-
My Novel
.................
-
About Me
Khin Thandar
-
Miss Myanmar Gym
Please come and join with us if you want to fit.
သဲရေကျ
Posted by
Unknown
at
3:45 AM
Sunday, January 4, 2015
စာပေလောကတွင် ယနေ့အခါ အကြားရ အများဆုံး စကားသည် ရသစာပေ ပျောက်လာပြီ ဟူသည့်စကားဖြစ်သည်။ရွှေအမြုတေ စာပေ ၀တ်္ထုရှည်ဆုရ ဆရာသင်းရီ စကားငှားပြီး သုံးရလျှင် ရသစာပေ ပျောက်လျှင် လူတွေရိုင်းကုန်လိမ့်မည် ဟူ၍ဖြစ်သည်။ရသ စာပေ၀ိုင်းတွင် ကျွန်မ စာတွေ သွားဖတ်ဖြစ်နေသည်။လွန်ခဲ့သည့် တစ်ပတ်ကှုပ နြအ မှ ထိုတစ်ပတ်အတွက် စာလာ ဖတ်ပေးသူ စာရေးဆရာ၊ဆရာမများကို အင်တာဗျူးလုပ်သည်။ကျွန်မအလှည့်တွင် သုတ စာပေနှင့်ရသ စာပေကိုဘယ်လို ခွဲခြားသည်လဲ၊ဘယ်လို ဖန်တီးသည်လဲ ဟု မေးလာသည်။အခြားသူများအတွက် တော့မသိ စာရေးသူ ကျွန်မအတွက်တော့ အကြောင်းအရာ တစ်ခုသည် ရင်ထဲထိမိလာပြီ။ညွှတ်နူးခံစားလာရပြီဆိုလျှင် ရင်ထဲမှ အလိုလိုဖိတ်လျှံကြလာ၍ ရသစာပေများ ရေးသားဖြစ်သည်။ထို့အတူ အကြောင်းအရာတစ်ခုသည် အားမလို အားမရ ဖြစ်စရာ။ဒေါမနဿ ပွားစရာ၊ခံပြင်းစရာ ကောင်းလာလျှင် သုတ စာပေများကို ရေးသားဖြစ်ပါသည် ဟု ဖြေကြားခဲ့မိသည်။ကျွန်မတွင် ခွဲခြားနိုင်စွမ်း၊ဖန်တီးနိုင်စွမ်း ရှိ၍ မဟုတ်။ကျွန်မ ခံစားမိသလို ရေးခြင်း၊ပြောခြင်း ဖြစ်သည်။စာအုပ်တွေ ရောင်းအားကျခြင်းသည် စာဖတ်သူတွေ နည်းလာရခြင်းနှင့် သက်ဆိုင်သည်လား ဆိုသည့် မေးခွန်းကိုတော့ သိပ်မသက်ဆိုင်ဟု ဖြေခဲ့မိသည်။ဈေးကွက်တွင် ရောင်းအားကောင်းနေသည့် စာအုပ်များစွာ ရှိနေသည်။လူတွေ စာရွေးဖတ်လာကြတာဖြစ်နိုင်သည်။လူတွေ တောင့်တသည့် စာပေ အမျိုးအစား ပြောင်းသွားတာဖြစ်နိုင်သည်။ထိုသို့ ဖြေဖြစ်ခဲ့သည်။
ကိုယ့်အဖြေကိုယ် အိမ်ပြန်ရောက်တော့ စဉ်းစားကြည့်မိသည်။ရသစာပေ ကို ဘယ်လို လူမျိုးတွေ ဖတ်ဖြစ်နေသနည်း။စာဖတ်ဖို့ ဘယ်လို လူမျိုးတွေကို အရင် တိုက်တွန်းသင့်သနည်း။စိတ်ကျေနပ်သည့် အဖြေ မထွက်။သေချာသည် ကတော့ မနက်စာ စားပြီး၊ညနေစာ အတွက် စားစရာ အသင့်မရှိသူ၊ဒီနေ့စာ ရှိပြီး နောက်တစ်နေ့စာ အတွက် ပူပင်နေကြရသည့်သူ၊ရာသီဥတုကို တစ်ချိန်လုံးကြည့်နေပြီး အမိုးအကာမဲ့ ကျောတစ်နေရာစာအတွက် သောက များနေကြသည့်သူများ ဘာစာမှ ဖတ်နိုင်မည်မဟုတ်။တိုက်တွန်းလို့လည်း မရနိုင်။ထိုအခြေအနေမျိုး မဟုတ်သည့်တိုင် ကျန်းမာရေး ချို့ယွင်းနေသူများလည်း စာမဖတ်နိုင်။ဒါသည်က လူတန်းစား တစ်လွှာ။နောက်တစ်လွှာ သို့ ကျွန်မ စဉ်းစားကြည့်မိသည်၊စီးပွားရေး လုပ်ငန်းရှင်များ၊သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် ကြီးမားသည့် တာဝန်ယူထားရသည့်သူများ။သူတို့သည်လည်း သူတို့ အကြောင်းပြချက် ရှိနေနိုင်သည်။မြန်မာ့ စီးပွားရေး ဈေးကွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ထိုနယ်ပယ်နှင့်သက်ဆိုင်သည့် စာများသာ ဖတ်ချင်နေမည်၊ဖတ်နိုင်မည်။နယ်ပယ် အသီးသီးတွင် ကြီးမားသည့် တာဝန်ယူထားရသည့် သူများကလည်း စာဖတ်ခြင်းဆိုသည်မှာ လူကို လူက အုပ်ချုပ်ရသည့် နည်းလောက် အရေးမကြီး ဟု ထင်ကောင်း ထင်နိုင်သည်။သည် တစ်လွှာအတွက်လည်း ရသ စာပေ ဖတ်ပေးဖို့ တိုက်တွန်းရန် မဖြစ်နိုင်။နိုင်ငံရေးနယ်ပယ်ကို စိတ်ဝင်စားသူ၊နိုင်ငံ့ရေးရာများကို လုပ်နေသူများအတွက် သတင်းက ဆာလောက်မှုတစ်ခုလို မွတ်သိပ်နေပေလိမ့်မည်။အချိန်အတော်ကြာ အလင်း ပျောက်ခဲ့ရသည့် အတွက် မျက်စိပြန်မြင်စ သူများလို သတင်းသည်သာ ကိုးကွယ်ရာ၊သတင်းသည်သာ အသစ်အဆန်းဖြစ်စရာ ဖြစ်နေပေလိမ့်မည်။သည်တော့လည်း ရသစာပေ ဆိုသည်မှာ သူတို့တွေ အတွက်လည်း ဝေးဝေးသာ။
မဖြစ်နိုင်သည့် အလွှာများကို စဉ်းစားနေ၍ မဖြစ်။ကျွန်မ အားထားသည့် တိုက်တွန်းလိုသည့် စာဖတ်နိုင်သည့် လူလတ်တန်းစား အိမ်ရှင်မများကို သွားတွေ့မိသည်။ကျွန်မရေးသည့် စာများ၊ဟောပြောပွဲများတွင် ကျွန်မ ပြောဖြစ်သည့် အကြောင်းများသည် အမျိုးသမီးထုကို အခြေခံသည်က များသည်။အစွမ်းအစရှိသည့် အမျိုးသမီးများကို ကျွန်မ သဘောကျသည်။ခေတ်နှင့် အဆက်မပြတ်ဘဲ လေ့လာနေသည့် အိမ်ရှင်မများကို ကျွန်မ လေးစားသည်။အိမ်ထောင့် တာဝန်တွေ ထမ်းရင်း အရည်အချင်းပြည့်နေသည့် အိမ်ရှင်မများ ကျွန်မတို့ နိုင်ငံတွင် အများအပြား ရှိနေသည်ဟု ကျွန်မ ယုံကြည်သည်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အလုပ်အကိုင် နေရာတွင် အိမ်ရှင်မ ဟု ဂုဏ်ယူစွာ ဖြည့်ခဲ့ဖူးသည်ကို ကျွန်မ မှတ်သားခဲ့ရသည်။စာပေ လောကတွင်လည်း ဆရာမကြီး ဂျာနယ်ကျော် မမလေး၊ဆရာမ မိုးမိုးx(အင်းလျား)တို့သည်လည်း အိမ်ထောင့်တာဝန်များကို ထမ်းရင်း စာဖတ်ခြင်းသာမက စာရေးခြင်းအလုပ်ကိုပါ အောင်မြင်စွာ လုပ်ပြနိုင်ခဲ့ကြသည်။ရသ စာပေတွေ အများကြီး ရေးသားသွားခဲ့ကြသည်။ထိုကဲ့သို့ အမျိုးသမီးတို့ အစွမ်းကို ကျွန်မ အားကျ လေးစားခဲ့ရသည်။ထို့ကြောင့် ကျွန်မ မိန်းမ တစ်ယောက်ဖြစ်နေခြင်းကို ဘယ်တုန်းကမှ မကျေမနပ် မဖြစ်မိ။
ကျွန်မသည် ကံအားလျှော်စွာ အမျိုးသမီးများ၊အထူးသဖြင့် အိမ်ရှင်မများနှင့်ပတ်သက်ခွင့်ရနေသည်။ဝါသနာ နှစ်ခုကို တစ်ပြိုက်နက် လုပ်ပိုင်ခွင့်ရနေသည်။စာရေးခြင်းနှင့်၊အမျိုးသမီး ကိုယ်ကာယ လေ့ကျင့်သင်တန်း ဖွင့်ထားနိုင်ခြင်းဖြစ်သည်။ကျွန်မ သင်တန်းသူ အမျိုးသမီး အများစု၏ စကားသံသည် မြန်မာနိုင်ငံမှ အမျိုးသမီးထု ၏ ရင်ဖွင့်သံနှင့် တူညီနေတတ်သည်။ကျွန်မ နားထောင်ခွင့်ရနေသည်။ရသ စာပေဆိုသည်မှာ လက်တွေ့ဘ၀နှင့် အနီးစပ်ဆုံးဟု ကျွန်မ ခံယူထားသည်။လက်တွေ့ဘ၀တွင် ခံစားရ၊ဖြတ်သန်းနေရသည့် အကြောင်းများကို စာရေးသူတို့ အတတ်ဖြင့် ရေးဖွဲ့ကြခြင်း ဖြစ်သည်။ဂျာနယ်ကျော် မမလေး၏ လှတစ်မျက်နှာ ဆိုသည့် ၀တ်္ထုသည် ကျွန်မ ရင်ထဲတွင် စွဲနေခဲ့သည်။မယ်တက်္ကသိုလ် ဘွဲ့ရခဲ့ဖူးသည့် မိန်းမတစ်ယောက်၏ အိမ်ရှင်မ မပီသ ပုံ၊အနေအထိုင် ပက်စက်ပုံတို့ကို ရေးဖွဲထားသည်မှာ ပီပြင်လှသည်။မျက်နှာလေး တစ်နေရာ လှပြီး ခန်္ဓာကိုယ် အချိုးအစား ပုံပျက်နေပုံ ပျင်းရိတတ်ပုံတို့ကိုလည်း စာဖတ်သူများ မြင်ယောင်လာအောင် ရေးဖွဲ့ထားသည်။ကျွန်မ အကြိုက်ဆုံး အခန်းမှာ ပါတီပွဲတစ်ခုတွင် ၀တ်ကောင်းစားလှ ၀တ်ထားကြသည့် ၀ိသာခါ အမျိုးသမီးကြီးက အများသူငါ အသုံးပြုနေသည့် ဈေးအိမ်သာ၊ရုံးအိမ်သာ၊သဘောင်္အိမ်သာများကို အမျိုးသမီး အလုပ်သမားများနှင့်အတူ ကိုယ်တိုင်သာ လိုက်ဆေးလိုက်ချင်ကြောင်း ပြောသည့်အခန်းဖြစ်သည်။ထိုအလုပ်ကို အမျိုးသမီးများ လုပ်ပါက ပိုသန့်ရှင်းအောင် လုပ်နိုင်ကြောင်း အာပေါင်အာရင်းသန်သန် ပြောနေကြသည်ကို မယ်တက်္ကသိုလ် လှတစ်မျက်နှာက အောက်တန်းကျလှသည်ဟု အထင်အမြင်သေးခြင်းဖြစ်သည်။
နောက်ဆုံး လှတစ်မျက်နှာပိုင်ရှင် ဇာတ်ကောင် မူမူမှာ သူ၏ ပျင်းရိတတ်ပုံကြောင့် ပါတီပွဲတွင် ချိတ်နှင့် တွယ်ခဲ့မိသည့် ဘော်လီ ကြိုးပြတ်ကာ အရှက်ကွဲပုံကို ရေးဖွဲ့ထားသည်။မိမိအိမ်မှ အိမ်သာ သန့်ရှင်းအောင် ထားခြင်းသည် အမျိုးသမီး တစ်ယောက်၏ အရည်အချင်းထဲတွင် ပါဝင်သည်ဟု ကျွန်မ ထင်ပါသည်။ထို့အတူ မိမိအိမ်ကိုသန့်ရှင်းသပ်ရပ်အောင် ထားခြင်း၊မိသားစု ၀င်များကို ကျန်းမာသန့်ရှင်းအောင် ချက်ပြုတ်ကျွေးမွေး တတ်ခြင်းသည်လည်း အမျိုးသမီး တစ်ယောက်၏ အသိအမှတ်ပြုရမည့် အရည်အချင်းထဲတွင် ပါဝင်သည်။ကျွန်မ အားကစားသင်တန်းတွင် အသုံးပြုသည့် အိမ်သာကို ကိုယ်တိုင် ဆေးကြောပါသည်။ဘယ်တုန်းကမှ ဂုဏ်ငယ်သည့် အလုပ်ဟု မထင်မိခဲ့။အမျိုးသမီးသီးသန့်ဖြစ်သည့် ကျွန်မ သင်တန်းတွင် အိမ်သာတက်ပြီး ရေမလောင်းခဲ့ခြင်း၊အိမ်သာ စီး ဖိနိပ်ကို တောင်တစ်ဖက် မြောက်တစ်ဖက် ဖြစ်သလို ချွတ် ပစ်ခဲ့ခြင်း၊အိမ်သာ တံခါးကိုပင် ပြန်မပိတ်ခဲ့ခြင်းများကို နေ့စဉ် တွေ့နေရသည့်အခါ ဂျာနယ်ကျော် မမလေး၏ လှတစ်မျက်နှာ ၀တ်္ထုကို ပေးဖတ်ချင်စိတ် ပေါက်မိပါသည်။
ခက်သည်က များပြားလှသည့် သင်တန်းသူများထဲတွင် စည်းကမ်းတကျ နေတတ်သည့် သင်တန်းသူများ ရှိနေကြသည့်အခါ အားလုံးကို သိမ်းကြုံးပြော၍ မဖြစ်နိုင်။
ပူပြင်းလှသည့် နွေရာသီတွင် ကျွန်မ သင်တန်းသူများအတွက် အမောပြောစေရန် သီးစုံဓာတ်ဆား ဒါနပြုပါသည်။အထုပ် ၅၀ ပါ ဓာတ်ဆား တစ်ပုံးကို သင်တန်းသူ တစ်ရာကျော်ရှိသည့် ကျွန်မ သင်တန်းတွင် တစ်ရက်၊တစ်ရက်ခွဲသာ တိုက်ရသည်။ဓာတ်ဆားဖိုးက တစ်လကို တစ်သိန်းခွဲလောက် ကုန်ကျသည်။ကျွန်မ ငွေပေါများနေ၍ တိုက်ခြင်းမဟုတ်၊စေတနာ ပေါများ၍သာ တိုက်ခြင်းဖြစ်သည်။အလွယ်တကူ ဖျော်သောက်နိုင်ရန် ရေသန့်ဗူးခွံအလွတ် အသေးလေးများကို လက်ဆွဲခြင်းတစ်ခုထဲတွင် ထည့်ပေးထားသည်။ဓာတ်ဆားထုပ်များကို ဗန်းကလေးဖြင့် ထည့်ကာ ၀ါတာကူလာ ဗူးပေါ်တွင် တင်ပြီး ကုန်တိုင်း ထပ်ဖြည့်ပေးထားသည်။ကစားပြီး မောမောဖြင့် သီးစုံဓာတ်ဆား ဖျော်သောက်သည့် သင်တန်းသူများကို တွေ့တိုင်း ကျွန်မ ပီတိဖြစ်ရသည်။သို့သော် ဓာတ်ဆားခွံများကို ဗန်းထဲတွင် ထားခဲ့သည့်အခါ၊ဖျော်သောက်ပြီးသား ရေဗူး အလွတ်များကို မဆေးကြောဘဲ ခြင်းထဲထည့်ခဲ့ကြသည့်အခါ၊ အကုန်မသောက်ဘဲ တန်းလန်းချန်ထားခဲ့ကြသည့်အခါ၊ ကျွန်မပီတိသည် ကြာရှည် မခံတော့။အမှိုက်ပုံးထား ပေးထားခြင်း၊ဆေးကြောစရာ နေရာနှင့်ပေါများသည့် ရေများ ရှိနေလျှက် မဆေးဘဲ ခြင်းထဲ ပစ်ထည့်ခဲ့ခြင်းတို့ကို လုပ်နေသူတို့မှာ ကျွန်မ အားကိုးသည့်၊ယုံကြည်မိသည့် အိမ်ရှင်မ ရာထူး ယူထားကြသူများ ဖြစ်နေပါသည်။အိမ်သာ ကိစ်္စတွင် လျစ်လျူရှုခဲ့သည့် ကျွန်မ၊ သည်တစ်ခါတွင် အားမနာတမ်း တိုက်ရိုက်ပြောရတော့သည်။
သင်တန်းသူတိုင်းက နေ့တိုင်း သီးစုံဓာတ်ဆား သောက်နေကျသည်မဟုတ်။သောက်ချင်သည့် နေ့မှသာ သောက်ကြသည့်အတွက် အထုပ်၅၀ပါ ဓာတ်ဆားထုပ်က တစ်ရက်ခံခြင်းဖြစ်သည်။သင်တန်းသူ ရှိသလောက် တစ်ရာကျော်လုံးသာ နေ့တိုင်းသောက်ပါက ကုန်ကျစရိတ်က ထို့ထက်ပိုနိုင်သည်။တစ်မနက်ခင်း သင်တန်းသူ တစ်ယောက်က ကျွန်မကို ခွင့်တောင်းလာသည်။အပြန်တွင် ဓာတ်ဆားတစ်ထုပ် ယူသွားချင်ပါသည်တဲ့။ကျွန်မ ရည်ရွယ်ချက် က ဒါနပြုခြင်းသာ။လက်ဆောင်ပေးလိုက်ခြင်းမျိုးမဟုတ်။သင်တန်းတွင် မသောက်ဘဲ ဘာကြောင့် အိမ်ယူသွားချင်ရတာလဲဟု ကျွန်မ၏ အမေးကို ထိုသင်တန်းသူက ဒီမှာသောက်ပြီးရင် ရေဗူးဆေးပေးရမှာ စိုးလို့ဟု အဖြေပေးပါသည်။ကျွန်မ အားမနာနိုင်တော့ ကိုယ့်အိမ်မှာဆို သောက်ပြီးတဲ့ ရေခွက်ကို မဆေးဘဲထားသည်လား ဟုမေးဖြစ်လိုက်သည်။ကိုယ်ဖျော် သောက်သည့် ရေဗူးကိုမှ မဆေးပေးချင်လျှင် ဓာတ်ဆား မသောက်နှင့်ဟု ပြောလိုက်မိတော့သည်။ဘယ်လို အိမ်ရှင်မ ပါလိမ့်ဟုလည်း တွေးမိသွားရသည်။သို့သော်လည်း ခွင့်ပင် မတောင်းဘဲ သီးစုံဓာတ်ဆားထုပ်များကို ယူသွားကြသည့် အိမ်ရှင်မများကို တွေ့လာရသည့်အခါ ကျွန်မ ပါးစပ်ပိတ်သွားရတော့သည်။ဓာတ်ဆားတစ်ထုပ် တန်ဖိုးသည် ဘာမှ မရှိပါ။သူတို့အတွက်လည်း အဖိုးမတန်သလို ၊ကျွန်မ အတွက်လည်း မယုတ်လျော့။သို့သော် ရေဗူး မဆေးချင်၍ ဓာတ်ဆားထုပ် အိမ်သယ် သောက်ရသည့် အဖြစ်ကတော့ အိမ်ရှင်မ တန်ဖိုး အားလုံးကျသွား သည်ဟု ကျွန်မ ခံစားလိုက်ရသည်။
စာပေနှင့် ပတ်သက်သည့် ကျွန်မဖြေခဲ့သည့် အဖြေကို ပြန်ကောက်ရသော် အကြောင်းအရာတစ်ခုသည် ကျွန်မ ရင်ကိုတော့ လာထိပါသည်။သို့သော် မညွတ်နူးဘဲ ၊အားမလို အားမရ စိတ်သာ ဖြစ်ရသည်။သည် အတိုင်းဆိုလျှင် ရသ စာပေများကို ဖန်တီးရေးသားဖို့ ကြိုးစားနေသည့် ကျွန်မ၊ သုတစာပေများကိုသာ စီးရီးလိုက် ရေးမိတော့မည် ထင်ပါသည်။
မျှော်လင့်ခြင်း ဟင်းလင်းပြင် ။ဒီဇင်ဘာလ၊ရွှေအမြုတေ မဂ္ဂဇင်း၊၂၀၁၄
Posted by
Unknown
at
7:00 AM
Monday, December 1, 2014
(၁)
ဆိုက်ရောက်ဆိုသည့် ၀င်ပေါက်ဝမှ တစ်သုတ်ပြီး တစ်သုတ် ထွက်လာနေကြသည့် လူအုပ်ကြီးကို ကြည့်ရင်း တိုးညွှန့်တစ်ယောက် စောင့်စားရခြင်းကို စိတ်တိုစပြုလာပြီ။ကိုယ့်ဘာသာ တက်္ကစီငှားပြီး ပြန်ခဲ့လို့ရသည်ကို ရေးကြီးခွင်ကျယ်လုပ်ပြီး လာကြိုခိုင်းသည်။ပြီးတော့ ဘယ်အချိန်ဆိုသည်ကိုလည်း အတိအကျမသိ။တစ်နေ့ က မျိုးညွှန့် ဖုန်းဆက်လာတော့ ပြန်ကြရမည့် အဖွဲ့များကို လေယာဉ်ဖြင့် သုံးသုတ်ခွဲပြီး ပို့မည်ဟုပြောသည်။ဘယ်အသုတ်တွင် ပါဝင်မည်ကို သူကိုယ်တိုင် မသိသေး။မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်းတစ်ခုက အခမဲ့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။မနက်ဖန်မှ ဖုန်းထပ်ဆက်မည်ဟု ဆိုကာ ပြန်မဆက်သွယ်တော့။မနက်မိုးမလင်းခင်ကတည်းက အမေက သူ့သားကြီးကို သွားကြိုဖို့ လောဆော်နေသည်။ကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်ပြီး၊ကိုယ့်အိမ် ကိုယ်ပြန်လာခြင်းကို သွားကြိုပေးနေစရာ မလိုဟု တိုးညွှန့်ထင်သည်။ပညာတော်သင် ပြန်လာသည့်သူမဟုတ်။နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားလည်း မဟုတ်။နောက်ဆုံး မိသားစုအတွက် စုမိဆောင်းမိ ငွေစကြေးစ ကလေးများပင် ပါလာမည့်သူ မဟုတ်။ထိုလေကြောင်းလိုင်းက ပြန်မပို့ပေးလျှင် ပြန်စရာ လေယာဉ်စရိတ်တောင် ရှိမည့်သူ မဟုတ်ဘဲ မလေးရှားနိုင်ငံ၏ လူမျိုးရေး ပဋိပက်္ခကြားတွင် ဓားစားခံဖြစ်ကာ ဒုက်္ခရောက်မည့်သူ ဟု စိတ်တိုစွာဖြင့် တိုးညွှန့် ထိုင်တွေးနေမိသည်။
မျိုးညွှန့်နှင့် တိုးညွှန့် က တစ်နှစ်နှင့်ရှစ်လသာ ကွာသည့် ညီအစ်ကို။တိုးညွှန့်အောက် နွယ်နွယ်ထွန်းနှင့် တိုးညွှန့်က နှစ်နှစ်ကွာပြီး၊ညီအငယ်ဆုံးလေးနှင့် နွယ်နွယ်ထွန်းတို့က လေးနှစ်ကွာကြသည်။မိန်းကလေးတစ်ဦးတည်း ဖြစ်သည့် နွယ်နွယ်ထွန်းက ဘာသိဘာသာ နေတတ်ပြီး အငယ်ကောင် ချမ်းငြိမ်းနှင့်အကြီးဆုံး မျိုးညွှန့်တို့က ရှစ်နှစ်လောက် ကွာကြသဖြင့် မရင်းနှီးကြပြန်။တိုးညွှန့်နှင့် မျိုးညွှန့်တို့က အထက်အောက်လည်း ဖြစ်၊အသက်ချင်းလည်း သိပ်မကွာကြသဖြင့် အချင်းချင်း နံမည်ခေါ်ပြီး မင်းနဲ့ငါ သုံးနှုန်းပြောဆိုကြသည်။မျိုးညွှန့် ပြန်လာခြင်းအပေါ်တွင် တစ်အိမ်သားလုံးက ဘာမှ မထူးခြားလှ၊အမေတစ်ယောက်သာ “သားကြီး ပြန်လာတော့လည်း ကောင်းတာပေါ့ကွယ်။မိသားစု တစ်စုတစ်ဝေးတည်း ဖြစ်တာပေါ့”ဟု မှတ်ချက်ချသံကြားရသည်။တိုးညွှန့် မတ်တပ်ရပ်၍ မျှော်ရသည်မှာ ညောင်းသလောက်ရှိမှ နောက်ဆုံးလေယာဉ် အသုတ်ဖြင့် မျိုးညွှန့်တစ်ယောက် ပါလာတော့သည်။သူ့ထုံးစံအတိုင်း သစ်လွင်တောက်ပြောင်သော အ၀တ်အစားတို့ကိုဝတ်၍ ဆိုက်ရောက် အပေါက်မှ ခေါင်းမော့ ထွက်လာပုံမှာ
ပညာတော်သင်နှင့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများထက်ပင် ၀ံ့ကြွားနေသေးသည်။
နောက်ဆုံး လေယာဉ်ခေါက် ဖြစ်၍ထင့်၊လေဆိပ်ထဲတွင်လည်း စောင့်နေကြသည့် သူများနည်းပါးသွားပြီ။ လာကြိုကြသည့် သူများထဲမှ အချို့ကတော့ လူဝင်မှုကြီးကြပ်ရေး အပေါက်နားထိ သွားရပ်နေကြသည်။တိုးညွှန့်ကတော့ မျိုးညွှန့်တစ်ယောက် ခရီးဆောင်အိတ် ထုတ်ပြီးချိန်ထိ အထွက် အပေါက်နားမှ ရပ်စောင့်နေလိုက်သည်။အနားရောက်လာသည့် မျိုးညွှန့်က သူ့ ခရီးဆောင်အိတ်ကို တိုးညွှန့်ဆီ လှမ်းပေးရင်း
“မင်းကလည်း အထဲနားထိတောင် မလာဘူး” ဟုဆိုသည်။
ကမ်းပေးလာသည့် သူ့ခရီးဆောင်အိတ်ကို မသိကျိုးကျွံပြုကာ
“ရပြီမလား သွားကြမယ်” ဟုသာ တိုးညွှန့်ဆိုလိုက်သည်။
လေဆိပ်ထွက်ပေါက်နား ကားအ၀င်အထွက် ရှုပ်နေသဖြင့် လေဆိပ်အပြင်ဘက် ကားလမ်းမပေါ်ထိ လမ်းလျှောက်ခဲ့လိုက်သည်။လမ်းလျှေက်နေရင်း နောက်ဘက်မှ မျိုးညွှန့် လှမ်းအော်သံကို ကြားလိုက်သည်။
“ဟေ့ကောင် ကားမငှားဘူးလား”
လမ်းလျှောက်ရသည့် အကွာအဝေးက အနီးကလေးသာ ရှိသေးသည်။အချိန်အားဖြင့်လည်း ငါးမိနစ်ပင် ပြည့်မည်မထင်။လေဆိပ်ဝင်ပေါက်ထက် ကားလမ်းမကြီးပေါ်က ကားငှားရသည်မှာ ပိုလွယ်ကူသည်။ဈေးလည်း အနည်းငယ် သက်သာနိုင်သည်။ဒါလေးကိုပင် မစောင့်နိုင်စွာ မျိုးညွှန့်အော်နေပြီ။တစ်မနက်ခင်းလုံး ထိုင်စောင့်နေရသည်ကိုမှ အားမနာ။တွေးရင်းပင် စိတ်ချဉ်ပေါက်လာသည်။
“လိုင်းကားနဲ့ ပြန်မှာ”
“လိုင်းကားနဲ့ ပြန်စရာလားကွ၊ငါ့ပုံကိုလည်း ကြည့်အုံး ဘယ်လိုလုပ် လိုင်းကားနဲ့ ပြန်လို့ ဖြစ်မှာလဲ”။မျိုးညွှန့်တစ်ယောက် စိတ်ဆိုးတကြီး အော်ပြီ။
“အဲဒါဆို မင်းမှာ တက်္ကဆီခ ပါလား”။တိုးညွှန့်တစ်ယောက် မျိုးညွှန့်ကို ကလိချင်စိတ်ပေါ်လာသည်။
“ပြည်ပက ပြန်လာတာ မြန်မာငွေ ပါမလားကွ”
“ဒါဆို မလေး ရင်းဂစ်တွေတော့ အများကြီး ပါလာတယ်ဆိုတဲ့ သဘောာပေါ့။”တိုးညွှန့် အမေးကို
“လချီးထဲမှပဲ” ဟု ရယ်ဟဟနှင့် ဆဲလေသည်။မျိုးညွှန့် ရယ်လိုက်လျှင် ခင်မင်နှစ်လိုဖွယ်ကောင်းသည်။ငယ်စဉ်ကတည်းက သူငယ်ချင်းများကြား၊ဆွေမျိုးများ ကြားထဲတွင် သူဘယ်လောက် စိတ်ဆိုးအောင် လုပ်ထားလုပ်ထား ထိုသို့ ရယ်ပြီး ဖြေရှင်းလိုက်လျှင် အားလုံးက ကျေအေးသွားတတ်ကြသည်။သူ၏ ထူးခြားချက်ဟု ဆိုရမည်သာ။အခုလည်း ရယ်ဟဟနှင့် ဆဲလိုက်သည့် သူ့ပုံစံကြောင့် တစ်မနက်ခင်းလုံး တိုနေသည့် စိတ်တို့ အနည်းငယ် ပြေလျှော့သွားရသည်။လက်ကလည်း အလိုလို အနားက ဖြတ်သွားသည့် တက်္ကစီ တစ်စီးကို လှမ်းတားမိရက်သား ဖြစ်သွားသည်။
ငှားလာသည့် တက်္ကစီလေးက လေဆိပ်လမ်းမှ မြောက်ဥက်္ကလာပ ဘက်သို့ထွက် ထိုမှတစ်ဆင့် မြောက်ဒဂုံဘက်ကို ဦးတည်မောင်းနေသည်။မြောက်ဒဂုံလမ်းတွေပေါ် ရောက်သွားသည့်အချိန်တွင် မျိုးညွှန့်ပါးစပ်မှ စကားလုံး အချို့ ထွက်ကျလာသည်။
“ငါထွက်သွားတာ ငါးနှစ်ကျော် ခြောက်နှစ်နီးပါးပဲ လမ်းတွေကလည်း အရင်အတိုင်း စုတ်ပြတ်နေတုန်းပါလား”။ကားပေါ်တွင် ဘာစကား မဆိုချင်သဖြင့် တစ်လမ်းလုံး သူ့အကြောင်းပင် မမေးဘဲ လိုက်ပါလာသည့် တိုးညွှန့်တစ်ယောက် မျိုးညွှန့်ကို စောင်ပေပေနှင့် သာကြည့်လိုက်မိသည်။တက်္ကစီဆရာက မနေနိုင်စွာ
“မဟုတ်ဘူး အစ်ကိုရဲ့ လမ်းတွေက ကောင်းလိုက်သေးတယ်။ပြီးတော့မှ ပြန်ပျက်သွားတာ။မိုးတွင်းဆိုရင်တော့ ပိုဆိုးတယ်။ကတ်္တရာလမ်းတွေပေါ် ရေကျော်နေတော့ လမ်းပေါ်က ကျင်းတွေ၊ချိုင့်တွေဆို မမြင်ရဘူး။ကားတွေက တော်သေး ဆိုက်ကားတွေဆို ခဏ ခဏ မှောက်ကြတာ”။ ဟု ၀င်ရှင်းပြနေသည်။
“အဲဒါပဲ လမ်းတွေကို အစကတည်းက ကောင်းအောင်မှ မလုပ်ခဲ့တာ။အထက်က လူကြီးတွေက သေချာ မသိ၊အင်ဂျင်နီယာတွေလည်း လမ်း၊တံတား ပရော့ဂျက် တစ်ခု ရပြီဆိုရင် သူတို့ အိတ်ထဲထည့်ဖို့လောက်ပဲ စဉ်းနေကြတာ။မလေးမှာဆိုရင် လမ်းတစ်ခါခင်းထားရင် ဆယ်စုနှစ် လေးစုလောက်တော့ အသာလေးခံတယ်။ပြုပြင်ထိန်းသိမ်းမှု တွေကလည်း မပြတ်လုပ်နေကြတာကိုး---ပြီးတော့----”။မျိုးညွှန့်စကား မဆုံးခင်
“တော်ပါတော့ကွာ” ဟု တိုးညွှန့် ၀င်အော်လိုက်မိတော့သည်။အဲဒီတော့လည်း ဆက်မပြောတော့ပဲ အိမ်ရောက်သည်ထိ ငြိမ်ငြိမ်လေး ထိုင်ကာ လိုက်ပါလာသည်။
အိမ်ရောက်တော့ ဧည့်ခန်းကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်ရင်း အနားရှိ ဂျာနယ်တစ်စောင်ကို ကောက်ဆွဲကာ ယပ်ခတ်နေသည်။အမေက ပန်ကာလေး ဆွဲထုတ်လာရင်း သူ့သားကြီးနား လာချပေးသည်။ဆောင်းလယ်လောက် ရောက် နေပြီဆိုသော်လည်း ရန်ကုန်နေက ပူပြင်းလွန်းနေသည်။မျိုးညွှန့် တစ်ယောက် အ၀တ်အစား မလဲဘဲ ဧည့်သည်ထိုင် ထိုင်ကာ အိမ်ကို မျက်လုံးဝေ့ကြည့်နေသည်။ပန်ကာ အနားလာချသည့် အမေ့ကို ကြည့်ရင်း
“ဟာ အမေ ဒီပန်ကာကြီးက အခုထိ ရှိနေသေးတာလား”။
မျိုးညွှန့်အမေးကို အမေက
“အေးလေ သားကြီးရယ် မရှိလို့ ဘာလုပ်ရမှာလဲ အသံ တခြစ်ခြစ် မြည်နေပေမဲ့ လည်နေသေးတော့ လေရသားပဲဟာ” ဟု ရိုးစင်းစွာ ပြန်ဖြေသည်။
“မင်း အ၀တ်အစားတွေ လဲလိုက်လေကွာ။ပြောင်ချော်ချော် ဘောင်းဘီရှည်နဲ့ အင်္ကျီလက်ရှည်ကြီးက ပူတာပေါ့”။
ကိုယ်တိုင်လည်း စွတ်ကျယ် လက်ပြတ်ကို လဲရင်း တိုးညွှန့် လှမ်းပြောလိုက်သည်။
ခရီးဆောင်အိတ်ကို တရွတ်တိုက်ဆွဲကာ ဘယ်အခန်း ၀င်ရမှန်း မသိပုံစံဖြင့် လျှောက်နေသည့် မျိုးညွှန့်ကို ကြည့်ရင်း တိုးညွှန့်တစ်ယောက် စိတ်မရှည်နိုင်တော့ဘဲ အခန်းထဲသို့ တွန်းသွင်းလိုက်တော့သည်။ဒါတောင်မှ ပါးစပ်က “အော် ဒီအခန်းပဲလား” ဟု ပြောဖြစ်အောင် ပြောလိုက်သေးသည်။မျိုးညွှန့် တစ်ယောက် အိမ်ရှိပစ်္စည်းများကို ဘာကြောင့် ပြောင်းလဲ ရမည်ဟု ထင်နေသည်မသိ။
ညနေရောက်တော့ အငယ်ကောင် ချမ်းငြိမ်း ကျောင်းက ပြန်လာရောက်လာသည်။ချမ်းငြိမ်းကို ကြည့်ပြီး “ဟာ ဒီကောင် မှတ်တောင် မမှတ်မိဘူး။ထွားလာလိုက်တာ”ဟု တအံ့တသြ ရေရွတ်သည်။
“ဆယ်တန်းရောက်နေပြီလေကွာ၊မင်းထွက်သွားတော့ ဒီကောင် လေးတန်းပဲ ရှိသေးတာကို” တိုးညွန့် က ချမ်းငြိမ်း အကြောင်း ပြောနေစဉ်မှာပင် ကားပစ်္စည်း အရောင်းဆိုင်တွင် စာရေးမ ၀င်လုပ်နေသည့် နွယ်နွယ်ထွန်းက
“ဟယ် ကိုကြီးပြန်ရောက်နေပြီလား” ဟု ဆိုကာ အိမ်ပေါ်ပြေးတက်လာသည်။
“နွယ်နွယ် နင်လည်း နည်းနည်း လူကောင်ကြီးလာတယ်ဟ”။
“မျိုးညွှန့်တို့ကတော့ လုပ်ပြီ လူတွေပဲ အသက်အရွယ်အရ ပြောင်းလဲရမှာပေါ့ ဟ”။
တိုးညွှန့် လှမ်းပြောသည်ကို မျိုးညွှန့်ကတော့ နားမလည် သလို ကြည့်နေသည်။
ညနေစောင်းတော့ အဖေပြန်မလာခင် ညီအစ်ကို နှစ်ယောက် ၇/၈ လမ်းဆုံးနားက ဘီယာဆိုင်သို့ ထွက်ခဲ့လိုက်ကြသည်။ဒီတစ်ခါတော့ တိုးညွန့်နှင့်အတူ လိုင်းကားပေါ်ပြေးတက်ပါလာသည်။အဖေပြန်လာလျှင် သူဘာသာ ရေချိန်ကိုက်ပြီးသော်လည်း လိုက်မည်ဟု လုပ်နေဦးမည်။လွတ်လွတ်လပ်လပ် မျိုးညွှန့်ကို မလေးရှားက အကြောင်းတွေ မေးချင်သေးသည်။ပြီးလျှင် သူ ရှေ့ဆက်မည့် အစီအစဉ်များကိုလည်း သိလိုသည်။
( ၂ )
မျိုးညွှန့်တို့ မြန်မာဆယ်ယောက် တစ်ဖွဲ့က အားလုံး အိုဗာစတေးတွေချည်းဖြစ်သည်။အလုပ်ရှင်နှင့် မလေးရဲတို့ နားလည်မှုယူကာ အိုဗာစတေးအဖြစ် နေလာခဲ့သည်မှာပင် သုံးနှစ်ကျော်ပြီ။မျိုးညွှန့် မလေးရှားတွင် နေလာခဲ့သည့် စုစုပေါင်း ခြောက်နှစ်နီးပါးတွင် စိတ်လုံလုံ ခြုံခြုံ တရားဝင်နေထိုင်ခွင့်ရခဲ့သည်မှာ နှစ်နှစ်လောက်သာရှိခဲ့ရသည်။ကျန်သည့် နှစ်များကတော့ ကျီးလန့်စာစားဘ၀။အခု ဖြစ်သည့် လူမျိုးရေး ပြဿနာများကြောင့် မြန်မာ အလုပ်သမားများ အလုပ်ခွင်ဝင်ရန် အခက်တွေ့နေကြသည်။သူတို့လို အိုဗာစတေးသမားများ အတွက်ကတော့ ဆိုဖွယ် မရှိတော့။အခြေအနေတွေ မတည်ငြိမ်ခင်ကာလများ အတွင်း သူဌေးက သူတို့ အိုဗာစတေးများကို လစာ ထုတ်မပေးဘဲ သိမ်းထားသည်။အခြေအနေက ပိုဆိုးရွားလာတော့ ပြည်တော်ပြန်ရန် ဖြစ်လာရသည်။လစာလည်း ထုတ်မပေးတော့ဟု ဆိုသည်။မြန်မာ အလုပ်သမားများနှင့်အတူ ဖိလစ်ပီးနှင့် အိန်္ဒိနွယ်ဖွား တစ်ချို့လည်း ပါသည်။ရ ရမည့် လစာက သုံးလစာတောင် ဖြစ်သည်။မပေးတော့မလို ပြောလာသည့် မန်နေဂျာ စကားကြောင့် တစ်ဖွဲ့လုံး ဂဏာမငြိမ်နိုင်။နောက်မှ မြန်မာပြည်မှ ဆရာတော်တစ်ပါးရောက်လာပြီး ပေါက်ပေါက်ရောက်ရောက် မြန်မာများနှင့် ဆက်သွယ်မိကာ သူတို့၏ စွမ်းဆောင်ပေးမှုကြောင့် နှစ်လစာ ပြန်ရခဲ့ကြသည်။တင်နေသည့် အကြွေးများထဲမှ တစ်လစာ ပြန်ဆပ်ခဲ့လိုက်သည်။
အဆောင်ငှားနေရသည့် စရိတ်များ။စားသောက်စရိတ်များ။မြင့်မားသည့် လူနေမှု အဆင့်အတန်းကို နေလိုခြင်းကြောင့် ကုန်ရသည့် စရိတ်များက မနည်း။ဒါ့အပြင် အလုပ်ပင်ပန်းမှု၊အထီးကျန်ဆန်မှုတို့ကို ပြေပျောက်စေရန်အတွက် အလုပ်ပိတ်ရက်များတွင် အပေါင်းအသင်များနှင့် သောက်သောက်စားစား စရိတ်တို့ကလည်း မသေးလှ။ရောက်ပြီး သုံးနှစ်လောက်သာ အိမ်သို့ ငွေမှန်မှန်ပို့နိုင်ပြီး ကျန်နှစ်များကတော့ လေးလတစ်ခါ၊ငါးလ တစ်ခါပင် အနိုင်နိုင်ပို့နေရသည်။ကြွေးကျေသွားပြီ ဆိုသည့် အမေ့အပြောများကြောင့် စိတ်က ပေါ့သွားတာလည်းပါသည်။
အဖေ ပင်စင်ယူပြီဆိုတော့ မိသားစု စားဝတ်နေရေးအတွက် စဉ်းစားကြရပြီ။ထိုနှစ်မှာပင် မျိုးညွှန့် ဆယ်တန်းကျသည်။အသက် နှစ်နှစ်လောက်သာ ကွာသည့် တိုးညွှန့်က ဆယ်တန်းရောက်လာသည်။ဆယ်တန်းကျောင်းသားနှစ်ယောက်၏ ကျောင်းစရိတ်၊ကျူရှင်စရိတ်များက မနည်းသလို အောက်မှာလည်း အငယ်နှစ်ယောက်က ရှိသေးသည်။အစကတည်းက ပညာရေးကို စိတ်မ၀င်စားလှသည့် မျိုးညွှန့် ရပ်ကွက်ထဲမှ သူငယ်ချင်းများနှင့် ပေါင်းမိကာ ပြည်ပသို့ အလုပ်ထွက်လုပ်ချင် စိတ်ပေါက်လာသည်။မိသားစု စားဝတ်နေရေးအတွက် ငွေရှာလိုသည်ဟု အကြောင်းပြလိုက်သည်။ပွဲစားသို့ ပေးရမည့် ငွေကြေးပမာဏက နည်းတော့ မနည်းလှ။
အမေ့ကို ပူဆာရသည်၊အဖေကတော့ အစကတည်းက ဘာကိုမှ စိတ်ဝင်စားတတ်သူ မဟုတ်။အစိုးရ အမှုထမ်း ဘ၀တုန်းက ရာထူးက စက်မှုကျွမ်းကျင် (၃)၊အပိုဝင်ငွေ အဖြင့် ပြင်ပမှ အပ်သည့် စက်ပစ်္စည်းများကို ကရိုင်းသ ပေးလို့ရသည်။သို့သော်လည်း မလုပ်ခဲ့။အလုပ်အပေါ် သစ်္စာရှိသည်၊ထို့အတူ လူပျိုပေါက်ကတည်းက သောက်ခဲ့သည့် အရက်အပေါ်လည်း အဖေသည် သစ်္စာမပျက်ခဲ့။သားသမီးလေးယောက်၊အဖေ အမေနှင့်ပေါင်း မိသားစု ခြောက်ယောက်စရိတ် သည် အဖေ၏ လစာ ၀င်ငွေတစ်ခုတည်းနှင့် ဘယ်လိုမှ မလောက်ငနိုင်။အမေ အစ်မ၊မျိုးညွှန့်တို့၏ အဒေါ်အပျိုကြီးက ထောက်ပံ့ခဲ့ရသည်။ယခုနေသည့် အိမ်ကပင် အဘိုးအဘွားတို့ အမွေပေးခဲ့သည့် အမေတို့ညီအစ်မ နှစ်ယောက်ပိုင် အိမ်ဖြစ်သည်။အမေက အဖေနှင့် အိမ်ထောင်ကျသည့်အခါ ဒေါ်ကြီး လှနွယ် က အတူမနေဘဲ အမေ့တစ်ယောက်တည်းကိုသာ ပေးခဲ့သည်။သူဆောက်လုပ် လှူဒါန်းထားသည့် ရိပ်သာတစ်ခုတွင်နေကာ ငယ်စဉ်က ရှာဖွေထားသည့် ပိုက်ဆံ အချို့ကို အတိုးပေးစားနေသည်။ထိုထဲမှပင် မျိုးညွှန့်တို့ မောင်နှမများ လိုအပ်စရိတ်ကို ထောက်ပံ့ပေးနေရသေးသည်။ဒါကို အဖေက အေးအေးမယူ အရက်မူးလာလျှင် “ငါ့ မိသားစုကို ငါ့ဘာသာ ရှာကျွေးနိုင်တယ်၊ဘယ်သူ့ အထောက်အပံ့မှ မလိုဘူး။ငါ့ကို သိက်္ခာ လာမချနဲ့” ဟူ၍ ကြွေးကြော်သေးသည်။
ဒေါ်ကြီးကတော့ အမေ့ကို “မြနွယ်ယောက်ျား ကိုကောင်းညွှန့် တို့များ ကိုယ်တိုင်လည်း မိသားစုကို လောက်ငအောင် ရှာမပေးနိုင်ဘူး၊အကူအညီမလိုဘူးလေး၊ဘာလေးနဲ့ လေကျယ်နေသေးတယ်။ညည်းယောက်ျားကို ပြောလိုက် အိမ်ထောင်ဦးစီး ဆိုတဲ့ ရာထူးက ကိုယ့်မိသားစုကို ဦးစီးဦးဆောင် လုပ်နိုင်မယ်ထင်လို့ ပေးထားတာဟဲ့။ဟု အဖေကြားအော် ပြောလေ့ရှိသည်။ယခု အမေ့ကို ပူဆာရမည့် ကိစ်္စသည် ဒေါ်ကြီး၏ သဘောတူညီမှုလည်း လိုသည်။မျိုးညွှန့် မလေးရှားသို့ အလုပ် သွားလုပ်ရန်အတွက် လိုအပ်သည့် ငွေကြေးကို ရနိုင်ရန် အိမ်ပေါင်ဖို့ ဖြစ်သည်။အမေ့အိမ် ဆိုသော်လည်း ဒေါ်ကြီးနှင့် အမွေဆိုင်ဖြစ်သည်။အမေက တွန့်ဆုတ်ဆုတ် ၊ဒေါ်ကြီးက သဘောမတူ။သူ့အတွက် မလိုအပ် မျိုးညွှန့် တို့မောင်နှမတွေ နေစရာ နေရာ ပျောက်သွားမှာကိုပဲ စိုးရိမ်သည်ဟု ဆိုသည်။ဒေါ်ကြီးကို နားဝင်အောင် မနည်း မျိုးညွှန့်ပြောရသည်။ဟိုရောက်သည်နှင့် အိမ်ပေါင်ထားသည်ကို ပြန်ရွေးနိုင်ရန် ငွေပို့ပေးနိုင်မည့်အကြောင်း။ဒါ့အပြင် ကျန်သည့် မောင်နှများ၏ ကျောင်းစရိတ်ပါ ထောက်ပံ့နိုင်ကြောင်း ပြောပြရသည်။
နောက်ဆုံးတော့ အိမ်ပေါင်ပြီး မလေးရှားသို့ မျိုးညွှန့် အလုပ်လုပ်ရန် ထွက်ဖြစ်ခဲ့လိုက်သည်။မြန်မာပြည်တွင် ပွဲစားများက ရွှန်းရွှန်းဝေအောင် ပြောကြသော်လည်း တစ်ကယ် မလေးရှားနိုင်ငံသို့ ရောက်သောအခါ တော်တော်နှင့် အလုပ်မရ။နောက်ဆုံး အရင်ရောက်နေသည့် မြန်မာများ အကူအညီနှင့် ကိုယ့်ဘာသာ အလုပ်ရှာကြရသည်။ဝင်ဝင်ချင်း ရသည့် လခက ကိုယ့်တစ်ယောက်စာ နေစရိတ်၊စားစရိတ်ပင် မလောက်ချင်။ဒီတော့လည်း ရောက်ရောက်ချင်း လေးလလောက်က မြန်မာပြည်ကို ငွေမလွဲနိုင်ခဲ့။အဲဒီနောက်ပိုင်းတော့ ကိုယ့်ဘာသာ အလုပ်တွေ တစ်ခုပြီး တစ်ခုပြီး ရှာဖွေရင်း လစာ သင့်တင့်သည့် စက်ရုံတစ်ခုတွင် အလုပ်မြဲခဲ့ရသည်။ခြိုးခြိုးခြံခြံ နေပြီး သုံးနှစ်လောက် ငွေပြန်ပို့ဖြစ်ခဲ့သည်။အိမ်ပြန်ရွေးနိုင်ပြီဆိုသည့် အမေ့စကားသံကြောင့် စိတ်အနည်းပေါ့သွားခဲ့သည်။မလေးရှား ရောက်ခါစကသာ အိမ်ကို လွမ်းသလိုလိုနှင့် စိတ်ညစ်မိသော်လည်း နောက်ပိုင်းတွင်တော့ ကိုယ့်အိမ်ကိုယ့်ရာ လိုဖြစ်ကာ နေရတာ ပျော်လာသည်။ရှာလို့ရသမျှငွေကိုလည်း အလွယ်တကူပင် သုံးမိသည်။လေးနှစ်မြောက်လောက် ရောက်တော့ မျိုးညွှန့်တို့ ပစ်စပို့ သက်တမ်းက ကုန်ပြီ။တစ်ကယ်ဆိုလျှင် မြန်မာပြည်ပြန်ပြီး သက်တမ်း အသစ်တိုးရမည်။ဒါပေမဲ့ ထိုသို့လုပ်ဖို့ လမ်းစရိတ်များက ကုန်ကျမည်။လက်ထဲတွင် စုစုဆောင်းဆောင်းက မရှိကြ။
မျိုးညွှန့်အပါအ၀င် ရွှေမြန်မာတို့ မလေးရှားမှာပင် ပတ်စပို့ အတု လုပ်ကြသည်။အစစ်နှင့် ခွဲမရအောင် အတော်တူသည်။ပတ်စပို့ အသစ် ကိုင်စ အချိန်တုန်းကသာ စိတ်မလုံသလိုနှင့် ကြောက်မိသော်လည်း လ အနည်းငယ်တွင် အသားကျ သွားရပြန်သည်။ထို့နောက် စက်ရုံများသို့ ရှောင်တစ်ခင် ၀င်စစ်သည့် မလေး ရဲများကိုကြောက်ရပြန်သည်။ထိုရဲများကိုတော့ ပတ်စပို့ အတုပြလို့ မဖြစ်။သူဌေးက နားလည်မှုယူထားရသည်။ကြောက်သည့်အခါ ကြောက်လိုက်၊ပြေးရသည့် ပြေးလိုက်နှင့် သံသရာလည်ရင်း ခြောက်နှစ်နီးပါး ရှိသွားခဲ့ရသည်။အခု လူမျိုးရေး ကိစ်္စ ဖြစ်လာသည့် အခါတွင်တော့ အခြေအနေများက ပိုပြင်းထန်လာပြီး ပြန်လာရသည့် အဆင့်သို့ ရောက်သွားရသည်။ရှေ့ဆက် ဘာလုပ်ရမည်ကတော့ မစဉ်းစားတတ်သေး။သည် အရွယ်ကျကာခါမှ ဆယ်တန်းလည်း ပြန်မဖြေချင်တော့။ အငယ်ဆုံးကောင် ချမ်းငြိမ်းတောင် ဆယ်တန်းရောက်နေပြီ။တိုးညွှန့်နှင့် နွယ်နွယ်ထွန်းတို့ကလည်း အဝေးသင်ဖြင့် ဘွဲ့ အသီးသီး ရပြီးကြပြီ။မြန်မာပြည်က ထွက်မသွားခင်ကလည်း ဘာအလုပ်မှ မယ်မယ်ရရ လုပ်ဖူးခဲ့သည်
မဟုတ်။ဒါကြောင့်ပင် မလေးရှားရောက်စက အတော် ဒုက်္ခရောက်သည်။လက်ကြောတင်းအောင် ဘာမှ မလုပ်နိုင်ခဲ့ နောက်မှသာ မဖြစ်မနေ ရပ်တည်ဖို့ အတွက် အလုပ်က သင်သွားရင်း လုပ်နိုင်လာသည်။
(၃)
မျိုးညွှန့်တွင် ရှေ့ဆက်မည့် အကြောင်းအရာတို့က ရေရေရာရာ ရှိပုံ မပေါ်သေး။သူ ရှင်းသမျှ နားထောင်ကာ အိမ်ပြန်ခဲ့ကြသည်။အဖေက အသင့်ဆီးကြိုနေသည်။ထူးထူးခြားခြား အဖေ ဒီနေ့ သောက်ထားပုံ မပေါ်။အမေနှင့် နွယ်နွယ်တို့က ညစာ ထမင်းပြင်နေကြသည်။ချမ်းငြိမ်း ကျူရှင်က ပြန်ရောက်လာချိန်တွင် မိသားစု ထမင်းဝိုင်း စ ကြသည်။သည်လို ဆိုတော့လည်း အမေ ပြောသလို မျိုးညွှန့် ပြန်လာတော့ မိသားစု တစ်စုတစ်ဝေးထဲ ဖြစ်သွားတာပေါ့ ဟု တွေးရသည်။ထမင်းစားရင်း အဖေက မလေးရှားနိုင်ငံ၏ နိုင်ငံရေး အကြောင်း မျိုးညွှန့်ကို မေးနေသည်။မျိုးညွှန့်ကလည်း မစားရ ၀ခမန်း အဖေ့ကို ရှင်းပြနေသည်။တစ်မိသားစုလုံးနှင့် မသက်ဆိုင်သည့် အကြောင်းအရာ ဖြစ်နေခြင်းကြောင့် ထမင်းဝိုင်းတွင် အဖေနှင့် မျိုးညွှန့် တို့အသံသာ ကြားနေရသည်။တိုးညွှန့်ကတော့ အရင်ဦးဆုံး ထမင်းဝိုင်းမှ ထ ဖြစ်လိုက်သည်။အိပ်ခန်းတွင်း အနည်းငယ် ရှင်းလင်းရင်း၊မျိုးညွှန့်၏ ပစ်္စည်းများကို နေရာချသည်။ပြီးလျှင် အိပ်ယာပြင်ရန် ခြင်ထောင်၊ခေါင်းအုံးတို့ကို ယူ၍ ဧည့်ခန်း သို့ထွက်ခဲ့လိုက်သည်။တိုးညွှန့်ကိုမြင်တော့
အမေက “ဟဲ့သားရဲ့ ဆောင်းတွင်းကြီး ဧည့်ခန်းထဲ ထွက်အိပ်မလို့လား” ဟုဆိုသည်။
“ကျွန်တော်က အိပ်နိုင်တယ် အမေ၊အမေ့သားက ပူလို့အိပ်နိုင်မှာ မဟုတ်ဘူး။ဟိုမှာ သူက လေအေးပေးစက်နဲ့ နေခဲ့ရမှာ။”
တိုးညွှန့် အိပ်ယာပြင်နေစဉ်မှာပင် အဖေနှင့် မျိုးညွှန့်ုတို့ ထွက်လာကြသည်။အဖေကလည်း
“ဆောင်းတွင်းပဲကွာ ညဘက်တော့ သိပ်မပူပါဘူး၊အခန်းထဲမှာ မအိပ်ကြဘူးလား”ဟု ဆိုပြန်သည်။ဒီတော့မှ မျိုးညွှန့်က “အေး ဟုတ်သားပဲ အဲကွန်း မရှိဘူးပဲ။အဲဒါမှ ပြဿနာ ငါက အဲကွန်း သိပ်မအေးရင်တောင် မအိပ်တတ်တော့ဘူးကွ”။ဟု ၀င်ပြောသည်။
မအိပ်တတ်လျှင်လည်း မတတ်နိုင်ပြီ။တိုးညွှန့် ကတော့ ခင်းစရာ ရှိတာ ခင်းပြီး ဂျာနယ်တစ်စောင်ကို ဆွဲဖတ်နေလိုက်သည်။အိမ်မှာက အိပ်ခန်း သုံးခန်း ရှိသည်။မီးဖိုချောင်ထဲမှာပင် ထမင်းစားကြသည်။ခေါင်းရင်းဘက်က အဖေနှင့်အမေ့အခန်း။ချမ်းငြိမ်းနှင့် တိုးညွှန့်တို့ တစ်ခန်း အတူအိပ်ပြီး ၊နွယ်နွယ်ကို တစ်ခန်းပေးထားရသည်။အခန်းများကလည်း သိပ်မကျယ်။အဖေနှင့်အမေ့ အခန်းရှေ့ မှာ ဘုရားစင်နှင့် ဧည့်ခန်း။နွယ်နွယ်အခန်းက လေ၀င်သေးသည်။တိုးညွှန့်တို့ အခန်းက နွေဘက်ဆို အခန်းထဲမှာ မအိပ်နိုင်။ညီအစ်ကို နှစ်ယောက် ဧည့်ခန်းထွက်အိပ်ရသည်။အခု မျိုးညွှန့် ရောက်လာတော့ သုံးယောက်၊ အိပ်ဖို့ ဆန့်သည့်တိုင်အောင် ပူနိုင်သည်။တိုးညွှန့်လည်း အပြင်မှာပင် မျိုးညွှန့်နှင့် အတူအိပ်တော့မည်။ချမ်းငြိမ်းကလည်း စာကြည့်စားပွဲ ထိုင်နေပြီ။ဒီကောင်က စာအလွန်တော်သည်။တိုးညွှန့် တို့မောင်နှမများထဲတွင် ဥာဏ်အကောင်းဆုံးနှင့် စာ အကြိုးစားဆုံး ဖြစ်သည်။မနက်ဖန် အလုပ်ဆင်းရမည့် နွယ်နွယ်ကလည်း အခန်းထဲဝင်နေပြီ။အဖေနှင့် အမေက အစောကြီး အိပ်ယာဝင်တတ်ကြသည်။
ဒီတော့လည်း တိုးညွှန့်တစ်ယောက်သာ မျိုးညွှန့်နား ရှိနေရပြန်သည်။ဆောင်းညက မအေးသည့်တိုင် မပူအိုက်ဟု တိုးညွှန့်ထင်သည်၊ မျိုးညွှန့်ကတော့ ယပ်တောင် တဖျပ်ဖျပ်နှင့်။
“မလေးရာသီဥတုနဲ့ ရန်ကုန် ရာသီဥတုက ဆင်တယ်လို့ ပြောကြပါတယ်ကွာ၊မင်းက ဘယ်လိုဖြစ်လို့ အတင်းအိုက်နေရတာလဲ”။
“မလေးရာသီဥတုက ပူပေမဲ့ စက်ရုံထဲမှာရော၊အိမ်မှာက အဲယားကွန်း အပြည့်သုံးထားတာကွ။ငါက အဲဒီနှစ်နေရာမှာပဲ နေရတာများတာကိုး။ဟိုမှာ အပြင်ထွက်ရင်လည်း ငါက ပူတတ် တာပါပဲကွာ။”
ညီအစ်ကိုနှစ်ယောက် ဖျာပေါ်တွင် ပက်လက်လှန်နေကြရင်း စကားဆက်ပြောဖြစ်ကြပြန်သည်။မျိုးညွှန့်က သူထွက်သွားစဉ် ကျန်ခဲ့သည့် မိသား စားဝတ်နေရေးကို စိတ်ဝင်တစား မေးဖော်ရသည်။ဆယ်တန်းကို တိုးညွှန့်နှင့်မျိုးညွှန့်တို့ အတူတူ ဖြစ်သွားကြသည်၊မျိုးညွှန့်က ဆက်မတက်လိုတော့။ကျူရှင်လခများကို အကြောင်းပြသည့်အတွက် တိုးညွှန့် သုံးဘာသာ သာ ကျူရှင်ယူဖြစ်သည်။ထောက်ပံ့ပေးသည့် ဒေါ်ကြီးကို အားနာတာလည်း ပါသည်။ဒါတောင် ဆင်ခြေဖုံး ရပ်ကွက်က ကျူရှင်လခများက ဈေးသိပ်မကြီး။ဆယ်တန်းဖြေပြီးသည်နှင့် ဆိုင်ကယ်တစ်စင်း ငှားပြီး ၇/၈ လမ်းဆုံနားမှာ ဆိုင်ကယ် ကယ်ရီဆွဲသည်။နောက်တော့ ဆိုင်ကယ် ပွဲစားပါ ကြုံရင် ကြုံသလို လုပ်ဖြစ်သည်။တိုးညွှန့်တို့လို ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ကယ်က တွင်ကျယ်သည်။အဖမ်းအဆီးလည်း နည်းပြီး သွားရေးလာရေး အဆင်ပြေလှသဖြင့် အန်္တရာယ်ရှိသော်လည်း အသုံးပြုနေကြသည်။အဖေ့ပင်စင် လခနှင့် တိုးညွှန့် ရှာလို့ရသမျှသည် မိသားစု အိမ်စရိတ်။အလယ်တန်းကျောင်းသူ နွယ်နွယ်က ဘာကျူရှင်မှ မယူသေး။နွယ်နွယ် ဆယ်တန်းရောက်သည့် အချိန်မှာတော့ ဒေါ်ကြီးအထောက်အပံ့ မယူတော့ဘဲ တိုးညွှန့်ရှာသည့် ငွေဖြင့် ကျောင်းထားနိုင်ခဲ့သည်။
နွယ်နွယ် ဆယ်တန်းဖြေပြီးတော့ အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်ဝင် လုပ်လိုက်သေးသည်။ရသည့်လခနှင့် ၊သွားရ လာရစရိတ်၊၀တ်ရ စားရ စရိတ်တို့နှင့် မကာမိသဖြင့် နှစ်လလောက်လုပ်ပြီးထွက်လိုက်သည်။နောက်တော့ ရိပ်သာက ဒေါ်ကြီး မိတ်ဆွေတစ်ယောက် အဆက်အသွယ်ဖြင့် မိန်းမစီး ကတီ်္တပါ ဖိနပ်များ သဲကြိုးကို ဆီးကွင့်ထိုးသည့် အလုပ်ရသည်။အပ်ထည်များကို အိမ်ယူထိုးခွင့်ရသည့်အတွက် အပြင်လည်း အမြဲထွက်နေစရာမလို။နွယ်နွယ်ယူလာသည့် ပုံတော်ဖိနပ် အချို့ကို အမေကပါ ဆီးကွင့် ကူထိုးပေးသည်။အမေတို့ ငယ်ငယ်က ခေတ်စားခဲ့ သည့် ဖိနပ်ပုံများ ဖြစ်သောကြောင့် အမေက နွယ်နွယ်ထက် ပိုပြီး မျက်စိ အမြင်ရှိသည်။အမေ့လက်ရာများကို လူကြိုက်များကြသည်။သားအမိနှစ်ယောက် အိမ်တွင်း လက်မှုလုပ်ငန်း အသေးစားလေး ဖြစ်ကာ အဆင်ပြေနေသည်။အပိုဝင်ငွေလေး ရလာတော့ ချမ်းငြိမ်းကို အလယ်တန်း ကျောင်းသားဘ၀ ကပင် ကျူရှင် ကောင်းကောင်းထားနိုင်ခဲ့သည်။ချမ်းငြိမ်းကလည်း စာကြိုးစားသည်။ကျူရှင်ဖိုးအပြင် ကျောင်းမုန့်တောင် မတောင်းတတ်သူ။သူ့ကျောင်းစာ ကလွဲလျှင် မိသားစု အရေးလည်း စိတ်ဝင်စားပုံမပေါ်။အငယ်ဆုံးဖြစ်နေ၍လည်း ပါပါလိမ့်မည်။
မျိုးညွှန့်ပို့ပေးသည့် ပိုက်ဆံတို့က အတိုးနှင့်အရင်းပေါင်းပြီး အနိုင်နိုင် အကြွေးဆပ်နေရသည်။သတ်မှတ်ထားသည့် နှစ်အတွင်း အိမ်ပြန်မရွေးနိုင်ပါက အပေါင်ဆုံး ဖြစ်တော့မည်။ဒီအိမ် အပေါင်ဆုံးလျှင် ဘယ်နားသွားနေကြမည်နည်း။ဒီအိမ်သည်ပင် အဖေ့ပိုင် မဟုတ်။အဖေ့လက်ထက်ပွား မဟုတ်။အဘိုးတို့ ပေးခဲ့သည့် အမွေဖြစ်သည်။အဖေက ဘာမှ ပူပင်စရာမလို အိမ်ပေါ်တက်နေရုံသာ။အဖေ့သားသမီး များ ဖြစ်ကြသည့် တိုးညွှန့်တို့ မောင်နှမများလည်း အလိုအလျောက် နေခွင့်ရခဲ့ကြသည်။အဖေ့အကြောင်းကိုတော့ ရှည်ရှည်ဝေးဝေး မပြောလိုတော့။
အမေနှင့်မရခင် လူပျိုဘ၀ ကပင် အရက်ကို ကြိုက်နှစ်သက်ပြီး သောက်သူ ဖြစ်သည်။ဒါကြောင့် ဒေါ်ကြီးက အမေနှင့် သဘောတူသည်ကို ရအောင် ခိုးပြေးကြသည်။ရ ပြီးသွားတော့လည်း ညီအစ်မ နှစ်ယောက်တည်း ရှိသဖြင့် ဒေါ်ကြီးက ပစ်မထားနိုင်။အဖေက အလိုလို အိမ်ပေါ်ရောက်ရတော့သည်။အဖေ မူးလာလျှင် သွေးက ဆိုးချင်သေးသည်။အထူးသဖြင့် အမေ့ကို ရန်လုပ်တတ်သည်။အမျိုးမျိုးရစ်ပြီးမှ အိပ်ပျော်သွားလေ့ရှိသည်။သူ့ညီမ ဒုက်္ခများကို မြင်တွေ့နေရသည်မှာ စိတ်ဆင်းရဲသဖြင့် နွယ်နွယ်ထွန်း သူငယ်တန်းတက်သည့် နှစ်မှာပင် အမွေဆိုင်အိမ်ကို ပေးပစ်ခဲ့ကာ ရိပ်သာတွင် သွားနေတော့သည်။ချမ်းငြိမ်းလေး ငယ်စဉ်ကလည်း အဖေလုပ်လို့ လေဖြတ်သလို ဖြစ်သွားဖူးခဲ့သည်။အဖေမူးလာလျှင် ချမ်းငြိမ်းကို “ကြီးလာလျှင် စစ်ဗိုလ်ကြီး လုပ်မှာလား”ဟု မေးလေ့ရှိသည်။ချမ်းငြိမ်းက ဘယ်တော့မှ လုပ်မည်ဟု မဖြေ။အမေက ပြဿနာ မဖြစ်စေချင်သည့် သဘောဖြင့် “သားလေး ပြောလိုက် စစ်ဗိုလ်ကြီးလုပ်မှာလို့” ဟုသင်ပေးသော်လည်း ဘယ်တော့မှ မပြော။အရိုက်ပဲ ခံသည်။
ဆောင်းတစ်ညတွင် ထိုသို့ အရိုက်ခံရပြီး နောက်တစ်နေ့ မနက်တွင် ချမ်းငြိမ်းတစ်ယောက် လမ်းမလျှောက်နိုင်တော့။လူကြီးများ လေဖြတ်သလိုမျိုး ဖြစ်သွားခဲ့ရသည်။မြန်မာဆေးဖြင့် မနည်းကုထားရသည်။ညနေရောက်တော့ မျိုးညွှန့်နှင့်တိုးညွှန့်တို့နှစ်ယောက် အဖေနှင့်အပြိုင် သောင်းကျန်းပေးလိုက်ကြသည်။မျိုးညွှန့် ဦးဆောင်သည်၊တိုးညွှန့်က နောက်လိုက် လုပ်ပေးရုံသာ။အဲသည့်နောက်ပိုင်းတော့ အမေ့ကိုတောင် သိပ်မရစ်တော့။သားတွေ အရွယ်ရောက်လာ၍ ဖြုံသွားတာ ဖြစ်နိုင်သည်။အဖေကို သည်လိုဆက်ဆံရသည်မှာ ငရဲတော့ကြီးသည်။ဒါပေမဲ့မတတ်နိုင်။အဖေ့ဘ၀တွင် ဘာကိုမှ ပူပင်သည်ကို မတွေ့ဖူးခဲ့။ကံကောင်းသည်ဟု ဆိုရမည်။ပင်စင်ယူပြီးတော့လည်း အေးချမ်းသက်သာစွာ အပြင်ဝပ်ရှော့တစ်ခုတွင် သူ့သူငယ်ချင်းများနှင့် တစ်နေကုန်နီးပါး နေသည်။ညနေရောက်လျှင် ရေချိန်ကိုက်ပြီး ပြန်လာသည်။မျိုးညွှန့် မရှိတော့သော်လည်း အရင်ကလိုတော့ ပြဿနာမရှာတော့။နွယ်နွယ် အဝေးသင်ဆက်တက်ပြီး ဘွဲ့ရသည့် နှစ်မှာပင် ကတ်္တီပါ ဖိနပ် ဆီးကွင်းထိုးသည့် လုပ်ငန်းကို ဗီယက်နာမ် နိုင်ငံက စိတ်ဝင်စားလာကာ မြန်မာ လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ဖိနပ် စက်ရုံ ဖက်စပ် တည်ထောင်ကြသည်။မြန်မာ အလုပ်သမားများကို ခေါ်ယူသည်။အိမ်ကို အထည်ပေးလိုက်သည့် လုပ်ငန်း မရှိတော့။နွယ်နွယ်တို့ သားအမိကိုတော့ စက်ရုံတွင် အလုပ်လာဆင်းဖို့ ခေါ်ကြပါသည်။စက်ရုံတည်နေရာက အိမ်နှင့်ဝေးပြီး၊ပေးသည့် လခနှင့် အဆင်မပြေနိုင်သဖြင့် နွယ်နွယ်တို့ အိမ်တွင်းမှု လုပ်ငန်းလေး ရပ်ဆိုင်းသွားခဲ့ရသည်။နွယ်နွယ်ကို ကွန်ပျူတာ သင်တန်းတက်ခိုင်းပြီး သင်တန်းပြီးစမှာပင် ကားပစ်္စည်း အရောင်းဆိုင်ကြီးတစ်ခုမှ အလုပ်ခေါ်သည်နှင့် ၀င်လုပ်ခိုင်းလိုက်သည်။ရောင်းရသည့် ကားပစ်္စည်းစာရင်းများကို ကွန်ပျူတာနှင့် စာရင်းသွင်းရသည့် အလုပ်ဖြစ်သည်။ပေးသည့် လခကလည်း မဆို၊သင်ထားသည့် ကွန်ပျူတာ ပညာလည်း အသုံးချပြီးသားဖြစ်သွားသည်။အဓိက အိမ်နှင့်မဝေးသည့်အတွက် လမ်းစရိတ် သက်သာသည်။
တိုးညွှန့် ရှင်းပြသံကို နားထောင်ကာ အင်း လိုက်နေသည့် မျိုးညွှန့် အသံတို့ တဖြည်းဖြည်း ကျဲသွားသည်။ဆောင်းညည့်က နက်လာသည့်အတွက် အနည်းငယ် အအေးပိုလာပြီ။ပေါင်နှစ်လုံးကြား လက်ညှပ်ပြီး အိပ်ပျော်နေသည့် မျိုးညွှန့်ဟန်က ငယ်စဉ်ကအတိုင်း။စောင်ပါးပါးတစ်ထည် လှမ်း ခြုံပေးလိုက်ကာ တိုးညွှန့်လည်း တစ်ဖက်လှည့်ပြီး အိပ်လိုက်တော့သည်။
( ၄ )
မျိုးညွှန့် နိုးလာတော့ အနားတွင် တိုးညွှန့် မရှိတော့။တစ်အိမ်လုံးလည်း တိတ်ဆိတ်နေသည်။ချမ်းငြိမ်းက ကျောင်းသွားပြီး၊နွယ်နွယ် အလုပ်သွားပြီထင်သည်။ဆောင်းမနက်ခင်းက နေလို့ကောင်းရုံ အေးနေသည်။ပြန်အိပ်အုံးမည်ဟု စိတ်ကူး ပြီးမှ မီးဖိုထဲမှ ဟင်းနံ့က ပျံလွင့်လာသည်။မျိုးညွှန့်တို့ ငယ်စဉ်ကတည်းက မနက်စာကို အမေက ထမင်းကျွေးလေ့ရှိသည်။ညဘက် ထမင်းမကျန်လျှင်ပင် ထမင်းကြမ်းဖြစ်အောင် ညကတည်းက ချက်ထားလေ့ရှိသည်။ဟင်းကျန်များကို ရောနွေးပြီး ပဲပြုတ်နှင့် ထမင်းနယ်က ကျွေးလေ့ရှိသည်။တစ်ခါတစ်ရံ အကြော်၊ငပိရည်ဖျော်တို့ဖြင့်လည်း ကျွေးတတ်သေးသည်။မနက်မိုးလင်း လျှင် ထမင်းစားတတ်သည့် အကျင့်က မလေးရှား ရောက်တော့ အတော် ဖျောက်ယူရသည်။မနက် ထမင်းမစားရလျှင် ရင်ပူ သလိုလိုနှင့် ဘာစား စား ဗိုက်မ၀သလို ဖြစ်နေတတ်သည်။အခုတော့လည်း ခေါက်ဆွဲခြောက်နှင့် ပေါင်မုန့်တို့က မနက်စာ အဖြစ် အကျွမ်းဝင်နေကြပြီ။ခြေရင်းဘက်က ခြင်ထောင်ကြိုး နှစ်စကို တိုးညွှန့် ဖြုတ်ခဲ့ပုံရသည်။သူတို့ အလုပ်သွားကြဖို့ အ၀င်အထွက် အပေါက် ကို ခြင်ထောင်ကြိုးများက ပိတ်နေသည်။ကျန်နေ သည့် ခေါင်းရင်းဘက်မှ ကြိုးနှစ်စကို ဆွဲဖြုတ်ပြီး၊ခေါင်းအုံး၊စောင်ပုံတို့နှင့် ရောကာ အမေတို့ အခန်း နံရံဘေး တွန်းကပ်ခဲ့လိုက်သည်။ပြီးနောက် မျက်နှာသစ်ရန် ခြံထဲသို့ ဆင်းခဲ့လိုက်သည်။
အုတ်ကန်ဘေး ရောက်မှ မုတ်ဆိတ်ရိတ်ရန် သတိရသည်။သည်တော့မှ အရင်က အတိုင်း လုပ်ဖို့ သတိပြန်ရလာသည်။မျိုးညွှန့်တို့ ညီအစ်ကို နှစ်ယောက်က မျက်နှာသစ်ကန် တွင် မေးစေ့ကို ဆပ်ပြာသုတ်ပြီးအိမ်ပေါ် ပြန်တက်လေ့ရှိသည်။အိမ်ရှေ့ ကျွန်း မှန်ဘီဒိုကြီးရှေ့တွင် ရပ်ကာ မှန်ကြည့်ပြီး မုတ်ဆိတ်ရိတ်ကြသည်။ပြီးမှ ပြန်ဆင်းလာပြီး မျက်နှာသစ်လေ့ရှိသည်။အဖေကတော့ ဟိုးခေတ် မတ်စေ့လေး နှစ်စေ့ကို လက်တွင် ကိုင်ကာ နှုတ်လေ့ရှိသည်။အဖေ မုတ်ဆိတ်ရိတ်သည်ကို ဘယ်တုန်းကမှ မမြင်ဘူးခဲ့။မျိုးညွှန့် အိမ်ပေါ်ပြန်တက်လာတော့မှ သတိထားမိသည် ကျွန်းဘီဒိုကြီးကို မတွေ့တော့။မနေ့ကတော့ အမှတ်တမဲ့ ဖြစ်နေသည်၊မေးစေ့တွင် ဆပ်ပြာများ တန်းလန်းနှင့် အမေ့ကို အော်မေးနေမိသည်။
“အမေ ဒီနားက ကျွန်းဘီဒိုကြီး ဘယ်ရောက်သွားလဲဗျ”
“မင်း အဖေ ရောင်းစားလိုက်ပြီလေ မရှိတော့ဘူး”။ အမေ့ပြန်ဖြေသံကို သာ ကြားရပြီး လူက ထွက်မလာ။
မျိုးညွန့် မီးဖိုချောင်ထဲထိ ၀င်လိုက်သွားသည်။
“ဘာဖြစ်လို့ ရောင်းစားရတာလဲ အမေ။အမေကရော အဖေ ရောင်းစားတာကို ဘာမှ မပြောဘူးလား။တိုးညွှန့်ရောပဲ”
“သူ့သူငယ်ချင်းတစ်ယောက် ကရိုင်းသဖို့ အပ်ခိုင်းထားတဲ့ စက်ပစ်္စည်းတစ်ခု မင်း အဖေကြောင့် ပျောက်သွားလို့တဲ့၊ပစ်္စည်းက တန်ဖိုးကြီးတယ်ပြောတယ်။မူးပြီး ဘယ်နေရာမှ ချခဲ့မိမှန်း မသိတော့ဘူးတဲ့။အဲဒါ ပြန်လျှော်ပေးရမှာ။ဘာနဲ့ လျှော်မှာလဲ။အဲဒီ သူငယ်ချင်းက အိမ်ကို လာလည် ကတည်းက ကျွန်းဘီဒိုကြီးကို သဘောကျလို့ ရောင်းပါလားလို့ ပြော ပြောနေတာ။အမေက မရောင်းပါဘူး မိဘပိုင် အမွေပါလို့ ပြောလိုက်တာ။နောက်နှစ်လ လောက်နေတော့ အဲဒီလို ဖြစ်သွားတာပဲ။တိုးညွှန့် ကတော့ ဒါ သွေးရိုး သားရိုး မဟုတ်နိုင်ဘူးလို့ ပြောနေတယ်။
“အမေတို့ ဒီအတိုင်း ပြီးသွားကြတာလား” မေးရင်းကပင် မျိုးညွှန့် စိတ်တိုလာသည်။
“မင်းအဖေ အိမ်ထောင်ဦးစီးပဲ သိရမှာပေါ့၊ပိုက်ဆံတော့ နည်းနည်းပါးပါး ထပ်ပေးတယ် ထင်တာပဲ”။
“ဒီ ကျွန်းဘီဒိုကြီးက ဘိုးဘွားပိုင် ပစ်္စည်း အမေ၊ကျွန်တော်တို့နဲ့လည်း ဆိုင်တယ်။ဒေါ်ကြီးနဲ့လည်း ဆိုင်တယ်။အဖေ့သဘောတစ်ခုတည်းနဲ့ လုပ်လို့ မရဘူးလေ။ဒေါ်ကြီးရော ဘာပြောလဲ”။
“မင်း ဒေါ်ကြီးလည်း ရောင်းပြီးမှ သိရတာလေ၊စိတ်ဆိုးရုံ အပြင် ဘာလုပ်နိုင်မှာလဲ၊ဒီလိုပဲ ပြီးသွားတာပါပဲ”။
မျိုးညွှန့်တစ်ယောက် မကျေမချမ်းဖြင့် အိမ်ပေါ်မှ ပြန်ဆင်းခဲ့လိုက်သည်။မုတ်ဆိတ်ကိုလည်း လက်ဖြင့် စမ်းရင်း ရိတ်လိုက်သည်။တစ်လက်စတည်း ရေပါချိုးမည်ဟု စိတ်ကူးကာ ရေကန်ဘေး အ၀တ်တန်းမှ ပုဆိုးတစ်ထည်ကို လှမ်းဆွဲလိုက်သည်။ကန်ထဲတွင် ရေအပြည့် ဖြစ်နေသည်၊တိုးညွှန့် အပြင်မသွားခင် ရေငင်ထည့်ခဲ့သည် ထင်သည်။ထိုစဉ်မှာပင် ခြံထောင့်က မချစ်စု သရက်ပင်ကြီးတွင် ပြွတ်နေအောင် သီးနေသည့် သရက်ကင်းတို့ကို တွေ့လိုက်ရသည်။စိတ်တို့ ကြည်လင်ပေါ့ပါးသွားသည်။ငယ်ဘ၀က ပုံရိပ်လေးတွေ ပြန်မြင်ယောင်လာသည်။မျိုးညွှန့် တို့ ခြံထဲတွင် နောက်ဘက် ခြံထောင့် ၌ မချစ်စု သရက်ပင်ကြီး နှစ်ပင်က တစ်ထောင့်စီမှာ ရှိနေသည်။ရှေ့ဘက်တွင် တစ်ဖက်ထောင့်မှာက မန်္တလေး ရင်ကွဲ သရက်ပင်နှင့် အခြားထောင့်တွင် ရေတွင်း တစ်တွင်း။မျိုးညွှန့်တို့ ငယ်စဉ်ကပင် ရေကို ငင်ပြီး ချိုးခဲ့ကြသည်။အရွယ်ရောက်လာတော့ ဒေါ်ကြီးက ရေတွင်းတွင် စက်သီးတပ်ပေးသည်။သည် တွင်းရေက အေးပြီး အလွန်ချိုသည်။အဘိုးလက်ထက် ကတည်းက တူးခဲ့သည်ဟု ဆိုသည်။နွေခါဆို အေးနေပြီး၊ ဆောင်းတွင်းတွင် နွေးနေတတ်သည့် သည်တွင်းရေကို ငင်ဖို့ မျိုးညွန့် ညီအစ်ကို နှစ်ယောက် ဘယ်တုန်းကမှ မပျင်းခဲ့ကြ။အခြားရပ်ကွက်များနှင့် အိမ်များတွင် နွေအခါ ရေခန်းချိန်၌ မျိုးညွှန့်တို့ တွင်းရေသည် ခန်းဖို့ မဆိုထားနှင့် လျှော့ပင် မလျှော့တတ်။
ရေကို တဗွမ်းဗွမ်း ခပ်ချိုးရင်း နောက်ဖေး ရေကပြင်တွင် ပန်းကန် ဆေးနေသည့် အမေ့ကို လှမ်းပြောနေမိသည်။
“အမေရေ ဒီနှစ်နွေတော့ ကျွန်တော် သရက်သီးစိမ်းကို ငံပြာရည်နဲ့ စားရပြီဗျ။ဟိုမှာက သရက်သီး အမှည့်တွေပဲ ရှိတယ်။သူတို့ဆီက သရက်သီးတွေ ဘယ်လောက် ချိုချို၊ကျွန်တော်တော့ မချစ်စု သရက်သီးပဲကြိုက်တယ်။အစိမ်းမှာလည်း စားလို့ကောင်းတယ်။မှည့်ရင်လည်း ချိုတယ်နော်”။
“မချစ်စု ကတော့ ဒီနှစ် မရတော့ဘူး သားရေ။မင်းအဖေက အပင်ကို ပုတ်ပြတ် ရောင်းထားပြီးသား။နောင်နှစ်မှ စားတော့” အမေ လှမ်းပြောလိုက်သံကို ရေသံတို့ဖြင့် မျိုးညွှန့်တစ်ယောက် မသဲကွဲ။
“အမေ ဘာပြောလိုက်တာလဲ၊ဘာလို့ စားလို့မရမှာလဲ သရက်ကင်းတွေ ဒီလောက် အများကြီးကို၊နှင်းခါးရိုက်တယ်ပဲ ထားလိုက်အုံး၊အများကြီး ကျန်အုံးမှာပါ။ဒီပင်က နှစ်တိုင်း အများကြီး သီးနေကြပဲ”။
“မဟုတ်ဘူးဟေ့ နှစ်ပင်စလုံးကို မင့် အဖေ ပုတ်ပြတ် ရောင်းထားပြီးသား”။
မျိုးညွှန့် တစ်ကိုယ်လုံး ရှိန်းကနဲ ခံစားလိုက်ရသည်။အဖေ တစ်ဆိတ် လွန် လွန်းပြီ။
“ရင်ကွဲတော့ မရောင်းပဲ ဘာလို့ မချစ်စုကြီးပဲ နှစ်ပင်စလုံး ရောင်းထားရတာလဲ အမေရ”
“၀ယ်တဲ့သူက မင်း ရင်ကွဲ အပင်ကို မှ မကြိုက်တာ၊”
“မသိဘူးဗျာ။ကျွန်တော်တော့ ခူးစားမှာပဲ၊၀ယ်ထားတဲ့သူကလည်း လာကြည့်နိုင်တာမှ မဟုတ်တာ”။
မျိုးညွှန့်တစ်ယောက် ငယ်စိတ်ပေါက်ကာ တစ်ကယ်ပင် ခူးစားဖို့ ဆုံးဖြတ်ထားလိုက်သည်။
“ဟဲ့ အဲဒီလို လုပ်လို့ ဘယ်ဖြစ်မလဲ။သူတို့က ပိုက်ဆံကို ကြိုပေးထားကြတာ၊မလုပ်ကောင်းပါဘူးကွယ်။သူတို့ မမြင်တာနဲ့ပဲ ခူးစားစရာလား။ ကိုယ့်အပင်နဲ့ ကိုယ် ခိုးစားရမဲ့အဖြစ်မျိုး။”
“အဲဒီလို ခိုးစားရအောင် အဖေ လုပ်ခဲ့တာလေ အမေရဲ့။တစ်ကယ်တည်းဗျာ။တစ်အိမ်လုံး ဖြစ်ချင်တိုင်းကို ဖြစ်လို့ ကျွန်တော်မရှိတဲ့ ခြောက်နှစ်လောက်အတွင်း အိမ်ပေါ်က ကျွန်းဘီဒိုကြီးလည်း မရှိတော့ဘူး။ခြံထဲက သရက်ပင်လည်း အပင်ပဲ ပိုင်တော့တယ်။သီးသမျှ သူများရောင်းပြီးသားတဲ့၊ဟိုကောင် တိုးညွှန့်ကရော ဘာလုပ်နေလဲ။နည်းနည်းပါးပါး ကာကွယ်ရကောင်းမှန်း မသိဘူးလား။”
နောက်ဆုံးတွင် မျိုးညွှန့် ဒေါသတို့က တိုးညွှန့်အပေါ်သို့ ပုံကျသွားတော့သည်။သန်သန်မာမာ လူငယ်တစ်ယောက်လုံး အိမ်မှာ ရှိနေပါရက် အိမ်ရှိပစ်္စည်းများ တစ်စတစ်စ လျော့ပါးကုန်ရသည်ကို မကျေနပ်နိုင်။မျိုးညွှန့်တစ်ယောက်တည်း တစ်နေ့ခင်းလုံး ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ဟိုလှိမ့် ဒီလှိမ့်နှင့် အချိန်တွေ ကုန်ခဲလှသည်။ညနေစောင်းတော့ တိုးညွှန့် ပြန်လာသည်ထိ မစောင့်တော့ဘဲ မနေ့က သောက်ခဲ့သည့် ဆိုင်ကို တစ်ယောက်တည်း ထွက်ခဲ့လိုက်သည်။မျိုးညွှန့် ဒီပြန်ရောက်ပြီး ဘာလုပ်ရမည်ကို မစဉ်းစားတတ်သေး၊တော်ရုံတန်ရုံ အလုပ်လည်း လုပ်နိုင်မည်မထင်။နိုင်ငံခြားသို့ တစ်ခါ ပြန်ထွက်ပြီး အလုပ်လုပ်ဖို့ဆိုတာလည်း မလွယ်တော့။အလိုလိုမှ ကိုယ့်ဘာသာ စိတ်တိုင်းမကျ ဖြစ်နေရချိန်တွင် အိမ်အခြေအနေတို့က မျိုးညွှန့်စိတ်ကို ပေါက်ကွဲစေသည်။အိမ်ပြန်ရောက်တော့ တိုးညွှန့်က ပြန်ရောက်ပြီး ညနေစာပင် စားနှင့်နေပြီ။
“မိသားစုဆိုတာ စုံစုံညီညီ ထမင်းစားစောင့်ရတယ်ကွ၊တိုးညွှန့်ရ အဖေလည်း ပြန်မလာသေးဘူး။မင်းက စားနှင့်နေပြီလား။” ရန်စကားဆိုရင်း မျိုးညွှန့် မီးဖိုခန်းထဲ ၀င်လိုက်သည်။
”မစောင့်နိုင်ဘူးဟေ့ ငါက အလုပ်လုပ်နေရတာ။ဒီနေ့ နေ့လယ်စာ မစားလိုက်ရဘူး။ဆိုင်ကယ်တစ်စီး ၀ယ်လက်ရှိတုန်း လိုက်ပြပေးနေရလို့။ညကျရင်လည်း အိုဗာတိုင်ကျတဲ့ ဟိုဘက်လမ်းက အန်တီကြီးကို ဖယ်ရီဂိတ်မှာ သွားကြိုပေးရအုံးမှာ။”တိုးညွှန့်ကလည်း မခံ ခွန်းတုံ့ပြန်သည်။
ခပ်ထွေထွေဖြစ်နေသည့် မျိုးညွှန့် အနာပေါ် တုတ်ကျသလို ခံစားလိုက်ရသည်။
“ဟေ့ ကောင် မင်းဘာပြောတာလဲ။မင်းက အလုပ်လုပ်နေတာ ဆိုတော့ ငါက ထိုင်စားနေသလို။သူများနိုင်ငံမှာ ကျွန်သွားခံပြီး အလုပ်လုပ်ခဲ့ရတာပါ။ပြန်ရောက်တာမှ နှစ်ရက် မပြည့်သေးဘူး မင်းက ဒီစကားပြောတယ်ပေါ့။မိသားစု ဒုက်္ခရောက်နေတဲ့အချိန် အနစ်နာခံပြီး ထွက်သွားခဲ့ရတာ ဘယ်သူလဲကွ။ပြောပါအုံး၊အိမ်မှာ မိသားစုနဲ့ နွေးနွေး ထွေးထွေး ကျန်ခဲ့ရပြီး မိသားစုပိုင် ပစ်္စည်းတွေကိုတောင် မစောင့်ရှောက်နိုင်တဲ့ ကောင်ကများ”။
တိုးညွှန့်တစ်ယောက် စားလက်စ ထမင်းပန်ကန် ချထားပြီးလက်ဆေးကာ မျိုးညွှန့်ကို မီးဖိုထဲမှ ဆွဲထုတ်လာသည်။
“လာပါ ထိုင်ပါအုံးကွ၊မင်း ခုနက ဘာပြောလိုက်တယ်။မိသားစု ဒုက်္ခရောက်နေတဲ့အချိန် အနစ်နာခံပြီး ထွက်သွားခဲ့ရတာ ဟုတ်လား။ဘာတွေများ အနစ်နာခံခဲ့လို့လဲ။မပြောတော့ဘူးလို့ ဆုံးဖြတ်ထားတာ မင်းက အရင် စပြောတော့ ပြောရတာပေါ့ကွာ၊နားထောင်။မင်းသွားရဖို့ အိမ်ပေါင်ပေးလိုက်ရတယ်။လေးလလောက်ထိ မင်း ငွေပြန် မပို့နိုင်ခဲ့ဘူး။မင်း မပို့နိုင်ပေမဲ့ အတိုးတွေက မပေးဘဲ နေလို့ မရဘူး။အတိုးမပေးနိုင်ရင် အတိုးပေါ် အတိုးဆင့်ပြီး အရင်းကပါ များသွားရော။ဒီတော့ အမေ၊ငါနဲ့နွယ်နွယ် ဖြစ်အောင် အတိုးဆပ်ပေးနေရတယ်။မင်းပို့လာတဲ့အချိန်ကျတော့ အတိုးနဲ့အရင်း မျှဆပ်ပေးတယ်။နောက်ဆုံးတော့ အိမ်ပြန်ရွေးနိုင်ခဲ့တယ်။အမေကတော့ မင်းစိတ်ပေါ့ ပါစေတော့ဆိုပြီး အိမ်ပြန်ရွေး ပြီးတာကို ပြောပြလိုက်တယ်။အဲဒီနောက် မင်းငွေ ဆက်ပို့သေးလား။ငါးလ၊ခြောက်လ မှ တစ်ကြိမ် မဖြစ်စလောက် ငွေလေး ပို့ပေးတယ်။အစကတည်းက မင်းမသွားခဲ့ရင် ဒီအိမ်ကို ပေါင်စရာမလိုဘူး၊ဒါဆို ပြန်ရွေးစရာလည်း မလိုတော့ဘူးပေါ့။မင်းကြောင့်ပေါင်လိုက်ရတဲ့ အိမ်ကို မင်းပြန်ရွေးရတာ မိသားစု အတွက်တဲ့လား။ပြန်စဉ်းစားကြည့်ပါ။မင်း ပြည်ပသွား အလုပ်လုပ်နေတဲ့အချိန် ငါတို့က ဒီမှာ အခန့်သား ထိုင်စားနေရတယ် ထင်လို့လား။မင်းကမှ အဆင့်မြင့်တဲ့ လူနေမှု အဆင့်အတန်းတစ်ခုနဲ့ နေရသေးတယ်။ငါတို့က ဒီမှာ အဖေနှိပ်စက်တဲ့ ဒဏ်ပါ ခံနေရတာကွ။အိမ်က ပစ်္စည်းတွေကို မင်းတစ်ယောက်တည်း နှမြောနေတယ် မထင်နဲ့။ငါတို့ မောင်နှမတွေလည်း နှမြောတာပဲ။သူက အဖေကွ။ဒါတောင် ဒေါ်ကြီး ၀င်ပါ နေလို့ ဒီလောက်ကျန်တာ။ဒေါ်ကြီးလည်း အသက်ကြီးလှပြီ ဘယ်လောက် တားပေးနိုင်၊လုပ်ပေး နိုင်တော့မှာလဲ”။
တစ်ဆက်တည်း ပြောချလိုက်ပြီး တိုးညွှန့် ငြိမ်နေလိုက်တော့သည်။သူ့ဘာသာ ဆက်တွေးစေတော့
ထိုအချိန် အဖေလည်း အိမ်ပြန်ရောက်လာသည်။မျိုးညွှန့်က မကျေနပ်သံနှင့် အဖေ့ကို လှမ်းမေးလိုက်သည်။
“အဖေ ဘာဖြစ်လို့ မချစ်စု သရက်သီးတွေကို ပုတ်ပြတ် ရောင်းစားလိုက်ရတာလဲ”။
ခပ်ထွေထွေဖြစ်လာသည့် အဖေက
“ခြံစည်းခတ်ဖို့လေ မင်းမမြင်ဘူးလား ခြံစည်းရိုး အသစ်ခတ်ထားတာ။အိမ်တစ်အိမ်မှ လုံခြုံရေးကလည်း အရေးကြီးတယ်လေကွာ”။
“ဒါဆို ကျွန်းဘီဒိုကြီး ရောင်းစားတာကျတော့ရော”
“အဲဒါလည်း လိုအပ်လို့ပေါ့ကွာ”
ပြောပြီး မီးဖိုခန်းထဲ ၀င်သွားတော့သည်။
( ၅ )
သည်နေ့ နွယ်နွယ်ထွန်း အလုပ်နားရက် ဖြစ်သည်။ဆိုင်ကတော့ ပိတ်ရက်မရှိ။အလုပ်သမားများက တစ်ပတ် တစ်ရက် နားခွင့် ရသည်။လူငယ့်အလင်းရောင် ပရဟိတ အဖွဲ့နှင့် တွံတေးမြို့သို့ လိုက်သွားမည်။နွယ်နွယ် က ထိုအဖွဲ့ဝင် တစ်ဦးဖြစ်သည်။အလုပ် အားသည့် အချိန်များတွင် ပါဝင်ကူညီဖြစ်သည်။သွားမည့် အချိန်က နေ့လည်မှ ဖြစ်သည်။အမေ့ကို မီးဖိုချောင် ၀င်ကူရင်း သားအမိနှစ်ယောက် စကားပြောနေကြသည်။အမေက မနေ့ညက ကိုကြီး၊ကိုလေးနှင့် အဖေတို့၏ သုံးပွင့်ဆိုင် ဆွေးနွေးပွဲအကြောင်း ပြောပြနေသည်။ကိုကြီး မျိုးညွှန့်နှင့် နွယ်နွယ် တို့ စကား အေးအေးဆေးဆေး မပြောရသေး။ကိုယ့် အလုပ်သွားချိန်တွင် သူက မနိုးသေး။ဒီနေ့ အလုပ်နားမည် ဖြစ် သဖြင့် စာရင်းများကို တစ်ဖြတ် ချုပ်ပေးခဲ့ရသည်။ထို့ကြောင့် မနေ့ညနေက အိမ်ပြန်နောက်ကျသည်။အဖြစ်အပျက်တို့ကို ချမ်းငြိမ်းကတော့ အတိုချုံး ပြောပြထားသည်။ နွယ်နွယ်ကတော့ ဘယ်သူ့မှ အပြစ်မတင်လိုတော့။ပြီးခဲ့တာတွေ ပြီးခဲ့ပြီ။ရှေ့လျှောက် အဆင်ပြေဖို့ပဲလိုသည်။ကိုကြီးမျိုးညွှန့်ကိုလည်း အလုပ် တစ်ခုခု လုပ်စေချင်သည်။ယခင်ကထက် စာလျှင် အခုဆို အနည်းငယ် အဆင်ပြေလာပြီဟု ပြောနိုင်ပြီ။နေစရာ အိမ်ပိုင်လေးရှိသည်။နေ့စဉ် စားဖို့ အဆင်ပြေသည်။ချမ်းငြိမ်း ကျူရှင်လခလည်း ပေးနိုင်နေပြီ။ဒေါ်ကြီး အကူအညီပင် မယူရတော့။တစ်ခုပဲ ရှိသည် ချမ်းငြိမ်းက စာတော်သည် ဆယ်တန်းအောင်မှတ်ကောင်းပြီး လိုင်းကောင်းကောင်း တက်ခွင့်ရခဲ့လျှင် ထားနိုင်ဖို့ စဉ်းစားရမည်။
နွယ်နွယ်တို့သားအမိ စကားမဆုံးခင် ကိုကြီးမျိုးညွှန့် ၀င်လာသည်။
“မိနွယ် ဒီနေ့ အလုပ်မသွားရဘူးလား”
“ဟုတ်တယ် ကိုကြီး ပရဟိတ အဖွဲ့နဲ့ တွံတေး လိုက်သွားမလို့ အဲဒီက အပြန် အမှိုက်ဝင်ကောက်ကြမယ်။”
“ဘာရယ် တစ်ခါမှ မကြားဖူးပါဘူး၊ဘယ်မှာ အမှိုက်ဝင်ကောက်ကြမှာလဲ။”
“ကိုကြီးကလည်း နွယ်တို့ လူငယ့် အလင်းရောင် အဖွဲ့က တစ်ပစ်ခြားစီ ရန်ကုန်မြို့လယ်ခေါင် လူစည်ကားတဲ့ မီးပွိုင့်တွေနားမှာ အမှိုက်လိုက်ကောက်ကြတယ်။တူညီဝတ်စုံတွေ ၀တ်ပြီးတော့ပေါ့”။
“နင်တို့ကို ဘယ်သူက လုပ်ခိုင်းတာလဲ”။
“အို ဘယ်သူမှ မလုပ်ခိုင်းပါဘူး။ကိုယ့်အသိစိတ်နဲ့ ကိုယ် လုပ်ကြတာပေါ့”။
“ရယ်ရတယ် မိနွယ်။နင်က အိမ်က အမှိုက်တွေကျတော့ အလွယ်တကူ အိမ်ရှေ့ မြောင်းထဲ ပစ်ချနေပြီးတော့ မြို့လယ်ခေါင်က အမှိုက်တော့ သွားကောက်ပေးတယ် ဟတ်လား”။
“ကိုကြီးကလည်း အဲဒီမြောင်းက မိုးတွင်းဆို ရေစီးကောင်းတော့ သူ့အလိုလို အမှိုက်တွေ ပါသွားရော။ဆောင်းနဲ့ နွေကျတော့ ရပ်ကွက် အုပ်ချူပ်ရေးမှူး လုပ်ပေးရမှာလေ။သူတို့ မဲဆွယ်တုန်းက သူတို့ ပါတီနိုင်ရင် ရပ်ကွက်ထဲက အဲဒီမြောင်းကြီးကို အမြဲ သန့်ရှင်းနေအောင် လုပ်ပေးမယ်ဆိုတာ ပါတယ်၊အခုမှ မသိချင်ယောင်ဆောင်နေကြတာ။”
“ဒါဆို နင်တို့ ပရဟိတ အလုပ်ဆိုတာ ဘာတွေ လုပ်ကြတာလဲ။ငါမသိလို့ မေးတာပါ”။
“ဒီနေ့ဆို တွံတေး မိဘမဲ့ ဘုန်းကြီးကျောင်းက ကလေးတွေကို စာရေးကိရိယာနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ သွားလှူကြမှာ။နွယ်တို့ အဖွဲ့က အဲဒါတွေ ရဖို့ ရက်ကွက်တွေထဲမှာ အလှူလိုက်ခံပေးထားကြတာ။”အဲဒီလို ပရဟိတ အဖွဲ့တွေ မြန်မာပြည်မှာ အများကြီးရှိနေပြီ ကိုကြီးရဲ့ အားရစရာ”။
“မိနွယ်ရေ နိုင်ငံတစ်နိုင်ငံမှာ ပရဟိတ အဖွဲ့တွေ အများကြီး ရှိလာပြီဆိုရင် အဲဒီနိုင်ငံရဲ့ ဆုတ်ယုတ်မှုပဲဟဲ့။တာဝန်ရှိ အစိုးရအဖွဲ့က လုပ်မပေးနိုင်တာတွေ များနေလို့ ၀င်ကူညီရတဲ့ ပြည်တွင်းပြည်ပ အဖွဲ့တွေ များလာရတာ။အားရစရာ မဟုတ်ပါဘူး။”
“နွယ်နွယ်သွားဖို့ ပြင်လိုက်အုံးမယ်”။ကိုကြီးမျိုးညွှန့် စကားကို ပြန်မချေပတော့ဘဲ မီးဖိုထဲမှ နွယ်နွယ်ထွက်ခဲ့လိုက်တော့သည်။
နွယ်နွယ်ထွန်းနှင့် မျိုးညွှန့်တို့ ပြောနေကြသည်ကို ဧည့်ခန်းထဲမှ တိုးညွှန့် နားထောင်နေမိသည်။မျိုးညွှန့် ၏ စကား အချို့က မှန်သင့်သလောက် မှန်သည်။သူ့မှာ အတွေးအခေါ်ကောင်းတို့ရှိသည်။နိုင်ငံတကာ အမြင်လည်း ရှိသည်ဟု ပြောနိုင်သည်။ခက်တာက လက်တွေ့ဘာမှ အကောင်အထည် မဖော်ခြင်းပင်။ပြည်ပမှာ အလုပ်လုပ်ပြီး ပြန်လာသူ တစ်ယောက်အတွက် သည်နိုင်ငံတွင် အခြေကျရန် အချိန်အနည်းငယ် ယူဖို့လိုမည် ထင်ပါသည်။တိုးညွှန့်ကတော့ နွယ်နွယ်လုပ်နေသည့် အလုပ်ကို မှားသည်ဟု မဆိုချင်။အရွယ်ရောက်နေသည့် မိန်းကလေးတစ်ယာက် ပရဟိတ လုပ်ငန်း စိတ်ဝင်စားခြင်းသည် အခြားဘက်များတွင် အာရုံလျှော့သွားနိုင်သည်ဟု မြင်သည်။လတ်လျားလတ်လျား လုပ်တာချင်း တူခဲ့လျှင်တောင် ပရဟိတ ဆိုသည့် ကောင်းမှုလုပ်ချင်သည့် စိတ်ကလေး ၀င်သွားသေးသည်ဟု တိုးညွှန့် တွေးမိသည်။။
( ၆ )
ဆောင်းကုန်၍ နွေဝင်လာပြီ။မျိုးညွှန့်တစ်ယောက် ဘာလုပ်ရလျှင် ကောင်းမည်လဲ စဉ်းစားရင်း၊အတူပြန်လာကြသည့် မိတ်ဟောင်း၊ဆွေဟောင်းတို့နှင့် ဆက်သွယ်ကြည့်သည်။အချို့လည်း နယ်ပြန်ပြီး မိဘ လက်ငုတ်လက်ရင်း အလုပ် လုပ်နေကြပြီ။အချို့ ရန်ကုန်မှာ အိမ်ပွဲစား၊မြေပွဲစား၊ကားပွဲစား ၀င်လုပ်နေကြသည်။
ရာသီဥတု ပူပြင်းလှသဖြင့် ညဘက်ဆို တော်တော်နှင့် အိပ်မပျော်တတ်။ချမ်းငြိမ်း စာမေးပွဲလည်း နီးကပ်လာပြီ။အိပ်မပျော်သည့် အတူတူ ချမ်းငြိမ်း စာကျက်သည်ကို ထိုင်စောင့်ပေးနေမိသည်။ကော်ဖီဖျော်ပေးလိုက်၊ခြင်ဆေးလေး ထွန်းပေးလိုက်နှင့် ချမ်းငြိမ်း အိပ်မှ လိုက်အိပ်ဖြစ်တော့သည်။အမေကတော့ မျိုးညွှန့်ကို ကျေးဇူးတင်နေသည်။စာမေးပွဲ ဖြေသည့် ရက်များတွင်လည်း နေ့တိုင်း မျိုးညွှန့် လိုက်စောင့်ပေးသည်။ဖြေနိုင်သလား ဟု မေးနေစရာ မလိုလောက်အောင် ချမ်းငြိမ်း ကြိုးစားမှုများက အားရဖွယ် မြင်တွေ့ထားပြီး ဖြစ်သည်။စာမေးပွဲခန်းမှ ထွက်လာကြသည့် ကလေးများကိုကြည့်ရင်း ဆယ်တန်းတော့ အောင် အောင်ဖြေခဲ့သင့်တယ်ဟု ကိုယ့်ဘာသာ အပြစ်မြင်စိတ်များ ပေါ်လာမိသည်။တစ်ကယ်တော့ ဘ၀မှာ စာကျက်ရတဲ့ အလုပ်က အသက်သာဆုံးပါလားဟု လည်း တွေးထင်မိသည်။
ချမ်းငြိမ်းနှင့် မျိုးညွှန့်တို့က ငယ်စဉ်က ခပ်စိမ်းစိမ်း ဖြစ်နေကြသော်လည်း ဒီရက်ပိုင်းများတွင်တော့ အတော်ရင်းနှီးလာကြသည်။သူနှင့်အတူ လိုက်စောင့်ပေးသည့် မျိုးညွှန့်ကိုလည်း ခင်တွယ်လာပုံရသည်။စာမေးပွဲဖြေနေသည့် ရက်ပိုင်းများတွင် ညီအစ်ကို နှစ်ယောက် အိမ်သားများနှင့်ပင် ကောင်းကောင်း စကားမပြောဖြစ်တော့။အိမ်သားများကလည်း ဖြေနိုင်တယ်မလား ဆိုရုံလောက်သာ မေးကြသည်။ချမ်းငြိမ်းကို ယုံကြတာလည်း ပါမည်ထင်သည်။နောက်ဆုံးနေ့ စာမေးပွဲဖြေပြီး ချိန်တွင် မျိုးညွှန့်ကိုယ်တိုင်ပင် ပေါ့ပါးလွတ်လပ်သလို ခံစားသွားရသည်။အိမ်ပြန်ရောက်တော့ ချမ်းငြိမ်းက “မှော်ဘီမှာ ကလေး တရားစခန်းသွားဝင်ချင်တယ်။သူငယ်ချင်းတွေနဲ့ စာရင်းပေးထားပြီးသား။ဒီညနေ ကိုကြီးလိုက်ပို့” ဟု ဆိုလာသည်။
“မင်း မပင်ပန်းဘူးလားကွာ၊နားပါအုံးလား” ဆိုတော့
“တရားစခန်းမှာလည်း နားရတာပါပဲ၊သွားမယ်”ဟု ဆိုသဖြင့် အထုပ်အပိုးများပြင်ကာ တစ်ခါ ထွက်ကြရပြန်သည်။
မှော်ဘီက အိမ်ပြန်ရောက်တော့ မိုးအတော်ချုပ်နေပြီ။ရာသီ ဥတုပူပူမှာ လိုင်းကားများ အဆင့်ဆင့်စီးသွားရသဖြင့် လူကလည်း တော်တော် ပင်ပန်းနေပြီ။အိမ်ပြန်ရောက်လျှင် ထမင်းပင် မစားချင်တော့ ရေမိုးချိုးပြီး တန်းအိပ်လိုက်တော့မည် ဟု စိတ်ကူးထားသည်။အိမ်ရောက်တော့ အမေ၊အဖေနှင့် တိုးညွှန့်တို့ ဧည့်ခန်းထဲတွင် ၀ိုင်းထိုင်နေကြသည်။တိုးညွှန့် မျက်နှာကြည့်ရသည်မှာ သုန်မှုန်နေသည်၊စိတ်ဆိုးနေသည့်ပုံ ပေါ်နေသည်။အမေကလည်း မျက်နှာမကောင်း။အဖေကတော့ ခန့်မှန်းရခက်သည့် မျက်နှာမျိုးနှင့်။မျိုးညွှန့် ၀င်လာသည်ကို တွေ့ကြသော်လည်း ဘာမှမပြောကြ။တိုးညွှန့် စကားသံကို အရင် စ ကြားလိုက်ရသည်။
“အဖေ ကျွန်တော်တို့ကို ဘာလို့ မတိုင်ပင်တာလဲ၊ဒါ အဖေ တစ်ယောက်တည်း ပိုင် မဟုတ်ဘူးလေ။အရင်ကိစ်္စတွေတုန်းက ကျွန်တော်တို့ ဘာမှ မပြောခဲ့လို့ အဖေ တိုးလုပ်လာတာလား။ဒေါ်ကြီးသိရင် ဘာပြောမလဲ”။
“မင်းဒေါ်ကြီးက မင်းအမေကို အပိုင်ပေးထားပြီးသားပဲ၊သူနဲ့မှ မဆိုင်တော့တာ။”
“အပိုင်ပေးထားတယ်ဆိုတာ ပါးစပ်နဲ့ပဲပြောထားတာ။စာချုပ်ထဲမှာ အမေတို့ ညီအစ်မနှစ်ယောက်ပိုင် နံမည်နဲ့လေ။
“ငါကလည်း မိသားစု အတွက်ပဲ လုပ်တာလေ။မင်းက ဘာဖြစ်လို့ အပြစ်တင်နေရတာလဲ။မင်းက အဖေလား၊ငါက အဖေလား။”
“အဖေ အဲဒီလို အဖေပါဝါ မသုံးပါနဲ့။အဖေလုပ်ခဲ့သမျှ ကျွန်တော်တို့ ဘာပြောဖူးလဲ။ပြီးတော့ မိသားစု အတွက်လို့ အမြဲပြောပြီး လက်တွေ့မှာ ဘာတွေဖြစ်လာခဲ့ဖူးလို့လဲ၊အခုဟာက ကျွန်တော်တို့ခြံထဲမှာ ရှိတဲ့ တစ်ခုတည်းသော ရေတွင်းဗျ၊ကြံကြံဖန်ဖန် အဖေ မို့လို့ ရောင်းစားရက်တယ်”။
တိုးညွှန့်အသံကပြောရင်းနှင့် ငိုသံပါလာသည်။မျိုးညွှန်က အံ့သြသွားရသည်၊ရုတ်တရက် နားမလည်နိုင် အဖေက
ဘာလို့ ရေတွင်းကို ရောင်းစားတာပါလိမ့်။
”ခြံထောင့်က ရေတွင်း တစ်နေရာတင် ကွက်ပြီးယူကြမှာလေကွာ။ပြီးရင် သူတို့က တွင်းရေကို စက်နဲ့မောင်းတင်ပြီး တစ်ရပ်ကွက်လုံးကို ရေ ပြန်ရောင်းပေးမှာ၊ရေပိုက်တွေနဲ့ အိမ်အရောက်ပို့တဲ့ စနစ်တဲ့။ဘယ်သူမှ ရေစည်လှည်း တွန်းစရာမလိုဘူး။မင်းတို့လည်း တွင်းရေ မငင်ရတော့ သက်သာတာပေါ့ကွာ။ရေ အကျိုးဆယ်ပါးတဲ့ကွ၊ကိုယ့် အိမ်နီးနားချင်းတွေကို မျှရတာ ကုသိုလ်တောင် ရသေးတယ်။ဒီရပ်ကွက်ထဲမှာ တို့ရေတွင်းက ရေအသန့်ဆုံးနဲ့ အချိုဆုံးလေ။ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း တိုက်တွန်းတာနဲ့ ရောင်းပေးလိုက်တာ”။
“မပြောနဲ့တော့ အဖေ ကိုယ့်ရေတွင်းကို သူများပေးလိုက်ရပြီး လက်မဲ့ ဖြစ်သွားတာထက် စာရင်၊ပင်ပန်းချင် ပင်ပန်းပစေ၊ကိုယ့်ခြံထဲက ကိုယ့်တွင်းရေ ကိုယ်ငင်ချိုးရတဲ့ ဘ၀ကိုပဲ ကျေနပ်တယ်”။
တိုးညွှန့် ကုန်းအော်ပါလေတော့သည်။အခြေအနေတို့ကို မျိုးညွှန့်နားလည် လိုက်သည်။ဘာမှ ၀င်မေးနေစရာ မလိုတော့ တစ်ခုပဲ သိချင်နေသည် ရေတွင်းရောင်းလိုက်လို့ ရသည့် ပိုက်ဆံ အဖေလုပ်မည်ဆိုသည်ကို သိချင်နေသည်။
မျိုးညွှန့်အတွေးတို့ ပျံလွင့်နေစဉ် အမေ့စကားသံကို ကြားလိုက်ရသည်။
“အဲဒီပိုက်ဆံတွေ ရှင်ဘာလုပ်ပစ်လိုက်လဲ ကိုကောင်းညွှန့်”
“သူငယ်ချင်းတစ်ယောက်ရဲ့ ၀ပ်ရှော့မှာ ရှယ်ယာဝင်မလို့ လုပ်ထားတယ်”။
“ ရှင့် သူငယ်ချင်းတွေက ဘယ်တုန်းကမှ ကောင်းကျိုးမပေးခဲ့ဘဲနဲ့ အမှတ်မရှိ ရှင် လုပ်ပြန်ပြီ”။
သည်လောက်သာ အမေ ပြောနိုင်သည်။အဖေက ထထွက်သွားပြီး၊ဧည့်ခန်းထဲတွင် တိုးညွှန့် အသက်ရှုသံပြင်းပြင်းတို့သာ ကျန်ရစ်ခဲ့တော့သည်။
နောက်နှစ်ရက်လောက်နေတော့ ရိပ်သာမှ ဒေါ်ကြီးရောက်လာသည်။မျိုးညွှန့်တို့ ပြောသမျှ အကျိုးအကြောင်း အကုန်နားထောင်ပြီး
“သူပြောသလိုပဲ ဒေါ်ကြီးက အပြင်လူဖြစ်နေပြီ၊ဒီအချိန်မှာ ဒေါ်ကြီးစကားလည်း နားဝင်မှာမဟုတ်တော့ဘူး။မမြနွယ် အသုံးမကျလို့ ဖြစ်ရတာ။တရားသဘောအရ ပြောရရင်တော့ ကိုကောင်းညွှန်နဲ့ သားတို့ကသာ ရေစက်ရှိလို့ ပတ်သက်မှုရှိလာ ကြတာ၊ဆိုင်လာကြတာ။ကိုယ့်ဘာသာ ကာကွယ်နိုင်ရင် ကာကွယ်ကြ။ဒီလိုမှ မဟုတ်ရင် သားတို့ ကံပဲပေါ့။”ဟုဆိုလာသည်။သည်လိုနှင့် နောက်တစ်ပတ်အကြာ ရေတွင်းက သူများခြံထဲ ပါသွားတော့သည်။ရက်အနည်းအတွင်း ရေစက်သံ တချုန်းချုန်းနှင့်ရေတင်သံတို့၊ရေကျသံတို့ ကြားရသည်။သည့်နောက်တော့ မျိုးညွှန့်တို့ ညီအစ်ကိုတစ်တွေ ရေငင်စရာ မလိုတော့ဘဲ ကိုယ့်ရေတွင်းဖြစ်ခဲ့ဖူးသည့် တွင်းရေကို ရေဖိုးပေးကာ ပိုက်သွယ်၍ ပြန်သုံးနေကြတော့သည်။တစ်လ၊နှစ်လ ကြာလာတော့လည်း အသားကျ သွားကြပြန်သည်။သူတို့၏ ရေတွင်းကို ကျွန်းဘီဒိုကြီးကို မေ့သွားသလို၊မချစ်စု သရက်သီးများကို မေ့သွားသလို မေ့သွားကြတော့သည်။
( ၇ )
ဇွန်လ ဒုတိယပတ်တွင် ဆယ်တန်းအောင်စာရင်းတွေ ထွက်သည်။ချမ်းငြိမ်း သုံးဘာသာဂုဏ်ထူးပါသည်။အမှတ်စာရင်းအရ သွားဘက်ဆိုင်ရာ တက်္ကသိုလ် တက်ခွင့်ရသည်။တစ်အိမ်လုံး ပျော်နေကြသည်။ရပ်ကွက်ထဲတွင်လည်း မော်ကြွားနိုင်ကြသည်။သားအငယ်ဆုံးလေးကို တက်္ကသိုလ်ပို့ရမည့် စရိတ်တို့ကို မမြနွယ် တွက်ချက်နေမိသည်။မျိုးညွှန့် တစ်ယောက်လည်း မြေပွဲစား ယောင်ယောင်၊အိမ်ပွဲစား ယောင်ယောင် လုပ်နေသည်။ကိုကောင်းညွှန့်ကို ဘာမှ မပြောလိုတော့ သည်လို ယောက်ျားနှင့် ဖူးစာဆုံရခြင်းသည် သူ့အတိတ်ကံ မကောင်းခဲ့လို့ဖြစ်သည်ဟုသာ ယူဆလိုတော့သည်။နွယ်နွယ်ကလည်း ၀တ်ချင်စားချင်သည့် အရွယ်ရောက်နေပြီ။သူရှာသည့် ငွေ သူပြန်သုံးချင်လာပြီ။ကိုယ်က ပြန်မဆင်ပေးရသည်ပင် တော်လှပြီ။သူ အနစ်ခံခဲ့ရသည့် အချိန်တုန်းက ခံခဲ့ရပြီးပြီ။တိုးညွှန့်လည်း ထို့အတူပင်။ဟိုတစ်နေ့က မျိုးညွှန့် ပြောလာသည်ကို စဉ်းစားနေမိသည်။ဒီခြံကို ရောင်းပစ်လိုက်ဖို့ ဖြစ်သည်။အိမ်က သိပ်မကောင်းတော့ သော်လည်း ခြံက အဖိုးတန်နေသည်။အိမ်ပြန်ပြင်ဖို့ဆိုသည်မှာလည်း အိမ်အသစ် တစ်လုံးစာနီးပါးလောက် ပြင်ရမလို ဖြစ်နေသည်။ပြီးလျှင် တိုက်ခန်းတစ်ခန်း ပြန်ဝယ်မည်။ပိုသည့်ငွေ အနည်းငယ်ဖြင့် သည့်ထက် မြို့စွန်ကျသော၊ဆင်ခြေဖုံး ကျသော နေရာတွင် မြေပြန်ဝယ်ထားလိုက်မည်။သူကတော့ ထိုမြေကို အလဲအထပ်ဖြင့် ပွဲစားလုပ်မည်။ဒါဆိုလျှင် မျိုးညွှန့်လည်း အလုပ်မယ်မယ်ရရ ရှိမည်။သားငယ် အတွက် တက်္ကသိုလ် စရိတ်လည်း ပိုထွက်လာနိုင်မည်။
ယခုနေရာက မိုးတွင်းဆိုလျှင် ရေ၀ပ်သည်။မျိုးညွှန့်ကတော့ ရောင်းမည်ဆိုလျှင် မြန်မြန်ရောင်းစေချင်သည်။ဇွန်လ ကတော်သေးသည် ရေ၀င်သော်လည်း နေပူလျှင် ပြန်ခြောက်သွားတတ်သည်။ဇူလိုင်၊သြဂတ်ဆိုလျှင် မိုးပိုကြီးလာမည်။ဝပ်သည့် ရေပမာဏက များတော့ နေပူလည်း ပြန်ခြောက် မသွားတော့။ထိုသို့ဆိုလျှင် ၀ယ်လက် မကြိုက်ဖြစ်နိုင်သည် ဟု မျိုးညွှန့်က လောဆော်သည်။မမကြီးကို ရိပ်သာ လူကြုံနဲ့အကျိုးအကြောင်း စာရေးပေးလိုက်သည်။ဒီတစ်ခါ ကိစ်္စမှာတော့ သူနှင့် သားကြီး မျိုးညွှန့်တို့သာ သိကြသည်။တိုးညွှန့် သိသွားလျှင်ဝမ်းပမ်းတနည်း ငိုသံကြီးနှင့် “လုပ်ရက်လိုက်တာ အမေရာ”ဟု ပြောနေမည်လား။ကိုကောင်းညွှန့် သိသွားလျှင်တော့ သူထက် လက်စွမ်းထက်သည့် မမြနွယ်ကို အံ့သြတကြီး မျက်လုံးများနှင့် ကြည့်ကာ ကန့်ကွတ်မည်လော။မမကြီး ကရော စာဖတ်ပြီးသည့်အခါ အမိုက်မ ဟုအော်ကာ ကဆုန်ဆိုင်း ပြေးချလာမည်လား၊ဒါမှ မဟုတ် သူ့ထိုက်နဲ့ သူ့ကံ တစ်ဇာတ်လမ်းပြတ်တာပဲဟု သဘောပိုက် ကာ မလာဘဲ နေလိုက်မည်လား။ထိုသုံးယောက်တွင် မည်သူက မမြနွယ်အတွက် ကယ်တင်ရှင်ဖြစ်မည်ကိုတော့ စောင့်မျှော်ရန်မှ တစ်ပါး .......... ။
“မျက်ဖြေ”
Posted by
Unknown
at
8:54 AM
Sunday, October 19, 2014
ခြောက်နှစ်တာ ကာလအတွင်း ပြန်မရောက်ဖြစ်တဲ့ နန်းရဲ့ဒေသလေးက နန်း ကို နွေးနွေး ထွေးထွေး ကြိုဆိုနေတုန်းပါပဲ။လမ်းပန်းဆက်သွယ်ရေးတွေ အရင်လို မခက်ခဲမှု၊ ခေတ်မီ တိုးတက် လာတဲ့အဆောက်အအုံတွေ ပြောင်းလဲမှုရှိနေပေမဲ့ နန်း တို့ဒေသလေးက လုံးဝပုံစံပြောင်းသွားတာတော့ မဟုတ်ပါဘူး။ကမ်္ဘာတစ်ဝှန်း လုံးမှာ သစ်တောပြုန်းတီးမှုကြောင့် ပူနွေးတဲ့ဒဏ်ကိုခံနေကြရပေမဲ့ တောင်ဂတုန်း မဖြစ်သေးတဲ့ နန်း တို့ရဲ့ တောင်တန်းကြီးတွေကြောင့် နန်း တို့ဒေသက အေးမြ နေ ဆဲပါ။ဒီဒေသလေးကို ခြောက်နှစ်နှစ် လုံးလုံး နန်းပြန်မလာဖြစ်တာ မောင့် မျက်လုံး မောင့်အမုန်းတွေကို ရင်ဆိုင်မရဲလို့ဆိုရင် မောင်ယုံနိုင်ပါ့မလား။အင်းလေ မောင်က နန်းကိုဆိုရင် အတ်္တကြီးတဲ့မိန်းမ အသည်းမာတဲ့ မိန်းမရယ်လို့ ၀ိသေဿထူးတွေ ပေးထားတာကိုး။
ရှမ်းကုန်းမြင့်ကြီးတွေကို ဖြတ်လာပြီဆိုရင်ပဲ နန်း တစ်ယောက် အထက် တန်းကျောင်းသူ ဘ၀တုန်းက ဒီဒေသလေးမှာ စက်ဘီးတစ်စီးထဲ နှစ်ယောက် အတူစီးပြီး ကျောင်းတက်ခဲ့ရတာတွေ၊အအေးဒဏ်ကို အကြောင်းပြလို့ မောင့်နောက် ကျောကို တိုးကပ် ခေါင်းမှီရင်း စက်ဘီးနောက်က ထိုင်လိုက်ခဲ့ရတာတွေ၊ဒီ အဖြစ် တွေကို တမ်းတ နေတော့တာ မဟုတ်ပေမဲ့ မမေ့နိုင်သေးပါဘူးလို့ဆိုရင်မောင်တစ် ယောက် ဟားတိုက် လှောင်ရယ်နေအုံးမလား။မောင်ပြောနေကျ စကားအတိုင်း “ဒေါ်နန်း ရယ် ခင်ဗျားကတော့ ကြီးကြီးပြော ကျယ်ကျယ်ပြန့်ပြန့် တွေး ပြီးတော့ ကြောင်ကြောင် တောင်တောင် အလုပ်တွေ လုပ်တတ်ပါပေတယ်”တဲ့။မောင် စိတ်ဆိုးရင် နန်းကို ဒေါ်တပ်ခေါ်တာတွေ ခင်ဗျားတစ်လုံး ကျူပ်တစ်လုံးနဲ့ စကားပြော တတ်တာတွေ အရာရာကို သတိရနေဆဲပါ မောင်။
စာသင်ချိန်တွေမှာ နန်းရဲ့စိတ်ကို ဘယ်အရာကမှ မလွှမ်းနိုင်ပေမဲ့ အဆောင် ပြန်ရောက်လို့ ခဏနားနေချိန်တိုင်းမှာ ခုချိန်ဆို မောင်တစ်ယောက် ဘာတွေ လုပ်နေမလဲလို့ တွေးမိတယ်။ရန်ကုန် သူနာပြုတက်္ကသိုလ်ရဲ့ အဆောင် မှာတော့ နန်းရဲ့ အခန်းဖော် သူငယ်ချင်းက ကရင်မလေးလေ။နန်းတို့တက်ရတဲ့ နှစ်တွေတုန်းက မန်္တလေးသူနာပြုတက်္ကသိုလ် ဆိုတာ မရှိသေးတော့ မြန်မာတစ်နိုင်ငံ လုံးရဲ့ နေရာဒေသ အသီးသီးက နန်းနဲ့ ၀ါသနာတူ ညီအစ်မတွေကို တွေ့ဆုံ ပေးတဲ့ ဒီတက်္ကသိုလ် ကြီးကို နန်းဘ၀မှာ မောင်ပြီးရင် သံယောဇဉ် အရှိဆုံးပါ။
စာသင်နှစ်ဝက် လောက် မှာ တစ်ယောက်အကြောင်း တစ်ယောက်သိလာ ကြတော့ နန်းရဲ့ အခန်းဖော် “နော်ဖောမူး”ကို မောင့်အကြောင်း အလွမ်းပြေ ရင်ဖွင့်မိတယ်။“မနော်ရယ် ငယ်ကချစ်အနှစ်တစ်ရာ မမေ့သာတဲ့၊အချစ်ဦးကို တစ် သက်လုံး မေ့လို့ မရဘူးဆိုတာ တစ်ကယ်လားဟင်”လို့မေးမိတော့ မနော်ကတော့ ကရင်မလေးပီပီ “နန်းရယ် အတိတ်မေ့တတ်တဲ့ သူ မဟုတ်ရင် ကိုယ့်ဘ၀မှာ ဘယ်သူ့ကို အရင်ဆုံး ချစ်ခဲ့မိတယ်
ဆိုတော့ ကို ဘယ်မေ့နေပါ့မလဲ၊တမ်းတမ်းတတ ဖြစ်နေပြီး မမေ့နိုင်တာကို ပြောတာမဟုတ်ဘူး ထင်ပါတယ်ဟယ်”တဲ့။ဘွင်းဘွင်းကြီး ပြောချ လိုက်တယ်။ပြီးတော့ မနော်က ပြောသေးတယ် “နန်း နင် အသည်းသိပ်ကွဲ နေတယ် ထင်ရင်လည်း နင့်အသည်း ဆူပါဂလူးသာ ကပ်ထားလိုက်တော့ ငါ ကြားရတာ နားကြားပြင်း ကပ်လာပြီတ”ဲ့။လက်တွေ့ဆန်တဲ့ မနော်ရဲ့ စကားတွေ ကြောင့် စာသင်နှစ် လေးနှစ်တာ ကာလကို နန်းတစ်ယောက် အဓိပ်္ပါယ်ရှိရှိ ကျော်ဖြတ်နိုင်ခဲ့တာပါ။
စာသင်နှစ်ရဲ့ ဒုတိယနှစ်ဝက်မှာတော့ မောင်တစ်ယောက် လက်ထပ် သွားပြီ ဆိုတဲ့သတင်း တစ်ဆင့်စကားနဲ့ကြားလိုက်ရပါတယ်။မောင့် ဇနီးက နန်းတို့မြို့သူတော့ မဟုတ်ဘူးတဲ့။အသည်းကွဲတယ်ဆိုတဲ့ အရသာကို အသည်း မကွဲဖူးတဲ့သူတွေ ကတော့ ဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲ။တက်္ကသိုလ် တန်းဝင် တွေအောင် ပြီးတဲ့နှစ်မှာ မောင့် ကို မောင့်အိမ်က မိဘအလုပ်အကိုင်ဖြစ်တဲ့ လက်ဖက်ခြောက် ပွဲရုံမှာပဲ ထိုင်စေခဲ့ပြီး အဝေးသင် ဆက်တက် စေခဲ့တယ်နော်။နန်းကတော့ နန်းဝါသနာ ပါတဲ့ သူနာပြု တက်္ကသိုလ် တစ်ခုထဲကိုပဲ လျှောက်ခဲ့တာပါ။မောင်တို့လောက် စီးပွားရေးမပြေလည်ဘဲနဲ့ နန်း တက်္ကသိုလ်သွားတက်ဆိုတော့ လူတွေက နန်းကို မိဘကို မငဲ့ညှာဘူးလို့ စွတ်စွဲခဲ့ကြတယ်နော်။
မောင်ကလည်း မောင်အိမ်မှာ တစ်ဦးတည်းသားဖြစ်သလို နန်းကလည်း နန်းအိမ်မှာ တစ်ဦးတည်းသော သမီးပါ။နန်းအဖေက မောင့်ဖေဖေလောက် ၀င်ငွေ မများ ပေမဲ့ “သမီး ၀ါသနာပါတဲ့ အလုပ်က မွန်မြတ်တဲ့အလုပ်ပဲ၊သူနာပြု တက်္ကသိုလ်ကို စိတ်ဖြောင့်ဖြောင့် သွားတက်ပါ။ဖေဖေတို့မှာ ဒီသမီးတစ်ယောက် ပဲရှိတာ၊ဖေဖေ သမီးကိုကျောင်းထားနိုင်တယ် မိသားစုကလည်း များကြတာမှ မဟုတ်တာ။သမီးမေမေရဲ့ အိမ်ဆိုင်လေးကလည်း မိသားစုဝင်ငွေကို တစ်ဖက် တစ်လမ်း ထိန်းပေးနိုင်ပါတယ်။သမီးကို တက်္ကသိုလ်ပို့တာ ဖေဖေတို့အတွက် အတွက် မနိုင်ဝန်ထမ်းတာ မဟုတ်ပါဘူး သမီး”တဲ့။
မောင်နဲ့နန်း မိသားစုနည်းကြတာချင်း တူပေမဲ့ မောင့်အိမ်က မောင့်ကို ဘယ်မှ မလွှတ်ချင်ဘဲ သူတို့မျက်စိအောက်မှာပဲ ထားလိုသူတွေ။နန်းမိဘတွေ က တော့ အမြင်ကျယ်တယ်ပြောရမလား၊ခေတ်မီတယ်ပဲ ပြောရမလား၊နန်းကို ဒေသ ပေါင်းစုံမှာ လူမျိုးပေါင်းစုံနဲ့ သိကျွမ်းပြီး အသိပညာသစ်၊ အတတ်ပညာသစ် တွေရ စေချင်သူ၊နန်းကို မိသားစု တစ်ခုထဲ၊နေရာဒေသတစ်ခုထဲမှာ မမြုပ်နှံ စေချင်လိုသူတွေ။မောင့်ကို မောင်မိဘတွေက အိမ်ထောင်ပြုပြီး ဇနီးမယား၊ သမီးသားတွေနဲ့ သူတို့နားမှာ သိုက်သိုက်ဝန်ဝန်း နေခိုင်းနေချိန်မှာ နန်းမိဘတွေ ကတော့ သူတို့နားထွက်ခွာဖို့ နန်းကို အတောင်ပံအသစ်တွေ တပ်ပေးနေချိန်ပေါ့။
“နန်းရယ် အဝေးသင်ပဲတက်ပါ၊ငါတို့ အကြာကြီးခွဲဖို့ မလိုဘူးပေါ့။သူနာပြု ဖြစ်ရင် တာဝန်ကျရာနေရာတွေသွားရမှာ၊ကိုယ့်အရပ်ကိုယ့် ပြန်ရဖို့အချိန် ယူရမယ်။နင့်မိဘတွေ အရေးအကြီးဆုံးအချိန်မှာ နင်မရှိနိုင်မှာ မကြောက်ဘူးလား”
လို့ မောင်က ဆိုလာတယ်။“သွားရေးလာရေးခက်လို့ အသက်မသေသင့်ပဲ သေကြရတဲ့ သူတွေရှိတယ်၊ ဆေးဝန်ထမ်းတွေ လောက်လောက်ငှငှ မပေးနိုင်လို့ ကျန်းမာရေး အခက်ကြုံနေရတဲ့ ဒေသတွေမှာ တာဝန်သွားထမ်း ချင်ပါသေးတယ်၊ တိုင်းပြည်တာဝန် ကို တစ်ဖက် တစ်လမ်းက ကူကြည့် တာပေါ့။ပြီးတော့ နန်းအဖေ နဲ့ အမေက အခုကျန်းမာ နေတာပဲ သူတို့မကျန်းမမာဖြစ်တဲ့ အချိန်ကျရင်လည်း နန်း ပြန်လာပြီး ပြုစုပေးလို့ ရတာပဲ” လို့ဆိုမိတော့ “ဒေါ်နန်း ဘုတ်အုပ်ထဲက စာ စကားတွေလျှောက် ပြောမနေနဲ့ ခင်ဗျားပြောပုံက သူနာပြု မလုပ်ရင်ပဲ တိုင်းပြည်ကို အကျိုးမပြုတဲ့သူလို ဖြစ်နေပြီ၊ ခင်ဗျားမသွားလည်း အဲဒီဒေသတွေမှာ သူနာပြု ဆရာမတွေက ရှိပြီးသားပါ၊ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူးဟာ”။တဲ့ မောင်ကတော့ ပစ်ပစ်နှစ်နှစ်ဝေဖန်ခဲ့တယ်။နန်းကလည်း အားကျမခံ “မောင့်လိုသာတွေးပြီး မသွားပဲနေကြရင် အဲဒီဒေသတွေမှာ သူနာပြုတွေရှိနေပါ့မလား”လို့ပြန်ပြောခဲ့တယ်။
“နောက်ပြီး အခု နန်းတို့အရွယ်ကအိမ်ထောင်ပြုရမဲ့ အရွယ်တွေမှ မဟုတ်သေးတာ မောင်ရယ် နန်းကျောင်းပြီးသွားလို့ အလုပ်ဝင်တဲ့ အချိန်ရောက်ရင်လည်း မောင်နဲ့ ယူလို့ ရတာပဲမလား။”လို့ဆိုတော့ “နန်း နင် တာဝန်ကျတဲ့ နောက်ကို မောင်က လျှောက်လိုက် ရမယ်ပေါ့ ဟုတ်လား၊ ပြီးတော့ မောင့်အိမ်က မောင့်ကို အခု တစ်နှစ် နှစ်နှစ်အတွင်း အိမ် ထောင်ပြုစေချင် နေတာ”။တဲ့ နန်းက“နန်းကို ယူရင်ရော မောင့်အိမ်က သဘောကျမှာ မို့လို့လား ဆိုတော့”။ “အခုနန်းက မောင့်ကိုယူမယ်ဆိုရင် အဲဒါတွေ ရင်ဆိုင်ရဲပါတယ်လို့” နန်းမေးခွန်းနဲ့ မသက်ဆိုင်တဲ့ အဖြေကို မောင်ကပေးခဲ့ တယ်လေ။ဒီလိုနဲ့ပဲ နန်းနဲ့မောင် ဘယ်သူကမှ လမ်းခွဲစကားမပြောခဲ့ရပဲ ညောင်ညိုပင်ဇာတ်လမ်း တစ်ခန်းရပ် ခဲ့ကြတယ်နော်။
လေးနှစ်တာကာလရဲ့ စာသင်နှစ်အပြီးမှာတော့ နန်းဒေသကို မပြန်ဖြစ်တော့ဘဲ ဆရာမတစ်ယောက်အကူအညီနဲ့ ရန်ကုန်ကအပြင်ဆေးရုံတစ်ခုမှာနန်း အတွေ့အကြုံရအောင် ၀င်လုပ်နေလိုက်တယ်။ပိုစတင်ကျလာတော့ နန်းက မနော်တို့ရဲ့ ဒေသကို တာဝန်ကျပြီး၊မနော်ကတော့ မြစ်ဝကျွန်းပေါ်ဒေသကို တာဝန်ကျခဲ့ကြတယ်လေ။ပွင့်လင်းတဲ့ ကရင်တိုင်းရင်းသားတွေကြား နန်းပျော်နေတယ် ဆိုပေမဲ့ “ ဇွဲကပင်” တောင်ကြီးကို ကြည့်နေရင်းက ရှမ်းရိုးမ ကိုပဲ မျက်စိထဲမြင်ယောင်နေတာတွေ၊ တာလပေါဟင်း စားနေရင်း က ရှမ်းပဲပုတ်ကို လွမ်းနေတာရတွေကတော့ ဒေသအစွဲကြောင့်ဆိုတာ နန်းဝန်ခံပါတယ်။
နန်းအဖေနဲ့အမေကတော့ ကျန်းမာစွာဖြင့် တာဝန် ထမ်းဆောင်ဆဲပါ ဆိုတဲ့ နန်းရဲ့ စာချွန်လွှာတွေဖတ်ပြီး၊နေရပ်ပြန်မလာသေးတဲ့ သမီးအပေါ် အပြစ်မမြင်ခဲ့ကြပါဘူး၊နှစ်နှစ် တာကာလအတွင်း မနော်တို့ ဒေသမှာ နန်းတစ်ယောက် အတွေ့အကြုံလည်းမျိုးစုံ၊ ပညာလည်းမျိုးစုံ ရခဲ့ပါတယ်။အတွေ့အကြုံ အသစ်တွေကြား အရင်လို မောင့်ကို တမ်းတ မနေနိုင်တော့တာက နန်းအတွက် ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ။နန်း ကိုယ့်ဒေသကို တာဝန်ထမ်းခွင့်ကျလာတဲ့အခါမှ မောင့်ပုံရိပ်
မောင့်အကြောင်းတွေ အတွေးထဲပြန်ရောက်လာတော့တယ်။တာဝန်ကျရာ ရွာကို မသွားခင် အဖေနဲ့အမေ့ နားလေး နန်းခဏအနားယူရင်းနန်းရဲ့ လုပ်ငန်း အတွေ့အကြုံတွေ ပြန်ဖောက်သည်ချဖြစ်တယ်။အဖေကလည်းနန်းကို မောင့်အကြောင်းတွေ အရိပ်အမြွက်ပြောပြခဲ့တယ်။
မောင်မိဘ နှစ်ပါးလုံးမရှိတော့တဲ့ အကြောင်း၊အဲဒီနောက်ပိုင်း လက်ဖက်ခြောက် ပွဲရုံကိုဖြုတ်ပစ်ခဲ့ပြီး ယောက်္ခမဘက်က ရွာမှာ လိမေ်္မ်ာနဲ့ ပန်းသီးခြံတွေဝယ်ပြီး စိုက်ပျိုးနေတယ် ထင်ကြောင်းတွေ ပြောပြနေတယ်။မောင့် ယောက်္ခမ ရွာကိုတော့ အတိအကျ သိပုံ မပေါ်ပါဘူး။နန်းသိလည်း မသိချင် တော့ပါဘူး၊နန်းတာဝန်ကျရာ ဒေသတွေကို လိုက်ရမှာ ကြောက်တဲ့မောင်တစ်ယောက် အခုတော့ လက်ဖက်ခြောက် ပွဲရုံတောင်ဖြုတ်ပြီး မိန်းမရွာကို ကောက်ကောက်ပါအောင် လိုက်သွားတာပါလား။သူတို့သားကို ဇနီးမယား သမီးသားနဲ့ သူတို့နားမှာ သိုက်သိုက်ဝန်းဝန်းနေတာ မြင်ချင်ခဲ့တဲ့ မောင့် အဖေနဲ့အမေ ဘယ်လောက်ကြာကြာ သူတို့မြင်သွား နိုင်ခဲ့လဲ။ကမောက်ကမနိုင်လှ တဲ့ လောကကြီးကို နန်း တရားရမိ သလိုတောင် ဖြစ်သွားတယ်။
နန်း တာဝန်ကျရာ ရွာလေးကိုရောက်သွားတော့ ညနေတောင်စောင်းနေပြီ။ ကျေးရွာကစီစဉ်ပေးထားတဲ့ အိမ်လေးမှာ အထုပ်အပိုးနေရာချရင်း နန်း အိမ်ကို အကဲခတ်ကြည့်လိုက်တယ်။သန့်ရှင်းသပ်ရပ်တဲ့ ဧည့်ခန်းလေးနဲ့အတူ အိပ်ခန်းသုံးခန်းဖွဲ့စည်းထားတာကို တွေ့ရတယ်။ ကျောင်းဆရာမ လေးနှစ်ယောက်က အရင်နေနှင့်ပြီးသား။နန်းကို ဆရာမလေးနှစ်ယောက်က ညစာကျွေးကြတယ်။ညစာစားအပြီး စကားစမြည်ပြောကြရင်း ည ဆယ့်တစ်နာရီ ကျော်သွားတယ်။ကိုယ့်အခန်းကိုယ် အိပ်ယာဝင် ကြပြီး ဆယ့်ငါးမိနစ်လောက်ကြာတော့ “ဆရာမရေ” ဆိုပြီးအိမ်ရှေ့က အော်ခေါ်သံကြားလိုက်ရတယ်။ဘယ်ဆရာမကို ခေါ်တာလဲမသိလို့ ခဏငြိမ်နားထောင်နေတုန်း မျက်နှာချင်းအိပ်ခန်းထဲက ကျောင်းဆရာမလေးက ထွက်မေးနေသံကြားလိုက်ရတယ်။
နန်းနဲ့ သက်ဆိုင်တယ်ဆိုတာသိရတာနဲ့ နန်း မအိပ်သေးကြောင်း အသံပြုလိုက်ရတယ်။သူတို့ခြံရှင်ရဲ့ အမျိုးသမီး မီးဖွားချင်သလိုဖြစ် နေလို့ ဆရာမလေး ကိုလာခေါ်တာလို့ပြောတော့ နန်းလည်း ဆေးအိတ်ဆွဲပြီး လိုက်သွားလိုက်တယ်။ရောက်ရောက်ချင်း ညရဲ့ ပွဲဦးထွက်ပေါ့လို့ နန်းတွေးလိုက်မိတယ်။နန်း အိမ်ထဲဝင် လိုက်တယ်ဆိုရင်ပဲ အမျိုးသမီးရဲ့ ငြီးတွားသံ သဲ့သဲ့ကို ကြားလိုက်ရတယ်။ စိုးရိမ်သောကမျက်နှာနဲ့ အမျိုးသမီးကြီးက နန်းဝင်လာတာတွေ့တော့ စိတ်သာရာ ရ သွားပုံပေါ်တယ်၊မိခင်လောင်းရဲ့ အမေထင်ပါတယ်။အရင် ကိုယ်ဝန်နှစ်ကြိမ် ဆောင်ဘူးပေမဲ့ အဖတ်မတင်ဖြစ်ခဲ့တယ်လို့ နန်းကို ရှင်းပြနေတယ်။
နန်းပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရင်း မိခင်လောင်းကို ကြည့်လိုက်တော့ အသက်အနည်းနည်း ကြီးပုံပေါ်တယ်။ကလေးက မိခင်ဗိုက်ထဲမှာ ကန့်လန့်ဖြစ်နေပြီး အနေအထားမှန်အောင် လှည့်ပေးတော့လည်း ခြေက ဖွားဖြစ်နေတယ်။အသက်လုပြီး မီးဖွားပေးလိုက်ရတာ မဟုတ်ပေမဲ့လည်း အချိန်မီ မီးဖွားမပေးနိုင်ရင်၊မီးဖွားပေးတဲ့သူ မကျွမ်းကျင်ရင် မိခင်ရော ကလေးကိုပါ အသက်အန်္တရာယ်ထိခိုက် နိုင်တယ်။နန်းရဲ့ပွဲဦးထွက် အောင်မြင်မှုပေါ့။ကလေးက မိခင်နို့စို့နေပြီ ဖြစ်တဲ့အချိန် နန်းလည်းဆေးအိတ်တွေသိမ်းပြီး ပြန်ဖို့ပြင်ဆင်တော့တယ်။အဲဒီအချိန်မှာ အမျိုးသားတစ်ယောက် ရဲ့အသံကို ကြားလိုက်ရတယ်။“ကျေးဇူးတင်လိုက်တာ ဆရာမရယ် မနက်ဖန် မနက်ပဲ မီးဖွားဖို့ မြို့ကိုကြို ပြီးသွားတော့မလို့ မွေးဖို့သတ်မှတ်ထားတဲ့ရက်က နှစ်ပတ်ကျော်ကျော် လောက် လိုသေးတော့ ဒီလောက်မြန်လိမ့်မယ် မတွေးလိုက်မိဘူး”တဲ့။နန်းဘယ်လိုမှ မမေ့နိုင်တဲ့ ဒီအသံ၊သေချာအောင် လှည့်ကြည့်လိုက်တော့ မှုန်ဝါးနေတဲ့ မီးရောင်အောက်မှာပေမဲ့ စွဲလန်းခဲ့ဖူးတဲ့ အရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
“နှမ်းတစ်စေ့ပေမဲ့ ဆီတော့ ဖြစ်တယ်မဟုတ်လား မောင်မောင်ရယ်” လို့ နံမည် အပြည့်အစုံ ခေါ်ပြီး နန်းက ပြောလိုက်တော့ “ဟာ နန်း နင်ဖြစ်နေတာလား၊ဒါ ငါ့အမျိုးသမီးလေ ဒါငါတို့ရဲ့ သားဦးပဲ၊အမျိုးသမီးက ငါ့ထက် ခြောက်နှစ်ကျော်ကြီး တယ်တဲ့”။“အေးလေ နန်းမဖြစ်လို့ဘယ်သူဖြစ်နိုင်မှာလဲ၊”လို့ဆိုတော့ “ဟုတ်တယ်ဟာ ဒေသခံလူမဟုတ်ကြတော့ မကြာခဏ သူနာပြုဆရာမလေးတွေ ပြောင်းနေတယ်၊ နောက်အသစ်တစ်ယောက် ထပ်မလာနိုင်သေးသ၍ ရွာမှာ သူနာပြုနေရာ လစ်ဟာနေမြဲပဲ။သူတို့ကိုလည်း အပြစ်ပြောလို့မရ ပါဘူး။ကိုယ့်ဒေသမှာသာ ကိုယ်ပျော်ကြမှာပဲလေ”တဲ့။ တော်တော် တိုးတက်လာတဲ့ မောင့် အတွေးအခေါ်တွေပါလား။
အရင်က နန်းကို သူနာပြုဆရာမ မလုပ်ဖို့ အတိုက်အခံပြောခဲ့တာ သူမဟုတ် သလိုပါပဲလား။ သူ့သားမျက်နှာကို တစိမ့်စိမ့်ကြည့်နေတဲ့ မောင့်မျက်လုံးမှာ အရင်ကလို အမုန်းတွေ မရှိတော့ပါဘူး။နန်းနဲ့ ပတ်သက်ပြီး သူဘာမှ မခံစားခဲ့ဘူးသလို၊နန်းကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဘူးသလိုပဲနော်။ဘာပဲဖြစ်ဖြစ် မောင့်အမုန်း၊မောင့်အမျက် တွေပြေဖို့ စောင့်ခဲ့ရတဲ့ ခြောက်နှစ်တာ ကာလဟာ အခုတော့လည်း ဘာမှ မကြာ လိုက်သလိုပါပဲလား။တစ်ကယ့်ကို ဘာမှ မကြာလိုက်သလိုပါပဲ။
အောက်တိုဘာလထုတ်၊မဟေသီ မဂ္ဂဇင်းပါ ၀တ္ထုတို ။'ရသ ချွတ်ခြုံ '
Posted by
Unknown
at
1:30 AM
Tuesday, October 7, 2014
(၁)
ဒေါ်ယဉ်ယဉ်ထွန်း တစ်ယောက် ကျွန်းဆက်တီ ကုလားထိုင်ပေါ်တွင် ခြေနှစ်ဖက်စလုံး စုံတင်ပစ်ထိုင်ရင်း သမီးငယ်၏ပုံရိပ်ကို ထိုင်ကြည့်နေမိသည်။သမီးနှစ်ယောက်ကို ဆိုဆုံးမလွန်းသော မိမိကြောင့်လား၊ကလေးများကို အရွယ်မတိုင်ခင် တရားဓမ်္မများ ဟောကြားထားသည့် သူတို့အဖေကြောင့်လား။သမီးငယ်နှင့် ပတ်သက်ပြီး စိတ်ထဲ နေလို့မကောင်းသည်မှာ တစ်နှစ်နီးပါး ရှိနေခဲ့ပြီ။သမီးကြီး တက်္ကသိုလ်ဝင်တန်းအောင်တော့ ဘာသာစုံဂုဏ်ထူးထွက်သည်။ဆေးအမှတ်ကို မှီသော်ငြား သူဝါသနာပါရာ ပိုလီ တက်ချင်သည်ဟုဆိုကာ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။စင်ကာပူ အစိုးရထံမှ ပညာသင်စရိတ် အထောက်အပံ့ ရရန် အရည်အချင်း ပြည့်မီသဖြင့် မိဘများက သူ့အတွက် ပိုက်ဆံ သိပ်မကုန်ခဲ့ရ။သမီးငယ်သည်လည်း ငါးဘာသာဂုဏ်ထူးဖြင့်အောင်သည်။သူ ၀ါသနာပါရာ ဆေးတက်္ကသိုလ်တွင် ပညာသင်ကြားနေသည်။သမီးနှစ်ယောက်စလုံးပင် ငယ်စဉ်ကတည်းက စာတော်ကြသည်၊လိမ်္မာရေးခြားရှိသည်။အရွယ်ရောက်လာတော့ မိန်းကလေးတစ်ယောက်အတွက် ထိန်းသိမ်းအပ်သည့်၊တန်ဖိုးထားအပ်သည့် အရာများကိုသင်ကြားရသည်။သမီးတို့ အဖေကလည်း အခုနောက်ပိုင်း တရားဓမ်္မမှာ ပျော်မွေ့လာပြီး ပြောအပ်သည့်စကား၊ပြောသင့်သည့် စကားတို့ကိုသာ ပြောသင့်ကြောင်း နေ့စဉ် တရားဟောနေတော့သည်။ တစ်ခါတစ်ရံ ဒေါ်ယဉ်ယဉ်ထွန်းပင် သူတို့ အဖေကြောင့် စီးပွားရေးစကား ပြောရသည်ကို စိတ်မလုံတော။့
ပြီးခဲ့သည် နှစ်လခန့်လောက်က သမီးကြီးရှိရာ စင်ကာပူနိုင်ငံသို့ သမီးငယ်လေးနှင့်အတူ လိုက်သွားကြသည်။တက်ကြွလန်းဆန်းနေသည့် သမီးကြီးမျက်နှာက ဒီမှာရှိစဉ်ကထက်ပင် ပိုလှနေသည်။သူ့အနီးအနားက လူများနှင့် လိုက်လျော ညီထွေရှိလွန်းသည်ကို တွေ့ရတော့ အပေါင်းအသင်းနည်းခဲ့ဖူးသည့် သမီးကြီးမှ ဟုတ်ပါလေစ ဟုပင် တွေးမိသည်။လှုပ်ရှားဟန်များကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမှန်း သေချာလှသည်။မြန်မာပြည်မှာ ရှိစဉ်က သမီးနှစ်ယောက်၏ ပုံရိပ်များက သိပ်မကွာခြားလှသော်လည်း ယခုနှိုင်းယှဉ်ကြည့်တော့မှ သမီးငယ်လေး၏ မျက်နှာမှာ တစ်ခုခု ပျောက်ဆုံးသလို ခံစားနေရသည်။သမီးကြီး ကျောင်းသွားတက်စဉ် အချိန်များက ဒေါ်ယဉ်ယဉ်ထွန်းတစ်ယောက် အပူပေါင်းစုံ စုစည်းနေသည်။မိဘ မမြင်ကွယ်ရာမှာ တစ်ယောက်တည်း ကျောင်းထားရမှာကို စိတ်မချနိုင်ခဲ့။မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေကို ပစ်ပြီး စင်ကာပူသို့ လိုက်ရသည်မှာ အကြိမ်ကြိမ်။သမီးတို့၏ ငယ်ဘ၀ ၀န်းကျင်က ကျဉ်းမြောင်းလှသည်၊အပေါင်းအသင်း သူငယ်ချင်းများ၏ အရေအတွက်က လက်တစ်ဖက်စာတောင် မပြည့်ချင်။ကျောင်းစာ မှလွဲ၍ ဘာမှ မလေ့လာခဲ့သော သမီးများက စာတော်တာ တစ်ခုကလွဲလျှင် ကျန်သည့် အရည်အချင်းများ နည်းပါးခဲ့ရသည်။ဒီလိုအဖြစ်ကိုလည်း အခုချိန်မှ ဒေါ်ယဉ်ယဉ်ထွန်း သုံးသပ်မိခြင်းဖြစ်သည်။ယခင်ကတော့ သမီးများ ဘာမှ မသိခြင်းကိုပင် မိမိ အသိုင်းအ၀ိုင်းကြား ဂုဏ်ယူစွာ ပြောခဲ့ဖူးသည်။
အပေါင်းအသင်းနည်းသည့် သမီးများကလည်း စကားပြောစရာ အဖော်ဆိုလျှင် ဒီအမေ တစ်ယောက်တည်းသာ ရှိသည်ဟုထင်နေကြသည်။အမေကို ဘာမဆို ဖွင့်ပြောတိုင်ပင်တတ်သည့် အလေ့အကျင့်ကိုလည်း မိမိကိုယ်တိုင် လုပ်ပေးခဲ့မိသလို ဖြစ်နေသည်။သူငယ်ချင်းပေါင်း ပေါင်းတော့ သူတို့ အန်္တရာယ်ဖြစ်စေမည့် အရာများကို ကြိုမြင်၊ကြိုကာကွယ်ပေးနိုင်သည် အတွက် ကောင်းသည်ဟု မှတ်ယူခဲ့ဖူးသည်။အခုတော့ ဒေါ်ယဉ်ယဉ်ထွန်း အဲဒီလို မဖြစ်စေချင်တော့။အထူးသဖြင့် သမီးငယ်နှင့် ပတ်သက်လျှင် ဖြစ်သည်။သမီးငယ် ဆေးတက်္ကသိုလ် ဒုတိယနှစ်တွင် ချစ်သူထားဖြစ်သွားသည်။အစစ အရာရာ ပြောပြနေသည့်အတွက် သမီးငယ်၏ ကောင်လေးက ဆွေကြီး မျိုးကြီးထဲ ကမှန်းသိရသည်။လူကိုယ်တိုင် တွေ့ရသောအခါ ခေတ်လူငယ် ပုံစံဖြစ်သော်လည်း ရည်ရည်မွန်မွန် ရှိသည်။ဒါကြောင့် မိမိကပဲ ချစ်သူအဖြစ် ရွေးချယ်ရန် တိုက်တွန်းမိသည်။ကောင်လေးက သမီးငယ်ထက် တစ်တန်းကြီးသည်။အနေတည်၊စာတော်သည့် သမီးငယ်ကို တော်ရုံ ယောက်ျားလေးများက မိတ်ဆွေဖြစ်ဖို့ပင် ရွံ့ကြသည်။
ဒီလိုဆို တော့လည်း သမီးငယ်တွင် ရွေးချယ်ခွင့်က နည်းသွားသလို ဖြစ်နေသည်။အများကြားက ခေါင်းခေါက် ရွေးချယ်ရခြင်းမျိုးမဟုတ်ဘဲ အနီးနားကပ်လာသည့် သူကိုသာ လေ့လာခွင့်ရတော့သည်။ဒေါ်ယဉ်ယဉ်ထွန်း ငယ်စဉ်က အဒေါ်တစ်ယောက် ပြောဖူးသည့် အိမ်ထောင်ဘက်ရွေးချယ်သည့် ဥပမာပေးလေးကို သတိရမိသည်။
“မိန်းကလေးတစ်ယောက် အိမ်ထောင်ဘက်ရွေးတယ်ဆိုတာ ဘုရားပွဲဈေး လျှောက်သလို လျှောက်ရတယ်အေ့။ဝင်ဝင်ချင်း ဆိုင်တန်းက ပစ်္စည်းတွေကို အကောင်းဆုံးထင်ပြီး ကြိုက်မိမှာပဲ။အဲဒါ မ၀ယ်လိုက်နဲ့အုံး၊ဆက်လျှောက်သွား နောက်တစ်ဆိုင်ရောက်တော့လည်း တွေ့တဲ့ ပစ်္စည်းက ပိုကောင်းနေရော။အဲ ဆက်လျှောက်ရင်းနဲ့ ဈေးတန်းကြီးလည်း ဆုံးသွားရော ဘယ်ဆိုင်ပစ်္စည်းက အကောင်းဆုံးလဲဆိုတာ မှန်းတတ်သွားပြီ။အဲဒီအချိန်မှ ၀ယ်လိုက်တော့။အနာအဆာ ရှိတောင် နည်းနည်းပါးပါးပဲပေါ့အေ”တဲ့။
ဒီအတိုင်းသာဆို သမီးငယ်က ဈေးတန်းကိုပင် မလျှောက်၊ဈေးတန်းအပြင်ကနေ လှမ်းကြည့်ပြီး ၀ယ်သလိုဖြစ်နေပါပြီ။
(၂)
သမီးငယ် ချစ်သူ ထားဖြစ်သွားတာလည်း ဒေါ်ယဉ်ယဉ်ထွန်း တိုက်တွန်းချက်ကြောင့်ဆို ပိုမှန်လိမ့်မည်။ သူဖြစ်ပျက်ခဲ့သမျှ ပြန်ပြောတတ်နေတော့ ကိုယ်ကပါ ရည်းစားလိုက်ထား နေရသလို ဖြစ်နေသည်။
“မေမေ သူက နှစ်ယောက်တည်း ကော်ဖီဆိုင်သွားချင်လို့တဲ့ ခေါ်နေတယ်။အဲဒါ လိုက်သွားရမလား“”
အမေတစ်ယောက်အနေနဲ့ မယုတ်မလွန် အမေး မေးလိုက်ပါသည်။
“သမီးက လိုက်သွားချင်လို့လား”
“မေမေပြောထားတာ ခေါ်တိုင်းလိုက်ရင် မိန်းကလေး တန်ဖိုးကျသွားမယ်ဆို”
ကိုယ်ပြောဖူးတဲ့ စကားနဲ့ ချည်နှောင် ပြန်မေးတဲ့ သမီးငယ်ကို ဒေါ်ယဉ်ယဉ်ထွန်းက
“မဟုတ်ဘူးလေ သမီးရဲ့ လူမြင်ကွင်းလို နေရာမျိုးတွေကတော့ သွားလို့ရပါတယ်။”
တစ်ခါတစ်ရံကျတော့လည်း
“မေမေ သူကလေ ကျောင်းဝင်းထဲ ခုံမှာထိုင်ကြရအောင်တဲ့၊သမီးကတော့ ကျောင်းသူဆိုတာ စာသင်ကျောင်းခန်းထဲမှာပဲ ရှိနေရမှာ တွေ့ချင်ရင် စာသင်ခန်းထဲကို လာခဲ့လို့ ခေါ်လိုက်တယ်” လို့ဆိုပြန်ပါသည်။
“အဲဒီတော့ သူက လာတွေ့လား” ဆိုသည့် အမေးကို
“လာတွေ့တယ် မေမေရဲ့၊မေမေပြောတာ ဟုတ်တယ်နော် ယောက်ျားလေးတွေက သူတို့တောင်းဆိုတာ မရရင် သူက ပြန်လိုက်လျော တတ်ကြတယ်။”ဟု ပြန်ဖြေနေပါသည်။
မကြာခဏကြားနေရတော့ “အကုန်လုံး မေမေ့ကို မပြောနဲ့ သမီးဘာသာ လိုက်သွားပြီးမှ မေ့မေ့ကို ပြန်ပြောလည်း ရပါတယ်။ခွင့်တောင်း မနေပါနဲ့။သမီးငယ်ကို မေမေယုံတယ်”လို့ ချုပ်လိုက်ရသည်။
တစ်ရက်တော့ သမီးငယ် ကောင်လေးက အိမ်ကို လိုက်လာသည်။ကိုယ်တိုင်ကလည်း တွေ့ချင်နေသည်မို့ လာခဲ့ဖို့ ခေါ်လိုက်မိသည်။ကိုယ့်ကို “မေမေ” ဆိုတဲ့နာမ်စားထပ် တလဲလဲ သုံးပြီး သမီးငယ်နှင့် ပတ်သက်သည့်အကြောင်းတွေ ပြောနေပါသည်။
“သူ့ကို ချစ်စကားပြောဖို့ ရှစ်လ လောက် အချိန်ယူရတာ မေမေရဲ့၊ ကျွန်တော့် သူငယ်ချင်းတွေဆို မိန်းကလေးတစ်ယောက်ကို အဲဒီလောက် စိတ်ရှည်ပြီး ဘယ်သူမှ မလိုက်ကြဘူး။”
“ပိုးက အကုန်လုံးကောင်းပါတယ်၊စာလည်းတော်တယ်၊အနေလည်းတည်တယ်၊ချစ်ဖို့လည်းကောင်းတယ်။လူငယ်တစ်ယောက်မှာ ရှိရမဲ့ ခံစားချက်တွေ ပျောက်နေတာပဲခက်တယ်။ဘယ်လို ပြောရမလဲ မေမေရယ် ၊ပျော်ရွှင်မှုတွေ ပျောက်နေတယ်လို့ ပြောရမလားပဲ။ပိုးနဲ့ စကားပြောတိုင်း ကျွန်တော် အဲဒီလို ခံစားရတယ်။”
စင်ကာပူ သွားလည်စဉ်က သမီးကြီးနှင့် သမီးငယ် ကွာခြားတာကို သတိထားမိပေမဲ့ ဒေါ်ယဉ်ယဉ်ထွန်း သေချာ မသိခဲ့။အခု သမီး ကောင်လေးပြောမှ သမီးငယ် မျက်နှာမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတာကို သတိထား မိရသည်။သူ့ကိုယ်သူ ပျော်မနေဘူး ဆိုသည်ကိုတောင် သမီးငယ် သိရဲ့လား မသိ။
တစ်ညနေ သမီးငယ် သူ့ကောင်လေးနှင့် ဖုန်းပြောနေရင်း စကားများကြသည် ထင်သည်။ခပ်လှမ်းလှမ်းမှ တီဗွီကြည့်ရင်း အသံကို နားစွင့်နေမိသည်။
“ရတယ်လေ စာမေးပွဲလည်း နီးနေပြီပဲ စာလုပ်ကြတာပေါ့” ခပ်အုပ်အုပ် အသံဖြင့် ပြောရင်း ဖုန်းချလိုက်တာ မြင်သည်။အမေကို လှမ်းကြည့်သော်လည်း ဘာမှ မပြောသဖြင့် ပြန်ကြည့်ရုံသာ ကြည့်လိုက်မိသည်။
ထိုတစ်ပတ်လုံး စာကြည့်စားပွဲ မခွာတော့။ဒါပေမဲ့လည်း စာထဲအာရုံ မရောက်သည့် အချိန်က များနေတတ်သည်။အခုအချိန်ထိ အမေနှင့်အတူအိပ် နေသေးသဖြင့် ညဘက် သက်ပြင်းချသံတို့ ကြားရသလို၊ တစ်ရေးနိုးမျက်စိဖွင့်ကြည့် လိုက်မိလျှင် စိုစွတ်နေသည့် မျက်ဝန်းတို့ဖြင့် ရှိနေတတ်သည်ကို မြင်ရသည်။အမေနှင့် အတူအိပ်ရသဖြင့် ခံစားချက်များကို လွတ်လပ်စွာ ပွင့်ထွက်ခွင့် မရှိရသလို ဖြစ်နေပြီလား။ငယ်စဉ်ကတည်းက ခွဲသိပ်ဖို့ စဉ်းစားကြည့်ဖူးသော်လည်း အပျိုအရွယ် ရောက်သည်ထိ အကောင်အထည် မဖော်ဖြစ်ခဲ့။နောက်ဆုံး သမီးတို့အဖေကသာ အိပ်ယာခွဲ အိပ်သွားရသည်။သမီးကြီးသည်လည်း စင်ကာပူ ထွက်မှသာ ခွဲအိပ်ဖြစ်တော့သည်။အခုချိန်မှ ခွဲအိပ်ဖို့ ပြောကြည့်တော့ သမီးတို့ကိုယ်တိုင်က မအိပ်တတ်တော့။
သမီးငယ်တို့ ကျောင်း စာမေးပွဲထုံးစံအရ၊ဒီနေ့ ဖြေပြီး နောက်တစ်နေ့ အောင်စာရင်းထွက်သည်။
အောင်စာရင်း ထွက်ပြီးနောက်တစ်နေ့ ကောင်လေးက အိမ်ရောက်လာသည်။ဧည့်ခန်းထဲတွင် ထိုင်ရင်း စကားပြောနေကြသည့် စကားသံအချို့ ကော်ဖီဖျော်ပေးရင်း က ကြားနေရသည်။
“အစ်ကိုနဲ့ စကားမပြောတဲ့ အချိန်တွေတုန်းက ညီမလေး ဘာလုပ်နေလဲဟင်”
ကောင်လေး၏ ကျေအေးစကားသံကို သမီးငယ် တုန့်ပြန်ပုံက
“ဒီလိုပဲ လုပ်နေကြ အလုပ်တွေတော့ လုပ်ရတာပဲလေ”
“ညီမလေးက စာကျက်လည်း ပျက်ပုံ မပေါ်ဘူးနော်၊ဘာမှ သိပ်မခံစားရသလိုပဲ”
ကောင်လေး၏ တစ်ဆင့်တက်စကား။
“အဲဒီလိုလည်း မဟုတ်ပါဘူး၊အမှတ်တွေ အများကြီး ကျသွားတာပဲ”
သမီးငယ်၏ ဖြေရှင်းစကားကြောင့် ကောင်လေး စိတ်တိုသွားပုံရသည်။
“ညီမလေးအမှတ်ကျသွားတာ ဂုဏ်ထူးနား ကပ်နေတဲ့အမှတ်ပါ။ခါတိုင်းလို ဂုဏ်ထူး မထွက်တာပဲရှိတာ။အစ်ကိုက မင်နီတွေ ဗလပွနဲ့ စာမေးပွဲ ကျတာလေ။”
“အဲဒါတွေကြောင့် အစ်ကို့ ကို မကြိုက်တာ၊ရန်ဖြစ်တာ ဖြစ်တာပဲ ။ကိုယ်လုပ်ရမဲ့ အလုပ်ကို လုပ်ရမှာပဲ။အစ်ကိုက ခံစားချက်ကို ဦးစားပေးလွန်းတယ်။
“ဟုတ်တယ်၊အစ်ကိုက ခံစားချက်ကို ဦးစားပေးတယ်။ညီမလေးကတော့ ခံစားချက်ကို မရှိတာ။မရှိတာမှ လူငယ်တစ်ယောက်မှာ ရှိရမဲ့ ခံစားချက် ဆိုတာကိုတောင် မသိတာ။လူငယ်တစ်ယောက်အနေနဲ့ စိတ်ခံစားချက်အတိုင်း တုန့်ပြန်ရမှာပဲ။စိတ်တိုနေရင် ၊ချစ်သူနဲ့ပတ်သက်ပြီး အသဲကွဲနေရင် စာလည်း ကျက်ချင်စိတ်မရှိဘူး။ညီမက ကိုယ့်ဘာသာ ပျော်လား၊မပျော်ဘူးလား ဆိုတာတောင် သိမနေတာ၊”
ဒေါ်ယဉ်ယဉ်ထွန်း ကြားနေရသည့် စကားသံတို့က ပြင်းထန်လာသည်ထင်သည်။ကောင်လေးက မောသွားဟန်ဖြင့် ခေတ်္တနားလိုက်သည်။
“ညီမနဲ့ ရန်ဖြစ်တော့ ခံစားရတယ်။သူဘာလို့ ငါ့ကို နားမလည်နိုင်ရတာလဲလို့ တွေးပြီး စိတ်မကောင်းဖြစ်တယ်။အစ်ကိုက ကျောင်းရဲ့လှုပ်ရှားမှုတွေ အာလုံးမှာ ပါဝင်တယ်။စာဘက်မှာ နည်းနည်းပါးပါး ပေါ့လျှော့ သွားပေမဲ့ ဆရာဝန် မဖြစ်သည်ထိတော့ မလုပ်ပါဘူး။ညီမကတော့လူငယ်တွေ လုပ်ရမဲ့တာဝန်ဆိုတာလည်းမသိ၊အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ဆိုတာလည်း ဝေး၊တက်္ကသိုလ် ကျောင်းသူနဲ့ တူတာဆိုလို့ ကျောင်းတက်တာနဲ့ စာကျက်တာပဲရှိတယ်””
ကောင်လေးက သမီးငယ်ကို ဝေဖန်ပြောဆိုလာသည်။အရှိန်တက်နေကြသည့် စကားဝိုင်းထဲ မ၀င်ဘဲ ထမင်းစားခန်းထဲက ကုလားထိုင်ပေါ်တွင်ထိုင်ရင်း နားစွင့်နေမိသည်။
“ညီမ စဉ်းစားကြည့်၊အစ်ကိုတို့လို စုံတွဲတွေကို ကျောင်းဝန်းထဲ နေရာအနှံ့တွေ့ရသလို။အပြင်ကော်ဖီဆိုင်မှာ၊အအေးဆိုင်မှာ၊ရုပ်ရှင်ရုံတွေမှာလည်း မြင်နေရတယ်။အစ်ကိုလည်း ချစ်သူ သဘာဝ အတူတွဲသွားချင်တာပဲ၊ညီမ ကိုခေါ်မိရင် အရွယ်နဲ့ မလိုက်နဲ့ စကားသံတွေပဲ ကြားရတယ်။ကြာလာတော့ အစ်ကိုလည်း စိတ်ပျက်မိတာပဲ”။တစ်ခါတစ်လေ အစ်ကိုတွေးမိတယ်။အစ်ကို ကို့ တစ်ကယ်ချစ်တာ ဟုတ်ရဲ့လားလို့။တစ်ကယ်ချစ်မိရင် ခံစားတတ်ကြတာပဲဟာ။”
ကောင်လေး၏ စကားကြောင့် ဒေါ်ယဉ်ယဉ်ထွန်း ကြားထဲကနေ မရိုးမရွ ဖြစ်လာသည်။“ပြောလိုက်ပါလား သမီးငယ်ရယ် ညီမလည်း ခံစားနေရပါတယ်လို့၊တစ်ကယ်ချစ်တာပါတို့”ဒေါ်ယဉ်ယဉ်ထွန်း ပါးစပ်မှ တီးတိုးပင် ထွက်သွားမိသည်။
“အဲဒီလိုတော့ မဟုတ်ပါဘူး”
ဘယ်လို မဟုတ်မှန်းမသိသည့် အဖြေစကားမကျ စကားသံကိုသာ သမီးငယ်ထံမှ ကြားလိုက်ရသည်။သည်လိုနှင့် ချစ်သူနှစ်ဦး ဖြေရှင်းမှုက ပြီးဆုံးသွားကြသည်။
(၃)
မပြီးဆုံးနိုင်သည်က ဒေါ်ယဉ်ယဉ်ထွန်းပဲ ဖြစ်သည်။သမီးငယ် တစ်ကယ်ချစ်ပြီး၊တစ်ကယ်ခံစားနေရသည်ကို သိနေသည်။
“သမီးငယ်ကလည်း ပြောလိုက်တာ မဟုတ်ဘူး၊သမီးလည်း ခံစားရတာပဲဟာ။သူ့တစ်ယောက်တည်း ဖြစ်နေတာမှ မဟုတ်တာ”။
သမီးကိုပင် ဖွင့်ပြောလိုက်မိသည်။
“ပြောရမဲ့ စကားမဟုတ်ဘူးလားလို့ တွေးမိလို့ပါ။သူ သိမယ်လည်း ထင်လို့။ပြီးတော့ သူခေါ်တိုင်းလည်း မလိုက်သင့်ဘူးထင်လို့ ဘယ်မှ သိပ်မသွားခဲ့တာ။”မပွင့်တပွင့် တုန့်ပြန်လာသည်။
“အလိုတော် --- ချစ်သူဘ၀မှာ ချစ်တယ်လို့ပြောတာ ၊သတိရတယ်လို့ ပြောတာ ပြောရမဲ့
စကားပေါ့ဟဲ့၊တစ်ချို့စကားတွေက သိပြီးသားပေမဲ့ ပြောပေးရတယ်။ကြားချင်တာပေါ့။”
ဒေါ်ယဉ်ယဉ်ထွန်းပင် သမီးငယ်ကို စိတ်မရှည်ချင်တော့။
“ကျောင်းက အတွဲတွေမှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို အရမ်းလိုက်လျော နေသလားလို့”
သမီးငယ်က ဘာကို တွေးမိသွားပြီး ပြောလိုက်သည် မသိ။
“သမီးရယ် ချစ်သူထားတယ်ဆိုမှတော့ လက်လေးကိုင်၊ပါးလေးတော့ နမ်းချင်ကြမှာပေါ့။မေမေ ပြောတဲ့ တန်ဖိုးဆိုတာ အပျိုဂုဏ်ကို မပျက်အောင်ထိန်းရင် ရပါပြီ။”
သမီးကို ပြောလိုက်ပြီးမှ ဒေါ်ယဉ်ယဉ်ထွန်း တွေးမိသည်၊အမေ တစ်ယောက်အနေဖြင့် သိပ်များ ရက်ရောလွန်းသွားပြီလား။
ဟိုတစ်နေ့ ဖတ်ဖြစ်သည့် ဖေ့စ်ဘွတ်ထဲမှ ကာတွန်း ဟာသလေးတစ်ပုဒ်ကို အတွေးက ရောက်သွားသည်။ဖေ့စ်ဘွတ်ကို သမီးငယ်က သူ့အကောင့်ဖွင့်ထားသော်လည်း ဒေါ်ယဉ်ယဉ်ထွန်းက ကိုယ်စားသုံးပေးနေရသည်။အဲသည်လောက်ထိ လူငယ်မဆန်သည့် သမီးပါလေ။ကာတွန်းပုံထဲတွင် ကောင်မလေးက စကပ်အတို ၀တ်ထားပြီး ခါးပတ်ကို ဒူးခေါင်းနေရာတွင်ပတ်ထားသည်။ကောင်လေးက
“ခါးပတ်ကို ဘာဖြစ်လို့ ခါးမှာမပတ်ဘဲ ဒူးခေါင်းမှာ ပတ်ထားရတာလဲ ” ဟုမေးသောအခါ “မေမေက ချစ်သူနဲ့တွေ့ရင် ခါးပတ် အောက်ပိုင်း ပေး မထိရဘူးလို့မှာထားလို့” ဟုကောင်မလေးက ပြန်ဖြေသည်။ခေတ် အခြေအနေ ပုံရိပ်ကို ပုံဖော်ထားသည့် ကာတွန်းလေးဖြစ်မည်။
သမီးနှင့်သူ့ကောင်လေး၏ မအီမလည်ဇာတ်လမ်းကြား ဒေါ်ယဉ်ယဉ်ထွန်း လည်း ရင်လိုက်မော နေမိသည်။
ဒီနေ့ နေ့လည် ကောင်လေး အိမ်ရောက်လာသည်။ဗယ်လင်တိုင်း အထိမ်းအမှတ် ဟုဆိုကာ သူကိုယ်တိုင်လုပ်ထားသည့် ဟန်းမိတ် ပို့စ်ကတ်လေးပေးသည်။သမီးငယ်ကတော့ ဒီနေ့ ဗယ်လင်တိုင်းဒေး ဖြစ်ကြောင်း ကောင်လေးပြောမှ သိသည်။ဒေါ်ယဉ်ယဉ်ထွန်း အမှတ်တမဲ့ လှမ်းကြည့်ပြီး ဧည့်ခန်းနှင့်ကပ်ရပ် ထမင်းစားခန်းထဲသို့ ၀င်လိုက်သည်။ပို့စ်ကတ်လေးက ချစ်စရာလေး ဖြစ်သည်။ပျော်ရွှင်သွားသည့် သမီးငယ်မျက်နှာလေးကို မြင်လိုက်ရတော့ ကျေနပ်သွားရသည်။
“အစ်ကို ကိုယ်တိုင်လုပ်ထားတာ ကြိုက်လား”ကောင်လေးမေးနေသံကြားရသည်။
“အင်း ချစ်စရာလေး၊ ကြိုက်ပါတယ်” သမီးငယ် တုန့်ပြန်သံ အေးစက်စက်နိုင်လှသည်။
“အစ်ကို ကို့ တစ်ခုခုပြောအုံးလေ” ကောင်လေး၏ လေသံက နိမ့်ပြီးပြောသော်လည်း ကြည်နှူးသံတို့က အပြည့်။
“ကျေးဇူးတင်ပါတယ်”
“ဟာကွာ အဲဒီစကားက လူတိုင်းကို ပြောနေကျ စကားလေ” အားမလို အားမရ ကောင်လေး လေသံက အနည်းငယ် ကျယ်လောင်သွားသည်။
“ဒါဆို တစ်ကယ် ကျေးဇူးတင်ပါတယ်”
“တော်ကွာ”
“၀ုန်း”
တံခါးပိတ်သံနှင့်အတူ ကောင်လေး ပြေးထွက်သွားသံကြားလိုက်ရသည်။
ဒေါ်ယဉ်ယဉ်ထွန်း ဧည့်ခန်းထဲရောက်လာတော့ ပို့စ်ကတ်လေး ကိုင်ထားပြီး မျက်ရည်ဝဲနေသည့် သမီးငယ်ကို တွေ့လိုက်ရသည်။ကောင်းလေးကို တစ်ခေါက်ပြန်လာကြည့်စေချင်သည်။ခံစားချက် မရှိဟု သူထင်ထားသည့် သူ့ချစ်သူ ပုံစံကို မြင်စေချင်သည်။အီလီကလီ ပြီပြီတီ မဟုတ်တောင် သမီးငယ်ကို တီတီတာတာ ချွဲချွဲနွဲ့နွဲ့တော့ ပြောတတ်စေချင်သည်။
(၄)
သမီးငယ် အဖြစ်ကိုကြည့်ရင်း ကြည့်ဖူးသည့် ရုပ်ရှင်တစ်ကားကို ပြန်သတိရသွားသည်။ရုပ်ရှင်ကားနံမည်က ဏနမ်နခအ ဃငအပ ဟု ထင်သည်။သေချာမမှတ်မိတော့။မြို့ပြနှင့် ကင်းဝေးသည့် နေရာတွင် အစစအရာရာ ပြည့်စုံသည့် မြို့တစ်မြို့တည်ထားသည်။တည်ထောင်သူ သိပ်္ပံပညာရှင်က ထိုမြို့၏ မြို့တော်ဝန်ဖြစ်သည်။လူနေအိမ်များ၊ခေတ်မီအသုံးအဆောင်များကို ပင် ပြည့်စုံအောင် ဖြည့်ဆည်းထားသည် မဟုတ်။လူတွေကိုပါ ပြည့်စုံသည့် လူတစ်ယောက်အဖြစ် စီမံထိန်းချုပ်ထားသည်။အိမ်ရှင်မတစ်ယောက်သည် ဘယ်လောက် အိမ်မှုကိစ်္စ လုပ်ရ လုပ်ရ ၊ပင်ပန်း နွမ်းခြင်းမရှိ၊မတော်တဆ ဂတ်စ် မီးဖိုးထဲသို့ လက်ဝင်သွားလျှင် ပူလောင်မှုကို လက်ကမခံစားလိုက်ရ။
ချစ်ခြင်းမေတ်္တာမလို၊ယောက်ျားများ အလိုရှိချိန်တွင် မိန်းမများက အမြဲ အဆင်သင့် ဖြစ်နေကြသည်။ပိုက်ဆံဆိုသည်ကိုလည်း ရှာစရာ မလို။ဖဲကစားနေကြရင်း ငွေလိုလျှင်ပင် မိန်းမကိုခေါ်ပြီး ၀မ်းဗိုက်မှ ပိုက်ဆံထုတ်ယူလိုက်သည်။ယုတ်စွအဆုံး
အိမ်မှာ မွေးထားသည် ခွေးကပင် ခွေးတစ်ကောင်၏ အမူအကျင့် မရှိတော့။ဦးနှောက် အသိဥာဏ်ကို စက်များဖြင့် ထိန်းချုပ်ထားသည့်တိုင် ဘာမှ မလိုအပ်လောက် ပြည့်စုံနေကြသောအခါ တစ်မြို့လုံးရှိ မြို့သူ၊မြို့သားများက ငြီးငွေ့လာကြသည်။ထိုအချိန်တွင် မြို့ပေါ်မှ ဇာတ်လိုက် စာရေးဆရာမ တစ်ယောက်က ထိုမြို့သို့ ပြောင်းရွှေ့လာသည်။အကြောင်းအရင်းကလည်း မှန်လွန်းသော သူ့အတွေးအခေါ်၊သူ့ အပြောများကြောင့် မြို့မှနှင်ထုတ်ခံရခြင်းဖြစ်သည်။ထိုစာရေးဆရာမက ဦးဆောင်၍ ခံစားချက်မဲ့ ပြည့်စုံခြင်း ကို တွန်းလှန်လိုက်ကြသည်။ထို့နောက် လူသားပီသစွာ ဆက်လက် နေထိုင်သွားကြသည်။
လူတွေတင် မဟုတ်၊အသီးအနှံများပင် အော်ဂဲနစ် အသီး၊အနှံများက အနာအဆာရှိနိုင်သော်လည်း အန်္တရာယ် ကင်း ပြီး ပိုချိုမြိန်သည်။ဂျီအမ် စနစ်ဖြင့် စိုက်ပျိုးထားသည့် အသီးအနှံများကတော့ အမြင်ကလှပသေသပ်မည်။အလုံးအထည် ကြီးထွားမည်။အော်ဂဲနစ်နှင့်ယှဉ်ရသော် သူက ပိုပြည့်စုံသလို ထင်ရ၍ အစပိုင်းတော့ လူများအကြိုက် တွေ့ကြသည်။နောက်တော့လည်း အော်ဂဲနစ်ကိုသာ ပြန်လည်တန်ဖိုးထားလာကြသည်။သဘာဝတရားအတိုင်းကိုသာ လူများ လက်ခံကြခြင်းဖြစ်သည်။ထိုသို့ဆိုလျှင် လူ့စိတ်သဘောကိုရော၊သမီးငယ်နှင့် ပတ်သက်ပြီး ဒေါ်ယဉ်ယဉ်ထွန်း ဆက်တွေးကြည့်နေမိသည်။
ကောင်လေး ပေါ်မလာသည်မှာ လပေါင်းများစွာကြာသွားပြီ။သူတို့ချင်း ဖုန်းအဆက်အသွယ် ရှိ၊မရှိတော့မသိ။သမီးငယ်၏ အမူအရာများက ပိုလို့လျှို့ဝှက်သွားသည်။မနေ့ညက ဗွီဇက်အိုဖြင့် သူတို့ ညီအစ်မ စကားပြောနေကြသည်။ သမီးကြီး၏ တက်ကြွ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ရင်း သမီးငယ်၏ပျော်ရွှင်မှု ပျောက်ဆုံးနေသော မျက်နှာက ပိုလို့သိသာနေသည်။ ဒေါ်ယဉ်ယဉ်ထွန်း တစ်ယောက် ကျွန်းဆက်တီ ကုလားထိုင်ပေါ်တွင် ခြေနှစ်ဖက်စလုံး စုံတင်ပစ်ထိုင်ရင်း သမီးငယ်၏ပုံရိပ်ကို ထိုင်ကြည့်နေမိသည်။သမီးနှစ်ယောက်ကို ဆိုဆုံးမလွန်းသော မိမိကြောင့်လား၊ကလေးများကို အရွယ်မတိုင်ခင် တရားဓမ်္မများ ဟောကြားထားသည့် သူတို့အဖေကြောင့်လား။အဖြေရှာရင်း သမီးငယ်နှင့် ပတ်သက်ပြီး စိတ်ထဲမှာ နေလို့မကောင်း။ဦးနှောက်အသိဥာဏ် ဖွံ့ဖြိုးမှုကို ဦးစားပေးလွန်း၍ နှလုံးသားခံစားချက်တွေ ပျောက်ဆုံးကုန်ပြီလား။စာရေးဆရာများ၏ စကားကို ငှားသုံးပြီး ပြောကြည့်ရလျှင် သမီးငယ်တစ်ယောက် ရသ ပျောက်ဆုံးနေတာ ဖြစ်ပါလိမ့်မည်။
ရိုးမြေကျ 2014,ကလျာ မဂ္ဂဇင်း။နိုဝင်ဘာလ။
Posted by
Unknown
at
1:24 AM
(၁)
မင်္ဂလာဒုံ အမှတ်(၂) စစ်ဆေးရုံ မှ ကားလမ်း ဖြတ်ကူးရန် ဆွေဆွေစောင့်ဆိုင်းနေသည်မှာ ငါးမိနစ်လောက်ရှိတော့မည်။အရင်လ တွေ လာတုန်းက သည်လောက် ကားမရှုပ်ဟုထင်သည်။မင်္ဂလာဒုံ-ပြည်လမ်းမကြီး ပေါ်တွင်ဖြတ်သန်းသွားသည့် လိုင်းကား အရေအတွက်က နည်းသည်။ခဏအကြာ ဆေးရုံထဲမှ လူနှစ်ယောက်ထွက်လာသည်။သူတို့နှင့် ကပ်လိုက်ပြီး ဆွေဆွေ လမ်းကူးလိုက်သည်။ထိုအချိန် ကားဂိတ်သို့ ဆူးလေ သွားသည့် လိုင်းကားတစ်စီး ထိုးဆိုက်သဖြင့် အဆင်သင့်ပင် တက်လိုက်သည်။နေရာ ရသည့် ထိုင်ခုံပေါ်တွင် နေသားတကျထိုင်လိုက်ပြီး ဆွဲခြင်းတောင်းကို ပေါင်ပေါ်တင်လိုက်သည်။သည်နေ့ ရလာသည့် ဆေးများကို ဖွင့်ကြည့်လိုက်သည်။သည်တစ်ပတ် ဆေးပေးသည့် ဗိုလ်မှူး ကျော်ကျော်က သဘောကောင်းသည်။ဈေးကောင်းရမည့် ဆေးများဖြစ်သည်။အရင်တစ်ပတ် ဆေးမှူးတွေ ကတော့ ဘားပလက်နှင့်ဖြူးရာမင်း ဘီစီတွေသာ ပေးသည်။အဲ့သည့် ဆေးများက ဈေးသိပ်မရ။ဆွေဆွေ မေမေ့ကို လက်ဖက်ရည်တိုက်ပြီး မုန့်လည်း ၀ယ်ကျွေးချင်သည်။သည်နေ့တော့ လက်ဖက်ရည်ဖိုးတစ်ဝက်ကို မေ့မေ့ဆီမှ မတောင်း၊ဒါ့ပြင် ဗိုလ်ချုပ်ဈေးမှ မေမေကြိုက်သည့် ရေမုန့်လည်း ၀ယ်သွားလိုက်မည်။သိမ်ကြီးဈေးတွင် ဆေးအရင် ၀င်ရောင်းရမည်၊ပြီးမှ ဗိုလ်ချုပ်ဈေးဘက် ဆက်သွားမည်။သည်လကုန် ကိုကြီးဆီပြန်လိုက်အုံးမည်။ပုဆိုးနှင့်စွပ်ကျယ်တစ်ထည်လောက်လည်း ၀ယ်ချင်သေးသည်။ပြီးတော့ သမီးဝါ၀ါနှင့်မြေးမလေးအတွက်လည်း မိုးတွင်းစီး ဖိနပ်ဝယ်ပေးချင်သေးသည်။
ဆွေဆွေ ယောက်ျား ကိုကြီး ဦးတင်အောင်သည် စစ်တပ်မှ ပင်စင်စား တပ်ကြပ်ကြီး စာရေးဖြစ်သည်။တပ်၏ ရိက်္ခာသိုလှောင်ရုံကို ကိုင်ရသည်။သည်အချိန်တုန်းက ဆွေဆွေတို့ ရွှေထီးဆောင်းခဲ့သည်။အိမ်မှာ သကြား၊နို့ဆီ၊ကော်ဖီမှုန့်နှင့် အသားများ ၀ယ်စား စရာမလို။ဟန်းကောချိုင့်နှင့် စတီးဇွန်းများလည်း ဆွေဆွေ လိုသလောက်ရနိုင်သည်။နယ်မြို့တွင် တာဝန်ကျသည့် ဆွေဆွေတို့ ထံသို့ ရန်ကုန်မှ မောင်၊ညီမများ လာလည်လျှင် အပြန်လက်ဆောင်အဖြစ် ထည့်ပေးလိုက်နိုင်သေးသည်။ကလေးမရသည့်အတွက် ညီမ တစ်ယောက်မှ မွေးသည့် တူမကို ငယ်ငယ်လေးကတည်းက ခေါ်မွေးစားထားသည်။လောဘမကြီးသည့် ကိုကြီးနှင့် ပစ်္စည်းများတန်ဖိုး သိပ်မသိသည့် ဆွေဆွေတို့ ဘ၀သည် ငြိမ်းချမ်းသည်ဟု ဆိုရမည်။သမီး ၀ါဝါကိုလည်း ချစ်လွန်းသဖြင့် အလိုလိုက်ထားကြသည်။သမီး အရွယ်ရောက်လာချိန်တွင် ကိုယ့် အမျိုးတစ်စုကြောင့် သူ့ကိုယ်သူ မွေးစားသမီးမှန်း သွားခဲ့သည်။ထိုအချိန်မှ စ၍ ပြောမကောင်း၊ဆိုမကောင်း ဖြစ်လာသည်။တစ်ခုခု ပြောဆိုဆုံးမလျှင် “မွေးစားသမီး မို့မလား” ဆိုသည့် စကားဖြင့် မိဘနှစ်ပါးကို အနိုင်ယူလာသည်။ပညာကို ဆုံးခန်းတိုင်အောင် မသင်တော့။အရွယ်မတိုင်ခင် ချစ်သူရည်းစားများ ထားသည်။အမေရင်းထံ ပြန်ပို့ကြည့်လိုက်တော့ ပိုဆိုးလာတော့သည်။ထိုအခါ ကိုကြီးက အသက်မပြည့်ခင် လုပ်သက်ပြည့်ပင်စင်ယူကာ သူ့သမီးကို အမျိုးများနှင့် ဝေးရာ သူ့ရပ်ရွာ ဇာတိတွင်သာ ထားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ကိုကြီး ဦးတင်အောင် ဇာတိဖြစ်သည့် ပဲခူးတိုင်း၊ဂျင်ကလိ ကျေးရွာတွင် အခြေပြန်ချကြသည်။ပင်စင်မှရလာသည့် ပိုက်ဆံလေးဖြင့် အုတ်၊သဲ ကျောက်လုပ်ငန်း စ ကြည့်သည်။တပ်တွင်းမှာသာ တစ်ချိန်လုံး နေလာခဲ့သဖြင့် အပြင်စီးပွားရေး အကြောင်းကို သိပ်နားမလည်။ဆွေမျိုးနီးစပ် တူတစ်ယောက်ကို အကူအညီတောင်းထားရသည်။သမီးဝါ၀ါကတော့ ဂျင်ကလိရွာမှ ခြောက်တန်းမအောင်သည့် အောင်ဝင်းဆိုသူနှင့် အိမ်ထောင်ကျသွားတော့သည်။သမီးကို ချစ်လွန်းသဖြင့် သားမက်ကို အိမ်ခေါ်တင်ကာ အုတ်၊သဲကျောက် လုပ်ငန်း ဦးစီးခိုင်းကြည့်သည်။လောင်းကစား ၀ါသနာထုံသည့် သားမက်က လုပ်ငန်းခွင်ကို စိတ်မ၀င်စား။ရသလောက် ငွေများကို လောင်းကစား လုပ်ပစ်လိုက်သည်။သည် လုပ်ငန်းများကို မကျွမ်းကျင်သည့် ကိုကြီးတစ်ယောက် ပင်စင်ငွေများ ကုန်ချိန်တွင် အုတ်၊သဲကျောက် လုပ်ငန်းလည်း ရပ်ဆိုင်း လိုက်ရတော့သည်။လစဉ်ရသည့် ပင်စင်ငွေလေးဖြင့် သမီးနှင့် သားမက်ကိုပါ တင်ကျွေးထားရသည်။
ဆွေဆွေကတော့ ရန်ကုန်တွင်သာ အနေများသည်။မေမေက ဆွေဆွေ့ကို ခေါ်ထားသည်။ငယ်စဉ်ကတည်းက ဥာဏ်ရည် မပြည့်ဝသည့် ဆွေဆွေ့ကို အသနားပိုသည်။ညီမများကလည်း ပြောပြောဆိုဆို ကျွေးမွေးကြပါသည်။အ၀တ်အစားများကို မငြီးမငြူ ပြောင်စင်အောင် လျှော်ဖွတ်တတ်သည့် ဆွေဆွေကို သူတို့လည်း စေတနာရှိကြပါသည်။တစ်ယောက်စာလောက်တော့ ဘယ်ညီမ အိမ်က ဖြစ်ဖြစ် ခေါ်ထားချင်ကြသည်။ခက်သည်က ဆွေဆွေ ၊နည်းနည်းလေး စုမိ ဆောင်းမိလျှင် ပဲခူးသို့ သွားချင်သည်။ကိုကြီး၊သမီးနှင့် မြေးလေးကို ပေးချင်၊ကျွေးချင်သည်။ဆွေဆွေသည် အရူးလက်မှတ် တရားဝင်ကိုင်ဆောင်ခွင့် ရသူဖြစ်သည်။သွက်သွက်ခါ ရူးသည် မဟုတ်သော်လည်း ပြည့်တော့ မပြည့်။ကိုကြီးကို ချစ်ခင်ခဲ့ကြသည့် အထက်လူကြီးများ စောင်မမှုဖြင့် အာရုံကြောအားဆေးများ၊ စိတ်ငြိမ်ဆေးများနှင့် အခြား အားဆေးအချို့ ကို မင်္ဂလာဒုံ စစ်ဆေးရုံကြီးက လစဉ် ထုတ်ပေးသည်။ထိုဆေး အားလုံးက ဆွေဆွေ့အတွက်အသုံးမ၀င်။ထိုအခါ ထုတ်ဆေးဖြင့်ရသည့် ဆေးများကို သိမ်ကြီးဈေး ဆေးဆိုင်ကြီးများသို့
ပြန်သွင်းလိုက်သည်။ရလာသည့် ငွေများက ဆွေဆွေ့အသုံးစရိတ်ရသည်။မေမေ့အတွက် ညီမ ၀ယ်ပေးထားသော အိမ်တွင် မေမေ နှင့်အတူ ဆွေဆွေ ကပ်နေသည်။သားအမိ နှစ်ယောက်စလုံး လက်ဖက်ရည်ကြိုက်ကြသဖြင့် မနက်တစ်ခါ၊နေ့လည် တစ်ခါ ပိုက်ဆံစပ်သောက်ကြသည်။တစ်ခွက်ဝယ် ၍ ရေနွေးနည်းနည်း ရောရသေးသည်။အခုလို ဆေးရောင်းရသည့် ရက်များဆိုလျှင်တော့ ဆွေဆွေသည့် မေမေ့ ဆီက လက်ဖက်ရည်ဖိုး တစ်ဝက်မတောင်းတော့။ပြီးလျှင် မေမေကြိုက်တတ်သည့် မုန့်များလည်း ၀ယ်လာပေးသည်။
ဆွေဆွေ့တို့ငယ်ဘ၀က အင်စပက်တော် အဖေ့ရာထူး အရှိန်ဖြင့် ကောင်းကောင်းနေခဲ့၊စားခဲ့ရသည်။မေမေ့ အသက် သုံးဆယ့်ရှစ်နှစ်တွင် မုဆိုးမ ဖြစ်တော့ မလုပ်တတ်၊မကိုင်တတ်ဖြင့် ဆွေဆွေနှင့်အောက်က ညီမ တစ်ယောက် အသက်လိမ်ကာ အလုပ်ဝင်လုပ်ကြရသည်။အဖေ့ အပေါင်းအသင်းများက အလုပ်သွင်းပေးကြခြင်း ဖြစ်သည်။ခန်္ဓာကိုယ်ဖွံ့ဖြိုးလာသော်လည်း ဦးနှောက်မှတ်ဥာဏ် ဖွံ့ဖြိုးမလာသည့် ဆွေဆွေကို အလုပ်ထဲက ဆရာများက ကြည့်ရှုစောင့်ရှောက်ပေးကြသည်။သည်လိုနှင့် ကိုကြီးဆိုသူကို ဆွေဆွေ့ဘ၀မှာ တွေ့ခဲ့ရသည်။ဆွေဆွေ့ကို သနားချစ် ချစ်မိသည့် ကိုကြီးက မေမေ့ ထံတွင် တောင်းရမ်း လက်ထပ်ယူခဲ့သည်။ထို မင်္ဂလာဆောင်နေ့ကို ဆွေဆွေ မှတ်မိနေသေးသည်။ချစ်သူ ဘ၀က ကိုကြီး အိမ်သို့ အလည်လာလျှင် စစ်ယူနီဖောင်း အမြဲဝတ်လာလေ့ရှိသည်။မင်္ဂလာဆောင်သည့် နေ့က တိုက်ပုံ၊ပုဆိုးဖြင့် လာသည့် ကိုကြီးကို ဆွေဆွေ ချစ်သူ မဟုတ်ပါဟု ငိုပြီး ငြင်းခဲ့သည့်အတွက် စစ်ယူနီဖောင်း ပြန်လဲကာ မင်္ဂလာဆောင်ခဲ့ကြရသည်။ညီမတွေ ဘယ်လို ပြောသော်လည်း စစ်ယူနီဖောင်းဖြင့်သာ ကိုကြီးကို မှတ်မိနေသည်။
ရိပ်က်္ခာသိုလှောင်ရုံ ကို ကိုင်ရသဖြင့် အသားများက ၀ယ်စားစရာ မလိုအောင်ရသည်။သို့သော် ချုပ်ထားသည့် အင်္ကျီအသစ် ရလာသည့် နေ့မျိုးတွင် ဆွေဆွေသည် အင်္ကျီအသစ်ကို ၀တ်ကာ ဈေးသို့ သွားချင်သည်။ထိုအခါ ရုံးမှ လူကြုံဖြင့် ပေးပို့လိုက်သည့် အသားများကို တွင်းတူးကာ မြေကြီးထဲသို့ မြှုပ်ပစ်လိုက်သည်။ပြီးမှ ဈေးသို့ အသားဝယ် ထွက်ခဲ့လိုက်သည်။ကိုကြီးသည် အလွန် စိတ်ဆိုးသော်လည်း ဆွေဆွေကို သည်းညည်း ခံရှာသည်။ကိုကြီးသည် တစ်လ တစ်ခါ ပန်းကန် ဆေးစင်အောက်ရှိ ရေအိုင်ကို ပေါက်တူးဖြင့် တူးဖော်ရသည်။စတီးဇွန်းများ ဒါဇင်လိုက် ထွက်လာသောကြောင့်ဖြစ်သည်။ပန်းကန်ဆေးရင်း ရေအိုင်ထဲသို့ ကျသွားသည့် ဇွန်းများကို ဆွေဆွေ ပြန်ကောက်လေ့မရှိ။ညီမများကပင် သည်းမခံနိုင်ဘဲ “အရူးပါး”ဟု ဆွေဆွေကို ခေါ်ကြသော်လည်း ကိုကြီးကတော့ “ဆွေဆွေရာ မင်းကွာ” ဟူသည့် အသုံးအနှုန်းလောက်သာ ဆိုဖူးသည်။ဆွေဆွေဘ၀အတွက် ဘာတွေမှ အများကြီးမလို သောက်စရာ ကော်ဖီမှုန့်၊နို့ဆီနှင့် သကြားများလည်း လိုသလောက်ရသည်။ပိုလျှံသည်များကိုပင် အမေနှင့်ညီမများအား ပေးနိုင်သေးသည်။တပ်တွင်းမှာ သမီးအတွက် ကျောင်းစရိတ်သည်လည်း မပူခဲ့ရ။
ကိုကြီး ပင်စင်ယူမှ အပြင်လောကသည် ဆွေဆွေ့အတွက် ခက်ခဲသည်ကို သိရသည်။ကော်ဖီ မရှိ၊မီးမရှိသည့် ဂျင်ကလိရွာတွင် ဆွေဆွေ မနေနိုင်။အ၀တ်လျှော်လျှင် ဆပ်ပြာနှင့် ရေလည်း များများမသုံးရ။ဂျင်ကလိတွင် ခဏသာ လိုက်နေပြီး ရန်ကုန်ရှိ မေမေ နှင် ညီမများထံတွင် နေသည်။ဆွေဆွေအ၀တ်လျှော်လျှင် ဖြူဖွေး ပြောင်စင်သည့်အတွက် ညီမများ ကြိုက်ကြသည်။အချိန်တော့ နည်းနည်းကြာသည် ဆပ်ပြာများများ၊ရေများများ သုံးခွင့်ပေးရမည်။ရံဖန်ရံခါ သူတို့ပေးသည့် မုန့်ဖိုးများ၊ဆေးရောင်းရငွေများကို စုဆောင်းပြီး ဂျင်ကလိရွာသို့ ပြန်ပို့ပေးသည်။မေမေ့ ဆီက ကပ်စားသည်။လက်ဖက်ရည်ဖိုးတော့ တစ်ဝက်ပေးသည်။ဒါကို ညီမများက မကြိုက် “အရူးပါး”ဟု ပြန်ခေါ်နေကြသည်။ဆေးထုတ်ပြီး ရောင်းရသည့် နေ့ဆိုလျှင် ညီမ အငယ်ဆုံးသည် သူ့ကိုလည်း လက်ဖက်ရည်တိုက်စေချင်သည်။ဆွေဆွေကလည်း မတိုက် သူ့တွင် သူ့ကိုရှာကျွေးသည့် ယောက်ျားရှိနေသည်။အခုလည်း မေမေ နှင့်ဆွေဆွေ့အတွက် ရေမုန့်နှင့်လက်ဖက်ရည်ပါလာသည်။ရေနွေးရောစရာမလို မေမေတစ်ခွက်၊ဆွေဆွေ တစ်ခွက်ဖြစ်သည်။
( ၂ )
ကိုကြီး ဦးတင်အောင်သည် လူဖြောင့်စိတ်တို ဖြစ်သည်။ကိုကြီး ပြေလည်စဉ်က ဆွေဆွေ့ မောင်နှစ်ယောက်နှင့်ညီမ တစ်ယောက်ကို ကျောင်းထားပေးသည်။ဆွေဆွေပြော၍ မဟုတ်၊ဆွေဆွေက အကြီးဆုံးသမီးဖြစ်သည် တာဝန်ရှိသည်ဟု ဆိုကာ ကိုကြီးက စီစဉ်ပေးခြင်းဖြစ်သည်။ထိုအချိန်တုန်းကတော့ မောင်၊ညီမများက “ကိုကြီး၊ကိုကြီး”ဖြင့် ပါးစပ်ဖျားက မချခဲ့ကြ။အသက်မပြည့်ခင် ပင်စင်ယူသည့် အတွက် ကိုကြီးကို ကြောင်နေသည် ဟု ဝေဖန်ခဲ့ကြသည်။ကွယ်ရာတွင် “မဆွေ ယောက်ျားပဲ”ဟု ဆိုကြသေးသည်။အဲသည့်နောက်တော့ ကိုကြီး အကြောင်းကို သိပ်မပြောကြတော့။သားမက်လုပ်၍ လုပ်ငန်းပြုတ်သွားသည် ဆိုသောအခါ ကိုကြီးကို ဘယ်သူမှ အဖက်မလုပ်တော့။ဆွေဆွေကိုပင် “ယောက်ျားဆီ ပြန်ပို့ပေးနေရင် ကျွေးမထား”ဟု ဆိုကြသေးသည်။မေမေ တစ်ယောက်လုံးရှိသည် ဆွေဆွေ ဂရုမစိုက်။ရေပိုက်မှ ရေမလာသည့်အချိန် ဆွေဆွေ ရေသုံးကြမ်းသည့်အခါ၊ရွှေဝါ ဆပ်ပြာတောင့်တွေ တစ်ရက် တစ်တောင့် ကုန်အောင် သုံးပစ်လိုက်သည့်အခါ မေမေ စိတ်ညစ်တတ်သည်။ပိုက်ဆံရှိ၊မရှိ မသိ၊အချိန်တန် လက်ဖက်ရည် မသောက်ရလျှင် ဂျီတိုက်သည့်အခါ “ငါသေရင် ညည်းတော့ ခက်သေးတယ်”ဟု ညည်းညူတတ်သည်။သို့သော်လည်း ဆွေဆွေ့ဘ၀တွင်မေမေ နှင့်ကိုကြီးကို အချစ်ဆုံးဖြစ်သည်။ဆွေဆွေ ဥာဏ်ရည် မမီဆိုသော်လည်း ဆွေဆွေ့အပေါ် ဘယ်သူ ကောင်းသည်ကို သိသည်။အမှန်တွေ ပြောတတ်သည်၊ ထို့ကြောင့် ကျန်သည့် ညီအစ်ကိုမောင်နှမများက မကြိုက်ကြ။
လွန်ခဲ့သည့် လများက ဆေးရုံမှ ပေးသောဆေးများသည် ဈေးသိပ်မရ။ဒါကြောင့် ကိုကြီးတို့ဆီ မပြန်နိုင်သည်မှာ နှစ်လရှိပြီ။တပ်မတော် စစ်ဆေးရုံတွင် ပင်စင်စား မိသားစုများအား ဆေးထုတ်ပေးခြင်းဖြင့် ကြည့်ရှုထားရသည်မှာ များသည်ဟု ဆိုကာ ဈေးသိပ်မရသည့် ဆေးများကို ဆေးတပ်မှူးများက ပေးလာကြသည်။သည်လတော့ ဆေးတပ်မှူး အသစ်ပြောင်းသည်။ဆေးကောင်းများ ပြန်ပေးသည့်အတွက် ဆွေဆွေ ပျော်နေမိသည်။တစ်ခါတစ်ခါ ဆွေဆွေ ဆိုးဆိုးဝါးဝါး ဖြစ်သည့်အချိန်များတွင်လည်း သည်ဆေးရုံက စောင့်ရှောက်ပေးထားရသည်။ညီမအလတ် (သမီးဝါ၀ါ၏ အမေ၊)က ပိုက်ဆံချောင်လည်သည်။သူ့၏ ဒုတိယအိမ်ထောင်က လူပျိုဖြစ်သည်၊ညီမလတ်တွင် ပထမ အိမ်ထောင်ကွဲ နှင့် သမီးရှိသည်ကို သိသော်လည်း လက်ထပ်ယူလိုသည်။သို့သော် ကလေးကိုတော့ ခေါ်မလာစေလို။သည်လိုနှင့် ကလေးမရသည့် ဆွေဆွေတို့လင်မယားက သမီးကို တရားဝင် မွေးစားလိုက်ကြသည်။အခု သည်ညီမလတ်က ဆွေဆွေ့ကို ကြည့်ရှုစောင့်ရှောက်စေရန် စစ်ဆေးရုံအုပ်ကြီးနှင့် တပ်မှူးများ၊ကို လက်ဆောင်များပေးလေ့ရှိသည်။နယ်မြို့တွင် နေသဖြင့် ခြောက်လ တစ်ခါမှ ရန်ကုန်လာနိုင်သည်။မေမေ အခုနေသော အိမ်သည် ထိုညီမ လတ် ၀ယ်ပေးထားခြင်းဖြစ်သည်။သည့်အတွက်ကြောင့်များ ဆွေဆွေ သည်တစ်ပတ် ဆေးကောင်းများ ရသည် လားမသိ။ညီမလတ်သည် ဆွေဆွေ့ကို စေတနာရှိသော်လည်း သူ့သမီးအရင်းနှင့် မြေးများကိုတော့နည်းနည်းမှ မကြည့်။ဆွေဆွေ ပေးကမ်းနေတာ သိလျှင်ပင် မကြိုက်ချင်။ကိုကြီးကိုတော့ ကျေးဇူးရှိသည်ဆိုကာ ကြည့်တတ်သည်။မေမေ နှင့်ကိုကြီးပြီးလျှင် သည်ညီမလတ်ကို နည်းနည်းချစ်သည်။များများ မချစ်ရသည့် အကြောင်းရင်းက ပါးစပ် အလွန်ဆိုးသည်။သူ မကြိုက်သည်များ ကို ဆွေဆွေလုပ်မိလျှင် “အရူးမ” ဟုခေါ်တတ်သောကြောင့် ဖြစ်သည်။
ဆွေဆွေ သည်တစ်လ ဂျင်ကလိရွာသို့ ပြန်သည်။ကိုကြီးအတွက် စွပ်ကျယ်၊ပုဆိုး။သမီးနှင့် မြေးမလေးအတွက် ဖိနပ်များနှင့် ညီမတွေဆီက တောင်းလာသည့် အ၀တ်အစားများ။သားမက်အတွက်ပင် မောင်တွေဆီက ပုဆိုး အလတ်လေးတွေ တောင်းခဲ့သေးသည်။ယောင်းမက ရေလဲ ပုဆိုးအဟောင်းများ ထုတ်ပေး သဖြင့်မယူဘဲ နည်းနည်းလတ်သည့် အထဲက ဇွတ်တောင်းလာခြင်းဖြစ်သည်။ကိုကြီးက မသောက်ရတာ ကြာပြီ ဖြစ်သည့် ကော်ဖီကို တရှိန်ထိုး မော့သောက်နေသည်။ဆွေဆွေ စိတ်မကောင်းဖြစ်ရသည်၊လတိုင်း ကိုကြီးကို ကော်ဖီတိုက်နိုင်အောင် လုပ်ရမည်။ဆွေဆွေအတွက်တော့ လက်ဖက်ရည်က အချိန်မှန်သောက်နေရသည်။ပေးစရာရှိသည်များ ပေးပြီး ဆွေဆွေ ရန်ကုန်ပြန်လာသည်။အိမ်ရှေ့တွင် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်၊ “ဘာများလဲ”ဟု တွေးရင်း ဆွေဆွေ အိမ်ထဲဝင်လိုက်မိသည်။ညီမအငယ်ဆုံး အော်သံကို ကြားလိုက်ရသည်။
“အမေရေ ငါသေရင် ငါ့ သမီးကြီးကို စိတ်မချဘူးဆို အခု မဆွေလာနေပြီ ကြည့်ပါအုံးအမေရဲ့”။
ဆွေဆွေနှင့် အမေ လက်ဖက်ရည်သောက်နေကျ ဧည့်ခန်းက ကွတ်ပျစ်လေးပေါ်တွင် အမေကို ပက်လက်လေး တွေ့ရသည်။ယောင်တောင်တောင် ဖြစ်နေသည့် ဆွေဆွေ့ကို မောင်အငယ်ကောင် က “မဆွေ ဘေးဖယ် ဟိုမှာ နာရေးအသင်းက အလောင်းလာယူနေပြီ”ဟုဆိုက တွန်းဖယ်လိုက်သည်။လူတွေ အားလုံး အလုပ်ရှုပ်နေကြသည်၊ဆွေဆွေ့ကို ဘယ်သူမှ အရေးတယူ မရှင်းပြအား။ညီအငယ်ဆုံး၏ သမီးလေးက ဆွေဆွေ့ အနားမှာလာငိုနေသည်။တူမလေးကို ပေါင်ပေါ်ပွေ့တင်လိုက်သည်။မေမေ့ အချစ်ဆုံး မြေးမ လေးဖြစ်သည်။နို့ဖြတ်ပြီးကတည်းက မေမေ နှင့်အတူအိပ်လာသည်မှာ အခု သူငယ်တန်းပင် တက်နေပြီ။
“ဘွားဘွား မျက်လုံးကြီး လှန်နေပြီး ခေါ်လို့ မရတော့ဘူးလို့ မေမေတို့ကိုသွားပြောတာ နိုးလို့မရဘူး”။
အမေ့အိမ်နောက်ဘက် လမ်းကြားတွင် ညီမအငယ်ဆုံးနေသည်။သူ့သမီးလေးက အဘွားနှင့်အိပ်သော်လည်း မနက်မိုးလင်းလျှင် နောက်ဖေးတံခါး သူ့ဘာသာဖွင့်၍ အိမ်ပြန်တတ်သည်။တူမလေးကိုသာ မေးကြည့်ရတော့သည်။
အမေသည် အုန်းနို့ခေါက်ဆွဲ အလွန်ကြိုက်သည်။အခုလို မိုးတွင်းဆိုလျှင် တညင်းသီးကလည်း တို့လိုက်သေးသည်။သွေးတိုး၊ဆီးချို နှစ်မျိုးလုံးရှိသည်၊ဆွေဆွေရှိလျှင် မစားဖြစ်အောင် ဟန့်တားတတ်သည်။သွေးအတက်လွန်သွားရာမှ ဦးနှောက်သွေးကြောပြတ်ခြင်းဖြစ်သည်။ဆွေဆွေသာ ရှိလျှင် အချိန်မီ ဆေးရုံ၊ဆေးခန်း ပို့နိုင်မည်။တူမလေးက လူကြီးများကို အကြောင်းကြားသော်လည်း ညီမအငယ်ဆုံး လင်မယားက မနိုးကြ။ဆွေဆွေ အလွန်ဝမ်းနည်းသွားသည်။မေမေ နှင့်ဆွေဆွေသည် တစ်ယောက်တစ်လှည့် အပြန်အလှန် စောင့်ရှောက်နိုင်သည်။အခု မေမေ မရှိတော့။နယ်မှာနေသည့် ညီမ နှစ်ယောက်ရောက်လာကြသည်။သားသမီး ခြောက်ယောက်အနက် ငါးယောက်တော့ စုံသည်။သားအလတ် တစ်ယောက်သာ မလေးရှားသို့ ရောက်နေသည်။အသုဘချသည့်နေ့တွင် ဆွေဆွေသည် သည်းထန်စွာ ငိုကြွေးသည်။မေမေ မရှိတော့ခြင်းသည် ဆွေဆွေ့ ဘ၀တစ်ဝက် မရှိခြင်းပင်။
ရက်လည်သည့်နေ့တွင် အိမ်ပိုင်ရှင် ညီမအလတ်က ဆုံးဖြတ်သည်။မလေးရှား သို့ရောက်နေသည့် မောင်၏ မိန်းမနှင့် သားသမီးများကို အိမ်ပေါ်ခေါ်တင်ထားမည်။“မဆွေကိုတော့ စောင့်ရှောက်ပေးကြ“ဟုဆိုသည်။မောင်အလတ်သည် မလေးရှားတွင် ဘာအလုပ် လုပ်သည် မသိ။သူ့မိသားစုကို ပိုက်ဆံပုံမှန် ပြန်မပို့နိုင်။ဆွေဆွေကတောင် သူ့ကလေးများကို မုန့်ဖိုးပေးနေရသေးသည်။အခု အိမ်လခ သက်သာမည့် အစီအစဉ်ဖြစ်သဖြင့် ယောင်းမလုပ်သူက ဆွေဆွေ့ကို “ကျေးဇူးတင်စွာ ကြည့်ရှုစောင့်ရှောက်ပါမည်”ဟု ဂတိပေးနေသည်။ရက်လည် ပြီးသည်နှင့် နယ်မှ ညီမများ ကြာကြာမနေနိုင် ပြန်ကုန်ကြတော့သည်။ဆွေဆွေနှင့်မေမေ နှစ်ယောက်သာ နေခဲ့သည့် သည်အိမ်လေးထဲတွင် အထုပ်အပိုး၊နှင့် ကလေး လေးယောက်တို့ နေရာယူလာကြသည်။ယောင်းမသည် မနက်စောစော အိပ်ယာ မထတတ်၊ ဟင်းကို ချက်စားလေ့မရှိ။ကလေးများကိုလည်း ဆိုင်မှ ဟင်းချက်များသာ ၀ယ်ကျွေးလေ့ရှိသည်။မေမေ ရှိလျှင် ဆွေဆွေသည် ကောင်းကောင်း စားရသည်။ချည်ရည်၊အသားဟင်းနှင့် ငပိ၊တို့စရာတို့ မြိုင်မြိုင်ဆိုင်ဆိုင်။ပုဇွန်ထုပ်ကို သားအမိနှစ်ယောက်စလုံး ကြိုက်ကြသည်။ပိုက်ဆံမရှိလျှင် ပုဇွန်ဆီနှင့်ခေါင်းကို ၀ယ်ချက်စားကြသည်။မေမေ့ ပင်စင်လခ ရလျှင်ဖြစ်စေ၊ဆွေဆွေ ဆေးရောင်းရလျှင် ဖြစ်စေ ပုဇွန်ထုပ်ကို ၀ယ်စားကြသည်။မေမေသည် တပ်မတော် အထည်ချုပ်စက်မှ ပင်စင်စား စက်သမ တစ်ဦးဖြစ်သည်။
“ယောင်းမ ဟင်းမချက်နိုင်ရင် ချက်ပေးမယ်လေ” ဟု ဆွေဆွေ အရေးဆိုကြည့်သေးသည်။ချက်စားခြင်းသည် ဟင်းချက် ၀ယ်စားခြင်းထက် အကုန်အကျ များသည်ဟု ဆိုကာ သဘောမတူခဲ့။လက်ဖက်ရည်သောက်ချိန်ရောက်လျှင် ယောင်းမသည် မေမေ့ ကဲ့သို့ ပင် ပိုက်ဆံစပ်သောက်ကြသည်။သို့သော် ရေနွေးရောပြီး လက်ဖက်ရည်ကို ကလေးများကပါ ၀င်မော့ကြသဖြင့် ဆွေဆွေ ၀အောင် မသောက်ရ။မေမေဆုံးပြီး တစ်လ အကြာ ဆွေဆွေ ဆေးရုံတက်ရသည်။ညဘက်များတွင် ကောင်းကောင်း အိပ်မပျော်၊အစားအသောက်မမှန် သဖြင့် နေမကောင်းဖြစ်သည်။ဆွေဆွေ တောင်စဉ်ရေမရ စကားများလျှောက်ပြောသည်။နားထဲတွင် အသံအချို့ကို ကြားနေရသည်။တစ်ခါတစ်ရံ မေမေ့ အသံများဟု ထင်ရသည်။ထို့ကြောင့် စကားပြန်ပြောမိသည်။ယောင်းမလုပ်သူက ဆွေဆွေ ရောဂါဖောက်နေပြီဟု ညီမအလတ်ကို အကြောင်းကြားလိုက်သည်။ညီမအလတ် ရောက်လာပြီး ဆေးရုံတင်လိုက်သည်။ဆေးရုံတွင် ဆွေဆွေ ပျော်သည်။အစားကောင်းကောင်းစားရသည်။ကော်ဖီ၊လက်ဖက်ရည် ၀အောင်သောက်ရသည်။၁၅ရက်လောက်နေတော့ ဆွေဆွေ ကျန်းမာလာသည်။ညဘက် ကောင်းကောင်းအိပ်ပျော်သည်၊အသံများလည်း မကြားရတော့။
ဆွေဆွေ ဆေးရုံက ပြန်ဆင်းလာသည့်နေ့တွင် သမီးဝါ၀ါ အိမ်မှာ ရောက်နေသည်။သူ့အမေနှင့် တွေ့မသွားသည်မှာ တော်သေးသည်။သည်အိမ်ကိုလာတာ သူ မကြိုက်။
“အမေ . . . . အဖေရယ် တော်တော် နေမကောင်းဖြစ်နေတယ်။လိုက်ခဲ့ပါအုံး။”
ဆွေဆွေတစ်ယောက် ချက်ချင်းလိုက်သွားခဲ့သည်။ကိုကြီးကို အတော်ပိန်နေသည်ကို တွေ့ရသည်။ဆေးရုံမှ ပါလာသည့် ကော်ဖီမှုန့်များ ဖျော်တိုက်သော်လည်း အရင်လို မသောက်။မျက်လုံးများက လည်နေသည်။တစ်နေရာကို အကြာကြီးငေးနေတတ်သည်။နဖူးကို စမ်းကြည့်တော့လည်း ကိုယ်မပူ။
“အဖေ အဲဒီလို ဖြစ်နေတာ နှစ်ပတ်လောက်ရှိပြီ။သမီး အမေ့ကို လာခေါ်မလို့ လမ်းစရိတ်မရှိလို့ အခုမှလာတာ”။
သမီးဝါ၀ါသည် အိမ်ထောင်ကျပြီး နောက်ပိုင်း အဖေနှင့်အမေကို ပိုခင်တွယ်လာသည်။အနည်းငယ်သိတတ်လာသည်။လက်ကြောမတင်းသည့် ယောက်ျားကြောင့် ဆေးလိပ် လိပ်နေရသည်။သူ့အဖေကို တတ်နိုင်သလောက် ကျွေးမွေးထားသည်။ကိုကြီး၏ ပုံစံသည် ဆေးရုံတွင် တွေ့ခဲ့သည့် လူနာတစ်ယောက်နှင့်တူနေသည်။ဘာလုပ်ရမည်ကိုတော့ မသိ။သူ့ဆရာများ ရှိရာ တပ်မတော် စစ်ဆေးရုံသို့ ခေါ်ခဲ့လိုက်သည်။ညီမအလတ်ကိုလည်း အကြောင်းကြားလိုက်ရသည်။ဆေးရုံတွင် စစ်ဆေးကြည့်သောအခါ ကိုကြီးသည် စိတ်ကျ ဝေဒနာ ခံစားနေရသည်ဟု ဆိုသည်။ဆေးရုံတွင် ထားခဲ့ရမည်။မိသားစုများက နှစ်ပတ် တစ်ခါ လာကြည့်နိုင်သည် ဟုဆိုသည်။ညီမအလတ်က သက်ဆိုင်ရာ ဆရာများကို ၀င်ကန်တော့ရင်း ကိုကြီးကို စောင့်ရှောက်ဖို့ အပ်ပေးသည်။ဆွေဆွေသည် ဆေးရုံသို့ တစ်လ နှစ်ခေါက်ရောက်ရတော့သည်။ဆေးထုတ်ဖို့တစ်ကြိမ်နှင့် ကိုကြီးကို ကြည့်ရန် တစ်ကြိမ်တို့ဖြစ်သည်။
( ၃ )
နွေရာသီ ကျောင်းပိတ်ရက်များတွင် ညီမအလတ်သည် သားနှင့်သမီးကို ခေါ်ကာ ရန်ကုန်တွင် နွေသုံးလ လာနေလေ့ရှိသည်။ထိုအချိန်မျိုးတွင် ဆွေဆွေ အ၀တ်တွေ အများကြီးလျှော်ရတတ်သည်။အ၀တ်လျှော်ရခြင်းကို ဆွေဆွေ မပင်ပန်း၊၀ါသနာလည်း ပါသည်။ယောင်းမက သူ၏ သားသမီး အ၀တ်များပါ ရောပုံလာသောအခါ ဆွေဆွေမှာ ခြေ၀ဲစားသည်ထိ ဖြစ်ရသည်။ညီမအလတ်က “မဆွေ အ၀တ်လျှော်ရင် သိပ်ကြာတာကိုး ဒါကြောင့် ခြေ၀ဲစားတာ။အ၀တ်အစားတွေလည်း မများဘဲနဲ့”ဟု ဆူသည့်အခါ ဆွေဆွေ ဘာမှ ပြန်မပြော။သူတို့မရှိလျှင် ဆွေဆွေသည် ယောင်းမနှင့်အဆင်ပြေအောင် နေရမည်ဖြစ်သည်။ညီမလတ် ရှိနေသည့်အတွက် ကိုကြီးဆေးရုံကို သွားတွေ့ပေးသည်။မုန့်တွေဝယ်သွားတတ်သည်။ဆွေဆွေ စိတ်ချမ်းသာရသည်။သည် တစ်ခေါက် ဆေးရုံသွားလျှင် ဆွေဆွေလည်း လိုက်သွားမည်။သို့သော် ညီမလတ်က
“မဆွေ မလိုက်နဲ့အုံး။လူကြီး အပြောင်းအလဲ ဖြစ်လို့ တွေ့ဖို့ခက်နေတယ်၊ကျွန်မ ၀င်ကန်တော့ထားတယ်။မဆွေက မပြောတတ် မဆိုတတ်နဲ့ ငြိုငြင်သွားရင် ကိုယ့်ယောက်ျားကို မကြည့်ပေးဘဲ နေလိမ့်မယ်”။
“မဆွေ ဘာထည့်ပေးလိုက်ချင်လဲ ၊ထည့်ပေးလိုက်လေ ကျွန်မ ပေး ပေးမယ်”။
အရင်တစ်ခေါက် ဆွေဆွေ ရောက်စဉ်က ကိုကြီးသည် သူ့ကိုတောင် မမှတ်မိသလို ဖြစ်နေသည်။အခြေအနေမှန်ကို သိချင်လှသည်။ပြောပြတော့ ညီမလတ်က သူအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည်၊“ကိုယ့်ဘာသာ နေကောင်းအောင်” နေ ဟုသာ ပြောသည်။ကိုကြီးအတွက် ငပိကြော်နှင့်ငါးဘတ်မွှေလေး ထည့်ပေးလိုက်သည်။ဆွေဆွေ့လက်ရာများထဲတွင် ငါးဘတ်မွှေကို အကြိုက်ဆုံး ဟု ကိုကြီးပြောဖူးသည်။ ငါးဘတ်မွှေကို ဒီနေ့စားလိုက်ဖို့ ကိုကြီးကိုပြောရန် ညီမလတ်ကို သေချာမှာရသည်။ဆေးရုံမှ ပြန်လာသောအခါ ကော်ဖီမှုန့်နှင့်သကြားတစ်ထုပ်ပါလာသည်။ကိုကြီး ပေးလိုက်သည်ဟု ပြောသည်။နေလည်း တော်တော်ကောင်းနေပြီဖြစ်သည်တဲ့။စိတ်ချမ်းသာရသည်။နောက်တစ်ပတ် ဆေးသွားထုတ်ရင်းကိုကြီး ကို ၀င်တွေ့ရမည်။
ဆေးများထုပ်ပြီး လူနာဆောင်သို့ကူးခဲ့လိုက်သည်။လက်ထဲတွင် အ၀တ်အစားအချို့နှင့်ချဉ်ပေါင်ကြော်ဘူးလေး ပါလာသည်။အ၀င်ဂိတ် မရောက်ခင် အနောက်မှ အော်ခေါ်သံကြားလိုက်ရသည်။“ဒေါ်ဆွေဆွေ ခဏလေးခင်ဗျ၊ဦးတင်အောင်ကို ၀င်တွေ့ခွင့် ခဏပိတ်ထားတယ်။သူ နေကောင်းစမို့ ဒေါ်ဆွေဆွေရဲ့ အမကိုလည်း ပြောထားပါတယ်၊ပေးစရာရှိရင် သူ့ကိုပဲ ပေးခိုင်းလိုက်ပါနော်“
“အော် ဟုတ်ကဲ့ ဒါလေး ထားခဲ့လို့ ရမလား”ဆွေဆွေ ဇဝေဇ၀ါနှင့် ဘာဆက်ပြောရမှန်း မသိတော့။
““ဟုတ်ကဲ့ ကျွန်တော့်ကို ပေးခဲ့ . . . ရတယ်။လာ ကျွန်တော် ကားဂိတ်ပြန်ပို့ပေးမယ်”။
အိမ်ပြန်ရောက်တော့ ညီမအလတ်က ဆူပါသည်။နောက်တစ်ခါ သူမသိဘဲ ကိုကြီးသွားမတွေ့ရန် တားမြစ်သည်။နွေသုံးလလုံး ညီမအလတ်ကပင် ကိုကြီးကို တွေ့သည့် တာဝန်ယူသည်။ဆွေဆွေထည့်ပေးလိုက်သည့် စားစရာများ ယူသွားပေးသည်။သည်တစ်ခါတော့ စွပ်ကျယ်လေး သုံးထည် အသစ်ဝယ်ထားသည်။ကိုကြီး ဆေးရုံမှာ နေရသည်မှာ ကြာပြီ ဖြစ်သည်။စွပ်ကျယ်ကိုသာ ၀တ်လေ့ရှိသည့် ကိုကြီး စွပ်ကျယ်များ ဟောင်းကုန်လောက်ပြီ။ညီမလတ် မသိအောင် စွပ်ကျယ်ထဲတွင် စာတိုလေး တစ်စောင် ညှပ်ပေးလိုက်သည်။
သို့/ ကိုကြီး နေကောင်းရဲ့လား။ ဆွေဆွေလာတယ် ၀င်တွေ့လို့မရဘူး။ဘာစားချင်လဲ စာရေးပေးလိုက်ပါ။ကိုကြီးကို သတိရတယ်။ဆေးရုံက ဆင်းရင် ဆွေဆွေလည်း ဂျင်ကလိကို လိုက်နေတော့မယ်။ဒီမှာ မပျော်တော့ဘူး။သမီးနဲ့မြေးအတွက် တောင်းထားတဲ့ အ၀တ်အစားတွေ အများကြီးဖြစ်နေပြီ။ မှ/ ဆွေဆွေ
ညီအလတ် ဆေးရုံမှ အပြန်ကို မျှော်နေမိသည်။ကိုကြီး စာပြန်ရေးပေးလိုက်လျှင်ကောင်းမည်။ကိုကြီးနေထိုင်ကောင်းကြောင်းသာ ပြောပြီး စာအကြောင်းဘာမှ မပြော။“ကိုကြီးက စာပြန် ရေးမပေးလိုက်ဘူးလား”ဆွေဆွေ့ အမေးကို ညီမလတ်က “ခဏပဲတွေ့ရတာ၊ဘာမှ သိပ်မပြောလိုက်ရဘူး။လူကြီးတွေကိုလည်း ၀င်တွေ့ရသေး တယ်လေ”ဟုဆိုသည်။ညက ကိုကြီးကို အိပ်မက်မက်သည်။ကိုကြီးသည် တစ်ယောက်တည်း လမ်းလျှောက်နေသည်၊ ဆွေဆွေ ခေါ်သည်ကို မကြား။ဆွေဆွေက ကိုကြီးနောက် လျှောက်လိုက်နေသည်၊ဆွေဆွေ့နောက်ကို မေမေက လျှောက်လိုက်နေပြန်သည်။တရေးနိုးတော့ ရင်တွေတုန်ပြီး ပြန်အိပ်မပျော်တော့။မနက် အစောကြီး ကလေးတွေ နိုးနေကြသည်။သည်နေ့ တိရိစ်္ဆာန် ဥယျာဉ်သို့ သွားကြလိမ့်မည်။ယောင်းမနှင့်သူ့ကလေးများ။ညီမအငယ် သမီးလည်း လိုက်သွားမည်။ဆွေဆွေကိုလည်း ခေါ်သည်။ညက အိပ်မပျော်သဖြင့် နေလို့မကောင်း ဒါကြောင့်မလိုက်တော့ ဟု ဆိုလိုက်သည်။ညီမအလတ် မိသားစုတို့ကျောင်းများ ဖွင့်ခါနီး ၍ နယ်ပြန်ကြတော့မည်။သူတို့တွေ ထွက်သွားကြပြီး ခဏအကြာ ဆွေဆွေ စိတ်ကူးတစ်ခု ရသည်။ဆေးထုပ်ဖို့ ရက်တော့လိုသေးသည်၊သို့သော် ကိုကြီးကို သွားတွေ့တော့မည်။
ဆေးထုတ်သည့် ဘက်မှ မ၀င်ဘဲ လူနာဆောင် နောက်ပေါက်မှ ၀င်ခဲ့လိုက်သည်။အ၀င်ဝတွင် ဂိတ်စောင့်က လူနာကုတင် နံပါတ်ကိုမေးသည်။ဆွေဆွေသိသည်က ကုတင်နံပါတ် ၃၉၆၊နောက်ပိုင်း အပြောင်းအလဲ ရှိ၊မရှိ မသိ။လူနာအမည် မေး၍ ပြောလိုက်သည်။
မရှိဟု ဆိုသည်။ဆွေဆွေကလည်း ပြီးခဲ့သည့် တစ်ပတ်ကမှ ညီမလတ် လာတွေ့သွားသေးသည်ဟု ဇွတ်ပြောရသည်။
ထိုစဉ် တာဝန်ရှိသူတစ်ယောက်ထွက်လာသည်။
““ အဲ့ဒီ ဦးတင်အောင် ဆိုတဲ့ လူနာ ဆေးရုံက ပျောက်သွားတာ ကြာပြီလေ။”
ဆွေဆွေရင်တို့ ပူကနဲဖြစ်သွားရသည်။ “ဘယ်တုန်းက ပျောက်သွားတာလဲ ။လိုက်မရှာကြဘူးလားဟင်”
“ရှာတာပေါ့ မတွေ့တာ။မပျောက်ခင်ကတည်းက ဆေးရုံဝန်းထဲက အပင်အောက်မှာ သွားသွားထိုင်နေလို့ လိုက်ခေါ်ရတယ်။နောက်ဆုံးတစ်ခေါက်ကတော့ သူ့ပုဆိုးစ တွေကို ဖြဲပြီး စားနေတာ။အဲသည့်နောက် ဆေးရုံက အပြီးပျောက်သွားတော့တာပဲ။
ခင်ဗျားက သူနဲ့ ဘာတော်လဲ”။
“ကျွန်မ သူ့မိန်းမပါ”
““ဟာ သူ့မိန်းမက အခုမှ သိလား။ခင်ဗျား ဆေးရုံကို လာမမေးဘူးလား၊”
ထိုသူ ပြောသံများကို ဆွေဆွေ မကြားတော့။အိမ်ကို ဘယ်လိုပြန်ရောက်လာသည်လည်း မသိတော့။
ဧည့်ခန်းထဲက ကွတ်ပျစ်ပေါ်တွင် အထုပ်များစွာချထားပြီး ၀ိုင်းဖွဲ့စကားပြောနေကြသည်။ဖိနပ်ချွတ်နားတွင် ဆွေဆွေရောက်နေသည်ကို သတိမထားမိကြ။
“ဟဲ့ အငယ်မ . . . . . . . မဆွေ ဘယ်သွားလဲ။“ညီမလတ်၏ မေးသံကိုကြားရသည်။
“မသိဘူးလေ။ ဒီနား ဟိုနား ရှိမှာပေါ့”
“အေး ငါ ပြန်သွားရင်လည်း နည်းနည်းတော့ ဂရုစိုက်ကြအုံးနော်။အဓိက ဆေးရုံကို မသွားစေနဲ့။သူ ဆေးသွားထုတ်နေတဲ့ ဆေးမှူးကိုတော့ ပြောထားတယ်။သူ့ကို လူနာဆောင် ပေးမ၀င်ပါနဲ့လို့”
“မဆွေက မသိသေးဘူး ဟုတ်လား အမ”ယောင်းမ လုပ်သူက ၀င်မေးနေသံကြားရသည်။
“သိလို့ဘယ်ဖြစ်မလဲ သွက်သွက်ခါသွားလို့ ကျန်တဲ့သူတွေ အကုန် ဒုက်္ခရောက်ကုန်မယ်”။
“ကိုကြီးဘယ်ရောက်သွားတာတဲ့လဲ” ညီမအလတ် မေးနေသံတို့ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊
“ဆေးရုံကပျောက်သွားတာ နှစ်လလောက်ရှိပြီ။လိုက်တော့ရှာကြသေးတယ်။မတွေ့ဘူး။ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတော့ ထောက်ကြန့်နားမှာ စစ်ဆေးရုံ ၀တ်စုံနဲ့ ပိုင်ရှင်မဲ့ အလောင်းတစ်လောင်းတွေ့တယ်တဲ့။ဆေးရုံကတော့ ကိုကြီးလို့ မှန်းဆကြတယ်။”ငါ့မှာ သူမရိပ်မိအောင် ဆေးရုံသွားပြီး ဆေးမှူးနဲ့ တိုင်ပင်ကိုက်ထားရတာ။ဒါတောင် ပြီးခဲ့တဲ့ တစ်ပတ်က သူ့က စာထည့်ပေးလိုက်တယ်တဲ့။ငါလည်း ဘယ်သိမှာလဲ အဆောင်မှာ လိုအပ်တဲ့ လူနာတွေ ပေးလိုက်ပါဆိုပြီး ထားခဲ့တာလေ။”
ဆွေဆွေ၏ လက်ကျန်ဘ၀လေး မရှိတော့။မျက်လုံးများလည်လာပြီး နားထဲတွင်လည်း အသံများ ကြားနေရပြန် သည်။ဘယ်လောက်ကြာအောင် ရပ်နေမိသည် မသိ၊ဘာတွေဖြစ်ခဲ့သည် လည်း မသိတော့။သူ သတိထားမိသည့် အချိန်သည် အိပ်ယာထဲတွင် ရောက်နေပြီ။ညီမအလတ်က ပြောနေသည်။
“မဆွေ အိပ်လိုက်နော်၊ဆေးထိုးပေးထားတယ်၊ကျန်းမာအောင်နေ။ဘာမှ မတွေးနဲ့ မဆွေကို ကျွန်မ တစ်သက်လုံး စောင့်ရှောက်မှာ၊ကြားလား”။
အိပ်မက် မက်ပြန်သည်။သည်တစ်ခါ မေမေ့ နောက်ကို ဆွေဆွေက လိုက်နေသည်။မေမေ က လှည့်မကြည့်၊ကိုကြီးက ဆွေဆွေ့နောက်ကို ပုဆိုးစ တွေ ကိုက်စားရင်း လိုက်နေသည်။လန့်နိုးလာတော့ ရင်တွေ တဒိန်းဒိန်းခုန်နေသည်။နားထဲတွင်လည်း မေမေ့ အသံကို ကြားနေရသည်။မျက်လုံးထဲတွင် ကိုကြီး ပုဆိုးစ များ ကိုက်စားနေသည်ကို မြင်နေသည်။သမီးနှင့်မြေးအတွက် တောင်းထားသည့် အ၀တ်ထုပ်ကို လှမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲပိုက်ထား လိုက်မိသည်။သည်ထဲတွင် ကိုကြီးအတွက် ပုဆိုးလည်း ပါသည်။ရေငတ်လာသည်၊ထ သောက်မိသည်ထင်သည်။သို့သော် ဂျင်ကလိရွာကို ပြန်ရောက်နေသည်။သမီးဝါ၀ါက ထွက်လာပြီး “အမေရေ အဖေရယ် ရွာပြန်ရောက်နေတယ်”ဟု အော်ပြောသည်။
((((((((((((နောက်တစ်နေ့မနက် ညီမလတ်က ဆွေဆွေ့ အခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် ဖြည်လက်စ အ၀တ်ထုပ် ပိုက်ပြီး လဲကျနေသည့် ဆွေဆွေ့ကို တွေ့လိုက်ရသည်။ပုဆိုးတစ်ထည်ကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားရင်း အသက်ပျောက်နေပြီ ဖြစ်သည်။)))))))))))
Subscribe to:
Posts (Atom)
