-
My Novel
.................
-
About Me
Khin Thandar
-
Miss Myanmar Gym
Please come and join with us if you want to fit.
“နတ်စောင့်တရားများ အကြောင်း” မတ်လ၊၂၀၁၅ မဟေသီ မဂ္ဂဇင်း။ ၀တ္ထုရှည် စ/ဆုံး
Posted by
Unknown
at
2:21 AM
Wednesday, March 4, 2015
အခန်း (၁)
၁၉၈၄ခုနှစ်၊အောက်တိုဘာလ။အုံ့မှိုင်းနေသည့် မိုးသားကောင်းကင်ကြီး အောက်တွင် အလတ်စားစက်ပြင် အလုပ်ရုံ ၀န်းကြီး သည် ထူးခြားစွာ မီးပျက် နေသည်။ညဥ့် သန်းခေါင်ယံ အချိန်တွင် အလုပ်ရုံဝန်းကြီး တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။မိုးကာအင်္ကျီများ ၀တ်ဆင်ထားကြသည့် လူသုံးယောက်သည် စက်ရုံမှူး၏ နေအိမ်တံခါးကို တိုးတိုးသက်သာခေါက် နေကြသည်။ မှေး ကနဲ အိပ်ပျော်သွားသည့် စက်ရုံမှူးသည် ချက်ချင်းထလာ၍ တံခါးဖွင့်ပေးလိုက်သည်။ထို့နောက် ၀မ်းသာအားရလေသံဖြင့် ထိုလူ သုံးယောက်အား မေးလိုက်လေသည်။
“ဘာလဲ ဘာလဲ သူခိုးမိလာပြီလား”
“မဟုတ်ပါဘူး ဆရာ၊ဆရာကတော် ကလေးမွေးပြီလေ ယောက်ျားလေးပါ။ကလေးရော အမေပါ ကျန်းမာကြပါတယ်။အဲဒါ ဆရာ့ကို လာပြောတာပါ။”
ထိုအခါမှ စက်ရုံမှူး၏ အာရုံတို့သည် ဆေးရုံရောက်နေသည့် မိန်းမကို သတိရသွားတော့သည်။
“အေးဗျာ ကျေးဇူးပါ၊မနက် ဧည့်တွေ့ချိန်ကျရင် ကျွန်တော် သွားလိုက်မယ်”။
သားယောကျာ်းလေး နှစ်ယောက်၊သမီးတစ်ယောက် ရှိပြီးဖြစ်သည့် စက်ရုံမှူးတို့ မိသားစုထဲ သို့ နောက်ထပ်ရောက်လာသည့် ရတနာလေးသည် ယောက်ျားလေးပဲ ဖြစ်နေသည်။ယခု လောလောဆယ်တွင်တော့ စက်ရုံမှူး ဦးသိန်းငွေ ၏ စိတ်ထဲတွင် စက်ရုံကို ဖောက်ထွင်းသွားသည့် သူခိုးမိရေး ကိစ်္စသာဖြစ်သည်။ဖောက်ထွင်းခံရသည်မှာ နှစ်ပတ်ကျော်နေပြီ ဖြစ်သော်လည်း ယခုချိန်ထိ သဲလွန်စ မရသေး။ဧရာဝတီတိုင်းတွင်ရှိ သည်နယ်မြို့လေးတွင် နေလာခဲ့သည်မှာ ၁၁နှစ်ရှိပြီ။ဝန်ထမ်းဦးရေ များသော်လည်း ရောင့်ရဲတတ်ကြသည့်အောက်ငယ် သားများကြောင့် ခေါင်းလည်းသိပ်မခြောက်ခဲ့ရ။ယခုမှသာ.................။
အလတ်စား စက်ရုံဝန်းထဲတွင် စက်ရုံ အဆောက်အဦးကြီးများက ပုံစံတူ သုံးလုံးပြိုင်။အလယ်ရုံးတွင် စက်ရုံမှူးနဲ့ စာရေးစာချီတွေ ရုံးထိုင်ကြပြီး ၊ယာစွန်သည် ကရိုင်းသ စက်၊၀ရိန်ဆော် စက်၊တွင်ခုံနှင့် အလုပ်ရုံသုံး စက်ကြီးများ တည်ရှိရာ။စက်မှုကျွမ်းကျင် ၀န်ထမ်းအများစုက ထို အလုပ်ရုံတွင် ရုံးထိုင်ကြသည်။ဘယ်စွန် အလုပ်ရုံကြီးသည် လယ်ယာသုံးစက်ကရိယာ အပိုပစ်္စည်းများ ထားသိုရာ။ထို နေရာတွင်တော့ ရုံးထိုင်သည့် ၀န်ထမ်းက နှစ်ယောက်တည်း၊ စတိုမန်း (ှအသမန နြည) ၁နှင့် စတိုမန်း ၂။စက်ရုံဝန်ထမ်း များကတော့ သည် အလုပ်ရုံကြီးကို ဂိုထောင်ဟုပဲ ခေါ်ကြသည်။သည်နယ်ဝန်းကျင် တွင် ရှိကြသည့် တောင်သူ ဦးကြီးများအတွက် လယ်ယာသုံးစက်ကိရိယာများကို အလတ်စားစက်ပြင်အလုပ်ရုံကြီးက ရောင်းချပေးနေသည်။ဝယ်ယူခွင့် စာအုပ်များ လုပ်ပေးထားပြီး ၀ယ်ယူလိုသည့် လယ်ယာသုံး ပစ်္စည်းများကို စာအုပ်ထဲတွင် လျှောက်ထားရသည်။တောင်သူ တစ်ဦးအတွက် စာအုပ်၂အုပ် ထပ်ပိုင်ခွင့်ရှိသည်။စက်ရုံမှူး လက်မှတ်ပါမှ ဘယ်စွန် အလုပ်ရုံကြီးထဲက ပစ်္စည်းများကို စတိုမန်းများက ထုတ်ရောင်းပေးရသည်။
တောင်သူများလိုချင်သည့် ပစ်္စည်း အရည်အတွက်ထက် အစိုးရရောင်းပေးနိုင်သည့် အရေအတွက်က နည်းပါးနေသည်။ထိုအခါ အလတ်စားစက်ရုံကြီးထဲမှ ၀န်ထမ်းအချို့သည် တောင်သူ အတု အမည်များဖြင့် စာအုပ်ထပ်ပေးကြသည်။ရလာသည့် လယ်ယာသုံး ပစ်္စည်းများကို အပြင်ဈေးနှုန်းဖြင့် တောင်သူများက ပြန်ဝယ်ကြသည်။ဝန်ထမ်းများ၏ စီးပွားရေး ချောင်လည် ကြသဖြင့် စက်ရုံမှူးသည်လည်း မသိချင်ယောင်ဆောင် ခွင့်ပြုပေးထားသည်။သို့သော် ထိုကဲ့သို့ တောင်သူအတု လုပ်ပြီး စာအုပ်လျှောက်နိုင်ဖို့ကလည်း အရင်းအနှီး လိုသောကြောင့် ၀န်ထမ်းတိုင်းတော့ မလုပ်နိုင်ကြချေ။စက်ရုံမှ ထုတ်ပေးသည့် အချိန်တွင် ပစ်္စည်းများကို ထုတ်ထားရပြီး တောင်သူများ လိုအပ်သည့် အချိန်ကျမှ ထုတ်ရောင်းကြသည်။။ငွေရင်းနှီးထားနိုင်သည့် ၀န်ထမ်း အချို့သာ စီးပွားဖြစ်ကြသည်။အားလုံးထဲတွင်တော့ ကိုမောင်မောင်က အကြွယ်ဝဆုံး ၀န်ထမ်းဖြစ်သည်ဟု ပြောရမည်။ကိုမောင်မောင့် မိန်းမ မကြည်သည်လည်း မော်လမြိုင်ဘက်သို့ မှောင်ခို ကုန်ကူး သောကြောင့်ဖြစ် သည်။ထို အချိန်က မှောင်ခိုလုပ်ငန်းများကို ဖိဖိစီးစီး ဖမ်းနေသည့် အချိန် ဖြစ်သည်။သို့သော် မော်လမြိုင်သူဖြစ်သည့် မကြည်က ၊ပါးရည်နပ်ရည်လည်းရှိတော့ အဆင်ပြေသည်။အခေါက်ရေ နည်းတာကြောင့် လည်းဖြစ်နိုင်သည်။ စက်ရုံမှူးကတော့ ဘောင်အတွင်းမှ တင်ခွင့်ရှိသည့် စာအုပ်အရေအတွက်သာ လက်ခံ လက်မှတ်ထိုးပေးသည်။မည်သို့ပင်ဖြစ်စေ စက်ရုံဝန်းကြီးထဲမှာတော့ အရာရာသည် အသားကျ အဆင်ပြေပြေ လည်ပတ်နေခဲ့ဖူးသည်။
+++++++++++++++++++++++
သောကြာ တစ်နေ့ခင်းတွင် စက်ရုံမှူး ဦးသိန်းငွေ သည် ပစ်္စည်းများသိုလှောင်ထားရာ ဘယ်စွန် စက်ရုံကြီး ဘက်သို့ ရောက်လာခဲ့သည်။ဖရိုဖရဲ ပြန့်ကြဲနေသည့် ပစ်္စည်းအချို့ကို ကြည့်ရင်း အမှတ်တမဲ့ ပြောလိုက်သည်။
“မင်းတို့ စက်ပစ်္စည်းဂိုထောင်ကိုလည်း စစ်အုံးမှပါ၊စာရင်းတွေက အထွေအထူး ထပ်လုပ်စရာ မလိုတော့ဘူးမလား။လာမဲ့ တင်္နလာနေ့ ပဲစစ်မယ်။”
တင်္နလာနေ့ မနက် ၇နာရီခွဲတွင် စက်ရုံသံချောင်းခေါက်သည်၊၀န်ထမ်းများ တန်းစီ အပြီး သက်ဆိုင်ရာ အလုပ်ရုံအသီးသီးသို့ ပုံမှန်အတိုင်း အလုပ် ၀င်ကြသည်။ခဏအကြာတွင် စတိုမန်းနှစ်ယောက် သတင်းလာပို့သည်။
“ဆရာရေ ချိပ်ဖွင့်ပြီး ဂိုထောင် တံခါးဖွင့်လိုက်တော့ အလင်းရောင်ကို စူးကနဲ မြင်လိုက်ရတာနဲ့ ကြည့်လိုက်တော့ သံဇကာကွက် နေရာမှာ အပေါက်ကျယ်ကြီးကို တွေ့ရတယ်။အဲဒါ ဆရာ့ကို သတင်းလာပို့တာ”
“ဟေ ဘာပစ်္စည်းတွေ ပါသွားလဲ”
”မစစ်ရသေးဘူး ဆရာ တွေ့တွေ့ချင်း ဆရာ့ကို အရင်လာပြောတာ”
ဂိုထောင်ထဲ ရောက်သွားသည့်အချိန်တွင် စက်ပစ်္စည်းတစ်ချို့ ပြန့်ကြဲလျှက်။ထင်းရှုးသေတ်္တာ သုံးလေးပုံးက အဖုံး ပွင့်လျှက်သား။ရဲစခန်းကို အကြောင်းကြားခိုင်းလိုက်သည်။စခန်းမှူး ဦးသိန်းထွန်းသည် စက်ရုံးမှူး ဦးသိန်းငွေတို့အိမ်မှာ စားအိမ်သောက်အိမ်၊မိန်းမဖြစ်သူက ၀န်ထမ်းဖြစ်နေသောကြောင့် သူတာဝန်ကျရာ နယ်မြို့လေးသို့ လိုက်မနေနိုင်။မယ်တစ်ရွာ၊မောင်တစ်မြို့ ဇာတ်လမ်း။တစ်မြို့တစ်ရွာမှာ လာဆုံကြရင်း ခင်မင်လာကြသည့်အခါ မောင်နှမရင်းချာများလို ဖြစ်နေသည်။အခင်းဖြစ်သည့် ဂိုထောင်နေရာကို ဓာတ်ပုံရိုက်ကြသည်။ဂိုထောင်တံခါးသော့ကို လက်ဗွေယူရန် ကြည့်လိုက်စဉ် စတိုမန်းက သော့ဖြင့် ဖွင့်ဝင်ထားပြီး ဖြစ်သည်။နံရံ အ၀ါနုပေါ်တွင် အပေါ်ဘက်သို့ တွယ်တက်ထားဟန် ခြေရာ တစ်ပိုင်းတွေ့ရသည်။ခြေရာများက အားပြုထောက်ထားရာ ခြေချောင်း လေးချောင်း သာတွေ့ရပြီး ခြေသန်းနေရာတွင် လွတ်နေသည်။စခန်းမှူးသည် စက်ရုံမှူး အပါအ၀င် တာဝန်ရှိသည့် ၀န်ထမ်းအချို့ကို စစ်မေးသည်။
“ဦးသိန်းငွေတို့ ဒီဂိုထောင်က နေ့တိုင်း ချိပ်ပိတ်နေကျလား”
“ဟုတ်တယ် စခန်းမှူးကြီး ညနေတိုင်း ကျွန်တော်ရယ်၊စတိုမင်း နှစ်ယောက်ရယ်၊သုံးယောက်စလုံး စာရွက်ပေါ်မှာ လက်မှတ် ထိုးကြတယ်၊ပြီးရင် အဲဒီစာရွက်ကို သော့ဂလောက် အပေါက်မှာ ပတ်ပြီး ဂိုထောင်တံခါးကို ချိပ်ထိုးကြတယ်။အခုလည်း သောကြာနေ့ ညနေက အဲဒီလို လုပ်ခဲ့ပါတယ်။”
“အဲဒီတော့ ဒီနေ့မနက် တံခါးဖွင့်တော့ စက်ရုံမှူးကြီးရော ပါ ပါသလား”။
“မနက်ဖက်တွေ တံခါးဖွင့်ရင်တော့ ကျွန်တော် မပါဘူး ခင်ဗျ၊စတိုမန်း နှစ်ယောက်ဆုံတဲ့ အချိန်ကျမှ တံခါး ချိပ်ဖွင့်ကြတာ။
ညစောင့်များနှင့် သောကြာ၊စနေ၊တနင်္ဂနွေ ညတွေများတွင် ဂျူတီကျသည့် ၀န်ထမ်းများကို ခေါ်ပေးရန် စခန်းမှူးက တောင်းဆိုလိုက်သည်။
စတိုမန်းများကို လည်း ပျောက်သွားသည့် ပစ်္စည်းစာရင်းများ ပြုစုခိုင်းလိုက်သည်။ဝန်ထမ်းလိုင်းခန်းတွင် မနေထိုင်ကြသည့် ညစောင့်များအား မြို့ထဲသို့ လူလွှတ်ခေါ်ခိုင်းလိုက်သည်။တန်းစီးပြီးမှ ပြန်ကြသည့် ညစောင့်များလမ်းမှာပင် ရှိနေနိုင်သည်။ခေါ်ထားသည့် တာဝန်ကျ ၀န်ထမ်းများ ရောက်လာကြသည်။တာဝန်မှူးကြီး နှင့် တွဲဖက်တာဝန်မှူးတို့သည် ရုံးတွင် အိပ်လေ့ မရှိကြ။စက်ရုံဝန်းနှင့် ၀န်ထမ်းအိမ်ရာသည် နီးနေသည်က တစ်ကြောင်း၊ ညဘက် ကင်းစစ်ပြီးချိန်သည် သန်းခေါင်ယံအချိန် ဖြစ်သည်နေသည်က တစ်ကြောင်းတို့ကြောင့် ကိုယ့်အိမ် ကိုယ်ပြန်အိပ်ကြသည်။ခဏအကြာ ညစောင့် နှစ်ဦး ပြန်ရောက်လာသည်။ထူးထူးခြားခြား သူတို့သည် လည်း ဘာမှ သတိမထားမိကြ။လူစိမ်း အ၀င်အထွက်လည်း မရှိဟု ဆိုကြသည်။စက်ရုံဝန်းကြီး သည် ရှေ့ဘက်ပေါက်က ဟိုင်းဝေး ကားလမ်းမ။နောက်ဘက်ပေါက်မှာ ရပ်ကွက်ကြီး တစ်ခုရှိသည်။ရပ်ကွက်တွင် နေထိုင်သူများက လက်လုပ်လက်စားတွေများသည်။အိမ်ခြေများကလည်း ခပ်စိပ်စိပ်။အရေးအကြောင်းရှိလို့ လူတစ်ကိုယ် ဖြတ်ပြေးလျှင်တောင် အိမ်ကြိုအိမ်ကြားမှ မနည်းလွတ်အောင် ပြေးရမည်။ညနေ ၆နာရီမှ မနက် ၆နာရီအတွင်း စက်ရုံဝန်းအတွင်း အပြင်လူ ဖြတ်သန်းသွာလာခွင့် မရှိ။စက်ရုံဝန်း၏ ရှေ့ဘက်နှင့် နောက်ဘက် တံခါး နှစ်ချပ်ကို သော့ခတ်ပြီး ပိတ်လိုက်သည်နှင့် စက်ရုံဝန်းတစ်ခုလုံး လုံခြုံသွားပြီ။စက်ရုံဝန်း၏ ဘေးနှစ်တွင် တစ်ဖက်က ၀န်ထမ်းအိမ်ရာ တိုက်တန်းများက ပိတ်ထားပြီး နောက်တစ်ဖက်သည် အခြားဌာနတစ်ခု၏ စည်းရိုးနှင့် ကပ်လျှက်။ခြေရာများကို တစ်ခေါက်ထပ်ကြည့်သည် အပေါ်နံရံသို့ တွယ်တက်ရန် ထင်ရှုးသေတ်္တာပုံးများကို အသုံးပြုမှ ရမည်။ခြေရာများကို ကြည့်နေစဉ် ပျောက်ဆုံးသွားသည့် ပစ်္စည်းများ စာရင်းရောက်လာသည်။ပစ်္စည်းများ၏ အရွယ်ပမာဏကို စခန်းမှူးကြီး မခန့်မှန်းတတ်၊ဂိုထောင်ထဲတွင် ကျန်ရှိနေသေးသည့်
ပစ်္စည်းအချို့နှင့် တိုက်ကြည့်ရသည်။စခန်းမှူးကြီး အံ့သြသွားရသည်။
“စက်ရုံမှူးတို့ ပျောက်သွားတဲ့ ပစ်္စည်းတွေက လှည်းနဲ့တိုက်ထုတ်ရင် လှည်းလေးစီး တိုက်စာလောက်ရှိတယ်ဗျ။ ကားနဲ့သယ်ရင်တောင် တစ်စီး၊တစ်ခေါက်နဲ့ မရဘူး။ပြီးတော့ ၀န်ထမ်းအိမ်ရာရှေ့က ဖြတ်မောင်းရမှာ စက်ရုံရဲ့ မိန်းတံခါးမကြီး တစ်ခုခုကိုလည်း ဖြတ်ရမှာ။နောက်ပေါက်က ထွက်ရင် ဗောဓီကုန်း ရပ်ကွက်ကြီး ရှိတယ်။ဂိုထောင်ထဲက သယ်ထုတ်သွားပြီးရင် ရှေ့ဘက်တံခါးက ထွက်မှ ရမယ်။ဒါပေမဲ့ တစ်ညတည်း သယ်လို့ မဖြစ်နိုင်ပြန်ဘူး။ပြီးတော့ စဉ်းစားကြည့်တာ တာဝန်မှူးတွေက ညသန်းခေါင်ထိ ကင်းစစ်လေ့ ရှိတယ်ဆိုတော့ မနက်ပိုင်း တစ်ပိုင်းပဲ လှုပ်ရှားချိန်ရှိမယ်။အစောင့် ကင်းတဲကိုလည်း ဖြတ်ရအုံးမယ်ဆိုတော့ ..................။”
ဂိုထောင်တစ်ခုလုံး ငြိမ်သက်၍ စခန်းမှူးကြီး၏ သုံးသပ်ချက်ကို နားထောင်နေကြသည်။နောက်ဆုံးတော့ စက်ရုံမှူးအပါအ၀င် တာဝန်ရှိ ၀န်ထမ်းအချို့ ရဲစခန်းသို့ လိုက်သွားရတော့သည်။စစ်ဆေးမှုများ အနည်းငယ် ဆက်လုပ်ပြီး ညစောင့်ဝန်ထမ်း နှစ်ဦးကို ထိန်းသိမ်းထားလိုက်သည်။စက်ရုံမှူး၊စတိုးမန်း နှစ်ယောက်နှင့် ဂျူတီကျ ၀န်ထမ်းများသည် အမှုမှန် မပေါ်ပေါက်မချင်း ညအိပ် ညနေ ခရီးထွက်ခွင့်မရှိ။အရေးကြီး ကိစ်္စပေါ်ခဲ့လျှင် စခန်းကို အကြောင်းကြားပေးရမည် ဖြစ်သည်။ဝန်ထမ်းများအားလည်း မင်္သကာစရာ သဲလွန်စ တွေ့ရှိခဲ့လျှင် စခန်းသို့ ချက်ချင်း အကြောင်းကြားပေးရန် မှာကြားထားသည်။စက်ရုံမှူးသည် မိခင်ဌာန ရုံးချူပ်သို့ ကြေးနန်းဖြင့် သတင်းပို့သည်။နောက်တစ်နေ့ မနက် အစောကြီးတွင် စီမံဌာနမှ ညွှန်မှူးတို့အဖွဲ့ ရောက်ချလာတော့သည်။
”ဦးသိန်းငွေရာ စိတ်မကောင်းလိုက်တာ၊သောကြာနေ့ ညနေက ဒါတာရိုက်ဘုတ်အဖွဲ့ အစည်းအဝေးထိုင်ကြတယ်။ဒီတစ်ခေါက် ရာထူးတိုးပေးဖို့ ရွေးချယ်တဲ့အထဲ ခင်ဗျားနံမည်က ထိပ်ဆုံးက ပါတာ၊ညွှန်/ချုပ် လက်မှတ်ထိုးပြီးသွားပြီ။အော်တာထွက်ဖို့ပဲ ကျန်တော့တယ်။မနေ့က နေ့လည်မှာ ခင်ဗျား ဆီက ကြေးနန်း ၀င်လာတော့တာပဲ။အော်တာထွက်ဖို့ ခဏဆိုင်းငံ့ထားကြတယ်။”
စီမံညွှန်မှူး ဦးကြီးညွှန့် တို့ အဖွဲ့သည် ဂိုထောင်ဆီသို့ သွားကြသည်။ညွှန်မှူးတို့အဖွဲ့ ကတော့ ပျောက်ဆုံးနေသည့် ပစ်္စည်းစာရင်းများကို မြင်မြင်ချင်း ခန့်မှန်းတတ်ကြသည်။
”“ဒီလောက်များတဲ့ ပစ်္စည်းတွေကို ဂိုထောင်ဖောက်ပြီး သယ်ထုတ်သွားဖို့ဆိုတာ မလွယ်ဘူးနော်။ပြီးတော့ ညှပ်ထားတဲ့ သံဇကာကွက်ကလည်း သိပ်မကျယ်ပါလား။”
“သံဇကာကွက်တွေရဲ့ အမြင့် ဘယ်လောက်ရှိလဲဗျ ဦးသိန်းငွေ”
“နှစ်ပေ အမြင့်ရှိပါတယ် ညွှန်မှူး”
“ကိုက်ညှပ်ထားတဲ့ အကျယ်ကရော၊မနေ့က ရဲတွေ တိုင်းသွားကြလား။”
“တိုင်းသွားကြပါတယ်။၄၄ လက်မ ဆိုတော့ သုံးပေခွဲကျော်ကျော်လောက်ရှိမယ် ညွှန်မှူး”
ညွှန်မှူး ဦးကြီးငွေသည် ဂိုထောင်ထဲလှည့်ပတ်ကြည့်ရင်း စတိုမန်း ၁ ကိုသန်းတင်ကို လှမ်းကြည့်လိုက်သည်။
“ဂိုထောင် အဖောက်ခံရပြီဆိုတာကို မင်း ဘယ်လို သတိထားမိတာလဲ” “ဂိုထောင်တံခါး ဖွင့်လိုက်တော့ အလင်းရောင် ပိုရနေလို့ လှမ်းကြည့်လိုက်တော့ သံဇကာ အပေါက်ကိုတွေ့လို့ သတိထားမိတာ”။
“ဒီတံခါးကို မဖွင့်သေးဘဲ သတိထားမိတာလား”
ညွှန်မှူးက အတွင်းတံခါး ဘောင်ကို ကိုင်ပြရင်း ထပ်မေးသည်။ဂိုထောင်၏ ဖွဲ့စည်းပုံသည် နောက်ဘက်တွင် တစ်ကန့် အခန်းဖွဲ့ထားသည်။အောက်ပိုင်းကို သစ်သားကာပြီး အပေါ်ပိုင်းတစ်ဝက်ကို သံဇကာများ တပ်ထားသည်။ထို အခန်းကို ချိပ်မထိုးသော်လည်း သော့ခတ်ထားသည်။ရှေ့ဘက်ပိုင်းတွင် စတိုမန်းနှစ်ဦးထိုင်ရန် စားပွဲနှစ်လုံးရှိသည်။
“ ဟုတ်ကဲ့ . . .အတွင်းခန်း တံခါးမဖွင့်သေးဘဲ စက်ရုံမှူးကို အကြောင်းကြားတာပါ“
“ကိုသန်းတင်က မျက်စိအားတော်တော်ကောင်းတာပဲ အစကတည်းက သံဇကာ နေရာက အလင်းပိတ်မှ မဟုတ်တာ။ကျွန်တော့် မျက်စိဆို အဲဒီအလင်းရောင်ကို ထူးပြီး သတိထားမိမှာ မဟုတ်ဘူး”။
“ဟုတ်သားပဲ သံဇကာတွေ တပ်ထားတာ အစကတည်းက အလင်းရောင် ရဖို့ပဲ။ကိုသန်းတင် ဘာကြောင့် အလင်းရောင်ကို သတိထားမိတယ် ပြောရတာလဲ”။သံသယအတွေးတစ်ချို့ ခေါင်းထဲဝင်လာသော်လည်း စက်ရုံမှူးကတော့ စိတ်ထဲမှပင် ရေရွတ်လိုက်သည်။
ညွှန်မှူး ဦးကြီးညွှန့် ဦးဆောင်သည့် ရုံးချုပ်မှ စစ်ဆေးအဖွဲ့အား မြို့ထဲရှိ တည်းခိုခန်းတစ်ခုတွင် နေရာချပေးပြီး အပြန်တွင် ဒုရဲအုပ် ကိုထွေးလေး က စက်ရုံမှူး အိမ်တွင် ရောက်နေပြီ။
“စက်ရုံမှူးကြီးခင်ဗျား စခန်းမှူးလွတ်လိုက်လို့ပါ” “ဟုတ်ကဲ့ ကျွန်တော် ဘာလုပ်ပေးရမလဲ”
“နေ့လည်က စခန်းကို ၀န်ထမ်းတစ်ယောက် သတင်းလာပို့ပါတယ်။ဒီစက်ရုံဝန်းထဲက ၀န်ထမ်းတစ်ယောက် အိမ်မှာ ပျောက်သွားတဲ့ ပစ်္စည်းနဲ့ အမျိုးအစား တူတွေ တော်တော်များများ ရှိနေတယ်လို့ ဆိုပါတယ်။ဒါကြောင့် ကျွန်တော်တို့ ရှာဖွေပုံစံလည်း ပါလာ ပါတယ်။အဲဒီအိမ်ကို ၀င်ရှာဖို့ စက်ရုံမှူးကို စောင့်နေ တာပါ။”
“ဘယ်သူ့ အိမ်များလဲ ခင်ဗျာ”
“စက်ကျွမ်း -၃ ကိုမောင်မောင် အိမ်ပါ”
ဟုတ်သည်ပဲ ကိုမောင်မောင်အိမ်တွင် ပျောက်သွားသည့် ပစ်္စည်းများနှင့်ပုံစံတူ ပစ်္စည်းများ အများကြီးရှိနေနိုင်သည်။ကိုမောင်မောင်အိမ်ကို ရှာဖွေခွင့်ပေးလိုက်ရသည်။သိပ် မကျယ်ဝန်းသည့် ၀န်ထမ်းလိုင်းခန်းတွင် ရှာဖွေချိန်က နာရီဝက်တောင် မကြာချင်။ပစ်္စည်းတွေနှင့်အတူ ကိုမောင်မောင်ကိုပါ စခန်းသို့ ခေါ်သွားကြတော့သည်။ကိုမောင်မောင့် ဇနီး မကြည် ငိုပြီး စက်ရုံမှူးအိမ်ရောက်ချလာသည်။
“ဆရာရယ် ကယ်ပါအုံး၊ကိုမောင်မောင် ရိုးသားတာ ဆရာ အသိဆုံးပါနော်။ကျွန်မတို့ ရိုးရိုးသားသား ရှာဖွေထားတာပါ။”
“ကျွန်တော်သိရုံနဲ့ မရဘူး မကြည် --ခဏစောင့်ကြည့်ပါ။အမှန်အတိုင်းဖြစ်ရမှာပါ။အခုလောလောဆယ်တော့ တရားခံ မတွေ့မချင်း သံသယရှိတဲ့သူတွေကို ခေါ်ယူစစ်ဆေးခွင့် ရှိနေတယ်။”
လိုင်းခန်းထဲမှ ၀န်ထမ်းအချို့ ခေါင်းပြူထွက်ကြည့်ကြသော်လည်း အသံများ တိတ်နေကြသည်။ဝန်ထမ်းကလေးများ ၄၀ ကျော်ရှိသည့် အလတ်စားဝန်းထဲ တွင်အမြဲတမ်းလိုလို ပြေးလွှား ဆော့ကစားသံများက ဆူညံနေခဲ့သည်။ယခုချိန်က စလို့များ သည်အသံတွေ တိတ်သွားတော့မှာလားဟု တွေးရင်း----စက်ရုံမှူး ဦးသိန်းငွေ သက်ပြင်းကို သာသာ ချလိုက်မိသည်။
++++++++++++++++++++++++++++
နောက်တစ်နေ့ မနက် တည်းခိုခန်းတွင် ညွှန်မှူးတို့ကို သွားကြိုရင်း ကိုမောင်မောင့် အကြောင်း ပြောပြရသည်။
“အေးဗျ ၀န်ထမ်း တစ်ယောက်အိမ်မှာ လယ်ယာသုံး စက်ပစ်္စည်းတွေ ရှိ မနေရဘူးဆိုတဲ့ ၀န်ထမ်း ဥပဒေကလည်း ရှိနေတယ်။ဖောက်ထွင်းမှုနဲ့ မပတ်သက်ရင်တောင် ၀န်ထမ်းဥပဒေနဲ့ ငြိစွန်း နေပြီ”။ “ကျွန်တော်လည်း သိပါတယ် ညွှန်မှူး။ဒါပေမဲ့ နယ်က ၀န်ထမ်းတွေ မပြေလည်ကြတော့ နည်းနည်းပါးပါး ခွင့်ပြုပေးထားတာ။ကိုမောင်မောင်ကတော့ စီးပွားဖြစ် လုပ်သလို ဖြစ်နေလို့ ကျွန်တော် မကြာခဏ သတိပေးထားပါတယ်။”
“ကိုမောင်မောင်က ရိုးတော့ ရိုးသားပါတယ် ညွှန်မှူး။ကျွန်တော်နဲ့ လက်တွဲ အလုပ်လုပ်လာတာ ခြောက်နှစ်လောက်ရှိပြီ။သူတို့ လင်မယား မော်လမြိုင်က ပြောင်းလာခါစတုန်းက သူ့မိန်းမ မကြည်က နေ့လည်ဘက်မှာ အရင်စက်ရုံဝန်းဟောင်း အနောက်ဘက်တောထဲက မျှစ်ချိုးပြီးရောင်းတယ်။မုန့်ဖက်ထုပ် ထုပ် ပေးထားတယ်။ညဘက်တွေမှာ ကိုမောင်မောင်က ဆိုက်ကားထွက်နင်းရင်း မုန့်ဖက်ထုပ်ရောင်းတယ်။”
“အေးဗျာ ၀န်ထမ်းတွေကလည်း -------အခုတော့ ဦးသိန်းငွေမှာ တာဝန်ရှိနေပြီ၊”
မနက်စာ ကျွေးပြီး ညွှန်မှူးတို့ကို စခန်းမှူးနှင့် တွေ့ဖို့ခေါ်သွားလိုက်သည်။
“စခန်းမှူးကြီးကို ကျေးဇူးတင်ပါတယ်“ညွှန်မှူးရဲ့ နှုတ်ခွန်းဆက် စကားအဆုံး
“ဟာ ကျေးဇူးမတင်ပါနဲ့ ကျွန်တော် စိတ်တော်တော်ရှုပ်တယ်။ဦးသိန်းငွေ ဆိုတာက ကျွန်တော်နဲ့ ညီအစ်ကိုလို နေလာတာ သူ့ကိုယ်ကျင့်တရားကို ယုံပြီးသား။တစ်ဖက်ကလည်း တာဝန်အရ လုပ်ရမှာတွေ ရှိနေတယ်။ဒီနေ့ပဲ သူ့ဝန်ထမ်း တစ်ယောက်ကို ချုပ်ထားလိုက်ရတယ်။စစ်ဆေးစရာ ရှိတာ စစ်ဆေးရအုံးမယ် ညွှန်မှူးတို့ ဘယ်နှစ်ရက်နေမှာလဲ”။
“ ကျွန်တော်တို့ မနက်ဖန် ပြန်ရမှာ ရုံးချုပ်ကို ရီပို့ တင်ပြီး ကျန်တာတော့ ညွှန်ချုပ် ဆက်ညွှန်ကြားမှာပေါ့”။
“ဒါဆို ဘာမှ ကျွန်တော် ပြောလိုက်နိုင်မှာ မဟုတ်သေးဘူး။”
ဦးသိန်းထွန်း ပြောတာ ဖြစ်နိုင်သည်။သဲလွန်စ ဘယ်က တွေ့နိုင်ပါ့။ဝန်ထမ်းသက်တမ်း တစ်လျှောက် အလုပ်ပင် ပန်းခဲ့သော်လည်း အမှုရယ်လို့ ကြီးကြီးမားမား မကြုံခဲ့ဖူး။နောက်တစ်ကြိမ် ထပ်ကြည့်သော်လည်း အခင်းဖြစ်သည့် နေရာက သိပ်များများစားစား ကြည့်စရာ မရှိ။မကြည်ကတော့ ညွှန်မှူးကို လာတွေ့ပြီး ငိုနေပြန်သည်၊ သူ့ယောက်ျား ကို နှိပ်စက်ပြီး မေးကြမှာလားဟု တွေးပြီး ကြောက်နေသည်။နောက်တစ်နေ့ မနက်စောစော ညွှန်မှူးတို့အဖွဲ့ ပြန်သွားကြသည်။မှတ်တမ်းမှတ်ရာ များနှင့် ဓာတ်ပုံအချို့ ယူသွားကြသည်။နေ့လည် ဦးသိန်းထွန်း ဆီ တစ်ခေါက်ထပ်သွားတော့ ကိုမောင်မောင့်ကို အာမခံနဲ့လွတ်ပေးလိုက်သည်။အမှူကိုလည်း တရားရုံးကို တင် လိုက်ပြီဟု ပြောသည်။စတိုမန်း နှစ်ယောက်ကိုလည်း တစ်ယောက်ချင်းစီ ခွဲ၍ ခေါ်စစ်ထားသည်ဟု စခန်းမှူးပြော သည်။စက်ရုံဝန်းထဲမှာလည်း ပုံမှန် တန်းစီ၊ရုံးတက် ရုံးဆင်း လုပ်နေကြသော်လည်း အားလုံးက မျက်နှာမကောင်းကြ။ကိုမောင်မောင်လွတ်လာပြီး နှစ်ရက်မြောက်နေ့။နေ့လည် ထမင်းစားဆင်းချိန် ဒုရဲအုပ် ကိုထွေးလေး ရောက်လာပြန်သည်။
“စက်ရုံမှူးခင်ဗျား စက်ကျွမ်း ၄ ကိုကြည်ဝင်းကို စစ်ဆေးခွင့်ပြုပါ”။
“ဘာကြောင့်လဲ ခင်ဗျ”
“ကိုကြည်ဝင်းရဲ့ ကိုယ်ပေါ်မှာ မင်္သကာစရာ ခြစ်ရာ၊အစင်းရာတွေကို တွေ့ရှိရတယ်လို့ အကြောင်းကြား လာပါတယ်။”
ကိုကြည်ဝင်းသည် ယာစွန် အလုပ်ရုံထဲတွင် ကရိုင်းသနေသည်။ကိုကြည်ဝင်း ကိုယ်ပေါ်က အဆင်းရာများကို ရဲစခန်းက ဘယ်လို သိနိုင်သည်လဲ။စက်ရုံမှူးသည် ဒုရဲအုပ် ကိုထွေးလေးကို စကားမပြန်သေးဘဲ စဉ်းစား နေသည်။ဝန်ထမ်းလိုင်း တိုက်ခန်းတွေ၏ ဖွဲ့စည်းပုံသည် နှစ်ခန်းတစ်တွဲ။နောက်ဘက် ရေဘုံပိုင်တွေက ကပ်လျှက်။ပန်းကန်ဆေး၊ရေချိုးကြလျှင် တစ်ယောက်နှင့် တစ်ယောက်က အနီးကပ်မြင်နေရသည်။တစ်ချို့ နှစ်ခန်းတွဲများ ကတော့ အလယ်တွင် ၀ါးခြံစည်းရိုးကာထားကြသည်။သို့သော် မြင်တော့နေရသည်။ဒါ့ပြင်နှစ်ခန်းတွဲ တစ်ချို့က ၀န်ထမ်းမိသားစုချင်း မတည့်ကြတာ၊စကားများထားဖူးကြတာတွေ ရှိကြသေးသည်။ ကိုကြည်ဝင်းနှင့် နှစ်ခန်းတွဲ အတူနေသည်က စက်ကျွမ်း ၃ ကိုသောင်း။စက်ရုံထဲတွင် ကိုသောင်း နှစ်ယောက်ရှိသောကြောင့် ပဒေါင်းဒေသမှ ပြောင်းလာသည့် သူ့ကို ပဒေါင်းသောင်းလို့ ခေါ်ကြသည်။ကိုကြည်ဝင်းသမီး ရေချိုးနေတုန်း ပဒေါင်းသောင်း သားက ချောင်းကြည့်ပါသည် ဆိုပြီး အမေချင်း စကားများရန်ဖြစ်ကြရင်း အဖေတွေပါသည်ထိ ဖြစ်ခဲ့ဖူးသည်။သည်ကိစ်္စပြီး ကတည်းက ယောက်ျားချင်းပါ ခပ်တန်းတန်း နေလာကြသည်။ကိုကြည်ဝင်းကိုယ်ပေါ်က အစင်းရာ အကြောင်း အနီးစပ်ဆုံး သတင်းပေး ဖြစ်နိုင်သည်မှာ ပဒေါင်းသောင်းပင် ရှိသည်။သည်လို ဆိုလျှင် ၀န်ထမ်းများ ကိုယ့် အချင်းချင်း ချောက်ချ ကုန်ကြပြီလား။
“ဟုတ်ပြီ ကိုထွေးလေး ခဏထိုင်အုံး။ကိုကြည်ဝင်းကို ခေါ်ခိုင်းလိုက်မယ်”
“ကိုကြည်ဝင်း မလာခင် ဂိုထောင်က သံဇကာကွက်ကို ထပ်ကြည့်ချင်ပါသေးတယ်၊စခန်းမှူးကြီးက မှာလိုက်လို့ပါ။”
ကိုထွေးလေး က ဓာတ်ပုံတွေ လိုက်ရိုက်နေသည်။
“အံ့သြစရာနော် စက်ရုံမှူး ဒီလောက်များတဲ့ ပစ်္စည်းတွေကို ဖြတ်စ မပျက် ဘယ်လို သယ်ထုတ်သွားလဲ မသိဘူး၊ပစ်္စည်းတွေ သယ်ထုတ်ရင်းနဲ့ အနည်းဆုံးတော့ ဖိမိမှာပဲ။အခုတော့ ဖြတ်ထားတဲ့အတိုင်း ပုံစံမပျက် ထောင်လျှက်လေးတွေ--------”။
ကိုထွေးလေး စကားကြောင့် စက်ရုံမှူး စိတ်ကူးထဲတွင် ကွင်းဆက်များကို လိုက်ချိတ်ကြည့်နေမိသည်။ကိုထွေးလေး စိတ်ကျေနပ် သလောက်ကြည့်ပြီးတော့ အလယ်ရုံးဘက်ကို ပြန်လာကြသည်။
“ကိုကြည်ဝင်းရေ စိတ်တော့ မရှိပါနဲ့ဗျာ၊ကျွန်တော်တို့က တာဝန်အရ စစ်ရမှာပါ။သတင်းပို့ထားတဲ့သူကလည်း ရှိနေတော့ လာမစစ်လို့ မဖြစ်ဘူး။ဒီရက်ပိုင်းတွေတော့ ရသမျှ သတင်း သဲလွန်စ အကုန်လိုက်နေရတာပဲ။” “ကျုပ်ကို ဘာစစ် စရာရှိလို့လဲ”
ကိုကြည်ဝင်း ဘုတောသည့် လေသံနှင့် တုန့်ပြန်သည်။ပျောက်သည့် ပစ်္စည်းများနှင့် ကိုကြည်ဝင်းက တော်တော်ဝေးသည်။တချို့ပစ်္စည်းများဆို သေချာတောင် မြင်ဖူးတာ မဟုတ်။တောင်သူအတု စာအုပ်ဆိုတာလည်း သူတစ်ခါမှ မထပ်ဘူး။အပြင်က လာအပ်ကြသည့် ကရိုင်းသလို့ ရသည့် ၀င်ငွေကို စက်ရုံမှူးက သူ့အားကော်မရှင် သဘောမျိုးပေးထားသည်။အပြင်ဝင်ငွေ အဖြစ်ကတော့ ညနေ ရုံးဆင်းပြီးသွားလျှင် ကွင်းလျားကြီးဘက်မှာ ကွန်သွားပစ်သည်။နေ့တိုင်းအတွက် ငါး ဟင်းစားရသည်။ငါးကြီး ငါးကောင်း မိသည့် အခါများဆို ကိုကြည်ဝင်း မိန်းမ မခင်လှက ဈေးမှာ သွားသွင်းပေးသည်။သို့အတွက်ကြောင့် ၀န်ထမ်းလိုင်းခန်းထဲတွင် ကိုကြည်ဝင်း မိသားစုတွေက အူစိုသည်။ငယ်စဉ်ကတည်းက တံငါအလုပ် နှင့် အကျွမ်းဝင်လာပြီး ၀န်ထမ်းဘ၀ရောက်လာတော့လည်း ၀ါသနာက မစွန့်လွတ်နိုင်။ကိုကြည်ဝင်းအိမ်တွင် တံငါနှင့် ပတ်သက်သည့် ပစ်္စည်းတော့ အစုံရှိသည်။ပိုက်ကွန်၊ခဲ၊ငါးမျှားတံ။ဖော့လုံးများ။
“စစ်ရမှာကတော့ အင်္ကျီခဏ ချွတ်ပြ ပေးပါ။ကိုကြည်ဝင်း ကိုယ်ပေါ်မှာ သံသယဖြစ်စရာ ခြစ်ရာ၊အစင်းရာတွေ ပေါ်နေတယ်လို့ ကြားထားရလို့ပါ။ “
“ဟုတ်တယ်ဗျ ကျုပ်လည်း ဒီမနက် ရေချိုးတော့မှ သတိထားမိတာ။ဘာလို့ ကျုပ်ကိုယ်ပေါ်မှာ အစင်းရာ ခြစ်ရာတွေ ပေါ်လာရတာလဲမသိဘူး။မိန်းမကိုတောင် ပြော မပြရသေးဘူး ခင်ဗျားတို့ ရဲစခန်းက ဘယ်လို သိနေတာလဲ။”
ဒုရဲအုပ် ကိုထွေးလေး ဘာမှ မပြောဘဲ ကိုကြည်ဝင်း ကိုယ်ပေါ်က ခြစ်ရာ၊စင်းရာတွေကို သေချာကြည့်နေသည်။ရင်ဘက်နှင့် ကျော တစ်ခုလုံးတွင် အစင်းရာတွေ အများကြီးရှိနေသည်။တချို့ ခြစ်ရာတွေက ဖောင်းနေသည်။
“ဒီရက်ထဲ ကိုကြည်ဝင်း ဘာတွေသွားသေးလဲ”။
“ဘယ်မှ မသွားမိပါဘူး”။ခပ်လေးလေး လေသံနဲ့ ကိုကြည်ဝင်း ဖြေသည်။
“စက်ရုံမှူးကြီး ကျွန်တော် ကိုကြည်ဝင်းကို စခန်းခဏခေါ်သွားမယ်”
“ဘာလဲ ကျုပ်ကို မသင်္ကာတာလား၊ဂိုထောင်ဖောက်ခံရတာပဲ တစ်ပတ်ကျော်နေပြီ။ကျုပ် ဟုတ်ခဲ့ရင်တောင် ဒီအစင်းရာတွေ ကျန်ပါ့အုံးမလားဗျ။”
“ကျွန်တော်တို့လည်း တာဝန်အရပါ ကိုကြည်ဝင်းရယ် စခန်းရောက်ပြီး စခန်းမှူးကြီး စစ်ဆေးပြီးရင် ပြန်လွတ်ပေးမှာပါ“။
ကိုကြည်ဝင်း ပဒေါင်းသောင်း ရှိရာဘက်လှည့်ပြီး တစ်ခွန်းအော်ရင်း ကိုထွေးလေးနှင့် လိုက်သွားသည်။
“ဟို ခွေးမသားပဲ နေမှာ”
ဝန်ထမ်းလိုင်းခန်းရှေ့မှ ဖြတ်သွားတော့ မခင်လှကို အကျိုးအကြောင်း ခဏ၀င်ပြောသည်။
“အောင်မလေး ဘာတွေ ဖြစ်ကုန်တာလဲ စက်ရုံမှူးကြီးရဲ့ ဒီအမှု မပေါ်မချင်း မသင်္ကာတိုင်း ဆွဲနေတော့မှာလား။ခင်လှတို့က ပါဏာတိပါတာကံသာ ကျူးလွန်ချင် ကျူးလွန်မယ်၊အန်္ဒိနဒါနာ ကံတော့ တစ်ခါမှ မကျူးလွန်ခဲ့ပါဘူးတော်”။
မျောက်ရှုံးလောက် အောင် ဆော့ခဲ့ဖူးကြသည့် ၀န်ထမ်းများ၏ သားများ။ဝါးတော လေတိုက် ဆူဆူညံ အော်ဟစ် စကားပြောခဲ့ကြသည့် ၀န်းထမ်းများ၏ သမီးပျိုတွေ။သည်ကလေး အယောက် လေးဆယ်ကျော် သည် ဘယ် လူကြီးမှ မဟန့်တားရပါဘဲ အလိုက်တသိ တိတ်ဆိတ်လို့ နေကြသည်။
++++++++++++++++++++++++++++
ကိုကြည်ဝင်းသည် စခန်းမှူးကြီး စစ်ဆေးသည့် အချိန်ကျမှ သတိရသည်။သူ တစ်နေ့က နေ့လည်ဘက် ထမင်းစားချိန် တွင် အလုပ်ရုံအနောက်ဘက် ရေကန်ဟောင်းကြီး ထဲမှာ ကွန်သွားဆွဲခဲ့သည်။ “”ကန်ဟောင်းက ရေနက်တော့ ကြောက်ကြတယ်၊တော်ရုံလူ မဆင်းရဲကြဘူး။စက်ရုံမှူးကလည်း ကလေးတွေကို ကန်နား မသွားဖို့ စည်းကမ်းထုတ်ထားတယ်။ပြီးခဲ့တစ်ပတ် ဂျူတီကျတဲ့ ညက ရုံးဝန်းကြီးထဲတစ်ပတ် ပတ်လိုက်စစ်ရင်း ကန်ကြီးဘက်ရောက်တော့ လရောင်အောက်မှာ ငါးတွေမြူးပြီး ခုန်နေတာ တွေ့ကတည်းက ကွန်ပစ်ချင်နေခဲ့တာ။တစ်ကယ် ပစ်တော့လည်း အများကြီး ရခဲ့တယ်။“”
မခင်လှတောင် ဈေးသွား သွင်းလိုက်ရသေး။ကန်ဟောင်းကြီးက သန့်ရှင်းရေး မလုပ်တာ ကြာနေတော့ ဒိုက်တွေ အများကြီးပဲ။ကန်ထဲမှာ နေတုန်းကတော့ သတိမထားမိပေမဲ့ အိမ်ပြန်ရောက်လို့ ရေချိုးတော့ တစ်ကိုယ်လုံးစပ်လိုက်တာ။ဒိုက်ရှ ခဲ့တာ နေမှာ။“”
“ကိုကြည်ဝင်း ပြောသလို ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ စခန်းက ရဲဘော်တစ်ယောက်ကို ကန်ထဲဆင်းပြီး စမ်းခိုင်းကြည့်လိုက်မယ်၊အခုလောလောဆယ်တော့ အဖြေ မပေါ်သေးခင် စခန်းမှာပဲ နေပါအုံး”။
“ဟုတ်ကဲ့ ခင်ဗျ”
ကိုကြည်ဝင်း ဒီစကားမှ တစ်ပါး အခြားမပြောတတ်တော့။စမ်းသပ် ကူးခိုင်းလိုက်မည့် ရဲဘော် ဒိုက်ရှ ပါစေဟု သာဆုတောင်း ရတော့မည်။ကိုယ့်တုန်း က ရှခဲ့ပြီး ၊သူ့ ကျမှ မရှတော့လျှင် ကိုကြည်ဝင်းတော့ ဒုက်္ခ။ကန်ရေသည် ကျယ်လည်းကျယ်၊ရေ လည်း နက်ပုံရ၏။ဒါကြောင့်ပဲ ရေကူးချန်ပီယံ မြ၀င်းကို ရွေးခေါ်ခဲ့ရခြင်းဖြစ်သည်။
“မြ၀င်းရေ ကန်ထောင့် အစပ်တွေထိ ရောက်အောင် ကူးကွာ၊ကိုကြည်ဝင်းက ကန်ထဲမှာ နေ့တစ်ပိုင်းလောက် နေခဲ့တာ ဆိုတော့၊မင်းလည်း ကူးလိုက် နားလိုက် လုပ်ပြီး နာရီဝက်လောက်တော့ နေကြည့်မှ ရမယ်။”
စက်ရုံမှူးနှင့် ၀န်ထမ်းများသည်လည်း ကန်ဘောင် အပြည့် လာကြည့်နေကြသည်။အကြောင်းအရင်းသည် စခန်းမှူးက ရေကန်အောက်ကို ရှာခိုင်းလိုက် ၍ မျှော်လင့်ချက်များနှင့် စောင့်ကြည့်နေကြသည်။ပျောက်ဆုံး သွားသည့် ပစ်္စည်းများ ရေကန်အောက်တွင် ဖွက်ထားနိုင်သည်ဟု ယူဆ၍ ဖြစ်သည်။နာရီဝက်ကြာ ရေထဲ ဆင်းပြီးနောက် ရဲဘော် မြ၀င်း ပြန်တက်လာသည်။ဝန်ထမ်းများ အားလုံးက ရဲဘော် မြ၀င်း ကိုယ်ပေါ်တွင် အစင်းရာများ ပေါ်လာပြီးလားဟု စိတ်ဝင်တစား ကြည့်နေကြသည်။ “ကိုကြည်ဝင်း တုန်းကတော့ နောက်တစ်နေ့မှ အစင်းရာ ပေါ်လာတယ် ဆိုတော့ ကျွန်တော်တို့ မြ၀င်းကို မနက်ဖန်ထိ စောင့်ကြည့်ရအုံးမယ် စက်ရုံမှူး”။
“အေးဗျာ တာဝန်ရှိသလို သာ လုပ်ပါ။ကျွန်တော်လည်း ဘာလုပ်ပေးရမှန်းတောင် မသိတော့ဘူး”။
စက်ရုံမှူး ဦးသိန်းငွေ ဘာလုပ်ရမှန်း မသိသော်လည်း သူ့၏ မိခင်ဌာန ရုံးချုပ်ကတော့ ဘာလုပ်ရမှန်း သိသည်။
စက်ရုံမှူးနှင့် ၀န်ထမ်းများ အလုပ်ရုံထဲ ပြန်ရောက်ချိန်တွင် စာတိုက် ၀န်ထမ်းလေး ကြေးနန်း တစ်စောင် လာပို့သည်။ ၀န်ထမ်းအများရှေ့မှာပင် ဦးသိန်းငွေ ဖွင့်ဖတ်လိုက်သည်။ထို့နောက် ခပ်ယဲ့ယဲ့ တစ်ချက် ပြုံးလိုက်မိသည်။
“ရုံးချုပ်က လာတဲ့ ကြေးနန်းစာပါ။ကျွန်တော့်ကို တာဝန်ပေါ့လျှော့မှုနဲ့ ရာထူးနဲ့နှစ်တိုး လေးနှစ်ပိတ်လိုက် ကြောင်း အကြောင်းကြားတာပါ”။
ကိုယ့်တစ်ယောက်တည်း အတွက်နှင့်တော့ ရာထူးတိုးခြင်း မတိုးခြင်း၊နှစ်တိုး ပိတ်ခြင်း၊မပိတ်ခြင်းကို ဘယ်လို မှ မခံစားရပါ။ခံစားနေရသည် က တရားခံ အစစ် မတွေ့နိုင်သေးဘဲ အပြစ်မရှိသည့် ၀န်ထမ်းများ တစ်ယောက်ပြီး တစ်ယောက် စခန်း အခေါ်သွားခံနေရခြင်းဖြစ်သည်။ဦးသိန်းငွေ ၀န်ထမ်းလုပ်သက် ၁၆နှစ်ကျော်ပြီ။ရုံးချုပ်က စေလွှတ်ခဲ့တဲ့နေရာများကို နေရာမရွေး တာဝန်ကျေ ထမ်းဆောင်ခဲ့သည်။အရာရှိပို့စ်တွေ ၄နှစ်တစ်ကြိမ် ရာထူးတိုးကြလည်း ကိုယ်မပါခဲ့။အလုပ်အတူတူ ၀င်ခဲ့ကြသည့် ဘီးအီးဆင်း သူငယ်ချင်းများ က လက်ထောက် ညွှန်မှူး၊ဒုညွှန်မှူး တွေ ဖြစ်ကုန်ကြပြီ။ယခုတော့ ရာထူးတိုး လေးနှစ်ပိတ်လိုက်ပြီတဲ့။စ၀င်ကတည်းက ဦးစီးအရာရှိ ပို့စ်နဲ့ဝင်၍သာ ရာထူးချ၍ မရခြင်းဖြစ်သည်။နောက်တစ်နေ့ မနက် ၇နာရီခွဲ တန်းစီဖြုတ်ပြီးသည့်အချိန် ဗောဓိကုန်းရပ်ကွက်ထဲမှ လူတစ်ယောက် ရောက်လာသည်။
“ဆရာ --- မီးရထားဂုံးနားက ချုံဖုတ်ထဲမှာ ဒီ ပစ်္စည်းတွေ တွေ့လို့၊ဂုန်နီအိတ်နဲ့ ထည့်ထားတာ။တစ်ခုပဲ ယူလာပြတာ၊ဟိုမှာ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်ကို စောင့်ခိုင်းထားခဲ့တယ်။”
“ဟုတ်လား လာ သွားကြမယ်။စိုးမြင့် ၊ကြည်စိုး မင်းတို့ ညစောင့်တွေလည်း လိုက်ခဲ့ကြ၊ စာရေးကြီးက ဦးသိန်းထွန်းတို့ စခန်းကို အကြောင်းကြားဖို့ လုပ်။စတိုမန်း နှစ်ယောက်ရော၊ကျန်တဲ့ စက်ကျွမ်းအဖွဲ့ အချို့လည်း လိုက်ခဲ့ကြ။”
သည်ရပ်ကွက်ကို အလတ်စား စက်ရုံ ၀န်ထမ်းများက အသုံးပြုနေရသည့် မြို့ထဲသို့ သွားသည့် ဖြတ်လမ်းဖြစ်နေသည်။စက်ရုံဝန်း ရှေ့ဘက်မှ ထွက်ပြီး မြို့ထဲသို့သွားလျှင် တစ်ပတ်ကြီး သွားရသည်။မိုးတွင်း ဆိုလျှင်တော့ ဗောဓိကုန်း ရပ်ကွက်က အသုံးပြုလို့ မကောင်၊ဗွက်ထ တတ်သည်။စက်ရုံဝန်းကြီးကသာ ဗောဓိကုန်းသားများကို မနက် ၆၊ည ၆ အတွင်း မဖြတ်ရဟု အမိန့်ထုတ်ထားသော်လည်း စက်ရုံဝန်ထမ်းများ ကိုတော့ ဗောဓိကုန်း ရပ်ကွက်ကြီးက တံခါး မရှိ။ဓားမရှိ။ယခု မီးရထားဂုံးဆိုသည်က ဗောဓိကုန်း ရပ်ကွက်မှ ထွက်လိုက်လျှင် မီးရထားလမ်းရှိသည်။ ကုန်းမြင့်ထက်မှာ ရှိနေသဖြင့် မီးရထားဂုံးဟု ခေါ်ကြသည်။မီးရထားဂုံးကို ကျော်လိုက်လျှင် မြို့ထဲသွားသည့် ကားလမ်းမပေါ် ရောက်သွားသည်။စက်ရုံမှူးတို့ အဖွဲ့ရောက်သွားသောအခါ ယောက်ျားများ သုံးလေးယောက် ခန့် ချုံဖုတ်တွေနားတွင် ၀ိုင်းထိုင်နေကြသည်။
“ပစ်္စည်းတွေကို သွားမကိုင်လိုက်ကြနဲ့နော်။ရဲစခန်းကို အကြောင်းကြားထားတယ် ၊သူတို့ လက်ဗွေရာ ယူလို့ရနိုင်အောင် ကျွန်တော်တို့ စောင့်ကြမယ်”။
“ကျုပ်တို့တော့ မကိုင်ပါဘူး။ဒီအတိုင်း ထိုင်ကြည့်နေတာ ၊ဒါပေမဲ့ ငစိုး က အဲဒီအိတ်ကို ဖွင့်ကြည့်ပြီး ဆရာတို့ကို ပစ်္စည်းလာပြတာလေ။ငစိုး လက်ရာပဲ ရှိတော့မှာပေါ့”။
စခန်းမှူးရောက်လာပြီး စစ်သည့် အချိန်တွင် တွေ့ရသည့် ပစ်္စည်းများက ပျောက်နေသည့်ပစ်္စည်းအမျိုးအစားများနှင့် တူသော်လည်း အသေးလေးများ သာ ဖြစ်နေသည်။ကြီးကြီးမားမား တစ်ခုမှ မပါ။ဂုန်နီအိတ်လိုက် မ ပြီး ပစ်္စည်းများ သိမ်းသွားသည်။အရင်တွေ့သည် ဆိုသည့် သတင်းလာပေးသူ ငစိုးလည်း ရဲစခန်း ပါသွားတော့သည်။ဘာလိုလိုနှင့် ဂိုထောင်အဖောက်ခံရသည်မှာ မနက်ဖန်ဆိုလျှင် နှစ်ပတ်ပြည့်ပြီ။ ညနေရောက်တော့ ဦးသိန်းထွန်း စက်ရုံမှူးတို့ အိမ်ကို ရောက်လာသည်။စက်ရုံမှူးတို့ အိမ်တွင် ကြက်များ၊ငုံးများ မွေးထားသည်။အိမ် နောက်ဘက် တွင် ဗူးစင် အကြီး ကြီးရှိသည်။အသီးများ သီးသလို။အရိပ်လည်းရသည်။အရင်ရက်များဆီက ညနေစောင်းဆိုဗူးစင်အောက်တွင် ဆက်တီခုံတွေချထားပြီး လူကြီးများ မလာခင် ကလေးများက အမြည်းထဲမှ အားလူးကြော်တွေ နှိုက်စား၊အမေ လုပ်သူက အော်နှင့်ပျော်စရာ စည်ကားခဲ့သည်။
“ဦးသိန်းငွေရေ ကျွန်တော် စကားပြောချင်နေတာ ကြာပြီဗျာ----ခင်ဗျားတို့ အမှုက တော်တော်ရှုပ်ထွေးတယ်။အခု နေ့ခင်းပဲ စတိုမန်း နှစ်ယောက်စလုံးကို အချုပ်ထဲ ထည့်ခဲ့လိုက်ပြီ။စစ်ဆေး စရာ ရှိတာ စစ်ဆေးပြီးမှ ပြန်လွှတ်ပေးမယ်လို့ ပြောထားတယ်”
ဦးသိန်းထွန်း စကားပြောတာ ခဏရပ်ပြီး ရေကို တရှိန်ထိုး မော့သောက်လိုက်သည်။ “အဲဒါ တာဝန်ရှိတဲ့ စက်ရုံမှူးကိုရော အချုပ်ထဲ မထည့်ဘူးလားတဲ့ဗျာ။ခင်ဗျားရဲ့ စတိုမန်းက မေးတာနော်”။
“တာဝန်အရဆိုရင်တော့ ဟုတ်တယ် မင်းတို့ စက်ရုံမှူးကိုလည်း အချုပ်ထဲ ထည့် စစ်ဆေးရမယ်။ဒါပေမဲ့ ငါက
သူ့ရဲ့ကိုယ်ကျင့်တရား၊လုပ်ရပ်တွေကို ဆယ်စုနှစ် လောက် မြင်တွေ့ထားတာ ဖြစ်လို့ လူကို ယုံကြည်လို့ မထည့်တာကွာ လို့ ပြောဖြစ်ခဲ့တယ်”။
“တော်တော် မလွယ်ဘူးဗျ”
ဦးသိန်းငွေ ယမကာခွက်ထဲ ရေခဲထည့် လှုပ်ပြီး စခန်းမှူးကို ကမ်းလိုက်သည်။ဘာ စကားမှ ပြန်မပြောသေး။
“အားလုံးက လှည့်ကွက်တွေချည်းပဲဗျ သိလား။သံဇကာကို ညှပ်ထားတဲ့ ကိစ်္စ။ဒီနေ့ မနက် မီးရထားဂုံးမှာ ပစ်္စည်းတွေ လာပစ်ပြထားတဲ့ ကိစ်္စ။မျက်စိလည်အောင် လုပ်ထားတာ။”
“ဒီမနက်ဆို ဘော်တယ်လ် ကုလားတွေဆီထိပါ ကျွန်တော်လိုက်စုံစမ်းကြည့်မိတယ်။ပစ်္စည်းတွေ လာပစ်သွားတာ သူတို့များ သိနိုင်မလားလို့”
ကြက်ဥကြော် တစ်ဇွန်း ခပ်စားရင်း ဦးသိန်းထွန်း စကားမဆက်သေးဘဲ ခပ်လျှောလျှော ထိုင်ပြီး ငြိမ်သွားသည်။ခဏကြာတော့ ဆက်တီခုံမှ ကိုယ်ကို ပြန်မတ်ထလာပြီး စကားဆက်ပြန်သည်။
“ဦးသိန်းငွေ ခင်ဗျား စဉ်းစားကြည့် ဒီသံဇကာကွက်က တစ်ကယ်တော့ လူတစ်ကိုယ်တောင် ထွက်ဖို့ မဖြစ်နိုင်ဘူးဗျ။ဒီအတိုင်း လွတ်လွတ်ကင်းကင်းဆိုရင်တော့ ရရင် ရ နိုင်မှာပေါ့ဗျာ။အခုဟာကဂိုထောင်က အမြင့်ကြီး၊လှေကား အသုံးပြုထားရာ မတွေ့ရဘူး။တချို့ ပစ်္စည်းတွေ့ရဲ့ အရွယ်ပမာဏက ညှပ်ထားတဲ့ အပေါက်ထက် ကြီးတယ်။
“လှည်းတောင် လေးစီးတိုက်လောက် သယ်မှ ရနိုင်မဲ့ ပစ်္စည်းတွေကို--------- ဒီတော့ ပြောချင်တာ ဂိုထောင် မဖောက်ခင် ကတည်းက ပစ်္စည်းတွေက ပျောက်နေနှင့်တာဗျ စက်ရုံမှူးကြီးရ”
ဦးသိန်းထွန်းကတော့ သူ့တာဝန်တွေ ကျေသွားသည့် အလား အားရကျေနပ်နေသည်။သူ အခု ပြောခဲ့သည့် အချက်များကို ဦးသိန်းငွေလည်း တွေးထားပြီးသားဖြစ်သည်။ကိုယ့်ထင်မြင် သုံးသပ်ချက်တွေကိုလည်း ညွှန်ချုပ်ဆီ ကြေးနန်းပို့ထားလိုက်ပြီ။သို့သော်----- သက်သေ။သဲလွန်စ ဘာမှ မရှိသည့် အမှုဖြစ်နေသည်။
“အဲဒီတော့ စက်ရုံမှူးက တရားလိုတစ်ယောက်အနေနဲ့ စတိုမန်း နှစ်ယောက်ကို တရားစွဲရမယ်၊နောက်တစ်ပတ် စတော့။”
“ကျေးဇူးတင်ပါတယ် ဦးသိန်းထွန်း ၊တရားစွဲရင် ကျွန်တော်က ခြောက် တစ်နဲ့ စွဲရမှာလား။”
“ခြောက် တစ်ထက် မြင့်တယ်၊အပက (၃)နဲ့ စွဲရမှာ။အများပြည်သူဆိုင်ရာ ပစ်္စည်းအလွဲသုံးစားလုပ်မှု လို့ခေါ်တယ်ဗျ”
“အေးဗျာ နောက်တစ်ပတ် တရားရုံးမှာ ရင်ဆိုင်ရုံပေါ့။သန်းသန်းကလည်း နေ့မွေးမလား၊ညမွေး မလားနဲ့ဗျ”
သန်းသန်းနှင့် ကလေးများကို နှုတ်ဆက်ပြီး ဦးသိန်းထွန်း ပြန်သွားတော့သည်။မနက်ဖန်ဆို ဂိုထောင်ဖောက်ခံရသည်မှာ နှစ်ပတ်ပြည့်သွားခဲ့ပြီ။
+++++++++++++++++++++
ရဲဝန် ထမ်း တစ်ယောက် ယောက် ၀င်လာတာ တွေ့လိုက်သည်နှင့် ဘယ်သူ့ယောက်ျား ခေါ်သွားအုံးမလဲဆိုသည့် ခံစားချက်က အိမ်ရှင်မ တွေရင်ထဲ စိုးမိုးနေပြီ။အိပ်ယာဝင် နောက်ကျပေမဲ့ ဦးသိန်းငွေ တစ်ယောက် တော်တော်နဲ့ အိပ်လို့မပျော်။မှေးကနဲ အိပ်ပျော်စမှာတံခါးခေါက်သံကို ကြားလိုက်ရသည်။ရုတ်တရက် အတွေးများက သူခိုးမိလာ တာများလားဟု ထင်လိုက်မိသည်။ဝန်ထမ်းများ လာပြောမှ မိန်းမ ဆေးရုံတက်နေသည် ကိုသတိရသည်။တရားရုံး ၀င်ပေါက်တွင် လူ အများကြီးတွေ့လိုက်ရသည်။နယ်မြို့လေး၏ တရားရုံးသည် လူသိပ်မရှိတတ်။နေရာယူ ၀င်ထိုင်လိုက်စဉ် ဦးသိန်းထွန်း လာနှုတ်ဆက်သည်။ထို့နောက် အ၀င်ပေါက်မှ လူများ ဘက် မေးထိုးပြပြိး
“ခင်ဗျားတို့ အမှုကို စိတ်ဝင်စားလို့တဲ့ လာနားထောင်ကြတာလေ”
ခဏကြာတော့ စတိုမန်း ကိုသန်းတင်နှင့် ကိုမြ၀င်းကို ရဲဘော် နှစ်ယောက်က ခေါ်လာကြသည်။ပြီးခဲ့ နှစ်ပတ်ကျော်က ဆရာ၊တပည့် ဆက်ဆံရေး၊အခုတော့ တရားလိုနဲ့ တရားခံများ။ကိုသန်းတင်က ရှေ့နေငှားထားသည်ဟု သတင်းရသည်။ဦးသိန်းငွေဘက်ကတော့ အစိုးရ ရှေ့နေပဲရှိသည်။ကိုမြ၀င်းတစ်ယောက်တော့ ဘယ်ကိုမှ မကြည့်ဘဲ မျက်နှာအောက်ချလို့ ၊အနားမှာ သူ့ကောင်မလေး ထိုင်နေ သည်ကို တွေ့လိုက်သည်။ယခုမှ သတိရသည်၊ သူတို့ သည်နှစ် တန်ဆောင်တိုင် လက်ထပ်ကြဖို့ စီစဉ်ထား ကြသည်။ဦးသိန်းငွေကိုတောင် ကောင်မလေး မိဘတွေဆီမှာ လိုက်မြန်းပေးဖို့ပြောထားသေးသည်။တရားသူကြီး ၀င်လာသည်ကို တွေ့လိုက်ရသည်။သည် တရားရုံးလေးထဲ ပန်ကာမရှိ ဘာမရှိ။လာနားထောင်ကြသည့် ပရိသတ် များက တော့ အပြည့်။စိတ်အိုက်မှုနဲ့ရောပြီး လူလည်း အိုက်စပ်စပ်ဖြစ်လာသလို။
“လေးစားအပ်တဲ့ တရာသူကြီးမင်း ခင်ဗျား”
တရားခွင်ထဲ အစိုးရ ရှေ့နေ ဦးပွား တစ်ယောက်သာ မတ်တပ်ရပ်နေသည်။
“ကျွန်တော်တို့ အခုရင်ဆိုင်နေရတဲ့အမှုဟာ -----မြို့၊အလတ်စား စက်ပြင်အလုပ်ရုံဝန်းထဲမှာ ရှိတဲ့ လယ်ယာသုံး စက်ပစ်္စည်းများ သိမ်းဆည်းထားရာ ဂိုထောင် ဖောက်ထွင်းခံရမှု ဖြစ်ပါတယ်။တရားလို အလတ်စား စက်ရုံမှူး ဦးသိန်းငွေက ဂိုထောင်တွင် တာဝန်ရှိသော စတိုမန်းနှစ်ယောက်ဖြစ်တဲ့ စတိုမန်း ၁ ဦးသန်းတင်(ဘ)ဦးတင်အောင်။စတိုမန်း ၂ ဦးမြ၀င်း(ဘ)ဦးမောင်ခ တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အပက (၃)အရ အရေးယူပေးဖို့ တရားစွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။”
တရားသူကြီး ဦးဘမြင့်သည် နယ်မြို့လေးသို့ ပြောင်းလာသည်မှာ တစ်လပင် မပြည့်တတ်သေး။တရားလို စက်ရုံမှူး ဦးသိန်းငွေနှင့်တော့ မိတ်ဆုံညစာ စားပွဲတွင် တစ်ခါဆုံဖူးသည်။ပြောင်းရွှေ့သွားသည့် တရားသူကြီး နှုတ်ဆက်ပွဲနှင့် မိမိအားကြိုဆိုသည့် ပွဲတွင် နယ်ခံ အရာရှိ အသီးသီးက မိမိကိုယ် မိမိ မိတ်ဆက်ကြသည်။ယခုပြန်ဆုံတွေ့ရသည်က တရားရုံးမှာ။အစိုးရ ရှေ့နေ လျှောက်ထားချက်များကို နားစွင့်နေလိုက်မိသည်။
“အမှုကို သိရှိချိန်က ၁၉၈၄ခုနှစ်၊အောက်တိုဘာလ ၈ ရက်၊တနင်္လာနေ့ မနက်ဖြစ်ပါတယ်။အမှု ဖြစ်ပွားချိန်ကိုတော့ မခန့်မှန်းတတ်ပါဘူး။သောကြာနေ့ ညနေ ရုံးဆင်းပြီး တနင်္လာနေ့မှ ဂိုထောင် အဖောက်ခံရတယ်ဆိုတာကို တရားခံ စတိုမန်းများက သိရှိကြတာ ဖြစ်ပါတယ်။ဒါကြောင့် ဂိုထောင် အဖောက်ခံရချိန်ဟာ သောကြာ ညလား၊စနေ ညလား၊တနင်္ဂနွေ ညလားဆိုတာကို အတိအကျ မသိရပါဘူး။သဲလွန်စ မကျန်ခဲ့တဲ့ အမှုလည်း ဖြစ်နေပါတယ်။ဒါကြောင့် ညစောင့် ၀န်ထမ်း နှစ်ယောက်နဲ့အတူ သောကြာ၊စနေ၊တနင်္ဂနွေ ညများမှာ တာဝန်ကျတဲ့ တာဝန်မှူးကြီး၊တွဲဖက် တာဝန်မှူးတို့ကိုပါ ရုံးတော်ကို ဆင့်ခေါ်ထားပြီး ဖြစ်ပါတယ်။”
တရားသူကြီး ဦးဘမြင့် သဲလွန်စ မကျန်ခဲ့ဆိုသည်ကိုတော့ သဘောမကျ။သံဇကာ ကွက်တွေ ဖြတ်ထားခြင်း။ထင်းရှုးသေတ်္တာ ပုံးတွေ ပြန့်ကျဲနေခြင်း၊နံရံပေါ်ရှိ ခြေရာ တစ်ပိုင်း ဒါတွေသည် သဲလွန်စတွေ မဟုတ်ပါလား။ပြီးတော့ ချုံပုတ်ထဲ ပစ်သွားခဲ့သည့် ပစ်္စည်းများ။ဒါတွေသည် ရုံးတော်ကို တင်ပြလာခဲ့သည့် သဲစွန်စများ။အစိုးရရှေ့နေ ဦးပွား အသံတို့က နားထဲသို့ ပြန်ဝင်လာသည်။
“လေးစားအပ်တဲ့ တရာသူကြီးမင်းခင်ဗျား။ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေခံ အထောက်အထားများကို တင်ပြပြီး ဖြစ်ပါတယ်။အခု ညစောင့် ၀န်ထမ်းနှစ်ဦးကို စစ်မေးမှာဖြစ်ပါတယ်။” မေး--“”ညစောင့် ကိုကြည်စိုး-- ညစောင့် တာဝန်ကို ထမ်းဆောင်လာတာ ဘယ်နှစ်နှစ်ရှိပါပြီလဲ”“
ဖြေ--“”အလတ်စား အလုပ်ရုံ စတည် ကတည်းက ဆိုတော့ ၄နှစ်ကျော်လောက် ရှိပါပြီ“”
မေး-- “”ညစောင့်ဆိုတော့ မနက်ဘယ်နှစ်နာရီမှာ တာဝန်က ထွက်ပါသလဲ”“
ဖြေ--- ”“မနက် ၀န်ထမ်းတွေ တန်းစီတဲ့ အချိန် ကျွန်တော်တို့လည်း တန်းဝင်စီရပါတယ်၊ပြီးရင် နေ့စောင့်ကို တာဝန်လွဲပြီး ကျွန်တော်တို့ ပြန်လို့ ရပါပြီ။”
မေး-- “စနေ မနက်နဲ့ တနင်္ဂနွေ မနက်တွေမှာ နေ့စောင့်ကို တာဝန်လွဲတဲ့ အချိန် ထူးထူးခြားခြား ဘာမှ သတိမထား မိဘူးလား။”“ ညစောင့် ကိုကြည်စိုး ပြန်မဖြေခင် စက်ရုံမှူးကို လှမ်းကြည့်လိုက်သည်။
ဖြေ--”စနေ၊တနင်္ဂနွေလို ရုံးပိတ်ရက်တွေ ကျတော့ ကျွန်တော့်တို့ စက်ရုံမှာ နေ့စောင့် မရှိပါဘူး။ဒီတော့ တာဝန်ကျ တာဝန်မှူးကြီးကိုပဲ လွဲရပါတယ်”။
မေး--“သောကြာညနဲ့ စနေ၊တနင်္ဂနွေ ညတွေမှာရော ဂိုထောင်ဘက်ကို ကင်းစစ်ဖြစ်သေးသလား”
ဖြေ--ကျွန်တော်တို့ ညတိုင်း ကင်းစစ်ဖြစ်ပါတယ်။ကျွန်တော်တို့ နှစ်ယောက်ထဲ ကတစ်ယောက်နဲ့ တာဝန်မှူးကြီး ဒါမှမဟုတ် တွဲဖက် တာဝန်မှူးတို့ လုပ်နေကျပါ။“
“ကျေးဇူးတင်ပါတယ်”။
ရှေ့နေ ဦးပွားက တရားသူကြီးမင်းကို အရိုအသေလှမ်းပေးရင်း ခဏရပ်လိုက်သည်။ညစောင့် ကိုစိုးမြင့်၏ အလှည့် ဖြစ်ပါသည်။ဒီအမှုနဲ့ပတ်သက်ပြီး ကိုစိုးမြင့် အကြောင်းကို အနည်းငယ် ထည့်ပြောမှ ရမည်။သည်အမှုတွင် ကိုစိုး မြင့်သည် မသင်္ကာ ခံရသည့် အထဲတွင် ပါဝင်နေပါသည်။သူ၏ ညာခြေ တစ်ဖက်မှာ မွေးရာပါ ခြေသန်းတစ် ချောင်း ပါမလာခဲ့ပေ။ယခုအမှု၏ သဲလွန်စ များထဲတွင် နံရံကို တွယ်တက်ထားဟန် ခြေရာ တစ်ပိုင်းသည်လည်း ခြေသန်းနေရာက လွတ်နေခဲ့ပါသည်။မသင်္ကာမှုနှင့် သူ၏ ခြေရာကို တိုက်ယူ စစ်ဆေးခြင်း ခံခဲ့ရပါသည်။သို့သော်
လည်း နံရံပေါ်ရှိ ခြေရာတစ်ပိုင်းသည် ဘယ်ခြေ ဖြစ်နေခဲ့ပါသည်။
မေး--“”ညစောင့် ကိုစိုးမြင့်-- ညစောင့် တာဝန်ကို ထမ်းဆောင်လာတာ ဘယ်နှစ်နှစ်ရှိပါပြီလဲ”“
ဖြေ--“” ၂ နှစ်ကျော်လောက် ရှိပါပြီ“”
မေး-“”သောကြာ၊စနေ၊တနင်္ဂနွေ ညတွေက ညစောင့်တာဝန်ကို ထမ်းဆောင်ခဲ့ပါသလား၊ဒါမှမဟုတ် ခွင့်ယူခဲ့ပါသလား”
“ဖြေ----“”ခွင့်မယူပါဘူး ခင်ဗျ။တာဝန်ထမ်းနေခဲ့ပါတယ်“”။
မေး---“”ဒါဆို နောက်ဆုံး ည ၁၂နာရီ ကင်းစစ်အဖွဲ့ထဲမှာ ကိုကြည်စိုးပါတာလား။ကိုစိုးမြင့် ပါတာလားခင်ဗျ။”“
ဖြေ--“”သောကြာညက ကိုကြည်စိုး ကင်းစစ်ခဲ့တာဖြစ်ပြီး၊စနေနဲ့ တနင်္ဂနွေညတွေက ကျွန်တော်ကင်းစစ်ခဲ့တာပါ“”။
မေး--““ကိုစိုးမြင့်ရဲ့ ခြေရာကို ရဲစခန်းက စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ဘာကြောင့်ပါလဲ အဲဒီအကြောင်းလေး နည်းနည်းပြောပြပေးပါ”“။
ကိုစိုးမြင့် ခေါင်းကို အနည်းငယ်ငုံနေလိုက်သည်။သူ၏ မွေးရာပါ အားနည်းချက် ခြေသန်းတစ်ဖက် မပါပြီး
ခြေထောက်ထော့နင်း ထော့နင်းဖြစ်နေခြင်းကို ဘယ်တုန်းကမှ အားမငယ်ခဲ့ဘူး။အခုတော့ ထိုအားနည်းချက်ကြောင့် သင်္ကာ မကင်း ဖြစ်ခံရသည်။
ဖြေ--“”ဟုတ်ပါတယ်။ကျွန်တော်မှာ မွေးရာပါ ခြေသန်းတစ်ချောင်း ပါမလာခဲ့ပါဘူး။ဂိုထောင်နံရံပေါ်မှာတွေ့ရတဲ့ ခြေရာတစ်ပိုင်းမှာလည်း ခြေသန်းနေရာ ပေါ်မနေလို့ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ ကျွန်တော် ခြေသန်းမပါတာ ညာခြေ ဖြစ်နေပြီး၊နံရံပေါ်က ခြေရာဟာ ဘယ်ခြေ ဖြစ်နေခဲ့ပါတယ်။””
””ကျေးဇူးတင်ပါတယ်”“
အစိုးရ ရှေ့နေ ဦးပွားက တရားသူကြီးဘက်လှည့်ပြီး ဦးညွတ်လိုက်သည်။တရားသူကြီးမင်းက ခေါင်းညိတ်ပြသည်။
မေး-- “အလတ်စား စက်ရုံမှူး ဦးသိန်းငွေ ခင်ဗျား -----တရားလို တစ်ယောက်အနေနဲ့ တရားခံများ ဖြစ်ကြတဲ့ စတိုမန်း ဦးသန်းတင်နဲ့ ဦးမြ၀င်းတို့ကို တရားစွဲဆို ထားပုံကို ပြောပြပေးပါ။”
ဖြေ--”“ဂိုထောင်ဖောက်ထွင်းမှုမှာ ဖြတ်ထားခံရတဲ့ သံဇကာကွက်က တစ်ကယ်တော့ လူတစ်ကိုယ်တောင် ထွက်ဖို့ မဖြစ်နိုင်ဘူး။ဒီအတိုင်းဆိုရင်တော့ ရနိုင်ကောင်းပေမဲ့ အခုဟာက ဂိုထောင်က အမြင့်ကြီးဖြစ်နေပါတယ်။
လှေကား အသုံးပြုထားရာ မတွေ့ရပါဘူး။ဂိုထောင် တံခါးမကြီးရဲ့ ချိပ် ပွင့်မနေပါဘူး၊အတွင်း သံဇကာတံခါးရဲ့ သော့ ပျက်မနေပါဘူး။ဒါ့ပြင် ပျောက်သွားတဲ့ ပစ်္စည်း အချို့ရဲ့ အရွယ်ပမာဏက ညှပ်ထားတဲ့ အပေါက်ထက် ကြီးနေပါတယ်။ဂိုထောင်ရဲ့ အမြင့်ဟာ အထောက်အကူပြု ပစ်္စည်း မပါဘဲ ခုန်ချဖို့ မဖြစ်နိုင်ပါဘူး။””
”” အခုဂိုထောင်ဖောက်ထွင်းမှုမှာ ဖောက်ထွင်းခံရပုံ ဟန်ပြသာ ဖြစ်နိုင်ပြီး ပစ်္စည်းများကတော့ ဒီ့အရင်ကတည်းက ပျောက်နေတယ်လို့ ယူဆပါတယ်။ဒါကြောင့် တာဝန် အရှိဆုံးနဲ့ အမှု ကျူးလွန်နိုင်ချေ အရှိဆုံး စတိုမန်း နှစ်ယောက်ကို တရားစွဲဆိုရခြင်းဖြစ်ပါတယ်။””
”“ကျေးဇူးတင်ပါတယ် စက်ရုံမှူး ခင်ဗျား””
+++++++++++++++++++++
““လေးစားအပ်တဲ့ တရားသူကြီးမင်း ခင်ဗျား”“
စတိုမန်း ၁ ဦးသန်းတင်၏ အကျိုးဆောင် ရှေ့နေ ဦးတူ ၏အသံတို့က ကြည်လင်ပြတ်သားနေသည်။ရှေ့နေအလုပ်ကို ၀ါသနာပါလွန်း၍ လုပ်လာခဲ့ခြင်းဖြစ်သည်။မိဘပေးခဲ့သည် ငယ်နံမည်ကိုပင် ရှေ့နေဘွဲ့ရသည့် နှစ် တွင် အမည်ပြောင်းခဲ့သည်။ဦးတူ ဟူ၍ ဖြစ်သည်။ပထမနှစ်တွင် သင်ခဲ့ရသည့် ရှေ့နေ ဦးတူ၏ စိတ်ဓာတ်ဆိုသည့် စကားပြေကို သဘောကျ၍ ဖြစ်သည်။သူလိုက်ပေးသည့် အမှုများကလည်း အနိုင်ရသည် ကများသည်။ထို့အတွက်ကြောင့်ပင် ဒီနယ်မြို့လေးတစ်ဝိုက်တွင် သူ့ သတင်းက မွှေးလှသည်။
“”ကျွန်တော့်ရဲ့ အမှုသည် ဦးသန်းတင်ကို ကျူးလွန်တယ်လို့ စွပ်စွဲတာဟာ သူ့ရဲ့ ဂုဏ်သိက်္ခာကို ထိခိုက်စေ ပါတယ်။ဒါပေမဲ့ ဂုဏ်သိက်္ခာထက် ပိုအရေးကြီးတာ ရှိပါသေးတယ်။အဲဒါ ကတော့ တရားမျှတမှုပါပဲ။ဒီတော့ ဒီအမှု မှာကျွန်တော့် အမှုသည်ရဲ့ ဂုဏ်သိက်္ခာထက်၊ တရားမျှတမှု ဂုဏ်သိက်္ခာအတွက် လျှောက်လဲသွားမှာ ဖြစ်ပါတယ်။ တရားမျှမှု အတွက်ဆိုရင် ကျွန်တော့်အမှုသည် ဦးသန်းတင်ဟာ တာဝန်ရှိတယ်ဆိုတဲ့ အချက် တစ်ချက် တည်းနဲ့ အချုပ်ထဲမှာ နေရတာ နှစ်ပတ်ကျော် သုံးပတ် နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ဒါဆိုရင် စတိုမန်းများထက် တာဝန်၊ ရာထူး ပိုကြီးတဲ့ စက်ရုံမှူး ဦးသိန်းငွေ ဟာ အပြင်မှာ အေးဆေးသက်သာစွာ နေ နေရပါတယ်။ဒါဟာ တရားမျှ
တမှု မရှိဘူး ဖြစ်နေပါတယ်။”“
““လေးစားရတဲ့ တရားသူကြီးမင်း ခင်ဗျား -----ဒီနေရာမှာ ကျွန်တော် သင်ကြားဖူးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီရင်ထုံး တစ်ခုကို ပြောလိုပါတယ်။၁၉၆၈ခုနှစ်က ပြဌာန်းခဲ့တာပါ။တရားခံကို ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲပြီးတာနဲ့ တာဝန်ပြီးဆုံးပြီ။စွပ်စွဲခံရသူက မဟုတ်ခဲ့ရင် ခိုင်လုံစွာချေပလိမ့်မယ် လို့ တာဝန် ပခုံးပြောင်းလို့ မရပါဘူး။ပြည့်ပြည့်စုံစုံ စုံစမ်းပြီး ခိုင်လုံတဲ့ သက်သေထူဖို့ တရားလိုမှာ တာဝန်ရှိပါတယ်။အဲဒီလိုမှ မဟုတ်ရင် မသမာတဲ့သူတွေက လွယ်လွယ်နဲ့ စွပ်စွဲပြီး အပြစ်မဲ့တဲ့သူတွေက ပင်ပန်းဆင်းရဲစွာ ခုခံချေပနေ ရပါ လိမ့်မယ်တဲ့ ခင်ဗျ”“။ “အခု အမှုမှာလည်း ကျွန်တော့်ရဲ့ အမှုသည် ဦးသန်းတင်ဟာ သာမန် ၀န်ထမ်းတစ် ယောက်ဖြစ်ပါတယ်၊ကျူးလွန်နိုင်ချေ ရှိတယ်ဆိုတဲ့ သံသယနဲ့ အချုပ်ထဲမှာ နေနေတာ နှစ်ပတ်ကျော်သွားပါပြီ။ခိုင်လုံတဲ့ သက်သေ တင်ပြနိုင်ခြင်း မရှိပါဘူး။ဒီလိုဆိုရင် သာမန် ၀န်ထမ်းငယ်တွေရဲ့ လုံခြုံမှုနဲ့ တရားမျှတမှု ဆိုတာ ပျောက်သွားနိုင်ပါတယ်။””
အသံအနိမ့် အမြင့် အတက်အကျ တို့ဖြင့် ပြောနေသည့် တရားခံ အကျိုးတော်ဆောင် ရှေ့နေ့ ဦးတူ၏ ဟန်ပန်တို့ကို တရားသူကြီးမင်း၊စက်ရုံမှူးတို့ အပါအ၀င် လာရောက်နားထောင်သူတို့က ငြိမ်သက် ငေးမောနေကြသည်။အမှုများကို စစ်ဆေးစီရင်ရာတွင် သံသယ ဆိုသည့် အချက်သည် တရားသူကြီးများကို စိတ်ယိုင်စေသည်။ဆုပ်ကိုင် သက်သေပြလို့ မရသော်လည်း ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်နေသည်။တရားသူကြီး ဦးဘမြင့် တစ်ယောက် ပန်ကာမရှိသည့် အခန်းငယ်ထဲ ချွေးပြန်ချင်သလို ဖြစ်လာသည်။စက်ရုံမှူး ဦးသိန်းငွေ ကတော့ မျှမျှတတ ဖြစ်အောင် ရုံးတော်က ဆင်းပါက အချုပ်ထဲဝင်နေရလျှင် ကောင်းမည်လားဟုပင် စဉ်းစားနေမိသည်။
မေး-- “”တနင်္ဂနွေနေ့ညမှာ တာဝန်ကျတဲ့ တာဝန်မှူးကြီး ဦးညွှန့်တင် ဟုတ်ပါတယ်နော်။“”
ဖြေ-- “”ဟုတ်ပါတယ်ခင်ဗျာ”“
မေး--ကင်းစစ်တာ ည ၁၂နာရီ နောက်ဆုံးထားပြီး စစ်တယ်လို့ သိရပြီး တာဝန်မှူးတွေကလည်း ကင်းစစ်ပြီးရင် အိမ် ပြန်အိပ်ကြတယ်လို့ သိရတယ်ပါတယ်။အဲဒီလို တာဝန်ကျတဲ့ နေရာမှာ မအိပ်ဘဲ အိမ် ပြန်အိပ်တာကို စက်ရုံမှူးကြီး သိပါသလား ခင်ဗျ””။”“
ဖြေ---”သိပါတယ်ခင်ဗျ ----ဟို ကင်းစစ်ပြီးချိန်ကလည်း--------”““ရပါပြီခင်ဗျ”“
အကျိုးဆောင် ရှေ့နေ ဦးတူက တာဝန်မှူးကြီး ဦးညွှန့်တင် အဖြေကို ဆုံးအောင် မစောင့်။မေးခွန်းနောက် တစ်ခုကိုဆက်တိုက် မေးလိုက်သည်။
မေး--“ဦးညွှန့်တင်တို့ အလတ်စား စက်ရုံကြီးမှာ စနေ၊တနင်္ဂနွေလို ရုံးပိတ်ရက်တွေမျိုးမှာ နေ့စောင့် မရှိဘူးလို့ ခုနက ညစောင့် ဖြေသွားတဲ့အထဲမှာ ကြားလိုက်ရပါတယ်။ဘာကြောင့်ပါလဲ။အခုလိုရုံးပိတ် ရက်တွေမှာ နေ့စောင့် ချမထားတာ စက်ရုံမှူးရဲ့ အမိန့်နဲ့လား ခင်ဗျာ။“”
ဖြေ---စက်ရုံမှူးက အမိန့်ထုတ်ထားတော့ မဟုတ်ပါဘူး။ရုံးပိတ်ရက်တွေလည်း ဖြစ်တော့ အပြင်လူ အ၀င်အထွက်မရှိပါဘူး။နေ့စောင့် မရှိပေမဲ့ ကျွန်တော်တို့လို တာဝန်ကျ တာဝန်မှူးတွေလည်း ရှိနေပါတယ်၊ပြီးတော့ စက်ရုံက ကျွန်တော်တို့ ၀န်ထမ်းအိမ်ရာတွေနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေပါတယ်။““
မေး--ရုံးပိတ်ရက်မှာ တာဝန်ကျတဲ့ တာဝန်မှူးတွေက တစ်နေ့ခင်းလုံး စက်ရုံဝန်းထဲမှာ ရှိနေတယ်ဆိုတဲ့ သဘောလား။”“
ဖြေ---တစ်နေခင်းလုံး ရှိနေတာမျိုးတော့ မဟုတ်ပါဘူး။ခဏတစ်ဖြုတ် လာနေကြပြီး ညဘက်ကျမှ ဂျူတီဝင်ကျတာပါ။”” “” ကျေးဇူးတင်ပါတယ် ဦးညွှန့်တင် ခင်ဗျား“”
အကျိုးဆောင်ရှေ့နေ ဦးတူက တရားသူကြီးမင်းဘက်သို့ ကိုယ်ကို ရို့လိုက်ပြီး တရားခွင်တွင် ရောက်ရှိနေသည့် ကိုမောင်မောင်အား မေးမြန်းခွင့်တောင်းလိုက်သည်။
“”လေးစားအပ်တဲ့ တရာသူကြီးမင်းခင်ဗျား၊ဒီအမှုမှာ သက်သေ အထောက်အထား အခိုင်အလုံမရှိဘဲ သံသယရှိသူများကိုသာ စွဲချက်တင်ထားတဲ့ အမှုဖြစ်ပါတယ်။ဒါကြောင့် သံသယရှိခဲ့သူ၊ရဲဌာန မှလည်း ခေါ်ယူစစ်ဆေးကာ အချုပ်ထဲတွင် နှစ်ရက်ခန့်နေဖူးပြီး စက်ရုံမှူးရဲ့ အာမခံနဲ့ ပြန်လွတ်ပေးထားသူ စက်ကျွမ်း ၃ ကိုမောင်မောင်ကို ခေါ်ယူစစ်ဆေးလိုပါတယ်။””
တရားသူကြီးမင်းက ခေါင်းညိတ်ပြ၍ ခွင့်ပြုပေးလိုက်သည်။
မေး-- ““စက်ကျွမ်း ၃ ကိုမောင်မောင်ခင်ဗျား အခု ဂိုထောင်ဖောက်ခံရမှု နဲ့ ပတ်သက်ပြီး ကိုမောင်မောင်ကို ရဲဌာနက ခေါ်ယူစစ်ဆေးခံရတယ်ဆိုတာ သိထားပါတယ်။ဘာကြောင့် သံသယရှိပြီး ခေါ်ယူစစ်ဆေးခံရတာပါလဲ””။
ဖြေ--““ကျွန်တော့်အိမ်မှာ ဂိုထောင်ထဲက ပျောက်သွားတဲ့ ပစ်္စည်းများနဲ့ အမျိုးအစားတူ၊ပုံစံတူ ပစ်္စည်းတွေရှိနေလို့ပါ။””
မေး--”“ကိုမောင်မောင်အိမ်မှာ ဘာလို့ အဲဒီလို ပစ်္စည်းတွေရှိနေရတာပါလဲ””
ဖြေ--“”တောင်သူများစာအုပ်နဲ့ အလုပ်ရုံက ရောင်းပေးတဲ့ ပစ်္စည်းတွေကို အစိုးရ ထုတ်ဈေးနဲ့ ကြိုဝယ်ထားတာပါ””
မေး--“”အလတ်စား စက်ပြင် အလုပ်ရုံက ၀န်ထမ်း တစ်ယောက်အနေနဲ့ အဲဒီလို ၀ယ်ပိုင်ခွင့် မရှိဘူးလို့ သိထားပါတယ်။အခုလို တောင်သူတွေရဲ့ စာအုပ်နဲ့ ကြိုဝယ်ထားပြီး ပစ်္စည်းတွေကို စုဆောင်းထားတာဟာ ဥပဒေကို ချိုးဖောက်ရာ မရောက် ဘူးလား။ဒါကို စက်ရုံမှူးက သိလျှက်နဲ့ ခွင့်ပြုပေးထားတာလား ခင်ဗျာ”“
အစိုးရရှေ့နေ ဦးပွား မတ်တပ် ထရပ်လိုက်သည်။
““အကျိုးဆောင်ကြီးရဲ့ မေးခွန်းကို ကန့်ကွက်ပါတယ်။အခု အမှုနဲ့ အကျုံးမ၀င် ဘူးလို့ ထင်ပါတယ်။ဝန်ထမ်း ရေးရာ စည်ကမ်းအတိုင်း သက်ဆိုင်ရာ ဌာနက ဆောင်ရွက်ရမဲ့ ကိစ်္စဖြစ်နေပါတယ်။”“
““ကန့်ကွက်ချက်ကို လက်ခံပါတယ်။အကျိုးဆောင်ကြီးရဲ့ မေးခွန်းကို ပြင်မေးပါ””
တရားသူကြီးမင်း ဦးဘမြင့်က ရှေ့နေ ဦးတူကို တည့်တည့်ကြည့်၍ ဆိုသည်။
မေး-- ““ဟုတ်ကဲ့ ကျွန်တော့် မေးခွန်း နောက်တစ်ခု ပြောင်းမေးပါ့မယ်။ဦးမောင်မောင်အိမ်မှာ သံသယဖြစ်စရာ ပစ်္စည်းတွေ တွေ့ပါလျှက် ဘာကြောင့် အာမခံနဲ့ ပြန်လွတ်လိုက်တာပါလဲ။”“
ဖြေ-- ““ကျွန်တော့်အိမ်မှာ ရှိတဲ့ စက်ပစ်္စည်းတွေ နဲ့ ဂိုထောင်ထဲက ပျောက်နေတဲ့ ပစ်္စည်းတွေ အမျိုးအစား တူကြပေမဲ့ ပစ်္စည်းတွေမှာ ပါတဲ့ ကုတ်နံပါတ် မတူကြပါဘူး ခင်ဗျာ။ဒီပစ်္စည်း အမျိုးအစားကိုပဲ အသစ်ထပ် ရောက်လာတိုင်း ကုတ်နံပါတ်တွေ အသစ်ဖြစ်ကုန်ပါတယ်။ဒါကြောင့် ကျွန်တော့်ကို အာမခံနဲ့ ပြန်လွှတ်ပေး လိုက်တာပါ။”“ “”ကျေးဇူးတင်ပါတယ် ခင်ဗျား““
တရားခံ အကျိုးဆောင်ရှေ့နေ ဦးတူက တရားသူကြီးမင်းကို အရိုအသေပေးပြီး နေရာတွင် ပြန်ထိုင်လိုက်သည်။တရားသူကြီးမင်းက ရုံးချိန်းကို တစ်ပတ်ခြား၍ ချိန်းပေးသည်။
+++++++++++++++++++++
ရုံးတော်မှ ပြန်လာပြီး ညနေဘက်တွင် စက်ကျွမ်း-၃ ၀န်ထမ်းတစ်ယောက် သတင်းလာပို့သည်။နေ့လည် ခင်းက ဘုရားကြီးကုန်းဘက်တွင် ဘုရားငြမ်းပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့သည်။မြို့ကလေး၏ မြို့ဦးစေတီ ဘုရားကို ပြန်လည် ပြုပြင်နေကြသည်။ထုံးဖြူသုတ်ပြီး ငှက်မြတ်နား ထီးတော်လဲရန် ဖြစ်သည်။ပြီးခဲ့သည့်လက မြို့နယ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြပြီး အကောင်အထည်ဖော်ကြခြင်း ဖြစ်သည်။ကျွမ်းကျင်သည့် ဘုရားငြမ်းဆင်အဖွဲ့ကို အပ်ခဲ့ကြသည်။လူပြုတ်ကျ သေဆုံးသည်ထိ ဖြစ်ရသည့်အတွက် မြို့နေ ပြည်သူများ စိတ်မကောင်းကြ၊အယူသီးသူ အချို့က မြို့ကလေးအတွက် အတိတ်မကောင်းဟုပင် ဆိုနေကြသည်။ဦးသိန်းငွေ ပို စိတ်မကောင်းဖြစ်ရသည်မှာ ငြမ်းပေါ်မှ ပြုတ်ကျသေဆုံးသူသည် စတိုမန်း ကိုသန်းတင်၏ ဖခင်ဖြစ်နေခြင်းပင်။ဦးသိန်းငွေသည် ကိုသန်းတင် ညီနှင့် အမေကို တွေ့ပြီး အားပေးစကားပြောခဲ့ရသည်။မြို့ကလေး၏ မြို့ကွက်သည် လေးထောင့် ဆန်ဆန်ရှိသည်။တရားရုံး တည်ရှိရာနေရာသည် မြို့ပတ်လမ်းမကြီးဘေးတွင် ဖြစ်သည်။တရားရုံး၏ ညာဘက်ဘေးတွင် ရဲစခန်း၊ဘယ်ဘက်ဘေးတွင် မြို့တော်ခန်းမကြီးရှိသည်။ထိုခန်းမကြီးသည် မြို့ကလေး၏ အစည်အဝေးများ ကျင်းပရာ၊အခမ်းအနားများ ကျင်းပရာ တစ်ခုတည်းသော နေရာဖြစ်သည်။မြို့တော်ခန်းမ၏ နောက်ဘက်တွင် ရဲဝန်ထမ်း အိမ်ရာများဖြစ်ပြီး။ရှေ့ဘက်ကတော့ မြို့ပတ်လမ်းမကြီး ဖြစ်သည်။ထို့ကြောင့် တရာရုံးပုံစံသည် ရှေ့မျက်နှာဖွင့်ထားပြီး တုံးလုံးလှဲ ထောင်ထားသည့် သစ်သား မီးခြစ်ပုံးလေးနှင့် တူနေသည်။ တရားရုံး၊မြို့တော်ခန်းမ၊ရဲဝန်ထမ်း အိမ်ရာများ ရှိသည့် ၀န်းကြီးကိုတော့ သံစူးကြိုး ကျဲကျဲက အဟန့်အတားသဖွယ် ကာရံထားသည်။ထိုဝန်းကျယ်ကြီးကို မြို့နေ ပြည်သူများက ရုံးကြီး ဟု ခြုံငုံ ခေါ်ကြသည်။သည်နေ့သည် ရုံးချိန်းနေ့ ဖြစ်သည်။ အမှုဖြစ်ပွားခဲ့သည်မှာ တစ်လပင် ပြည့်တော့မည်။ရုံးချိန်းသို့ လာရောက်နားထောင်သည့် ပရိသတ်တို့က ပထမ အကြိမ်ထက်ပင် များပြားနေသည်။ဦးပွားသည် ရှေ့နေ၀တ်စုံကို ၀တ်စုံပြည့် ၀တ်ဆင်လာသည်။အကျိုးဆောင် ရှေ့နေ ဦးတူ၏ ဟန်ပန်တို့က တက်ကြွနေသည်။ဦးပွားသည် ရုံးတော်နှင့် တရားသူကြီးမင်းအား ဦးညွတ် အလေးပြုလိုက်သည်။
“မီးရထားဂုံးနားက ခြုံပုတ်ထဲမှာ ပစ်္စည်းတွေကို အရင်တွေ့ရှိခဲ့တဲ့ သက်သေ မောင်စိုးကို ဆင့်ခေါ်ပါတယ်”။
မေး--”“မောင်စိုး ပစ်္စည်းတွေကို ဘယ်လိုတွေ့ ခဲ့တာလဲ။””
ဖြေ--“”မနက် အစောကြီး ကျွန်တော် မီးရထားဂုံးပေါ်ကို တက်တော့ ခြုံရဲ့ အစပ်မှာ ဂုံနီအိတ် တစ်လုံးကို
အရင်တွေ့တာပါ။အဲဒါနဲ့ ဖွင့်ကြည့်လိုက်မိတယ်။အထဲက ပစ်္စည်းတွေကို တွေ့တော့ စက်ရုံကြီးမှာ ပျောက်တဲ့ ပစ်္စည်းတွေများလားလို့ တွေးမိတာနဲ့ စက်ရုံမှူးကြီးကို သွားပြလိုက်တာပါ။”“
မေး--“”မောင်စိုးက အဲဒီပစ်္စည်းတွေကို အရင်က မြင်ဖူးထားလို့လား။”“
ဖြေ--“”ဟုတ်ကဲ့ မြင်ဖူးပါတယ်။စက်ရုံထဲကို ပစ်္စည်းတွေလာချရင် အပြင်အလုပ်သမားတွေကို ခေါ်လေ့ရှိပါတယ်။အလုပ်သမားကိုလည်း ကျွန်တော်တို့ ဗောဓိကုန်း ရပ်ကွက်ထဲကပဲ ခေါ်တာများပါတယ်။”“
မေး--“”ပစ်္စည်းတွေကိုတွေ့တဲ့အချိန်က မနက်အစောကြီးဗျနော်။အဲဒီအချိန် မောင်စိုးက မီးရထားဂုံးပေါ် ဘာကြောင့်ရောက်နေတာလဲ ”“
ဖြေ--ကျွန်တော် အပေါ့သွားတာပါခင်ဗျ။ကျွန်တော်တို့ ဗောဓိကုန်းရပ်ကွက်ရဲ့ မီးရထားဂုံးစပ်နားက အိမ်တွေမှာ ရေအိမ် မရှိကြပါဘူး။“”
”ကျေးဇူးတင်ပါတယ်“။
သည်နေ့ ရုံးတော်တွင် အစိုးရ ရှေ့နေ ဦးပွားသည် အသံရော၊အမူအရာ တည်ငြိမ်လွန်းနေသည်။ဦးပွားနှင့်ယှဉ်လိုက်လျှင် ဦးတူသည် အသက်အရွယ်အရ ရော၊လုပ်သက်ပါ ငယ်လွန်းနေသည်။ဦးပွားက စတိုမန်း ဦးသန်းတင်ကို ဆက်လက် စစ်မေးသည်။
မေး--”“စတိုမန်း ကိုသန်းတင်ခင်ဗျား။ဂိုထောင်ထဲက ပစ်္စည်းတွေပျောက်တာကို အရင်ဆုံး သတိထားမိတဲ့သူလို့ သိထားပါ တယ်။“”စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တွေ ခံနေတဲ့အတွက် တနင်္လာနေ့မှ သိရတာဖြစ်ပြီး ချိပ်ပိတ်ထားတဲ့ ဂိုထောင်တံခါးကို ဖွင့်တဲ့အချိန်မှာ ဘယ်သူ ပါသေးလဲ သိချင်ပါတယ်။“
ဖြေ--““ကျွန်တော်နဲ့အတူ စတိုမန်း -၂ ကိုမြ၀င်းနဲ့ ချိပ်ဖွင့်ခဲ့တာပါ။“”
မေး--““ဂိုထောင်သော့ကို ဘယ်သူကိုင်တာပါလဲ“”
ဖြေ--““အရင်ကတော့ ဂိုထောင်သော့ကို အလယ်ရုံးက သော့ချိတ်ခုံမှာ ထားပါတယ်။ဝန်ထမ်းတွေ တန်းစီပြီးတဲ့ အချိန်ကျမှ သော့ကိုယူပြီး ကျွန်တော်နဲ့ကိုမြ၀င်းဖွင့်ပါတယ်။အခုနောက်ပိုင်းတော့ သော့ချိတ်ခုံမှာ မထားတော့ဘဲ စက်ရုံမှူးနဲ့ ကျွန်တော် ကိုင်ပါတယ်။”“
မေး--““ဘာလို့ သော့ချိတ်ခုံမှာ မထားတော့တာလဲ”“ ဖြေ--““ စက်ပစ်္စည်းတွေ အသစ်ရောက်လာတဲ့ တချို့နေ့တွေက ရုံးဆင်းချိန်တွေ ဖြစ်နေတတ်ပါတယ်။အလယ်ရုံးနဲ့၊ယာစွန် စက်ရုံက ၀န်ထမ်းတွေ ရုံးဆင်းသွားကြတဲ့အချိန် ကျွန်တော်တို့ စတိုဂိုထောင်က အိုဗာတိုင်း ဆင်းပြီး အလုပ် လုပ်ရတာတွေ ရှိပါတယ်။ဒါကြောင့် နောက်ပိုင်းမှာ စက်ရုံမှူးက ဂိုထောင်သော့ကို သူနဲ့ ကျွန်တော် တစ်ယောက် တစ်စုံ ကိုင်ထားဖို့ ပေးခဲ့တာပါ။“”မေး--“”ချိပ်ပိတ်ရာ မပျက်၊အတွင်းသံဇကာ တံခါးသော့မပျက်ဘဲ ပစ်္စည်းတွေ ပျောက်နေခြင်းအပေါ် ဘယ်လိုထင်ပါသလဲ။ဖောက်ထွင်းရာ ပြထားတဲ့ သံဇကာကွက် ကလည်း ပစ်္စည်းတွေ သယ်ထုတ်ဖို့ မဖြစ်နိုင်ဘူးဆိုတော့လေ”“
“ကန့်ကွတ်ပါတယ် ခင်ဗျား”
အကျိုးဆောင် ရှေ့နေ ဦးတူ မတ်တပ် ထရပ်လိုက်သည်။
““အစိုးရရှေ့နေကြီး ဦးပွားရဲ့မေးခွန်းဟာ ကျွန်တော့်ရဲ့ အမှုသည်ကို ထင်မြင်ချက် ပေးခိုင်းတဲ့ မေးခွန်းဖြစ်နေပါတယ်။ထင်မြင်ချက်ဆိုတာ အဖြစ်အပျက်အမှန် မဖြစ်နိုင်တာမို့ ရုံးတော်မှာ လွဲမှားထွက်ဆိုမိနိုင်ပါတယ်။အဖြစ်အပျက်တွေ ရဲ့ အပြန်အလှန် မေးခွန်းပဲ မေးပေးပါ။”
ဦးပွားသည် ထိုမေးခွန်းကို ဆက်မေးမှ ဖြစ်မည်ကို သိနေသည်။ဦးတူကို မကြည့်ဘဲ တရားသူကြီးမင်းကိုသာ ကြည့်ရင်း မေးခွန်းကို ရှေ့ဆက်တိုးလိုက်သည်။
“”တရားသူကြီးမင်း ခင်ဗျား ။ကျွန်တော့်ရဲ့ မေးခွန်းဟာ ပစ်္စည်းဂိုထောင်ကို တာဝန်ယူထားတဲ့ စတိုမန်း တစ်ယောက်
အနေနဲ့ ခန့်မှန်းနိုင်တဲ့ မေးခွန်း၊ခန့်မှန်းသင့်တဲ့ မေးခွန်း ဖြစ်နေပါတယ်။ညှပ်ခံထားရတဲ့ သံဇကာကွက်ဟာ လူတစ်ယောက် ထွက်ဖို့တောင် သိပ်မဖြစ်နိုင်ပါဘူး။ဒီလောက်များပြားလှတဲ့ ပစ်္စည်းတွေရဲ့ အရွယ်ပမာဏကို သိထားတဲ့ စတိုမန်း တစ်ယောက်အနေနဲ့ ဖောက်ထွင်းခံရတဲ့ ဖြစ်နိုင်ချေကို-----”“
တရားသူကြီးမင်းက ဦးပွားကို လက်ကာပြလိုက်ပြီး
“”ကန့်ကွတ်ချက်ကို လက်မခံပါ။”“
ဖြေ--ပျောက်သွားတဲ့ ပစ်္စည်းတွေက များနေပေမဲ့ သောကြာညနဲ့ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်ခံ နေတော့ သုံးရက်အချိန်ရနေပါတယ်။သံဇကာကလည်း လူတစ်ယောက် ရအောင်ထွက်မယ် ဆိုရင် ဖြစ်နိုင်ပါတယ်။”“
“”ကျေးဇူးတင်ပါတယ်။“”
မေး--““စတိုမန်း ၂ ကိုမြ၀င်းခင်ဗျား။ဂိုထောင်ဖောက်ထွင်းခံရတာကို ဘယ်လို သတိထားမိခဲ့တာပါလဲ။”“
ဖြေ--““ဂိုထောင်ချိပ်ဖွင့်လိုက်တော့ ကိုသန်းတင်က အလင်းရောင် ပိုရနေသလိုပဲ ဆိုပြီးပြောပါတယ်။ဒါနဲ့ သံဇကာတံခါးသော့ကို ဆက်ဖွင့်ပြီး ပစ်္စည်းထားတဲ့ အတွင်းဂိုထောင်ထဲ ၀င်လိုက်တော့ အပေါ်ဘက်က သံဇကာတွေ ညှပ်ထားတာကို တွေ့ရတာပါ““။
မေး--“”ကိုသန်းတင်ပြောမှ ကိုမြ၀င်းသတိထားမိတာပေါ့။”“
ဖြေ-- ““ဟုတ်ကဲ့““
မေး--““ဂိုထောင်တံခါး ချိပ်ဖွင့်တဲ့ အခါမှာ ကိုမြ၀င်းနဲ့ ကိုသန်းတင် အတူတွဲပြီး ဖွင့်ကြလေ့ရှိလား။အဲဒီနေ့ မနက်ကရော အတူတူ ချိပ်ဖွင့်ခဲ့ကြတာလား”“။
ဖြေ--“”ချိပ်ပိတ်ရင်တော့ ကျွန်တော်တို့ စတိုမန်းနှစ်ယောက်ရယ်၊စက်ရုံမှူးရယ် အတူတူ ချိပ်ပိတ်ကြပါတယ်။မနက်ဘက် ချိပ်ဖွင့်ရင်တော့ ကိုသန်းတင် တစ်ယောက်ပဲ ဖွင့်ဖြစ်တာများပါတယ်။တစ်ယောက်ပဲဆိုတာ နောက်မှာတော့ ကျွန်တော် အမြဲရှိနေပါတယ်။တံခါးသော့ကို ကိုင်ဖွင့်တာတော့ ကိုသန်းတင် ပဲ ဖွင့်တာပါ။“”
“”ကျေးဇူးတင်ပါတယ်“”။
တရားသူကြီးမင်းအား အရိုအသေပေးပြီး ဦးပွားထိုင်ချလိုက်သည်။ထို့နောက် တိုက်ပုံ အိတ်ကပ်ထဲမှ လက်ကိုင်ပ၀ါ ကို ထုတ်ပြီး ခေါင်းငုံလိုက်ကာ မျက်နှာတစ်ပြင်လုံး ချွေးသုတ်လိုက်သည်။ဦးတူ ရုံးတော်ကို အရိုအသေပေးရင်း မတ်တပ်ရပ်လိုက်သည်။ ”လေးစားအပ်တဲ့ တရားသူကြီးမင်းခင်ဗျား၊ကျွန်တော့် အမှုသည် တရားခံ ကိုသန်းတင်ကို စစ်မေးမှာ ဖြစ်ပါတယ်“”
မေး--“”ကိုသန်းတင် ကို စက်ရုံမှူးက ဂိုထောင်သော့ ပေးကိုင်တာ အခင်းဖြစ်ပွားတဲ့ အချိန်နဲ့ဆိုရင် ဘယ်လောက်ကွာပါသလဲ။”“
ဖြေ--”“နှစ်လလောက်ပဲ ရှိပါသေးတယ်““။
မေး--““အိုဗာတိုင်း ပြီးသွားတဲ့အချိန်မှာ အလယ်ရုံးကို ဖွင့်ပြီး ဂိုထောင်သော့ထားလည်း ရရက်နဲ့ ဘာကြောင့် ကိုသန်းတင်ကို သော့ပေးလိုက်တယ်လို့ ထင်ပါသလဲ။““ဖြေ--“”အဲဒါတုန်းကတော့ သေချာ ကျွန်တော်မသိပါဘူး။အခု ဂိုထောင်ဖောက်ထွင်းခံရတဲ့အခါမှာ ဂိုထောင်သော့ ကိုင်ထားတဲ့ ကျွန်တော့်ကို အမှုကျုးလွန်မယ် ဆိုတဲ့ မသင်္ကကာမှုနဲ့ တရားစွဲဆို ခံရပါတယ်။ဒါဟာ ကြိုတင် ကြံစည်ပြီး သော့ပေးထား တာများလားလို့ ကျွန်တော် တွေးမိပါတယ်။”“ “”ကျေးဇူးတင်ပါတယ်။”“
ကိုသန်းတင် အဖြေစကားကို ကြားရသည့် စက်ရုံမှူး ဦးသိန်းငွေသည် အံ့သြသွားရသည်။ပင်ကိုယ် အနေအေးဟန်ဖြင့် စကားနည်းတတ်သည့် သူ့ စတိုမန်း ပါးစပ်မှ ထွက်လိုက်သည်မှာ ဟုတ်ပါလေစ ဟုပင် တွေးမိသည်။ဒေါ်သန်းသန်းကတော့ ခေါင်းကို နံရံသို့မှီလိုက်မိသည်။သွေးနုသားနုနှင့်မို့ တရားရုံးသို့ မလိုက်ခဲ့ရန် ယောကျာ်းက တားသည်ကို မရ အရ လိုက်ခဲ့မိသည်။
မေး-- “”စက်ရုံမှူး ဦးသိန်းငွေခင်ဗျား။ဒီ အလတ်စားစက်ရုံကြီးဟာ ဦးသိန်းငွေ လက်ထက်မှာမှ အသစ် တည်ထောင်တာဖြစ်ပြီး ပထမဦးဆုံး စက်ရုံမှူးဖြစ်တယ်လို့လည်း သိထားပါတယ်။ဒီတော့ စက်ရုံမှူးသက်တမ်း လေးနှစ်ကျော်အတွင်း မှာ စတို ဂိုထောင်ကို စစ်ဆေးမှုတွေ ဘယ်နှစ်ကြိမ် လုပ်ခဲ့ဖူးပါသလဲ။”“
ဖြေ--””လေးကြိမ်လောက်တော့ လုပ်ခဲ့ဖူးပါတယ်။““
မေး-“”တစ်နှစ်မှ တစ်ကြိမ်လောက်ပဲ လုပ်တဲ့ သဘောပေါ့နော်။”“
ဖြေ--“”ဟုတ်ကဲ့ ဆိုပါတော့“”။
မေး--““အခုမှ ချက်ချင်းဆိုသလို ဂိုထောင်က စာရင်းတွေကို စစ်ဖို့ လုပ်တာ ဘာကြောင့်ပါလဲ။”“
ဖြေ--“”ချက်ချင်းဆိုသလိုတော့ မဟုတ်ပါဘူး၊စစ်မယ် လို့ စဉ်းစားထားပြီးသားပါ။သောကြာ နေ့လယ်ကတော့ ဂိုထောင်ဘက်ရောက်ရင်း တနင်္လာနေ့ စာရင်းစစ်မယ်လို့ ပြောလိုက်မိတာပါ။
မေး--စာရင်း မစစ်ခင် ဂိုထောင်သော့ကို စတိုမန်းကို ပေးထားတာ၊အထူးသဖြင့် ကျွန်တော့်အမှုသည် ကိုသန်းတင်ကို ပေးထားတာဟာ ဘယ်လိုရည်ရွယ်ပါလဲ၊အခု စတိုမန်းကို မယုံကြည်လို့ တရားစွဲဆိုခြင်းဆိုရင် သူခိုးကို သော့ပေးထားသလို ဖြစ်နေမယ်လို့ စက်ရုံမှူး ဖြစ်တဲ့ ဦးသိန်းငွေ မတွေးမိခဲ့ဘူးလား ခင်ဗျား။ ဒါဆိုရင်--“”
”ကန့်ကွက်ပါတယ်“
ဦးပွားသည် တရားသူကြီးမင်းအား အလျင်စလို လှမ်းပြောလိုက်သည်။
ကန့်ကွက်ချက်ကို တရားသူကြီး မဆုံးဖြတ်ရသေးမီ ဦးတူသည် အချိန်မီ ဆုတ်ခွာလိုက်သည်။ဆက်မမေးတော့ဘဲ ရပ်ထားလိုက် သည်။တရားသူကြီး၏ ကန့်ကွက်သံလည်းမကြား၊ဦးတူ၏ မေးခွန်းသည်လည်း မဆက်တော့သည့်အခါ
ဦးသိန်းငွေ ဘာဆက်လုပ်ရမှန်း မသိတော့။သည် အဖြေကို ဦးသိန်းငွေ ဖြေချင်ပါသည်။ရုံးတော်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ဖြေ--“”စစ်တပ်က စစ်သားတွေကို သေနတ်ပေးထားတာဟာ ဓားပြတိုက်ဖို့၊ခိုးဆိုး လုယက်ဖို့ မဟုတ်ပါဘူး။တိုင်းပြည်အတွက် ရန်သူတွေကို တိုက်ခိုက်ဖို့ အပြင်၊လိုအပ်ရင် မိမိကိုယ်ကိုလည်း ကာကွယ်ဖို့ဖြစ်ပါတယ်။ကျွန်တော့် စတိုမန်းကို ဂိုထောင်သော့ ပေးထားတာဟာ ဒီသဘောနဲ့ အလားတူပါပဲခင်ဗျား ။”“
+++++++++++++++++++++
”အမိန့်“
တရားသူကြီးလေသံသည် တည်ငြိမ် ပြတ်သားနေသည်။ဦးသိန်းငွေ ခါးမတ်ထိုင်လိုက်မိသည်။
““တရားခံများ ဖြစ်ကြသော အဘ ဦးတင်အောင်၏သား ဦးသန်းတင်နှင့် အဘ ဦးမောင်ခ၏သား ဦးမြ၀င်းတို့ကို စတို ဂိုထောင်ဖောက်ထွင်းမှုနှင့် ပက်သတ်၍ စတိုမန်းများတွင် တာဝန်အရှိဆုံး ဖြစ်သည်ဟု ရုံးတော်မှ ယူဆပါသည်။
ထို့ အတွက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ အပက (၃) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်သည်။ချူပ်ရက်များပါ ထည့်သွင်း အကျုံးဝင်သည်။”“
စခန်းမှူးကြီး နှင့်တရားသူကြီးတို့သည် ပရိသတ်ကြားမှ တိုးထွက်လာပြီး ဦးသိန်းငွေအားလာနှုတ်ဆက်ကြသည်။အမှုကာလ တစ်လကျော်အတွင်း ၀န်ထမ်းများသာမက ၀န်ထမ်းမိန်းမများနှင့် ကလေးများပါမကျန် ကျီးလန့်စာစား နေခဲ့ကြရသည်။ညနေဘက်တွင်တော့ နာရေးသတင်းတစ်ခုရောက်လာသည်။ကိုသန်းတင် အမေ နောက်ဖေး ရေကပြင်တွင် ဦးနှောက်သွေးကြောပြတ်ပြီး လဲကျသေဆုံးသွားပြီတဲ့။ဦးသိန်းငွေ ရင်ထဲတွင် နေလို့မကောင်း၊ယောက်ျားလုပ်သူက ငြမ်းပေါ်မှ ပြုတ်ကျသေဆုံးပြီး ရက်ပိုင်းအတွင်း သားလုပ်သူက ထောင်ကျဖို့ အမိန့်ချမှတ်ခံရသည်။သည်စိတ်များကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးသွားတာ များလား။ဝန်ထမ်း သာယာရေး၊နာရေးအဖွဲ့ကို ခေါ်ပြီး နောက်တစ်ကြိမ် ကိုသန်းတင်တို့အိမ်သို့ ဦးသိန်းငွေ ရောက်ရပြန်သည်။ရုံးတော်မှ အမှုပြီးဆုံးသည့်အခါ သက်ဆိုင်ရာမိခင်ဌာမှ ကိုမောင်မောင်အား ၀န်ထမ်းစည်းမျဉ်းအရ အရေးယူသည်။ကိုမောင်မောင် တာဝန်မှ ရပ်စဲခံရသည်။တစ်လအတွင်း အလတ်စား စက်ရုံဝန်းအတွင်းမှ ထွက်ခွာပေးရမည်။ကိုမောင်မောင်တို့ပြောင်းရွှေ့သည့် နေ့မှာပင် သတင်းဆိုးတစ်ခုက မြို့ကလေးတွင် ပျံ့နှံ့နေသည်။ထိုသတင်းဆိုးသည် အလတ်စား စက်ရုံဝန်းအတွင်းသို့ ခဏချင်းမှာပင် ရောက်လာခဲ့သည်။မြို့ကလေး၏ ဘောလုံးကွင်း အတွင်းတွင် လူတစ်ယောက် ဓားထိုး အသတ်ခံရသည်။အသတ်ခံရသူသည် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ဖူးသူ ဖြစ်သည်။အမျိုးသမီး၏ လင်ယောက်ျားသိသွားသည့်အခါ တရားဝင်ကွာရှင်းပေးလိုက်ပြီး ထိုသူ့လက်သို့ ထည့်လိုက်သည်။သို့သော် ထိုသူက တရားဝင် မယူလိုကြောင်း ငြင်းဆန်လိုက်သည်။ထိုအခါ အမျိုးသမီး၏ လင်ယောက်ျားနှင့် မောင်နှစ်ယောက် ပူးပေါင်းကာ ဘောလုံးကွင်းထဲတွင် သတ်ပစ်လိုက်ကြသည်။ထိုသူသည် ကိုသန်းတင်၏ တစ်ဦးတည်းသော ညီဖြစ်နေသည်။အလတ်စား စက်ရုံဝန်းတစ်ခုလုံး အံ့သြသံ၊ဝေဖန်သံတို့ဖြင့် ဆူညံသွားကြသည်။ခုနစ်ရက်သားသမီးများကို စိတ်ဆင်းရဲအောင် လုပ်ခဲ့ကြ ၍ ကံကြမ်္မ်္မာက အပြစ်ပေးခြင်း ဖြစ်သည် ဟု ပြောဆိုနေကြသည်။
+++++++++++++++++++++
အခန်း (၂)
၁၉၉၈ ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးပတ်။ညွှန်ကြားရေးမှူး ဦးသိန်းငွေ တစ်ယောက် ခရီးသွားဖို့ ပြင်ဆင်နေသည်။မန်္တလေးတိုင်း၏ နယ်မြို့လေး တစ်မြို့သို့ ဌာနတွင်း အမှုတစ်ခု သွားရောက် စစ်ဆေးရမည်။ထိုနယ်မြို့မှ တာဝန်သိ ပြည်သူတစ်ယောက်အနေဖြင့် အမှုတစ်ခုကို ဌာနသို့ တိုင်ကြားလာပါသည်။မြို့ကလေးရှိ ဦးသိန်းငွေတို့ ဌာန၏ စခန်းတစ်ခုသည် လောင်စာဆီများကို ဆီဘောက်ဆာလိုက် ရောင်းချနေသည်ကိုတွေ့ရှိရကြောင်း။အစိုးရဌာနပိုင် ဆီများကို ထိုကဲ့သို့ ပေါ်ပေါ်တင်တင် ဘောက်ဆာလိုက် ရောင်းစားနေသည်မှာ အမြင်မတော်ပါသဖြင့် သက်ဆိုင်ရာ ဌာနမှ အရေးယူပေးပါရန် ရုံးချုပ်သို့ တိုင်ကြားလာခြင်းဖြစ်သည်။စခန်းတာဝန်ခံ မြို့နယ် အရာရှိလေးသည် မကြာခင်ကမှ ဒု-ဦးစီးမှူးတာဝန်မှ ဦးစီးအရာရှိသို့ တိုးမြှင့်ခံထားရသူ ဖြစ်သည်။ဦးသိန်းငွေ ဦးဆောင်သည့် စစ်ဆေးအဖွဲ့တို့ မြို့ကလေးသို့ ညရနာရီလောက် ရောက်သွားကြသည်။စခန်းတာဝန်ခံ ဦးစီးအရာရှိက ညစာကို လိုလေးသေးမရှိပြင်ဆင်ထားပေးသည်။အေးချမ်းလွန်းသည့် အညာဆောင်းကို ကာကွယ်နိုင်ရန် မိုတယ် ကောင်းကောင်းတစ်ခုတွင် နေရာချထားပေးသည်။မြို့ကလေးတွင် သည်လောက်ကောင်းသည့် မိုတယ်ရှိနေခြင်းကို ဦးသိန်ငွေ အံ့သြသွားရသည်။ဦးသိန်းငွေတို့အဖွဲ့ကို မိုတယ်တွင် ထားခဲ့ပြီး ဦးစီးအရာရှိ ကိုတင်ထွန်းတို့ ပြန်သွားကြသည်။ ယခင်က မိမိက စစ်ဆေးခံဘ၀နှင့်ရှိခဲ့ဖူးရသည်၊ယခုအခါ စစ်ဆေးရေးမှူးဘ၀ဖြင့် ရောက်ရှိလာရသည်။ဘယ်လိုပင် ဖြစ်ဖြစ်
အမှုအခင်းဖြစ်ပြီဆိုမှတော့ မကောင်း။ကိုတင်ထွန်းပုံကြည့်ရသည်ကတော့ သိပ်စိတ်ပင်ပန်းနေပုံ မရ။ကိုယ့်တုန်းကတော့ စိတ်ရောလူပါ ယောက်ယက်ခတ်ခဲ့ရသည်။သည်နေ့ခေတ် လူငယ်တွေ ကိုယ်တွေထက် စာလျှင် လောကဓံကို ခံနိုင်ရည်ပို ရှိပုံရသည်။
ကိုတင်ထွန်းနှင့်သူ့ကတော် သည် မိုတယ်သို့ မနက်အစောကြီးရောက်ချလာသည်။ငယ်ရွယ်လှပသည့် အရာရှိကတော်၏ အပြင်အဆင်တို့က ခေတ်မီလွန်းနေသည်ဟု ဦးသိန်းငွေခံစားရသည်။မနက်စာကို မြို့ကလေး၏ နံမည်ကြီး မြီးရှည်ဆိုင်တွင် လိုက်ကျွေးသည်။ပြီးနောက် စခန်းရုံးသို့ လာခဲ့လိုက်ကြသည်။ရုံးသို့ရောက်ရောက်ချင်း ကိုတင်ထွန်း၏ အမေးမှာ ““ဆရာတို့ နေ့လည်စာကို ဘာဟင်းနဲ့ စားချင်ပါသလဲ၊ဆိုင်မှာ လိုက်မကျွေးဘဲ ရုံးမှာ ချက်ကျွေးမှာမလို့ပါ။ကျွန်တော့်ဆီက ထွန်စက်မောင်း တစ်ယောက်က ဟင်းချက် တော်တော်ကောင်းတယ်ခင်ဗျ”“
“ဘာဖြစ်ဖြစ် ရပါတယ် ကိုတင်ထွန်းရယ်။ကျွန်တော်တို့ အမှုအကြောင်းပဲ နည်းနည်း ပြောရအောင်”“။
“ရပါတယ် ညွှန်မှူး၊အမှုအကြောင်းလည်း ပြောမှာပါ၊အခု ဈေးလွတ်လိုက်မှာမလို့ အရင်မေးတာပါ”“။
ဘာဖြစ်ဖြစ် အဆင်ပြေကြောင်းသာ ဦးသိန်းငွေ ထပ်ပြောလိုက်ရတော့သည်။ဦးသိန်းငွေတို့ စက်ရုံမှူးဘ၀တုန်းက ရုံးချုပ်မှ အထက်လူကြီးများလာလျှင် ကြောက်ရသည်။အမှုအခင်းဖြစ် ၍ ရောက်လာကြသည်ဆိုတော့ ပိုလို့ကြောက်မိသည်။ကိုတင်ထွန်းကတော့ လေးစားသည့် ပုံပြသော်လည်း၊ကြောက်ရွံ့နေသည့်ပုံမပေါ်။
“လက်နှိပ်စက် စာရေးကို ခေါ်ထားပေးပါ ကိုတင်ထွန်း----၊ကျွန်တော်တို့ အပြန်အလှန် စစ်မေးတာတွေ မှတ်တမ်းတင် လိုက်ရိုက်ခိုင်းထားပါ။အပြန် ရုံးချုပ်ကို တစ်ပါတည်း ယူသွားလို့ ရတာပေါ့”“
““ဟုတ်ကဲ့ ညွှန်မှူး အားလုံး အဆင်သင့်ပါ““။
““ဆီဘောက်ဆာလိုက် ရောင်းချတယ်လို့ တိုင်ကြားလာတာ ဟုတ် မဟုတ် အရင် ပြောပါအုံး”“
““ရောင်းစားတာ မဟုတ်ပါဘူး ညွှန်မှူး၊ခဏ အပ်ထားတာပါ“”
“ဌာနပိုင် ဆီတွေကို အခြားမှာ အပ်ထားလို့ မဖြစ်ဘူးလေ။”“
“ကျွန်တော်တို့ နယ်စခန်းတွေမှာ ဆီလှောင်ကန်တွေ အလုံအလောက်မရှိပါဘူး၊ဒါကြောင့် ဆီကုန်သည်တွေက သူတို့ဆီမှာ ကန်အလွတ်တွေရှိတယ်ဆိုလို့ ခဏပို့ထားတာပါ၊ညွှန်မှူး လိုက်မေးကြည့်လို့ ရပါတယ်။”“
““ဒါဆိုလည်း ရုံးချုပ်ကို ကြိုတင် အကြောင်းကြားသင့်တယ်၊အခု ပြင်ပကလူ ပြောမှဆိုတော့ အမှုအခင်းသဘောမျိုး ဖြစ်သွားတာပေါ့၊““
“”ဒီမြို့မှာက အလုပ်အားနေတဲ့သူတွေ ပေါတယ် ညွန်မှူး၊အလုပ်မရှိ အလုပ်ရှာ အဲဒီလိုပဲ တိုင်စာပစ်နေကြတာ။သူတို့ တိုင် တိုင်းသာ လိုက်စစ်ရရင် ဒီမြို့မှာ အမြဲတမ်း အမှုရှိနေလိမ့်မယ်”“။
နေ့လည်စာ စားပြီးသည့်အချိန်တွင် ဦးသိန်းငွေနှင့်စစ်ဆေးရေးအဖွဲ့တို့ ဆီကုန်သည်များဆီသို့ ရောက်သွားကြသည်။ဆီလှောင်ကန်ကြီး လေးကန်သည် ကျယ်ဝန်းသည့် ၀န်းကြီးထဲတွင် ရှိနေသည်။ရည်ရည်မွန်မွန် ရှိကြသည့် ဆီကုန်သည်များက ကိုတင်ထွန်း ဆီ တစ်ဘောက်ဆာ အပ်ထားကြောင်း သက်သေခံပေးကြသည်။ထိုနေ့ညနေစာကို ဆီကုန်သည်များက ဧည့်ခံလိုက်ကြသည်။ညဘက် အနည်းငယ် မိုးချုပ်မှ မိုတယ်သို့ ပြန်ရောက်ကြသည်။ကိုတင်ထွန်းတို့ အဖွဲ့ပြန်သွားကြပြီး ဦးသိန်းငွေကို တွေ့ချင်သည့် ဧည့်သည် တစ်ယောက်ရောက်လာသည်။
“ကျွန်တော်နံမည် အောင်မောင်းပါ၊ဆရာတို့ ရုံးချုပ်ကို တိုင်ကြားစာ ပို့သူပါ““။
ဦးသိန်းငွေလည်း ဧည့်သည်ကို မိုတယ် ဧည့်ခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။
“မနေ့ကတည်းက ဆရာတို့ ရောက်နေတာ ကျွန်တော်သိတယ်၊အရေးတယူ လာစစ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်၊ဒါပေမဲ့ ဒီနေ့တော့ ဆရာတို့ ဆီကန်ကြီးဘက် သွားတယ် သတင်းကြားလို့ လာတွေ့တာပါ။””
ဦးသိန်းငွေ စကားမထောက်ပေးဘဲ နားထောင်နေလိုက်သည်။ ““ဘယ်ဌာန လူကြီး လာစစ် လာစစ် သူတို့ထောင်ချောက်ထဲရောက်သွားကြတယ်ဆရာ၊အဆင်မသင့်ရင် တိုင်ကြားတဲ့သူကို သိသွားတာပဲ အဖတ်တင်တယ်။သိသွားရင်လည်း ဒီမြို့ကလေးမှာ ဘာမှ လုပ်စားလို့မရတောဘူးဆရာ။“”
“”ဒီတော့ အမှုကို ပေါ်အောင် စစ်ပေးစေချင်ပါတယ် ဆရာ။ကျွန်တော်တို့ မြို့မှာ လာဘ်စားမှုလို့တောင် ခေါ်လို့မရတော့တဲ့၊ပြည်သူပိုင် ပစ်္စည်း အပျောက်ရိုက်မှုတွေ သိပ်များနေတယ်ဆရာ။“”
“ဒီမြို့ရဲ့ သက်ဆိုင်ရာရဲစခန်း၊တရားရုံးတွေကို တိုင်ပေါ့ဗျာ”“။ ဦးသိန်းငွေ စိတ်ထဲရှိသလို ပြောလိုက်မိသည်။
“အမလေး ဆရာရေ မြို့နယ် အုပ်ချုပ်ရေးမှူး၊စခန်းမှူးနဲ့ တရားရေးအဖွဲ့ တွေကို သူတို့က အိတ်ထောင်ထဲ ထည့်ထားတာ၊ကြိုက်တဲ့မြို့ကလာ၊ကြိုက်တဲ့ အရာရှိ အသစ်ပြောင်းလာ သူတို့က ပုံစံခွက်ထဲရောက်သွားရော။”“
““ဒါဆိုလည်း သူတို့ အရပ်နဲ့သူတို့ ဇာတ် အဆင်ပြေနေသားပဲ ကို ----ဘယ်သူ ”“
“အောင်မောင်းပါ ဆရာ““
“အေးလေ ကိုအောင်မောင်းရဲ့ ဘာကို စိတ်ပူပေးနေတာလဲ”“
““စိတ်ပူရတယ် ဆရာ။ပိုက်ဆံ အလွယ်တကူ ရနေတဲ့ အဲဒီ အရာရှိတွေ ဒီမြို့က ပြောင်းသွားကြရင် ဒီမြို့က မိန်းကလေး တစ်ယောက် ဘ၀ပျက်ကျန်ခဲ့တယ်။သူတို့ချည်းပဲ အပြစ်မပြောပါဘူး ။မိန်းကလေးတွေ အပြစ်လည်း ပါပါတယ်“။“ကျွန်တော်မြို့မှာ အနှိပ်ခန်းမရှိဘူး၊ဇိမ်ခန်းမရှိဘူးဆရာ၊အမြင့်ဆုံးက ကာရာအိုကေ အခန်းတွေပဲရှိတယ်။ငွေကြေးပေးပြီး ပျော်ပါးစရာ မိန်းကလေးတွေ မရှိဘူး။အဲဒီတော့ အတည်ကြံမှ ရမယ်။ဒီမြို့မှာ နေတုန်းတော့ အတည်ပေါ့ ဆရာရယ်။ပြောင်းလည်း သွားကျရော တာဝန်ယူစရာမလိုဘူး၊လှည့်မကြည့်ကြတော့ဘူး။“
ဆက်တိုက် စကားပြောနေသူက ကိုအောင်မောင်းဖြစ်သော်လည်း နားထောင်သူ ဦးသိန်းငွေ မှာ မောနေတော့သည်။
“ဒီလိုသာ ဆက်သွားနေရင် မြို့မှာ အမျိုးကောင်းသမီး ကျန်မှာ မဟုတ်တော့သလို၊ဒီမြို့က ဌာနဆိုင်ရာတွေလည်း အားလုံးပျက်တော့မယ်။အတိုချုံး ပြောရရင် နိုင်ငံနစ်နာတယ်ဆရာ။ကျွန်တော်စိတ်ပူနေတာ အဲဒါပဲ။“”
““ကျွန်တော်လည်း ဆီစာရင်း အပါအ၀င် စခန်းရဲ့ ပစ်္စည်း စာရင်းတွေ စစ်ကြည့်အုံးမှာပါ။တစ်ကယ် အမှုကျူးလွန်ထားတာ ဆိုရင် ဌာနတွင်း အပြစ်ပေး အရေးယူမှုတွေ လုပ်ရမှာပေါ့။”“
ကိုအောင်မောင်းနှင့်အချိန် အတော်ကြာကြာ စကားဆက်ပြောဖြစ်သည်။ယခင်က ကျောင်းဆရာလုပ်ခဲ့ဖူးသည်။ယခုတော့ မြို့ကလေးတွင် ကျူရှင်ဆရာအလုပ် ဖြင့် အသက်မွေးသည်။မန်္တလေးတိုင်းတွင်း နယ်မြို့ကလေးများတွင် အခမဲ့စာသင်ပေးခြင်း အပါအ၀င် အခြား ပရဟိတများကို တစ်ကိုယ်တော် ဆောင်ရွက်နေခြင်းဖြစ်သည်။ဌာနတစ်ခုခု မှ ဦးစီးအရာရှိတစ်ယောက် ယောက် အပြစ်ပေးခံရဖူးလျှင် အခြားဌာနများလည်း နည်းနည်းတော့ ရှိန်သွားနိုင်သည် ဟု ကိုအောင်မောင်းက ယူဆနေသည်။ကိုအောင်မောင်း ပြန်သွားသော်လည်း ဦးသိန်းငွေတစ်ယောက် တော်တော်နှင့် အိပ်မပျော်။နောက်တစ်နေ့ စခန်းရောက်တော့ ဦးသိန်းငွေတို့အဖွဲ့ ဆီစာရင်းများကို စစ်ကြည့်ကြသည်။စာရင်းရှိနှင့် လက်ရှိကွာဟ နေသည်ကိုတွေ့ရသည်။စာရင်းတွင်ရှိသော လယ်ယာသုံးစက်ကိရိယာ အပို ပစ်္စည်းများသည်လည်း ဂိုထောင်ထဲတွင် ရှိမနေ။ဆီနှင့်ပတ်သက်သည့် အမှုဖြစ်သော်လည်း ဂိုထောင်ထဲရှိ ပစ်္စည်း စာရင်းများပါ ဦးသိန်းငွေ စစ်ခဲ့တော့သည်။ထိုအခါမှ နောက်တစ်မှု ထပ်ပေါ်တော့မည်။စခန်းအတွက် ခွဲတမ်းရသည့် ပစ်္စည်း များကို ကျိုက်္က်္ကလို့ဂိုထောင်မှ သွားရောက် ထုတ်ယူရသည်။ထုတ်ယူသည့် စာရင်းသာပြပြီး တစ်ကယ် မထုတ်ခဲ့ကြ။ထိုဂိုထောင်တွင် လာဝယ်ကြသည့် ပွဲစားများထံ ရောင်းခဲ့လိုက်ကြသည်။မည်သည့် နေရာတွင် မဆို ပြန်ဝယ်ယူလို့ ရနေသည့် ပစ်္စည်းများ အတွက် သယ်ယူပို့ဆောင် စရိတ် အပိုမကုန်တော့။ထားသိုစရာ ဂိုထောင်နေရာပင် စဉ်းစား စရာမလိုဟု ဆိုသည်။သည် စခန်းတစ်ခုတည်းမဟုတ်၊နယ်စခန်း အားလုံး ထိုသို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ကွာဟနေသည့် ဆီစာရင်းစစ်သည့် အချိန်တွင် ဦးသိန်းငွေ တစ်ယောက် မည်သို့ ဆက်လက် ဆောင်ရွက်ရမည်ကို မသိတော့။စခန်းအတွက် ရရှိသည့် ဆီခွဲတမ်းထဲမှ ညွှန်ချုပ်အတွက် သီတင်းကျွတ် ဂါရ၀။ဘက်ဂျက်ညွှန်မှူးအတွက် လက်ဆောင်၊တိုင်းဦးစီးမှူးအတွက် တံစိုးပဏာ စသည် စသည်။ထို့ပြင် ထွန် ဧက အတက်ပြရန် အတွက်ရောင်းချလိုက်ရသည့် ဆီဂါလံများ အကြောင်း။လယ်သမားများမှ လယ်ဧကထွန်ယက်ရန် အတွက် စခန်းမှ ထွန်စက်ငှားကြရသည်။တစ်ဧကလျှင် ဌာနမှ သတ်မှတ်ထားသည့် နှုန်းထားများပေးသွင်းရသည်။ကုန်သွားသည့် ဆီပမာဏနှင့် ထွန်ယက်ပြီးသည့် ဧကတွက်ချက်ကာ ရုံးချုပ်သို့ ငွေပေးသွင်းရသည်။နယ်မြို့ အသီးသီးမှ တက်လာသည့် ဧကကို ကြည့်ပြီး မြန်မာတစ်နိုင်ငံလုံး စပါးစိုက်ပျိုးဧက မည်မျှ ပြီးစီးသွားကြောင်း ရုံးချုပ်မှ စာရင်းထုတ်ပြန်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ပေးပို့ရသည်။အမှန်တစ်ကယ် လယ်သမားများက ထွန်စက် ငှားရမ်း မထွန်ကြသောအခါနယ်စခန်းများက ခွဲတမ်း ဆီများကိုရောင်းပြီး ထွန်ယက်ဧက စာရင်း ပြကြလေသည်။ကိုတင်ထွန်း ရှင်းပြနေသည်များကို နားထောင်ရင်း ဦးသိန်းငွေ လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ဦးသိန်းငွေတို့ စစ်ဆေး အဖွဲ့ပြန်သွားလျှင် စာရင်းစစ် အဖွဲ့အတွက် ဧည့်ခံကုန်ကျစရိတ်သည် ဆီပေပါထဲမှလား၊ဂိုထောင် ပစ်္စည်းပုံထဲမှ ဖြစ်မည်လား ဟု ဆက်တွေးနေမိသည်။
ရုံးချုပ်သို့ ပြန်ရောက်ပြီး စစ်ဆေးလာသည့် အကြောင်းစုံ ကို ညွှန်ချုပ်ထံသို့ တင်ပြရသည်။ဌာနတွင်း အမှုဖြစ်ပြီဆိုလျှင် ရာထူးချထားခြင်းကို အရင်ဆောင်ရွက်လေ့ ရှိသည်။သို့သော် ဒါရိုက်ဘုတ် အဖွဲ့ အဆုံးအဖြတ်သည် ကိုတင်ထွန်းအတွက် ရာထူးချထားရန် မလိုဟူ ၍ ဖြစ်သည်။နောက်တစ်ခေါက် မြို့ကလေးသို့ ဦးသိန်းငွေ ပြန်ရောက်လာရသည်။စာရင်းဇယားများ၊ဂိုထောင်ရှိ ပစ်္စည်းများကို တိုက်ယူစစ်ဆေးရသည်။မြို့ကလေးတွင် အထိုင်နေပြီး ရုံးချုပ်သို့သတင်းပို့ရသည်။တစ်ပတ်လောက် နေထိုင်ပြီးအမှုကို အပြီးသတ်နိုင်ခဲ့သည်။စခန်းမှူး ဦးစီးအရာရှိ ကိုတင်ထွန်းအား ရုံးချုပ်သို့ ခေါ်ယူ သတိပေးခြင်းဖြစ်သည်။ခံဝန်ဂတိကိုလည်း ဒါရိုက်တာဘုတ် အဖွဲ့ရှေ့တွင် ထိုးခိုင်းအုံးမည်ဟု ဖုန်းသတင်းအရ သိရသည်။မနက်ဖန်ရန်ကုန်သို့ ဦးသိန်းငွေ ပြန်တော့မည်ဖြစ်သည်။ကိုတင်ထွန်းပါ အတူလိုက်ပါရမည်
ဖြစ်သော်လည်း စုပေါင်းရှင်ပြု အလှူရှိနေသဖြင့် နောက်တစ်ပတ်မှ လိုက်ခဲ့မည်ဖြစ်သည်။မပြန်ခင် ကိုအောင်မောင်းနှင့် တွေ့ချင်သေးသည်။သည်တစ်ခါ တွေ့လျှင် ဦးသိန်းငွေမှာလည်း ပြောစရာ စကားတွေ အများကြီးရှိနေပြီဖြစ်သည်။
ကိုတင်ထွန်း ဖိတ်ခေါ်သဖြင့် မြို့ကလေး၏ ဘုန်းကြီးကျောင်းသို့ ရောက်ခဲ့ရသည်။ကျယ်ဝန်းသည့် ပရ၀ဏ်အတွင်း အရိပ်ရ အပင်များလည်း အများကြီးရှိနေသည်။ဦးသိန်းငွေတို့ ရောက်သွားချိန်တွင် ကျောင်းထိုင်ဘုန်းကြီးက ကျောင်းအောက်တွင် ရောက်နေသည်။ကျောင်းပေါ်မတက်တော့ဘဲ ဦးသိန်းငွေတို့ အဖွဲ့ ဘုန်းဘုန်းကို ကန်တော့ကြသည်။
“အရှင်ဘုရား သိမ်ဆင်းလောင်းမဲ့ရက်ကို တပို့တွဲ လပြည့်နေ့ လုပ်ချင်ပါတယ်။ တနင်္ဂနွေ နေ့ ကျပါတယ် ဘုရား ။တပည့်တော်က ရန်ကုန်ကို တာဝန်နဲ့ သွားရအုံးမှာမို့ အလှူရက်ကို ရှေ့တိုးလိုက်တာ အရှင်ဘုရား အဆင်ပြေပါရဲ့လား။””
“ပြေပါတယ် ကိုတင်ထွန်း ရှင်လောင်း အပါးရေကရော အတိုးအလျှော့ ရှိသေးလား““
““မရှိပါဘူး ဘုရား အရင်ပြောထားတဲ့ အပါးသုံးဆယ် ပါပဲ။ဝန်ထမ်း သားတွေရယ်၊စခန်းနဲ့ကပ်ရပ် မယ်ဇယ်တန်းရက်ကွက်က ကလေးတွေရယ်၊အောက်ပြည်က လာအလုပ် လုပ်နေကြတဲ့ ကျောက်ထုဘက်က ကလေးတွေရယ်ပါပဲ ဘုရား။”“
ကိုတင်ထွန်းနှင့် စကားပြောနေရင်း ဘုန်းဘုန်းက ဦးသိန်းငွေဘက် လှည့်ကြည့်လိုက်သည်။
““တပည့်တော်တို့ ရုံးချုပ်က အထက်လူကြီးပါ ဘုရား။စီမံညွှန်မှူး ဦးသိန်းငွေပါ““
“ဧည့်သည် ပါတာ ကျောင်းပေါ်တက်အုံးလေ”
“မတက်တော့ပါဘူး ဘုရား။တပည့်တော်က ရန်ကုန်ပြန်တော့မှာမို့ ခဏနေ ကားဂိတ်ဆင်းရတော့မှာပါ။”“
“အင်း ဒကာ ကိုတင်ထွန်းတို့လို အလှူရှင်တွေ ရှိနေလို့သာ ညွှန်မှူးကြီးရေ၊သူက မြို့မှာ အလှူအတန်းကို အယုတ်အလတ်မရွေး လုပ်ပေးနေတာ။အခုလည်း ရှင်မပြုပေးနိုင်တဲ့ ကလေးတွေကို သူတစ်ဦးတည်း အလှူရှင် လုပ်ပြီး လှူပေးတာလေ။သူ့တို့မှာ ကလေးရှိတာလည်း မဟုတ်ဘဲနဲ့ ရှင်ပြုပွဲကို ငွေရော လူပါ အင်တိုက်အားတိုက် လုပ်ပေးနေတာ။လူ၊နတ် သာဓုခေါ်မှာပါ။ကိုတင်ထွန်း ဒီမြို့က ပြောင်းသွားရမှာတောင် စိုးရိမ်မိတယ်““။
“တင်ပါ့ဘုရား”
ဦးသိန်းငွေ ဘုန်းဘုန်းကို ပြန်လျှောက်တင်လိုက်သည့် အချိန် ကလေးတစ်ချို့၏ စာအံသံကို ကြားလိုက်မိသည်။အသံလာရာသို့ စောင်းငဲ့ကြည့်လိုက်သည့်အခါ ကလေးများကြားတွင် မားမားကြီးရပ်လျှက် စာသင်နေသည့် ကိုအောင်မောင်းကို တွေ့လိုက်ရသည်။တွေတွေကြီး စိုက်ကြည့်နေသည့် ကိုအောင်မောင်း၏ မျက်ဝန်းများကိုလွဲဖယ်လိုက်မိသည်။နတ်ကို စောင့်သည့် တရားများ အကြောင်းကိုတော့ အခွင့်သာလျှင် ကိုအောင်မောင်းအား ပြောပြချင်ပါသေးသည်။
Subscribe to:
Posts (Atom)