468x60

Showing posts with label Short Stories. Show all posts
Showing posts with label Short Stories. Show all posts

မြစ်တစ်စင်း......... ချစ်ခြင်းနှင့်အတူ

Tuesday, June 3, 2014
   
                                      (၁)
       ရာထူးတိုး စာမေးပွဲ ဖြေခန်းထဲမှ အစောတလျင် ထွက်ချင်နေသည့် ကျွန်မ၏စိတ်တို့ကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများက သတိထားမိကြသည့်နှယ် မျက်စောင်းတထိုး ထိုးနှင့် ထွက်မသွားသေးရန် အချက်ပြနေကြသည်။အမှန်အတိုင်း ၀န်ခံရလျှင် ထို စာမေးပွဲကို ကျွန်မ စိတ်မ၀င်စားပါ။လုပ်သက် လေးနှစ်ပြည့်သည့် အငယ်တန်းစာရေး အားလုံး ၀င်ရောက်ဖြေဆိုခွင့်ရသည့် ထိုစာမေးပွဲသည် ထူးခြားလှသည့် အရည်အချင်းကြောင့်မဟုတ်ဘဲ လုပ်ရိုး လုပ်စဉ် တစ်ခုသာ ဖြစ်လို့နေပါသည်။အကြီးတန်း စာရေး ရာထူး လစ်လပ်သည့် နေရာများသည်လည်း တိုင်းဒေသကြီး တစ်ခုလျှင် တစ်နေရာ လောက်သာ ရှိတတ်သည်မို့ စာမေးပွဲ အောင်မြင်ခဲ့သည့်တိုင် အကြီးတန်း စာရေး ရာထူး ရဖို့က မလွယ်ကူပြန်ပါ။မန်္တလေးတိုင်းရုံးမှ ရွယ်တူ သူငယ်ချင်းများနှင့်အတူ ရန်ကုန်ရုံးချုပ်သို့ လာရောက်ဖြေကြရခြင်းဖြစ်သည်။သူငယ်ချင်းများနှင့် တစ်စု တစ်ဝေးတည်း အတူနေ၊အတူသွားရသည်များကသာ ပျော်စရာ ဖြစ်လို့နေပါသည်။ရာထူးတိုး စာမေးပွဲအတွက် ကျက်ရသည့် စာများကလည်း နိုင်ငံရေး ဆောင်ပုဒ်နှင့် လက်ရှိ နိုင်ငံ့ အကြီးအကဲများ ပြောကြားသည့် မိန့်ခွန်းအချို့ ဖြစ်နေခြင်းကြောင့် ငယ်စဉ်ကလို အလွတ်ကျက်ချင်စိတ်လည်း မဖြစ်မိပါ။ကျွန်မတို့ အဖွဲ့တွင် မိန်းကလေးချည်း စုစုပေါင်း ၇ ယောက်ရှိသည်။နှစ်ယောက်လောက်ကသာ စာမေးပွဲအတွက် သေချာ ပြင်ဆင် စာကျက်ထားကြပြီး၊ကျွန်မ အပါအ၀င် ကျန် ၅ယောက်ကတော့ အပျော်သက်သက်သာ။
       ရန်ကုန်သို့ ရာထူးတိုး စာမေးပွဲ လာဖြေချင်သည့် ကျွန်မ ရည်ရွယ်ချက်က ချစ်သူနှင့် တွေ့ချင်၍ဖြစ်ပါသည်။ချစ်သူသက်တမ်း တစ်နှစ်လောက်အတွင်း နှစ်ယောက်တည်း တစ်ခါမှ မတွေ့ဖူးသေးပါ။ယခုတစ်ကြိမ်ဆုံရမှာသည် ပထမ ဦးဆုံးဖြစ်နေခြင်းကြောင့် ကျွန်မ စိတ်လှုပ်ရှားနေမိပါသည်။ချိန်းဆိုထားသည့် အချိန်ကလည်း စာမေးပွဲ ပြီးသည့်အချိန်ဖြစ်နေပါသည်။ထို့ကြောင့် အစကတည်းက စိတ်မ၀င်စားလှသည့် ထိုစာမေးပွဲခန်းမှ ကျွန်မ စောထွက်ချင်နေခြင်းဖြစ်ပါသည်။သို့သော်လည်း သူငယ်ချင်းများနှင့် အတူတူကျမှသာ ထွက်ခဲ့လိုက်ရပါသည်။စာမေးပွဲ ဖြေဆိုရသည့် ရုံးဝန်းအပြင် ရောက်တော့လည်း သေချာပြင်ဆင်ထားကြသည့် သူငယ်ချင်း နှစ်ယောက်က ငယ်စဉ် ကလေးဘ၀များကလို အဖြေတိုက်လို ကြပါသည်။ခပ်ပေါ့ပေါ့သာ ဖြေခဲ့ကြသည့် ကျွန်မ တို့တစ်တွေ အားနာပါးနာ အဖြေတိုက်ကြရပြန်သည်။ စီးပွားရေး ဦးတည်ချက် လေးရပ်ကို ရွတ်ပြကြသည့်အခါ သူငယ်ချင်းတစ်ယောက် အဖြေကြောင့် ကျွန်မတို့ ရယ်မောခဲ့ကြရသည်။
      “ဟဲ့ စီးပွားရေး ဦးတည်ချက် လေးရပ်မှာ ပထမဦးဆုံး အချက်က စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကို လည်း မလစ်ဟင်းအောင် ဆောင်ရွက်ရေး မဟုတ်လား” တစ်ယောက်၏ အပြောကို
သေချာ ပြင်ဆင်ထားသည့် သူငယ်ချင်း တစ်ယောက်က စိတ်ဆိုးတကြီးဖြင့်
     “မဟုတ်ပါဘူးဟယ်၊စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း  ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ပါ။နင်တော့ စာမေးပွဲအောင် မအောင်မသိဘူး။ထုချေလွှာတော့ တင်ရတော့မယ် ထင်တယ်။”
       “ဘက်စုံ ဖွံ့ဖြိုးတိုးတက်တာနဲ့ မလစ်ဟင်းအောင် ဆောင်ရွက်တာ သိပ်မကွာပါဘူးဟာ”ဟု ဖြေဆိုခဲ့သူ သူငယ်ချင်းက စောဒက တက်ပါသေးသည်။
ထိုအချိန်က  စစ်အစိုးရ အုပ်ချုပ်နေသည့် ကာလဖြစ်ပြီး ဘယ်အရာကိုမှ အပြောမခံနိုင်၊အထိမခံနိုင်သည့် ကာလ ဖြစ်နေပါသည်။သို့သော်လည်း ထူးခြားလှစွာ ထိုသို့ ဖြေဆိုခဲ့သည့် သူငယ်ချင်းတစ်ဦးသာ စာမေးပွဲအောင်၍ ရာထူးတိုးသွားပြီး ကျွန်မ တို့သူငယ်ချင်း အားလုံး အငယ်တန်း စာရေးဘ၀၌ ပျော်ရွှင်စွာ ကျန်ခဲ့ကြပါသည်။တိုင်းဦးစီးမှူး၏ သမီးဖြစ်သူ ကျွန်မ ရာထူးမတိုးခြင်းကိုလည်း ထိုအချိန်က အံ့သြကြပါသည်။
                                          (၂)
       သူငယ်ချင်းများကို အားမနာစွာ ထားရစ်ခဲ့ပြီး သူ လာကြိုသည့် ဆိုင်ကယ်နှင့် ခေမရဌ် ဆိုင်သို့ ထွက်ခဲ့ကြသည်။သန့်ရှင်းသပ်ရပ်သည့် မှန်ခန်းလေးအတွင်း စတော်ဘယ်ရီ မစ်ရှိတ်နှင့် ချောကလက် မစ်ရှိတ် တစ်ခွက်စီမှာကြပြီး စကားဖောင်ဖွဲ့နေမိကြသည်။ကျွန်မက အပြောသမား ဖြစ်ပြီး သူကတော့ နားထောင်သူ သက်သက်သာ။အသက်အရွယ် ကွာခြားခြင်းနှင့် သူ၏ လူကြီးဆန်သော အနေအထိုင်တို့ကြောင့် ကျွန်မတို့ နှစ်ယောက်ပုံစံမှာ ချစ်သူ နှစ်ယောက်နှင့်မတူ။ညီမငယ်ကို အလိုလိုက်နေသော အစ်ကိုကြီး တစ်ယောက်၏ ပုံစံမျိုး ထွက်နေပါသည်။အေးဆေးတည်ငြိမ်ပြီး စကားနည်းသည့် သူ့ထံမှ
       “အခုမှ လိုက်ဖ်ဆိုက်(ူငလနျငဖန )လေးကို ကြည့်ခွင့်ရတော့တယ်” ဟုဆိုလာသည့်အခါ ပျော်ရွှင် ရင်ခုန်ရသည်။
ကျွန်မ သောက်နေသည့် စတော်ဘယ်ရီ မစ်ရှိတ် တစ်ဝက်ကျိုးသည်ထိ သူ့အအေးခွက်ကို သူ မထိရသေး။ကျွန်မ    အအေးခွက်ကုန်လုကုန်ခင်တွင် သူ့အအေးခွက်လေးကို ကျွန်မဘက် တွန်းပို့ပြီး “ချောကလက် အရသာလည်း မြည်းကြည့်အုံးလေ”
ဟု ဆိုလာပါသည်။စကားပြောရင်း စိတ်မှတ်မဲ့ ကျွန်မ သောက်နေမိပါသည်။အအေးဆိုင်မှပြန်လာကြပြီး ကျွန်မ တည်းခိုရာ အစ်ကိုကြီး အိမ်ရှေ့သို့ ရောက်သောအခါ သူက “ချောကလက် မစ်ရှိတ် အရသာ ဘယ်လိုနေလဲလို့ သိချင်လို့ပါ” ဟု ပြုံးစေ့စေ့ အမူအရာဖြင့် ကျွန်မကို ကြည့်နေသည်။ထိုအခါမှ အအေးနှစ်ခွက်စလုံး ကျွန်မ တစ်ယောက်တည်း သောက်လိုက် မိသည့် အဖြစ်ကို သတိထားမိသည်။ရှက်ရှက်နှင့် ရယ်ရင်း “အကုန်တိုက်တယ် ထင်လို့”ဟု ဖြေခဲ့မိသည်။
           အဖေ တာဝန်ကျရာ မန်္တလေးတွင် နေထိုင်သော ကျွန်မနှင့် ရန်ကုန်တွင် တာဝန်ထမ်းနေသော သူ က လေးငါးလ ကြာမှ တစ်ခါ တွေ့ခွင့်ရကြသည်။တွေ့ကြရသည်ကလည်း ရန်ကုန်ဘူတာကြီးသို့ လာကြိုနေ့နှင့် ပြန်လိုက်ပို့သော နေ့များ ဖြစ်ပါသည်။အလုပ်တာဝန် ကြီးမားသော သူနှင့် ပြိုင်ပွဲများအတွက်သာ အာရုံထားနေရချိန် ဖြစ်သည့် ကျွန်မတို့ ချစ်သူဘ၀က သည်းသည်းထန်ထန် ရင်မခုန်ခဲ့ကြပါ။ရန်ကုန်ရောက်သည့် တစ်ညနေတွင် ညနေစာ စားရင်း တစ်နေရာရာတွင် ထိုင်စကားပြောရန် သူက ချိန်းဆိုလာပါသည်။လွတ်လပ်ပေါ့ပါးသည့် အ၀တ်အစားများကို ကြိုက်နှစ်သည့် ကျွန်မ နှင့် ဂျန်တယ်မန်းဆန်စွာ ၀တ်ဆင်တတ်သည့် သူ့အပြင်အဆင် များကလည်း သိသိသာသာ ကွဲပြားနေကြပါသည်။ရေသူမ စကတ်နှင့် လက်ပြတ် ကိုယ္က်ပ္အက်ႌကို အေပၚထပ္အက်ႌအပါး ထပ်ထားသည့် ကျွန်မ၊ စားသောက်ဆိုင်သို့ ရောက်သောအခါ ဒုက်္ခတွေ့ပါတော့သည်။
          ဆိုင်၏ အခင်းအကျင်းက ဖယောင်းပုဆိုးပေါ်တွင် စားပွဲ ခုံပုလေးများကို ချထားပါသည်။အရပ်မြင့်သည့် ကျွန်မ၊ ဒူးကလည်း ရှည်ပါသည်။ဝတ်ထားသည့် စကပ်ကြောင့် သူနှင့် မျက်နှာချင်းဆိုင်  တည့်တည့်ထိုင်လျှင် ခြေထောက်ကို သူ့ရှေ့သို့ ဆန့်ထားမှသာ အဆင်ပြေသည်။ထိုသို့လည်း ခြေဆန့်မထိုင်လိုသဖြင့် ခုံပုလေးပေါ်တွင် ခါးတစ်ခြမ်းစောင်း၍ ကိုယ်ကို လိမ်ပြီး ထိုင်လိုက်ပါသည်။မှာကြားထားသည့် ထမင်းကြော်နှင့် ဒိန်ချဉ်များ လာချပေးသည့်အခါ တစ်ခြမ်းစောင်း အနေအထားနှင့် စားရန် အဆင်မပြေသောကြောင့် လူနှင့်အတူ ခုံပုလေးကိုပါ မ ပြီး ရွှေ့ကြည့်လိုက်မိသည်။
             “အဲဒီလို မရွှေ့နဲ့  ပလတ်စတစ်ခုံလေးတွေရဲ့ ခြေထောက်က ပျော့တယ်”
သူ ၏ သတိပေးစကားသံ မဆုံးခင်  ခုံပုလေးပေါ်မှ ကျွန်မ ခြေလွတ် လက်လွတ် ပြုတ်ကျသွားပါတော့သည်။ခြေလွတ် လက်လွတ် ဟု သုံးနှုန်းရခြင်းမှာ ကျွန်မ ပြုတ်မကျမီ လုပ်မိလုပ်ရာ အစားအသောက်များ တင်ထားသည့်စားပွဲခုံ ပေါ်သို့ လက်ထောက် လိုက်မိသည်။ကျွန်မ လက်ဖိအားကြောင့် စားပွဲခုံမှာ တစ်ခြမ်းစောင်းသွားပြီး ထမင်းကြော် ပန်းကန်နှင့် ဒိန်ချဉ်ခွက်များ ရှောကျလာသည်။သူ က အချိန်မီ စားပွဲကို လှမ်းထိန်းလိုက်သော အခါ ကျွန်မ တစ်ယောက်တည်းသာ ခြေလွတ် လက်လွတ် ပြုတ်ကျသွားခြင်းဖြစ်သည်။ရေသူမ စကတ်ပုံစံမှာ ပေါင်ရင်းနေရာတွင် အနည်းငယ် ကျပ်ပြီး အောက်ခြေကားသွားသောကြောင့် ကျွန်မ ဒူးခေါင်းထိသာ ပေါ်သွားသဖြင့် အနည်းငယ် မျက်နှာပူ သက်သာရသည်။ဆိုင်ရှင် အစ်မကြီးက ကျွန်မ နားပြေးလာပြီး
          “ဘယ်နား နာသွားသေးလဲ ညီမလေး ဖယောင်းပုဆိုးက ချော်နေတော့ ဖြစ်တတ်ပါတယ်။” ကျွန်မ အတွက် အရှက်ပြေ စကားပြောပေးချိန်တွင် သူ က       
           “ဖြစ်တတ် ပေမဲ့ သူတစ်ယောက်တည်းပဲ ဖြစ်သေးတာ မဟုတ်လား” ဟု ၀င်ပြောလိုက်သောအခါ
 “ဟုတ်တယ် ဟုတ်တယ် ”ဟု ဆိုကာ ရယ်မောပါတော့သည်။ထိုအခါမှ ဆိုင်အတွင်း ဝေ့ ကြည့်လိုက်မိသည်။စားပွဲခုံ အပြည့် ထိုင်နေကြသည့် လူများကလည်း ပြုံးစေ့စေ့နှင့် ကျွန်မကို ကြည့်နေကြသည်။ကျွန်မ မကျေမနပ် ဖြစ်သွားကာ
   ““ လူကို ပြုတ်မကျအောင် ထိန်း မပေးဘဲနဲ့ စားပွဲခုံကို ထိန်းစရာလား၊”ဟု သူ့ကို ရန်တွေ့မိသည်။ထိုအခါ သူက
       “နှစ်ယောက်စာ မှာထားတာ တစ်ယောက်တည်း စားမှာ မလား၊အဲဒါ ပြုတ်ကျသွားမှာ စိုးလို့ပါ” ဟု   ဆိုသောအခါ  အအေး နှစ်ခွက်ကို တစ်ယောက်တည်း သောက်ပစ်မိသည့် အဖြစ်ကို ပြန်သတိရကာ ကျွန်မ ပြုံးမိသွားပါသည်။
                                       (၃)
           ဆရာ တပည့် ဆက်ဆံရေး ကာလ တစ်နှစ်၊ချစ်သူ သက်တမ်းကာလ တစ်နှစ်၊ စုစုပေါင်း နှစ်နှစ်အတွင်း သူနှင့်ကျွန်မ နီးနီးကပ်ကပ် သိပ် မလေ့လာဖြစ်ခဲ့ကြ။သူ့အရည် အချင်း၊နေထိုင်မှု ပုံစံ၊လူအများပေါ် ဆက်ဆံပေး သည့် စိတ်ဓာတ်တို့ဖြင့်သာ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့လိုက်သည်။မင်္ဂလာဦး နေ့ရက်များအတွင်း ဆွေမျိုး ညာတကာ၊မိတ်ဆွေ အပေါင်းအသင်းများနှင့် တရုန်းရုန်း ရှိခဲ့ကြပါသည်။သူ့ သူငယ်ချင်းများက အားကျသော လေသံဖြင့် သူ့အား 
  “မယ်မြန်မာကို  ရထားတာ၊ မင်းတော့ တော်တော် ပျော်နေမှာပဲ ”ဟု နောက်ပြောင်ကြသောအခါ
“အထင်မကြီးကြပါနဲ့ကွာ၊ငယ်ငယ်ကတည်းက ကစားထားတာ ဆိုတော့ လူတစ်ကိုယ်လုံး ကြွက်သားတွေနဲ့ ဓာတ်တိုင်       ကြီး ဖက်ထား ရတဲ့အတိုင်းပါပဲ”ဟု ပြန်လည် ချေပ နောက်ပြောင်ပါသည်။တစ်ဝါးဝါးနှင့် သဘောကျနေသည့်
သူငယ်ချင်းများကြား ကျွန်မ တစ်ယောက်သာ တအံ့တသြနှင့် သူ့ကို ကြည့်နေမိသည်။ထိုသို့ပြောပြီး သူကတော့ လိုက် မရယ်။သူ့အမူအရာ နှင့်  သူပုံစံက အဲဒီလိုပြောလိမ့်မည်ဟု မထင်ခဲ့မိ။
           သျှောင်နောက် ဆံထုံးပါ သူ တာဝန်ကျရာ ရန်ကုန်သို့ ကျွန်မ အလုပ်ပါ ပြောင်းရွှေ့ပြီး လိုက်ခဲ့သည်။ရုံး မတူသော်လည်း ၀န်ကြီးဌာန တစ်ခုတည်းအောက် အတူဖြစ်နေပြီး လူကြီးများ၏ ကြည့်ရှုပေးမှုကြောင့် ချက်ချင်း ပြောင်းရွှေ့ခွင့် ရခြင်းဖြစ်သည်။အသစ်ဆောက်လုပ်ဆဲ အရာရှိရိပ်သာ တိုက်ခန်းများ မပြီးစီးမီ လူပျို အရာရှိများထားရာ သူ့ အခန်းငယ်လေးထဲတွင် လိုက်နေရသည်။ခန်းဝင်ပစ်္စည်းများနှင့် အိမ်ထောင်ပရိဘောဂများ ပြောင်းရွှေ့ မလာသေးသဖြင့် သူအရင် အိပ်နေကျ တစ်ယောက်အိပ် ကုတင်လေးအား အခန်းထောင့်သို့ ရွှေ့ထားပြီး ကြမ်းပြင်တွင် ဖျာခင်းအိပ်ကြသည်။နှစ်ဦးသား တစ်နေကုန် ရုံးသွားနေရပြီး သူကလည်း ရုံးချိန်ပြင်ပများတွင် ဘာသာစကား လိုက်သင်ပေးသောကြောင့် မိုးချုပ်မှ အဆောင်ပြန်ရောက်ကြသည်။တစ်နေ့ ဖျာပေါ်တွင် ခဏ လှဲနေကြရင်း အိပ်ပျော်သွားမည် စိုးသဖြင့် ခြင်ထောင် ထထောင် ရန် တစ်ဦးကို တစ်ဦး သတိပေးနေကြသည်။တစ်နေကုန် ပင်ပန်းနေသဖြင့် နှစ်ဦးစလုံးပင် အနားယူချင်နေကြသည်။
          ထိုခဏ၌ သူက အခန်းတံခါးပေါက် အပေါ်တွင် ကာထားသည့် ဇကာ တိုင်ကွက်များကို ရေတွက်ရင်း ဆယ့်ရှစ်ချောင်း ရှိသည်ဟု ဆိုသည်။ကျွန်မ ရေတွက်ကြည့်သည်မှာ အချောင်း နှစ်ဆယ် ဖြစ်နေပါသည်။တိုင်ကွက်များက စိပ်သောကြောင့် မျက်စိ အမြင်မှား ရေတွက်နိုင်သဖြင့် နှစ်ဦးစလုံး တစ်ကြိမ် ထပ်ရေတွက်ကြည့်ပြန်သည်။ဖျာပေါ်တွင် ပက်လက် အနေအထားဖြင့် မထကြဘဲ စိတ်မှန်းဖြင့် ရေတွက်နေကြခြင်း ဖြစ်သည်။ကျွန်မ ရေတွက်သည်မှာ သေချာပါသည် အချောင်းနှစ်ဆယ် တိတိ ရှိသည်။ကျွန်မ၏ ဥာဉ်သည် မှန်တယ်ထင်လျှင် ဇွတ်ငြင်း သက်သေပြတတ်သည်။ထိုကြောင့် ဖျာပေါ် လှဲနေရာမှ ထရပ်လိုက်ပြီး ကြက်မွေးကို ပြောင်းပြန်ကိုင်ကာ တိုင်ချောင်းများကို တစ်ချောင်းချင်း ထောက် ပြ ရေတွက် လိုက်သည်။ သူက
           “အချောင်း နှစ်ဆယ်ဖြစ်ရင်လည်း ပြီးရောလေ ထ လက်စ နဲ့ ခြင်ထောင်လေး ထောင်လိုက်ပါ”ဟု ခိုင်းပါတော့သည်။ထိုအခါကျမှ ကျွန်မကို ညာပြီးခိုင်းမှန်း သိပါတော့သည်။သူ့ အမူအရာ နှင့် သူ့အထာကို မရိပ်စားမိသော ကျွန်မ၊ ထိုညက အခိုင်းခံလိုက်ရမှန်း သိသော်လည်း ပျော်ရွှင်စွာ ရယ်မောခဲ့ရသည်။
           အရာရှိရိပ်သာများ ပြီးစီးသွား၍ တိုက်ခန်းသစ်သို့ ပြောင်းရွှေ့ကြသောအခါ အခန်းတိုင်းလိုလိုတွင် အလုပ်ရှုပ်နေကြပါသည်။တစ်နေ့ မနက်စောစောတွင် သူက ၀ရံတာသို့ ထွက်နေရပ်သည်။ကျွန်မက မနက်စာအတွက် ပြင်ဆင်နေရင်း သူ့ စကားသံ အချို့ကို ကြားနေရသည်။
                  “မမိဘူး ခင်ဗျ ” 
               “အဲဒါလည်း မမိပါဘူး”
              “အတူတူပဲ  ဘာလိုင်းမှ မမိပါဘူး”
အဆက်အစပ် မရှိသော သူ့စကားသံအချို့ကိုသာ ကြားရပြီး တစ်ဖက်လူ ပြောသံကို မကြားရ၍ ကျွန်မလည်း ၀ရံတာသို့ ထွက်ကြည့်မိသည်။ကျွန်မတို့ အခန်းထက် တစ်ထပ်နိမ့်သော အခန်းမှ အရာရှိတစ်ယောက်က တီဗွီ အင်တက်နာ တိုင်ကို ကိုင်ထားပြီး ဟိုရွှေ့ ဒီရွှေ့ လုပ်ကာ သူ့အား လှမ်းမေးနေခြင်းဖြစ်သည်။ကျွန်မက အကျိုးအကြောင်းမေးကြည့်သောအခါ
                “မြ၀တီ လိုင်းမိလား မေးတယ်၊ မမိဘူးလို့ ပြောလိုက်တယ်၊ပြီးတော့ မြန်မာ့အသံရောတဲ့၊အဲဒါလည်း မမိပါဘူးလို့ ပြန်ဖြေနေတာ၊ျြွှဠ -၄   မိလားလို့ ထပ်မေးနေပြန်ပြီ။ အတူတူပဲ ဘာလိုင်းမှ မမိပါဘူးလို့ ဖြေထားတယ်”
            သူ ကျွန်မကို ရှင်းပြနေစဉ်မှာပင် အောက်ထပ်က ထိုလူက သူ့ အင်တက်နာတိုင် အား ၀ါးလုံးတွင် မြဲမြံအောင် ချည်နှောင်ရင်း ကျွန်မတို့ကို  မကြည့်ဘဲ မေးခွန်းတစ်ခု ထပ်မေးလိုက်ပါသည်။
           “ဘာလိုင်းမှ မမိဘဲ  ခင်ဗျားတို့ တီဗွီ ဘယ်လိုကြည့်နေလဲ”
             “ဘယ်လိုမှ မကြည့်ပါဘူး တီဗွီမှ မရှိတာ ။”  အေးဆေးသော အမူအရာဖြင့် သူက ပြန်ဖြေလိုက်ပါသည်။
သူ့ အဖြေစကားကြောင့် ထိုလူက ဖြတ်ကနဲ မော့ကြည့်ကာ
           “ခင်ဗျား ဗျာ တီဗွီ မရှိဘူးလို့ စောစောကတည်းက ပြောလိုက်ရင် ပြီးရော ၊တစ်ခွန်းချင်း ပြန်ဖြေနေတယ်”ဟုဆိုကာ စိတ်ရှုပ်သော အမူအရာဖြင့် သူ့ အခန်းထဲသို့ပြန်ဝင်သွားသည်။ထိုအခါမှ သူက သဘောကျစွာ  ရယ်မောနေပါတော့သည်။
ကျွန်မက  “ဟုတ်သားပဲ သူများ အလုပ်ရှုပ်နေတာကို ဘာလို့တစ်ခါတည်း မပြောလိုက်တာလဲ” ဟု ဆိုသောအခါ
  “သူက အရေးကြီးတာ အရင် မမေးဘဲ၊တခြားဟာတွေ လျှောက်မေးနေလို့ ပြန်ဖြေပေးလိုက်တာလေ”ဟု ဆိုပါသည်။ကျွန်မ မြင်ခဲ့ဖူးသည့် ချစ်သူ ပုံစံသည် အခု တွေ့လိုက်ရသည့် ခင်ပွန်းပုံစံနှင့် ယှဉ်လိုက်သောအခါ လူနှစ်ယောက်ကဲ့သို့         ကွာနေပါသည်။ခပ်တည်တည် ခပ်တင်းတင်း ပုံစံမျိုးသာ တွေ့ဖူးထားသည့် သူ့ကို ဟာသဥာဏ် ရှိကြောင်း တဖြည်း
ဖြည်းတော့ ရိပ်မိလာခဲ့သည်။
                                       
          
                                    ( ၄ )
           ကျွန်မ တို့ မင်္ဂလာဦးရက်များဆီက သူ့ တပည့်များနှင့်မိတ်ဆွေအချို့က မေးကြသည့် အမေးစကားမှာ ကျွန်မ အရည်အချင်းကို မယုံမရဲစွာဖြင့် ထမင်းဟင်းမှ ချက်တတ်ရဲ့လား၊အိမ်မှုကိစ်္စမှ နိုင်နင်းပါရဲ့လား ဟူ၍ဖြစ်ပါသည်။သူ၏ အဖြေမှာ အမေးစကားနှင့် ဆန့်ကျင်စွာ “ကျန်တာတွေ အရေး မကြီးပါဘူး၊ကျွန်တော့ ဇနီးက တော်တော် တော့ ဆိုးပါတယ်” ဟု ရုပ်တည်တည် နှင့် ဖြေလေ့ ရှိသည်။ရင်းနှီးသည့် သူ့ သူငယ်ချင်းများက မခံရပ်နိုင်စွာ
           “မင်းက ခွင့်ပြုပေးထားတာလား၊အကျင့်ပါသွားလိမ့်မယ်နော်” စသည်ဖြင့် သတိပေးကြသည်။ထိုအခါမှ သူက
“ခွင့်ပြုပေးရမှာပေါ့ နှုတ်ခမ်းနီ ဆိုးတာပဲဗျာ” ဟု မရယ်မပြုံး ဖြေလေ့ရှိသည်။နှုတ်ခမ်းနီ ကြိုက်သည့် ကျွန်မ သူ၏ မထိခလုတ် ထိခလုတ် စကားများကို ကျေနပ်စွာ ရယ်မောခဲ့သော်လည်း နောင်တွင် ထိုစကားများကြောင့်ပင် စိတ်အနှောက်အယှက် ဖြစ်စရာ ကြုံလာရသည်။ဟာသ ဥာဏ် နည်းသည့် ကျွန်မက သူတစ်ပါးအားလည်း မနောက်ပြောင်တတ်ပါ။ထို့ကြောင့် ကျွန်မကို နောင်ပြောင်သည့် အခါများတွင်လည်း ချက်ချင်း သဘောမပေါက်တတ်ပါ။
သူပြောသည့် ဟာသများကို အချိန်အတော်ကြာမှ နားလည်တတ်သည်။
           သမီလေးကို ကိုယ်ဝန်လွယ်ထားသည့် အစောပိုင်းကာလများတွင် သူများနှင့် မတူ ကျွန်မမှာ ထူးထူးခြားခြား ကိုယ်တိုင် ချက်သည့် ဟင်းကိုမှ စားလို့ဝင်သည်။နှစ်ဦးစလုံးက ရုံးဝန်ထမ်းများ ဖြစ်သောကြောင့် မနက်စောစောထ ထမင်းဟင်းချက်ရသည်။မနက်စာ စားပြီး နေ့လည်စာ အတွက် ထမင်းချိုင့်ထည့်သွားကြသည်။ကျွန်မကို အိပ်ရေးဝ ၀ အိပ် စေချင်သည့် သူက  အရင် ဦးစွာ ထပြီး ဟင်းချက်ပေးလေ့ရှိသည်။ကျေးဇူးတင်သော်လည်း ကျွန်မ စိတ်ညစ်မိပါသည်။အဘယ့်ကြောင့် ဆိုသော် ထိုနေ့အတွက် ကျွန်မ ထမင်းစား မကောင်းတော့ပါ။သူ ဟင်းချက်ပုံက ဟင်းအနှစ်အတွက် ကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ဂျင်းတို့ကို မထောင်းဘဲ ပါးပါးလှီး ပြီး ချက်တတ်သည်။ဆားပေါ့ပြီး ဟင်းချိုမှုန့်လည်း လုံးဝ မသုံးပါ။အလွန်အကျွံငန်ခြင်း၊ဟင်းချိုမှုန့် လွန်ကဲခြင်းတို့ကို ကျွန်မ လည်း မကြိုက်နှစ်သက်ပါ။သို့သော် ပေါ့ရွှတ်ရွှတ် နိုင်သည့် သူချက်သော ဟင်းကိုတော့ ဘယ်လိုမှ ခံတွင်း မတွေ့နိုင်ပါ။ထို့ကြောင့် အားနာနာနှင့်ပင် ကျွန်မ ဘာသာ ဟင်းချက်ခွင့်ကို တောင်းလိုက်ရသည်။
         တစ်မနက်ခင်း စောစောတွင် ဟင်းချက်နေသော ကျွန်မ နားသို့ ကပ်လာပြီး “ဘာတွေ ချက်နေတာလဲ” ဟု မေးလာသည်။ထိုနေ့က ငါးခေါင်းနှင့် မျှစ်ချဉ်ချက်သည်။အိပ်ယာထ အနည်းငယ် နောက်ကျသွားသဖြင့် ကျွန်မလည်း ကသီလင်တ ဖြစ်နေရသည်။သူက “အော်  တစ်ယောက်တည်း ချစ်ခင် စုံမက်နေတာပေါ့လေ”ဟု အဆက်အစပ် မရှိသည့် စကားကို ပြောပြီး မီးဖိုခန်းထဲမှ ထွက်သွားသည်။ရုံးချိန်မှီအောင် အချိန်လုနေရင်းက ကျွန်မက
           “ဘာကို ချစ်ခင်စုံမက်နေလို့လဲ” ဟု မေးလိုက်သော်လည်း အဖြေ စကားမဆိုဘဲ ပြုံးစေ့စေ့ လုပ်နေသည်။
ဖယ်ရီမတူသည့် အတွက် ရုံးသွားသည့် လမ်းတစ်လျှောက် စဉ်းစား ကြည့်သော်လည်း အဖြေက မထွက်။ကျွန်မ မနေနိုင်စွာ သူ့ရုံးသို့ ဖုန်းလှမ်းဆက်လိုက်သေးသည်။ ဃေူ  (ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များက ၀န်ကြီးအား တွေ့ဆုံဂါရ၀ပြုခြင်း)၀င်နေသည် ဆိုသောကြောင့် အိမ်ရောက်မှ မေးကြည့်ရန် စိတ်လျှော့လိုက်ရသည်။ညနေ အိမ်ပြန်ရောက်တော့လည်း အရေးတကြီး ၀န်ကြီးခရီးစဉ် လိုက်ရမည်ဟု ဆိုကာ နှစ်ညအိပ် ခရီးထွက်သွားရသည်။ကျွန်မ မှာ နေမထိ ထိုင်မသာ “ကျွန်မက ဘာကို  ချစ်ခင်စုံမက် နေလို့လဲ၊ဘာကြောင့်   ဒီစကားကို မေးရတာလဲ” ဆိုသည့် အတွေးတွေက ခေါင်းထဲရောက်နေသည်။သူ ခရီးက  ပြန်ရောက် ရောက်ချင်းပင် ထိုအမေးစကားအတွက် အဖြေကိုပေးရန် မေးလိုက်မိသည်။ဒီရက်များအတွင်း ထို စကားတစ်ခွန်းအတွက် စိတ်အနှောက်အယှက် ဖြစ်ရကြောင်းလည်း ပြောပြလိုက်သည်။ထိုအခါ သူက
          “ညည်းက အလေးအနက်ထား တွေးနေတာပဲ၊အဲဒီမနက်က မျှစ်ချဉ် အကုန်ချက် နေတာမလား၊ဒါကြောင့် ချစ်ခင် စုံမက် နေတာပေါ့လေ လို့ ကာရန်နဲ့ စလိုက်တာပါ ”တဲ့။ထိုအခါမှ  ကျွန်မ စိတ်ဆိုးသွားတော့သည်။သူ့အတွက် အမှတ်တမဲ့ စ လိုက်သည့် စကားတစ်ခွန်းက ကျွန်မ အတွက်တော့ သုံးရက်လောက် စိတ်ဒုက်္ခရောက်သွားရသည်။နောင်များတွင်လည်း ထိုသို့ အသေးအဖွဲလေးပေါင်းများစွာ သူနှင့်ကျွန်မ ကြားဖြစ်ပွားရသည်။နောက် တစ်ခါ အသေးအဖွဲတစ်ခု ကလည်း ........၊ရှည်လျားလွန်းသည့် ကျွန်မ ဆံပင်များကို ပေါင်းမတင်ဖြစ်သည်မှာ ကြာပြီမို့ ဆံပင်ဆိုင်သို့ ပေါင်းသွားတင်မည်ဟု  ကျွန်မ ပြောနေမိသည်။သို့သော်လည်း တော်တော်နှင့် မရောက်ဖြစ်ခဲ့။တစ်နေ့ သူနှင့် ကျွန်မ ဆိုင်ကယ်နှင့် ဈေးသို့ သွားနေရင်း ဆံပင်ဆိုင်သို့ လိုက်ပို့ပေးမည်ဟု ဆိုလာသည်။အရေးတကြီး ကိစ်္စ မဟုတ်သဖြင့် ကျွန်မ ကလည်း မသွားလိုသေး။ဒါကို သူက ဆိုင်ကယ်မောင်းနေရင်းဖြင့်
        
                     “ပေါင်းလိုက်ပါ”        
  ကျွန်မ ကလည်း   
          “မပေါင်းချင်ပါဘူး”
        “ဒီတစ်ခါတည်းပဲ ပေါင်းလိုက်ပါ”
ကျွန်မ စိတ်မရှည်တော့ဘဲ “မပေါင်းချင်သေးပါဘူးဆို” ဟု ငြင်းနေမိသည်။
       “ဘေးလူတွေကြားရင် လင်မယား ပြန်ပေါင်းထုပ်ဖို့ ဆွေးနွေးနေတာ မပြေလည်ဘူး ထင်နေလိမ့်မယ်၊ပေါင်းမယ်လို့သာ ဖြေလိုက်ပါ” ဟုဆိုရင်း ထိုနေ့က ဈေးသို့ သွားသည့် ကျွန်မ၊ ဆံပင်ဆိုင်သို့ ရောက်ခဲ့ရသည်။
          ဒီလိုနှင့် သမီးလေး ရလာတော့ လည်း သမီးက ရုပ်ရည်သာမက အမူအကျင့်ပါ သူနှင့်တူနေတော့သည်။သမီးလေး ကျောင်းပိတ်သည့် တစ်ရက်၊ တိရစ်္ဆာန်ဥယျာဉ်သို့ လိုက်ပို့ကြသည်။ထိုမှ အပြန် ရန်ကုန်ဘူတာကြီး အထိ လမ်းလျှောက်ကြသည်။အောင်ဆန်း အားကစားကွင်းဘေးအရောက် စီတီးမတ်တွင် တစ်ရှုးအစို( ၽႊနအ ႊင််ကန )၀ယ်လိုသဖြင့်   
           “၀က်တ် တစ်ရှုး ၀ယ်ရအောင် စီတီးမတ် ခဏ၀င်ကြမယ်”
အင်္ဂလိပ် အသံထွက် အတိုင်း ကျွန်မ ပြောလိုက်မိသည်။သူက
          “သမီးရေ ပြေးရအောင်  သမီး မေမေ ပြောနေပုံနဲ့ အရိုက်ခံရတော့မယ်”ဟုဆိုကာ သမီးကို လက်ဆွဲပြီး တစ်ကယ် ပြေးဟန်ပြုပါတော့သည်။သမီးက ကျွန်မ လက်ကိုဆွဲထားသောကြောင့် ကျွန်မပါ အလိုက်သင့် လိုက်ပြေးမိသည်။ကျွန်မက
        “ဘာလို့ ပြေးရတာလဲ၊ဘာပြောလိုက်မိလို့လဲ” ကျွန်မ အမေးကို သူက ပြန် မဖြေသလို သမီးကလည်း  တခစ်ခစ် သဘောကျစွာ ရယ်မောရင်း ခပ်ရွရွ ပြေးနေကြသည်။အကြောင်းမဲ့ ရယ်မောရင်း ပြေးနေကြသည့် သူတို့ သားအဖကို ကျွန်မ စိတ်တိုလာသည်။ကျွန်မ သဘောမပေါက်သည့် အကြောင်းအရာကို သမီးကပါ နားလည်နေသဖြင့်  မကျေမနပ် လည်း ဖြစ်မိသည်။ထို့ကြောင့် သူတို့ကို တွဲထားသည့် လက်ကို လွှတ်လိုက်ပြီး ကျွန်မ ရပ်ကျန်နေလိုက်သည်။
ဒီတော့မှ သမီးက
        “ မေမေကလည်း ဖဖ က စနေတာပါ၊မေမေက ၀က်တစ်ရှုး လို့ ပြောလိုက်တာကိုး  ဟိုမှာလေ” ဟု မေးငေါ့ပြရင်း စကားကို ဆုံးအောင် မဆက်တော့။သမီးက သူ့ အဖေကို စကားပြောတတ်စ အရွယ်ကတည်းက “ဖဖ” လို့ခေါ်သည်။သမီး မေးငေါ့ပြရာ ကြည့်လိုက်မိသည်။ အောင်ဆန်းကွင်းဘေးက ဗလီကို ကြည့်မိတော့မှ အားနာသလို ခံစားလိုက်ရသည်။ဗလီဘေးနားမှ ဖြတ်ရင်း ၀က်တစ်ရှုး ၀ယ်ရန် အော်ကြီးဟစ်ကျယ် ကျွန်မ ပြောနေမိခြင်းဖြစ်သည်။သူ့ အဖေ လုပ်သည့် အပြုအမူကို  မူလတန်း အရွယ်သမီးက ချက်ချင်းနားလည်ပြီး ကျွန်မ က နားမလည်ခဲ့။စ နောက်ကြသည့် သဘောဖြင့် မိသားစု ပျော်ရွှင်စွာ ပြေးဟန်ပြုခြင်းကို ကျွန်မ ကတော့ တစ်သားတည်း မကျနိုင်ခဲ့။
                                          ( ၅ )
            တစ်မိသားစီမှ ပေါက်ဖွားလာကြသည့် လူသားနှစ်ဦး ပေါင်းစည်းခြင်းတွင် မတူညီမှုများက အများကြီးရှိနိုင်ပါသည်။ချစ်ခြင်းမေတ်္တာကို အခြေခံ ကြ၍သာ တစ်ဦး၏ စရိုက်ကို ကျန်တစ်ဦးက သည်းခံ နားလည် ပေးနိုင်ကြခြင်းဖြစ်သည်။သူ၏ ဟာသဥာဏ်ရှိသည့် စရိုက်တို့နှင့် အသားတကျ ဖြစ်လာသည့်အခါ မင်္ဂလာဦး ကာလများလောက် စိတ် မပင်ပန်းတော့။တစ်ဦး၏ အမူအကျင့်များ က ကျန်တစ်ဦးထံ အလိုက်သင့် စီးမျောသွားရင်း   သံယောဇဉ်မြစ်များ ပေါ်ထွန်းလာရသည်။ထို့ကြောင့်ထင်ပါသည်၊အသက်ကြီး သွားကြသည့် စုံတွဲ လင်မယားများ၏ အမူအကျင့်များက  တူသွားတတ်ကြသည်။ချစ်ခြင်း မေတ်္တာ ဆိုသည်ကို တမာနှင့် နှိုင်းနှိုင်း သကာဖြင့် တိုင်းတိုင်း ၊နှစ်မျိုးစလုံးမှာ ကိုယ်ပိုင် အရသာများ ရှိနေကြပါသည်။လျှာနှင့်သွား အလုပ် လုပ်နေသ၍ မိသားစု ဘ၀သည် အသက်ဝင်နေပါသည်။တစ်ခါ တစ်ရံ ကိုက်မိတတ် ကြသော်လည်း လျှာပြတ် သွားသည် ၊သွားကျိုး သွားသည် အထိတော့ မဖြစ်ဖို့လိုမည်။ယခုလည်း ကျွန်မ ဘက်ကသာ တစ်ဖက်သတ် ခံစား ရေးဖွဲ့နေခြင်းကြောင့် ကျွန်မ အပေါ်မြင်သည့် သူ့ သဘောထားများကို မသိနိုင်ခြင်း ဖြစ်ပါလိမ့်မည်။သူသည်လည်း ကျွန်မ အပေါ် သည်းခံ နားလည်ပေးရသည့် အရာက များစွာ ရှိနေနိုင်ပါသည်။ထိုသို့ အပြန်အလှန် နားလည် ပေးနေ ရခြင်းကပင် မိသားစုဘ၀ ဟု ဆိုရမည်သာ။


                                                           ခင်သန္တာ
                                                       

ဂျစ်ပစီ မိုးတိမ်

                 
                            ( ၁ )
         တဝေါဝေါ မြည်သံပေး စီးဆင်းနေသည့် မြောင်းကြီးဘေးတွင် ကလေးတစ်သိုက်က ဆူညံစွာ အော်ဟစ်ရင်း မြောင်းကြီးထဲ ခုန်ချဖို့ လုပ်နေကြသည်။ဘယ်နေရာက အဖျားခံလာမှန်းမသိသည့် ရေအလျဉ်က ဩဒီလမ်းထဲကို ဖြတ်စီးနေသည့် မြောင်းကြီးထဲ အရောက်တွင် အရှိန်အဟုန်က ပိုပြင်းထန်လာသည်။အစီးသန်လှသည့် ရေစီးနှင့်အတူ အမှိုက်ပေါင်းစုံတို့က ရောနှော၍ ပါလာတတ်သည်။တစ်ကယ့်ကို အမှိုက်ပေါင်းစုံလင်လှသည်။ဖျာစုတ်များ၊ရေသန့်ဗူးခွံများ၊ဖော့ဘူးခွံများ၊အုန်းလက်ရှည်များ၊အချိုရည်ဗူးခွံများ အပါအ၀င် နတ်စင်အဟောင်းများပင် ပါဝင်တတ်သည်။မြောင်းကြီး၏ အမြင့်က တိုးမောင်တို့လို ကလေးများကို မဆိုထားနှင့် လူကြီးတစ်ယောက် လက်မြှောက်ရပ်လျှင်ပင် မြှုပ်သွားနိုင်သည်။ရေမရှိသည့် အချိန်များတွင်တော့ ဆင်းရတက်ရသည်မှာ လွယ်ကူသည်။သို့သော်လည်း အဖိုးတန် အမှိုက်များက ရေကျချိန်တွင် မရှိတော့ဘဲ ရွှေ့လျားဖို့ခက်သည့် အုန်းလက်စုတ်လို၊အမွှေးကျွတ် တံမြက်စည်းလို အမှိုက်မျိုးသာ တင်ကျန်နေရစ်တတ်သည်။ဒါကြောင့် ရေစီးသန်သည်ကို မကြောက်အားဘဲ မြောင်းကြီးထဲ ခုန်ဆင်းပြီး အမှိုက်လုကောက်ကြရသည်။တိုးမောင်တို့ကတော့ ဒီမြောင်းကြီးနားမွေး၊ဒီမြောင်းကြီးနားတွင် ကြီးလာသည်ဟု ဆိုနိုင်သည်။တိုးမောင် အမေသည်လည်း မြောင်းကြီးထဲမှ အမှိုက်ကောက်ရင်း တိုးမောင်ကို မွေးဖွားခဲ့သည်။တိုးမောင် အဖေ ဆိုသည်ကိုတော့ တိုးမောင်တစ်ယောက် မြင်ဖူးဖို့ မဆိုထားနှင့် ကြားပင်မကြားဖူးခဲ့။
       မြောင်းကြီးထဲတွင် အမှိုက်ကင်းစင်သည့် အချိန်ဆိုတာ ရှိသေးသည်။မြို့တော်စည်ပင်သာယာ က ဟုဆိုသည်၊လက်တံရှည်လို ပုံစံမျိုး စက်ကြီးများဖြင့် မြောင်းထဲမှ အမှိုက်များကို ကော်ထုတ်ပစ်လိုက်ကြသည်။ကြည့်လိုတော့ကောင်းသည်။ထိုစက်ကြီးဖြင့် အမှိုက် လာ ကော်ထုတ်တိုင်း တိုးမောင်ကတော့ သွားထိုင်ကြည့်နေလိုက်သည်။ဒါကလည်း တစ်နှစ်မှ နှစ်ခါလောက်သာ လာသည်။ထို့ကြောင့် တိုးမောင်တို့ စီးပွားရေးကို မထိခိုက်။မြောင်းကြီးထဲကို အမှိုက်ရှင်းပြီးသွားလျှင် လမ်းတစ်လျှောက်ရှိ ဓာတ်တိုင်များ၊စီးပွားရေး ကြော်ငြာ ဆိုင်းဘုတ်များပေါ်တွင်
      “မြောင်းထဲ အမှိုက်မပစ်ရ၊ဒဏ်ငွေ ၅၀၀၀၀ ကျပ်”ဆိုသည့် စာရွက်များကို လိုက်ကပ်ထားသည်။သတ်မှတ်ထားသည့် ဒဏ်ကြေးငွေကများပြားသော်လည်း  မည်သူမှ ဒဏ်တပ်ခံရသည်ဟု မကြားဖူးခဲ့။တိုးမောင်တို့အဖွဲ့ ကတော့ အမှိုက်ကန်များ၊အမှိုက်သိမ်းလှည်းများ ထံသို့ စည်းကမ်းတကျ အမှိုက်ပစ်တတ်သည့် အိမ်ရှင်မများကို ပင် ကြည့်မရချင်။ဒီလောက် ကျယ်ပြန့်သည့်  မြောင်းကြီးထဲသို့  လွယ်လွယ်ကူကူ အမှိုက်များ ပစ်ချရခြင်း အလုပ်သည် ပျော်စရာ တောင် ကောင်းနေသေးသည်။တိုးမောင်က ခုနစ်တန်းအထိ ကျောင်းနေဖူးသည်။တိုးမောင် အဘွားရှိစဉ်က ပိုက်ဆံမရှိဘူး ဆိုသော် အဘွားအိမ်ဆိုင်လေး ၏၀င်ငွေသည် တိုးမောင် တစ်ယောက်ကိုတော့ ကျောင်းထားပေးနိုင်သည်။တိုးမောင်မှာ မောင်နှမ ငါးယောက်ရှိသော်ငြား အဘွား၏အဆိုအရ တိုးမောင်တစ်ယောက်နှင့်သာ အမျိုးတော်သည်ဟု သိရသည်။ဘယ်သူနှင့် အမျိုးတော်တော် တိုးမောင်အတွက် မထူးခြားလှ။မနှစ်က အဘွားဆုံးသွားသောအခါ တိုးမောင်၏ ပညာရေးသည်လည်း ပြီးဆုံးသွားလေသည်။
          တိုးမောင် အဖွဲ့ထဲတွင် တိုးမောင်က ပညာအတတ်ဆုံး ဖြစ်သည်။ငါးတန်းနှစ်က အတန်းပိုင်ဆရာမလေး၏ ကျေးဇူးဖြင့် ကျောင်းစာမဟုတ်သည့် အပြင် စာတိုပေစများ ဖတ်ဖူးလိုက်သည်။ကျောင်းစာများထက် ဖတ်၍ပိုကောင်းသည်ဟု တိုးမောင်ထင်သည်။အခုတော့လည်း အရာအားလုံးနှင့်ဝေးခဲ့သည်။ဖြေသာစရာ ဦးထိပ်ကြီး လက်ဖက်ရည်ဆိုင်ရှိနေလို့သာ တော်တော့သည်။ထိုဆိုင်မှာ စကိုင်းနက်ဆိုသည့် ပြာတာတာ ၀ိုင်းတိုင်းတိုင်း စလောင်းလေးတပ်ထားသည်။ပြည်တွင်းပြည်ပမှ ဘောလုံးပွဲများ၊နိုင်ငံတကာ ရုပ်ရှင်များကို ထိတွေ့ခွင့်ရသည်။မြန်မာစာတန်း ထိုးပေးထားသည့်အတွက် တိုးမောင် အပြည့်အ၀ ခံစားလို့ရသည်။ကိုရီးယားကားများထက် အင်္ဂလိပ်အက်ရှင်ကားများကို တိုးမောင်ပိုလို့ကြိုက်မိသည်။စကိုင်းနက်မှ လာသည့် ရုပ်ရှင်တစ်ကားကိုကြည့်ပြီး တိုးမောင်တစ်ယောက် သဘောကျကာ စိတ်ကူးတွေယဉ်နေမိသည်။   Slamdog Millioner  ဇာတ်ကားဖြစ်သည်။ဦးထိပ်ကြီးသား ကိုကြီးထွေးရှင်းပြသည်ကတော့ အခြေမဲ့အနေမဲ့ ကောင်လေးတစ်လေး အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ဇာတ်လမ်းထဲတွင်လည်း တိုးမောင်တို့လို ကျူးကျော်တဲများရှိရာ အိနိ္ဒ်္ဒယနိုင်ငံ ရပ်ကွက်တစ်ခုတွင်ရိုက်ထားသည်။ဇာတ်လိုက်ကောင်လေးက တိုးမောင်ထက် တစ်နှစ်လောက်ပဲ ပိုကြီးမည်ထင်သည်။
        ကျူးကျော်တဲများတွင် ဆင်းဆင်းရဲရဲ နေထိုင်ရသော်လည်း သူကြုံတွေ့ရသည့် အဖြစ်အပျက်၊အကြောင်းအရာများကို ပေါ့ပေါ့မထားဘဲ မှတ်သားထားသည်။ပိုက်ဆံသန်းပေါင်းများစွာ ရရှိနိုင်မည့် ဥာဏ်စမ်း ပဟေဠိ ပြိုင်ပွဲတစ်ခုပေါ်လာသော အခါတွင် ၀င်ရောက်ယှဉ်ပြိုင်သည်။မေးခွန်းတစ်ခု မေးလိုက်တိုင်း သူ့ငယ်ဘ၀ အတွေ့အကြုံများကို ပြန်စဉ်းသည်။ထိုနောက် အဖြေမှန်ကို ပေးနိုင်သည်။ထိုသို့ဖြင့် မေးခွန်းများစွာ                  
                        
           အတွက် အဖြေမှန်ကို ပေးနိုင်သည်ချည်းသာ။ပြီးတော့ ဇာတ်လိုက်ကောင်လေးသည် အမှန်တရားကို မြတ်နိုးသည်။သူနှင့်ဘ၀တူ သူများအတွက် ကာကွယ်ပေးသည်၊စောင့်ရှောက်သည်။တိုးမောင် သိပ်သဘောကျသွားသည်။တစ်နေ့ တိုးမောင်လည်း ဒီလို ဖြစ်နိုင်သည်။မိမိသည် ဇာတ်လိုက်ကောင်လေးနှင့် ပုံပန်းသဏ္ဍန်ပင် ခပ်ဆင်ဆင်ဖြစ်နေသည် ဟု တိုးမောင် တွေးရင်းပြုံးမိသွားရသည်။ကိုကြီးထွေးကလည်း “မင်းနဲ့တောင် ခပ်ဆင်ဆင် ဖြစ်နေလား” ဟု ဆိုလာသောအခါ တိုးမောင်တစ်ယောက် သဘော အကျကြီး ကျလို့နေတော့သည်။
                             ( ၂ )
        တိုးမောင်တို့ ကျူးကျော်တဲ အစုအဖွဲ့က အိမ်ခြေတော်တော်များသည်။သည် နေရာတွင် ဘယ်အချိန်ကတည်းက ကျူးကျော်တဲများ တည်ရှိနေသည်လဲဟု မေးလာသော် တိုးမောင် မွေးကတည်းက ဟု ဖြေရလိမ့်မည်။အိမ်များက အခိုင်အမာ မဟုတ်သည့်တိုင် နေရာကတော့ အနေကြာလာသည့်အခါ အခိုင်အမာ ဖြစ်လို့နေသည်။တိုးမောင်ကတော့ မိမိတို့နေရာကို ဘယ်တုန်းကမှ ကျူးကျော်ဟု မခံစားမိ။ဘယ်သူ့ဆီကမှ မြေနေရာ ကို ကျူးကျော်ပြီး အိမ်ဆောက်ခဲ့ကြသည် မဟုတ်၊ပိုင်ရှင် မရှိသည့် ကွင်းပြင် ကွက်လပ်ကြီးပေါ်တွင် တဲထိုးနေကြခြင်းဖြစ်သည်။တိုးမောင်တို့ ငယ်စဉ်က အမှိုက်ပုံ အကြီး ကြီးရှိခဲ့ဖူးသည်။အနီးအနားရပ်ကွက်များက တိုးမောင်တို့နေရာကို အမှိုက်များ လာပစ်ကြသည်။အခုမှသာ  စည်ပင်သာယာ အမှိုက်ကန်များပေါ်လာ၍ တိုးမောင်တို့ အနံ့အသက်ကင်းကင်း နေရခြင်းဖြစ်သည်။တိုးမောင်တို့ တဲများ ရှိနေခြင်းကြောင့်သာ ထိုကွက်လပ်ကြီးက အသက်ဝင်နေခြင်းဖြစ်သည်။တိုးမောင်တို့ရပ်ကွက်တွင် ရပ်ကွက်လူကြီးမရှိ၊ဟိုဘက် ရပ်ကွက်က အောင်ထွန်းတို့လို ညကြီးအချိန်မတော် သန်းခေါင်စာရင်း လာစစ်မည့်သူလည်း မရှိ။ဦးလေး ထိပ်ကြီး စကားဖြင့် ပြောရလျှင်
         “ဒီမိုကရေစီရတယ် ဆိုတာ တိုးမောင်တို့လို ရပ်ကွက်မျိုးဟ” ဟု ဆိုလေ့ရှိသည်။
အရင်အချိန်များတုန်းကတော့ ထိုသို့ပြောလျှင် တိုးမောင်သဘောကျမိသော်လည်း အခုတော့ တိုးမောင်တို့ရပ်ကွက်တွင် ရပ်ကွက်ရုံးရှိစေချင်သည်။ရပ်ကွက်လူကြီးလည်း ရှိစေချင်သည်။ထိုသို့ အတွေးပေါ်ပေါက်လာရခြင်းမှာ ၁၅၀၀ တန် ဖုန်းကဒ်များ ကြောင့်ဖြစ်သည်။တိုးမောင် ဟန်းဖုန်းကိုင်ချင်၍ မဟုတ်ဘဲ အောက်ခြေလူတန်းစားများ အတွက်ဟု ရည်ရွယ်ပြီးထုတ်ပေးသည့် သည်ဖုန်းကဒ်ကို အောက်ခြေလူတန်းစား စာရင်းဝင်ချင်၍ဖြစ်သည်။ယခုတော့ တိုးမောင်တို့မှာ အိမ်ထောင်စု စာရင်းမရှိ၍ ဖုန်းလျှောက်ထားခွင့်မရှိ။ထိုသို့ဆိုလျှင် တိုးမောင်တို့သည် အောက်ခြေလူတန်းစား စာရင်းတွင် ပါဝင်တော့မည် မဟုတ်။တိုးမောင်တို့အဖို့ ဒီထက် အောက်ဆက် ဆင်းစရာလည်း မကျန်တော့။အိမ်ထောင်စု စာရင်းရှိသည့် အောင်ထွန်း ကတော့
       “၁၅၀၀ ဖုန်းကဒ်ဆိုတာ မဲပေါက်ဖို့ မလွယ်ပါဘူးကွာ။အလှည့်ကျများပေးနေတာလား မသိဘူး၊ရပ်ကွက် လူကြီးအမျိုးတွေကုန်မှ တို့အလှည့်ရောက်မှာထင်တယ်။ပြန်ရောင်းရင် ၁ သိန်းဝန်းကျင် လောက်ပေါက်တယ်လေ၊ အဲဒီတော့လည်း တို့အလှည့် တော်တော်နဲ့ မရောက်နိုင်ဘူးထင်ပါတယ်။ငါတို့လည်း မင်းတို့နဲ့ အတူတူပါပဲကွာ”
        တိုးမောင်တွေးမိသည်  Slamdog Millioner    ဇာတ်ကားထဲမှလို အထက်တာဝန်ရှိပုဂ်္ဂ်္ဂိုလ်များ တိုးမောင်တို့ ကျူးကျော်ရပ်ကွက်ကို လာကြည့်လျှင်ကောင်းမည်။ထို့ပြင်  အမီတာဘဂျမ်းလို နံမည်ကြီး ရုပ်ရှင်မင်းသားများ လာကြည့်လျှင်လည်း ကောင်းမည်။တိုးမောင်သိသလာက်၊လေ့လာထားသလောက် အသိပညာလေးများဖြင့် ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲရှိ၍  ၀င်ဖြေပြီး သိန်းပေါင်းများစွာရရှိခဲ့လျှင် ကျူးကျော်တစ်ရပ်ကွက်လုံးကို ခိုင်ခံ့သည့် အိမ်များဆောက်ပေးလိုက်မည်။အတွေးနဲ့တင် တိုးမောင် တော်တော်ပျော်ရသည်။တဲနီးချင်း ကျော်ကြီးတို့အဖွဲ့ လာအော်ခေါ်မှ လေထဲတိုက်ဆောက်သည့် အတွေးတို့ ရပ်တန့်သွားရသည်။
     “တိုးမောင်ရေ မြောင်းကြီးရေလျှံနေပြီကွ၊စည်ပေပါတွေမျောပါလာတယ်တဲ့၊ဟိုဘက်ရပ်ကွက်က အောင်ထွန်းတို့တောင် မြောင်းကြီးနားရောက်နေကြပြီ၊မြန်မြန်လာပါဟ”
ကျော်ကြီးအော်သံမှာ ၀မ်းသာအားရသံပါနေသည်။တိုးမောင်ကိုယ်တိုင်လည်း ရင်ထဲ ဒိန်းကနဲ ဖြစ်သွားရသည်။မနှစ်က သည်လိုအချိန်တုန်းက တိုးမောင်ကိုယ်တိုင် ဆယ်ယူခဲ့သည့် ပေပါအလွတ်ကြီးကပင် သောင်းဂဏန်းလောက်ရသည်။သည်မြောင်းကြီးက ထူးဆန်းသည်၊တစ်ခါတစ်ရံ လူသေ အလောင်းများကိုပင် သယ်ဆောင်လာတတ်သည်။မြောင်းကြီးမှ ရေများက လှိုင်မြစ်အတွင်းသို့ စီးဝင်သည်။တိုးမောင်နှင့်ကျော်ကြီး မြောင်းကြီးနားရောက်တော့ ကလေးပါမက လူကြီးတစ်သိုက်ပါ ရောက်နေကြသည်။တိုးမောင်ကို မြင်တော့ အောင်ထွန်းက လှမ်းအော်သည်။
       “တိုးမောင်ရေ  . . . လာကွ ငါးတွေပါ ဖမ်းမိနေတယ်။ပြီတော့ ပိုက်ကွန်ဟောင်း တစ်ခုလည်း ငါရထားတယ်။အဟောင်းဆိုပေမဲ့ အကောင်းကြီးရှိသေးတယ်။ဖာ ပြီးသုံးကြမယ်”
အောင်ထွန်း ရေပုံးထဲမှ ငါးစင်ရိုင်းနှင့် ငါးပျက်တို့က ခုန်ပေါက်နေကြသည်။ပုဆိုးကို ချွတ်ပြီး နီးရာသစ်ကိုင်းပေါ်

ပစ်တင်လိုက်သည်။အင်္ကျီကတော့ အစကတည်းက မ၀တ်ခဲ့သည့်အတွက် ချွတ်စရာမလို၊အောက်ခံဘောင်းဘီတိုဖြင့် မြောင်းကြီးထဲ ခုန်ဆင်းလိုက်တော့သည်။ငါးဖမ်းရင်း၊အမှိုက်ဆယ်ရင်းကပင် Slamdog Millioner  ထဲမှ ဇာတ်လိုက်ကောင်လေးကို သတိရသွားသည်။သူသည်လည်း တိုးမောင်လိုပင် မြောင်းကြို၊မြောင်းကြားဖြတ်ဖူးသည်။ခန်္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်ထုတ်ရောင်းသည့် နေရာမှ ထွက်ပြေးခဲ့ရဖူးသည်။တိုးမောင်တို့ နိုင်ငံမှာ ဒီလိုနေရာမျိုးတွေ မရှိ၍ တော်သေးသည်။အမှိုက်ဆယ်လိုက်၊ငါးဖမ်းလိုက်ဖြင့် နေ့တစ်ဝက်ပင်ကျိုးသွားပြီ။ဗိုက်ကလည်း တော်တော် ဆာလောင်နေပြီ။ဖမ်းမိလာသည့် ငါးစင်ရိုင်းပေါက်နှင့် ငါးပျက်ကလေးများကို အိုးအပ်ချက်ပြီး စားလိုက်ရလျှင်၊တွေးရင်းပင် တိုးမောင် အနံ့ပါ ခံစားလာရသည်။ငါးဟင်းဆိုတော့ အကျက်လည်း မြန်သည်။အဘွားပြောနေကျ စကားလေး သတိရမိသည်။
          “ပုဇွန် အကွေး၊ငါး အနွေးတဲ့ ငါ့မြေးရဲ့။ပုဇွန်က ကွေးရုံနဲ့တင် ကျက်ပြီး ငါးက နွေးရုံနဲ့တင် ကျက်တယ်။သိပ်မကြာပါဘူး  ဘွားချက်ကျွေးမယ် ခဏစောင့်”
တိုးမောင် ပိုက်ထောင်ပြီး ဖမ်းလာသည့် ငါးများကို အဘွားချက်ကျွေးနေကျ ဖြစ်သည်။အခုလည်း အိမ်ရောက်လျှင် ကိုယ့်ဘာသာ ချက်ရလိမ့်မည်။အမေက ထမင်းအိုး တစ်လုံးတည်ခဲ့ပြီး မနက်ကတည်းက အိမ်မှထွက်သွားတတ်သည်။တိုးမောင်၏ ညီအစ်ကိုမောင်နှမများကလည်း သူတို့ဘာသာ ရှာဖွေ စားတတ်ကြသည်။ဘယ်သူ့ ဘယ်သူမှ ပူနေစရာမလို။အမေ့အိမ်ပြန်ချိန်ဆိုသည်မှာ အမေ အိမ်ကို ရောက်လာသော အချိန်ဖြစ်သည်။တစ်ခါတစ်ရံ အမေနှင့်တိုးမောင် မျက်နှာချင်းဆိုင် မဆုံမိသည်မှာ တစ်လလောက်ပင် ကြာသွားတတ်သည်။
                             ( ၃ )
         တိုးမောင်နိုးလာတော့ မိုးတော်တော်လင်းနေပြီ။အိမ်သုတ်ဆေး ပုံးဟောင်းခွံထဲမှ လက်ကျန်ရေကို ခြစ်ခပ်ရင်း  ၀န်းကျင်ကို ကြည့်လိုက်မိသည်။ထူးထူးခြားခြား ဒီအချိန်ကြီး အမေ အိမ်မှာ ရှိနေသည်။ကျော်ကြီး အဖေနှင့် အမေတို့လည်း သူတို့တဲရှေ့တွင် မတ်တပ်ရပ်နေကြသည်။တိုးမောင်ကို ကျော်ကြီးမြင်သွားတော့
     “ဟေ့ကောင် ခုမှနိုးရသလားကွ။ဒီမှာ အရေးကြီးနေကြတာကို”
အဆုံးအစ မရှိစကားတို့ဖြင့် ကျော်ကြီးက နှုတ်ဆက်လာသည်။
      “ဘာအရေးကြီးတာလဲကွ။ ဆက်ပြောအုံးလေ”
ဒီလောက်လေးတောင် မသိရန်ကော ဆိုသည့် အကြည့်ဖြင့် ကျော်ကြီးက ကြည့်လို့နေသေးသည်။
      “တို့ရပ်ကွက်ကို အထက်က လူကြီးဆိုသူတွေ လာမလို့တဲ့ကွ”
      “ဟာ ကောင်းတာပေါ့”
တိုးမောင် တစ်ယောက် ပျော်ရွှင်စွာ အော်လိုက်မိသည်။ Slamdog Millioner  ဇာတ်လမ်းနှင့် ခပ်ဆင်ဆင်တူလာပြီ။
     “နင့် ပထွေး တွေလာမှာကို ဘာကောင်းတာလဲ”
အမေက သူ့ကိုယ်သူ အနစ်နာခံ၍ တိုးမောင်ကို လှမ်းဆဲလိုက်သည်။အမေ့ကို မသိကျိုးကျွံ့ပြုကာ
       “ကျော်ကြီးရ ရပ်ကွက်ဆိုတာ လူကြီးတွေလာမှ၊အုပ်ချုပ်သူ လူကြီးတွေ ရှိမှ ရပ်ကွက်နဲ့တူတာကွ။ငါကတော့ ကြိုက်တယ်  လာပစေ”
      “မင်းထင်သလို မဟုတ်ဘူး တိုးမောင်ရေ တို့ကျူးကျော် ရပ်ကွက်ကို ဖျက်သိမ်းပစ်မလို့တဲ့။တစ်ပတ်အတွင်း အပြီးရွှေ့ပေးရမယ်လို့ပြောတယ်။မြေနေရာနဲ့ အိမ်ခြေဘယ်လောက်ရှိလဲ လာကြည့်ကြမှာ။”
ကျော်ကြီး အဖေက တိုးမောင်တို့ စကားဝိုင်းထဲ ၀င်လာသည်။ကျော်ကြီး အဖေက တိုးမောင်ကိုတော့ အရေးတယူ ဆွေးနွေးတိုင်ပင်လေ့ရှိသည်။
        “တို့ရပ်ကွက်ရဲ့ တစ်ဦးတည်းသော ပညာတတ်လေး” ဟုလည်း ချစ်စနိုးနောက်ပြောင်တတ်သည်။
တိုးမောင်အခုမှ အဖြစ်မှန်ကို သိတော့သည်။မျက်နှာသစ်လက်စ လက်ထဲမှ ပလပ်စတစ်ခွက်ကို ဆေးသုတ်ပုံးခွံထဲ ပြန်ပစ်ချလိုက်ရင်း ကျော်ကြီးတို့ တဲရှေ့သို့ ခုန်ကူးလိုက်သည်။တိုးမောင် နောက်က အမေလည်း ကပ်လိုက်လာသည်။
         “ဦးလေး ပြောပါအုံး။ဘယ်လို” ကျော်ကြီးအဖေကိုပဲ ဦးတည်ပြီး မေးလိုက်သည်။တဲနီးချင်းများ လည်း ခဏအတွင်း စုရုံးလာကြသည်မှာ လူ နှစ်ဆယ်၊အစိတ်လောက် ဖြစ်သွားသည်။
   “တို့ကျူးကျော်တဲတွေ ဖျက်ခိုင်းနေတာ ဒီနေရာကနေ တစ်ပတ်အတွင်းဖယ်ပေးရမယ်တဲ့ကွ။ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်ကို နှစ်သောင်းပေးမယ်တဲ့။ကျော်ကြီးအဖေ ဦးလေးသောင်းက အားလုံးကို ရှင်းပြနေသည်။
        “ကျွန်မတို့က ဒီကနေ ဘယ်ကို ဖယ်ပေးရမှာလဲ၊အဲဒီနေရာကို အစ်ကိုကြီးသောင်း သိလား”အမေက အားကိုး တကြီးမေးလိုက်သည်။

           “ဟ ဖယ်ရုံဖယ်ခိုင်းတာလေ။နင့်ကို ဘယ်သူက နေရာပြန်ပေးမယ် ပြောနေလို့လဲ” ဦးလေးသောင်း စိတ်တိုစွာ အော်လိုက်သည်။
အမေကလည်း မခံ ပြန်အော်သည်။
“အို ဒါဆို ဖယ်မပေးရုံပေါ့။ဘယ်သွားရမှန်း မသိဘဲနဲ့ ဘယ်ကို ဖယ်ပေးရမှာလဲ”
“အေး နင် မဖယ်ချင် မဖယ်နဲ့လေ။ကမ်းနား ကျူးကျော်တဲ   အဖွဲ့ကိုတော့ သတ်မှတ်ရက်အတွင်း ဖယ်မပေးလို့ ဘူဒိုဇာနဲ့ ထိုးချ ပစ်လိုက်ပြီ တဲ့”။
      “ကျွန်မတို့က ဒီကနေ ဖယ်ပြီးလည်း အဲဒီလို နောက်တစ်နေရာရှာပြီး ကျူးကျော်တဲ ထိုးနေမှာပဲလေ။နောက်တစ်နေရာကို တစ်ခါ လိုက်ဖယ်ခိုင်း နေရမဲ့ အတူတူ ဒီမှာပဲထားလိုက်ရင် ပြီးရော။”
ဒီတစ်ခါတော့ အမေ့အတွေးကို တိုးမောင် သဘောကျသွားသည်။ဟုတ်သည် ၊လူကြီးတွေ လာစစ်လျှင် ထိုသို့ တင်ပြရမည်။
        လူကြီးဆိုသူများ တစ်ကယ်ရောက်လာ ချိန်တွင်တော့ တိုးမောင်တို့ ဘာမှ မပြောသာ။အောင်ထွန်းတို့ ရပ်ကွက်မှ ရပ်ကွက်လူကြီးဆိုသူ ပါလာသည်။အထက်လူကြီးများက နည်းနည်းအော်လျှင် သူက များများ လိုက်အော်ပေးသည်။အထက်လူကြီးများ နည်းနည်း ခြိမ်းခြောက်လျှင် သူက များများ ထပ်ခြိမ်းခြောက်သည်။ထိုရပ်ကွက်လူကြီး သည် ဦးထိပ်ကြီးတို့ လက်ဖက်ရည်ဆိုင်မှ အသံချဲ့စက်နှင့် တူနေတော့သည်။နောက်ဆုံး အဖြေမှာ ပြောင်းရွှေ့စရိတ် နှစ်သောင်းပေးတုန်း ပြောင်းထားကြရန်နှင့် သတ်မှတ်ရက်ကျော်လွန်သွားပါက ထိုနှစ်သောင်းကိုပင် ပေးမည် မဟုတ်တော့ကြောင်း ဖြစ်လေသည်။
       တိုးမောင် လွယ်လွယ်နှင့် အရှုံးမပေးလို။ကိုယ့်မှာ ဗဟုသုတ အနည်းငယ်ရှိသည်။သည်နေ့ခေတ်သည် ဒီမိုကရေစီ ခေတ်ဖြစ်သည်။ပြည်သူများက မကျေနပ်ပါက ဆန်္ဒထုတ်ဖော် ပြသခွင့်ရှိသည်။မိမိတို့ ဆန်္ဒဖော်ထုတ်မည်ကို အထက်လူကြီးများအား ကြိုတင်ပြီးတောင် အကြောင်းကြားထားလို့ ရသေးသည်။ဦးထိပ်ကြီးနှင့် တိုင်ပင်ပြီး ရပ်ကွက်မှ လူများကို စည်းရုံးကာ ကျူးကျော်တဲ မဖျက်သိမ်းရေးအတွက် တိုးမောင် ဆန်္ဒပြဖို့ ဆုံးဖြတ်လိုက်သည်။တိုးမောင် အစီအစဉ်များကို နားထောင်ပြီးသောအခါ ဦးထိပ်ကြီးက
          “ဟ ကောင်လေးရ ပေါက်ကရတွေ လျှောက်မလုပ်နဲ့ကွ။ဆန်္ဒပြ တယ်ဆိုတာ အကျိုးသင့် အကြောင်းသင့် ဖြစ်နိုင်ခြေရှိတာကိုပဲ လက်ခံတာ။မင်း ဥစ်္စာက ကွာ . . . . ”
စကားကို ဆုံးအောင် မဆက်တော့။
“ကျွန်တော်တို့ ကိစ်္စကရော အကျိုးသင့် အကြောင်းသင့် မရှိလို့လား”
တိုးမောင်၏ အထွန့်တက် စကားကို ဦးထိပ်ကြီးက ဘာမှ မတုန့်ပြန်တော့။ရောင်းသမျှ ပစ်္စည်းကို လက်ခံဝယ်ပေးပြီး တိုးမောင်တို့ကိုလည်း ရင်းရင်းနှီးနှီး ဆက်ဆံတတ်သည့် ဦးထိပ်ကြီးပင် တိုးမောင်ဘက်မှာ မရှိ။တိုးမောင် ဆုံးဖြတ်လိုက်သည်။ကျော်ကြီးတို့အဖွဲ့ကို စည်းရုံးမည်။သူတို့အဖွဲ့က ဆယ်ယောက်လောက်ရှိသည်၊တိုးမောင်နှင့်ပေါင်းလျှင် ဆယ့်တစ်ယောက်။ဒါဆို ဆန်္ဒပြဖို့ လုံလောက်ပြီ။
                             ( ၄ )
        သံတိုင်တွေကြားမှ အပြင်ကို လှမ်းမျှော်ကြည့်နေမိသည်။အမေနှင့် ညီအစ်ကို မောင်နှမများ ဘယ်ရောက်နေပြီလဲ။ကျော်ကြီးတို့အဖွဲ့ရော။သူတို့အဖွဲ့ကတော့ တိုးမောင်နှင့်ပါမလာတာ သေချာသည်။ကျန်သည့် ကျူးကျော်တဲမှ အိမ်ထောင်စုဝင်များရော . . .  . ဘူဒိုဇာအောက်ရောက်ပြီလော၊နယ်မြေသစ်မှာ တဲထိုးနေကြပြီလော။ကမကထ ခေါင်းဆောင် တိုးမောင်တစ်ယောက်ကိုသာ ခေါ်လာကြခြင်းဖြစ်သည်။တိုးမောင် အခန်းနှင့်ကပ်လျှက်က လူအချို့၏ စကားသံကို ကြားနေရသည်။
        “သူ့ကို ပြန်လွှတ်တော့ လူတွေက ၀ိုင်းအုံ ကြည့်ပြီး ဓာတ်ပုံတွေလည်း ရိုက်ကြတယ်၊တို့ ထောင်မှူးကြီးကလည်း ယဉ်ယဉ်ကျေးကျေးဆက်ဆံတာကွ။အရင်လို ဘယ်ရမလဲ ဒီမိုကရေစီခေတ်မှာ။သူက ယုံကြည်ချက်ကြောင့် အကျဉ်းကျတဲ့ နိုင်ငံရေး အကျဉ်းသမားလေကွာ၊ဂုဏ်ယူစရာ ကောင်းလိုက်တာ”
တိုးမောင်ကို ဖမ်းဆီးလာခြင်းသည် လမ်းပျော် အလေ အလွင့်တစ်ယောက် အဖြစ်သာ ဖြစ်သည်။တိုးမောင်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျတာဟု ကိုယ့်ဘာသာ ခံယူချင်သည်။တိုးမောင် အတွက် ဂုဏ်ယူမည့်သူ ရှိဖို့ ဝေးစွ။ထောင်ဝင်စာပင် လာတွေ့မည်သူ မရှိ။ဒါလည်း ကိစ်္စမရှိပါ။ဒီထဲမှာ တစ်နေ့ ထမင်းနှစ်နပ်တော့ အနည်းဆုံးစားရသည်။အပြင်မှာလို ပင်ပင်ပန်းပန်း ရှာစားနေစရာလည်းမလို။လုံခြုံသည့် နေရာရောက်နေသည့်အတွက် အမေ့အနေနှင့်လည်း ပူပန်လိမ့်မည် မထင်။တစ်ခုပဲ ရှိသည်၊တိုးမောင် မျှော်လင့်နေသည့် အခြေမဲ့အနေမဲ့ ကောင်လေးတစ်ယောက် ဥာဏ်စမ်း မေးခွန်းများဖြေရင်း မီလျှံနာ ဖြစ်ခွင့်ရသွားသည့် ပြိုင်ပွဲမျိုး တိုးမောင်တို့ နိုင်ငံတွင် ဘယ်အချိန် ကျင်းပမည်ဆိုသည်ကို တော့ သိချင်နေမိသည်။



                                                      ခင်သန္တာ

                                                   





“မုန်းမာန်ဖွဲ့သော်လည်း”

                     
                                         (၁)
     တိရစ်္ဆာန်လေးတွေကို ချစ်တတ်တဲ့သူရဲ့ စိတ်ဟာ နူးညံ့သိမ်မွေ့တယ် ဆိုရင် ကျွန်မကတော့ တော်တော် မနူးညံ့တဲ့ မိန်းမတစ်ယောက်ဖြစ်မှာပါ။ကျွန်မ ဘယ်အိမ်မွေး တိရစ်္ဆာန်ကိုမှ မချစ်တတ်ပါဘူး။ အထူးသဖြင့် အိမ်မွေး တိရစ်္ဆာန် တွေထဲမှာ လူတွေနဲ့ တရင်းတနှီး နေလေ့ရှိတဲ့ ခွေးနဲ့ကြောင်တွေပါပဲ။ခွေးနဲ့ကြောင် အနက်မှာမှ ခွေးက ခြံထဲနဲ့အိမ်ပြင်တွေမှာ နေလေ့ရှိသေးတယ်။အိမ်ထဲမှာ ထားအိပ်ရင်တောင်  အိပ်ခန်းထဲထိ    လူက အလိုလိုက်ပြီး သွင်းထားတာ မဟုတ်ရင် အိပ်လေ့မရှိကြပါဘူး။ကြောင်တွေကတော့  လူတွေရဲ့ အိပ်ယာက သူတို့အတွက် လုပ်ပေးထားတယ်များ ထင်နေကြလားမသိဘူး၊အိပ်ယာပေါ်မှာပဲ နေလေ့ ရှိကြပါတယ်။ကျွန်မ သူတို့ကို မချစ်ရုံတင်မဟုတ်ဘူး ခွေးတွေ၊ကြောင်တွေကို အလွန်အကျွံ တယုတယလုပ်ပြီး ချစ်နေ တဲ့ လူတွေကိုပါ ကြည့်မရချင်ဘူး။
           ကျွန်မ ဘယ်လိုပဲ ကြည့်မရဖြစ်နေပေမဲ့ ကျွန်မတို့အိမ်ကို တစ်နေ့မှာတော့ ကြောင်ကြီး တစ်ကောင် ရောက်လာပါတယ်။ကြွက်တွေရဲ့ သောင်းကျန်းတဲ့ ဒဏ်ကို မခံနိုင်လို့ဆိုပြီး ကျွန်မ အမေက အဖေ့ ၀န်ထမ်းတစ်ယောက်အိမ်ကနေ တောင်းလာ တာပါ။သူရဲ့ ခန်္ဓာကိုယ်က အကြီးကြီးနဲ့ သူ့အမွေးတွေက မီးခိုးနဲ့ ရွှေဝါရောင် ရောဖောက်ထားတဲ့ အရောင်ပါ။ကြောင်တွေထဲမှာ ကျွန်မ အဲဒီလို အရောင် မတွေ့ဖူးသေးပါဘူး။ဒီခေတ် မိန်းကလေးတွေ ဆံပင်ကို ဟိုက်လိုက် ဖောက်ထားတာ နဲ့တောင် တူနေပါသေးတယ်။ကြောင်ချစ်တတ်သူ အတွက်ဆိုရင်တော့ တော်တော် ချစ်စရာကောင်းတဲ့ အကောင်ကြီးပါ။
          တစ်ဦးမေတ်္တာ တစ်ဦးမှာလို့ ကြားဖူးတာပဲ။ဒါပေမဲ့ အမေ့ကြောင်ကို ကျွန်မ မေတ်္တာမထားပါဘဲ သူကတော့ ကျွန်မကို တော်တော် မေတ်္တာရှိပုံရတယ်။ရောက်တဲ့အချိန်က စပြီး ကျွန်မအခန်းထဲ ၀င်နေတော့တာပဲ။ကျွန်မတို့အိမ်သားတွေထဲက ဘယ်သူကအရင်စပြီး  သူ့ကို  နံမည် ပေးလိုက်တယ်မသိဘူး။“ကဲကဲ” လို့ ခေါ်နေသံတော့ကြားတယ်။သူ့နံမည်နဲ့ သူ့လှုပ်ရှားဟန်က မလိုက်ပါဘူး။အကောင်ကကြီးကြီး လမ်းလျှောက်ရင်တောင် မလှုပ်တလှုပ်နဲ့ ဘယ်လိုလုပ် “ကဲကဲ”ဖြစ်နိုင်မှာလဲ၊“ထိုင်းထိုင်း” လို့ခေါ်မှ သူနဲ့လိုက်အုံးမယ်။ကဲကဲ ရောက်ပြီး တစ်ပတ်ကြာတော့ ကျွန်မက အမေ့ကို “အမေ့ကြောင်က ကြွက်ခုတ်တာလည်း မတွေ့မိပါဘူး။သူလည်း ကြွက်နင်း သွားပါ အုံးမယ်လို့” ပြောမိလို့ အမေက “ ကြောင်ရှိနေတာနဲ့တင် ကြွက်က ငြိမ်တယ်၊ခုတ်ခုတ် မခုတ်ခုတ်  အဟန့်ပေါ့အေ အခုအိမ်မှာ ကြွက်တွေ ငြိမ်ကုန်တာ သတိမထားမိဘူးလား”တဲ့ သူ့ကြောင်ထိလို့ မခံချင်သံနဲ့ ကျွန်မကိုပြောနေတယ်။
                                         (၂ )
         ဒီနေ့မနက်လည်း ကျွန်မမှာ “ကဲကဲ”နဲ့ ပတ်သက်ပြီး စိတ်တိုရပြန်ပြီ။ကျွန်မက ရုံးယူနီ ဖောင်းတွေကို မီးပူတိုက်ပြီးသားဖြစ်ပေမဲ့  ၀တ်ခါနီးကျရင် တစ်ခါပြန်တိုက်ပြီးမှ ၀တ်လေ့ရှိပါတယ်၊ မီးပူနံမွှေးမွှေးလေးနဲ့ ၀တ်ရတာကို ကြိုက်လို့ပါ။ကျွန်မ ရေမချိုးခင် ယူနီဖောင်းကို ပြန့်နေ အောင်ထပ် တိုက်ပြီး ကျွန်မ ကုတင်ခြေရင်းမှာ ဖြန့်ထားခဲ့ပါတယ်။      ကျွန်မ ရေချိုးပြီးထွက်လာတော့ ကျွန်မရဲ့ ယူနီဖောင်းအ၀တ်တွေ အပေါ်မှာ ကဲကဲ တစ်ကောင်ရယ် ခြေဆန့် လက်ဆန့် တက်အိပ်နေလေရဲ့။ကျွန်မလည်း စိတ်တိုတာနဲ့ သူ့ဂုတ်ကနေ ကိုင်ပြီး အခန်းဝရောက်အောင် လွင့်ပစ်လိုက်တယ်။ဖြစ်ချင်တော့ အမေနဲ့တိုးပါလေရော၊ “ဟဲ့   အဲဒီလောက်တောင် လုပ်ရလား ညည်း မိန်းကလေးဖြစ်ပြီး အကြင်နာတရား တော်တော်မရှိတာပဲတဲ့” ဆူပါလေရော။ကျွန်မ ရုံးသွားတိုင်း ကျွန်မရဲ့ အခန်းတံခါးကို စေ့ထားခဲ့ပေမဲ့ ကဲကဲ တစ်ကောင်ကတော့ ကျွန်မရဲ့ အခန်းတံခါးကို ဖွင့်တတ်တယ်။သူ့ရဲ့ လက်ကို ပြောင်းပြန်လှန်ပြီး လက်သည်းနဲ့ တံခါးကိုယက်ပြီး ဖွင့်တာတွေ့ရတော့ ကျွန်မတောင် အံ့သြသွားတယ်။
            ကျွန်မရုံးကပြန်လာရင် သူက ကျွန်မရဲ့ ခေါင်းအုံးတွေ ပေါ်နဲ့ စောင်တွေ အောက်မှာ ရှိနေတတ်ပါတယ်။သူ့ကို အဲဒီလိုတွေ့တိုင်းလည်း ကျွန်မ တစ်ကြိမ်မှ မျက်နှာသာ မပေးပါဘူး၊အမေလစ်ရင် လစ်သလို သူကို ဆွဲလွင့်ပစ်လိုက်တာပဲ။ညရောက်ရင်လည်း ကျွန်မရဲ့ခေါင်းရင်းဘက်မှာ လာအိပ်တတ်ပြန်တယ်။သူရဲ့ အသက်ရှုသံက သိပ်ပြင်း ထန် တာကြောင့် ကျွန်မ မခံနိုင်ပါဘူး။ပြီးတော့ သူတို့အမွေးတွေ ကလည်း သိပ်ကျွတ်လွယ်တာပဲ။ကျွန်မကို အကြင်နာတရား မရှိဘူးလို့ပဲ ဆိုဆို၊ ကျွန်မကတော့ ကဲကဲ ကျွန်မအနား ရောက်လာတာနဲ့ ဦးအောင် အရင်ရိုက်ထုတ်ပစ်လိုက်တာပဲ။
            တစ်ခါတစ်ရံ ညဥ့်နက်သည်ထိ ကျွန်မ စာဖတ်ဖြစ်တဲ့ အခါတွေမှာလည်း စာထဲ အာရုံရောက်နေပြီဆိုရင် ထုတ်တန်းပေါ်က ခုန်ချတော့တာပဲ။ခုန်ချတာတောင် ဟုတ်ရဲ့လားမသိပါဘူး၊သူ့ခန်္ဓာကိုယ်ကြီးကို သူမထိန်းနိုင်ဘဲ ပြုတ်ကျလာတာ ဖြစ်ချင်ဖြစ်နေမှာ။ သက်သောင့်သက်သာ မနာဘဲကျတာကို ကြောင်ကျ ကျတယ်လို့ ပြောတာကြားဖူးတယ်။ကဲကဲတို့ကတော့ ကြောင်ရာဇ၀င်ကို ဖျက်တယ်။ပြုတ်ကျရင် ဘယ်တော့မှ မသက်သာဘူး၊ ခြေကားယား လက်ကားယားပဲ။နောက်ပြီးတော့ ရှိသေးတယ်၊ ကိုးလို့ကန့်လန့် မီးသွေးမီးဖိုထဲ ၀င်အိပ်လား အိပ်ရဲ့၊လျှပ်စစ်မီးဖိုရဲ့ ကွိုင်ပေါ်တောင် တက်ခွေချင် ခွေနေတတ်တာ။ကျွန်မအရင် မီးဖိုထဲ ၀င်ဖြစ်တဲ့နေ့တွေနဲ့ သူအဲဒီလို အိပ်နေတာ ကြုံရင် ကျွန်မလန့်သွားတတ်ပါတယ်။ကျွန်မလန့်လို့ကတော့  လန့်စေတဲ့ အမှုနဲ့  သူလည်း သေပြီသာမှတ်။
            အစကတည်းက ကြောင်မုန်းတီးရေး ၀ါဒီ ရှိရတဲ့အထဲ အခုတစ်လော ဖတ်မိတဲ့ စာတွေက  ပိုမုန်းအောင် တွန်းပို့နေသလိုပဲ။လူတွေနဲ့ အနီးဆုံး နေတဲ့ အိမ်မွေးတိရိစ်္ဆာန် တွေထဲက ကြောင်နဲ့ ခွေးရဲ့ အတွင်းစိတ်ကို သုတေသန လုပ်ကြည့်ကြသတဲ့။ပြည်ပက ကာတွန်း တစ်ပုဒ်မှာ ဖတ်လိုက်ရတာ။တစ်ကယ် ဟုတ် မဟုတ်တော့မသိပါဘူး။ခွေးတွေက ဒီလို တွေးသတဲ့
“ငါတို့ကို လူတွေက စားစရာကျွေးတယ်၊နေစရာပေးတယ်။ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ဒါကြောင့် လူတွေဟာ ငါတို့ရဲ့ ဘုရားသခင် ဖြစ်ရမယ်တဲ့”။
ကြောင်တွေ တွေးတဲ့ အကြောင်း ဆက်ဖတ်ကြည့်လိုက်တယ်။
   “ငါတို့ကို လူတွေက စားစရာကျွေးတယ်။နွေးနွေးထွေးထွေး နေရာထိုင်ခင်းပေးတယ်။ကြင်ကြင်နာနာ ဆက်ဆံတယ်။သူတို့ရဲ့ ပေါင်ပေါ်တွေ၊အိပ်ယာတွေထဲထိလည်း ၀င်ခွင့်ပေးတယ်။ဒါကြောင့် ငါတို့ဟာ လူတွေရဲ့ ဘုရားသခင် ဖြစ်ရမယ်တဲ့”။
      ဘယ်လောက် မုန်းစရာ ကောင်းလိုက်ပါသလဲ။အဲဒီလို မဆီမဆိုင် အချက်တွေနဲ့လည်း ကျွန်မက ကဲကဲကို နှစ်ဆတိုး မုန်းတော့တာ။
      ပြီးတော့ ရှိသေးတယ်၊အိမ် တစ်အိမ်မှာ မိသားစုဝင် တစ်ယောက် တစ်ယောက် နေမကောင်းဖြစ်ရင် သူ့တို့က အိမ်ကနေ ရှောင်နေကြရောတဲ့။အိမ်ရှင်လူတွေ ကိုယ်စား ကြောင်တွေက ခံပေးရတတ်လို့တဲ့။လူတွေ နေပြန်ကောင်းမှ ဒါမဟုတ်လည်း ကွယ်လွန်တိမ်းပါး သွားပြီးမှ အိမ်ပြန်လာကြတာလို့ လေ့လာမိသူတွေက ဆိုကြပြန်တယ်။ကြောင်နဲ့ကြွက် ကာတွန်းကား မှာလည်း ကြောင်ကို မုန်းစရာကောင်းအောင် ဖန်တီးပြီး ရိုက်ပေးထားကြတာ။
 “အဲဒါ ကြောင်တွေရဲ့ ဓာတ်ခံ မကောင်းတာ သိလို့ ဒါရိုက်တာတွေက ရိုက်ထားတာ နေမှာလို့” ကျွန်မက ပြောတော့ အမေက
“ကြောင်တွေနဲ့ပတ်သက်ရင် တော်တော် အဆိုးမြင်တာပဲ။ညည်းကို ဘာလုပ်နေကြလို့လဲ”တဲ့။
“သမီးကိုတော့ ဘာမှ မလုပ်ကြပါဘူး၊အမေ့ ကဲကဲ ကိုသာ သမီးအခန်းထဲ မ၀င်စေနဲ့”။
ကဲကဲကို ကျွန်မက ဆတိုးမုန်း။သူ့ ကြောင် မုန်းတဲ့ ကျွန်မကို အမေက ကြည့်မရနဲ့၊
နောက်ဆုံးတော့ ကဲကဲကြောင့်ပဲ ကျွန်မ နဲ့ အမေ ကတောက်ကဆ ဖြစ်ကျန်ခဲ့ရတယ်။
                                    ( ၃ )
       နွေရာသီ တစ်ခုရဲ့ ရုံးပိတ်ရက် တစ်ရက်မှာတော့ မန်္တလေးနွေရဲ့ အပူဒဏ်ကို မခံနိုင်တာနဲ့ နေ့ခင်းဘက်ကြီး ကျွန်မ ခေါင်းလျှော် ရေချိုးပြီး စာအုပ်တစ်အုပ်နဲ့ ကုတင် အောက်ဆင်းပြီး နပ်နေမိပါတယ်။ကျွန်မတို့နေတဲ့ခြံထဲမှာ အပင်ကြီးတွေပေါပါတယ်၊ ပိတောက်ပင်နဲ့၊အညာကုက်္ကိုပင်ကြီးရဲ့ အကိုင်းအခက်တွေက ကျွန်မအခန်းရဲ့ ပြတင်းပေါက် ဘောင်ပေါ်ကို လာထိနေတတ်ပါတယ်။ကုတင်ပေါ်မှာ မအိပ်ဘဲ သံမံတလင်းမှာ သင်ဖြူးဖျာ တစ်ချပ်ခင်း၊ပြီးတော့ မခြောက်တခြောက် ဆံပင်တွေကို ခေါင်းအုံး အပေါ်ဘက်မှာ ဖြန့်ပြီး ပက်လက်အိပ်ရင်း ကျွန်မ စာဖတ်ပါတော့တယ်။ကဲကဲရဲ့ အနှောက်အယှက်က လွတ်အောင် ကျွန်မအခန်းတံခါးကို ဂျက်ချထားလိုက်ပါတယ်။
            စာဖတ်ရင်း မျက်ကြောစင်းပြီး အိပ်ချင်လာတာမို့ စာအုပ်ဘေးခဏချပြီး ကျွန်မ မှေးကနဲ အိပ်ပျော်သွား ပါတော့တယ်။ဒါပေမဲ့ ခဏအကြာမှာတော့ ကျွန်မရဲ့ ဆံပင်တွေပေါ်ကို တစ်ကောင်ကောင်က ဆွဲပြီးရှုပ်ဖွနေသလို ခံစားမိပြီး ကျွန်မလန့်နိုးသွားပါတော့တယ်။မျက်စိက မဖွင့်နိုင်သေးဘဲ လက်နဲ့ဆံပင်တွေကို လှမ်းသပ် လိုက်တဲ့အချိန်မှာ ကဲကဲကိုစမ်းမိသွားတော့တာပဲ။တံခါးဂျက် ထိုးထားပါရက်နဲ့ လျှော်ပြီးစ ကျွန်မဆံပင်တွေပေါ်ထိ ရောက်လာတဲ့ ကဲကဲ ကိုဒေါသဖြစ်စိတ်နဲ့ ကျွန်မ အိပ်ချင်ပြေသွားပါတော့တယ်။
     ကျွန်မရဲ့ ထုံးစံအတိုင်း ကဲကဲကို ဂုတ်ကနေဆွဲပြီး လွင့်ပစ်ဖို့ ကျွန်မ ထထိုင် လိုက်ချိန်မှာတော့ အသက်ရှုရပ်သွားမတတ် ကျွန်မ တုန်လှုပ်သွားပါတော့တယ်။ကျွန်မဆံပင် အရှည်က တံခေါက်ခွက် ကျော်တာမို့  ကျွန်မ တ၀က်တပျက် ထထိုင်လိုက်တဲ့အချိန်မှာ ဆံပင်က ဖျာပေါ်မှာဖြန့်လျက် ကျန်နေသေးပါတယ်။ဖျာပေါ်မှာ ကျန်နေတဲ့ ကျွန်မဆံပင် သုံးပုံတစ်ပုံလောက် ပေါ်မှာတော့ ကဲကဲနဲ့ မြွေတစ်ကောင် သတ်ပုတ်နေတာ တွေ့လိုက်ရပါတော့တယ်။ကျွန်မ ငယ်သံပါအောင် အော်လိုက်ပေမဲ့ ခြံထဲက     ကွတ်ပျစ်ပေါ်ရောက်နေတဲ့ ကျွန်မ မိသားစု ကတော့ မကြားကြပါဘူး။ကျွန်မ အခန်းတံခါးကို ပိတ်ထားမိလို့ အသံလုံနေတာလည်း ဖြစ်ပါလိမ့်မယ်။
         မတ်တပ်လည်း ထမရပ်ရဲ၊ ဆံပင်တွေကိုလည်း ဆွဲမဖယ်ဝံ့နဲ့ ကျွန်မမှာ တစ်ကိုယ်လုံး တုန်နေပါတယ်။ကဲကဲ က သူ့လက်သည်းနဲ့ မြွေရဲ့ပါးပျဉ်းကို ပုတ်လိုက်၊မြွေက လှမ်းပေါက်လိုက်နဲ့ ကျွန်မ ဆံပင်တွေပေါ်မှာ လုပ်နေတာကို ခန်္ဓာကိုယ် တစ်ခြမ်းလိမ်ကြီးနဲ့ ကျွန်မမှာ အောင့်အီးပြီး ကြည်နေ့ရပါတယ်။နှစ်ကောင်သား သတ်ပုတ်နေကြရင်း  တဖြည်းဖြည်းနဲ့ ကျွန်မဆံပင်ပေါ်က လွတ်သွားပြီး ဖျာပေါ်ရောက်သွားတော့မှ ကျွန်မမှာ ခြေကုန်သုတ်ပြီး အခန်းအပြင်ကို ပြေးထွက်ခဲ့ရပါတယ်။အဲဒီတော့မှ မိသားစုတွေသိသွားကြပြီး ကျွန်မအခန်းထဲကို ၀င်ကြည့်ကြပါတော့တယ်။မိသားစုနောက်ကနေ မရဲတရဲနဲ့ မြွေနဲ့ကြောင်ရဲ့ သတ်ပုတ်ပွဲကို ကျွန်မလည်း ၀င်ကြည့် နေမိပါတယ်။
         ကျွန်မ မောင်အငယ် ကတော့ 
“တရုတ်သိုင်းကားတွေထဲမှာ မြွေသိုင်းနဲ့ကြောင်သိုင်းချရင် ကြောင်သိုင်းကပဲ နိုင်တာဟ၊ကဲကဲ ပဲနိုင်လိမ့်မယ် မမ ကြည့်နေ”တဲ့။
      နောက်ဆုံးမှာတော့ မြွေက ကဲကဲကို လှမ်းပေါက်လိုက်တဲ့ အချိန် ကဲကဲက ခုန်ရှောင်နိုင်ပေမဲ့ ၊ကဲကဲက မြွေရဲ့ပါးပျဉ်းကိုမှ လက်သည်း နဲ့ ကုတ်တာကိုတော့ မြွေခမျှာ မရှောင်နိုင်တော့ဘဲ ငြိမ်သက်သွားပါတော့တယ်။ကဲကဲ နဲ့ ကျွန်မ ဇာတ်လမ်းကို အကြောင်းစုံသိသွားတဲ့ အမေက
   “ညည်း ရေချိုးခန်းက မထွက်ခင်ကတည်းက ”ကဲကဲ” က ထမိန်ပုံ ပေါ်တက်အိပ်နေတာ အမေ တွေ့သားပဲ၊ညည်း မတွေ့နိုင်လောက်တဲ့ နေရာမို့ မောင်းမထုတ်ခဲ့တာ။ တိရစ်္ဆာန်လည်း သူ့အစွမ်းနဲ့ သူရှိပါတယ်အေ အလကားနေရင်း မလိုမုန်းထား လုပ်မနေပါနဲ့ ညည်းမုန်းနေတာလည်း သူမသိပါဘူး။အခုတော့ ကဲကဲက ညည်းအသက်ကယ်လိုက်တာ မဟုတ်ဘူးလား”တဲ့။
                                        (၄)
      ဒီနေ့နေ့လည် ကျွန်မ အခန်းထဲမှာ  ကဲကဲတစ်ကောင် ရှိနေတာ ကံသီပေလို့ပဲ။တစ်ကယ်လို့ ကဲကဲ သာကျွန်မ အခန်းထဲမှာ ရှိမနေရင် ကျွန်မ ဘာဖြစ်လို့ သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး။ဆံပင်ရေစို မခြောက်တစ်ခြောက်က မြွေတစ်ကောင်အတွက် ၀င်ခွေချင်စရာ နေရာ ဖြစ်နေပြီး၊မဆင်မခြင် ကုတင်အောက် ဆင်းအိပ်မိတာလည်း ကျွန်မရဲ့ အမှားပါပဲ။စဉ်းစားဥာဏ်ရှိတဲ့ လူတောင် မစဉ်းစားဘဲ လုပ်မိသေးတာ၊ကဲကဲ ကကြောင်ပဲလေ၊ကျွန်မ ဘယ်နှခါ လွင့်ပစ် လွင့်ပစ် သူဘယ်မှတ်ထားတတ်မှာလဲ။ကျေးဇူးတင်ပါတယ် “ကဲကဲ”ရယ်လို့ ကျွန်မ အသံထွက်ပြီး ပြောမိတဲ့ အချိန်မှာတော့ “ကဲကဲ” က အသိအမှတ်ပြုတဲ့အလား ကျွန်မ ခြေထောက်ကို သူ့ခေါင်းနဲ့ တိုးဝှေ့လို့ နေပါတော့တယ်။
           
                                                                 ခင်သန္တာ                                                                        
           

“ မကြုံဖူးဆို မယုံဘူးလား”

               
                                 အခန်း(၁)
ဖြစ်ရပ်(၁)။        ။တက်္ကသိုလ် ကျောင်းပိတ်ရက်တွေအတွင်း အိမ်မှာအပြည့်အ၀ အနားယူချိန် ကာလ တစ်ခုတုန်းကပေါ့။အဖွားနဲ့အတူ ဟာသကားကြည့်နေရင်းက အိပ်ငိုက်လာပြီး လေးလံနေတဲ့ မျက်ခွံတစ်စုံဟာ ပြုတ်ကျလာပါတော့တယ်။ရုပ်ရှင်တွေ ကြည့်နေကျ မဟုတ်လို့ လည်း ပါပါလိမ့်မယ်။ဧည့်ခန်းထဲက တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက် ကိုးနာရီခွဲပဲ ရှိသေးတယ်။နေ့လည် နေ့ခင်းလို တစ်ရေးပြန်အိပ်ရမယ့် အချိန်လည်း မဟုတ်ဘဲနဲ့။ကိုယ့်ရဲ့ အားလပ်ချိန်တွေကို အပြည့်အ၀ အသုံးချဖို့ ဆုံးဖြတ်ထားပြီးမို့ ၀င်အိပ်ဖို့ အခန်းထဲကို ၀င်ခဲ့လိုက်တော့တယ်။အိပ်ခန်းကို လိုက်ကာ ကာထားပေမယ့်  အိမ်ရဲ့ ဧည့်ခန်းထဲ ကနေ လှမ်းကြည့်ရင် ကျွန်မရဲ့ ကုတင်ခြေရင်းကို မြင်နေရတယ်။လေတိုက်လို့ လိုက်ကာလွင့်သွားတဲ့ အချိန်ဆို ကုတင် အောက်တစ်ပိုင်းလောက်ကို မြင်နေရတယ်။ဘာလို့မှန်းတော့မသိဘူး ကျွန်မ အိပ်နေတာကို လူမြင်ရင် မအိပ်တတ်တော့ဘူး။
          ပြီးတော့ အိပ်ပျော်နေတဲ့အချိန် တစ်ယောက်ယောက်က အသားကိုလာထိရင် မျက်စိဖွင့်ကြည့်တတ်သေးတယ်။နိုးသွားတာလား ဆိုတော့ မဟုတ်ဘူး၊အလိုလို မျက်စိဖွင့်ကြည့်မိလိုက်တာ။အညာက အဒေါ်တွေ အိမ်ကို အလည်လာတုန်းက အဒေါ်တစ်ယောက်က ကျွန်မ နဲ့အတူ လာအိပ်တယ်။တစ်ယောက်အိပ် ကုတင်ကို နှစ်ယောက် အိပ်ရတာ ဆိုတော့ အသားချင်းက ထိမိနေတာပေါ့။မနက်မိုးလင်းတော့ အဒေါ်က  “သမီးကို အားနာလိုက်တာ တစ်ညလုံး အိပ်မပျော်ဘူးထင်တယ် အသားကိုထိမိတိုင်း မျက်စိဖွင့်ကြည့်နေတော့တာပဲ”တဲ့။ကျွန်မကတော့ သိဖို့နေနေ သာသာ တစ်ရေးတောင် နိုးတာ မဟုတ်ဘူး။ကောင်းတော့ ကောင်းသားပဲ အဟန့်အတားတစ်ခုတော့ ဖြစ်တာပေါ့။
         အဲဒီကြောင့် ကျွန်မ အခန်းထဲဝင်အိပ်ပြီဆိုရင် အခန်းတံခါးကို စေ့ခဲ့လေ့ရှိတယ်။အဲဒီနေ့ကလည်း အခန်းတံခါးကိုစေ့ခဲ့လိုက်ပြီး ကျွန်မ ကုတင်ပေါ်လှဲအိပ်လိုက်တယ်။ကျွန်မ လှဲအိပ်ပြီး ခဏပဲကြာမယ်ထင်တယ်၊တစ်ယောက်ယောက် ၀င်လာပြီး ကုတင်ပေါ်လှဲ လိုက်သလို ခံစားလိုက်ရတယ်။အသားချင်း လာမထိခင် နံရံဘက်အခြမ်းကို  ကျွန်မ နည်းနည်းရွေ့ ပေးလိုက်တယ်။ရွေ့ပေးလိုက်ခါမှ ကျွန်မ ခါးပေါ်ကို လက်တင်ပြီး ပြီးချင်း လျှောချလိုက်သလို ထပ်ခံစားရတယ်။ပြီးတော့ ကုတင်ပေါ်က ထသွားတယ်လို့ သိလိုက်တယ်။လူကလည်း အရမ်းအိပ်ချင်နေပြီ၊အဖြစ်အပျက်တွေကို သိနေပြီး၊ အထိအတွေ့ကတော့ မသေချာသလို ခံစားနေရတယ်။
          ပြီးတော့ ချက်ချင်းပဲ အိပ်ချင်ပြေသွားတယ်။ကုတင်ပေါ်က ထပြီး ဧည့်ခန်းထဲကို ပြန်ဝင်ခဲ့တော့ ရုပ်ရှင်ဇာတ်ဝင်ခန်းက တစ်ခန်းမပြီးသေးဘူး။ဒါဆို အချိန်က ခဏလေးပဲရှိသေးတာပေါ့လို့ တွေးမိပြီး အဖွားကို “သမီးကုတင်ပေါ် လာအိပ်သေးလား”လို့ မေးလိုက်တယ်။အဖွားက ဒီနေရာက ထတောင် မထရသေးဘူး တဲ့။အဖေ့ ရုံးဝန်ထမ်း    စာရေးမတစ်ယောက်ကလည်း နေ့ခင်းဘက် တွေ အားရင် ကျွန်မ ကုတင်ပေါ် လာလှဲနေတတ်တော့ သူ လာ မလာလည်း အိမ်သားတွေကို မေးကြည့်လိုက်တယ်။စာရေးမ ကလည်း ဒီနေ့ ရုံးမလာဘူးတဲ့။ထူးဆန်းတဲ့ ဒီအဖြစ်အပျက်ကို အိမ်က မိသားစုတွေကို ပြောပြတော့လည်း ဘယ်သူမှ ထူးဆန်းတယ်လို့ ထင်ပုံမရကြပါဘူး။ဒါကြောင့် အဲဒီနေ့ ရက်စွဲနဲ့ အချိန်ကို ပြက်္ခိန်ပေါ်မှာ  ကျွန်မ ၀ိုင်းထားလိုက်တယ်။၁၉၉၃ခုနှစ်၊ ဇွန်လ ၁၇ ရက်၊မနက် ၉နာရီ၊၂၀ မိနစ်။
       နောက်တစ်ပတ် အကြာမှာတော့ တခြားမြို့က သူငယ်ချင်းတစ်ယောက်ဆီက သံကြိုးစာရောက်လာတယ်။ဇွန် ၁၇ ရက် မနက် ၉ နာရီ ၁၀မိနစ် နီလာဆုံးပြီ အမြန်လာပါတဲ့။သံကြိုးရိုက်လိုက်တဲ့ သူငယ်ချင်း မဝေနဲ့ သေဆုံးသူ နီလာတို့က တစ်မြို့တည်း အတူနေကြတာ။နှစ်ယောက်စလုံး ကျွန်မ နေထိုင်ရာ ဖျာပုံမြို့ကို မရောက်ဘူးသေးလို့ အလည်လာကြမှာ။သဘောင်္လက်မှတ်ကို ၂၁ ရက်နေ့ ရက်စွဲနဲ့ ဖြတ်ထားပြီးနေ ကြပြီ။တက်္ကသိုလ် စာမေးပွဲဖြေပြီးလို့ ကျွန်မတို့ ခွဲခဲ့ကြတာ ဇွန် ၁၀ ရက်နေ့ကမှပါ။ကျွန်မတို့ သူငယ်ချင်း သုံးယောက်က မေဂျာသာ မတူကြတာ အဆောင်အတူ၊အခန်းတောင် နှစ်ယောက်ခန်းကို သုံးယောက် ရအောင်နေကြတာ။ကျောင်းတက်နေတုန်းက နီလာ့မှာ အမျိုးသမီး ရောဂါ ခံစားနေရတာ သိပေမယ့် ဒီလောက် ဆိုးဝါးပြီး မြန်မြန်ဆန်ဆန် သေနိုင်လိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး။
          နီလာ ဆုံးတာကို ကျွန်မ သွားချင်ပေမယ့် အဖေတို့ကလည်း လိုက်မပို့နိုင်၊ကျွန်မ ကလည်း ပထမနှစ်ကျောင်းသူ အရွယ်ဆိုတော့ တစ်ယောက်တည်းလွှတ်ဖို့ စိတ်မချကြတာနဲ့ မသွားဖြစ်လိုက်ဘူး။ကျွန်မ အဖေက ကူညီငွေကိုပဲ စာတိုက်ကနေ လွှဲပေးလိုက်တယ်။
                                   အခန်း(၂)
ဖြစ်ရပ်(၂)။        ။အဲဒီ အဖြစ်အပျက် ဖြစ်မယ့်နေ့က အိမ်မှာ အမေက ဘိန်းမုန့် ဖုတ်တယ်။မြန်မာ မုန့်တွေ တော်တော်များများကို အမေက အိမ်မှာပဲ လုပ်ကျွေးလေ့ရှိတယ်။ကျွန်မ ကလည်း စားသာစားချင်တာ ကူလုပ်ပေးဖို့တော့ ပျင်းတယ်။ဝယ်စားလိုက်ရင်လည်း ရသားနဲ့ အချိန်တွေ အများကြီးပေးပြီး ပင်ပင်ပန်းပန်းနဲ့ လုပ်နေရတာကို မတန်ဘူးလို့ ထင်တတ်တာ။အမေကတော့ သူပင်ပန်းပေမယ့် ကျွန်မတို့ မောင်နှမတွေ ပေါပေါများများနဲ့ သန့်သန့်ရှင်းရှင်းစားရတာပေါ့ လို့ပဲ တွေးတတ်သူပါ။အစပိုင်းမှာ အမေ့ကို ကူလုပ်ပေးနေပါသေးတယ်။ဒါပေမဲ့ ခဏကြာတော့ ကျွန်မ အရမ်းအိပ်ချင်လာပြန်တယ်။နေ့ခင်းဘက်လည်း ဖြစ်နေတော့ ကျွန်မ ၀င်အိပ်လိုက်တယ်။ကုတင်ပေါ်လှဲပြီး မကြာခင်မှာပဲ ပြတင်းပေါက်နားမှာ အရိပ်တစ်ခု လာရပ်ပြီး ကျွန်မကို လှမ်းပုတ်လိုက်သလို ခံစားလိုက်ရတယ်။အဖြစ်အပျက်ကိုပဲ သိတာ အထိအတွေ့ကို တော့ ခံစားကြည့်လို့ မရဘူး။
       ကျွန်မကုတင်က ပြတင်းပေါက်ဘက်ကို ကပ်ထားတာ၊ကျွန်မ နံရံဘက် အခြမ်းကို ကပ်အိပ်လိုက်တာနဲ့ ပြတင်းပေါက်နားကို ရောက်သွားပြီ။  ကျွန်မ ချက်ချင်း အိပ်ချင်ပြေသွားတယ်။ကျွန်မ အခန်းနဲ့ ကပ်ရပ်က ရေချိုးခန်း ပြီးတော့ မီးဖိုချောင်၊ကျွန်မတို့အိမ်ရဲ့ မျက်နှာစာက အဖေ့ရဲ့ ခရိုင်ရုံးကြီး ရှိတယ်။အဲဒီတော့ တစ်ယောက်ယောက်က လာစ တာဆိုရင် ကျွန်မ     မမြင်အောင်ကွယ်ဖို့က  အနီးဆုံး ရေချိုးခန်းဘက်ကို ပြေးမှ လွတ်မယ်။ရေချိုးခန်းဘက် အရင်ကြည့်လိုက်တော့ ဘယ်သူမှ မတွေ့ဘူး၊ပြီးတော့ ကပ်ရပ် မီးဖိုချောင်မှာ အမေက မုန့်ဖုတ်နေ တာ။ရုံးဘက်ပိုင်းကို ပြေးရင်တော့ ကွင်းပြင် ကွက်လပ်ဖြစ်နေတဲ့အတွက် ဘယ်သူမှ မရှိတာကို ရှင်းရှင်းလင်လင်းကြီး မြင်နေရတယ်။ကျွန်မကို လာစ နေတတ်တဲ့ အဖေ့ ၀န်ထမ်းရဲ့ မိန်းမ တစ်ယောက်ရှိတယ်။သူလာ စ တာများလို့ အမေ့ကို မေးကြည့်လိုက်တော့ “ညည်းတို့မှ အားမကိုးရတာ ဘိန်းမုန့်ထဲထည့်ဖို့ ဘိန်းစေ့ မလောက်လို့ ဈေးကို လွှတ်လိုက်တယ်”တဲ့ မကြည်မလင်နဲ့ အမေက ပြန်ဖြေတာမို့ ငြိမ်နေလိုက်ရတယ်။ပထမ အဖြစ်အပျက်လိုပဲ အချိန်က သိပ်တိုတောင်းလွန်းတယ်။ပြက်္ခဒိန်ရက်စွဲက ဇူလိုင် ၂၇ ရက်ကို ကျွန်မ အမှတ်အသားလုပ်ပြီး ထပ်ဝိုင်းထားလိုက်တယ်။
          ကျောင်းတွေ ပြန်ဖွင့်တော့ သူငယ်ချင်းတို့ မြို့ကို ၀င်ပြီး နီလာအဖေ့ကို ၀မ်းနည်း ကြောင်း ၀င်ပြောဖြစ်တယ်။အဲဒီအချိန်မှာ သိရတာက ဇူလိုင် ၂၇ ရက်က သူတို့ ဘာသာအရ ရက်လည်တဲ့ နေ့ဖြစ်နေတာပဲ။နီလာ ဆုံးမယ့် မနက်က ဗိုက်အောင့် တယ်ဆိုပြီး ဆေးရုံကို ဆိုက်ကားနဲ့ သားအဖနှစ်ယောက် သွားကြတယ်တဲ့။နီလာတို့မောင်နှမတွေ မှာ အမေ မရှိတော့ဘူး၊အဖေနဲ့ပဲ နေကြတာ။ဆိုက်ကားပေါ်မှာ ဗိုက်အောင့်တယ် အော်နေရင်း နီလာက “အပါကြီး သမီးနဲ့ မဝေ ခင်လေးဆီသွားရမှာနော်၊ သင်္ဘောလက်မှတ် ဖြတ်ပြီးပြီ ဆေးရုံမတက်ဘူး”လို့ ပြောနေတာတဲ့။ဆေးရုံရောက်တော့ အသက်မရှိတော့ဘူးတဲ့။မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် သူ့အဖေကတော့ ယူကြုံးမရ ဖြစ်နေတယ်။နီလာက အောင်စာရင်းထွက်တော့ ဂုဏ်ထူးနှစ်ဘာသာ ပါသေးတာလေ။
            နီလာ့ အဖေ့ပြောစကားအရဆိုရင် နီလာ ၀ိဥာဉ်က ကျွန်မဆီရောက်လာတာလား၊ စဉ်းစားကြည့်နေမိတယ်။ဖျာပုံဆိုတဲ့ မြို့ကို နီလာ မသေခင် ရောက်မှ မရောက်ဘူးတာပဲ။အဲဒီလို နယ်လွန် စိတ်ပညာတွေကို သိပ်မယုံကြည်ပေမယ့်  မဖြစ်နိုင်ဘူးလို့တော့ ပြောရခက်နေတယ်။အဲဒီနောက်ပိုင်း ဖြစ်ရပ်မှန် ဘာသာပြန် စာအုပ်တစ်အုပ်ဖတ်လိုက်ရတဲ့ အချိန်မှာ နည်းနည်းတော့ လက်ခံသလို ဖြစ်သွားရတယ်။
       ပင်လယ်ကူး သင်္ဘောကြီးတစ်စင်းရဲ့ စက်ခန်းသော့ကို သင်္ဘော ကက်ပတိန်နဲ့ သူ့လက်ထောက်တစ်ယောက်သာ ကိုင်ထားတယ်တဲ့။အဲဒီအခန်းထဲမှာ သူတို့သင်္ဘောသွားရမယ့် မြေပုံအညွှန်းနဲ့တခြား အရေးကြီး စာရွက်စာတမ်းတွေ ရှိတာမို့ သတိထားနေရတာပေါ့။တစ်ညမှာ သင်္ဘောခွေးတစ်ကောင်က ဆွဲဆွဲငင်ငင် အူအပြီး စက်ခန်းထဲမှာအရိပ်တစ်ခုတွေ့လိုက်သလို ကက်ပတိန်က ခံစားလိုက်ရတယ်တဲ့။မနက်မိုးလင်းလို့ စက်ခန်းကို ဖွင့်ကြည့်တဲ့အခါမှာ ဘာမှ မထူးခြားပေမယ့် မြေပုံပေါ်မှာ အစက် တစ်စက်ထင်နေတာ တွေ့ရတယ်တဲ့။ဒုတိယည မှာလည်း အဲဒီလို ထပ်ဖြစ်တာမို့ လက်ထောက်လက်ထဲက စက်ခန်းသော့ကို ကက်ပတိန်က ပြန်တောင်းထားလိုက်တယ်တဲ့။တတိယညအပြီး မြေပုံပေါ်က အစက်သုံးစက်မြောက်ကို မြင်ရတဲ့အချိန်မှာတော့ ကက်ပတိန်က အဲဒီမြေပုံပေါ်မှာ တွေ့ရတဲ့ အစက်အတိုင်း သင်္ဘောလမ်းကြောင်းကို ပြောင်းပြီး မောင်းဖို့အမိန့်ပေးလိုက်တော့တယ်။
     တတိယမြောက်  မြေပုံအညွှန်း အစက်အဆုံးမှာတော့ သက်ကယ်လှေတစ်စီး တွေ့ရပြီး အဲဒီအပေါ်မှာ လူတစ်ယောက်လဲနေတာကို တွေ့လိုက်ရတယ်။အသက်မရှိ တော့ဘူး ထင် ရပေမယ့် အသက်ငွေ့ငွေ့ ရှုနေတာကို သိရလို့ သင်္ဘောကြီးပေါ် ပြောင်းတင် ခဲ့ကြတယ်။ သင်္ဘော ဆရာဝန်တွေနဲ့ ကုသပြီး တစ်ပတ်အကြာမှာ အဲဒီလူက ကောင်းကောင်း သတိပြန်ရလာတယ်။သူ စကားပြော ပြော နိုင်ချင်းမှာပဲ သင်္ဘောကက်ပတိန်ကို “ကျေးဇူးတင်လိုက်တာ ကက်ပတိန်ရယ် ကျွန်တော်တို့ သဘောင်္ မုန်တိုင်းမိပြီး မှောက်သွားတာ ကျွန်တော် သက်ကယ်လှေပေါ်မှာ မျောနေတဲ့အချိန် ကူမယ့်သူလိုက်ရှာတာ ကက်ပတိန်တို့ သင်္ဘောပဲတွေ့ရလို့ အကူအညီ တောင်းလိုက်ရတာပါတဲ့။
         အဲဒီ စာအုပ်ထဲမှာ ဘယ်လို ပုံစံမျိုးနဲ့အကူအညီတောင်းလိုက်တယ် ဆိုတာတော့ ထည့်ရေးမထားဘူး။ဖြစ်ရပ်မှန် ဇာတ်လမ်းဆိုပြီး နိုင်ငံတကာ သင်္ဘောသား လောကမှာတော့ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ်ပါ။လူတစ်ယောက် က မသေသေးဘဲနဲ့လည်း သူ့ဝိဥာဉ်က လျှောက်သွားလို့ရလား၊မရောက်ဘူးခဲ့တဲ့ နေရာတွေကိုရော သေပြီးတဲ့ ၀ိဥာဉ်က သွားတတ်သလား ကျွန်မ သိချင်လိုက်တာ။အဲဒီလို သွားလို့ရတယ်ဆိုရင် ကျွန်မ သူငယ်ချင်း ၀ိဥာဉ်က ကျွန်မဆီ တစ်ကယ်ရောက်ခဲ့တာလား။နားလည်ရခက်တဲ့ ပုစ်္ဆာတစ်ခုလိုပါပဲ။
                                        အခန်း(၃)
ဖြစ်ရပ်(၃)။       ။ကျွန်မ မင်္ဂလာဆောင်ကာနီး တစ်ပတ်လောက်အလိုမှာ ပုံစံတူ အဖြစ်အပျက် ဖြစ်ပြန်ပါတယ်။ဘာသံကြားရမှာလည်းလို့ နားစွင့်နေတုန်းမှာပဲ ကျွန်မနဲ့ အရမ်းခင်တဲ့ မိတ်ဆွေ တစ်ယောက် ရထားတွဲနှစ်ခုကြားထဲကို ပြုတ်ကျပြီးသေဆုံးသွားတဲ့ သတင်းဖြစ်နေတယ်။ရှေ့က ကျွန်မ အတွေ့အကြုံတွေ အရ ဒီတစ်ခါ အဖြစ်အပျက်မှာတော့ နည်းနည်း ကြိုသိသလို ဖြစ်နေပြီ။အချိန်အခါမဟုတ် ကျွန်မ အရမ်းအိပ်ချင်ပြီဆိုရင် ရင်းနှီးတဲ့သူတွေထဲက တစ်ယောက်ယောက် တစ်ခုခု ဖြစ်နေပြီလို့ ကျွန်မ မှန်းဆ တတ်ပြီ။အဖြစ်အပျက်တိုင်းမှာ အိပ်ချင်စိတ်ကို ကြိုးစားပြီး ဖြေဖျောက်ကြည့်ပေမယ့် ကျွန်မ မတတ်နိုင်ခဲ့ဘူး။
        ကျွန်မ  အိမ်ထောင်ကျတော့ ရုံးဝန်ထမ်းဘ၀က ထွက်ပြီး ကိုယ်ပိုင် အားကစားသင်တန်းကို ရန်ကုန်မှာ စဖွင့်ကာစ အချိန်။မန်္တလေးမှာ ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖုံးအဆက်အသွယ် မပြတ်ရှိနေသေးတယ်။ တနင်္လာနေ့တစ်ရက်ကို သင်တန်းပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။အဲဒီနေ့က မနက် ကိုးနာရီကျော်လောက်ကို ပြန်အိပ်ချင်နေတယ်။ဝင်အိပ်ပြီး ခဏကြာတော့ အိပ်မက်လိုလို မြင်နေတာ မန်္တလေးက ကျွန်မ အစ်မလိုခင်နေတဲ့ ရုံးဝန်ထမ်းတစ်ယောက် ဆိုင်ကယ်မှောက်တဲ့ပုံရိပ်ပါပဲ။ရုံးကို လာတဲ့လမ်းမှာ ၀က်တစ်ကောင် ကို ၀င်တိုက်ပြီး ဆိုင်ကယ်မှောက်သွားတာလို့တောင် အတိအကျ မြင်နေတာ။အဲဒီပုံရိပ်ကို အိပ်မက်လိုမြင်ယောင်ပြီး ပြီးချင်းမှာပဲ ကျွန်မ အိပ်ချင်ပြေသွားတယ်။
          မန်္တလေးရုံးကို ဖုံးဆက်ကြည့်လိုက်တော့ အဲဒီအစ်မ ရုံးကို မရောက်သေးဘူးတဲ့။အိပ်မက်မက်တဲ့ အကြောင်း ဖုံးကိုင်တဲ့ဝန်ထမ်းကိုပြောပြနေတုန်း နောက်ဖုံးတစ်လုံး မြည်သံကြား လိုက်တယ်။အဲဒီအစ်မ ခွင့်တိုင်တာတဲ့ ရုံးမလာခင် မနက်အစောကြီး ဘုရားကြီးကိုသွားရင်းလမ်းမှာ      ၀က်တစ်ကောင်ကို ၀င်တိုက်မိပြီး ဆိုင်ကယ်မှောက်တာ ဒဏ်ရာရသွားတယ်တဲ့။မစိုးရိမ်ရပေမယ့် ဆေးခန်းသွားထားရလို့ ခွင့်တိုင်တာပါတဲ့။ဖုံးကိုင်တဲ့ ၀န်ထမ်းက ကျွန်မကို တယ်လီပသီ ရထားတာ လားလို့ မေးတယ်။ဆိုင်ကယ်မှောက်တဲ့ နေရာပဲ လွဲလို့တဲ့။တော်ပါသေးတယ် အဲဒီ အဖြစ်အပျက်ကတော့ အသက်သေတယ်ဆိုသည်ထိ မကြားလိုက်ရလို့။
                                    အခန်း(၄)
            စိတ်နယ်လွန် ဖြစ်ရပ်တို့ ၊ပရလောကတို့ ဂမ်္ဘီရတို့ ဆိုတာတွေကို ကျွန်မ နားမလည် တာတော့ အမှန်ပါ။အရင်က မယုံကြည်ဘူး၊မဖြစ်နိုင်ဘူးလို့တောင် ပြောခဲ့သူပါ။ဒါပေမယ့် တစ်ကြိမ်မက တိုက်ဆိုင်လာတော့ ပြောရခက်နေပြီ။စိတ်အစွဲ ကြောင့်လို့ တွေးရအောင်လည်း အဖြစ်အပျက်တွေက တစ်ကယ်ဖြစ်ခဲ့တာ။ဘာပဲ ဖြစ်ဖြစ် အခုနောက်ပိုင်းမှာ အဲဒီလို ပုံမှန်မဟုတ်တဲ့ အိပ်ချင်စိတ်မျိုး ပေါ်မလာတော့ တာကို ကြံဖန်ပြီး ကျေးဇူးတင်နေမိပါတယ်။ကျွန်မ မမြင်နိုင်တဲ့ ဘယ်အရာတွေကိုပဲ ဖြစ်ဖြစ်ပေါ့။



                                                                    ခင်သန္တာ                                        
                                                       
          
    

မျိုးရိုးက အထက်တန်းစားလေ


        ကျွန်မတို့ မြန်မာလူမျိုးများတွင် မျိုးရိုးနှင့် ပတ်သက်ပြီး အဆင့် အတန်းသတ်မှတ်တတ်သည့် အလေ့ရှိသည်။ကြက်မှာ အရိုး၊လူမှာ အမျိုးဟုပင် ဆိုရိုးစကားများ ရှိကြသည်။ချစ်သူ စုံတွဲများ ကိုယ့်ဘ၀ လက်တွဲဖော်အတွက် ရွေးချယ်တော့မည် ဆိုလျှင် နှစ်ဖက်စလုံးမှ မျိုးရိုးက ဘယ်လိုရှိသည်ကို စုံစမ်းတတ်ကြသည်။မင်္ဂလာ အခမ်းအနားများတွင် သီဆိုလေ့၊ဖွင့်လေ့ရှိသည့် သီချင်းစာသားလေး ကြားဖူးနေသည်။လျှောက်ပတ်တင့်တယ် မျိုးနွယ်တူဆွေ ဆိုသည့်စာသားဖြစ်သည်။တစ်ဦးနှင့်တစ်ဦး အတူတကွ ပေါင်းသင်းလက်တွဲကြရန် အတွက် လျှောက်ပတ်တင့်တယ်ဖို့ လိုသလို အမျိုးအနွယ် တူရာသူကို ရွေးချယ်သင့်သည့် ဆိုသည့်သဘော။ထိုသို့ သတ်မှတ်သည့် မျိုးရိုးဆိုသည်ကို ကျွန်မ စိတ်ဝင်စားသည်။မျိုးရိုးမြင့်ခြင်း၊နိမ့်ခြင်းကို စိတ်ဝင်စားခြင်း မဟုတ်။ကိုယ်ကျင်လည် နေသည့် ၀န်းကျင်ကို ကိုယ်သတ်မှတ် လိုက်သည့် မျိုးရိုး ကိုဖြစ်သည်။လူတန်းစား မရွေး။အလွှာမရွေး မျိုးရိုးရှိကြသည်။နိမ့်ခြင်း၊မြင့်ခြင်းသည် မိမိသတ်မှတ်လိုက် သည့် အပေါ်မှာသာ မူတည်နေသည်ဟု ထင်ပါသည်။
        မဟောသဓာ ဇာတ်တော်ထဲတွင် ဖတ်ဖူးခဲ့သည် ကို အမှတ်ရမိသည်။မဟောသဓာ ပညာရှိက မိမိ၏ ပါရမီဖြည့်ဖက်ကို ရှာဖွေသော အခန်းဖြစ်သည်။အမရာ နှင့် လမ်းတွင် တွေ့ဆုံပြီး ပညာရှိ မိန်းမမှန်း ရိပ်မိသည့်အခါ အမရာ လမ်းညွှန်မှုအတိုင်း အမရာတို့ ရွာသို့ရောက်သွားခဲ့သည်။မိမိရွာသို့ လမ်းညွှန် ပြီးသောအခါ အမရာက ဖခင်အတွက် ယာဂုပို့ရန် ခရီးဆက်ခဲ့သည်။မဟောသဓာနှင့် အမရာ့ အမေတို့ အရင် တွေ့ဆုံနှင့်ကြသည်။အပ်ချုပ်သမားယောင်ဆောင်ထားသည့် မဟောသဓာကို အစုတ်အပြဲများ ချုပ်ရန် အမရာ့ အမေက အိမ်ရှိ အ၀တ်အထည်များကို ထုတ်ပေးသည်။ထို့နောက် ရွာထဲမှ အ၀တ်အထည် ချုပ်မည့်သူများနှင့် ဆက်သွယ်ပေးသည်။အမရာ့ အမေ၏ အနေအထိုင် အပြောအဆိုများကို လေ့လာပြီး မကြိုက်နှစ်သက်သည့် မဟောသဓာက ဒီအမေမှ မွေးသော သမီးသည် ဒီအတိုင်းဖြစ်မည်ဟု ဆုံးဖြတ်ကာ အမရာ ပြန်မရောက်မီ ရွာမှ ထွက်ခွာခဲ့သည်။ပညာရှိသည့် အမရာ ကလည်း ရွာသို့ ပြန်ရောက်၍ မဟောသဓာ ပြန်သွားသည်ကို သိရသောအခါ သူ့အမေကို မြင်တွေ့သွား၍  ပြန်သွားမှန်း သိသည်။ထို့ကြောင့် ရွာလမ်းခရီးကို ပိုကျွမ်းကျင်သည့် အမရာက ဖြတ်လမ်းတစ်နေရာမှ လိုက်သွားကာ မဟောသဓာ  ဖြတ်သန်းသွားရမည့် တောင်ဂမူ တစ်ခုပေါ်ရှိ နွားချေးပုံအလယ်တွင် ကြာပန်းစိုက်ကာ အိမ်သို့ ပြန်လာခဲ့လိုက်သည်။ထိုအချင်းအရာကို မြင်တွေ့လိုက်ရသည့် မဟောသဓာသည် အမရာ့ လက်ချက်မှန်းသိကာ အမရာ့ ရွာသို့ ပြန်လာခဲ့ပြီး အမရာကို ဇနီးမယား အဖြစ်တင်မြှောက်ကာ နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။ပညာရှိသူ အချင်း ချင်း နားလည် သဘောပေါက်ကြခြင်းဖြစ်သည်။
       တရားစီရင်ခန်း များနှင့်ပုံစံမတူ ကွဲထွက်သွားသည့် ထိုအခန်းလေးကို ကျွန်မ စိတ်ထဲ စွဲနေကာ သဘောကျမိခဲ့သည်။နွားချေးပုံ အလယ် ကြာပန်းစိုက်ပြခဲ့သည့် အမရာ့ လုပ်ရပ်ကို ပိုသဘောကျခဲ့သည်။ထိုနေရာတွင် ကျွန်မ တွေ့မိသည်မှာ အထက်ကဖော်ပြခဲ့သည့် မျိုးရိုးကိစ်္စ ဖြစ်သည်။သဘာဝတရား အရတော့ ကြာပန်းသည် သန့်စင်သော၊အေးမြသော ရေတွင်မှာသာ ပေါက်ရောက်သည်။သို့သော်လည်း ကိုယ်အဆင့်အတန်း ကိုယ့်မျိုးရိုးကို အမရာက ကိုယ်တိုင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ဒီအမေက မွေးတိုင်း ဒီသမီးက အကျင့်စရိုက် အားလုံး မတူနိုင်။မျိုးရိုးနှင့် အဆင့်အတန်းကို တွဲသုံးလေ့ရှိကြသည်။အဆင့်အတန်း ရှိခြင်း၊မရှိခြင်းကို ကျွန်မကတော့ အလုပ်တာဝန်ကျေပွန် ခြင်းနှင့် သတ်မှတ်သည်။အလုပ်တာဝန်ဆိုသည်မှာ မိမိလုပ်ဆောင်တတ်သည့်၊လုပ်ဆောင်နေသည့် အသက်မွေးမှု ကိုဆိုလိုပါသည်။ထိုမှတစ်ဆင့် အဆင့်အတန်းက အသီးသီးကွဲပြားသွားကြသည်။အလုပ်ရှင်၊အလုပ်သမား။အထက်လူကြီးများနှင့် အောက်လက်ငယ်သားများ၊၀ယ်သူနှင့်ရောင်းသူ ဟူ၍ ဖြစ်သည်။အလုပ်ရှင် ဖြစ်တိုင်း၊အထက်လူကြီး ဖြစ်တိုင်း ၊၀ယ်သူ ဖြစ်တိုင်း တစ်ဆင့်မြင့်သည်ဟု ပုံသေ သတ်မှတ်၍ မရပါ။လုပ်စားသူက သခင်၊၀ယ်စားသူက ကျွန် ဆိုသည့် ဓနုဆိုရိုး စကားဟု ထင်ပါသည် အလယ်တန်းကျောင်းသူ ဘ၀က သင်ခဲ့ဖူးသည်။အလုပ်လုပ်သူက သခင် ဖြစ်သည်ဟု ဆိုလိုချင်ပုံရသည်။
       တာဝန်ကျေပွန်သည့် အလုပ်သမားကို အလုပ်ရှင်က တော်ရုံ မနှိမ်ချရဲ။စက်မှုလုပ်ငန်းရှင်ကြီး ဝေါလ်တာ ခရိုင်စလာက ပြောဖူးပါသည်၊“အလုပ်သိမ်းခရာ မှုတ်သံ မကြားတဲ့သူ၊ဒါမှ မဟုတ် အလုပ်ဆင်းချိန် နာရီတကြည့်ကြည့် မလုပ်တတ်တဲ့သူ ဆယ်ယောက်ရှိရင် တော်ပါပြီ”တဲ့။တာဝန်ကျေပွန်သည့် အလုပ်သမား ဆယ်ယောက်ရှိလျှင်ပင် သူ့စက်ရုံကြီး တစ်ခုလုံးကို လည်ပတ်နိုင်ပါသည် ဟု ဆိုသည်။ကျွန်မတို့ မြန်မာရှင်ဘုရင်များလက်ထက်တွင်လည်း ရှိခဲ့ဖူးသည်။စစ်သည်တစ်သိန်းအား တောင်းသည်ကို အရည်အချင်းပြည့်ဝ၊သတ်္တိပြည့်ဝသည့် သူရဲကောင်းတစ်ယောက်ကိုသာ စေလွှတ်ပေးပြီး စစ်သည်တစ်သိန်းအားနှင့် ညီမျှသည်ဟု ဆိုခဲ့ဖူးသည်။အလုပ်သမားဖြစ်ခြင်း၊လက်အောက်ငယ်သား ဖြစ်ခြင်းနှင့် မဆိုင်။အရည်အချင်းရှိခြင်း၊တာဝန်ကျေပွန်ခြင်းတို့ဖြင့်သာ အဆင့်အတန်းကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။     လူတန်းစားအလွှာ ကွာဟမှုကို ညှိယူစရာ မလိုသလို၊နှိမ့်ချ ဆက်ဆံစရာလည်း မလိုဟု ကျွန်မ ထင်ပါသည်။သူ့အရည်အချင်း၊သူ့တာဝန်နှင့် ဖြစ်ပါသည်။ထိုသို့ကျွန်မ လက်ခံထားပါသည်။
       လွန်ခဲ့သည့်လက ကျွန်မ အားကစားသင်တန်းအတွက် လိုအပ်သည့် စက်ပစ်္စည်း အချို့ကို မန်္တလေးမှ မှာယူဖြစ်သည်။ကျွန်မ လိုပင် မန်္တလေးတွင် အားကစားသင်တန်း ဖွင့်ထားသူ မိတ်ဆွေတစ်ယောက် အကူအညီနှင့်ဖြစ်သည်။အလောတကြီးနိုင်တတ်သည့် ကျွန်မက သင်္ကြန်မတိုင်ခင် ပစ်္စည်းများကို အရောက်လိုချင်သည်။ကျွန်မ မိတ်ဆွေကလည်း မိသားစုနှင့်အတူ ပြည်ပအပန်းဖြေ ခရီးစဉ်သွားစရာရှိနေသည်။ထိုအခါ သူအပ်နေကျ အလုပ်ရုံတစ်ခုတွင် သူစိတ်ချရသည့် အလုပ်သမားနှင့် လွဲပြောင်းအပ်ပေးခဲ့သည်။လိုအပ်သည့် ပစ်္စည်းများကို ကိုယ်တိုင် ၀ယ်ထားပေးခဲ့သည်။အလုပ်သမား အခက်အခဲ ကြောင့် ကျွန်မလိုချင်သည့် အချိန်တွင် မရနိုင်ခဲ့။ကိစ်္စမရှိ၊သင်္ကြန်တွင်းလည်း သင်တန်းက ပိတ်ထားသည်။သင်္ကြန်ပြီးတော့ ပစ်္စည်းများရသည်။မိတ်ဆွေက ပြီးသွားသည့်ပစ်္စည်းများကို အလုပ်မအားသဖြင့် မကြည့်လိုက်မိ။ရန်ကုန်သို့တင်ပို့ခိုင်းလိုက်တော့သည်။ကျွန်မ ကလည်းပစ်္စည်းပုံစံကို မြင်ဖူးပြီးသားဖြစ်သည်။အဝေးပြေးဂိတ်တွင် ပစ်္စည်းသွားရွေးပြီး သင်တန်းရောက်တော့ စက်္ကူပတ်များကို ခွာလိုက်ကြသည်။လက်ရာကြမ်းကြမ်း ဖြစ်နေမှန်းသိလိုက်သည်။ဆက်သွယ်မေးမြန်းစရာ မိတ်ဆွေက ခရီးမှ ပြန်မရောက်သေး သဖြင့် လက်ရာကြမ်းကိုပင် စတင် အသုံးပြုလိုက်သည်။
       တစ်ပတ်ခန့်အကြာ မိတ်ဆွေက ပြန်ရောက်ကြောင်း ဖုန်းဆက်လာသည်။ပစ်္စည်းအကြောင်း ပြောဖြစ်တော့ အမြန်လုပ်ရသဖြင့် လက်ရာကြမ်းသွားတာ ဖြစ်နိုင်ကြောင်း ၊အသုံးပြုသည့် ပစ်္စည်းအရည်အသွေးကတော့ မညံ့နိုင်ကြောင်း အာမခံသည်။နောက်တစ်နေ့ ပစ်္စည်းဖိုးငွေများကို ဘဏ်မှ လွဲပေးပြီး ပြန်အလာ သင်တန်းရောက်တော့ စက်ပစ်္စည်းက အရင်းမှ ပြတ်၍ ပြုတ်ကျသွားပြီ။ကစားနေသည့် သင်တန်းသူ ကံကောင်းထောက်မ၍ ထိခိုက်ဒဏ်ရာ မရခြင်းဖြစ်သည်။ရှစ်ရက်ကြာ အသုံးပြုလိုက်ရသည်။နောက်တစ်လုံးကလည်း ပြုတ်ထွက်ရန် တည်းတည်းသာ လိုတော့သည်။ဆက်၍ အသုံးမပြုရဲတော့။ငွေလွှဲပြီးကြောင်းနှင့်ပစ်္စည်းပျက်သွားကြောင်း မိတ်ဆွေကို ဖုန်းဆက်ရတော့သည်။ထိုအခါမှ အသုံးပြုထားသည့် ပစ်္စည်းများအကြောင်း မေးတော့သည်။စက်ပစ်္စည်းများကို ဓာတ်ပုံရိုက်ခိုင်းပြီး ဗိုက်ဗာမှ ပို့ခိုင်းသည်။ဓာတ်ပုံကိုတွေ့ရတော့မှ ကျွန်မ မိတ်ဆွေက စိတ်ဆိုးတော့သည်။သူဝယ်ပေးခဲ့သည့် ပစ်္စည်းများ တစ်ခုမှ သုံးမထား။သူ့အလုပ်သမားနှင့် အလုပ်ရုံမှ အလုပ်သမားတို့ ပူးပေါင်းကြံစည်လိုက်ကြခြင်းဖြစ်သည်။
       ကြားထဲမှ မိတ်ဆွေကတောင်းပန်သည်၊ပစ်္စည်းများကို ပြန်ပို့ပေးဖို့ပြောသည်။သူစိတ်တိုင်းကျ ပြန်ပြင်ခိုင်းလိုက်မည်ဟု ဆိုသည်။ကျွန်မ ပြန်မပို့ဖြစ်တော့။အသစ်နှစ်လုံးပို့ပေး၍ အဟောင်းနှစ်လုံးပြန်ပို့ရသည် ဆိုလျှင် တော်သေးသည်။အခုက ပြန်ပြင်လျှင်ကြာမည့်အချိန်များ၊သယ်ယူပို့ဆောင်စရိတ်များ ကြောင့် ကျွန်မ မလုပ်လိုတော့။မြို့တွင်းချင်း ၀ယ်ယူသည် မဟုတ်ဘဲ၊မန်္တလေးမှ ရန်ကုန်သို့ပို့ပေးရသည်။အလုပ်ရှင်ကလည်း ပစ်္စည်းကို မမြင်လိုက်နိုင်၊၀ယ်သူကလည်း ကြိုမမြင်ရ ရောက်လာလျှင် လက်ခံလိုက်ရုံသာ။ထိုအခွင့်အရေးများကို အသုံးချလိုက်ကြသည်။ကျွန်မကို အားနာနာနှင့် မိတ်ဆွေက စကားတစ်ခွန်းဆိုသည်။အလုပ်သမားတွေ စိတ်ဓာတ်က အဲဒီလိုပဲ ဘယ်တော့မှ မယုံကြည်ရဘူး ဟူ၍ဖြစ်သည်။ထိုစကားကြောင့် ကျန်သည့် အလုပ်သမားများကို ကျွန်မ အားနာမိပါသည်။
ျွှနမေ ညေိ အနမေ ဆိုသည့် စကားသည် အားကစားသင်တန်းအတွက် ပေါ်ပေါက်လာသည်ဟုပင် ထင်မိသည်။အသုံးပြုတာများလာသည့် အားကစားပစ်္စည်းများက ပျက်စီးစ ပြုလာသည်။အားကစား စက်ပစ်္စည်းများကို ပြုပြင်တတ်သူက မြန်မာပြည်တွင်ရှားသည်။အထူးသဖြင့် ပြည်ပမှ တင်သွင်းလာသည့် စက်များကို သေချာကြည့် မပေးတတ်ကြ။မကြာခဏ ဖြစ်ဖန်များ လာတော့ ကိုယ်တိုင်ပင် စက်ပြင်သင်တန်း ရမည်လားဟု ကျွန်မ စဉ်းစားမိလာသည်။ထိုအချိန်တွင် သတင်းစာမှ ကြော်ငြာတစ်ခုတွေ့သည်။အားကစားပစ်္စည်းများကို သင်တန်းအရောက်၊အိမ်အရောက် လိုက်လံပြုပြင်ပေးသည်တဲ့။ကျွန်မ စိတ်ဝင်စားသွားသည် ဖုန်းဆက်ပြီး စုံစမ်းရသည်။အရင်တစ်ခါ အဲဒီလို ကြုံဖူးသည်။စက်ပြင်ဆရာများက ခြေကြွခ ယူသည်တဲ့။သင်တန်းသို့ စက်ပစ်္စည်းများကို လာကြည့်မည်။လာကြည့်သည် ဆိုသည်မှာ ပြင်တတ်၊မပြင်တတ် လာကြည့်ခြင်းဖြစ်သည်။မပြင်တတ်လျှင်လည်း ခြေကြွခ ပေးရမည်။ပြင်တတ်လျှင် လိုအပ်သည့် ပစ်္စည်းများကို တစ်ခေါက်ပြန်ယူမည်။ပြီးမှ ပြန်လာပြင်ပေးမည်၊ထိုအတွက် ခြေကြွခက နောက်တစ်ခေါက်။စကားပြောရသည်ကို အဆင်မပြေ သဖြင့် မခေါ်ဖြစ်လိုက်။အနည်းငယ် ပြင်တတ်ကြသည့် မိတ်ဆွေအချို့ အကူအညီဖြင့် လက်ပူတိုက်ထားလိုက်သည်။
       စက်တစ်လုံးအတွက် လက်ခ တစ်သောင်းမှသောင်းနှစ်ထောင်။ပစ်္စည်းထည့်ရလျှင် ပစ်္စည်းဖိုး သတ်သတ် ပေးရမည်။ပြင်လိုသည့် စက်များကို ဓာတ်ပုံရိုက်ပို့ပေးရသည်။စကားပြောကြည့်ရသည်မှာ မဆိုးဟု ဆိုရမည်။သင်တန်းပိတ်ရက်ကို ချိန်းဆိုလိုက်ကြသည်။ကျွန်မက စက်ပြင်သည့် အဖွဲ့ အဖွဲ့လိုက်လာမည် ဟုထင်ထားသည်။
   တစ်ကယ်ရောက်လာတော့ အိတ်အသေးလေး တစ်လုံးလွယ်ကာ တစ်ယောက်တည်းသာ ရောက်လာသည်။ကြည့်ရမည့် စက်က သုံးလုံး။ဒါလည်း ကိစ်္စမရှိသေး ပညာရှင်ဖြစ်လျှင် တစ်သောင်းအားနှင့် ညီမျှသည်ပေါ့။အထုပ်လေးချကာ စက်များကို ကိုင်ကြည့်သည်။ပြီးလျှင် အ၀တ်စုတ်စ တစ်ခုတောင်းသည်။ကျွန်မလည်း ထိုင်ကြည့်နေမိသည်။သူပြင်တာ ကြည့်ထားမှ ကိုယ်လည်း နည်းနည်းပါးပါး သိနိုင်မည်။ပုံစံတူ စက်နှစ်လုံးကို အ၀တ်စဖြင့် သန့်ရှင်းရေး စ လုပ်သည်။မူလီများကို လိုက်ကြပ်သည်။ထိုအလုပ်များသည် နှစ်ရက်ခြားတစ်ခါ ကျွန်မ လုပ်နေကျအလုပ်များဖြစ်သည်။ခဏကြာတော့  စက်ပစ်္စည်းများကို လာစမ်းကြည့်ပါဟု ဆိုသည်။ဘာမှ မထူးခြားကြောင်း ကျွန်မ ပြောတော့ တစ်ခုလုံးဖြုတ်ပြီး ထွင်ခုံကို ပို့မှ သိသာမည်ဟု ဆိုသည်။ထိုအလုပ်ကတော့ သူနှင့်မဆိုင်။နောက်စက်တစ်လုံးအတွက် အသုံးပြုရမည့် စက်ဆီများကို အမျိုးအစားပြောသည်။စက်ဆီတစ်မျိုးကုန်နေသဖြင့် သွားဝယ်ခိုင်းထားသည်ကို ပြန်လာအောင် မစောင့်နိုင် သူ ပြန်တော့မည်ဟု ဆိုသည်။လက်ခကို လေးသောင်းခွဲသာ ပေးပါဟု ဆိုသည်။ကြည့်ခ တစ်လုံး သောင်းနှစ်ထောင်သာ ပြောထားပြီးသဖြင့် ဘာကြောင့်လဲဟု မေးကြည့်သည်။သူပြောသည့် မြို့နယ်xဧရိယာသည် အင်းစိန် မပါဝင်ဟု ဆိုသည်။မြို့ထဲနှင့် ဝေးလျှင် တစ်လုံး တစ်သောင်းခွဲ၊ရှိစေ။နှစ်လုံးမှ သုံးသောင်းသာ ကျမည်။
       အခုတောင်းသည်က လေးသောင်းခွဲ၊ကျွန်မ မပေးနိုင်ဟု ဆိုလိုက်သည်။ရိုးသားသည့် သူ ဖြစ်နေ၍သာ ကျွန်မ စက်ပစ်္စည်းများကို ဖြုတ်ယူ မသွားခြင်းဖြစ်သည်၊နှပ်ချ မသွားခြင်း ဖြစ်သည်တဲ့။ထို့အတွက် တောင်းသည့် လေးသောင်းခွဲက ပေးသင့်ကြောင်းပင် အရေးဆိုသည်။မွေးကတည်းက အလေးတုံးများ၊အားကစားပစ်္စည်းများနှင့် ဖက်၍ကြီးလာသည်ဟုပင် ပြောနိုင်သည့် ကျွန်မက နှပ်ချတိုင်း ခံရအောင် ငတုံးမဟုတ်ကြောင်းပြောမိတော့သည်။ရန်ဖြစ်သလောက်နီးပါး ပြောလိုက်ရပြီး နောက်ဆုံး သုံးသောင်းခွဲ ပေးလိုက်ရသည်။ကျွန်မ အချိန်နှင့် ငွေများသာ ကုန်သွားသည် စက်ပစ်္စည်းများက ပျက်မြဲအတိုင်း။နှစ်ပတ်ခန့်အကြာ ကျွန်မ အမျိုးသားက နောက်ထပ် စက်ပြင်စရာ တစ်ယောက် ကိုခေါ်လာသည်။လိုအပ်လျှင် ပစ်္စည်းများလဲရန် တစ်ပါတည်း ပါလာတာတွေ့ရသည်။အမှန်အတိုင်းပြောရလျှင် ကျွန်မ စိတ်မ၀င်စား၊မယုံကြည်တော့။သူလုပ်နေသည်ကို ခဏတော့ ရပ်ကြည့်နေလိုက်သည်၊နောက်တော့ ဆက်မကြည့်ဖြစ်တော့ အိမ်ပေါ်သို့တက်ခဲ့လိုက်သည်။တစ်နာရီလောက်ကြာတော့ စက်တွေကို လာစမ်းကြည့်ဖို့ အမျိုးသားက လှမ်းခေါ်သည်။သင်တန်းခန်းထဲ ကျွန်မ ပြန်ရောက်သွားချိန်တွင် စကူဒရိုက်ဘာအချို့ ပြန့်ကျဲလျှက်။
       စက်ပေါ်တက်ပြီး အသုံးပြုလိုက်ချိန်တွင် ကျွန်မ အံ့သြသွားရသည် အသစ်နီးပါးအတိုင်း စက်က အလုပ်လုပ်နေသည်။ပြီးတော့ နောက်တစ်လုံး ကလည်း ထိုနည်းအတိုင်း၊ဘာပစ်္စည်းမှလည်း အစားထိုး မလဲလိုက်ရ။ဘယ်စက်တွေကို လုပ်ပေးဖို့လိုသေးလဲဟု ဆိုကာ ကျန်စက်များ၏ မူလီ အချို့ကို လိုက်ကြပ်ပေးနေသေးသည်။ပြီးတော့ သူ့ပစ်္စည်းများကို သိမ်းကာ ပြန်ဖို့ပြင်သည်။လက်ခ ဘယ်လောက်ကျသလဲဟု မေးလိုက်ချိန်တွင် မယုံကြည်နိုင်စရာ ငါးထောင်တော့ ပေးပါတဲ့။ကျွန်မက ငါးထောင်တော့ ဘယ်ဖြစ်မလဲဟု ဆိုသောအခါ စကားမဆက်တော့။နည်းလွန်းလို့ ပြောလိုက်မိသည့် ကျွန်မ စကားက သူ့အတွက် တောင်းလိုက်မိတာ များပြီဟုပင် ထင်နေသည်။တန်ရာ တန်ကြေးဆိုတာ ရှိပါသည်။သူတောင်းသည့် ပမာဏထက် ပိုပြီး ကျွန်မ ပေးလိုက်ပါသည်။ကျေးဇူးတင်စကား ပြောသော်လည်း သူတောင်းသည့်နှုန်းက ပုံမှန်ဈေးနှုန်း ဖြစ်ပါသည်ဟု ပြောသွားသေးသည်။အလုပ်သမား မာနဖြစ်မည်ထင်သည်။ကျွန်မ ယောင်၍ပင် ဦးညွှတ်လိုက်မိသည်။မျိုးရိုးမြင့် ပုဂ်္ဂိုလ်ဖြစ်ပါသည်။
        ဇာတိသွေး ဇာတိမာန် တက်ကြွစေသည့် သီချင်းများထဲမှ ကျွန်မ ကြိုက်နှစ်သက်သည့် သီချင်းစာသားရှိသည်။မျိုးရိုးက အထက်တန်းစားလေ -----------ဆိုသည့် စာသားဖြစ်သည်။ကိုယ့်လူမျိုး ကိုယ် မြှင့်လိုက်သည့် သဘော။သို့သော်လည်း ကြားကောင်းသည့် သီချင်းစာသားများကို ရေးစပ်ပြီး ၊နားထောင်ကောင်းသည့် အသံသြဇာပြည့် ပြည့်ဖြင့် သီဆိုတိုင်း ကျွန်မတို့ မျိုးရိုးမြင့်တက်မလာ နိုင်ပါ။အထက်တန်းစား ဖြစ်မလာနိုင်ပါ။အလုပ်နှင့်သက်သေပြရန်တော့လိုပါလိမ့်မည်။ အလွှာအသီးသီးမှ နိုင်ငံသားတိုင်း တာဝန်ရှိသည်ဟု ကျွန်မ ခံစားမိပါသည်။

                                        
                                          ခင်သန္တာ

ဆပ်၍ မဆုံးနိုင်တော့သည့် ကျေးဇူးတရားများ

 
       ကျေးဇူးတရားဆိုသည်ကို မြန်မာ အဘိဓာန်တွင် “တစ်ဦးက အခြားတစ်ဦးအပေါ်တွင် ပြုသော အကျိုးဆောင်မှု၊ကောင်းကျိုး” ဟု အဓိပ်္ပါယ်ဖွင့်ဆိုထားပါသည်။ပေးဆပ်ခြင်းသက်သက်ဖြစ်ပြီး ရယူလိုမှု မပါဟု ဆင့်ပွားတွေးမိပါသည်။ကျေးဇူးပြုသောသူနှင့် အပြုခံရသူ နှစ်ဦးတွင် ဘယ်နေရာက နေချင်ပါသလဲဟု မေးလာသော် ပြုသောသူသာ ဖြစ်ချင်ကြလိမ့်မည်ဟု ကျွန်မ ထင်ပါသည်။အဘယ့်ကြောင့်ဆိုသော် ကျေးဇူးပြုသောသူက စိတ်လုံခြုံမှု ပိုရ၍ ဖြစ်ပါသည်။တစ်လုပ်စားဖူး သူ့ကျေးဇူးနှင့် ကျေးဇူးခံ၊ကျေးဇူးစား ဆိုသည့် ဆိုရိုးများသည် ကျွန်မ တို့ လူမျိုးများသာ သုံးနှုန်းကြသည်ဟု ထင်ပါသည်။ကျွန်မတို့ လူမျိုးများကြား နေ့စဉ် အကြားအများရဆုံး စကားလုံးကို ပြောပါဟု ဆိုသော် “ကျေးဇူးတင်ပါတယ်” ဆိုသည့် စကားဖြစ်နေသည်။ရင်ထဲက ပါ မပါ မသေချာလှသော်လည်း နှုတ်မှ အလိုအလျောက် ထွက်သွားသည့် စကားများ ဖြစ်နေပါသည်။ကျေးဇူးတင်ပါသည် ဆိုသည့် စကားသည် အလေ့အကျင့် တစ်ခုလို ဖြစ်နေတော့သည်။မိဘကျေးဇူး၊ဆရာ့ ကျေးဇူး၊အဆွေခင်ပွန်းတို့ ကျေးဇူး မှစ၍ နိုင်ငံ့ကျေးဇူးထိ သတ်မှတ်ထားကြပါသည်။ကျေးဇူး တရားကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်း ကျွန်မ ကောင်းစွာ လက်ခံထားပါသည်။
       ကျွန်မ ရုံးဝန်ထမ်းဘ၀က ခင်မင်ခဲ့ဖူးသည့် ဌာနခွဲ စာရေး အန်တီကြီးသည် အလွန် အလုပ် ကြိုးစားပါသည်။လင်ကိုယ် မယားနှစ်ယောက်ပဲရှိပြီး ကလေးရှိမနေခြင်းကလည်း အလုပ်ထဲတွင် ပို၍ အချိန်နှစ်မြုပ် နိုင်ခြင်း ဖြစ်ပါလိမ့်မည်။ရုံးဝန်ထမ်းဘ၀ ရာထူးတိုးခြင်းသည် အကြီးမားဆုံး ဆုလဒ် ဟုဆိုရသော်၊ရာထူးတိုး ရပြီးသည့်နောက် လက်ရှိ မိမိနေ နေရသည့် ဌာန၊တိုင်း၊မြို့နယ်တို့မှ မပြောင်းရွှေ့ကြခြင်းသည်လည်း ကြီးမားသည့် အပိုဆု ဖြစ်ပါသည်။ထို အန်တီကြီးသည် သူ ရာထူးတိုးခဲ့သည့် သက်တမ်း တစ်လျှောက် အပိုဆု ရခဲ့သည်ချည်း ဖြစ်ပါသည်။စေ့စပ်သေချာ တတ်သည့် သူ့ အရည်အချင်းကြောင့် လက်မလွှတ်လိုသည့်အခါ အထက်လူကြီးများ ကိုယ်တိုင်က လက်ရှိနေရာ ပြန်ရရေးအတွက် ကြိုးပမ်းပေးကြသည်။ဒါသည် ရုံး၏ လုပ်ထုံးလုပ်နည်း တစ်ခုလို ဖြစ်နေပါသည်။ကိုယ့်အကျိုးလို ၍ သူ့အကျိုးဆောင်ပေးခြင်း ဖြစ်သည်ဟု ကျွန်မ ခံစားရပါသည်။
      ကျွန်မတို့နိုင်ငံတွင် ၀န်ထမ်းအများစုသည် ၀န်ထမ်း မျိုးရိုး ဖြစ်ခြင်းကြောင့် ၀န်ထမ်းလုပ်ကြသည်က များပါသည်။ထို အန်တီကြီးကတော့ သူ့မျိုးရိုးတွင် ၀န်ထမ်း တစ်ဦး တစ်ယောက်မှ မပါဝင်ခဲ့။သူ တက်္ကသိုလ် ကျောင်းပြီးစ အချိန်တွင် သူ၏ အိမ်နီးချင်းက အစိုးရ အရာရှိတစ်ယောက် ဖြစ်နေသောကြောင့် ၀န်ထမ်းဘ၀ကို ရောက်ရှိလာခြင်း ဖြစ်သည်။ထိုခေတ်အခါက အစိုးရ၀န်ထမ်းထဲတွင် မိန်းကလေး ၀န်ထမ်း က နည်းပါးနေသည့် အချိန်ဖြစ်သည်။အိမ်နီးချင်း အရာရှိလင်မယား ကျေးဇူးကြောင့် အစိုးရရုံးတစ်ခုတွင် လုပ်အားပေး နှစ်နှစ် ၀င်လုပ်ဖြစ်ခဲ့သည်။လုပ်အားပေးကာလ နှစ်နှစ်ကြာမြင့်မှ အထက်ရုံးက အန်တီကြီး၏ အရည်အချင်းကို အသိအမှတ်ပြုကာ အမြဲတမ်း ၀န်ထမ်း ခန့်အပ်လိုက်ခြင်း ဖြစ်သည်။အလုပ်သွင်းပေးသူ အရာရှိကြီးနှင့် အန်တီကြီးတို့သည် သူတို့အရည်အချင်းကြောင့် ရာထူးများ အတူတူ တိုးခဲ့ကြပါသည်။ကျွန်မ ထိုတိုင်းရုံးသို့ ရောက်သွားချိန်တွင် အရာရှိကြီးသည် ပင်စင်စား ဖြစ်နေပြီ။တစ်ခါ တစ်ရံ တိုင်းရုံးသို့ အရာရှိကြီး လင်မယားတို့ အလည်ရောက်လာ တတ်ကြသည်။ပင်စင်စား အရာရှိများကို ပို၍ပင် အလေးထား ကြိုဆိုတတ်ကြသည်မှာ ချစ်စရာကောင်းသည့်  ကျွန်မ နိုင်ငံ၏ ၀န်ထမ်းလောက ဖြစ်ပါသည်။
       သို့သော်လည်း ထိုအရာရှိ လင်မယား လာလည်လျှင် အန်တီကြီးမှာ ပျာပျာသလဲ နေစရာ မရှိအောင် ကြိုဆိုမှ ကြိုက်တတ်ကြသည်။ရုံးအလုပ် ဘယ်လောက် ရှုပ်ရှုပ် ခဏပစ်ထားပြီး ကြိုဆိုရသည်။ကိုယ့်ကို ကိုယ် ယုံကြည်မှု အပြည့်နှင့် အလုပ် လုပ်တတ်သည် အန်တီကြီး၏ အမူအရာများသည် ထိုအရာရှိ လင်မယားရှေ့တွင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တတ်သည်။အနေကြာလာမှ ကျွန်မ သိရသည်မှာ အလုပ်သွင်းပေးထားသည့် ကျေးဇူးကြောင့် ဖြစ်သည်။ရာထူး အတူတိုးခဲ့ကြသည့် အချိန်တိုင်း အရာရှိကတော့ သူ့အရည်အချင်းကြောင့် တိုးတာ ဖြစ်ပြီး အန်တီကြီးခမျှာ သူတို့ ကျေးဇူးကြောင့် တိုးခြင်း ဖြစ်သည်။သူတို့သာ အလုပ်မသွင်းပေးခဲ့လျှင် ထိုရာထူးတိုး ဘယ်ဖြစ်လာ မှာလဲတဲ့။အရာရှိ လင်မယားသည် နှုတ်မှပင် ထုတ်ဖော် ပြောဆိုလေ့ရှိသည်။နှစ်စဉ် သီတင်းကျွတ်ရောက်တိုင်း သွားရောက်ကန်တော့ခဲ့သည်မှာ အလုပ်စ၀င် ကတည်းမှသည် ထိုအရာရှိ သက်ရှိထင်ရှား ရှိချိန်ထိ ဖြစ်ပါသည်။ကျွန်မ ထိုရုံးသို့ ရောက်ပြီးနောက်ပိုင်း ရုံးသို့ အလည်လာစဉ် အရာရှိ ကတော်ပြောသည်ကို နားနှင့်ဆတ်ဆတ် ကြားဖူးခဲ့သည်။“ညည်းတို့ အန်တီက ကျေးဇူး မသိတတ်လည်း ခွင့်လွတ်ပါတယ်။ကိုယ်တွေက  ဘာမှ မျှော်ကိုးပြီး လုပ်ပေးခဲ့တာ မဟုတ်ပါဘူး ”တဲ့။ဆပ်၍ မဆုံးတော့သည့် သူ၏ ကျေးဇူးတရားများ အတွက် ကျွန်မ ဘုရားပင် တ လိုက်မိသည်။
         ထို အချိန် ကျွန်မ အဖေက တိုင်းအကြီးအကဲ တာဝန်ယူထားရသည့် အချိန်ဖြစ်သည်။ကျွန်မ ဘုရားတ မိသည့်အကြောင်း အန်တီကြီးကို ပြောပြတော့ ဒီလောက်ပြောတာ အသေးအဖွဲလေးပဲ ရှိသေးသည်ဟု ဆိုသည်။အိမ်နီးချင်း ဖြစ်နေသဖြင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် သူ့အိမ်သို့ အလည်လာပြီး အိမ်အလုပ်များ ကူလုပ်ပေးမှ ကြိုက်သည်။ပျက်ကွက်မိသည့် အပတ်များတွင် ကျေးဇူးကန်းသူ ဖြစ်သွားတတ်သည်တဲ့။ကျွန်မနှင့်အန်တီကြီး ခင်မင်လာသည့် နောက်ပိုင်း ကျွန်မ မြှောက်ပေးမိသည်။ထို အရာရှိ လင်မယား၏ ကျေးဇူးတရားကို တော်တော် အမြင်ကပ်၍ ဖြစ်သည်။အလုပ်သွင်းပေးခဲ့သည် မှန်သော်လည်း အလုပ်သွင်းပေးနိုင်လောက်သည့် အရည်အချင်း(ဘွဲ့ရ)ဖြစ်နေခြင်း၊ လုပ်အားပေး ကာလနှစ်နှစ် အတွင်း ၀န်ထမ်းတစ်ယောက်၏ အရည်အချင်း ပြည့်ဝ၍သာ အထက်ရုံးမှ တိုက်ရိုက် ၀န်ထမ်း ခန့်အပ်ခံရခြင်း။အမြဲတမ်း ၀န်ထမ်း ဖြစ်ပြီးသည့်နောက် အလုပ်ကြိုးစားသည့် ၀န်ထမ်းတစ်ယောက် ဖြစ်၍သာ အခြားဝန်ထမ်းများကြားမှ ရွေးချယ် ရာထူး အတိုးခံရခြင်း။စသည့်ဖြင့် ထောက်ပြ၍ သူတို့အား ပုံမှန်သာ ဆက်ဆံရန် အန်တီကြီး ကို ကျွန်မ မြှောက်ပေးတော့သည်။ထိုသို့သာ ဆိုလျှင် ယနေ့ခေတ် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများသည် မဟာ့ မဟာ ကျေးဇူးရှင်ကြီးများ ဖြစ်နေပေတော့မည်။အလုပ်သွင်းပေးခဲ့သည့် ကျေးဇူးတရားများသည် အန်တီကြီး ၏ ကြိုးစားမှုများကြောင့် ဆ တိုးပွားကာ မြင့်မားနေတော့သည်။ဆပ်၍ ကုန် မကုန် နိုင်တော့။
         ထိုအချိန်က ကျွန်မအသက် နှစ်ဆယ်စွန်းစ ဖြစ်သဖြင့် အရာရှိကြီးတို့ လင်မယားသည် စိတ်ပုံမှန် မဟုတ်ကြသူများ ဖြစ်၍ ထို စိတ်ဓာတ်ရှိကြခြင်း ဖြစ်မည်ဟု မှတ်ယူခဲ့မိသည်။အသက်အရွယ် ရလာသောအခါမှ ထိုစိတ်ဓာတ်များသည် လူတို့၏ ပုံမှန်စိတ်များ ဖြစ်နေသည်ကို တွေ့ရှိလာရပါသည်။လူနည်းစု မှာသာ မဟုတ်ဘဲ လူများစုက ဖြစ်နေကြသည်ဟု သိလိုက်ချိန်တွင် စိတ်မသက်သာတော့။လုပ်ငန်း တစ်ခု အောင်မြင်နေသည့် သူတစ်ယောက်ကို သူ့ အကြံပေးချက်တွေကြောင့် ဟု ပြောဆိုတတ်သည့် လူုကြီးများ။နယ်ပယ် တစ်ခုမှာ အကြီးအကဲ ဖြစ်နေသည့် သူ တစ်ယောက်ကို ဒီလမ်းကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်သည်မှာ မိမိပင် ဖြစ်ကြောင်း ပြောဆိုနေသူများ။အောင်မြင်နေသည့် အနုပညာရှင်( စာပေ အပါအ၀င် ) တစ်ယောက်ယောက်ကို သူ ပြုစု ပျိုးထောင်ပေးလိုက်ခြင်းကြောင့်  ယခုလို အခြေ အနေ ရောက်ရခြင်း အကြောင်းများ။နေ့စဉ် ဘ၀များတွင် ကျွန်မ မကြာခဏ ဆိုသလို ကြားလာရသည်။ထိုအခါ ကျေးဇူးတရား လက်ကိုင်ထား ပြောဆိုလာသူများကို ကျွန်မ ကြည့်မရချင်တော့။ကျေးဇူးတရားဆိုသည့် စကားလုံးကိုပင် မုန်းချင်ချင် ဖြစ်လာရသည်။
         ကျေးဇူးတရားများနှင့် ပတ်သက်ပြီး   ထိုသို့ စိတ်အခံဖြစ်နေသည့် ကျွန်မ၊ပြီးခဲ့သည့် တစ်ပတ်က အဖြစ်အပျက်တို့ကြောင့် စိတ်မကောင်းခြင်းနှင့်အတူ စိတ်ပျက်ခြင်းတို့ကိုပါ တစ်ပြိုင်နက် ခံစားလိုက်ရသည်။ကျွန်မ အစ်မရင်းကဲ့သို့ ခင်မင်လေးစားရသည့် အမတစ်ယောက် ကျွန်မ အိမ်သို့ အလည်လာမည်ဟု ဖုန်းလာသည်။ထိုနေ့က စာရေးဆရာများ၏ ငယ်ဘ၀ဖြတ်သန်းမှုနှင့် လက်ရှိပုံရိပ်များ အစီအစဉ်ရိုက်ကူးမှုကို ကျွန်မ အိမ်တွင်ျြွှဠ -၄ မှ လာလုပ်ကြပါသည်။ရိုက်ကူးရေး အစီအစဉ်တော့ ရှိနေကြောင်း ဖုန်းထဲတွင် ပြောလိုက်ပါသည်။အိမ်ပေါ်တွင် ရိုက်ကူးရေး ပြီးသွားသည့် အချိန်ထိ ထိုအစ်မ ရောက်မလာသေး။ကျွန်မ၏ အားကစားသင်တန်းကို လည်း ရိုက်ကူးချင်ကြသည် ဆို၍ အားကစားသင်တန်းရှိရာ ပထမထပ်သို့ ကျွန်မနှင့်ျြွှဠ -၄ အဖွဲ့တို့ ဆင်းသွားကြသည်။စက်တင် မီးများနှင့် ဆင်ပြီးရိုက်ကြသဖြင့် အားကစားသင်တန်း တံခါးကို လော့ချပြီး ရိုက်ကူးနေကြသည်။မနက် ၁၁နာရီလောက်က စလိုက်သည်မှာ နေ့ခင်း ၂နာရီခွဲသွားကြသည်။အားလည်းကုန် ဗိုက်လည်း အတော်ဆာနေကြသည်။ကျွန်မ အိမ်ပေါ်ပြန်တက်ခါနီး ကျွန်မအိမ်မှ မိန်းကလေးက ဆင်းလားပြီး “အန်တီချို့ကို တွေ့ပြီးပြီလား”ဟု ဆိုသည်။ကျွန်မ မသိဆိုသောအခါ ဖုန်းဆက်ကြည့်ပါအုံး အောက်ဆင်းသွားတာ ဟုဆိုသည်။
         ကျွန်မ ဖုန်းလှမ်းဆက်ချိန်တွင် ထိုအစ်မသည် ငိုကြီးချက်မနှင့် ကျွန်မကို တိုင်ပါတော့သည်။ရုတ်တရက် ကျွန်မ နားမလည် ဖြစ်သွားရသည်။ဘာတွေဖြစ်ကြသည် ကျွန်မ မသိ။သူ ထိုင်စောင့်နေသည့် အချိန်တွင် ကျွန်မအိမ်မှ အိမ်တော်ထိန်းနှင့် အားကစားသင်တန်းမှ လက်ထောက်နည်းပြနှစ်ယောက်က အိမ်ပေါ်တွင် ရှိနေကြသည်။ရိုက်ကူးရေးကြောင့် ဖရိုဖရဲ ဖြစ်ကျန်ခဲ့သည့် စာအုပ်စင် အပါအ၀င် ဆက်တီကုလားထိုင်များကို နေရာ ပြန်ချနေကြသည်။ထိုအချိန်ထိ နေ့လည်စာ ထမင်းကို ဘယ်သူမှ မစားကြရသေး။ကျွန်မ အိမ်မှ ကလေးများက သူ့အား မတူမတန်သလို ဆက်ဆံကြသည်။သုံးယောက်စလုံးက စကားပြောဖော်မရ၊ဖြစ်နိုင်လျှင် မောင်းချချင်နေကြသည့် ပုံများဖြစ်နေကြသည် ဟု တိုင်ပါသည်။ထိုင်နေရင်း ရှက်လာသဖြင့် ကျွန်မကို မစောင့်ဘဲ ပြန်သွားရသည်ဟု ဆိုလာသည်။အထူးသဖြင့် ကျွန်မ၏ အိမ်တော်ထိန်း မိန်းကလေးကို မကျေနပ်ခြင်း ဖြစ်သည်။သူ့ကို ထိုသို့ဆက်ဆံရဲ သည်ကို အံ့သြသည်ဟုလည်း ဆိုပါသည်။ကျွန်မ အိမ်မှ ကလေးများ ရိုင်းစိုင်းကြသည်ဆိုလျှင် ကျွန်မ ရိုင်းစိုင်းသည်နှင့်အတူတူပင် ဖြစ်ပါသည်။ထို့ကြောင့် နှစ်ဖက်နားကို ကြားနာရပါတော့သည်။အိမ်ရှိ မိန်းကလေး သုံးယောက်ဘက်မှတော့ အစ်မကြီး စွတ်စွဲသည်ကို မသိဟု ဆိုကြသည်။
         သင်တန်းနည်းပြ နှစ်ယောက်အနက်မှ တစ်ယောက်သည် ထိုအစ်မကြီးကို ယခုမှ မြင်ဖူးခြင်းဖြစ်သည်။မြင်မြင်ချင်းတွေ့ဖူးသည့် သူကို အကြောင်းမဲ့ မချေမငံ ဆက်ဆံစရာမရှိ။ကျန်တစ်ယောက်မှာ တွေ့ဖူးသော်လည်း အကျွမ်းတ၀င် ရှိလှသည်မဟုတ်။အစ်မကြီး၏ “ရိုက်ကူးရေး ဘယ်အချိန်ပြီးမလဲ” ဆိုသည့်အမေးကို မသိပါဟု ဖြေမိကြသည်၊“အားကစားသင်တန်း တံခါးမကြီး လော့ချထား၍ သမီးတို့တောင် ၀င်လို့မရပါ” ဆိုသည့် အပြောကို အစ်မကြီးက သူ့အား မသွားစေချင်၍ပြောကြသည်။သည်လောက်တော့ လူမှုရေးနားလည်ပါသည်ဟု ကျွန်မအား တိုင်ပါသည်။တစ်ဖက်သတ် တစ်ယောက်တည်း ပြော၍ ကျွန်မ ရှင်းပြသည်ကို နားမထောင်။ငိုပြီး ဖုန်းချသွားသည်။အဓိက အကြောင်းအရင်းမှာ ကျွန်မ အိမ်တော်ထိန်းဟု သုံးနှုန်းသည့် မိန်းကလေးနှင့် ဆိုင်ပါသည်။တစ်အိမ်လုံး၏ အရေးကိစ်္စများကို အမှန်တစ်ကယ် စီမံခန့်ခွဲ ပေးနေသောကြောင့် အိမ်တော်ထိန်းဟု သုံးနှုန်းရခြင်း ဖြစ်ပါသည်။ထိုမိန်းကလေးကို ကျွန်မ ဆီသို့ ခေါ်ဆောင်လာပေးသူမှာ ထိုအစ်မကြီး ဖြစ်ပါသည်။ကျွန်မအိမ်အတွက် အဖော်လိုနေချိန်တွင် ထိုမိန်းကလေး၏ လုပ်ရည်ကိုင်ရည်နှင့် စိတ်ဓာတ်တို့ကို အာမခံပေးသည်မှာ အစ်မကြီး ဖြစ်ပါသည်။ထို့အတူ မိန်းကလေး မိဘနှင့်ဆွေမျိုးများဘက်သို့ မိသားစုလို ဆက်ဆံတတ်သူပါ ဟု ကျွန်မ အတွက် အာမခံပေးခဲ့သည်မှာလည်း ထိုအစ်မကြီးပင် ဖြစ်ပါသည်။
        အစ်မကြီး ပြောသလိုပင် နှစ်ဦးနှစ်ဘက် အဆင်ပြေကြသည့်အတွက် ကျွန်မတို့ အတူနေလာကြသည်မှာ လေးနှစ်ကျော် ငါးနှစ်နီးပါး ရှိခဲ့ပြီ။ကျွန်မတို့ နှစ်ဘက်စလုံး အစ်မကြီးကို တစ်ကယ်ကျေးဇူးတင်ကြပါသည်။သီတင်းကျွတ်ရောက်တိုင်း အစ်မကြီးအား သွားကန်တော့ဖို့ မိန်းကလေး မေ့နေမည်စိုး၍ ကျွန်မ သတိပေးလေ့ရှိသည်။သူလည်း မမေ့လျော့တတ်ပါ။ကျွန်မ ကိုယ်တိုင်လည်း အစ်မကြီးအိမ်သို့ အလည်လာလျှင် တတ်နိုင်သလောက်ကို လက်အုပ်ချီ ထိုင်ကန်တော့ပြီးမှ ပေးလေ့ရှိပါသည်။သည် ဒီတစ်ကြိမ်မှသာ ကျွန်မတို့ ခရီးဦးကြို မလုပ်လိုက်နိုင်ခြင်း ဖြစ်သည်။လွန်ခဲ့သည့် သုံးလခန့် အစ်မကြီး အိမ်ကို လာလည် စဉ် ကတည်းက ကျွန်မ သတိထားမိနေခဲ့သည်။နေ့လည် စာ စားအပြီး၊ထမင်းစားပွဲမှ မထသေးဘဲ အစ်မကြီးနှင့် ကျွန်မတို့ လင်မယားနှစ်ယောက် စကားလက်ဆုံကြနေကြသည်။မိန်းကလေးက ပန်းကန်အချို့ကို ဘေစင်မှာ ဆေးရင်း ကျွန်မတို့ကို စောင့်နေမှန်း ကျွန်မ သိပါသည်။စကားစ မပြတ်သေးသဖြင့် ဧည့်ခန်းသို့ မရွေ့နိုင်သေးဘဲ ဆက်ထိုင်နေခြင်းဖြစ်သည်။ထမင်းစားပွဲပေါ်ရှိ ဟင်းပန်းကန် လက်စများ ကို လာသိမ်းဖို့ အစ်မကြီးက မိန်းကလေးအား ညွှန်ကြားလိုက်သည်။ပန်းကန် ဆေးလက်စ ဖြစ်နေ၍ ချက်ချင်း လာမယူနိုင်ခြင်းကို သူ့အား မထီလေးစား ဆက်ဆံသည်ဟု ထင်ကာ မကျေမနပ် တစ်ခါဖြစ်ဖူးသည်။ကျွန်မ နေရာ ပေးထားလွန်းခြင်းကြောင့် ဖြစ်သည်ဟု အစ်မကြီးက ယူဆပါသည်။
        ထိုမိန်းကလေးသည် သူ့အလုပ် သူ တာဝန်ကျေသည့် သူ ဖြစ်ကြောင်း လေးနှစ်လောက် အတူနေလာသည့် ကျွန်မ သိပါသည်။တာဝန်ကျေ တတ်သည့် သူတစ်ယောက်အပေါ် ဘာကိုမှ ထပ်မံ ညွှန်ကြားနေစရာ မလိုဟု ကျွန်မ ထင်ပါသည်။ခိုင်းမှ လုပ်တတ်သည့် ၀န်ထမ်း အမျိုးအစားထဲတွင် ထိုမိန်းကလေး မပါဝင်။ကျွန်မတို့ကြားတွင် စကားအများကြီး ပြောစရာမလို၊ တစ်ယောက်၏ လိုအပ်ချက်ကို တစ်ယောက်က သိပြီးဖြစ်နေပါသည်။သူက ကျွန်မ အပေါ်တွင် တာဝန်ကျေ သလို၊ကျွန်မ သည်လည်း သူ့အပေါ်တွင် သမီးနဲ့ တန်းတူ ဆက်ဆံပေးထားခြင်း ဖြစ်သည်။တစ်ယောက်ပေါ် တစ်ယောက် ဘာကျေးဇူးကြွေးမှ ရှိမနေကြ။အစ်မကြီး အာမခံ သော်လည်း မိန်းကလေး၏ အရည်အချင်းကို မကြိုက်လျှင် ယခုလို နေရာပေးထားစရာမလို၊ထို့အတူ သူသည်လည်း ကျွန်မတွင် သူ လက်ခံနိုင်သည့် သဘောထား မရှိလျှင် လေးနှစ်လောက် အတူဆက်နေစရာ အကြောင်းမရှိ။မိန်းကလေး၏ ရှိရင်းစွဲ အရည်အသွေးအပေါ် ကျွန်မ၏ ပေါလစ်တိုက်ပေးမှု တို့ကြောင့် အရောင်ထွက်လာခြင်း ဖြစ်ပါသည်။ထိုအခါ မိန်းကလေး၏ ကြိုးစားမှုတို့ကြောင့် ကျေးဇူးတရား ဆိုသည်များက ဆ တိုး ပွားလာရခြင်း ဖြစ်ပါသည်။
          မင်္ဂလာရှိလှသည့် ကျေးဇူးတရားများ အကြောင်းကို ကျေးဇူးခံ သူများဘက်မှ မဟုတ်ဘဲ ကျေးဇူးစားသူတို့ ထံမှသာ ကြားလိုခြင်း ဖြစ်ပါသည်။ကျွန်မတို့ငယ်စဉ်က ဖတ်ဖူးခဲ့သည့်  ဇာတ်လမ်းလေး တစ်ပုဒ်ကို သတိရမိသည်။“တစ်လုပ်စားဖူး သူ့ကျေးဇူး” ဟုထင်ပါသည်။ဘုရင် အင်္သခရာ စောယွန်းသည် သူ၏ သူရဲကောင်း ငခင်ညို ကို စစ်ကိုင်းမင်းအား လုပ်ကြံရန်စေလွတ်လိုက်သည်။စေလွှတ်လိုက်သည့် နိုင်ငံသို့ ရောက်ခဲ့ကြောင်း သက်သေအဖြစ် စစ်ကိုင်းမင်း၏ ဦးခေါင်းကို ဖြတ်ယူခဲ့ရမည်ဟု မိန့်မှာ လိုက်လေသည်။ငခင်ညို  ဗိုက်ဆာနေချိန်တွင်  စားစရာ အဖြစ်မြင်တွေ့လိုက်ရသည်မှာ ဘုရားဆွမ်းတော်ပွဲ သာလျှင် ဖြစ်နေသည်။ဆွမ်းတော်ပွဲကို စားပြီးသွားသောအခါ ငခင်ညိုက စဉ်းစားသည်၊ဗိုက်ဆာနေသည့် အချိန် စားလိုက်ရသည့်အတွက် ကျေးဇူးတင်သည့် စိတ်ဖြစ်သွားရသည်။ဖြစ်ပေါ်လာသည့် ကျေးဇူးတရားကြောင့် စစ်ကိုင်းမင်း၏ ဦးခေါင်းကို မဖြတ်တော့ဘဲ ထိုတိုင်းနိုင်ငံသို့ ရောက်ခဲ့ကြောင်း အသိအမှတ်ပြု သည့်အနေဖြင့် စစ်ကိုင်းမင်းကိုင်ဆောင်သည့် ပတ်္တမြား ကျောက်စီဓားကိုသာ ယူဆောင်ခဲ့လိုက်သည်။
                    မိမိ အရှင်သခင်အား အကျိုးအကြောင်း ရှင်းပြပြီး အပြစ်ပေးလျှင် ခံယူရန် အသင့်ဖြစ်နေ စဉ် အပြစ်မပေးသည့် အပြင် ဆုတော်လာဘ်တော်များ ချီးမြှင့်ခံခဲ့ရသည်။အင်္သခရာ စောယွန်း စဉ်းစားသည်မှာ ဆွမ်းတော်ပွဲလို တစ်လုပ်စာလေး စားမိသည်ကို သည်လောက် ကျေးဇူးသိတတ်နေလျှင် ထိုမျှမက ချီးမြှင့် မြှောက်စားထားသည့် မိမိအပေါ်ဆိုလျှင် ဆိုဖွယ်မရှိဟု တွေးမိ၍ ဖြစ်သည်။ထိုကျေးဇူး သိခြင်းသည် အပြုခံရသူ ဘက်မှ ဖြစ်၍ ကျက်သရေရှိပါသည်။ထို ရာဇ၀င်၊ထို ဇာတ်လမ်းတွင် ခေါင်းဖြတ်ခံရမည့် စစ်ကိုင်းမင်းဘက်မှ “ငါ့ဆွမ်းတော် ယူစားထားတာပဲ ငါ့ခေါင်း မဖြတ်နဲ့”ဟု ဆိုသောကြောင့် မဖြတ်ခဲ့တာ ဆိုပါလျှင် ဇာတ်လမ်းသည် ယခုလောက် ကျွန်မ တို့စိတ်တွင် စွဲကျန်လိမ့်မည် မထင်။တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုသည့် သမိုင်းတွင်သည့် ဆိုရိုးစကားလည်း ပေါ်ပေါက်မလာနိုင်တော့။
     တစ်ကမ်္ဘာလုံးတွင် ကျေးဇူးကြွေး အများဆုံးသည် ကျွန်မတို့ နိုင်ငံ ဖြစ်လိမ့်မည်ထင်သည်။ယုတ်စွအဆုံး ငွေတိုးပေးစားကြသည့် သူများပင် ကျေးဇူးခံ စာရင်းထဲ ပါနေကြသည်။များပြားလှသည့် အတိုးနှုန်း ယူထားကြသော်လည်း ငွေချေး ပေးထားရခြင်းကပင် ကျေးဇူး အဖြစ် ရှိနေတတ်ကြသည်။မိဘကျေးဇူး ဆပ်ခိုင်းသည့် မိဘ အချို့ ရှိနေသည်ကိုလည်း  ကျွန်မ အံ့သြမိသည်။သားသမီးများဘက်မှ သူ့အလိုလို သိတတ်ပြီး ဆပ်သည့် ကျေးဇူးလောက် မလေးနက်ဟု ခံစားရ၍သည်။မွေးကျေးဇူး ဟု ဆိုရအောင်လည်း ဘယ်သားသမီးကမှ ဘယ်မိဘကို မွေးဖွားပေးပါဟု တောင်းဆို ခဲ့သည်မဟုတ်။နိုင်ငံတကာတွင်လည်း ကျွန်မတို့ ကျေးဇူးတင်ရမည့် နိုင်ငံက အတော်များများရှိနေသည်ဟု သတ်မှတ်ထားကြသည်။ကိုယ့်နိုင်ငံတွင်း ချဉ်းနင်းဝင်ရောက်ကာ ဒုက်္ခပေးမည့် အစီအစဉ်များကိုပင် ကျေးဇူးတရား ရှိသည်ဟုဆိုကာ ငြိမ်ခံရသည့် အဖြစ်များက ရှိလာရသည်။ကျွန်မ အထင်ပြောရလျှင် ကျေးဇူးခံ၊ကျေးဇူးစား နှစ်ဘက်စလုံးတွင် မိမိအကျိုး ဆိုသည့် အတ်္တက အလိုလို ပါပြီးသားဖြစ်နေသည်။ကျွန်မတို့ နိုင်ငံကို မည်သည့် နိုင်ငံကမှ အကြောင်းမဲ့ သက်သက် ကူညီနေခြင်း မဟုတ်။အနည်းဆုံးတော့ ပြောင်းလဲတိုးတက်လာသည့် မြန်မာနိုင်ငံသည် သူတို့နိုင်ငံ ကျေးဇူးနှင့် မကင်းဟု အထင်ခံချင် ကြ၍ ဖြစ်သည်။
        နိုင်ငံ့ ကျေးဇူးကို ပြောရလျှင်တော့ အနည်းငယ် ကျယ်ပြန့်ပြီး ရှုပ်ထွေးသွားနိုင်သည်။လက်ဆုပ် လက်ကိုင် ပြဖို့လည်း ခဲယဉ်းသည်ဟု ထင်ပါသည်။ထို့ကြောင့် နိုင်ငံသားများ အကြောင်းသာ ပြောလိုတော့သည်။နီးကပ်လာသည့် ရွေးကောက်ပွဲကြီးအတွက် ဘယ်သူကတော့ ဘာကျေးဇူးကြောင့်ဟု ဆိုကာ မရွေးချယ်စေလို။ပုဂိ္ဂုလ်တစ်ဦးချင်းစီ ၏ အရည်အချင်းကို အမှန်တစ်ကယ် လက်ခံပြီးမှသာ ရွေးချယ်စေချင်ပါသည်။ကျွန်မတို့ရှေ့မှ ဘိုးဘေးဘီဘင်များက သူတို့ လုပ်ဆောင်သင့်သည် ထင်သည့် အလုပ်များကို လုပ်ခဲ့ကြခြင်းဖြစ်သည်။မှားသည် မှန်သည်ကို သမိုင်း က အဆုံးအဖြတ် ပေးပါလိမ့်မည်။ကျွန်မ တို့လက်ထက်တွင်လည်း ဆပ်၍ မဆုံးသည့် ကျေးဇူးတရားများကို မဆုံးနိုင်တော့မည် အတူတူ ခေတ်္တ မေ့ထားစေချင်ပါသည်။အမှီအခိုကင်း၊အရိပ်မမိုးသည့် ကျေးဇူးတရား တို့ဖြင့်သာ ရှေ့ဆက်လိုပါတော့သည်။





                                             ခင်သန္တာ

                                          ၂ရက်၊မတ်လ၊၂၀၁၄ခုနှစ်။
                                             ည-၉နာရီ၊၁၅မိနစ်။