသိန်းထွန်း လာနှုတ်ဆက်သည်။ထို့နောက် အ၀င်ပေါက်မှ လူများ ဘက် မေးထိုးပြပြိး
“ခင်ဗျားတို့ အမှုကို စိတ်ဝင်စားလို့တဲ့ လာနားထောင်ကြတာလေ”
ခဏကြာတော့ စတိုမန်း ကိုသန်းတင်နှင့် ကိုမြ၀င်းကို ရဲဘော် နှစ်ယောက်က ခေါ်လာကြသည်။ပြီးခဲ့ နှစ်ပတ်ကျော်က ဆရာ၊တပည့် ဆက်ဆံရေး၊အခုတော့ တရားလိုနဲ့ တရားခံများ။ကိုသန်းတင်က ရှေ့နေငှားထားသည်ဟု သတင်းရသည်။ဦးသိန်းငွေဘက်ကတော့ အစိုးရ ရှေ့နေပဲရှိသည်။ကိုမြ၀င်းတစ်ယောက်တော့ ဘယ်ကိုမှ မကြည့်ဘဲ မျက်နှာအောက်ချလို့ ၊အနားမှာ သူ့ကောင်မလေး ထိုင်နေ သည်ကို တွေ့လိုက်သည်။ယခုမှ သတိရသည်၊ သူတို့ သည်နှစ် တန်ဆောင်တိုင် လက်ထပ်ကြဖို့ စီစဉ်ထား ကြသည်။ဦးသိန်းငွေကိုတောင် ကောင်မလေး မိဘတွေဆီမှာ လိုက်မြန်းပေးဖို့ပြောထားသေးသည်။တရားသူကြီး ၀င်လာသည်ကို တွေ့လိုက်ရသည်။သည် တရားရုံးလေးထဲ ပန်ကာမရှိ ဘာမရှိ။လာနားထောင်ကြသည့် ပရိသတ် များက တော့ အပြည့်။စိတ်အိုက်မှုနဲ့ရောပြီး လူလည်း အိုက်စပ်စပ်ဖြစ်လာသလို။
“လေးစားအပ်တဲ့ တရာသူကြီးမင်း ခင်ဗျား”
တရားခွင်ထဲ အစိုးရ ရှေ့နေ ဦးပွား တစ်ယောက်သာ မတ်တပ်ရပ်နေသည်။
“ကျွန်တော်တို့ အခုရင်ဆိုင်နေရတဲ့အမှုဟာ -----မြို့၊အလတ်စား စက်ပြင်အလုပ်ရုံဝန်းထဲမှာ ရှိတဲ့ လယ်ယာသုံး စက်ပစ်္စည်းများ သိမ်းဆည်းထားရာ ဂိုထောင် ဖောက်ထွင်းခံရမှု ဖြစ်ပါတယ်။တရားလို အလတ်စား စက်ရုံမှူး ဦးသိန်းငွေက ဂိုထောင်တွင် တာဝန်ရှိသော စတိုမန်းနှစ်ယောက်ဖြစ်တဲ့ စတိုမန်း ၁ ဦးသန်းတင်(ဘ)ဦးတင်အောင်။စတိုမန်း ၂ ဦးမြ၀င်း(ဘ)ဦးမောင်ခ တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အပက (၃)အရ အရေးယူပေးဖို့ တရားစွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။”
တရားသူကြီး ဦးဘမြင့်သည် နယ်မြို့လေးသို့ ပြောင်းလာသည်မှာ တစ်လပင် မပြည့်တတ်သေး။တရားလို စက်ရုံမှူး ဦးသိန်းငွေနှင့်တော့ မိတ်ဆုံညစာ စားပွဲတွင် တစ်ခါဆုံဖူးသည်။ပြောင်းရွှေ့သွားသည့် တရားသူကြီး နှုတ်ဆက်ပွဲနှင့် မိမိအားကြိုဆိုသည့် ပွဲတွင် နယ်ခံ အရာရှိ အသီးသီးက မိမိကိုယ် မိမိ မိတ်ဆက်ကြသည်။ယခုပြန်ဆုံတွေ့ရသည်က တရားရုံးမှာ။အစိုးရ ရှေ့နေ လျှောက်ထားချက်များကို နားစွင့်နေလိုက်မိသည်။
“အမှုကို သိရှိချိန်က ၁၉၈၄ခုနှစ်၊အောက်တိုဘာလ ၈ ရက်၊တနင်္လာနေ့ မနက်ဖြစ်ပါတယ်။အမှု ဖြစ်ပွားချိန်ကိုတော့ မခန့်မှန်းတတ်ပါဘူး။သောကြာနေ့ ညနေ ရုံးဆင်းပြီး တနင်္လာနေ့မှ ဂိုထောင် အဖောက်ခံရတယ်ဆိုတာကို တရားခံ စတိုမန်းများက သိရှိကြတာ ဖြစ်ပါတယ်။ဒါကြောင့် ဂိုထောင် အဖောက်ခံရချိန်ဟာ သောကြာ ညလား၊စနေ ညလား၊တနင်္ဂနွေ ညလားဆိုတာကို အတိအကျ မသိရပါဘူး။သဲလွန်စ မကျန်ခဲ့တဲ့ အမှုလည်း ဖြစ်နေပါတယ်။ဒါကြောင့် ညစောင့် ၀န်ထမ်း နှစ်ယောက်နဲ့အတူ သောကြာ၊စနေ၊တနင်္ဂနွေ ညများမှာ တာဝန်ကျတဲ့ တာဝန်မှူးကြီး၊တွဲဖက် တာဝန်မှူးတို့ကိုပါ ရုံးတော်ကို ဆင့်ခေါ်ထားပြီး ဖြစ်ပါတယ်။”
တရားသူကြီး ဦးဘမြင့် သဲလွန်စ မကျန်ခဲ့ဆိုသည်ကိုတော့ သဘောမကျ။သံဇကာ ကွက်တွေ ဖြတ်ထားခြင်း။ထင်းရှုးသေတ်္တာ ပုံးတွေ ပြန့်ကျဲနေခြင်း၊နံရံပေါ်ရှိ ခြေရာ တစ်ပိုင်း ဒါတွေသည် သဲလွန်စတွေ မဟုတ်ပါလား။ပြီးတော့ ချုံပုတ်ထဲ ပစ်သွားခဲ့သည့် ပစ်္စည်းများ။ဒါတွေသည် ရုံးတော်ကို တင်ပြလာခဲ့သည့် သဲစွန်စများ။အစိုးရရှေ့နေ ဦးပွား အသံတို့က နားထဲသို့ ပြန်ဝင်လာသည်။
“လေးစားအပ်တဲ့ တရာသူကြီးမင်းခင်ဗျား။ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေခံ အထောက်အထားများကို တင်ပြပြီး ဖြစ်ပါတယ်။အခု ညစောင့် ၀န်ထမ်းနှစ်ဦးကို စစ်မေးမှာဖြစ်ပါတယ်။” မေး--“”ညစောင့် ကိုကြည်စိုး-- ညစောင့် တာဝန်ကို ထမ်းဆောင်လာတာ ဘယ်နှစ်နှစ်ရှိပါပြီလဲ”“
ဖြေ--“”အလတ်စား အလုပ်ရုံ စတည် ကတည်းက ဆိုတော့ ၄နှစ်ကျော်လောက် ရှိပါပြီ“”
မေး-- “”ညစောင့်ဆိုတော့ မနက်ဘယ်နှစ်နာရီမှာ တာဝန်က ထွက်ပါသလဲ”“
ဖြေ--- ”“မနက် ၀န်ထမ်းတွေ တန်းစီတဲ့ အချိန် ကျွန်တော်တို့လည်း တန်းဝင်စီရပါတယ်၊ပြီးရင် နေ့စောင့်ကို တာဝန်လွဲပြီး ကျွန်တော်တို့ ပြန်လို့ ရပါပြီ။”
မေး-- “စနေ မနက်နဲ့ တနင်္ဂနွေ မနက်တွေမှာ နေ့စောင့်ကို တာဝန်လွဲတဲ့ အချိန် ထူးထူးခြားခြား ဘာမှ သတိမထား မိဘူးလား။”“ ညစောင့် ကိုကြည်စိုး ပြန်မဖြေခင် စက်ရုံမှူးကို လှမ်းကြည့်လိုက်သည်။
ဖြေ--”စနေ၊တနင်္ဂနွေလို ရုံးပိတ်ရက်တွေ ကျတော့ ကျွန်တော့်တို့ စက်ရုံမှာ နေ့စောင့် မရှိပါဘူး။ဒီတော့ တာဝန်ကျ တာဝန်မှူးကြီးကိုပဲ လွဲရပါတယ်”။
မေး--“သောကြာညနဲ့ စနေ၊တနင်္ဂနွေ ညတွေမှာရော ဂိုထောင်ဘက်ကို ကင်းစစ်ဖြစ်သေးသလား”
ဖြေ--ကျွန်တော်တို့ ညတိုင်း ကင်းစစ်ဖြစ်ပါတယ်။ကျွန်တော်တို့ နှစ်ယောက်ထဲ ကတစ်ယောက်နဲ့ တာဝန်မှူးကြီး ဒါမှမဟုတ် တွဲဖက် တာဝန်မှူးတို့ လုပ်နေကျပါ။“
“ကျေးဇူးတင်ပါတယ်”။
ရှေ့နေ ဦးပွားက တရားသူကြီးမင်းကို အရိုအသေလှမ်းပေးရင်း ခဏရပ်လိုက်သည်။ညစောင့် ကိုစိုးမြင့်၏ အလှည့် ဖြစ်ပါသည်။ဒီအမှုနဲ့ပတ်သက်ပြီး ကိုစိုးမြင့် အကြောင်းကို အနည်းငယ် ထည့်ပြောမှ ရမည်။သည်အမှုတွင် ကိုစိုး မြင့်သည် မသင်္ကာ ခံရသည့် အထဲတွင် ပါဝင်နေပါသည်။သူ၏ ညာခြေ တစ်ဖက်မှာ မွေးရာပါ ခြေသန်းတစ် ချောင်း ပါမလာခဲ့ပေ။ယခုအမှု၏ သဲလွန်စ များထဲတွင် နံရံကို တွယ်တက်ထားဟန် ခြေရာ တစ်ပိုင်းသည်လည်း ခြေသန်းနေရာက လွတ်နေခဲ့ပါသည်။မသင်္ကာမှုနှင့် သူ၏ ခြေရာကို တိုက်ယူ စစ်ဆေးခြင်း ခံခဲ့ရပါသည်။သို့သော်
လည်း နံရံပေါ်ရှိ ခြေရာတစ်ပိုင်းသည် ဘယ်ခြေ ဖြစ်နေခဲ့ပါသည်။
မေး--“”ညစောင့် ကိုစိုးမြင့်-- ညစောင့် တာဝန်ကို ထမ်းဆောင်လာတာ ဘယ်နှစ်နှစ်ရှိပါပြီလဲ”“
ဖြေ--“” ၂ နှစ်ကျော်လောက် ရှိပါပြီ“”
မေး-“”သောကြာ၊စနေ၊တနင်္ဂနွေ ညတွေက ညစောင့်တာဝန်ကို ထမ်းဆောင်ခဲ့ပါသလား၊ဒါမှမဟုတ် ခွင့်ယူခဲ့ပါသလား”
“ဖြေ----“”ခွင့်မယူပါဘူး ခင်ဗျ။တာဝန်ထမ်းနေခဲ့ပါတယ်“”။
မေး---“”ဒါဆို နောက်ဆုံး ည ၁၂နာရီ ကင်းစစ်အဖွဲ့ထဲမှာ ကိုကြည်စိုးပါတာလား။ကိုစိုးမြင့် ပါတာလားခင်ဗျ။”“
ဖြေ--“”သောကြာညက ကိုကြည်စိုး ကင်းစစ်ခဲ့တာဖြစ်ပြီး၊စနေနဲ့ တနင်္ဂနွေညတွေက ကျွန်တော်ကင်းစစ်ခဲ့တာပါ“”။
မေး--““ကိုစိုးမြင့်ရဲ့ ခြေရာကို ရဲစခန်းက စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ဘာကြောင့်ပါလဲ အဲဒီအကြောင်းလေး နည်းနည်းပြောပြပေးပါ”“။
ကိုစိုးမြင့် ခေါင်းကို အနည်းငယ်ငုံနေလိုက်သည်။သူ၏ မွေးရာပါ အားနည်းချက် ခြေသန်းတစ်ဖက် မပါပြီး
ခြေထောက်ထော့နင်း ထော့နင်းဖြစ်နေခြင်းကို ဘယ်တုန်းကမှ အားမငယ်ခဲ့ဘူး။အခုတော့ ထိုအားနည်းချက်ကြောင့် သင်္ကာ မကင်း ဖြစ်ခံရသည်။
ဖြေ--“”ဟုတ်ပါတယ်။ကျွန်တော်မှာ မွေးရာပါ ခြေသန်းတစ်ချောင်း ပါမလာခဲ့ပါဘူး။ဂိုထောင်နံရံပေါ်မှာတွေ့ရတဲ့ ခြေရာတစ်ပိုင်းမှာလည်း ခြေသန်းနေရာ ပေါ်မနေလို့ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ ကျွန်တော် ခြေသန်းမပါတာ ညာခြေ ဖြစ်နေပြီး၊နံရံပေါ်က ခြေရာဟာ ဘယ်ခြေ ဖြစ်နေခဲ့ပါတယ်။””
””ကျေးဇူးတင်ပါတယ်”“
အစိုးရ ရှေ့နေ ဦးပွားက တရားသူကြီးဘက်လှည့်ပြီး ဦးညွတ်လိုက်သည်။တရားသူကြီးမင်းက ခေါင်းညိတ်ပြသည်။
မေး-- “အလတ်စား စက်ရုံမှူး ဦးသိန်းငွေ ခင်ဗျား -----တရားလို တစ်ယောက်အနေနဲ့ တရားခံများ ဖြစ်ကြတဲ့ စတိုမန်း ဦးသန်းတင်နဲ့ ဦးမြ၀င်းတို့ကို တရားစွဲဆို ထားပုံကို ပြောပြပေးပါ။”
ဖြေ--”“ဂိုထောင်ဖောက်ထွင်းမှုမှာ ဖြတ်ထားခံရတဲ့ သံဇကာကွက်က တစ်ကယ်တော့ လူတစ်ကိုယ်တောင် ထွက်ဖို့ မဖြစ်နိုင်ဘူး။ဒီအတိုင်းဆိုရင်တော့ ရနိုင်ကောင်းပေမဲ့ အခုဟာက ဂိုထောင်က အမြင့်ကြီးဖြစ်နေပါတယ်။
လှေကား အသုံးပြုထားရာ မတွေ့ရပါဘူး။ဂိုထောင် တံခါးမကြီးရဲ့ ချိပ် ပွင့်မနေပါဘူး၊အတွင်း သံဇကာတံခါးရဲ့ သော့ ပျက်မနေပါဘူး။ဒါ့ပြင် ပျောက်သွားတဲ့ ပစ်္စည်း အချို့ရဲ့ အရွယ်ပမာဏက ညှပ်ထားတဲ့ အပေါက်ထက် ကြီးနေပါတယ်။ဂိုထောင်ရဲ့ အမြင့်ဟာ အထောက်အကူပြု ပစ်္စည်း မပါဘဲ ခုန်ချဖို့ မဖြစ်နိုင်ပါဘူး။””
”” အခုဂိုထောင်ဖောက်ထွင်းမှုမှာ ဖောက်ထွင်းခံရပုံ ဟန်ပြသာ ဖြစ်နိုင်ပြီး ပစ်္စည်းများကတော့ ဒီ့အရင်ကတည်းက ပျောက်နေတယ်လို့ ယူဆပါတယ်။ဒါကြောင့် တာဝန် အရှိဆုံးနဲ့ အမှု ကျူးလွန်နိုင်ချေ အရှိဆုံး စတိုမန်း နှစ်ယောက်ကို တရားစွဲဆိုရခြင်းဖြစ်ပါတယ်။””
”“ကျေးဇူးတင်ပါတယ် စက်ရုံမှူး ခင်ဗျား””
+++++++++++++++++++++
““လေးစားအပ်တဲ့ တရားသူကြီးမင်း ခင်ဗျား”“
စတိုမန်း ၁ ဦးသန်းတင်၏ အကျိုးဆောင် ရှေ့နေ ဦးတူ ၏အသံတို့က ကြည်လင်ပြတ်သားနေသည်။ရှေ့နေအလုပ်ကို ၀ါသနာပါလွန်း၍ လုပ်လာခဲ့ခြင်းဖြစ်သည်။မိဘပေးခဲ့သည် ငယ်နံမည်ကိုပင် ရှေ့နေဘွဲ့ရသည့် နှစ် တွင် အမည်ပြောင်းခဲ့သည်။ဦးတူ ဟူ၍ ဖြစ်သည်။ပထမနှစ်တွင် သင်ခဲ့ရသည့် ရှေ့နေ ဦးတူ၏ စိတ်ဓာတ်ဆိုသည့် စကားပြေကို သဘောကျ၍ ဖြစ်သည်။သူလိုက်ပေးသည့် အမှုများကလည်း အနိုင်ရသည် ကများသည်။ထို့အတွက်ကြောင့်ပင် ဒီနယ်မြို့လေးတစ်ဝိုက်တွင် သူ့ သတင်းက မွှေးလှသည်။
“”ကျွန်တော့်ရဲ့ အမှုသည် ဦးသန်းတင်ကို ကျူးလွန်တယ်လို့ စွပ်စွဲတာဟာ သူ့ရဲ့ ဂုဏ်သိက်္ခာကို ထိခိုက်စေ ပါတယ်။ဒါပေမဲ့ ဂုဏ်သိက်္ခာထက် ပိုအရေးကြီးတာ ရှိပါသေးတယ်။အဲဒါ ကတော့ တရားမျှတမှုပါပဲ။ဒီတော့ ဒီအမှု မှာကျွန်တော့် အမှုသည်ရဲ့ ဂုဏ်သိက်္ခာထက်၊ တရားမျှတမှု ဂုဏ်သိက်္ခာအတွက် လျှောက်လဲသွားမှာ ဖြစ်ပါတယ်။ တရားမျှမှု အတွက်ဆိုရင် ကျွန်တော့်အမှုသည် ဦးသန်းတင်ဟာ တာဝန်ရှိတယ်ဆိုတဲ့ အချက် တစ်ချက် တည်းနဲ့ အချုပ်ထဲမှာ နေရတာ နှစ်ပတ်ကျော် သုံးပတ် နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ဒါဆိုရင် စတိုမန်းများထက် တာဝန်၊ ရာထူး ပိုကြီးတဲ့ စက်ရုံမှူး ဦးသိန်းငွေ ဟာ အပြင်မှာ အေးဆေးသက်သာစွာ နေ နေရပါတယ်။ဒါဟာ တရားမျှ
တမှု မရှိဘူး ဖြစ်နေပါတယ်။”“
““လေးစားရတဲ့ တရားသူကြီးမင်း ခင်ဗျား -----ဒီနေရာမှာ ကျွန်တော် သင်ကြားဖူးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီရင်ထုံး တစ်ခုကို ပြောလိုပါတယ်။၁၉၆၈ခုနှစ်က ပြဌာန်းခဲ့တာပါ။တရားခံကို ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲပြီးတာနဲ့ တာဝန်ပြီးဆုံးပြီ။စွပ်စွဲခံရသူက မဟုတ်ခဲ့ရင် ခိုင်လုံစွာချေပလိမ့်မယ် လို့ တာဝန် ပခုံးပြောင်းလို့ မရပါဘူး။ပြည့်ပြည့်စုံစုံ စုံစမ်းပြီး ခိုင်လုံတဲ့ သက်သေထူဖို့ တရားလိုမှာ တာဝန်ရှိပါတယ်။အဲဒီလိုမှ မဟုတ်ရင် မသမာတဲ့သူတွေက လွယ်လွယ်နဲ့ စွပ်စွဲပြီး အပြစ်မဲ့တဲ့သူတွေက ပင်ပန်းဆင်းရဲစွာ ခုခံချေပနေ ရပါ လိမ့်မယ်တဲ့ ခင်ဗျ”“။ “အခု အမှုမှာလည်း ကျွန်တော့်ရဲ့ အမှုသည် ဦးသန်းတင်ဟာ သာမန် ၀န်ထမ်းတစ် ယောက်ဖြစ်ပါတယ်၊ကျူးလွန်နိုင်ချေ ရှိတယ်ဆိုတဲ့ သံသယနဲ့ အချုပ်ထဲမှာ နေနေတာ နှစ်ပတ်ကျော်သွားပါပြီ။ခိုင်လုံတဲ့ သက်သေ တင်ပြနိုင်ခြင်း မရှိပါဘူး။ဒီလိုဆိုရင် သာမန် ၀န်ထမ်းငယ်တွေရဲ့ လုံခြုံမှုနဲ့ တရားမျှတမှု ဆိုတာ ပျောက်သွားနိုင်ပါတယ်။””
အသံအနိမ့် အမြင့် အတက်အကျ တို့ဖြင့် ပြောနေသည့် တရားခံ အကျိုးတော်ဆောင် ရှေ့နေ့ ဦးတူ၏ ဟန်ပန်တို့ကို တရားသူကြီးမင်း၊စက်ရုံမှူးတို့ အပါအ၀င် လာရောက်နားထောင်သူတို့က ငြိမ်သက် ငေးမောနေကြသည်။အမှုများကို စစ်ဆေးစီရင်ရာတွင် သံသယ ဆိုသည့် အချက်သည် တရားသူကြီးများကို စိတ်ယိုင်စေသည်။ဆုပ်ကိုင် သက်သေပြလို့ မရသော်လည်း ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်နေသည်။တရားသူကြီး ဦးဘမြင့် တစ်ယောက် ပန်ကာမရှိသည့် အခန်းငယ်ထဲ ချွေးပြန်ချင်သလို ဖြစ်လာသည်။စက်ရုံမှူး ဦးသိန်းငွေ ကတော့ မျှမျှတတ ဖြစ်အောင် ရုံးတော်က ဆင်းပါက အချုပ်ထဲဝင်နေရလျှင် ကောင်းမည်လားဟုပင် စဉ်းစားနေမိသည်။
မေး-- “”တနင်္ဂနွေနေ့ညမှာ တာဝန်ကျတဲ့ တာဝန်မှူးကြီး ဦးညွှန့်တင် ဟုတ်ပါတယ်နော်။“”
ဖြေ-- “”ဟုတ်ပါတယ်ခင်ဗျာ”“
မေး--ကင်းစစ်တာ ည ၁၂နာရီ နောက်ဆုံးထားပြီး စစ်တယ်လို့ သိရပြီး တာဝန်မှူးတွေကလည်း ကင်းစစ်ပြီးရင် အိမ် ပြန်အိပ်ကြတယ်လို့ သိရတယ်ပါတယ်။အဲဒီလို တာဝန်ကျတဲ့ နေရာမှာ မအိပ်ဘဲ အိမ် ပြန်အိပ်တာကို စက်ရုံမှူးကြီး သိပါသလား ခင်ဗျ””။”“
ဖြေ---”သိပါတယ်ခင်ဗျ ----ဟို ကင်းစစ်ပြီးချိန်ကလည်း--------”““ရပါပြီခင်ဗျ”“
အကျိုးဆောင် ရှေ့နေ ဦးတူက တာဝန်မှူးကြီး ဦးညွှန့်တင် အဖြေကို ဆုံးအောင် မစောင့်။မေးခွန်းနောက် တစ်ခုကိုဆက်တိုက် မေးလိုက်သည်။
မေး--“ဦးညွှန့်တင်တို့ အလတ်စား စက်ရုံကြီးမှာ စနေ၊တနင်္ဂနွေလို ရုံးပိတ်ရက်တွေမျိုးမှာ နေ့စောင့် မရှိဘူးလို့ ခုနက ညစောင့် ဖြေသွားတဲ့အထဲမှာ ကြားလိုက်ရပါတယ်။ဘာကြောင့်ပါလဲ။အခုလိုရုံးပိတ် ရက်တွေမှာ နေ့စောင့် ချမထားတာ စက်ရုံမှူးရဲ့ အမိန့်နဲ့လား ခင်ဗျာ။“”
ဖြေ---စက်ရုံမှူးက အမိန့်ထုတ်ထားတော့ မဟုတ်ပါဘူး။ရုံးပိတ်ရက်တွေလည်း ဖြစ်တော့ အပြင်လူ အ၀င်အထွက်မရှိပါဘူး။နေ့စောင့် မရှိပေမဲ့ ကျွန်တော်တို့လို တာဝန်ကျ တာဝန်မှူးတွေလည်း ရှိနေပါတယ်၊ပြီးတော့ စက်ရုံက ကျွန်တော်တို့ ၀န်ထမ်းအိမ်ရာတွေနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေပါတယ်။““
မေး--ရုံးပိတ်ရက်မှာ တာဝန်ကျတဲ့ တာဝန်မှူးတွေက တစ်နေ့ခင်းလုံး စက်ရုံဝန်းထဲမှာ ရှိနေတယ်ဆိုတဲ့ သဘောလား။”“
ဖြေ---တစ်နေခင်းလုံး ရှိနေတာမျိုးတော့ မဟုတ်ပါဘူး။ခဏတစ်ဖြုတ် လာနေကြပြီး ညဘက်ကျမှ ဂျူတီဝင်ကျတာပါ။”” “” ကျေးဇူးတင်ပါတယ် ဦးညွှန့်တင် ခင်ဗျား“”
အကျိုးဆောင်ရှေ့နေ ဦးတူက တရားသူကြီးမင်းဘက်သို့ ကိုယ်ကို ရို့လိုက်ပြီး တရားခွင်တွင် ရောက်ရှိနေသည့် ကိုမောင်မောင်အား မေးမြန်းခွင့်တောင်းလိုက်သည်။
“”လေးစားအပ်တဲ့ တရာသူကြီးမင်းခင်ဗျား၊ဒီအမှုမှာ သက်သေ အထောက်အထား အခိုင်အလုံမရှိဘဲ သံသယရှိသူများကိုသာ စွဲချက်တင်ထားတဲ့ အမှုဖြစ်ပါတယ်။ဒါကြောင့် သံသယရှိခဲ့သူ၊ရဲဌာန မှလည်း ခေါ်ယူစစ်ဆေးကာ အချုပ်ထဲတွင် နှစ်ရက်ခန့်နေဖူးပြီး စက်ရုံမှူးရဲ့ အာမခံနဲ့ ပြန်လွတ်ပေးထားသူ စက်ကျွမ်း ၃ ကိုမောင်မောင်ကို ခေါ်ယူစစ်ဆေးလိုပါတယ်။””
တရားသူကြီးမင်းက ခေါင်းညိတ်ပြ၍ ခွင့်ပြုပေးလိုက်သည်။
မေး-- ““စက်ကျွမ်း ၃ ကိုမောင်မောင်ခင်ဗျား အခု ဂိုထောင်ဖောက်ခံရမှု နဲ့ ပတ်သက်ပြီး ကိုမောင်မောင်ကို ရဲဌာနက ခေါ်ယူစစ်ဆေးခံရတယ်ဆိုတာ သိထားပါတယ်။ဘာကြောင့် သံသယရှိပြီး ခေါ်ယူစစ်ဆေးခံရတာပါလဲ””။
ဖြေ--““ကျွန်တော့်အိမ်မှာ ဂိုထောင်ထဲက ပျောက်သွားတဲ့ ပစ်္စည်းများနဲ့ အမျိုးအစားတူ၊ပုံစံတူ ပစ်္စည်းတွေရှိနေလို့ပါ။””
မေး--”“ကိုမောင်မောင်အိမ်မှာ ဘာလို့ အဲဒီလို ပစ်္စည်းတွေရှိနေရတာပါလဲ””
ဖြေ--“”တောင်သူများစာအုပ်နဲ့ အလုပ်ရုံက ရောင်းပေးတဲ့ ပစ်္စည်းတွေကို အစိုးရ ထုတ်ဈေးနဲ့ ကြိုဝယ်ထားတာပါ””
မေး--“”အလတ်စား စက်ပြင် အလုပ်ရုံက ၀န်ထမ်း တစ်ယောက်အနေနဲ့ အဲဒီလို ၀ယ်ပိုင်ခွင့် မရှိဘူးလို့ သိထားပါတယ်။အခုလို တောင်သူတွေရဲ့ စာအုပ်နဲ့ ကြိုဝယ်ထားပြီး ပစ်္စည်းတွေကို စုဆောင်းထားတာဟာ ဥပဒေကို ချိုးဖောက်ရာ မရောက် ဘူးလား။ဒါကို စက်ရုံမှူးက သိလျှက်နဲ့ ခွင့်ပြုပေးထားတာလား ခင်ဗျာ”“
အစိုးရရှေ့နေ ဦးပွား မတ်တပ် ထရပ်လိုက်သည်။
““အကျိုးဆောင်ကြီးရဲ့ မေးခွန်းကို ကန့်ကွက်ပါတယ်။အခု အမှုနဲ့ အကျုံးမ၀င် ဘူးလို့ ထင်ပါတယ်။ဝန်ထမ်း ရေးရာ စည်ကမ်းအတိုင်း သက်ဆိုင်ရာ ဌာနက ဆောင်ရွက်ရမဲ့ ကိစ်္စဖြစ်နေပါတယ်။”“
““ကန့်ကွက်ချက်ကို လက်ခံပါတယ်။အကျိုးဆောင်ကြီးရဲ့ မေးခွန်းကို ပြင်မေးပါ””
တရားသူကြီးမင်း ဦးဘမြင့်က ရှေ့နေ ဦးတူကို တည့်တည့်ကြည့်၍ ဆိုသည်။
မေး-- ““ဟုတ်ကဲ့ ကျွန်တော့် မေးခွန်း နောက်တစ်ခု ပြောင်းမေးပါ့မယ်။ဦးမောင်မောင်အိမ်မှာ သံသယဖြစ်စရာ ပစ်္စည်းတွေ တွေ့ပါလျှက် ဘာကြောင့် အာမခံနဲ့ ပြန်လွတ်လိုက်တာပါလဲ။”“
ဖြေ-- ““ကျွန်တော့်အိမ်မှာ ရှိတဲ့ စက်ပစ်္စည်းတွေ နဲ့ ဂိုထောင်ထဲက ပျောက်နေတဲ့ ပစ်္စည်းတွေ အမျိုးအစား တူကြပေမဲ့ ပစ်္စည်းတွေမှာ ပါတဲ့ ကုတ်နံပါတ် မတူကြပါဘူး ခင်ဗျာ။ဒီပစ်္စည်း အမျိုးအစားကိုပဲ အသစ်ထပ် ရောက်လာတိုင်း ကုတ်နံပါတ်တွေ အသစ်ဖြစ်ကုန်ပါတယ်။ဒါကြောင့် ကျွန်တော့်ကို အာမခံနဲ့ ပြန်လွှတ်ပေး လိုက်တာပါ။”“ “”ကျေးဇူးတင်ပါတယ် ခင်ဗျား““
တရားခံ အကျိုးဆောင်ရှေ့နေ ဦးတူက တရားသူကြီးမင်းကို အရိုအသေပေးပြီး နေရာတွင် ပြန်ထိုင်လိုက်သည်။တရားသူကြီးမင်းက ရုံးချိန်းကို တစ်ပတ်ခြား၍ ချိန်းပေးသည်။
+++++++++++++++++++++
ရုံးတော်မှ ပြန်လာပြီး ညနေဘက်တွင် စက်ကျွမ်း-၃ ၀န်ထမ်းတစ်ယောက် သတင်းလာပို့သည်။နေ့လည် ခင်းက ဘုရားကြီးကုန်းဘက်တွင် ဘုရားငြမ်းပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့သည်။မြို့ကလေး၏ မြို့ဦးစေတီ ဘုရားကို ပြန်လည် ပြုပြင်နေကြသည်။ထုံးဖြူသုတ်ပြီး ငှက်မြတ်နား ထီးတော်လဲရန် ဖြစ်သည်။ပြီးခဲ့သည့်လက မြို့နယ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြပြီး အကောင်အထည်ဖော်ကြခြင်း ဖြစ်သည်။ကျွမ်းကျင်သည့် ဘုရားငြမ်းဆင်အဖွဲ့ကို အပ်ခဲ့ကြသည်။လူပြုတ်ကျ သေဆုံးသည်ထိ ဖြစ်ရသည့်အတွက် မြို့နေ ပြည်သူများ စိတ်မကောင်းကြ၊အယူသီးသူ အချို့က မြို့ကလေးအတွက် အတိတ်မကောင်းဟုပင် ဆိုနေကြသည်။ဦးသိန်းငွေ ပို စိတ်မကောင်းဖြစ်ရသည်မှာ ငြမ်းပေါ်မှ ပြုတ်ကျသေဆုံးသူသည် စတိုမန်း ကိုသန်းတင်၏ ဖခင်ဖြစ်နေခြင်းပင်။ဦးသိန်းငွေသည် ကိုသန်းတင် ညီနှင့် အမေကို တွေ့ပြီး အားပေးစကားပြောခဲ့ရသည်။မြို့ကလေး၏ မြို့ကွက်သည် လေးထောင့် ဆန်ဆန်ရှိသည်။တရားရုံး တည်ရှိရာနေရာသည် မြို့ပတ်လမ်းမကြီးဘေးတွင် ဖြစ်သည်။တရားရုံး၏ ညာဘက်ဘေးတွင် ရဲစခန်း၊ဘယ်ဘက်ဘေးတွင် မြို့တော်ခန်းမကြီးရှိသည်။ထိုခန်းမကြီးသည် မြို့ကလေး၏ အစည်အဝေးများ ကျင်းပရာ၊အခမ်းအနားများ ကျင်းပရာ တစ်ခုတည်းသော နေရာဖြစ်သည်။မြို့တော်ခန်းမ၏ နောက်ဘက်တွင် ရဲဝန်ထမ်း အိမ်ရာများဖြစ်ပြီး။ရှေ့ဘက်ကတော့ မြို့ပတ်လမ်းမကြီး ဖြစ်သည်။ထို့ကြောင့် တရာရုံးပုံစံသည် ရှေ့မျက်နှာဖွင့်ထားပြီး တုံးလုံးလှဲ ထောင်ထားသည့် သစ်သား မီးခြစ်ပုံးလေးနှင့် တူနေသည်။ တရားရုံး၊မြို့တော်ခန်းမ၊ရဲဝန်ထမ်း အိမ်ရာများ ရှိသည့် ၀န်းကြီးကိုတော့ သံစူးကြိုး ကျဲကျဲက အဟန့်အတားသဖွယ် ကာရံထားသည်။ထိုဝန်းကျယ်ကြီးကို မြို့နေ ပြည်သူများက ရုံးကြီး ဟု ခြုံငုံ ခေါ်ကြသည်။သည်နေ့သည် ရုံးချိန်းနေ့ ဖြစ်သည်။ အမှုဖြစ်ပွားခဲ့သည်မှာ တစ်လပင် ပြည့်တော့မည်။ရုံးချိန်းသို့ လာရောက်နားထောင်သည့် ပရိသတ်တို့က ပထမ အကြိမ်ထက်ပင် များပြားနေသည်။ဦးပွားသည် ရှေ့နေ၀တ်စုံကို ၀တ်စုံပြည့် ၀တ်ဆင်လာသည်။အကျိုးဆောင် ရှေ့နေ ဦးတူ၏ ဟန်ပန်တို့က တက်ကြွနေသည်။ဦးပွားသည် ရုံးတော်နှင့် တရားသူကြီးမင်းအား ဦးညွတ် အလေးပြုလိုက်သည်။
“မီးရထားဂုံးနားက ခြုံပုတ်ထဲမှာ ပစ်္စည်းတွေကို အရင်တွေ့ရှိခဲ့တဲ့ သက်သေ မောင်စိုးကို ဆင့်ခေါ်ပါတယ်”။
မေး--”“မောင်စိုး ပစ်္စည်းတွေကို ဘယ်လိုတွေ့ ခဲ့တာလဲ။””
ဖြေ--“”မနက် အစောကြီး ကျွန်တော် မီးရထားဂုံးပေါ်ကို တက်တော့ ခြုံရဲ့ အစပ်မှာ ဂုံနီအိတ် တစ်လုံးကို
အရင်တွေ့တာပါ။အဲဒါနဲ့ ဖွင့်ကြည့်လိုက်မိတယ်။အထဲက ပစ်္စည်းတွေကို တွေ့တော့ စက်ရုံကြီးမှာ ပျောက်တဲ့ ပစ်္စည်းတွေများလားလို့ တွေးမိတာနဲ့ စက်ရုံမှူးကြီးကို သွားပြလိုက်တာပါ။”“
မေး--“”မောင်စိုးက အဲဒီပစ်္စည်းတွေကို အရင်က မြင်ဖူးထားလို့လား။”“
ဖြေ--“”ဟုတ်ကဲ့ မြင်ဖူးပါတယ်။စက်ရုံထဲကို ပစ်္စည်းတွေလာချရင် အပြင်အလုပ်သမားတွေကို ခေါ်လေ့ရှိပါတယ်။အလုပ်သမားကိုလည်း ကျွန်တော်တို့ ဗောဓိကုန်း ရပ်ကွက်ထဲကပဲ ခေါ်တာများပါတယ်။”“
မေး--“”ပစ်္စည်းတွေကိုတွေ့တဲ့အချိန်က မနက်အစောကြီးဗျနော်။အဲဒီအချိန် မောင်စိုးက မီးရထားဂုံးပေါ် ဘာကြောင့်ရောက်နေတာလဲ ”“
ဖြေ--ကျွန်တော် အပေါ့သွားတာပါခင်ဗျ။ကျွန်တော်တို့ ဗောဓိကုန်းရပ်ကွက်ရဲ့ မီးရထားဂုံးစပ်နားက အိမ်တွေမှာ ရေအိမ် မရှိကြပါဘူး။“”
”ကျေးဇူးတင်ပါတယ်“။
သည်နေ့ ရုံးတော်တွင် အစိုးရ ရှေ့နေ ဦးပွားသည် အသံရော၊အမူအရာ တည်ငြိမ်လွန်းနေသည်။ဦးပွားနှင့်ယှဉ်လိုက်လျှင် ဦးတူသည် အသက်အရွယ်အရ ရော၊လုပ်သက်ပါ ငယ်လွန်းနေသည်။ဦးပွားက စတိုမန်း ဦးသန်းတင်ကို ဆက်လက် စစ်မေးသည်။
မေး--”“စတိုမန်း ကိုသန်းတင်ခင်ဗျား။ဂိုထောင်ထဲက ပစ်္စည်းတွေပျောက်တာကို အရင်ဆုံး သတိထားမိတဲ့သူလို့ သိထားပါ တယ်။“”စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တွေ ခံနေတဲ့အတွက် တနင်္လာနေ့မှ သိရတာဖြစ်ပြီး ချိပ်ပိတ်ထားတဲ့ ဂိုထောင်တံခါးကို ဖွင့်တဲ့အချိန်မှာ ဘယ်သူ ပါသေးလဲ သိချင်ပါတယ်။“
ဖြေ--““ကျွန်တော်နဲ့အတူ စတိုမန်း -၂ ကိုမြ၀င်းနဲ့ ချိပ်ဖွင့်ခဲ့တာပါ။“”
မေး--““ဂိုထောင်သော့ကို ဘယ်သူကိုင်တာပါလဲ“”
ဖြေ--““အရင်ကတော့ ဂိုထောင်သော့ကို အလယ်ရုံးက သော့ချိတ်ခုံမှာ ထားပါတယ်။ဝန်ထမ်းတွေ တန်းစီပြီးတဲ့ အချိန်ကျမှ သော့ကိုယူပြီး ကျွန်တော်နဲ့ကိုမြ၀င်းဖွင့်ပါတယ်။အခုနောက်ပိုင်းတော့ သော့ချိတ်ခုံမှာ မထားတော့ဘဲ စက်ရုံမှူးနဲ့ ကျွန်တော် ကိုင်ပါတယ်။”“
မေး--““ဘာလို့ သော့ချိတ်ခုံမှာ မထားတော့တာလဲ”“ ဖြေ--““ စက်ပစ်္စည်းတွေ အသစ်ရောက်လာတဲ့ တချို့နေ့တွေက ရုံးဆင်းချိန်တွေ ဖြစ်နေတတ်ပါတယ်။အလယ်ရုံးနဲ့၊ယာစွန် စက်ရုံက ၀န်ထမ်းတွေ ရုံးဆင်းသွားကြတဲ့အချိန် ကျွန်တော်တို့ စတိုဂိုထောင်က အိုဗာတိုင်း ဆင်းပြီး အလုပ် လုပ်ရတာတွေ ရှိပါတယ်။ဒါကြောင့် နောက်ပိုင်းမှာ စက်ရုံမှူးက ဂိုထောင်သော့ကို သူနဲ့ ကျွန်တော် တစ်ယောက် တစ်စုံ ကိုင်ထားဖို့ ပေးခဲ့တာပါ။“”မေး--“”ချိပ်ပိတ်ရာ မပျက်၊အတွင်းသံဇကာ တံခါးသော့မပျက်ဘဲ ပစ်္စည်းတွေ ပျောက်နေခြင်းအပေါ် ဘယ်လိုထင်ပါသလဲ။ဖောက်ထွင်းရာ ပြထားတဲ့ သံဇကာကွက် ကလည်း ပစ်္စည်းတွေ သယ်ထုတ်ဖို့ မဖြစ်နိုင်ဘူးဆိုတော့လေ”“
“ကန့်ကွတ်ပါတယ် ခင်ဗျား”
အကျိုးဆောင် ရှေ့နေ ဦးတူ မတ်တပ် ထရပ်လိုက်သည်။
““အစိုးရရှေ့နေကြီး ဦးပွားရဲ့မေးခွန်းဟာ ကျွန်တော့်ရဲ့ အမှုသည်ကို ထင်မြင်ချက် ပေးခိုင်းတဲ့ မေးခွန်းဖြစ်နေပါတယ်။ထင်မြင်ချက်ဆိုတာ အဖြစ်အပျက်အမှန် မဖြစ်နိုင်တာမို့ ရုံးတော်မှာ လွဲမှားထွက်ဆိုမိနိုင်ပါတယ်။အဖြစ်အပျက်တွေ ရဲ့ အပြန်အလှန် မေးခွန်းပဲ မေးပေးပါ။”
ဦးပွားသည် ထိုမေးခွန်းကို ဆက်မေးမှ ဖြစ်မည်ကို သိနေသည်။ဦးတူကို မကြည့်ဘဲ တရားသူကြီးမင်းကိုသာ ကြည့်ရင်း မေးခွန်းကို ရှေ့ဆက်တိုးလိုက်သည်။
“”တရားသူကြီးမင်း ခင်ဗျား ။ကျွန်တော့်ရဲ့ မေးခွန်းဟာ ပစ်္စည်းဂိုထောင်ကို တာဝန်ယူထားတဲ့ စတိုမန်း တစ်ယောက်
အနေနဲ့ ခန့်မှန်းနိုင်တဲ့ မေးခွန်း၊ခန့်မှန်းသင့်တဲ့ မေးခွန်း ဖြစ်နေပါတယ်။ညှပ်ခံထားရတဲ့ သံဇကာကွက်ဟာ လူတစ်ယောက် ထွက်ဖို့တောင် သိပ်မဖြစ်နိုင်ပါဘူး။ဒီလောက်များပြားလှတဲ့ ပစ်္စည်းတွေရဲ့ အရွယ်ပမာဏကို သိထားတဲ့ စတိုမန်း တစ်ယောက်အနေနဲ့ ဖောက်ထွင်းခံရတဲ့ ဖြစ်နိုင်ချေကို-----”“
တရားသူကြီးမင်းက ဦးပွားကို လက်ကာပြလိုက်ပြီး
“”ကန့်ကွတ်ချက်ကို လက်မခံပါ။”“
ဖြေ--ပျောက်သွားတဲ့ ပစ်္စည်းတွေက များနေပေမဲ့ သောကြာညနဲ့ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်ခံ နေတော့ သုံးရက်အချိန်ရနေပါတယ်။သံဇကာကလည်း လူတစ်ယောက် ရအောင်ထွက်မယ် ဆိုရင် ဖြစ်နိုင်ပါတယ်။”“
“”ကျေးဇူးတင်ပါတယ်။“”
မေး--““စတိုမန်း ၂ ကိုမြ၀င်းခင်ဗျား။ဂိုထောင်ဖောက်ထွင်းခံရတာကို ဘယ်လို သတိထားမိခဲ့တာပါလဲ။”“
ဖြေ--““ဂိုထောင်ချိပ်ဖွင့်လိုက်တော့ ကိုသန်းတင်က အလင်းရောင် ပိုရနေသလိုပဲ ဆိုပြီးပြောပါတယ်။ဒါနဲ့ သံဇကာတံခါးသော့ကို ဆက်ဖွင့်ပြီး ပစ်္စည်းထားတဲ့ အတွင်းဂိုထောင်ထဲ ၀င်လိုက်တော့ အပေါ်ဘက်က သံဇကာတွေ ညှပ်ထားတာကို တွေ့ရတာပါ““။
မေး--“”ကိုသန်းတင်ပြောမှ ကိုမြ၀င်းသတိထားမိတာပေါ့။”“
ဖြေ-- ““ဟုတ်ကဲ့““
မေး--““ဂိုထောင်တံခါး ချိပ်ဖွင့်တဲ့ အခါမှာ ကိုမြ၀င်းနဲ့ ကိုသန်းတင် အတူတွဲပြီး ဖွင့်ကြလေ့ရှိလား။အဲဒီနေ့ မနက်ကရော အတူတူ ချိပ်ဖွင့်ခဲ့ကြတာလား”“။
ဖြေ--“”ချိပ်ပိတ်ရင်တော့ ကျွန်တော်တို့ စတိုမန်းနှစ်ယောက်ရယ်၊စက်ရုံမှူးရယ် အတူတူ ချိပ်ပိတ်ကြပါတယ်။မနက်ဘက် ချိပ်ဖွင့်ရင်တော့ ကိုသန်းတင် တစ်ယောက်ပဲ ဖွင့်ဖြစ်တာများပါတယ်။တစ်ယောက်ပဲဆိုတာ နောက်မှာတော့ ကျွန်တော် အမြဲရှိနေပါတယ်။တံခါးသော့ကို ကိုင်ဖွင့်တာတော့ ကိုသန်းတင် ပဲ ဖွင့်တာပါ။“”
“”ကျေးဇူးတင်ပါတယ်“”။
တရားသူကြီးမင်းအား အရိုအသေပေးပြီး ဦးပွားထိုင်ချလိုက်သည်။ထို့နောက် တိုက်ပုံ အိတ်ကပ်ထဲမှ လက်ကိုင်ပ၀ါ ကို ထုတ်ပြီး ခေါင်းငုံလိုက်ကာ မျက်နှာတစ်ပြင်လုံး ချွေးသုတ်လိုက်သည်။ဦးတူ ရုံးတော်ကို အရိုအသေပေးရင်း မတ်တပ်ရပ်လိုက်သည်။ ”လေးစားအပ်တဲ့ တရားသူကြီးမင်းခင်ဗျား၊ကျွန်တော့် အမှုသည် တရားခံ ကိုသန်းတင်ကို စစ်မေးမှာ ဖြစ်ပါတယ်“”
မေး--“”ကိုသန်းတင် ကို စက်ရုံမှူးက ဂိုထောင်သော့ ပေးကိုင်တာ အခင်းဖြစ်ပွားတဲ့ အချိန်နဲ့ဆိုရင် ဘယ်လောက်ကွာပါသလဲ။”“
ဖြေ--”“နှစ်လလောက်ပဲ ရှိပါသေးတယ်““။
မေး--““အိုဗာတိုင်း ပြီးသွားတဲ့အချိန်မှာ အလယ်ရုံးကို ဖွင့်ပြီး ဂိုထောင်သော့ထားလည်း ရရက်နဲ့ ဘာကြောင့် ကိုသန်းတင်ကို သော့ပေးလိုက်တယ်လို့ ထင်ပါသလဲ။““ဖြေ--“”အဲဒါတုန်းကတော့ သေချာ ကျွန်တော်မသိပါဘူး။အခု ဂိုထောင်ဖောက်ထွင်းခံရတဲ့အခါမှာ ဂိုထောင်သော့ ကိုင်ထားတဲ့ ကျွန်တော့်ကို အမှုကျုးလွန်မယ် ဆိုတဲ့ မသင်္ကကာမှုနဲ့ တရားစွဲဆို ခံရပါတယ်။ဒါဟာ ကြိုတင် ကြံစည်ပြီး သော့ပေးထား တာများလားလို့ ကျွန်တော် တွေးမိပါတယ်။”“ “”ကျေးဇူးတင်ပါတယ်။”“
ကိုသန်းတင် အဖြေစကားကို ကြားရသည့် စက်ရုံမှူး ဦးသိန်းငွေသည် အံ့သြသွားရသည်။ပင်ကိုယ် အနေအေးဟန်ဖြင့် စကားနည်းတတ်သည့် သူ့ စတိုမန်း ပါးစပ်မှ ထွက်လိုက်သည်မှာ ဟုတ်ပါလေစ ဟုပင် တွေးမိသည်။ဒေါ်သန်းသန်းကတော့ ခေါင်းကို နံရံသို့မှီလိုက်မိသည်။သွေးနုသားနုနှင့်မို့ တရားရုံးသို့ မလိုက်ခဲ့ရန် ယောကျာ်းက တားသည်ကို မရ အရ လိုက်ခဲ့မိသည်။
မေး-- “”စက်ရုံမှူး ဦးသိန်းငွေခင်ဗျား။ဒီ အလတ်စားစက်ရုံကြီးဟာ ဦးသိန်းငွေ လက်ထက်မှာမှ အသစ် တည်ထောင်တာဖြစ်ပြီး ပထမဦးဆုံး စက်ရုံမှူးဖြစ်တယ်လို့လည်း သိထားပါတယ်။ဒီတော့ စက်ရုံမှူးသက်တမ်း လေးနှစ်ကျော်အတွင်း မှာ စတို ဂိုထောင်ကို စစ်ဆေးမှုတွေ ဘယ်နှစ်ကြိမ် လုပ်ခဲ့ဖူးပါသလဲ။”“
ဖြေ--””လေးကြိမ်လောက်တော့ လုပ်ခဲ့ဖူးပါတယ်။““
မေး-“”တစ်နှစ်မှ တစ်ကြိမ်လောက်ပဲ လုပ်တဲ့ သဘောပေါ့နော်။”“
ဖြေ--“”ဟုတ်ကဲ့ ဆိုပါတော့“”။
မေး--““အခုမှ ချက်ချင်းဆိုသလို ဂိုထောင်က စာရင်းတွေကို စစ်ဖို့ လုပ်တာ ဘာကြောင့်ပါလဲ။”“
ဖြေ--“”ချက်ချင်းဆိုသလိုတော့ မဟုတ်ပါဘူး၊စစ်မယ် လို့ စဉ်းစားထားပြီးသားပါ။သောကြာ နေ့လယ်ကတော့ ဂိုထောင်ဘက်ရောက်ရင်း တနင်္လာနေ့ စာရင်းစစ်မယ်လို့ ပြောလိုက်မိတာပါ။
မေး--စာရင်း မစစ်ခင် ဂိုထောင်သော့ကို စတိုမန်းကို ပေးထားတာ၊အထူးသဖြင့် ကျွန်တော့်အမှုသည် ကိုသန်းတင်ကို ပေးထားတာဟာ ဘယ်လိုရည်ရွယ်ပါလဲ၊အခု စတိုမန်းကို မယုံကြည်လို့ တရားစွဲဆိုခြင်းဆိုရင် သူခိုးကို သော့ပေးထားသလို ဖြစ်နေမယ်လို့ စက်ရုံမှူး ဖြစ်တဲ့ ဦးသိန်းငွေ မတွေးမိခဲ့ဘူးလား ခင်ဗျား။ ဒါဆိုရင်--“”
”ကန့်ကွက်ပါတယ်“
ဦးပွားသည် တရားသူကြီးမင်းအား အလျင်စလို လှမ်းပြောလိုက်သည်။
ကန့်ကွက်ချက်ကို တရားသူကြီး မဆုံးဖြတ်ရသေးမီ ဦးတူသည် အချိန်မီ ဆုတ်ခွာလိုက်သည်။ဆက်မမေးတော့ဘဲ ရပ်ထားလိုက် သည်။တရားသူကြီး၏ ကန့်ကွက်သံလည်းမကြား၊ဦးတူ၏ မေးခွန်းသည်လည်း မဆက်တော့သည့်အခါ
ဦးသိန်းငွေ ဘာဆက်လုပ်ရမှန်း မသိတော့။သည် အဖြေကို ဦးသိန်းငွေ ဖြေချင်ပါသည်။ရုံးတော်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ဖြေ--“”စစ်တပ်က စစ်သားတွေကို သေနတ်ပေးထားတာဟာ ဓားပြတိုက်ဖို့၊ခိုးဆိုး လုယက်ဖို့ မဟုတ်ပါဘူး။တိုင်းပြည်အတွက် ရန်သူတွေကို တိုက်ခိုက်ဖို့ အပြင်၊လိုအပ်ရင် မိမိကိုယ်ကိုလည်း ကာကွယ်ဖို့ဖြစ်ပါတယ်။ကျွန်တော့် စတိုမန်းကို ဂိုထောင်သော့ ပေးထားတာဟာ ဒီသဘောနဲ့ အလားတူပါပဲခင်ဗျား ။”“
+++++++++++++++++++++
”အမိန့်“
တရားသူကြီးလေသံသည် တည်ငြိမ် ပြတ်သားနေသည်။ဦးသိန်းငွေ ခါးမတ်ထိုင်လိုက်မိသည်။
““တရားခံများ ဖြစ်ကြသော အဘ ဦးတင်အောင်၏သား ဦးသန်းတင်နှင့် အဘ ဦးမောင်ခ၏သား ဦးမြ၀င်းတို့ကို စတို ဂိုထောင်ဖောက်ထွင်းမှုနှင့် ပက်သတ်၍ စတိုမန်းများတွင် တာဝန်အရှိဆုံး ဖြစ်သည်ဟု ရုံးတော်မှ ယူဆပါသည်။
ထို့ အတွက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ အပက (၃) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်သည်။ချူပ်ရက်များပါ ထည့်သွင်း အကျုံးဝင်သည်။”“
စခန်းမှူးကြီး နှင့်တရားသူကြီးတို့သည် ပရိသတ်ကြားမှ တိုးထွက်လာပြီး ဦးသိန်းငွေအားလာနှုတ်ဆက်ကြသည်။အမှုကာလ တစ်လကျော်အတွင်း ၀န်ထမ်းများသာမက ၀န်ထမ်းမိန်းမများနှင့် ကလေးများပါမကျန် ကျီးလန့်စာစား နေခဲ့ကြရသည်။ညနေဘက်တွင်တော့ နာရေးသတင်းတစ်ခုရောက်လာသည်။ကိုသန်းတင် အမေ နောက်ဖေး ရေကပြင်တွင် ဦးနှောက်သွေးကြောပြတ်ပြီး လဲကျသေဆုံးသွားပြီတဲ့။ဦးသိန်းငွေ ရင်ထဲတွင် နေလို့မကောင်း၊ယောက်ျားလုပ်သူက ငြမ်းပေါ်မှ ပြုတ်ကျသေဆုံးပြီး ရက်ပိုင်းအတွင်း သားလုပ်သူက ထောင်ကျဖို့ အမိန့်ချမှတ်ခံရသည်။သည်စိတ်များကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးသွားတာ များလား။ဝန်ထမ်း သာယာရေး၊နာရေးအဖွဲ့ကို ခေါ်ပြီး နောက်တစ်ကြိမ် ကိုသန်းတင်တို့အိမ်သို့ ဦးသိန်းငွေ ရောက်ရပြန်သည်။ရုံးတော်မှ အမှုပြီးဆုံးသည့်အခါ သက်ဆိုင်ရာမိခင်ဌာမှ ကိုမောင်မောင်အား ၀န်ထမ်းစည်းမျဉ်းအရ အရေးယူသည်။ကိုမောင်မောင် တာဝန်မှ ရပ်စဲခံရသည်။တစ်လအတွင်း အလတ်စား စက်ရုံဝန်းအတွင်းမှ ထွက်ခွာပေးရမည်။ကိုမောင်မောင်တို့ပြောင်းရွှေ့သည့် နေ့မှာပင် သတင်းဆိုးတစ်ခုက မြို့ကလေးတွင် ပျံ့နှံ့နေသည်။ထိုသတင်းဆိုးသည် အလတ်စား စက်ရုံဝန်းအတွင်းသို့ ခဏချင်းမှာပင် ရောက်လာခဲ့သည်။မြို့ကလေး၏ ဘောလုံးကွင်း အတွင်းတွင် လူတစ်ယောက် ဓားထိုး အသတ်ခံရသည်။အသတ်ခံရသူသည် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ဖူးသူ ဖြစ်သည်။အမျိုးသမီး၏ လင်ယောက်ျားသိသွားသည့်အခါ တရားဝင်ကွာရှင်းပေးလိုက်ပြီး ထိုသူ့လက်သို့ ထည့်လိုက်သည်။သို့သော် ထိုသူက တရားဝင် မယူလိုကြောင်း ငြင်းဆန်လိုက်သည်။ထိုအခါ အမျိုးသမီး၏ လင်ယောက်ျားနှင့် မောင်နှစ်ယောက် ပူးပေါင်းကာ ဘောလုံးကွင်းထဲတွင် သတ်ပစ်လိုက်ကြသည်။ထိုသူသည် ကိုသန်းတင်၏ တစ်ဦးတည်းသော ညီဖြစ်နေသည်။အလတ်စား စက်ရုံဝန်းတစ်ခုလုံး အံ့သြသံ၊ဝေဖန်သံတို့ဖြင့် ဆူညံသွားကြသည်။ခုနစ်ရက်သားသမီးများကို စိတ်ဆင်းရဲအောင် လုပ်ခဲ့ကြ ၍ ကံကြမ်္မ်္မာက အပြစ်ပေးခြင်း ဖြစ်သည် ဟု ပြောဆိုနေကြသည်။
+++++++++++++++++++++
အခန်း (၂)
၁၉၉၈ ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးပတ်။ညွှန်ကြားရေးမှူး ဦးသိန်းငွေ တစ်ယောက် ခရီးသွားဖို့ ပြင်ဆင်နေသည်။မန်္တလေးတိုင်း၏ နယ်မြို့လေး တစ်မြို့သို့ ဌာနတွင်း အမှုတစ်ခု သွားရောက် စစ်ဆေးရမည်။ထိုနယ်မြို့မှ တာဝန်သိ ပြည်သူတစ်ယောက်အနေဖြင့် အမှုတစ်ခုကို ဌာနသို့ တိုင်ကြားလာပါသည်။မြို့ကလေးရှိ ဦးသိန်းငွေတို့ ဌာန၏ စခန်းတစ်ခုသည် လောင်စာဆီများကို ဆီဘောက်ဆာလိုက် ရောင်းချနေသည်ကိုတွေ့ရှိရကြောင်း။အစိုးရဌာနပိုင် ဆီများကို ထိုကဲ့သို့ ပေါ်ပေါ်တင်တင် ဘောက်ဆာလိုက် ရောင်းစားနေသည်မှာ အမြင်မတော်ပါသဖြင့် သက်ဆိုင်ရာ ဌာနမှ အရေးယူပေးပါရန် ရုံးချုပ်သို့ တိုင်ကြားလာခြင်းဖြစ်သည်။စခန်းတာဝန်ခံ မြို့နယ် အရာရှိလေးသည် မကြာခင်ကမှ ဒု-ဦးစီးမှူးတာဝန်မှ ဦးစီးအရာရှိသို့ တိုးမြှင့်ခံထားရသူ ဖြစ်သည်။ဦးသိန်းငွေ ဦးဆောင်သည့် စစ်ဆေးအဖွဲ့တို့ မြို့ကလေးသို့ ညရနာရီလောက် ရောက်သွားကြသည်။စခန်းတာဝန်ခံ ဦးစီးအရာရှိက ညစာကို လိုလေးသေးမရှိပြင်ဆင်ထားပေးသည်။အေးချမ်းလွန်းသည့် အညာဆောင်းကို ကာကွယ်နိုင်ရန် မိုတယ် ကောင်းကောင်းတစ်ခုတွင် နေရာချထားပေးသည်။မြို့ကလေးတွင် သည်လောက်ကောင်းသည့် မိုတယ်ရှိနေခြင်းကို ဦးသိန်ငွေ အံ့သြသွားရသည်။ဦးသိန်းငွေတို့အဖွဲ့ကို မိုတယ်တွင် ထားခဲ့ပြီး ဦးစီးအရာရှိ ကိုတင်ထွန်းတို့ ပြန်သွားကြသည်။ ယခင်က မိမိက စစ်ဆေးခံဘ၀နှင့်ရှိခဲ့ဖူးရသည်၊ယခုအခါ စစ်ဆေးရေးမှူးဘ၀ဖြင့် ရောက်ရှိလာရသည်။ဘယ်လိုပင် ဖြစ်ဖြစ်
အမှုအခင်းဖြစ်ပြီဆိုမှတော့ မကောင်း။ကိုတင်ထွန်းပုံကြည့်ရသည်ကတော့ သိပ်စိတ်ပင်ပန်းနေပုံ မရ။ကိုယ့်တုန်းကတော့ စိတ်ရောလူပါ ယောက်ယက်ခတ်ခဲ့ရသည်။သည်နေ့ခေတ် လူငယ်တွေ ကိုယ်တွေထက် စာလျှင် လောကဓံကို ခံနိုင်ရည်ပို ရှိပုံရသည်။
ကိုတင်ထွန်းနှင့်သူ့ကတော် သည် မိုတယ်သို့ မနက်အစောကြီးရောက်ချလာသည်။ငယ်ရွယ်လှပသည့် အရာရှိကတော်၏ အပြင်အဆင်တို့က ခေတ်မီလွန်းနေသည်ဟု ဦးသိန်းငွေခံစားရသည်။မနက်စာကို မြို့ကလေး၏ နံမည်ကြီး မြီးရှည်ဆိုင်တွင် လိုက်ကျွေးသည်။ပြီးနောက် စခန်းရုံးသို့ လာခဲ့လိုက်ကြသည်။ရုံးသို့ရောက်ရောက်ချင်း ကိုတင်ထွန်း၏ အမေးမှာ ““ဆရာတို့ နေ့လည်စာကို ဘာဟင်းနဲ့ စားချင်ပါသလဲ၊ဆိုင်မှာ လိုက်မကျွေးဘဲ ရုံးမှာ ချက်ကျွေးမှာမလို့ပါ။ကျွန်တော့်ဆီက ထွန်စက်မောင်း တစ်ယောက်က ဟင်းချက် တော်တော်ကောင်းတယ်ခင်ဗျ”“
“ဘာဖြစ်ဖြစ် ရပါတယ် ကိုတင်ထွန်းရယ်။ကျွန်တော်တို့ အမှုအကြောင်းပဲ နည်းနည်း ပြောရအောင်”“။
“ရပါတယ် ညွှန်မှူး၊အမှုအကြောင်းလည်း ပြောမှာပါ၊အခု ဈေးလွတ်လိုက်မှာမလို့ အရင်မေးတာပါ”“။
ဘာဖြစ်ဖြစ် အဆင်ပြေကြောင်းသာ ဦးသိန်းငွေ ထပ်ပြောလိုက်ရတော့သည်။ဦးသိန်းငွေတို့ စက်ရုံမှူးဘ၀တုန်းက ရုံးချုပ်မှ အထက်လူကြီးများလာလျှင် ကြောက်ရသည်။အမှုအခင်းဖြစ် ၍ ရောက်လာကြသည်ဆိုတော့ ပိုလို့ကြောက်မိသည်။ကိုတင်ထွန်းကတော့ လေးစားသည့် ပုံပြသော်လည်း၊ကြောက်ရွံ့နေသည့်ပုံမပေါ်။
“လက်နှိပ်စက် စာရေးကို ခေါ်ထားပေးပါ ကိုတင်ထွန်း----၊ကျွန်တော်တို့ အပြန်အလှန် စစ်မေးတာတွေ မှတ်တမ်းတင် လိုက်ရိုက်ခိုင်းထားပါ။အပြန် ရုံးချုပ်ကို တစ်ပါတည်း ယူသွားလို့ ရတာပေါ့”“
““ဟုတ်ကဲ့ ညွှန်မှူး အားလုံး အဆင်သင့်ပါ““။
““ဆီဘောက်ဆာလိုက် ရောင်းချတယ်လို့ တိုင်ကြားလာတာ ဟုတ် မဟုတ် အရင် ပြောပါအုံး”“
““ရောင်းစားတာ မဟုတ်ပါဘူး ညွှန်မှူး၊ခဏ အပ်ထားတာပါ“”
“ဌာနပိုင် ဆီတွေကို အခြားမှာ အပ်ထားလို့ မဖြစ်ဘူးလေ။”“
“ကျွန်တော်တို့ နယ်စခန်းတွေမှာ ဆီလှောင်ကန်တွေ အလုံအလောက်မရှိပါဘူး၊ဒါကြောင့် ဆီကုန်သည်တွေက သူတို့ဆီမှာ ကန်အလွတ်တွေရှိတယ်ဆိုလို့ ခဏပို့ထားတာပါ၊ညွှန်မှူး လိုက်မေးကြည့်လို့ ရပါတယ်။”“
““ဒါဆိုလည်း ရုံးချုပ်ကို ကြိုတင် အကြောင်းကြားသင့်တယ်၊အခု ပြင်ပကလူ ပြောမှဆိုတော့ အမှုအခင်းသဘောမျိုး ဖြစ်သွားတာပေါ့၊““
“”ဒီမြို့မှာက အလုပ်အားနေတဲ့သူတွေ ပေါတယ် ညွန်မှူး၊အလုပ်မရှိ အလုပ်ရှာ အဲဒီလိုပဲ တိုင်စာပစ်နေကြတာ။သူတို့ တိုင် တိုင်းသာ လိုက်စစ်ရရင် ဒီမြို့မှာ အမြဲတမ်း အမှုရှိနေလိမ့်မယ်”“။
နေ့လည်စာ စားပြီးသည့်အချိန်တွင် ဦးသိန်းငွေနှင့်စစ်ဆေးရေးအဖွဲ့တို့ ဆီကုန်သည်များဆီသို့ ရောက်သွားကြသည်။ဆီလှောင်ကန်ကြီး လေးကန်သည် ကျယ်ဝန်းသည့် ၀န်းကြီးထဲတွင် ရှိနေသည်။ရည်ရည်မွန်မွန် ရှိကြသည့် ဆီကုန်သည်များက ကိုတင်ထွန်း ဆီ တစ်ဘောက်ဆာ အပ်ထားကြောင်း သက်သေခံပေးကြသည်။ထိုနေ့ညနေစာကို ဆီကုန်သည်များက ဧည့်ခံလိုက်ကြသည်။ညဘက် အနည်းငယ် မိုးချုပ်မှ မိုတယ်သို့ ပြန်ရောက်ကြသည်။ကိုတင်ထွန်းတို့ အဖွဲ့ပြန်သွားကြပြီး ဦးသိန်းငွေကို တွေ့ချင်သည့် ဧည့်သည် တစ်ယောက်ရောက်လာသည်။
“ကျွန်တော်နံမည် အောင်မောင်းပါ၊ဆရာတို့ ရုံးချုပ်ကို တိုင်ကြားစာ ပို့သူပါ““။
ဦးသိန်းငွေလည်း ဧည့်သည်ကို မိုတယ် ဧည့်ခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။
“မနေ့ကတည်းက ဆရာတို့ ရောက်နေတာ ကျွန်တော်သိတယ်၊အရေးတယူ လာစစ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်၊ဒါပေမဲ့ ဒီနေ့တော့ ဆရာတို့ ဆီကန်ကြီးဘက် သွားတယ် သတင်းကြားလို့ လာတွေ့တာပါ။””
ဦးသိန်းငွေ စကားမထောက်ပေးဘဲ နားထောင်နေလိုက်သည်။ ““ဘယ်ဌာန လူကြီး လာစစ် လာစစ် သူတို့ထောင်ချောက်ထဲရောက်သွားကြတယ်ဆရာ၊အဆင်မသင့်ရင် တိုင်ကြားတဲ့သူကို သိသွားတာပဲ အဖတ်တင်တယ်။သိသွားရင်လည်း ဒီမြို့ကလေးမှာ ဘာမှ လုပ်စားလို့မရတောဘူးဆရာ။“”
“”ဒီတော့ အမှုကို ပေါ်အောင် စစ်ပေးစေချင်ပါတယ် ဆရာ။ကျွန်တော်တို့ မြို့မှာ လာဘ်စားမှုလို့တောင် ခေါ်လို့မရတော့တဲ့၊ပြည်သူပိုင် ပစ်္စည်း အပျောက်ရိုက်မှုတွေ သိပ်များနေတယ်ဆရာ။“”
“ဒီမြို့ရဲ့ သက်ဆိုင်ရာရဲစခန်း၊တရားရုံးတွေကို တိုင်ပေါ့ဗျာ”“။ ဦးသိန်းငွေ စိတ်ထဲရှိသလို ပြောလိုက်မိသည်။
“အမလေး ဆရာရေ မြို့နယ် အုပ်ချုပ်ရေးမှူး၊စခန်းမှူးနဲ့ တရားရေးအဖွဲ့ တွေကို သူတို့က အိတ်ထောင်ထဲ ထည့်ထားတာ၊ကြိုက်တဲ့မြို့ကလာ၊ကြိုက်တဲ့ အရာရှိ အသစ်ပြောင်းလာ သူတို့က ပုံစံခွက်ထဲရောက်သွားရော။”“
““ဒါဆိုလည်း သူတို့ အရပ်နဲ့သူတို့ ဇာတ် အဆင်ပြေနေသားပဲ ကို ----ဘယ်သူ ”“
“အောင်မောင်းပါ ဆရာ““
“အေးလေ ကိုအောင်မောင်းရဲ့ ဘာကို စိတ်ပူပေးနေတာလဲ”“
““စိတ်ပူရတယ် ဆရာ။ပိုက်ဆံ အလွယ်တကူ ရနေတဲ့ အဲဒီ အရာရှိတွေ ဒီမြို့က ပြောင်းသွားကြရင် ဒီမြို့က မိန်းကလေး တစ်ယောက် ဘ၀ပျက်ကျန်ခဲ့တယ်။သူတို့ချည်းပဲ အပြစ်မပြောပါဘူး ။မိန်းကလေးတွေ အပြစ်လည်း ပါပါတယ်“။“ကျွန်တော်မြို့မှာ အနှိပ်ခန်းမရှိဘူး၊ဇိမ်ခန်းမရှိဘူးဆရာ၊အမြင့်ဆုံးက ကာရာအိုကေ အခန်းတွေပဲရှိတယ်။ငွေကြေးပေးပြီး ပျော်ပါးစရာ မိန်းကလေးတွေ မရှိဘူး။အဲဒီတော့ အတည်ကြံမှ ရမယ်။ဒီမြို့မှာ နေတုန်းတော့ အတည်ပေါ့ ဆရာရယ်။ပြောင်းလည်း သွားကျရော တာဝန်ယူစရာမလိုဘူး၊လှည့်မကြည့်ကြတော့ဘူး။“
ဆက်တိုက် စကားပြောနေသူက ကိုအောင်မောင်းဖြစ်သော်လည်း နားထောင်သူ ဦးသိန်းငွေ မှာ မောနေတော့သည်။
“ဒီလိုသာ ဆက်သွားနေရင် မြို့မှာ အမျိုးကောင်းသမီး ကျန်မှာ မဟုတ်တော့သလို၊ဒီမြို့က ဌာနဆိုင်ရာတွေလည်း အားလုံးပျက်တော့မယ်။အတိုချုံး ပြောရရင် နိုင်ငံနစ်နာတယ်ဆရာ။ကျွန်တော်စိတ်ပူနေတာ အဲဒါပဲ။“”
““ကျွန်တော်လည်း ဆီစာရင်း အပါအ၀င် စခန်းရဲ့ ပစ်္စည်း စာရင်းတွေ စစ်ကြည့်အုံးမှာပါ။တစ်ကယ် အမှုကျူးလွန်ထားတာ ဆိုရင် ဌာနတွင်း အပြစ်ပေး အရေးယူမှုတွေ လုပ်ရမှာပေါ့။”“
ကိုအောင်မောင်းနှင့်အချိန် အတော်ကြာကြာ စကားဆက်ပြောဖြစ်သည်။ယခင်က ကျောင်းဆရာလုပ်ခဲ့ဖူးသည်။ယခုတော့ မြို့ကလေးတွင် ကျူရှင်ဆရာအလုပ် ဖြင့် အသက်မွေးသည်။မန်္တလေးတိုင်းတွင်း နယ်မြို့ကလေးများတွင် အခမဲ့စာသင်ပေးခြင်း အပါအ၀င် အခြား ပရဟိတများကို တစ်ကိုယ်တော် ဆောင်ရွက်နေခြင်းဖြစ်သည်။ဌာနတစ်ခုခု မှ ဦးစီးအရာရှိတစ်ယောက် ယောက် အပြစ်ပေးခံရဖူးလျှင် အခြားဌာနများလည်း နည်းနည်းတော့ ရှိန်သွားနိုင်သည် ဟု ကိုအောင်မောင်းက ယူဆနေသည်။ကိုအောင်မောင်း ပြန်သွားသော်လည်း ဦးသိန်းငွေတစ်ယောက် တော်တော်နှင့် အိပ်မပျော်။နောက်တစ်နေ့ စခန်းရောက်တော့ ဦးသိန်းငွေတို့အဖွဲ့ ဆီစာရင်းများကို စစ်ကြည့်ကြသည်။စာရင်းရှိနှင့် လက်ရှိကွာဟ နေသည်ကိုတွေ့ရသည်။စာရင်းတွင်ရှိသော လယ်ယာသုံးစက်ကိရိယာ အပို ပစ်္စည်းများသည်လည်း ဂိုထောင်ထဲတွင် ရှိမနေ။ဆီနှင့်ပတ်သက်သည့် အမှုဖြစ်သော်လည်း ဂိုထောင်ထဲရှိ ပစ်္စည်း စာရင်းများပါ ဦးသိန်းငွေ စစ်ခဲ့တော့သည်။ထိုအခါမှ နောက်တစ်မှု ထပ်ပေါ်တော့မည်။စခန်းအတွက် ခွဲတမ်းရသည့် ပစ်္စည်း များကို ကျိုက်္က်္ကလို့ဂိုထောင်မှ သွားရောက် ထုတ်ယူရသည်။ထုတ်ယူသည့် စာရင်းသာပြပြီး တစ်ကယ် မထုတ်ခဲ့ကြ။ထိုဂိုထောင်တွင် လာဝယ်ကြသည့် ပွဲစားများထံ ရောင်းခဲ့လိုက်ကြသည်။မည်သည့် နေရာတွင် မဆို ပြန်ဝယ်ယူလို့ ရနေသည့် ပစ်္စည်းများ အတွက် သယ်ယူပို့ဆောင် စရိတ် အပိုမကုန်တော့။ထားသိုစရာ ဂိုထောင်နေရာပင် စဉ်းစား စရာမလိုဟု ဆိုသည်။သည် စခန်းတစ်ခုတည်းမဟုတ်၊နယ်စခန်း အားလုံး ထိုသို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ကွာဟနေသည့် ဆီစာရင်းစစ်သည့် အချိန်တွင် ဦးသိန်းငွေ တစ်ယောက် မည်သို့ ဆက်လက် ဆောင်ရွက်ရမည်ကို မသိတော့။စခန်းအတွက် ရရှိသည့် ဆီခွဲတမ်းထဲမှ ညွှန်ချုပ်အတွက် သီတင်းကျွတ် ဂါရ၀။ဘက်ဂျက်ညွှန်မှူးအတွက် လက်ဆောင်၊တိုင်းဦးစီးမှူးအတွက် တံစိုးပဏာ စသည် စသည်။ထို့ပြင် ထွန် ဧက အတက်ပြရန် အတွက်ရောင်းချလိုက်ရသည့် ဆီဂါလံများ အကြောင်း။လယ်သမားများမှ လယ်ဧကထွန်ယက်ရန် အတွက် စခန်းမှ ထွန်စက်ငှားကြရသည်။တစ်ဧကလျှင် ဌာနမှ သတ်မှတ်ထားသည့် နှုန်းထားများပေးသွင်းရသည်။ကုန်သွားသည့် ဆီပမာဏနှင့် ထွန်ယက်ပြီးသည့် ဧကတွက်ချက်ကာ ရုံးချုပ်သို့ ငွေပေးသွင်းရသည်။နယ်မြို့ အသီးသီးမှ တက်လာသည့် ဧကကို ကြည့်ပြီး မြန်မာတစ်နိုင်ငံလုံး စပါးစိုက်ပျိုးဧက မည်မျှ ပြီးစီးသွားကြောင်း ရုံးချုပ်မှ စာရင်းထုတ်ပြန်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ပေးပို့ရသည်။အမှန်တစ်ကယ် လယ်သမားများက ထွန်စက် ငှားရမ်း မထွန်ကြသောအခါနယ်စခန်းများက ခွဲတမ်း ဆီများကိုရောင်းပြီး ထွန်ယက်ဧက စာရင်း ပြကြလေသည်။ကိုတင်ထွန်း ရှင်းပြနေသည်များကို နားထောင်ရင်း ဦးသိန်းငွေ လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ဦးသိန်းငွေတို့ စစ်ဆေး အဖွဲ့ပြန်သွားလျှင် စာရင်းစစ် အဖွဲ့အတွက် ဧည့်ခံကုန်ကျစရိတ်သည် ဆီပေပါထဲမှလား၊ဂိုထောင် ပစ်္စည်းပုံထဲမှ ဖြစ်မည်လား ဟု ဆက်တွေးနေမိသည်။
ရုံးချုပ်သို့ ပြန်ရောက်ပြီး စစ်ဆေးလာသည့် အကြောင်းစုံ ကို ညွှန်ချုပ်ထံသို့ တင်ပြရသည်။ဌာနတွင်း အမှုဖြစ်ပြီဆိုလျှင် ရာထူးချထားခြင်းကို အရင်ဆောင်ရွက်လေ့ ရှိသည်။သို့သော် ဒါရိုက်ဘုတ် အဖွဲ့ အဆုံးအဖြတ်သည် ကိုတင်ထွန်းအတွက် ရာထူးချထားရန် မလိုဟူ ၍ ဖြစ်သည်။နောက်တစ်ခေါက် မြို့ကလေးသို့ ဦးသိန်းငွေ ပြန်ရောက်လာရသည်။စာရင်းဇယားများ၊ဂိုထောင်ရှိ ပစ်္စည်းများကို တိုက်ယူစစ်ဆေးရသည်။မြို့ကလေးတွင် အထိုင်နေပြီး ရုံးချုပ်သို့သတင်းပို့ရသည်။တစ်ပတ်လောက် နေထိုင်ပြီးအမှုကို အပြီးသတ်နိုင်ခဲ့သည်။စခန်းမှူး ဦးစီးအရာရှိ ကိုတင်ထွန်းအား ရုံးချုပ်သို့ ခေါ်ယူ သတိပေးခြင်းဖြစ်သည်။ခံဝန်ဂတိကိုလည်း ဒါရိုက်တာဘုတ် အဖွဲ့ရှေ့တွင် ထိုးခိုင်းအုံးမည်ဟု ဖုန်းသတင်းအရ သိရသည်။မနက်ဖန်ရန်ကုန်သို့ ဦးသိန်းငွေ ပြန်တော့မည်ဖြစ်သည်။ကိုတင်ထွန်းပါ အတူလိုက်ပါရမည်
ဖြစ်သော်လည်း စုပေါင်းရှင်ပြု အလှူရှိနေသဖြင့် နောက်တစ်ပတ်မှ လိုက်ခဲ့မည်ဖြစ်သည်။မပြန်ခင် ကိုအောင်မောင်းနှင့် တွေ့ချင်သေးသည်။သည်တစ်ခါ တွေ့လျှင် ဦးသိန်းငွေမှာလည်း ပြောစရာ စကားတွေ အများကြီးရှိနေပြီဖြစ်သည်။
ကိုတင်ထွန်း ဖိတ်ခေါ်သဖြင့် မြို့ကလေး၏ ဘုန်းကြီးကျောင်းသို့ ရောက်ခဲ့ရသည်။ကျယ်ဝန်းသည့် ပရ၀ဏ်အတွင်း အရိပ်ရ အပင်များလည်း အများကြီးရှိနေသည်။ဦးသိန်းငွေတို့ ရောက်သွားချိန်တွင် ကျောင်းထိုင်ဘုန်းကြီးက ကျောင်းအောက်တွင် ရောက်နေသည်။ကျောင်းပေါ်မတက်တော့ဘဲ ဦးသိန်းငွေတို့ အဖွဲ့ ဘုန်းဘုန်းကို ကန်တော့ကြသည်။
“အရှင်ဘုရား သိမ်ဆင်းလောင်းမဲ့ရက်ကို တပို့တွဲ လပြည့်နေ့ လုပ်ချင်ပါတယ်။ တနင်္ဂနွေ နေ့ ကျပါတယ် ဘုရား ။တပည့်တော်က ရန်ကုန်ကို တာဝန်နဲ့ သွားရအုံးမှာမို့ အလှူရက်ကို ရှေ့တိုးလိုက်တာ အရှင်ဘုရား အဆင်ပြေပါရဲ့လား။””
“ပြေပါတယ် ကိုတင်ထွန်း ရှင်လောင်း အပါးရေကရော အတိုးအလျှော့ ရှိသေးလား““
““မရှိပါဘူး ဘုရား အရင်ပြောထားတဲ့ အပါးသုံးဆယ် ပါပဲ။ဝန်ထမ်း သားတွေရယ်၊စခန်းနဲ့ကပ်ရပ် မယ်ဇယ်တန်းရက်ကွက်က ကလေးတွေရယ်၊အောက်ပြည်က လာအလုပ် လုပ်နေကြတဲ့ ကျောက်ထုဘက်က ကလေးတွေရယ်ပါပဲ ဘုရား။”“
ကိုတင်ထွန်းနှင့် စကားပြောနေရင်း ဘုန်းဘုန်းက ဦးသိန်းငွေဘက် လှည့်ကြည့်လိုက်သည်။
““တပည့်တော်တို့ ရုံးချုပ်က အထက်လူကြီးပါ ဘုရား။စီမံညွှန်မှူး ဦးသိန်းငွေပါ““
“ဧည့်သည် ပါတာ ကျောင်းပေါ်တက်အုံးလေ”
“မတက်တော့ပါဘူး ဘုရား။တပည့်တော်က ရန်ကုန်ပြန်တော့မှာမို့ ခဏနေ ကားဂိတ်ဆင်းရတော့မှာပါ။”“
“အင်း ဒကာ ကိုတင်ထွန်းတို့လို အလှူရှင်တွေ ရှိနေလို့သာ ညွှန်မှူးကြီးရေ၊သူက မြို့မှာ အလှူအတန်းကို အယုတ်အလတ်မရွေး လုပ်ပေးနေတာ။အခုလည်း ရှင်မပြုပေးနိုင်တဲ့ ကလေးတွေကို သူတစ်ဦးတည်း အလှူရှင် လုပ်ပြီး လှူပေးတာလေ။သူ့တို့မှာ ကလေးရှိတာလည်း မဟုတ်ဘဲနဲ့ ရှင်ပြုပွဲကို ငွေရော လူပါ အင်တိုက်အားတိုက် လုပ်ပေးနေတာ။လူ၊နတ် သာဓုခေါ်မှာပါ။ကိုတင်ထွန်း ဒီမြို့က ပြောင်းသွားရမှာတောင် စိုးရိမ်မိတယ်““။
“တင်ပါ့ဘုရား”
ဦးသိန်းငွေ ဘုန်းဘုန်းကို ပြန်လျှောက်တင်လိုက်သည့် အချိန် ကလေးတစ်ချို့၏ စာအံသံကို ကြားလိုက်မိသည်။အသံလာရာသို့ စောင်းငဲ့ကြည့်လိုက်သည့်အခါ ကလေးများကြားတွင် မားမားကြီးရပ်လျှက် စာသင်နေသည့် ကိုအောင်မောင်းကို တွေ့လိုက်ရသည်။တွေတွေကြီး စိုက်ကြည့်နေသည့် ကိုအောင်မောင်း၏ မျက်ဝန်းများကိုလွဲဖယ်လိုက်မိသည်။နတ်ကို စောင့်သည့် တရားများ အကြောင်းကိုတော့ အခွင့်သာလျှင် ကိုအောင်မောင်းအား ပြောပြချင်ပါသေးသည်။
သဲရေကျ
Posted by
Unknown
at
3:45 AM
Sunday, January 4, 2015
စာပေလောကတွင် ယနေ့အခါ အကြားရ အများဆုံး စကားသည် ရသစာပေ ပျောက်လာပြီ ဟူသည့်စကားဖြစ်သည်။ရွှေအမြုတေ စာပေ ၀တ်္ထုရှည်ဆုရ ဆရာသင်းရီ စကားငှားပြီး သုံးရလျှင် ရသစာပေ ပျောက်လျှင် လူတွေရိုင်းကုန်လိမ့်မည် ဟူ၍ဖြစ်သည်။ရသ စာပေ၀ိုင်းတွင် ကျွန်မ စာတွေ သွားဖတ်ဖြစ်နေသည်။လွန်ခဲ့သည့် တစ်ပတ်ကှုပ နြအ မှ ထိုတစ်ပတ်အတွက် စာလာ ဖတ်ပေးသူ စာရေးဆရာ၊ဆရာမများကို အင်တာဗျူးလုပ်သည်။ကျွန်မအလှည့်တွင် သုတ စာပေနှင့်ရသ စာပေကိုဘယ်လို ခွဲခြားသည်လဲ၊ဘယ်လို ဖန်တီးသည်လဲ ဟု မေးလာသည်။အခြားသူများအတွက် တော့မသိ စာရေးသူ ကျွန်မအတွက်တော့ အကြောင်းအရာ တစ်ခုသည် ရင်ထဲထိမိလာပြီ။ညွှတ်နူးခံစားလာရပြီဆိုလျှင် ရင်ထဲမှ အလိုလိုဖိတ်လျှံကြလာ၍ ရသစာပေများ ရေးသားဖြစ်သည်။ထို့အတူ အကြောင်းအရာတစ်ခုသည် အားမလို အားမရ ဖြစ်စရာ။ဒေါမနဿ ပွားစရာ၊ခံပြင်းစရာ ကောင်းလာလျှင် သုတ စာပေများကို ရေးသားဖြစ်ပါသည် ဟု ဖြေကြားခဲ့မိသည်။ကျွန်မတွင် ခွဲခြားနိုင်စွမ်း၊ဖန်တီးနိုင်စွမ်း ရှိ၍ မဟုတ်။ကျွန်မ ခံစားမိသလို ရေးခြင်း၊ပြောခြင်း ဖြစ်သည်။စာအုပ်တွေ ရောင်းအားကျခြင်းသည် စာဖတ်သူတွေ နည်းလာရခြင်းနှင့် သက်ဆိုင်သည်လား ဆိုသည့် မေးခွန်းကိုတော့ သိပ်မသက်ဆိုင်ဟု ဖြေခဲ့မိသည်။ဈေးကွက်တွင် ရောင်းအားကောင်းနေသည့် စာအုပ်များစွာ ရှိနေသည်။လူတွေ စာရွေးဖတ်လာကြတာဖြစ်နိုင်သည်။လူတွေ တောင့်တသည့် စာပေ အမျိုးအစား ပြောင်းသွားတာဖြစ်နိုင်သည်။ထိုသို့ ဖြေဖြစ်ခဲ့သည်။
ကိုယ့်အဖြေကိုယ် အိမ်ပြန်ရောက်တော့ စဉ်းစားကြည့်မိသည်။ရသစာပေ ကို ဘယ်လို လူမျိုးတွေ ဖတ်ဖြစ်နေသနည်း။စာဖတ်ဖို့ ဘယ်လို လူမျိုးတွေကို အရင် တိုက်တွန်းသင့်သနည်း။စိတ်ကျေနပ်သည့် အဖြေ မထွက်။သေချာသည် ကတော့ မနက်စာ စားပြီး၊ညနေစာ အတွက် စားစရာ အသင့်မရှိသူ၊ဒီနေ့စာ ရှိပြီး နောက်တစ်နေ့စာ အတွက် ပူပင်နေကြရသည့်သူ၊ရာသီဥတုကို တစ်ချိန်လုံးကြည့်နေပြီး အမိုးအကာမဲ့ ကျောတစ်နေရာစာအတွက် သောက များနေကြသည့်သူများ ဘာစာမှ ဖတ်နိုင်မည်မဟုတ်။တိုက်တွန်းလို့လည်း မရနိုင်။ထိုအခြေအနေမျိုး မဟုတ်သည့်တိုင် ကျန်းမာရေး ချို့ယွင်းနေသူများလည်း စာမဖတ်နိုင်။ဒါသည်က လူတန်းစား တစ်လွှာ။နောက်တစ်လွှာ သို့ ကျွန်မ စဉ်းစားကြည့်မိသည်၊စီးပွားရေး လုပ်ငန်းရှင်များ၊သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် ကြီးမားသည့် တာဝန်ယူထားရသည့်သူများ။သူတို့သည်လည်း သူတို့ အကြောင်းပြချက် ရှိနေနိုင်သည်။မြန်မာ့ စီးပွားရေး ဈေးကွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ထိုနယ်ပယ်နှင့်သက်ဆိုင်သည့် စာများသာ ဖတ်ချင်နေမည်၊ဖတ်နိုင်မည်။နယ်ပယ် အသီးသီးတွင် ကြီးမားသည့် တာဝန်ယူထားရသည့် သူများကလည်း စာဖတ်ခြင်းဆိုသည်မှာ လူကို လူက အုပ်ချုပ်ရသည့် နည်းလောက် အရေးမကြီး ဟု ထင်ကောင်း ထင်နိုင်သည်။သည် တစ်လွှာအတွက်လည်း ရသ စာပေ ဖတ်ပေးဖို့ တိုက်တွန်းရန် မဖြစ်နိုင်။နိုင်ငံရေးနယ်ပယ်ကို စိတ်ဝင်စားသူ၊နိုင်ငံ့ရေးရာများကို လုပ်နေသူများအတွက် သတင်းက ဆာလောက်မှုတစ်ခုလို မွတ်သိပ်နေပေလိမ့်မည်။အချိန်အတော်ကြာ အလင်း ပျောက်ခဲ့ရသည့် အတွက် မျက်စိပြန်မြင်စ သူများလို သတင်းသည်သာ ကိုးကွယ်ရာ၊သတင်းသည်သာ အသစ်အဆန်းဖြစ်စရာ ဖြစ်နေပေလိမ့်မည်။သည်တော့လည်း ရသစာပေ ဆိုသည်မှာ သူတို့တွေ အတွက်လည်း ဝေးဝေးသာ။
မဖြစ်နိုင်သည့် အလွှာများကို စဉ်းစားနေ၍ မဖြစ်။ကျွန်မ အားထားသည့် တိုက်တွန်းလိုသည့် စာဖတ်နိုင်သည့် လူလတ်တန်းစား အိမ်ရှင်မများကို သွားတွေ့မိသည်။ကျွန်မရေးသည့် စာများ၊ဟောပြောပွဲများတွင် ကျွန်မ ပြောဖြစ်သည့် အကြောင်းများသည် အမျိုးသမီးထုကို အခြေခံသည်က များသည်။အစွမ်းအစရှိသည့် အမျိုးသမီးများကို ကျွန်မ သဘောကျသည်။ခေတ်နှင့် အဆက်မပြတ်ဘဲ လေ့လာနေသည့် အိမ်ရှင်မများကို ကျွန်မ လေးစားသည်။အိမ်ထောင့် တာဝန်တွေ ထမ်းရင်း အရည်အချင်းပြည့်နေသည့် အိမ်ရှင်မများ ကျွန်မတို့ နိုင်ငံတွင် အများအပြား ရှိနေသည်ဟု ကျွန်မ ယုံကြည်သည်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အလုပ်အကိုင် နေရာတွင် အိမ်ရှင်မ ဟု ဂုဏ်ယူစွာ ဖြည့်ခဲ့ဖူးသည်ကို ကျွန်မ မှတ်သားခဲ့ရသည်။စာပေ လောကတွင်လည်း ဆရာမကြီး ဂျာနယ်ကျော် မမလေး၊ဆရာမ မိုးမိုးx(အင်းလျား)တို့သည်လည်း အိမ်ထောင့်တာဝန်များကို ထမ်းရင်း စာဖတ်ခြင်းသာမက စာရေးခြင်းအလုပ်ကိုပါ အောင်မြင်စွာ လုပ်ပြနိုင်ခဲ့ကြသည်။ရသ စာပေတွေ အများကြီး ရေးသားသွားခဲ့ကြသည်။ထိုကဲ့သို့ အမျိုးသမီးတို့ အစွမ်းကို ကျွန်မ အားကျ လေးစားခဲ့ရသည်။ထို့ကြောင့် ကျွန်မ မိန်းမ တစ်ယောက်ဖြစ်နေခြင်းကို ဘယ်တုန်းကမှ မကျေမနပ် မဖြစ်မိ။
ကျွန်မသည် ကံအားလျှော်စွာ အမျိုးသမီးများ၊အထူးသဖြင့် အိမ်ရှင်မများနှင့်ပတ်သက်ခွင့်ရနေသည်။ဝါသနာ နှစ်ခုကို တစ်ပြိုက်နက် လုပ်ပိုင်ခွင့်ရနေသည်။စာရေးခြင်းနှင့်၊အမျိုးသမီး ကိုယ်ကာယ လေ့ကျင့်သင်တန်း ဖွင့်ထားနိုင်ခြင်းဖြစ်သည်။ကျွန်မ သင်တန်းသူ အမျိုးသမီး အများစု၏ စကားသံသည် မြန်မာနိုင်ငံမှ အမျိုးသမီးထု ၏ ရင်ဖွင့်သံနှင့် တူညီနေတတ်သည်။ကျွန်မ နားထောင်ခွင့်ရနေသည်။ရသ စာပေဆိုသည်မှာ လက်တွေ့ဘ၀နှင့် အနီးစပ်ဆုံးဟု ကျွန်မ ခံယူထားသည်။လက်တွေ့ဘ၀တွင် ခံစားရ၊ဖြတ်သန်းနေရသည့် အကြောင်းများကို စာရေးသူတို့ အတတ်ဖြင့် ရေးဖွဲ့ကြခြင်း ဖြစ်သည်။ဂျာနယ်ကျော် မမလေး၏ လှတစ်မျက်နှာ ဆိုသည့် ၀တ်္ထုသည် ကျွန်မ ရင်ထဲတွင် စွဲနေခဲ့သည်။မယ်တက်္ကသိုလ် ဘွဲ့ရခဲ့ဖူးသည့် မိန်းမတစ်ယောက်၏ အိမ်ရှင်မ မပီသ ပုံ၊အနေအထိုင် ပက်စက်ပုံတို့ကို ရေးဖွဲထားသည်မှာ ပီပြင်လှသည်။မျက်နှာလေး တစ်နေရာ လှပြီး ခန်္ဓာကိုယ် အချိုးအစား ပုံပျက်နေပုံ ပျင်းရိတတ်ပုံတို့ကိုလည်း စာဖတ်သူများ မြင်ယောင်လာအောင် ရေးဖွဲ့ထားသည်။ကျွန်မ အကြိုက်ဆုံး အခန်းမှာ ပါတီပွဲတစ်ခုတွင် ၀တ်ကောင်းစားလှ ၀တ်ထားကြသည့် ၀ိသာခါ အမျိုးသမီးကြီးက အများသူငါ အသုံးပြုနေသည့် ဈေးအိမ်သာ၊ရုံးအိမ်သာ၊သဘောင်္အိမ်သာများကို အမျိုးသမီး အလုပ်သမားများနှင့်အတူ ကိုယ်တိုင်သာ လိုက်ဆေးလိုက်ချင်ကြောင်း ပြောသည့်အခန်းဖြစ်သည်။ထိုအလုပ်ကို အမျိုးသမီးများ လုပ်ပါက ပိုသန့်ရှင်းအောင် လုပ်နိုင်ကြောင်း အာပေါင်အာရင်းသန်သန် ပြောနေကြသည်ကို မယ်တက်္ကသိုလ် လှတစ်မျက်နှာက အောက်တန်းကျလှသည်ဟု အထင်အမြင်သေးခြင်းဖြစ်သည်။
နောက်ဆုံး လှတစ်မျက်နှာပိုင်ရှင် ဇာတ်ကောင် မူမူမှာ သူ၏ ပျင်းရိတတ်ပုံကြောင့် ပါတီပွဲတွင် ချိတ်နှင့် တွယ်ခဲ့မိသည့် ဘော်လီ ကြိုးပြတ်ကာ အရှက်ကွဲပုံကို ရေးဖွဲ့ထားသည်။မိမိအိမ်မှ အိမ်သာ သန့်ရှင်းအောင် ထားခြင်းသည် အမျိုးသမီး တစ်ယောက်၏ အရည်အချင်းထဲတွင် ပါဝင်သည်ဟု ကျွန်မ ထင်ပါသည်။ထို့အတူ မိမိအိမ်ကိုသန့်ရှင်းသပ်ရပ်အောင် ထားခြင်း၊မိသားစု ၀င်များကို ကျန်းမာသန့်ရှင်းအောင် ချက်ပြုတ်ကျွေးမွေး တတ်ခြင်းသည်လည်း အမျိုးသမီး တစ်ယောက်၏ အသိအမှတ်ပြုရမည့် အရည်အချင်းထဲတွင် ပါဝင်သည်။ကျွန်မ အားကစားသင်တန်းတွင် အသုံးပြုသည့် အိမ်သာကို ကိုယ်တိုင် ဆေးကြောပါသည်။ဘယ်တုန်းကမှ ဂုဏ်ငယ်သည့် အလုပ်ဟု မထင်မိခဲ့။အမျိုးသမီးသီးသန့်ဖြစ်သည့် ကျွန်မ သင်တန်းတွင် အိမ်သာတက်ပြီး ရေမလောင်းခဲ့ခြင်း၊အိမ်သာ စီး ဖိနိပ်ကို တောင်တစ်ဖက် မြောက်တစ်ဖက် ဖြစ်သလို ချွတ် ပစ်ခဲ့ခြင်း၊အိမ်သာ တံခါးကိုပင် ပြန်မပိတ်ခဲ့ခြင်းများကို နေ့စဉ် တွေ့နေရသည့်အခါ ဂျာနယ်ကျော် မမလေး၏ လှတစ်မျက်နှာ ၀တ်္ထုကို ပေးဖတ်ချင်စိတ် ပေါက်မိပါသည်။
ခက်သည်က များပြားလှသည့် သင်တန်းသူများထဲတွင် စည်းကမ်းတကျ နေတတ်သည့် သင်တန်းသူများ ရှိနေကြသည့်အခါ အားလုံးကို သိမ်းကြုံးပြော၍ မဖြစ်နိုင်။
ပူပြင်းလှသည့် နွေရာသီတွင် ကျွန်မ သင်တန်းသူများအတွက် အမောပြောစေရန် သီးစုံဓာတ်ဆား ဒါနပြုပါသည်။အထုပ် ၅၀ ပါ ဓာတ်ဆား တစ်ပုံးကို သင်တန်းသူ တစ်ရာကျော်ရှိသည့် ကျွန်မ သင်တန်းတွင် တစ်ရက်၊တစ်ရက်ခွဲသာ တိုက်ရသည်။ဓာတ်ဆားဖိုးက တစ်လကို တစ်သိန်းခွဲလောက် ကုန်ကျသည်။ကျွန်မ ငွေပေါများနေ၍ တိုက်ခြင်းမဟုတ်၊စေတနာ ပေါများ၍သာ တိုက်ခြင်းဖြစ်သည်။အလွယ်တကူ ဖျော်သောက်နိုင်ရန် ရေသန့်ဗူးခွံအလွတ် အသေးလေးများကို လက်ဆွဲခြင်းတစ်ခုထဲတွင် ထည့်ပေးထားသည်။ဓာတ်ဆားထုပ်များကို ဗန်းကလေးဖြင့် ထည့်ကာ ၀ါတာကူလာ ဗူးပေါ်တွင် တင်ပြီး ကုန်တိုင်း ထပ်ဖြည့်ပေးထားသည်။ကစားပြီး မောမောဖြင့် သီးစုံဓာတ်ဆား ဖျော်သောက်သည့် သင်တန်းသူများကို တွေ့တိုင်း ကျွန်မ ပီတိဖြစ်ရသည်။သို့သော် ဓာတ်ဆားခွံများကို ဗန်းထဲတွင် ထားခဲ့သည့်အခါ၊ဖျော်သောက်ပြီးသား ရေဗူး အလွတ်များကို မဆေးကြောဘဲ ခြင်းထဲထည့်ခဲ့ကြသည့်အခါ၊ အကုန်မသောက်ဘဲ တန်းလန်းချန်ထားခဲ့ကြသည့်အခါ၊ ကျွန်မပီတိသည် ကြာရှည် မခံတော့။အမှိုက်ပုံးထား ပေးထားခြင်း၊ဆေးကြောစရာ နေရာနှင့်ပေါများသည့် ရေများ ရှိနေလျှက် မဆေးဘဲ ခြင်းထဲ ပစ်ထည့်ခဲ့ခြင်းတို့ကို လုပ်နေသူတို့မှာ ကျွန်မ အားကိုးသည့်၊ယုံကြည်မိသည့် အိမ်ရှင်မ ရာထူး ယူထားကြသူများ ဖြစ်နေပါသည်။အိမ်သာ ကိစ်္စတွင် လျစ်လျူရှုခဲ့သည့် ကျွန်မ၊ သည်တစ်ခါတွင် အားမနာတမ်း တိုက်ရိုက်ပြောရတော့သည်။
သင်တန်းသူတိုင်းက နေ့တိုင်း သီးစုံဓာတ်ဆား သောက်နေကျသည်မဟုတ်။သောက်ချင်သည့် နေ့မှသာ သောက်ကြသည့်အတွက် အထုပ်၅၀ပါ ဓာတ်ဆားထုပ်က တစ်ရက်ခံခြင်းဖြစ်သည်။သင်တန်းသူ ရှိသလောက် တစ်ရာကျော်လုံးသာ နေ့တိုင်းသောက်ပါက ကုန်ကျစရိတ်က ထို့ထက်ပိုနိုင်သည်။တစ်မနက်ခင်း သင်တန်းသူ တစ်ယောက်က ကျွန်မကို ခွင့်တောင်းလာသည်။အပြန်တွင် ဓာတ်ဆားတစ်ထုပ် ယူသွားချင်ပါသည်တဲ့။ကျွန်မ ရည်ရွယ်ချက် က ဒါနပြုခြင်းသာ။လက်ဆောင်ပေးလိုက်ခြင်းမျိုးမဟုတ်။သင်တန်းတွင် မသောက်ဘဲ ဘာကြောင့် အိမ်ယူသွားချင်ရတာလဲဟု ကျွန်မ၏ အမေးကို ထိုသင်တန်းသူက ဒီမှာသောက်ပြီးရင် ရေဗူးဆေးပေးရမှာ စိုးလို့ဟု အဖြေပေးပါသည်။ကျွန်မ အားမနာနိုင်တော့ ကိုယ့်အိမ်မှာဆို သောက်ပြီးတဲ့ ရေခွက်ကို မဆေးဘဲထားသည်လား ဟုမေးဖြစ်လိုက်သည်။ကိုယ်ဖျော် သောက်သည့် ရေဗူးကိုမှ မဆေးပေးချင်လျှင် ဓာတ်ဆား မသောက်နှင့်ဟု ပြောလိုက်မိတော့သည်။ဘယ်လို အိမ်ရှင်မ ပါလိမ့်ဟုလည်း တွေးမိသွားရသည်။သို့သော်လည်း ခွင့်ပင် မတောင်းဘဲ သီးစုံဓာတ်ဆားထုပ်များကို ယူသွားကြသည့် အိမ်ရှင်မများကို တွေ့လာရသည့်အခါ ကျွန်မ ပါးစပ်ပိတ်သွားရတော့သည်။ဓာတ်ဆားတစ်ထုပ် တန်ဖိုးသည် ဘာမှ မရှိပါ။သူတို့အတွက်လည်း အဖိုးမတန်သလို ၊ကျွန်မ အတွက်လည်း မယုတ်လျော့။သို့သော် ရေဗူး မဆေးချင်၍ ဓာတ်ဆားထုပ် အိမ်သယ် သောက်ရသည့် အဖြစ်ကတော့ အိမ်ရှင်မ တန်ဖိုး အားလုံးကျသွား သည်ဟု ကျွန်မ ခံစားလိုက်ရသည်။
စာပေနှင့် ပတ်သက်သည့် ကျွန်မဖြေခဲ့သည့် အဖြေကို ပြန်ကောက်ရသော် အကြောင်းအရာတစ်ခုသည် ကျွန်မ ရင်ကိုတော့ လာထိပါသည်။သို့သော် မညွတ်နူးဘဲ ၊အားမလို အားမရ စိတ်သာ ဖြစ်ရသည်။သည် အတိုင်းဆိုလျှင် ရသ စာပေများကို ဖန်တီးရေးသားဖို့ ကြိုးစားနေသည့် ကျွန်မ၊ သုတစာပေများကိုသာ စီးရီးလိုက် ရေးမိတော့မည် ထင်ပါသည်။
မျှော်လင့်ခြင်း ဟင်းလင်းပြင် ။ဒီဇင်ဘာလ၊ရွှေအမြုတေ မဂ္ဂဇင်း၊၂၀၁၄
Posted by
Unknown
at
7:00 AM
Monday, December 1, 2014
(၁)
ဆိုက်ရောက်ဆိုသည့် ၀င်ပေါက်ဝမှ တစ်သုတ်ပြီး တစ်သုတ် ထွက်လာနေကြသည့် လူအုပ်ကြီးကို ကြည့်ရင်း တိုးညွှန့်တစ်ယောက် စောင့်စားရခြင်းကို စိတ်တိုစပြုလာပြီ။ကိုယ့်ဘာသာ တက်္ကစီငှားပြီး ပြန်ခဲ့လို့ရသည်ကို ရေးကြီးခွင်ကျယ်လုပ်ပြီး လာကြိုခိုင်းသည်။ပြီးတော့ ဘယ်အချိန်ဆိုသည်ကိုလည်း အတိအကျမသိ။တစ်နေ့ က မျိုးညွှန့် ဖုန်းဆက်လာတော့ ပြန်ကြရမည့် အဖွဲ့များကို လေယာဉ်ဖြင့် သုံးသုတ်ခွဲပြီး ပို့မည်ဟုပြောသည်။ဘယ်အသုတ်တွင် ပါဝင်မည်ကို သူကိုယ်တိုင် မသိသေး။မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်းတစ်ခုက အခမဲ့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။မနက်ဖန်မှ ဖုန်းထပ်ဆက်မည်ဟု ဆိုကာ ပြန်မဆက်သွယ်တော့။မနက်မိုးမလင်းခင်ကတည်းက အမေက သူ့သားကြီးကို သွားကြိုဖို့ လောဆော်နေသည်။ကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်ပြီး၊ကိုယ့်အိမ် ကိုယ်ပြန်လာခြင်းကို သွားကြိုပေးနေစရာ မလိုဟု တိုးညွှန့်ထင်သည်။ပညာတော်သင် ပြန်လာသည့်သူမဟုတ်။နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားလည်း မဟုတ်။နောက်ဆုံး မိသားစုအတွက် စုမိဆောင်းမိ ငွေစကြေးစ ကလေးများပင် ပါလာမည့်သူ မဟုတ်။ထိုလေကြောင်းလိုင်းက ပြန်မပို့ပေးလျှင် ပြန်စရာ လေယာဉ်စရိတ်တောင် ရှိမည့်သူ မဟုတ်ဘဲ မလေးရှားနိုင်ငံ၏ လူမျိုးရေး ပဋိပက်္ခကြားတွင် ဓားစားခံဖြစ်ကာ ဒုက်္ခရောက်မည့်သူ ဟု စိတ်တိုစွာဖြင့် တိုးညွှန့် ထိုင်တွေးနေမိသည်။
မျိုးညွှန့်နှင့် တိုးညွှန့် က တစ်နှစ်နှင့်ရှစ်လသာ ကွာသည့် ညီအစ်ကို။တိုးညွှန့်အောက် နွယ်နွယ်ထွန်းနှင့် တိုးညွှန့်က နှစ်နှစ်ကွာပြီး၊ညီအငယ်ဆုံးလေးနှင့် နွယ်နွယ်ထွန်းတို့က လေးနှစ်ကွာကြသည်။မိန်းကလေးတစ်ဦးတည်း ဖြစ်သည့် နွယ်နွယ်ထွန်းက ဘာသိဘာသာ နေတတ်ပြီး အငယ်ကောင် ချမ်းငြိမ်းနှင့်အကြီးဆုံး မျိုးညွှန့်တို့က ရှစ်နှစ်လောက် ကွာကြသဖြင့် မရင်းနှီးကြပြန်။တိုးညွှန့်နှင့် မျိုးညွှန့်တို့က အထက်အောက်လည်း ဖြစ်၊အသက်ချင်းလည်း သိပ်မကွာကြသဖြင့် အချင်းချင်း နံမည်ခေါ်ပြီး မင်းနဲ့ငါ သုံးနှုန်းပြောဆိုကြသည်။မျိုးညွှန့် ပြန်လာခြင်းအပေါ်တွင် တစ်အိမ်သားလုံးက ဘာမှ မထူးခြားလှ၊အမေတစ်ယောက်သာ “သားကြီး ပြန်လာတော့လည်း ကောင်းတာပေါ့ကွယ်။မိသားစု တစ်စုတစ်ဝေးတည်း ဖြစ်တာပေါ့”ဟု မှတ်ချက်ချသံကြားရသည်။တိုးညွှန့် မတ်တပ်ရပ်၍ မျှော်ရသည်မှာ ညောင်းသလောက်ရှိမှ နောက်ဆုံးလေယာဉ် အသုတ်ဖြင့် မျိုးညွှန့်တစ်ယောက် ပါလာတော့သည်။သူ့ထုံးစံအတိုင်း သစ်လွင်တောက်ပြောင်သော အ၀တ်အစားတို့ကိုဝတ်၍ ဆိုက်ရောက် အပေါက်မှ ခေါင်းမော့ ထွက်လာပုံမှာ
ပညာတော်သင်နှင့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများထက်ပင် ၀ံ့ကြွားနေသေးသည်။
နောက်ဆုံး လေယာဉ်ခေါက် ဖြစ်၍ထင့်၊လေဆိပ်ထဲတွင်လည်း စောင့်နေကြသည့် သူများနည်းပါးသွားပြီ။ လာကြိုကြသည့် သူများထဲမှ အချို့ကတော့ လူဝင်မှုကြီးကြပ်ရေး အပေါက်နားထိ သွားရပ်နေကြသည်။တိုးညွှန့်ကတော့ မျိုးညွှန့်တစ်ယောက် ခရီးဆောင်အိတ် ထုတ်ပြီးချိန်ထိ အထွက် အပေါက်နားမှ ရပ်စောင့်နေလိုက်သည်။အနားရောက်လာသည့် မျိုးညွှန့်က သူ့ ခရီးဆောင်အိတ်ကို တိုးညွှန့်ဆီ လှမ်းပေးရင်း
“မင်းကလည်း အထဲနားထိတောင် မလာဘူး” ဟုဆိုသည်။
ကမ်းပေးလာသည့် သူ့ခရီးဆောင်အိတ်ကို မသိကျိုးကျွံပြုကာ
“ရပြီမလား သွားကြမယ်” ဟုသာ တိုးညွှန့်ဆိုလိုက်သည်။
လေဆိပ်ထွက်ပေါက်နား ကားအ၀င်အထွက် ရှုပ်နေသဖြင့် လေဆိပ်အပြင်ဘက် ကားလမ်းမပေါ်ထိ လမ်းလျှောက်ခဲ့လိုက်သည်။လမ်းလျှေက်နေရင်း နောက်ဘက်မှ မျိုးညွှန့် လှမ်းအော်သံကို ကြားလိုက်သည်။
“ဟေ့ကောင် ကားမငှားဘူးလား”
လမ်းလျှောက်ရသည့် အကွာအဝေးက အနီးကလေးသာ ရှိသေးသည်။အချိန်အားဖြင့်လည်း ငါးမိနစ်ပင် ပြည့်မည်မထင်။လေဆိပ်ဝင်ပေါက်ထက် ကားလမ်းမကြီးပေါ်က ကားငှားရသည်မှာ ပိုလွယ်ကူသည်။ဈေးလည်း အနည်းငယ် သက်သာနိုင်သည်။ဒါလေးကိုပင် မစောင့်နိုင်စွာ မျိုးညွှန့်အော်နေပြီ။တစ်မနက်ခင်းလုံး ထိုင်စောင့်နေရသည်ကိုမှ အားမနာ။တွေးရင်းပင် စိတ်ချဉ်ပေါက်လာသည်။
“လိုင်းကားနဲ့ ပြန်မှာ”
“လိုင်းကားနဲ့ ပြန်စရာလားကွ၊ငါ့ပုံကိုလည်း ကြည့်အုံး ဘယ်လိုလုပ် လိုင်းကားနဲ့ ပြန်လို့ ဖြစ်မှာလဲ”။မျိုးညွှန့်တစ်ယောက် စိတ်ဆိုးတကြီး အော်ပြီ။
“အဲဒါဆို မင်းမှာ တက်္ကဆီခ ပါလား”။တိုးညွှန့်တစ်ယောက် မျိုးညွှန့်ကို ကလိချင်စိတ်ပေါ်လာသည်။
“ပြည်ပက ပြန်လာတာ မြန်မာငွေ ပါမလားကွ”
“ဒါဆို မလေး ရင်းဂစ်တွေတော့ အများကြီး ပါလာတယ်ဆိုတဲ့ သဘောာပေါ့။”တိုးညွှန့် အမေးကို
“လချီးထဲမှပဲ” ဟု ရယ်ဟဟနှင့် ဆဲလေသည်။မျိုးညွှန့် ရယ်လိုက်လျှင် ခင်မင်နှစ်လိုဖွယ်ကောင်းသည်။ငယ်စဉ်ကတည်းက သူငယ်ချင်းများကြား၊ဆွေမျိုးများ ကြားထဲတွင် သူဘယ်လောက် စိတ်ဆိုးအောင် လုပ်ထားလုပ်ထား ထိုသို့ ရယ်ပြီး ဖြေရှင်းလိုက်လျှင် အားလုံးက ကျေအေးသွားတတ်ကြသည်။သူ၏ ထူးခြားချက်ဟု ဆိုရမည်သာ။အခုလည်း ရယ်ဟဟနှင့် ဆဲလိုက်သည့် သူ့ပုံစံကြောင့် တစ်မနက်ခင်းလုံး တိုနေသည့် စိတ်တို့ အနည်းငယ် ပြေလျှော့သွားရသည်။လက်ကလည်း အလိုလို အနားက ဖြတ်သွားသည့် တက်္ကစီ တစ်စီးကို လှမ်းတားမိရက်သား ဖြစ်သွားသည်။
ငှားလာသည့် တက်္ကစီလေးက လေဆိပ်လမ်းမှ မြောက်ဥက်္ကလာပ ဘက်သို့ထွက် ထိုမှတစ်ဆင့် မြောက်ဒဂုံဘက်ကို ဦးတည်မောင်းနေသည်။မြောက်ဒဂုံလမ်းတွေပေါ် ရောက်သွားသည့်အချိန်တွင် မျိုးညွှန့်ပါးစပ်မှ စကားလုံး အချို့ ထွက်ကျလာသည်။
“ငါထွက်သွားတာ ငါးနှစ်ကျော် ခြောက်နှစ်နီးပါးပဲ လမ်းတွေကလည်း အရင်အတိုင်း စုတ်ပြတ်နေတုန်းပါလား”။ကားပေါ်တွင် ဘာစကား မဆိုချင်သဖြင့် တစ်လမ်းလုံး သူ့အကြောင်းပင် မမေးဘဲ လိုက်ပါလာသည့် တိုးညွှန့်တစ်ယောက် မျိုးညွှန့်ကို စောင်ပေပေနှင့် သာကြည့်လိုက်မိသည်။တက်္ကစီဆရာက မနေနိုင်စွာ
“မဟုတ်ဘူး အစ်ကိုရဲ့ လမ်းတွေက ကောင်းလိုက်သေးတယ်။ပြီးတော့မှ ပြန်ပျက်သွားတာ။မိုးတွင်းဆိုရင်တော့ ပိုဆိုးတယ်။ကတ်္တရာလမ်းတွေပေါ် ရေကျော်နေတော့ လမ်းပေါ်က ကျင်းတွေ၊ချိုင့်တွေဆို မမြင်ရဘူး။ကားတွေက တော်သေး ဆိုက်ကားတွေဆို ခဏ ခဏ မှောက်ကြတာ”။ ဟု ၀င်ရှင်းပြနေသည်။
“အဲဒါပဲ လမ်းတွေကို အစကတည်းက ကောင်းအောင်မှ မလုပ်ခဲ့တာ။အထက်က လူကြီးတွေက သေချာ မသိ၊အင်ဂျင်နီယာတွေလည်း လမ်း၊တံတား ပရော့ဂျက် တစ်ခု ရပြီဆိုရင် သူတို့ အိတ်ထဲထည့်ဖို့လောက်ပဲ စဉ်းနေကြတာ။မလေးမှာဆိုရင် လမ်းတစ်ခါခင်းထားရင် ဆယ်စုနှစ် လေးစုလောက်တော့ အသာလေးခံတယ်။ပြုပြင်ထိန်းသိမ်းမှု တွေကလည်း မပြတ်လုပ်နေကြတာကိုး---ပြီးတော့----”။မျိုးညွှန့်စကား မဆုံးခင်
“တော်ပါတော့ကွာ” ဟု တိုးညွှန့် ၀င်အော်လိုက်မိတော့သည်။အဲဒီတော့လည်း ဆက်မပြောတော့ပဲ အိမ်ရောက်သည်ထိ ငြိမ်ငြိမ်လေး ထိုင်ကာ လိုက်ပါလာသည်။
အိမ်ရောက်တော့ ဧည့်ခန်းကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်ရင်း အနားရှိ ဂျာနယ်တစ်စောင်ကို ကောက်ဆွဲကာ ယပ်ခတ်နေသည်။အမေက ပန်ကာလေး ဆွဲထုတ်လာရင်း သူ့သားကြီးနား လာချပေးသည်။ဆောင်းလယ်လောက် ရောက် နေပြီဆိုသော်လည်း ရန်ကုန်နေက ပူပြင်းလွန်းနေသည်။မျိုးညွှန့် တစ်ယောက် အ၀တ်အစား မလဲဘဲ ဧည့်သည်ထိုင် ထိုင်ကာ အိမ်ကို မျက်လုံးဝေ့ကြည့်နေသည်။ပန်ကာ အနားလာချသည့် အမေ့ကို ကြည့်ရင်း
“ဟာ အမေ ဒီပန်ကာကြီးက အခုထိ ရှိနေသေးတာလား”။
မျိုးညွှန့်အမေးကို အမေက
“အေးလေ သားကြီးရယ် မရှိလို့ ဘာလုပ်ရမှာလဲ အသံ တခြစ်ခြစ် မြည်နေပေမဲ့ လည်နေသေးတော့ လေရသားပဲဟာ” ဟု ရိုးစင်းစွာ ပြန်ဖြေသည်။
“မင်း အ၀တ်အစားတွေ လဲလိုက်လေကွာ။ပြောင်ချော်ချော် ဘောင်းဘီရှည်နဲ့ အင်္ကျီလက်ရှည်ကြီးက ပူတာပေါ့”။
ကိုယ်တိုင်လည်း စွတ်ကျယ် လက်ပြတ်ကို လဲရင်း တိုးညွှန့် လှမ်းပြောလိုက်သည်။
ခရီးဆောင်အိတ်ကို တရွတ်တိုက်ဆွဲကာ ဘယ်အခန်း ၀င်ရမှန်း မသိပုံစံဖြင့် လျှောက်နေသည့် မျိုးညွှန့်ကို ကြည့်ရင်း တိုးညွှန့်တစ်ယောက် စိတ်မရှည်နိုင်တော့ဘဲ အခန်းထဲသို့ တွန်းသွင်းလိုက်တော့သည်။ဒါတောင်မှ ပါးစပ်က “အော် ဒီအခန်းပဲလား” ဟု ပြောဖြစ်အောင် ပြောလိုက်သေးသည်။မျိုးညွှန့် တစ်ယောက် အိမ်ရှိပစ်္စည်းများကို ဘာကြောင့် ပြောင်းလဲ ရမည်ဟု ထင်နေသည်မသိ။
ညနေရောက်တော့ အငယ်ကောင် ချမ်းငြိမ်း ကျောင်းက ပြန်လာရောက်လာသည်။ချမ်းငြိမ်းကို ကြည့်ပြီး “ဟာ ဒီကောင် မှတ်တောင် မမှတ်မိဘူး။ထွားလာလိုက်တာ”ဟု တအံ့တသြ ရေရွတ်သည်။
“ဆယ်တန်းရောက်နေပြီလေကွာ၊မင်းထွက်သွားတော့ ဒီကောင် လေးတန်းပဲ ရှိသေးတာကို” တိုးညွန့် က ချမ်းငြိမ်း အကြောင်း ပြောနေစဉ်မှာပင် ကားပစ်္စည်း အရောင်းဆိုင်တွင် စာရေးမ ၀င်လုပ်နေသည့် နွယ်နွယ်ထွန်းက
“ဟယ် ကိုကြီးပြန်ရောက်နေပြီလား” ဟု ဆိုကာ အိမ်ပေါ်ပြေးတက်လာသည်။
“နွယ်နွယ် နင်လည်း နည်းနည်း လူကောင်ကြီးလာတယ်ဟ”။
“မျိုးညွှန့်တို့ကတော့ လုပ်ပြီ လူတွေပဲ အသက်အရွယ်အရ ပြောင်းလဲရမှာပေါ့ ဟ”။
တိုးညွှန့် လှမ်းပြောသည်ကို မျိုးညွှန့်ကတော့ နားမလည် သလို ကြည့်နေသည်။
ညနေစောင်းတော့ အဖေပြန်မလာခင် ညီအစ်ကို နှစ်ယောက် ၇/၈ လမ်းဆုံးနားက ဘီယာဆိုင်သို့ ထွက်ခဲ့လိုက်ကြသည်။ဒီတစ်ခါတော့ တိုးညွန့်နှင့်အတူ လိုင်းကားပေါ်ပြေးတက်ပါလာသည်။အဖေပြန်လာလျှင် သူဘာသာ ရေချိန်ကိုက်ပြီးသော်လည်း လိုက်မည်ဟု လုပ်နေဦးမည်။လွတ်လွတ်လပ်လပ် မျိုးညွှန့်ကို မလေးရှားက အကြောင်းတွေ မေးချင်သေးသည်။ပြီးလျှင် သူ ရှေ့ဆက်မည့် အစီအစဉ်များကိုလည်း သိလိုသည်။
( ၂ )
မျိုးညွှန့်တို့ မြန်မာဆယ်ယောက် တစ်ဖွဲ့က အားလုံး အိုဗာစတေးတွေချည်းဖြစ်သည်။အလုပ်ရှင်နှင့် မလေးရဲတို့ နားလည်မှုယူကာ အိုဗာစတေးအဖြစ် နေလာခဲ့သည်မှာပင် သုံးနှစ်ကျော်ပြီ။မျိုးညွှန့် မလေးရှားတွင် နေလာခဲ့သည့် စုစုပေါင်း ခြောက်နှစ်နီးပါးတွင် စိတ်လုံလုံ ခြုံခြုံ တရားဝင်နေထိုင်ခွင့်ရခဲ့သည်မှာ နှစ်နှစ်လောက်သာရှိခဲ့ရသည်။ကျန်သည့် နှစ်များကတော့ ကျီးလန့်စာစားဘ၀။အခု ဖြစ်သည့် လူမျိုးရေး ပြဿနာများကြောင့် မြန်မာ အလုပ်သမားများ အလုပ်ခွင်ဝင်ရန် အခက်တွေ့နေကြသည်။သူတို့လို အိုဗာစတေးသမားများ အတွက်ကတော့ ဆိုဖွယ် မရှိတော့။အခြေအနေတွေ မတည်ငြိမ်ခင်ကာလများ အတွင်း သူဌေးက သူတို့ အိုဗာစတေးများကို လစာ ထုတ်မပေးဘဲ သိမ်းထားသည်။အခြေအနေက ပိုဆိုးရွားလာတော့ ပြည်တော်ပြန်ရန် ဖြစ်လာရသည်။လစာလည်း ထုတ်မပေးတော့ဟု ဆိုသည်။မြန်မာ အလုပ်သမားများနှင့်အတူ ဖိလစ်ပီးနှင့် အိန်္ဒိနွယ်ဖွား တစ်ချို့လည်း ပါသည်။ရ ရမည့် လစာက သုံးလစာတောင် ဖြစ်သည်။မပေးတော့မလို ပြောလာသည့် မန်နေဂျာ စကားကြောင့် တစ်ဖွဲ့လုံး ဂဏာမငြိမ်နိုင်။နောက်မှ မြန်မာပြည်မှ ဆရာတော်တစ်ပါးရောက်လာပြီး ပေါက်ပေါက်ရောက်ရောက် မြန်မာများနှင့် ဆက်သွယ်မိကာ သူတို့၏ စွမ်းဆောင်ပေးမှုကြောင့် နှစ်လစာ ပြန်ရခဲ့ကြသည်။တင်နေသည့် အကြွေးများထဲမှ တစ်လစာ ပြန်ဆပ်ခဲ့လိုက်သည်။
အဆောင်ငှားနေရသည့် စရိတ်များ။စားသောက်စရိတ်များ။မြင့်မားသည့် လူနေမှု အဆင့်အတန်းကို နေလိုခြင်းကြောင့် ကုန်ရသည့် စရိတ်များက မနည်း။ဒါ့အပြင် အလုပ်ပင်ပန်းမှု၊အထီးကျန်ဆန်မှုတို့ကို ပြေပျောက်စေရန်အတွက် အလုပ်ပိတ်ရက်များတွင် အပေါင်းအသင်များနှင့် သောက်သောက်စားစား စရိတ်တို့ကလည်း မသေးလှ။ရောက်ပြီး သုံးနှစ်လောက်သာ အိမ်သို့ ငွေမှန်မှန်ပို့နိုင်ပြီး ကျန်နှစ်များကတော့ လေးလတစ်ခါ၊ငါးလ တစ်ခါပင် အနိုင်နိုင်ပို့နေရသည်။ကြွေးကျေသွားပြီ ဆိုသည့် အမေ့အပြောများကြောင့် စိတ်က ပေါ့သွားတာလည်းပါသည်။
အဖေ ပင်စင်ယူပြီဆိုတော့ မိသားစု စားဝတ်နေရေးအတွက် စဉ်းစားကြရပြီ။ထိုနှစ်မှာပင် မျိုးညွှန့် ဆယ်တန်းကျသည်။အသက် နှစ်နှစ်လောက်သာ ကွာသည့် တိုးညွှန့်က ဆယ်တန်းရောက်လာသည်။ဆယ်တန်းကျောင်းသားနှစ်ယောက်၏ ကျောင်းစရိတ်၊ကျူရှင်စရိတ်များက မနည်းသလို အောက်မှာလည်း အငယ်နှစ်ယောက်က ရှိသေးသည်။အစကတည်းက ပညာရေးကို စိတ်မ၀င်စားလှသည့် မျိုးညွှန့် ရပ်ကွက်ထဲမှ သူငယ်ချင်းများနှင့် ပေါင်းမိကာ ပြည်ပသို့ အလုပ်ထွက်လုပ်ချင် စိတ်ပေါက်လာသည်။မိသားစု စားဝတ်နေရေးအတွက် ငွေရှာလိုသည်ဟု အကြောင်းပြလိုက်သည်။ပွဲစားသို့ ပေးရမည့် ငွေကြေးပမာဏက နည်းတော့ မနည်းလှ။
အမေ့ကို ပူဆာရသည်၊အဖေကတော့ အစကတည်းက ဘာကိုမှ စိတ်ဝင်စားတတ်သူ မဟုတ်။အစိုးရ အမှုထမ်း ဘ၀တုန်းက ရာထူးက စက်မှုကျွမ်းကျင် (၃)၊အပိုဝင်ငွေ အဖြင့် ပြင်ပမှ အပ်သည့် စက်ပစ်္စည်းများကို ကရိုင်းသ ပေးလို့ရသည်။သို့သော်လည်း မလုပ်ခဲ့။အလုပ်အပေါ် သစ်္စာရှိသည်၊ထို့အတူ လူပျိုပေါက်ကတည်းက သောက်ခဲ့သည့် အရက်အပေါ်လည်း အဖေသည် သစ်္စာမပျက်ခဲ့။သားသမီးလေးယောက်၊အဖေ အမေနှင့်ပေါင်း မိသားစု ခြောက်ယောက်စရိတ် သည် အဖေ၏ လစာ ၀င်ငွေတစ်ခုတည်းနှင့် ဘယ်လိုမှ မလောက်ငနိုင်။အမေ အစ်မ၊မျိုးညွှန့်တို့၏ အဒေါ်အပျိုကြီးက ထောက်ပံ့ခဲ့ရသည်။ယခုနေသည့် အိမ်ကပင် အဘိုးအဘွားတို့ အမွေပေးခဲ့သည့် အမေတို့ညီအစ်မ နှစ်ယောက်ပိုင် အိမ်ဖြစ်သည်။အမေက အဖေနှင့် အိမ်ထောင်ကျသည့်အခါ ဒေါ်ကြီး လှနွယ် က အတူမနေဘဲ အမေ့တစ်ယောက်တည်းကိုသာ ပေးခဲ့သည်။သူဆောက်လုပ် လှူဒါန်းထားသည့် ရိပ်သာတစ်ခုတွင်နေကာ ငယ်စဉ်က ရှာဖွေထားသည့် ပိုက်ဆံ အချို့ကို အတိုးပေးစားနေသည်။ထိုထဲမှပင် မျိုးညွှန့်တို့ မောင်နှမများ လိုအပ်စရိတ်ကို ထောက်ပံ့ပေးနေရသေးသည်။ဒါကို အဖေက အေးအေးမယူ အရက်မူးလာလျှင် “ငါ့ မိသားစုကို ငါ့ဘာသာ ရှာကျွေးနိုင်တယ်၊ဘယ်သူ့ အထောက်အပံ့မှ မလိုဘူး။ငါ့ကို သိက်္ခာ လာမချနဲ့” ဟူ၍ ကြွေးကြော်သေးသည်။
ဒေါ်ကြီးကတော့ အမေ့ကို “မြနွယ်ယောက်ျား ကိုကောင်းညွှန့် တို့များ ကိုယ်တိုင်လည်း မိသားစုကို လောက်ငအောင် ရှာမပေးနိုင်ဘူး၊အကူအညီမလိုဘူးလေး၊ဘာလေးနဲ့ လေကျယ်နေသေးတယ်။ညည်းယောက်ျားကို ပြောလိုက် အိမ်ထောင်ဦးစီး ဆိုတဲ့ ရာထူးက ကိုယ့်မိသားစုကို ဦးစီးဦးဆောင် လုပ်နိုင်မယ်ထင်လို့ ပေးထားတာဟဲ့။ဟု အဖေကြားအော် ပြောလေ့ရှိသည်။ယခု အမေ့ကို ပူဆာရမည့် ကိစ်္စသည် ဒေါ်ကြီး၏ သဘောတူညီမှုလည်း လိုသည်။မျိုးညွှန့် မလေးရှားသို့ အလုပ် သွားလုပ်ရန်အတွက် လိုအပ်သည့် ငွေကြေးကို ရနိုင်ရန် အိမ်ပေါင်ဖို့ ဖြစ်သည်။အမေ့အိမ် ဆိုသော်လည်း ဒေါ်ကြီးနှင့် အမွေဆိုင်ဖြစ်သည်။အမေက တွန့်ဆုတ်ဆုတ် ၊ဒေါ်ကြီးက သဘောမတူ။သူ့အတွက် မလိုအပ် မျိုးညွှန့် တို့မောင်နှမတွေ နေစရာ နေရာ ပျောက်သွားမှာကိုပဲ စိုးရိမ်သည်ဟု ဆိုသည်။ဒေါ်ကြီးကို နားဝင်အောင် မနည်း မျိုးညွှန့်ပြောရသည်။ဟိုရောက်သည်နှင့် အိမ်ပေါင်ထားသည်ကို ပြန်ရွေးနိုင်ရန် ငွေပို့ပေးနိုင်မည့်အကြောင်း။ဒါ့အပြင် ကျန်သည့် မောင်နှများ၏ ကျောင်းစရိတ်ပါ ထောက်ပံ့နိုင်ကြောင်း ပြောပြရသည်။
နောက်ဆုံးတော့ အိမ်ပေါင်ပြီး မလေးရှားသို့ မျိုးညွှန့် အလုပ်လုပ်ရန် ထွက်ဖြစ်ခဲ့လိုက်သည်။မြန်မာပြည်တွင် ပွဲစားများက ရွှန်းရွှန်းဝေအောင် ပြောကြသော်လည်း တစ်ကယ် မလေးရှားနိုင်ငံသို့ ရောက်သောအခါ တော်တော်နှင့် အလုပ်မရ။နောက်ဆုံး အရင်ရောက်နေသည့် မြန်မာများ အကူအညီနှင့် ကိုယ့်ဘာသာ အလုပ်ရှာကြရသည်။ဝင်ဝင်ချင်း ရသည့် လခက ကိုယ့်တစ်ယောက်စာ နေစရိတ်၊စားစရိတ်ပင် မလောက်ချင်။ဒီတော့လည်း ရောက်ရောက်ချင်း လေးလလောက်က မြန်မာပြည်ကို ငွေမလွဲနိုင်ခဲ့။အဲဒီနောက်ပိုင်းတော့ ကိုယ့်ဘာသာ အလုပ်တွေ တစ်ခုပြီး တစ်ခုပြီး ရှာဖွေရင်း လစာ သင့်တင့်သည့် စက်ရုံတစ်ခုတွင် အလုပ်မြဲခဲ့ရသည်။ခြိုးခြိုးခြံခြံ နေပြီး သုံးနှစ်လောက် ငွေပြန်ပို့ဖြစ်ခဲ့သည်။အိမ်ပြန်ရွေးနိုင်ပြီဆိုသည့် အမေ့စကားသံကြောင့် စိတ်အနည်းပေါ့သွားခဲ့သည်။မလေးရှား ရောက်ခါစကသာ အိမ်ကို လွမ်းသလိုလိုနှင့် စိတ်ညစ်မိသော်လည်း နောက်ပိုင်းတွင်တော့ ကိုယ့်အိမ်ကိုယ့်ရာ လိုဖြစ်ကာ နေရတာ ပျော်လာသည်။ရှာလို့ရသမျှငွေကိုလည်း အလွယ်တကူပင် သုံးမိသည်။လေးနှစ်မြောက်လောက် ရောက်တော့ မျိုးညွှန့်တို့ ပစ်စပို့ သက်တမ်းက ကုန်ပြီ။တစ်ကယ်ဆိုလျှင် မြန်မာပြည်ပြန်ပြီး သက်တမ်း အသစ်တိုးရမည်။ဒါပေမဲ့ ထိုသို့လုပ်ဖို့ လမ်းစရိတ်များက ကုန်ကျမည်။လက်ထဲတွင် စုစုဆောင်းဆောင်းက မရှိကြ။
မျိုးညွှန့်အပါအ၀င် ရွှေမြန်မာတို့ မလေးရှားမှာပင် ပတ်စပို့ အတု လုပ်ကြသည်။အစစ်နှင့် ခွဲမရအောင် အတော်တူသည်။ပတ်စပို့ အသစ် ကိုင်စ အချိန်တုန်းကသာ စိတ်မလုံသလိုနှင့် ကြောက်မိသော်လည်း လ အနည်းငယ်တွင် အသားကျ သွားရပြန်သည်။ထို့နောက် စက်ရုံများသို့ ရှောင်တစ်ခင် ၀င်စစ်သည့် မလေး ရဲများကိုကြောက်ရပြန်သည်။ထိုရဲများကိုတော့ ပတ်စပို့ အတုပြလို့ မဖြစ်။သူဌေးက နားလည်မှုယူထားရသည်။ကြောက်သည့်အခါ ကြောက်လိုက်၊ပြေးရသည့် ပြေးလိုက်နှင့် သံသရာလည်ရင်း ခြောက်နှစ်နီးပါး ရှိသွားခဲ့ရသည်။အခု လူမျိုးရေး ကိစ်္စ ဖြစ်လာသည့် အခါတွင်တော့ အခြေအနေများက ပိုပြင်းထန်လာပြီး ပြန်လာရသည့် အဆင့်သို့ ရောက်သွားရသည်။ရှေ့ဆက် ဘာလုပ်ရမည်ကတော့ မစဉ်းစားတတ်သေး။သည် အရွယ်ကျကာခါမှ ဆယ်တန်းလည်း ပြန်မဖြေချင်တော့။ အငယ်ဆုံးကောင် ချမ်းငြိမ်းတောင် ဆယ်တန်းရောက်နေပြီ။တိုးညွှန့်နှင့် နွယ်နွယ်ထွန်းတို့ကလည်း အဝေးသင်ဖြင့် ဘွဲ့ အသီးသီး ရပြီးကြပြီ။မြန်မာပြည်က ထွက်မသွားခင်ကလည်း ဘာအလုပ်မှ မယ်မယ်ရရ လုပ်ဖူးခဲ့သည်
မဟုတ်။ဒါကြောင့်ပင် မလေးရှားရောက်စက အတော် ဒုက်္ခရောက်သည်။လက်ကြောတင်းအောင် ဘာမှ မလုပ်နိုင်ခဲ့ နောက်မှသာ မဖြစ်မနေ ရပ်တည်ဖို့ အတွက် အလုပ်က သင်သွားရင်း လုပ်နိုင်လာသည်။
(၃)
မျိုးညွှန့်တွင် ရှေ့ဆက်မည့် အကြောင်းအရာတို့က ရေရေရာရာ ရှိပုံ မပေါ်သေး။သူ ရှင်းသမျှ နားထောင်ကာ အိမ်ပြန်ခဲ့ကြသည်။အဖေက အသင့်ဆီးကြိုနေသည်။ထူးထူးခြားခြား အဖေ ဒီနေ့ သောက်ထားပုံ မပေါ်။အမေနှင့် နွယ်နွယ်တို့က ညစာ ထမင်းပြင်နေကြသည်။ချမ်းငြိမ်း ကျူရှင်က ပြန်ရောက်လာချိန်တွင် မိသားစု ထမင်းဝိုင်း စ ကြသည်။သည်လို ဆိုတော့လည်း အမေ ပြောသလို မျိုးညွှန့် ပြန်လာတော့ မိသားစု တစ်စုတစ်ဝေးထဲ ဖြစ်သွားတာပေါ့ ဟု တွေးရသည်။ထမင်းစားရင်း အဖေက မလေးရှားနိုင်ငံ၏ နိုင်ငံရေး အကြောင်း မျိုးညွှန့်ကို မေးနေသည်။မျိုးညွှန့်ကလည်း မစားရ ၀ခမန်း အဖေ့ကို ရှင်းပြနေသည်။တစ်မိသားစုလုံးနှင့် မသက်ဆိုင်သည့် အကြောင်းအရာ ဖြစ်နေခြင်းကြောင့် ထမင်းဝိုင်းတွင် အဖေနှင့် မျိုးညွှန့် တို့အသံသာ ကြားနေရသည်။တိုးညွှန့်ကတော့ အရင်ဦးဆုံး ထမင်းဝိုင်းမှ ထ ဖြစ်လိုက်သည်။အိပ်ခန်းတွင်း အနည်းငယ် ရှင်းလင်းရင်း၊မျိုးညွှန့်၏ ပစ်္စည်းများကို နေရာချသည်။ပြီးလျှင် အိပ်ယာပြင်ရန် ခြင်ထောင်၊ခေါင်းအုံးတို့ကို ယူ၍ ဧည့်ခန်း သို့ထွက်ခဲ့လိုက်သည်။တိုးညွှန့်ကိုမြင်တော့
အမေက “ဟဲ့သားရဲ့ ဆောင်းတွင်းကြီး ဧည့်ခန်းထဲ ထွက်အိပ်မလို့လား” ဟုဆိုသည်။
“ကျွန်တော်က အိပ်နိုင်တယ် အမေ၊အမေ့သားက ပူလို့အိပ်နိုင်မှာ မဟုတ်ဘူး။ဟိုမှာ သူက လေအေးပေးစက်နဲ့ နေခဲ့ရမှာ။”
တိုးညွှန့် အိပ်ယာပြင်နေစဉ်မှာပင် အဖေနှင့် မျိုးညွှန့်ုတို့ ထွက်လာကြသည်။အဖေကလည်း
“ဆောင်းတွင်းပဲကွာ ညဘက်တော့ သိပ်မပူပါဘူး၊အခန်းထဲမှာ မအိပ်ကြဘူးလား”ဟု ဆိုပြန်သည်။ဒီတော့မှ မျိုးညွှန့်က “အေး ဟုတ်သားပဲ အဲကွန်း မရှိဘူးပဲ။အဲဒါမှ ပြဿနာ ငါက အဲကွန်း သိပ်မအေးရင်တောင် မအိပ်တတ်တော့ဘူးကွ”။ဟု ၀င်ပြောသည်။
မအိပ်တတ်လျှင်လည်း မတတ်နိုင်ပြီ။တိုးညွှန့် ကတော့ ခင်းစရာ ရှိတာ ခင်းပြီး ဂျာနယ်တစ်စောင်ကို ဆွဲဖတ်နေလိုက်သည်။အိမ်မှာက အိပ်ခန်း သုံးခန်း ရှိသည်။မီးဖိုချောင်ထဲမှာပင် ထမင်းစားကြသည်။ခေါင်းရင်းဘက်က အဖေနှင့်အမေ့အခန်း။ချမ်းငြိမ်းနှင့် တိုးညွှန့်တို့ တစ်ခန်း အတူအိပ်ပြီး ၊နွယ်နွယ်ကို တစ်ခန်းပေးထားရသည်။အခန်းများကလည်း သိပ်မကျယ်။အဖေနှင့်အမေ့ အခန်းရှေ့ မှာ ဘုရားစင်နှင့် ဧည့်ခန်း။နွယ်နွယ်အခန်းက လေ၀င်သေးသည်။တိုးညွှန့်တို့ အခန်းက နွေဘက်ဆို အခန်းထဲမှာ မအိပ်နိုင်။ညီအစ်ကို နှစ်ယောက် ဧည့်ခန်းထွက်အိပ်ရသည်။အခု မျိုးညွှန့် ရောက်လာတော့ သုံးယောက်၊ အိပ်ဖို့ ဆန့်သည့်တိုင်အောင် ပူနိုင်သည်။တိုးညွှန့်လည်း အပြင်မှာပင် မျိုးညွှန့်နှင့် အတူအိပ်တော့မည်။ချမ်းငြိမ်းကလည်း စာကြည့်စားပွဲ ထိုင်နေပြီ။ဒီကောင်က စာအလွန်တော်သည်။တိုးညွှန့် တို့မောင်နှမများထဲတွင် ဥာဏ်အကောင်းဆုံးနှင့် စာ အကြိုးစားဆုံး ဖြစ်သည်။မနက်ဖန် အလုပ်ဆင်းရမည့် နွယ်နွယ်ကလည်း အခန်းထဲဝင်နေပြီ။အဖေနှင့် အမေက အစောကြီး အိပ်ယာဝင်တတ်ကြသည်။
ဒီတော့လည်း တိုးညွှန့်တစ်ယောက်သာ မျိုးညွှန့်နား ရှိနေရပြန်သည်။ဆောင်းညက မအေးသည့်တိုင် မပူအိုက်ဟု တိုးညွှန့်ထင်သည်၊ မျိုးညွှန့်ကတော့ ယပ်တောင် တဖျပ်ဖျပ်နှင့်။
“မလေးရာသီဥတုနဲ့ ရန်ကုန် ရာသီဥတုက ဆင်တယ်လို့ ပြောကြပါတယ်ကွာ၊မင်းက ဘယ်လိုဖြစ်လို့ အတင်းအိုက်နေရတာလဲ”။
“မလေးရာသီဥတုက ပူပေမဲ့ စက်ရုံထဲမှာရော၊အိမ်မှာက အဲယားကွန်း အပြည့်သုံးထားတာကွ။ငါက အဲဒီနှစ်နေရာမှာပဲ နေရတာများတာကိုး။ဟိုမှာ အပြင်ထွက်ရင်လည်း ငါက ပူတတ် တာပါပဲကွာ။”
ညီအစ်ကိုနှစ်ယောက် ဖျာပေါ်တွင် ပက်လက်လှန်နေကြရင်း စကားဆက်ပြောဖြစ်ကြပြန်သည်။မျိုးညွှန့်က သူထွက်သွားစဉ် ကျန်ခဲ့သည့် မိသား စားဝတ်နေရေးကို စိတ်ဝင်တစား မေးဖော်ရသည်။ဆယ်တန်းကို တိုးညွှန့်နှင့်မျိုးညွှန့်တို့ အတူတူ ဖြစ်သွားကြသည်၊မျိုးညွှန့်က ဆက်မတက်လိုတော့။ကျူရှင်လခများကို အကြောင်းပြသည့်အတွက် တိုးညွှန့် သုံးဘာသာ သာ ကျူရှင်ယူဖြစ်သည်။ထောက်ပံ့ပေးသည့် ဒေါ်ကြီးကို အားနာတာလည်း ပါသည်။ဒါတောင် ဆင်ခြေဖုံး ရပ်ကွက်က ကျူရှင်လခများက ဈေးသိပ်မကြီး။ဆယ်တန်းဖြေပြီးသည်နှင့် ဆိုင်ကယ်တစ်စင်း ငှားပြီး ၇/၈ လမ်းဆုံနားမှာ ဆိုင်ကယ် ကယ်ရီဆွဲသည်။နောက်တော့ ဆိုင်ကယ် ပွဲစားပါ ကြုံရင် ကြုံသလို လုပ်ဖြစ်သည်။တိုးညွှန့်တို့လို ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ကယ်က တွင်ကျယ်သည်။အဖမ်းအဆီးလည်း နည်းပြီး သွားရေးလာရေး အဆင်ပြေလှသဖြင့် အန်္တရာယ်ရှိသော်လည်း အသုံးပြုနေကြသည်။အဖေ့ပင်စင် လခနှင့် တိုးညွှန့် ရှာလို့ရသမျှသည် မိသားစု အိမ်စရိတ်။အလယ်တန်းကျောင်းသူ နွယ်နွယ်က ဘာကျူရှင်မှ မယူသေး။နွယ်နွယ် ဆယ်တန်းရောက်သည့် အချိန်မှာတော့ ဒေါ်ကြီးအထောက်အပံ့ မယူတော့ဘဲ တိုးညွှန့်ရှာသည့် ငွေဖြင့် ကျောင်းထားနိုင်ခဲ့သည်။
နွယ်နွယ် ဆယ်တန်းဖြေပြီးတော့ အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်ဝင် လုပ်လိုက်သေးသည်။ရသည့်လခနှင့် ၊သွားရ လာရစရိတ်၊၀တ်ရ စားရ စရိတ်တို့နှင့် မကာမိသဖြင့် နှစ်လလောက်လုပ်ပြီးထွက်လိုက်သည်။နောက်တော့ ရိပ်သာက ဒေါ်ကြီး မိတ်ဆွေတစ်ယောက် အဆက်အသွယ်ဖြင့် မိန်းမစီး ကတီ်္တပါ ဖိနပ်များ သဲကြိုးကို ဆီးကွင့်ထိုးသည့် အလုပ်ရသည်။အပ်ထည်များကို အိမ်ယူထိုးခွင့်ရသည့်အတွက် အပြင်လည်း အမြဲထွက်နေစရာမလို။နွယ်နွယ်ယူလာသည့် ပုံတော်ဖိနပ် အချို့ကို အမေကပါ ဆီးကွင့် ကူထိုးပေးသည်။အမေတို့ ငယ်ငယ်က ခေတ်စားခဲ့ သည့် ဖိနပ်ပုံများ ဖြစ်သောကြောင့် အမေက နွယ်နွယ်ထက် ပိုပြီး မျက်စိ အမြင်ရှိသည်။အမေ့လက်ရာများကို လူကြိုက်များကြသည်။သားအမိနှစ်ယောက် အိမ်တွင်း လက်မှုလုပ်ငန်း အသေးစားလေး ဖြစ်ကာ အဆင်ပြေနေသည်။အပိုဝင်ငွေလေး ရလာတော့ ချမ်းငြိမ်းကို အလယ်တန်း ကျောင်းသားဘ၀ ကပင် ကျူရှင် ကောင်းကောင်းထားနိုင်ခဲ့သည်။ချမ်းငြိမ်းကလည်း စာကြိုးစားသည်။ကျူရှင်ဖိုးအပြင် ကျောင်းမုန့်တောင် မတောင်းတတ်သူ။သူ့ကျောင်းစာ ကလွဲလျှင် မိသားစု အရေးလည်း စိတ်ဝင်စားပုံမပေါ်။အငယ်ဆုံးဖြစ်နေ၍လည်း ပါပါလိမ့်မည်။
မျိုးညွှန့်ပို့ပေးသည့် ပိုက်ဆံတို့က အတိုးနှင့်အရင်းပေါင်းပြီး အနိုင်နိုင် အကြွေးဆပ်နေရသည်။သတ်မှတ်ထားသည့် နှစ်အတွင်း အိမ်ပြန်မရွေးနိုင်ပါက အပေါင်ဆုံး ဖြစ်တော့မည်။ဒီအိမ် အပေါင်ဆုံးလျှင် ဘယ်နားသွားနေကြမည်နည်း။ဒီအိမ်သည်ပင် အဖေ့ပိုင် မဟုတ်။အဖေ့လက်ထက်ပွား မဟုတ်။အဘိုးတို့ ပေးခဲ့သည့် အမွေဖြစ်သည်။အဖေက ဘာမှ ပူပင်စရာမလို အိမ်ပေါ်တက်နေရုံသာ။အဖေ့သားသမီး များ ဖြစ်ကြသည့် တိုးညွှန့်တို့ မောင်နှမများလည်း အလိုအလျောက် နေခွင့်ရခဲ့ကြသည်။အဖေ့အကြောင်းကိုတော့ ရှည်ရှည်ဝေးဝေး မပြောလိုတော့။
အမေနှင့်မရခင် လူပျိုဘ၀ ကပင် အရက်ကို ကြိုက်နှစ်သက်ပြီး သောက်သူ ဖြစ်သည်။ဒါကြောင့် ဒေါ်ကြီးက အမေနှင့် သဘောတူသည်ကို ရအောင် ခိုးပြေးကြသည်။ရ ပြီးသွားတော့လည်း ညီအစ်မ နှစ်ယောက်တည်း ရှိသဖြင့် ဒေါ်ကြီးက ပစ်မထားနိုင်။အဖေက အလိုလို အိမ်ပေါ်ရောက်ရတော့သည်။အဖေ မူးလာလျှင် သွေးက ဆိုးချင်သေးသည်။အထူးသဖြင့် အမေ့ကို ရန်လုပ်တတ်သည်။အမျိုးမျိုးရစ်ပြီးမှ အိပ်ပျော်သွားလေ့ရှိသည်။သူ့ညီမ ဒုက်္ခများကို မြင်တွေ့နေရသည်မှာ စိတ်ဆင်းရဲသဖြင့် နွယ်နွယ်ထွန်း သူငယ်တန်းတက်သည့် နှစ်မှာပင် အမွေဆိုင်အိမ်ကို ပေးပစ်ခဲ့ကာ ရိပ်သာတွင် သွားနေတော့သည်။ချမ်းငြိမ်းလေး ငယ်စဉ်ကလည်း အဖေလုပ်လို့ လေဖြတ်သလို ဖြစ်သွားဖူးခဲ့သည်။အဖေမူးလာလျှင် ချမ်းငြိမ်းကို “ကြီးလာလျှင် စစ်ဗိုလ်ကြီး လုပ်မှာလား”ဟု မေးလေ့ရှိသည်။ချမ်းငြိမ်းက ဘယ်တော့မှ လုပ်မည်ဟု မဖြေ။အမေက ပြဿနာ မဖြစ်စေချင်သည့် သဘောဖြင့် “သားလေး ပြောလိုက် စစ်ဗိုလ်ကြီးလုပ်မှာလို့” ဟုသင်ပေးသော်လည်း ဘယ်တော့မှ မပြော။အရိုက်ပဲ ခံသည်။
ဆောင်းတစ်ညတွင် ထိုသို့ အရိုက်ခံရပြီး နောက်တစ်နေ့ မနက်တွင် ချမ်းငြိမ်းတစ်ယောက် လမ်းမလျှောက်နိုင်တော့။လူကြီးများ လေဖြတ်သလိုမျိုး ဖြစ်သွားခဲ့ရသည်။မြန်မာဆေးဖြင့် မနည်းကုထားရသည်။ညနေရောက်တော့ မျိုးညွှန့်နှင့်တိုးညွှန့်တို့နှစ်ယောက် အဖေနှင့်အပြိုင် သောင်းကျန်းပေးလိုက်ကြသည်။မျိုးညွှန့် ဦးဆောင်သည်၊တိုးညွှန့်က နောက်လိုက် လုပ်ပေးရုံသာ။အဲသည့်နောက်ပိုင်းတော့ အမေ့ကိုတောင် သိပ်မရစ်တော့။သားတွေ အရွယ်ရောက်လာ၍ ဖြုံသွားတာ ဖြစ်နိုင်သည်။အဖေကို သည်လိုဆက်ဆံရသည်မှာ ငရဲတော့ကြီးသည်။ဒါပေမဲ့မတတ်နိုင်။အဖေ့ဘ၀တွင် ဘာကိုမှ ပူပင်သည်ကို မတွေ့ဖူးခဲ့။ကံကောင်းသည်ဟု ဆိုရမည်။ပင်စင်ယူပြီးတော့လည်း အေးချမ်းသက်သာစွာ အပြင်ဝပ်ရှော့တစ်ခုတွင် သူ့သူငယ်ချင်းများနှင့် တစ်နေကုန်နီးပါး နေသည်။ညနေရောက်လျှင် ရေချိန်ကိုက်ပြီး ပြန်လာသည်။မျိုးညွှန့် မရှိတော့သော်လည်း အရင်ကလိုတော့ ပြဿနာမရှာတော့။နွယ်နွယ် အဝေးသင်ဆက်တက်ပြီး ဘွဲ့ရသည့် နှစ်မှာပင် ကတ်္တီပါ ဖိနပ် ဆီးကွင်းထိုးသည့် လုပ်ငန်းကို ဗီယက်နာမ် နိုင်ငံက စိတ်ဝင်စားလာကာ မြန်မာ လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ဖိနပ် စက်ရုံ ဖက်စပ် တည်ထောင်ကြသည်။မြန်မာ အလုပ်သမားများကို ခေါ်ယူသည်။အိမ်ကို အထည်ပေးလိုက်သည့် လုပ်ငန်း မရှိတော့။နွယ်နွယ်တို့ သားအမိကိုတော့ စက်ရုံတွင် အလုပ်လာဆင်းဖို့ ခေါ်ကြပါသည်။စက်ရုံတည်နေရာက အိမ်နှင့်ဝေးပြီး၊ပေးသည့် လခနှင့် အဆင်မပြေနိုင်သဖြင့် နွယ်နွယ်တို့ အိမ်တွင်းမှု လုပ်ငန်းလေး ရပ်ဆိုင်းသွားခဲ့ရသည်။နွယ်နွယ်ကို ကွန်ပျူတာ သင်တန်းတက်ခိုင်းပြီး သင်တန်းပြီးစမှာပင် ကားပစ်္စည်း အရောင်းဆိုင်ကြီးတစ်ခုမှ အလုပ်ခေါ်သည်နှင့် ၀င်လုပ်ခိုင်းလိုက်သည်။ရောင်းရသည့် ကားပစ်္စည်းစာရင်းများကို ကွန်ပျူတာနှင့် စာရင်းသွင်းရသည့် အလုပ်ဖြစ်သည်။ပေးသည့် လခကလည်း မဆို၊သင်ထားသည့် ကွန်ပျူတာ ပညာလည်း အသုံးချပြီးသားဖြစ်သွားသည်။အဓိက အိမ်နှင့်မဝေးသည့်အတွက် လမ်းစရိတ် သက်သာသည်။
တိုးညွှန့် ရှင်းပြသံကို နားထောင်ကာ အင်း လိုက်နေသည့် မျိုးညွှန့် အသံတို့ တဖြည်းဖြည်း ကျဲသွားသည်။ဆောင်းညည့်က နက်လာသည့်အတွက် အနည်းငယ် အအေးပိုလာပြီ။ပေါင်နှစ်လုံးကြား လက်ညှပ်ပြီး အိပ်ပျော်နေသည့် မျိုးညွှန့်ဟန်က ငယ်စဉ်ကအတိုင်း။စောင်ပါးပါးတစ်ထည် လှမ်း ခြုံပေးလိုက်ကာ တိုးညွှန့်လည်း တစ်ဖက်လှည့်ပြီး အိပ်လိုက်တော့သည်။
( ၄ )
မျိုးညွှန့် နိုးလာတော့ အနားတွင် တိုးညွှန့် မရှိတော့။တစ်အိမ်လုံးလည်း တိတ်ဆိတ်နေသည်။ချမ်းငြိမ်းက ကျောင်းသွားပြီး၊နွယ်နွယ် အလုပ်သွားပြီထင်သည်။ဆောင်းမနက်ခင်းက နေလို့ကောင်းရုံ အေးနေသည်။ပြန်အိပ်အုံးမည်ဟု စိတ်ကူး ပြီးမှ မီးဖိုထဲမှ ဟင်းနံ့က ပျံလွင့်လာသည်။မျိုးညွှန့်တို့ ငယ်စဉ်ကတည်းက မနက်စာကို အမေက ထမင်းကျွေးလေ့ရှိသည်။ညဘက် ထမင်းမကျန်လျှင်ပင် ထမင်းကြမ်းဖြစ်အောင် ညကတည်းက ချက်ထားလေ့ရှိသည်။ဟင်းကျန်များကို ရောနွေးပြီး ပဲပြုတ်နှင့် ထမင်းနယ်က ကျွေးလေ့ရှိသည်။တစ်ခါတစ်ရံ အကြော်၊ငပိရည်ဖျော်တို့ဖြင့်လည်း ကျွေးတတ်သေးသည်။မနက်မိုးလင်း လျှင် ထမင်းစားတတ်သည့် အကျင့်က မလေးရှား ရောက်တော့ အတော် ဖျောက်ယူရသည်။မနက် ထမင်းမစားရလျှင် ရင်ပူ သလိုလိုနှင့် ဘာစား စား ဗိုက်မ၀သလို ဖြစ်နေတတ်သည်။အခုတော့လည်း ခေါက်ဆွဲခြောက်နှင့် ပေါင်မုန့်တို့က မနက်စာ အဖြစ် အကျွမ်းဝင်နေကြပြီ။ခြေရင်းဘက်က ခြင်ထောင်ကြိုး နှစ်စကို တိုးညွှန့် ဖြုတ်ခဲ့ပုံရသည်။သူတို့ အလုပ်သွားကြဖို့ အ၀င်အထွက် အပေါက် ကို ခြင်ထောင်ကြိုးများက ပိတ်နေသည်။ကျန်နေ သည့် ခေါင်းရင်းဘက်မှ ကြိုးနှစ်စကို ဆွဲဖြုတ်ပြီး၊ခေါင်းအုံး၊စောင်ပုံတို့နှင့် ရောကာ အမေတို့ အခန်း နံရံဘေး တွန်းကပ်ခဲ့လိုက်သည်။ပြီးနောက် မျက်နှာသစ်ရန် ခြံထဲသို့ ဆင်းခဲ့လိုက်သည်။
အုတ်ကန်ဘေး ရောက်မှ မုတ်ဆိတ်ရိတ်ရန် သတိရသည်။သည်တော့မှ အရင်က အတိုင်း လုပ်ဖို့ သတိပြန်ရလာသည်။မျိုးညွှန့်တို့ ညီအစ်ကို နှစ်ယောက်က မျက်နှာသစ်ကန် တွင် မေးစေ့ကို ဆပ်ပြာသုတ်ပြီးအိမ်ပေါ် ပြန်တက်လေ့ရှိသည်။အိမ်ရှေ့ ကျွန်း မှန်ဘီဒိုကြီးရှေ့တွင် ရပ်ကာ မှန်ကြည့်ပြီး မုတ်ဆိတ်ရိတ်ကြသည်။ပြီးမှ ပြန်ဆင်းလာပြီး မျက်နှာသစ်လေ့ရှိသည်။အဖေကတော့ ဟိုးခေတ် မတ်စေ့လေး နှစ်စေ့ကို လက်တွင် ကိုင်ကာ နှုတ်လေ့ရှိသည်။အဖေ မုတ်ဆိတ်ရိတ်သည်ကို ဘယ်တုန်းကမှ မမြင်ဘူးခဲ့။မျိုးညွှန့် အိမ်ပေါ်ပြန်တက်လာတော့မှ သတိထားမိသည် ကျွန်းဘီဒိုကြီးကို မတွေ့တော့။မနေ့ကတော့ အမှတ်တမဲ့ ဖြစ်နေသည်၊မေးစေ့တွင် ဆပ်ပြာများ တန်းလန်းနှင့် အမေ့ကို အော်မေးနေမိသည်။
“အမေ ဒီနားက ကျွန်းဘီဒိုကြီး ဘယ်ရောက်သွားလဲဗျ”
“မင်း အဖေ ရောင်းစားလိုက်ပြီလေ မရှိတော့ဘူး”။ အမေ့ပြန်ဖြေသံကို သာ ကြားရပြီး လူက ထွက်မလာ။
မျိုးညွန့် မီးဖိုချောင်ထဲထိ ၀င်လိုက်သွားသည်။
“ဘာဖြစ်လို့ ရောင်းစားရတာလဲ အမေ။အမေကရော အဖေ ရောင်းစားတာကို ဘာမှ မပြောဘူးလား။တိုးညွှန့်ရောပဲ”
“သူ့သူငယ်ချင်းတစ်ယောက် ကရိုင်းသဖို့ အပ်ခိုင်းထားတဲ့ စက်ပစ်္စည်းတစ်ခု မင်း အဖေကြောင့် ပျောက်သွားလို့တဲ့၊ပစ်္စည်းက တန်ဖိုးကြီးတယ်ပြောတယ်။မူးပြီး ဘယ်နေရာမှ ချခဲ့မိမှန်း မသိတော့ဘူးတဲ့။အဲဒါ ပြန်လျှော်ပေးရမှာ။ဘာနဲ့ လျှော်မှာလဲ။အဲဒီ သူငယ်ချင်းက အိမ်ကို လာလည် ကတည်းက ကျွန်းဘီဒိုကြီးကို သဘောကျလို့ ရောင်းပါလားလို့ ပြော ပြောနေတာ။အမေက မရောင်းပါဘူး မိဘပိုင် အမွေပါလို့ ပြောလိုက်တာ။နောက်နှစ်လ လောက်နေတော့ အဲဒီလို ဖြစ်သွားတာပဲ။တိုးညွှန့် ကတော့ ဒါ သွေးရိုး သားရိုး မဟုတ်နိုင်ဘူးလို့ ပြောနေတယ်။
“အမေတို့ ဒီအတိုင်း ပြီးသွားကြတာလား” မေးရင်းကပင် မျိုးညွှန့် စိတ်တိုလာသည်။
“မင်းအဖေ အိမ်ထောင်ဦးစီးပဲ သိရမှာပေါ့၊ပိုက်ဆံတော့ နည်းနည်းပါးပါး ထပ်ပေးတယ် ထင်တာပဲ”။
“ဒီ ကျွန်းဘီဒိုကြီးက ဘိုးဘွားပိုင် ပစ်္စည်း အမေ၊ကျွန်တော်တို့နဲ့လည်း ဆိုင်တယ်။ဒေါ်ကြီးနဲ့လည်း ဆိုင်တယ်။အဖေ့သဘောတစ်ခုတည်းနဲ့ လုပ်လို့ မရဘူးလေ။ဒေါ်ကြီးရော ဘာပြောလဲ”။
“မင်း ဒေါ်ကြီးလည်း ရောင်းပြီးမှ သိရတာလေ၊စိတ်ဆိုးရုံ အပြင် ဘာလုပ်နိုင်မှာလဲ၊ဒီလိုပဲ ပြီးသွားတာပါပဲ”။
မျိုးညွှန့်တစ်ယောက် မကျေမချမ်းဖြင့် အိမ်ပေါ်မှ ပြန်ဆင်းခဲ့လိုက်သည်။မုတ်ဆိတ်ကိုလည်း လက်ဖြင့် စမ်းရင်း ရိတ်လိုက်သည်။တစ်လက်စတည်း ရေပါချိုးမည်ဟု စိတ်ကူးကာ ရေကန်ဘေး အ၀တ်တန်းမှ ပုဆိုးတစ်ထည်ကို လှမ်းဆွဲလိုက်သည်။ကန်ထဲတွင် ရေအပြည့် ဖြစ်နေသည်၊တိုးညွှန့် အပြင်မသွားခင် ရေငင်ထည့်ခဲ့သည် ထင်သည်။ထိုစဉ်မှာပင် ခြံထောင့်က မချစ်စု သရက်ပင်ကြီးတွင် ပြွတ်နေအောင် သီးနေသည့် သရက်ကင်းတို့ကို တွေ့လိုက်ရသည်။စိတ်တို့ ကြည်လင်ပေါ့ပါးသွားသည်။ငယ်ဘ၀က ပုံရိပ်လေးတွေ ပြန်မြင်ယောင်လာသည်။မျိုးညွှန့် တို့ ခြံထဲတွင် နောက်ဘက် ခြံထောင့် ၌ မချစ်စု သရက်ပင်ကြီး နှစ်ပင်က တစ်ထောင့်စီမှာ ရှိနေသည်။ရှေ့ဘက်တွင် တစ်ဖက်ထောင့်မှာက မန်္တလေး ရင်ကွဲ သရက်ပင်နှင့် အခြားထောင့်တွင် ရေတွင်း တစ်တွင်း။မျိုးညွှန့်တို့ ငယ်စဉ်ကပင် ရေကို ငင်ပြီး ချိုးခဲ့ကြသည်။အရွယ်ရောက်လာတော့ ဒေါ်ကြီးက ရေတွင်းတွင် စက်သီးတပ်ပေးသည်။သည် တွင်းရေက အေးပြီး အလွန်ချိုသည်။အဘိုးလက်ထက် ကတည်းက တူးခဲ့သည်ဟု ဆိုသည်။နွေခါဆို အေးနေပြီး၊ ဆောင်းတွင်းတွင် နွေးနေတတ်သည့် သည်တွင်းရေကို ငင်ဖို့ မျိုးညွန့် ညီအစ်ကို နှစ်ယောက် ဘယ်တုန်းကမှ မပျင်းခဲ့ကြ။အခြားရပ်ကွက်များနှင့် အိမ်များတွင် နွေအခါ ရေခန်းချိန်၌ မျိုးညွှန့်တို့ တွင်းရေသည် ခန်းဖို့ မဆိုထားနှင့် လျှော့ပင် မလျှော့တတ်။
ရေကို တဗွမ်းဗွမ်း ခပ်ချိုးရင်း နောက်ဖေး ရေကပြင်တွင် ပန်းကန် ဆေးနေသည့် အမေ့ကို လှမ်းပြောနေမိသည်။
“အမေရေ ဒီနှစ်နွေတော့ ကျွန်တော် သရက်သီးစိမ်းကို ငံပြာရည်နဲ့ စားရပြီဗျ။ဟိုမှာက သရက်သီး အမှည့်တွေပဲ ရှိတယ်။သူတို့ဆီက သရက်သီးတွေ ဘယ်လောက် ချိုချို၊ကျွန်တော်တော့ မချစ်စု သရက်သီးပဲကြိုက်တယ်။အစိမ်းမှာလည်း စားလို့ကောင်းတယ်။မှည့်ရင်လည်း ချိုတယ်နော်”။
“မချစ်စု ကတော့ ဒီနှစ် မရတော့ဘူး သားရေ။မင်းအဖေက အပင်ကို ပုတ်ပြတ် ရောင်းထားပြီးသား။နောင်နှစ်မှ စားတော့” အမေ လှမ်းပြောလိုက်သံကို ရေသံတို့ဖြင့် မျိုးညွှန့်တစ်ယောက် မသဲကွဲ။
“အမေ ဘာပြောလိုက်တာလဲ၊ဘာလို့ စားလို့မရမှာလဲ သရက်ကင်းတွေ ဒီလောက် အများကြီးကို၊နှင်းခါးရိုက်တယ်ပဲ ထားလိုက်အုံး၊အများကြီး ကျန်အုံးမှာပါ။ဒီပင်က နှစ်တိုင်း အများကြီး သီးနေကြပဲ”။
“မဟုတ်ဘူးဟေ့ နှစ်ပင်စလုံးကို မင့် အဖေ ပုတ်ပြတ် ရောင်းထားပြီးသား”။
မျိုးညွှန့် တစ်ကိုယ်လုံး ရှိန်းကနဲ ခံစားလိုက်ရသည်။အဖေ တစ်ဆိတ် လွန် လွန်းပြီ။
“ရင်ကွဲတော့ မရောင်းပဲ ဘာလို့ မချစ်စုကြီးပဲ နှစ်ပင်စလုံး ရောင်းထားရတာလဲ အမေရ”
“၀ယ်တဲ့သူက မင်း ရင်ကွဲ အပင်ကို မှ မကြိုက်တာ၊”
“မသိဘူးဗျာ။ကျွန်တော်တော့ ခူးစားမှာပဲ၊၀ယ်ထားတဲ့သူကလည်း လာကြည့်နိုင်တာမှ မဟုတ်တာ”။
မျိုးညွှန့်တစ်ယောက် ငယ်စိတ်ပေါက်ကာ တစ်ကယ်ပင် ခူးစားဖို့ ဆုံးဖြတ်ထားလိုက်သည်။
“ဟဲ့ အဲဒီလို လုပ်လို့ ဘယ်ဖြစ်မလဲ။သူတို့က ပိုက်ဆံကို ကြိုပေးထားကြတာ၊မလုပ်ကောင်းပါဘူးကွယ်။သူတို့ မမြင်တာနဲ့ပဲ ခူးစားစရာလား။ ကိုယ့်အပင်နဲ့ ကိုယ် ခိုးစားရမဲ့အဖြစ်မျိုး။”
“အဲဒီလို ခိုးစားရအောင် အဖေ လုပ်ခဲ့တာလေ အမေရဲ့။တစ်ကယ်တည်းဗျာ။တစ်အိမ်လုံး ဖြစ်ချင်တိုင်းကို ဖြစ်လို့ ကျွန်တော်မရှိတဲ့ ခြောက်နှစ်လောက်အတွင်း အိမ်ပေါ်က ကျွန်းဘီဒိုကြီးလည်း မရှိတော့ဘူး။ခြံထဲက သရက်ပင်လည်း အပင်ပဲ ပိုင်တော့တယ်။သီးသမျှ သူများရောင်းပြီးသားတဲ့၊ဟိုကောင် တိုးညွှန့်ကရော ဘာလုပ်နေလဲ။နည်းနည်းပါးပါး ကာကွယ်ရကောင်းမှန်း မသိဘူးလား။”
နောက်ဆုံးတွင် မျိုးညွှန့် ဒေါသတို့က တိုးညွှန့်အပေါ်သို့ ပုံကျသွားတော့သည်။သန်သန်မာမာ လူငယ်တစ်ယောက်လုံး အိမ်မှာ ရှိနေပါရက် အိမ်ရှိပစ်္စည်းများ တစ်စတစ်စ လျော့ပါးကုန်ရသည်ကို မကျေနပ်နိုင်။မျိုးညွှန့်တစ်ယောက်တည်း တစ်နေ့ခင်းလုံး ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ဟိုလှိမ့် ဒီလှိမ့်နှင့် အချိန်တွေ ကုန်ခဲလှသည်။ညနေစောင်းတော့ တိုးညွှန့် ပြန်လာသည်ထိ မစောင့်တော့ဘဲ မနေ့က သောက်ခဲ့သည့် ဆိုင်ကို တစ်ယောက်တည်း ထွက်ခဲ့လိုက်သည်။မျိုးညွှန့် ဒီပြန်ရောက်ပြီး ဘာလုပ်ရမည်ကို မစဉ်းစားတတ်သေး၊တော်ရုံတန်ရုံ အလုပ်လည်း လုပ်နိုင်မည်မထင်။နိုင်ငံခြားသို့ တစ်ခါ ပြန်ထွက်ပြီး အလုပ်လုပ်ဖို့ဆိုတာလည်း မလွယ်တော့။အလိုလိုမှ ကိုယ့်ဘာသာ စိတ်တိုင်းမကျ ဖြစ်နေရချိန်တွင် အိမ်အခြေအနေတို့က မျိုးညွှန့်စိတ်ကို ပေါက်ကွဲစေသည်။အိမ်ပြန်ရောက်တော့ တိုးညွှန့်က ပြန်ရောက်ပြီး ညနေစာပင် စားနှင့်နေပြီ။
“မိသားစုဆိုတာ စုံစုံညီညီ ထမင်းစားစောင့်ရတယ်ကွ၊တိုးညွှန့်ရ အဖေလည်း ပြန်မလာသေးဘူး။မင်းက စားနှင့်နေပြီလား။” ရန်စကားဆိုရင်း မျိုးညွှန့် မီးဖိုခန်းထဲ ၀င်လိုက်သည်။
”မစောင့်နိုင်ဘူးဟေ့ ငါက အလုပ်လုပ်နေရတာ။ဒီနေ့ နေ့လယ်စာ မစားလိုက်ရဘူး။ဆိုင်ကယ်တစ်စီး ၀ယ်လက်ရှိတုန်း လိုက်ပြပေးနေရလို့။ညကျရင်လည်း အိုဗာတိုင်ကျတဲ့ ဟိုဘက်လမ်းက အန်တီကြီးကို ဖယ်ရီဂိတ်မှာ သွားကြိုပေးရအုံးမှာ။”တိုးညွှန့်ကလည်း မခံ ခွန်းတုံ့ပြန်သည်။
ခပ်ထွေထွေဖြစ်နေသည့် မျိုးညွှန့် အနာပေါ် တုတ်ကျသလို ခံစားလိုက်ရသည်။
“ဟေ့ ကောင် မင်းဘာပြောတာလဲ။မင်းက အလုပ်လုပ်နေတာ ဆိုတော့ ငါက ထိုင်စားနေသလို။သူများနိုင်ငံမှာ ကျွန်သွားခံပြီး အလုပ်လုပ်ခဲ့ရတာပါ။ပြန်ရောက်တာမှ နှစ်ရက် မပြည့်သေးဘူး မင်းက ဒီစကားပြောတယ်ပေါ့။မိသားစု ဒုက်္ခရောက်နေတဲ့အချိန် အနစ်နာခံပြီး ထွက်သွားခဲ့ရတာ ဘယ်သူလဲကွ။ပြောပါအုံး၊အိမ်မှာ မိသားစုနဲ့ နွေးနွေး ထွေးထွေး ကျန်ခဲ့ရပြီး မိသားစုပိုင် ပစ်္စည်းတွေကိုတောင် မစောင့်ရှောက်နိုင်တဲ့ ကောင်ကများ”။
တိုးညွှန့်တစ်ယောက် စားလက်စ ထမင်းပန်ကန် ချထားပြီးလက်ဆေးကာ မျိုးညွှန့်ကို မီးဖိုထဲမှ ဆွဲထုတ်လာသည်။
“လာပါ ထိုင်ပါအုံးကွ၊မင်း ခုနက ဘာပြောလိုက်တယ်။မိသားစု ဒုက်္ခရောက်နေတဲ့အချိန် အနစ်နာခံပြီး ထွက်သွားခဲ့ရတာ ဟုတ်လား။ဘာတွေများ အနစ်နာခံခဲ့လို့လဲ။မပြောတော့ဘူးလို့ ဆုံးဖြတ်ထားတာ မင်းက အရင် စပြောတော့ ပြောရတာပေါ့ကွာ၊နားထောင်။မင်းသွားရဖို့ အိမ်ပေါင်ပေးလိုက်ရတယ်။လေးလလောက်ထိ မင်း ငွေပြန် မပို့နိုင်ခဲ့ဘူး။မင်း မပို့နိုင်ပေမဲ့ အတိုးတွေက မပေးဘဲ နေလို့ မရဘူး။အတိုးမပေးနိုင်ရင် အတိုးပေါ် အတိုးဆင့်ပြီး အရင်းကပါ များသွားရော။ဒီတော့ အမေ၊ငါနဲ့နွယ်နွယ် ဖြစ်အောင် အတိုးဆပ်ပေးနေရတယ်။မင်းပို့လာတဲ့အချိန်ကျတော့ အတိုးနဲ့အရင်း မျှဆပ်ပေးတယ်။နောက်ဆုံးတော့ အိမ်ပြန်ရွေးနိုင်ခဲ့တယ်။အမေကတော့ မင်းစိတ်ပေါ့ ပါစေတော့ဆိုပြီး အိမ်ပြန်ရွေး ပြီးတာကို ပြောပြလိုက်တယ်။အဲဒီနောက် မင်းငွေ ဆက်ပို့သေးလား။ငါးလ၊ခြောက်လ မှ တစ်ကြိမ် မဖြစ်စလောက် ငွေလေး ပို့ပေးတယ်။အစကတည်းက မင်းမသွားခဲ့ရင် ဒီအိမ်ကို ပေါင်စရာမလိုဘူး၊ဒါဆို ပြန်ရွေးစရာလည်း မလိုတော့ဘူးပေါ့။မင်းကြောင့်ပေါင်လိုက်ရတဲ့ အိမ်ကို မင်းပြန်ရွေးရတာ မိသားစု အတွက်တဲ့လား။ပြန်စဉ်းစားကြည့်ပါ။မင်း ပြည်ပသွား အလုပ်လုပ်နေတဲ့အချိန် ငါတို့က ဒီမှာ အခန့်သား ထိုင်စားနေရတယ် ထင်လို့လား။မင်းကမှ အဆင့်မြင့်တဲ့ လူနေမှု အဆင့်အတန်းတစ်ခုနဲ့ နေရသေးတယ်။ငါတို့က ဒီမှာ အဖေနှိပ်စက်တဲ့ ဒဏ်ပါ ခံနေရတာကွ။အိမ်က ပစ်္စည်းတွေကို မင်းတစ်ယောက်တည်း နှမြောနေတယ် မထင်နဲ့။ငါတို့ မောင်နှမတွေလည်း နှမြောတာပဲ။သူက အဖေကွ။ဒါတောင် ဒေါ်ကြီး ၀င်ပါ နေလို့ ဒီလောက်ကျန်တာ။ဒေါ်ကြီးလည်း အသက်ကြီးလှပြီ ဘယ်လောက် တားပေးနိုင်၊လုပ်ပေး နိုင်တော့မှာလဲ”။
တစ်ဆက်တည်း ပြောချလိုက်ပြီး တိုးညွှန့် ငြိမ်နေလိုက်တော့သည်။သူ့ဘာသာ ဆက်တွေးစေတော့
ထိုအချိန် အဖေလည်း အိမ်ပြန်ရောက်လာသည်။မျိုးညွှန့်က မကျေနပ်သံနှင့် အဖေ့ကို လှမ်းမေးလိုက်သည်။
“အဖေ ဘာဖြစ်လို့ မချစ်စု သရက်သီးတွေကို ပုတ်ပြတ် ရောင်းစားလိုက်ရတာလဲ”။
ခပ်ထွေထွေဖြစ်လာသည့် အဖေက
“ခြံစည်းခတ်ဖို့လေ မင်းမမြင်ဘူးလား ခြံစည်းရိုး အသစ်ခတ်ထားတာ။အိမ်တစ်အိမ်မှ လုံခြုံရေးကလည်း အရေးကြီးတယ်လေကွာ”။
“ဒါဆို ကျွန်းဘီဒိုကြီး ရောင်းစားတာကျတော့ရော”
“အဲဒါလည်း လိုအပ်လို့ပေါ့ကွာ”
ပြောပြီး မီးဖိုခန်းထဲ ၀င်သွားတော့သည်။
( ၅ )
သည်နေ့ နွယ်နွယ်ထွန်း အလုပ်နားရက် ဖြစ်သည်။ဆိုင်ကတော့ ပိတ်ရက်မရှိ။အလုပ်သမားများက တစ်ပတ် တစ်ရက် နားခွင့် ရသည်။လူငယ့်အလင်းရောင် ပရဟိတ အဖွဲ့နှင့် တွံတေးမြို့သို့ လိုက်သွားမည်။နွယ်နွယ် က ထိုအဖွဲ့ဝင် တစ်ဦးဖြစ်သည်။အလုပ် အားသည့် အချိန်များတွင် ပါဝင်ကူညီဖြစ်သည်။သွားမည့် အချိန်က နေ့လည်မှ ဖြစ်သည်။အမေ့ကို မီးဖိုချောင် ၀င်ကူရင်း သားအမိနှစ်ယောက် စကားပြောနေကြသည်။အမေက မနေ့ညက ကိုကြီး၊ကိုလေးနှင့် အဖေတို့၏ သုံးပွင့်ဆိုင် ဆွေးနွေးပွဲအကြောင်း ပြောပြနေသည်။ကိုကြီး မျိုးညွှန့်နှင့် နွယ်နွယ် တို့ စကား အေးအေးဆေးဆေး မပြောရသေး။ကိုယ့် အလုပ်သွားချိန်တွင် သူက မနိုးသေး။ဒီနေ့ အလုပ်နားမည် ဖြစ် သဖြင့် စာရင်းများကို တစ်ဖြတ် ချုပ်ပေးခဲ့ရသည်။ထို့ကြောင့် မနေ့ညနေက အိမ်ပြန်နောက်ကျသည်။အဖြစ်အပျက်တို့ကို ချမ်းငြိမ်းကတော့ အတိုချုံး ပြောပြထားသည်။ နွယ်နွယ်ကတော့ ဘယ်သူ့မှ အပြစ်မတင်လိုတော့။ပြီးခဲ့တာတွေ ပြီးခဲ့ပြီ။ရှေ့လျှောက် အဆင်ပြေဖို့ပဲလိုသည်။ကိုကြီးမျိုးညွှန့်ကိုလည်း အလုပ် တစ်ခုခု လုပ်စေချင်သည်။ယခင်ကထက် စာလျှင် အခုဆို အနည်းငယ် အဆင်ပြေလာပြီဟု ပြောနိုင်ပြီ။နေစရာ အိမ်ပိုင်လေးရှိသည်။နေ့စဉ် စားဖို့ အဆင်ပြေသည်။ချမ်းငြိမ်း ကျူရှင်လခလည်း ပေးနိုင်နေပြီ။ဒေါ်ကြီး အကူအညီပင် မယူရတော့။တစ်ခုပဲ ရှိသည် ချမ်းငြိမ်းက စာတော်သည် ဆယ်တန်းအောင်မှတ်ကောင်းပြီး လိုင်းကောင်းကောင်း တက်ခွင့်ရခဲ့လျှင် ထားနိုင်ဖို့ စဉ်းစားရမည်။
နွယ်နွယ်တို့သားအမိ စကားမဆုံးခင် ကိုကြီးမျိုးညွှန့် ၀င်လာသည်။
“မိနွယ် ဒီနေ့ အလုပ်မသွားရဘူးလား”
“ဟုတ်တယ် ကိုကြီး ပရဟိတ အဖွဲ့နဲ့ တွံတေး လိုက်သွားမလို့ အဲဒီက အပြန် အမှိုက်ဝင်ကောက်ကြမယ်။”
“ဘာရယ် တစ်ခါမှ မကြားဖူးပါဘူး၊ဘယ်မှာ အမှိုက်ဝင်ကောက်ကြမှာလဲ။”
“ကိုကြီးကလည်း နွယ်တို့ လူငယ့် အလင်းရောင် အဖွဲ့က တစ်ပစ်ခြားစီ ရန်ကုန်မြို့လယ်ခေါင် လူစည်ကားတဲ့ မီးပွိုင့်တွေနားမှာ အမှိုက်လိုက်ကောက်ကြတယ်။တူညီဝတ်စုံတွေ ၀တ်ပြီးတော့ပေါ့”။
“နင်တို့ကို ဘယ်သူက လုပ်ခိုင်းတာလဲ”။
“အို ဘယ်သူမှ မလုပ်ခိုင်းပါဘူး။ကိုယ့်အသိစိတ်နဲ့ ကိုယ် လုပ်ကြတာပေါ့”။
“ရယ်ရတယ် မိနွယ်။နင်က အိမ်က အမှိုက်တွေကျတော့ အလွယ်တကူ အိမ်ရှေ့ မြောင်းထဲ ပစ်ချနေပြီးတော့ မြို့လယ်ခေါင်က အမှိုက်တော့ သွားကောက်ပေးတယ် ဟတ်လား”။
“ကိုကြီးကလည်း အဲဒီမြောင်းက မိုးတွင်းဆို ရေစီးကောင်းတော့ သူ့အလိုလို အမှိုက်တွေ ပါသွားရော။ဆောင်းနဲ့ နွေကျတော့ ရပ်ကွက် အုပ်ချူပ်ရေးမှူး လုပ်ပေးရမှာလေ။သူတို့ မဲဆွယ်တုန်းက သူတို့ ပါတီနိုင်ရင် ရပ်ကွက်ထဲက အဲဒီမြောင်းကြီးကို အမြဲ သန့်ရှင်းနေအောင် လုပ်ပေးမယ်ဆိုတာ ပါတယ်၊အခုမှ မသိချင်ယောင်ဆောင်နေကြတာ။”
“ဒါဆို နင်တို့ ပရဟိတ အလုပ်ဆိုတာ ဘာတွေ လုပ်ကြတာလဲ။ငါမသိလို့ မေးတာပါ”။
“ဒီနေ့ဆို တွံတေး မိဘမဲ့ ဘုန်းကြီးကျောင်းက ကလေးတွေကို စာရေးကိရိယာနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ သွားလှူကြမှာ။နွယ်တို့ အဖွဲ့က အဲဒါတွေ ရဖို့ ရက်ကွက်တွေထဲမှာ အလှူလိုက်ခံပေးထားကြတာ။”အဲဒီလို ပရဟိတ အဖွဲ့တွေ မြန်မာပြည်မှာ အများကြီးရှိနေပြီ ကိုကြီးရဲ့ အားရစရာ”။
“မိနွယ်ရေ နိုင်ငံတစ်နိုင်ငံမှာ ပရဟိတ အဖွဲ့တွေ အများကြီး ရှိလာပြီဆိုရင် အဲဒီနိုင်ငံရဲ့ ဆုတ်ယုတ်မှုပဲဟဲ့။တာဝန်ရှိ အစိုးရအဖွဲ့က လုပ်မပေးနိုင်တာတွေ များနေလို့ ၀င်ကူညီရတဲ့ ပြည်တွင်းပြည်ပ အဖွဲ့တွေ များလာရတာ။အားရစရာ မဟုတ်ပါဘူး။”
“နွယ်နွယ်သွားဖို့ ပြင်လိုက်အုံးမယ်”။ကိုကြီးမျိုးညွှန့် စကားကို ပြန်မချေပတော့ဘဲ မီးဖိုထဲမှ နွယ်နွယ်ထွက်ခဲ့လိုက်တော့သည်။
နွယ်နွယ်ထွန်းနှင့် မျိုးညွှန့်တို့ ပြောနေကြသည်ကို ဧည့်ခန်းထဲမှ တိုးညွှန့် နားထောင်နေမိသည်။မျိုးညွှန့် ၏ စကား အချို့က မှန်သင့်သလောက် မှန်သည်။သူ့မှာ အတွေးအခေါ်ကောင်းတို့ရှိသည်။နိုင်ငံတကာ အမြင်လည်း ရှိသည်ဟု ပြောနိုင်သည်။ခက်တာက လက်တွေ့ဘာမှ အကောင်အထည် မဖော်ခြင်းပင်။ပြည်ပမှာ အလုပ်လုပ်ပြီး ပြန်လာသူ တစ်ယောက်အတွက် သည်နိုင်ငံတွင် အခြေကျရန် အချိန်အနည်းငယ် ယူဖို့လိုမည် ထင်ပါသည်။တိုးညွှန့်ကတော့ နွယ်နွယ်လုပ်နေသည့် အလုပ်ကို မှားသည်ဟု မဆိုချင်။အရွယ်ရောက်နေသည့် မိန်းကလေးတစ်ယာက် ပရဟိတ လုပ်ငန်း စိတ်ဝင်စားခြင်းသည် အခြားဘက်များတွင် အာရုံလျှော့သွားနိုင်သည်ဟု မြင်သည်။လတ်လျားလတ်လျား လုပ်တာချင်း တူခဲ့လျှင်တောင် ပရဟိတ ဆိုသည့် ကောင်းမှုလုပ်ချင်သည့် စိတ်ကလေး ၀င်သွားသေးသည်ဟု တိုးညွှန့် တွေးမိသည်။။
( ၆ )
ဆောင်းကုန်၍ နွေဝင်လာပြီ။မျိုးညွှန့်တစ်ယောက် ဘာလုပ်ရလျှင် ကောင်းမည်လဲ စဉ်းစားရင်း၊အတူပြန်လာကြသည့် မိတ်ဟောင်း၊ဆွေဟောင်းတို့နှင့် ဆက်သွယ်ကြည့်သည်။အချို့လည်း နယ်ပြန်ပြီး မိဘ လက်ငုတ်လက်ရင်း အလုပ် လုပ်နေကြပြီ။အချို့ ရန်ကုန်မှာ အိမ်ပွဲစား၊မြေပွဲစား၊ကားပွဲစား ၀င်လုပ်နေကြသည်။
ရာသီဥတု ပူပြင်းလှသဖြင့် ညဘက်ဆို တော်တော်နှင့် အိပ်မပျော်တတ်။ချမ်းငြိမ်း စာမေးပွဲလည်း နီးကပ်လာပြီ။အိပ်မပျော်သည့် အတူတူ ချမ်းငြိမ်း စာကျက်သည်ကို ထိုင်စောင့်ပေးနေမိသည်။ကော်ဖီဖျော်ပေးလိုက်၊ခြင်ဆေးလေး ထွန်းပေးလိုက်နှင့် ချမ်းငြိမ်း အိပ်မှ လိုက်အိပ်ဖြစ်တော့သည်။အမေကတော့ မျိုးညွှန့်ကို ကျေးဇူးတင်နေသည်။စာမေးပွဲ ဖြေသည့် ရက်များတွင်လည်း နေ့တိုင်း မျိုးညွှန့် လိုက်စောင့်ပေးသည်။ဖြေနိုင်သလား ဟု မေးနေစရာ မလိုလောက်အောင် ချမ်းငြိမ်း ကြိုးစားမှုများက အားရဖွယ် မြင်တွေ့ထားပြီး ဖြစ်သည်။စာမေးပွဲခန်းမှ ထွက်လာကြသည့် ကလေးများကိုကြည့်ရင်း ဆယ်တန်းတော့ အောင် အောင်ဖြေခဲ့သင့်တယ်ဟု ကိုယ့်ဘာသာ အပြစ်မြင်စိတ်များ ပေါ်လာမိသည်။တစ်ကယ်တော့ ဘ၀မှာ စာကျက်ရတဲ့ အလုပ်က အသက်သာဆုံးပါလားဟု လည်း တွေးထင်မိသည်။
ချမ်းငြိမ်းနှင့် မျိုးညွှန့်တို့က ငယ်စဉ်က ခပ်စိမ်းစိမ်း ဖြစ်နေကြသော်လည်း ဒီရက်ပိုင်းများတွင်တော့ အတော်ရင်းနှီးလာကြသည်။သူနှင့်အတူ လိုက်စောင့်ပေးသည့် မျိုးညွှန့်ကိုလည်း ခင်တွယ်လာပုံရသည်။စာမေးပွဲဖြေနေသည့် ရက်ပိုင်းများတွင် ညီအစ်ကို နှစ်ယောက် အိမ်သားများနှင့်ပင် ကောင်းကောင်း စကားမပြောဖြစ်တော့။အိမ်သားများကလည်း ဖြေနိုင်တယ်မလား ဆိုရုံလောက်သာ မေးကြသည်။ချမ်းငြိမ်းကို ယုံကြတာလည်း ပါမည်ထင်သည်။နောက်ဆုံးနေ့ စာမေးပွဲဖြေပြီး ချိန်တွင် မျိုးညွှန့်ကိုယ်တိုင်ပင် ပေါ့ပါးလွတ်လပ်သလို ခံစားသွားရသည်။အိမ်ပြန်ရောက်တော့ ချမ်းငြိမ်းက “မှော်ဘီမှာ ကလေး တရားစခန်းသွားဝင်ချင်တယ်။သူငယ်ချင်းတွေနဲ့ စာရင်းပေးထားပြီးသား။ဒီညနေ ကိုကြီးလိုက်ပို့” ဟု ဆိုလာသည်။
“မင်း မပင်ပန်းဘူးလားကွာ၊နားပါအုံးလား” ဆိုတော့
“တရားစခန်းမှာလည်း နားရတာပါပဲ၊သွားမယ်”ဟု ဆိုသဖြင့် အထုပ်အပိုးများပြင်ကာ တစ်ခါ ထွက်ကြရပြန်သည်။
မှော်ဘီက အိမ်ပြန်ရောက်တော့ မိုးအတော်ချုပ်နေပြီ။ရာသီ ဥတုပူပူမှာ လိုင်းကားများ အဆင့်ဆင့်စီးသွားရသဖြင့် လူကလည်း တော်တော် ပင်ပန်းနေပြီ။အိမ်ပြန်ရောက်လျှင် ထမင်းပင် မစားချင်တော့ ရေမိုးချိုးပြီး တန်းအိပ်လိုက်တော့မည် ဟု စိတ်ကူးထားသည်။အိမ်ရောက်တော့ အမေ၊အဖေနှင့် တိုးညွှန့်တို့ ဧည့်ခန်းထဲတွင် ၀ိုင်းထိုင်နေကြသည်။တိုးညွှန့် မျက်နှာကြည့်ရသည်မှာ သုန်မှုန်နေသည်၊စိတ်ဆိုးနေသည့်ပုံ ပေါ်နေသည်။အမေကလည်း မျက်နှာမကောင်း။အဖေကတော့ ခန့်မှန်းရခက်သည့် မျက်နှာမျိုးနှင့်။မျိုးညွှန့် ၀င်လာသည်ကို တွေ့ကြသော်လည်း ဘာမှမပြောကြ။တိုးညွှန့် စကားသံကို အရင် စ ကြားလိုက်ရသည်။
“အဖေ ကျွန်တော်တို့ကို ဘာလို့ မတိုင်ပင်တာလဲ၊ဒါ အဖေ တစ်ယောက်တည်း ပိုင် မဟုတ်ဘူးလေ။အရင်ကိစ်္စတွေတုန်းက ကျွန်တော်တို့ ဘာမှ မပြောခဲ့လို့ အဖေ တိုးလုပ်လာတာလား။ဒေါ်ကြီးသိရင် ဘာပြောမလဲ”။
“မင်းဒေါ်ကြီးက မင်းအမေကို အပိုင်ပေးထားပြီးသားပဲ၊သူနဲ့မှ မဆိုင်တော့တာ။”
“အပိုင်ပေးထားတယ်ဆိုတာ ပါးစပ်နဲ့ပဲပြောထားတာ။စာချုပ်ထဲမှာ အမေတို့ ညီအစ်မနှစ်ယောက်ပိုင် နံမည်နဲ့လေ။
“ငါကလည်း မိသားစု အတွက်ပဲ လုပ်တာလေ။မင်းက ဘာဖြစ်လို့ အပြစ်တင်နေရတာလဲ။မင်းက အဖေလား၊ငါက အဖေလား။”
“အဖေ အဲဒီလို အဖေပါဝါ မသုံးပါနဲ့။အဖေလုပ်ခဲ့သမျှ ကျွန်တော်တို့ ဘာပြောဖူးလဲ။ပြီးတော့ မိသားစု အတွက်လို့ အမြဲပြောပြီး လက်တွေ့မှာ ဘာတွေဖြစ်လာခဲ့ဖူးလို့လဲ၊အခုဟာက ကျွန်တော်တို့ခြံထဲမှာ ရှိတဲ့ တစ်ခုတည်းသော ရေတွင်းဗျ၊ကြံကြံဖန်ဖန် အဖေ မို့လို့ ရောင်းစားရက်တယ်”။
တိုးညွှန့်အသံကပြောရင်းနှင့် ငိုသံပါလာသည်။မျိုးညွှန်က အံ့သြသွားရသည်၊ရုတ်တရက် နားမလည်နိုင် အဖေက
ဘာလို့ ရေတွင်းကို ရောင်းစားတာပါလိမ့်။
”ခြံထောင့်က ရေတွင်း တစ်နေရာတင် ကွက်ပြီးယူကြမှာလေကွာ။ပြီးရင် သူတို့က တွင်းရေကို စက်နဲ့မောင်းတင်ပြီး တစ်ရပ်ကွက်လုံးကို ရေ ပြန်ရောင်းပေးမှာ၊ရေပိုက်တွေနဲ့ အိမ်အရောက်ပို့တဲ့ စနစ်တဲ့။ဘယ်သူမှ ရေစည်လှည်း တွန်းစရာမလိုဘူး။မင်းတို့လည်း တွင်းရေ မငင်ရတော့ သက်သာတာပေါ့ကွာ။ရေ အကျိုးဆယ်ပါးတဲ့ကွ၊ကိုယ့် အိမ်နီးနားချင်းတွေကို မျှရတာ ကုသိုလ်တောင် ရသေးတယ်။ဒီရပ်ကွက်ထဲမှာ တို့ရေတွင်းက ရေအသန့်ဆုံးနဲ့ အချိုဆုံးလေ။ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း တိုက်တွန်းတာနဲ့ ရောင်းပေးလိုက်တာ”။
“မပြောနဲ့တော့ အဖေ ကိုယ့်ရေတွင်းကို သူများပေးလိုက်ရပြီး လက်မဲ့ ဖြစ်သွားတာထက် စာရင်၊ပင်ပန်းချင် ပင်ပန်းပစေ၊ကိုယ့်ခြံထဲက ကိုယ့်တွင်းရေ ကိုယ်ငင်ချိုးရတဲ့ ဘ၀ကိုပဲ ကျေနပ်တယ်”။
တိုးညွှန့် ကုန်းအော်ပါလေတော့သည်။အခြေအနေတို့ကို မျိုးညွှန့်နားလည် လိုက်သည်။ဘာမှ ၀င်မေးနေစရာ မလိုတော့ တစ်ခုပဲ သိချင်နေသည် ရေတွင်းရောင်းလိုက်လို့ ရသည့် ပိုက်ဆံ အဖေလုပ်မည်ဆိုသည်ကို သိချင်နေသည်။
မျိုးညွှန့်အတွေးတို့ ပျံလွင့်နေစဉ် အမေ့စကားသံကို ကြားလိုက်ရသည်။
“အဲဒီပိုက်ဆံတွေ ရှင်ဘာလုပ်ပစ်လိုက်လဲ ကိုကောင်းညွှန့်”
“သူငယ်ချင်းတစ်ယောက်ရဲ့ ၀ပ်ရှော့မှာ ရှယ်ယာဝင်မလို့ လုပ်ထားတယ်”။
“ ရှင့် သူငယ်ချင်းတွေက ဘယ်တုန်းကမှ ကောင်းကျိုးမပေးခဲ့ဘဲနဲ့ အမှတ်မရှိ ရှင် လုပ်ပြန်ပြီ”။
သည်လောက်သာ အမေ ပြောနိုင်သည်။အဖေက ထထွက်သွားပြီး၊ဧည့်ခန်းထဲတွင် တိုးညွှန့် အသက်ရှုသံပြင်းပြင်းတို့သာ ကျန်ရစ်ခဲ့တော့သည်။
နောက်နှစ်ရက်လောက်နေတော့ ရိပ်သာမှ ဒေါ်ကြီးရောက်လာသည်။မျိုးညွှန့်တို့ ပြောသမျှ အကျိုးအကြောင်း အကုန်နားထောင်ပြီး
“သူပြောသလိုပဲ ဒေါ်ကြီးက အပြင်လူဖြစ်နေပြီ၊ဒီအချိန်မှာ ဒေါ်ကြီးစကားလည်း နားဝင်မှာမဟုတ်တော့ဘူး။မမြနွယ် အသုံးမကျလို့ ဖြစ်ရတာ။တရားသဘောအရ ပြောရရင်တော့ ကိုကောင်းညွှန်နဲ့ သားတို့ကသာ ရေစက်ရှိလို့ ပတ်သက်မှုရှိလာ ကြတာ၊ဆိုင်လာကြတာ။ကိုယ့်ဘာသာ ကာကွယ်နိုင်ရင် ကာကွယ်ကြ။ဒီလိုမှ မဟုတ်ရင် သားတို့ ကံပဲပေါ့။”ဟုဆိုလာသည်။သည်လိုနှင့် နောက်တစ်ပတ်အကြာ ရေတွင်းက သူများခြံထဲ ပါသွားတော့သည်။ရက်အနည်းအတွင်း ရေစက်သံ တချုန်းချုန်းနှင့်ရေတင်သံတို့၊ရေကျသံတို့ ကြားရသည်။သည့်နောက်တော့ မျိုးညွှန့်တို့ ညီအစ်ကိုတစ်တွေ ရေငင်စရာ မလိုတော့ဘဲ ကိုယ့်ရေတွင်းဖြစ်ခဲ့ဖူးသည့် တွင်းရေကို ရေဖိုးပေးကာ ပိုက်သွယ်၍ ပြန်သုံးနေကြတော့သည်။တစ်လ၊နှစ်လ ကြာလာတော့လည်း အသားကျ သွားကြပြန်သည်။သူတို့၏ ရေတွင်းကို ကျွန်းဘီဒိုကြီးကို မေ့သွားသလို၊မချစ်စု သရက်သီးများကို မေ့သွားသလို မေ့သွားကြတော့သည်။
( ၇ )
ဇွန်လ ဒုတိယပတ်တွင် ဆယ်တန်းအောင်စာရင်းတွေ ထွက်သည်။ချမ်းငြိမ်း သုံးဘာသာဂုဏ်ထူးပါသည်။အမှတ်စာရင်းအရ သွားဘက်ဆိုင်ရာ တက်္ကသိုလ် တက်ခွင့်ရသည်။တစ်အိမ်လုံး ပျော်နေကြသည်။ရပ်ကွက်ထဲတွင်လည်း မော်ကြွားနိုင်ကြသည်။သားအငယ်ဆုံးလေးကို တက်္ကသိုလ်ပို့ရမည့် စရိတ်တို့ကို မမြနွယ် တွက်ချက်နေမိသည်။မျိုးညွှန့် တစ်ယောက်လည်း မြေပွဲစား ယောင်ယောင်၊အိမ်ပွဲစား ယောင်ယောင် လုပ်နေသည်။ကိုကောင်းညွှန့်ကို ဘာမှ မပြောလိုတော့ သည်လို ယောက်ျားနှင့် ဖူးစာဆုံရခြင်းသည် သူ့အတိတ်ကံ မကောင်းခဲ့လို့ဖြစ်သည်ဟုသာ ယူဆလိုတော့သည်။နွယ်နွယ်ကလည်း ၀တ်ချင်စားချင်သည့် အရွယ်ရောက်နေပြီ။သူရှာသည့် ငွေ သူပြန်သုံးချင်လာပြီ။ကိုယ်က ပြန်မဆင်ပေးရသည်ပင် တော်လှပြီ။သူ အနစ်ခံခဲ့ရသည့် အချိန်တုန်းက ခံခဲ့ရပြီးပြီ။တိုးညွှန့်လည်း ထို့အတူပင်။ဟိုတစ်နေ့က မျိုးညွှန့် ပြောလာသည်ကို စဉ်းစားနေမိသည်။ဒီခြံကို ရောင်းပစ်လိုက်ဖို့ ဖြစ်သည်။အိမ်က သိပ်မကောင်းတော့ သော်လည်း ခြံက အဖိုးတန်နေသည်။အိမ်ပြန်ပြင်ဖို့ဆိုသည်မှာလည်း အိမ်အသစ် တစ်လုံးစာနီးပါးလောက် ပြင်ရမလို ဖြစ်နေသည်။ပြီးလျှင် တိုက်ခန်းတစ်ခန်း ပြန်ဝယ်မည်။ပိုသည့်ငွေ အနည်းငယ်ဖြင့် သည့်ထက် မြို့စွန်ကျသော၊ဆင်ခြေဖုံး ကျသော နေရာတွင် မြေပြန်ဝယ်ထားလိုက်မည်။သူကတော့ ထိုမြေကို အလဲအထပ်ဖြင့် ပွဲစားလုပ်မည်။ဒါဆိုလျှင် မျိုးညွှန့်လည်း အလုပ်မယ်မယ်ရရ ရှိမည်။သားငယ် အတွက် တက်္ကသိုလ် စရိတ်လည်း ပိုထွက်လာနိုင်မည်။
ယခုနေရာက မိုးတွင်းဆိုလျှင် ရေ၀ပ်သည်။မျိုးညွှန့်ကတော့ ရောင်းမည်ဆိုလျှင် မြန်မြန်ရောင်းစေချင်သည်။ဇွန်လ ကတော်သေးသည် ရေ၀င်သော်လည်း နေပူလျှင် ပြန်ခြောက်သွားတတ်သည်။ဇူလိုင်၊သြဂတ်ဆိုလျှင် မိုးပိုကြီးလာမည်။ဝပ်သည့် ရေပမာဏက များတော့ နေပူလည်း ပြန်ခြောက် မသွားတော့။ထိုသို့ဆိုလျှင် ၀ယ်လက် မကြိုက်ဖြစ်နိုင်သည် ဟု မျိုးညွှန့်က လောဆော်သည်။မမကြီးကို ရိပ်သာ လူကြုံနဲ့အကျိုးအကြောင်း စာရေးပေးလိုက်သည်။ဒီတစ်ခါ ကိစ်္စမှာတော့ သူနှင့် သားကြီး မျိုးညွှန့်တို့သာ သိကြသည်။တိုးညွှန့် သိသွားလျှင်ဝမ်းပမ်းတနည်း ငိုသံကြီးနှင့် “လုပ်ရက်လိုက်တာ အမေရာ”ဟု ပြောနေမည်လား။ကိုကောင်းညွှန့် သိသွားလျှင်တော့ သူထက် လက်စွမ်းထက်သည့် မမြနွယ်ကို အံ့သြတကြီး မျက်လုံးများနှင့် ကြည့်ကာ ကန့်ကွတ်မည်လော။မမကြီး ကရော စာဖတ်ပြီးသည့်အခါ အမိုက်မ ဟုအော်ကာ ကဆုန်ဆိုင်း ပြေးချလာမည်လား၊ဒါမှ မဟုတ် သူ့ထိုက်နဲ့ သူ့ကံ တစ်ဇာတ်လမ်းပြတ်တာပဲဟု သဘောပိုက် ကာ မလာဘဲ နေလိုက်မည်လား။ထိုသုံးယောက်တွင် မည်သူက မမြနွယ်အတွက် ကယ်တင်ရှင်ဖြစ်မည်ကိုတော့ စောင့်မျှော်ရန်မှ တစ်ပါး .......... ။
Subscribe to:
Posts (Atom)
