468x60

သဲရေကျ

Sunday, January 4, 2015
       
      စာပေလောကတွင် ယနေ့အခါ အကြားရ အများဆုံး စကားသည် ရသစာပေ ပျောက်လာပြီ ဟူသည့်စကားဖြစ်သည်။ရွှေအမြုတေ စာပေ  ၀တ်္ထုရှည်ဆုရ ဆရာသင်းရီ စကားငှားပြီး သုံးရလျှင် ရသစာပေ ပျောက်လျှင် လူတွေရိုင်းကုန်လိမ့်မည် ဟူ၍ဖြစ်သည်။ရသ စာပေ၀ိုင်းတွင် ကျွန်မ စာတွေ သွားဖတ်ဖြစ်နေသည်။လွန်ခဲ့သည့် တစ်ပတ်ကှုပ နြအ မှ ထိုတစ်ပတ်အတွက် စာလာ ဖတ်ပေးသူ စာရေးဆရာ၊ဆရာမများကို အင်တာဗျူးလုပ်သည်။ကျွန်မအလှည့်တွင် သုတ စာပေနှင့်ရသ စာပေကိုဘယ်လို ခွဲခြားသည်လဲ၊ဘယ်လို ဖန်တီးသည်လဲ ဟု မေးလာသည်။အခြားသူများအတွက် တော့မသိ စာရေးသူ ကျွန်မအတွက်တော့ အကြောင်းအရာ တစ်ခုသည် ရင်ထဲထိမိလာပြီ။ညွှတ်နူးခံစားလာရပြီဆိုလျှင် ရင်ထဲမှ အလိုလိုဖိတ်လျှံကြလာ၍ ရသစာပေများ ရေးသားဖြစ်သည်။ထို့အတူ အကြောင်းအရာတစ်ခုသည် အားမလို အားမရ ဖြစ်စရာ။ဒေါမနဿ ပွားစရာ၊ခံပြင်းစရာ ကောင်းလာလျှင် သုတ စာပေများကို ရေးသားဖြစ်ပါသည် ဟု ဖြေကြားခဲ့မိသည်။ကျွန်မတွင် ခွဲခြားနိုင်စွမ်း၊ဖန်တီးနိုင်စွမ်း ရှိ၍ မဟုတ်။ကျွန်မ ခံစားမိသလို ရေးခြင်း၊ပြောခြင်း ဖြစ်သည်။စာအုပ်တွေ ရောင်းအားကျခြင်းသည် စာဖတ်သူတွေ နည်းလာရခြင်းနှင့် သက်ဆိုင်သည်လား ဆိုသည့် မေးခွန်းကိုတော့ သိပ်မသက်ဆိုင်ဟု  ဖြေခဲ့မိသည်။ဈေးကွက်တွင် ရောင်းအားကောင်းနေသည့် စာအုပ်များစွာ ရှိနေသည်။လူတွေ စာရွေးဖတ်လာကြတာဖြစ်နိုင်သည်။လူတွေ တောင့်တသည့် စာပေ အမျိုးအစား ပြောင်းသွားတာဖြစ်နိုင်သည်။ထိုသို့ ဖြေဖြစ်ခဲ့သည်။
        ကိုယ့်အဖြေကိုယ် အိမ်ပြန်ရောက်တော့ စဉ်းစားကြည့်မိသည်။ရသစာပေ ကို ဘယ်လို လူမျိုးတွေ ဖတ်ဖြစ်နေသနည်း။စာဖတ်ဖို့ ဘယ်လို လူမျိုးတွေကို အရင် တိုက်တွန်းသင့်သနည်း။စိတ်ကျေနပ်သည့် အဖြေ မထွက်။သေချာသည် ကတော့ မနက်စာ စားပြီး၊ညနေစာ အတွက် စားစရာ အသင့်မရှိသူ၊ဒီနေ့စာ ရှိပြီး နောက်တစ်နေ့စာ အတွက် ပူပင်နေကြရသည့်သူ၊ရာသီဥတုကို တစ်ချိန်လုံးကြည့်နေပြီး အမိုးအကာမဲ့ ကျောတစ်နေရာစာအတွက် သောက များနေကြသည့်သူများ ဘာစာမှ ဖတ်နိုင်မည်မဟုတ်။တိုက်တွန်းလို့လည်း မရနိုင်။ထိုအခြေအနေမျိုး မဟုတ်သည့်တိုင် ကျန်းမာရေး ချို့ယွင်းနေသူများလည်း စာမဖတ်နိုင်။ဒါသည်က လူတန်းစား တစ်လွှာ။နောက်တစ်လွှာ သို့ ကျွန်မ စဉ်းစားကြည့်မိသည်၊စီးပွားရေး လုပ်ငန်းရှင်များ၊သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် ကြီးမားသည့် တာဝန်ယူထားရသည့်သူများ။သူတို့သည်လည်း သူတို့ အကြောင်းပြချက် ရှိနေနိုင်သည်။မြန်မာ့ စီးပွားရေး ဈေးကွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ထိုနယ်ပယ်နှင့်သက်ဆိုင်သည့် စာများသာ ဖတ်ချင်နေမည်၊ဖတ်နိုင်မည်။နယ်ပယ် အသီးသီးတွင် ကြီးမားသည့် တာဝန်ယူထားရသည့် သူများကလည်း စာဖတ်ခြင်းဆိုသည်မှာ  လူကို  လူက အုပ်ချုပ်ရသည့် နည်းလောက် အရေးမကြီး ဟု ထင်ကောင်း ထင်နိုင်သည်။သည် တစ်လွှာအတွက်လည်း ရသ စာပေ ဖတ်ပေးဖို့ တိုက်တွန်းရန် မဖြစ်နိုင်။နိုင်ငံရေးနယ်ပယ်ကို စိတ်ဝင်စားသူ၊နိုင်ငံ့ရေးရာများကို လုပ်နေသူများအတွက် သတင်းက ဆာလောက်မှုတစ်ခုလို မွတ်သိပ်နေပေလိမ့်မည်။အချိန်အတော်ကြာ အလင်း ပျောက်ခဲ့ရသည့် အတွက် မျက်စိပြန်မြင်စ သူများလို သတင်းသည်သာ ကိုးကွယ်ရာ၊သတင်းသည်သာ အသစ်အဆန်းဖြစ်စရာ ဖြစ်နေပေလိမ့်မည်။သည်တော့လည်း ရသစာပေ ဆိုသည်မှာ သူတို့တွေ အတွက်လည်း ဝေးဝေးသာ။
        မဖြစ်နိုင်သည့် အလွှာများကို စဉ်းစားနေ၍ မဖြစ်။ကျွန်မ အားထားသည့် တိုက်တွန်းလိုသည့် စာဖတ်နိုင်သည့် လူလတ်တန်းစား အိမ်ရှင်မများကို သွားတွေ့မိသည်။ကျွန်မရေးသည့် စာများ၊ဟောပြောပွဲများတွင် ကျွန်မ ပြောဖြစ်သည့် အကြောင်းများသည် အမျိုးသမီးထုကို အခြေခံသည်က များသည်။အစွမ်းအစရှိသည့် အမျိုးသမီးများကို ကျွန်မ သဘောကျသည်။ခေတ်နှင့် အဆက်မပြတ်ဘဲ လေ့လာနေသည့် အိမ်ရှင်မများကို ကျွန်မ လေးစားသည်။အိမ်ထောင့် တာဝန်တွေ ထမ်းရင်း အရည်အချင်းပြည့်နေသည့် အိမ်ရှင်မများ ကျွန်မတို့ နိုင်ငံတွင် အများအပြား ရှိနေသည်ဟု ကျွန်မ ယုံကြည်သည်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အလုပ်အကိုင် နေရာတွင် အိမ်ရှင်မ ဟု ဂုဏ်ယူစွာ ဖြည့်ခဲ့ဖူးသည်ကို ကျွန်မ မှတ်သားခဲ့ရသည်။စာပေ လောကတွင်လည်း ဆရာမကြီး ဂျာနယ်ကျော် မမလေး၊ဆရာမ မိုးမိုးx(အင်းလျား)တို့သည်လည်း အိမ်ထောင့်တာဝန်များကို ထမ်းရင်း စာဖတ်ခြင်းသာမက စာရေးခြင်းအလုပ်ကိုပါ အောင်မြင်စွာ လုပ်ပြနိုင်ခဲ့ကြသည်။ရသ စာပေတွေ အများကြီး ရေးသားသွားခဲ့ကြသည်။ထိုကဲ့သို့ အမျိုးသမီးတို့ အစွမ်းကို ကျွန်မ အားကျ လေးစားခဲ့ရသည်။ထို့ကြောင့် ကျွန်မ မိန်းမ တစ်ယောက်ဖြစ်နေခြင်းကို ဘယ်တုန်းကမှ မကျေမနပ် မဖြစ်မိ။
         ကျွန်မသည် ကံအားလျှော်စွာ အမျိုးသမီးများ၊အထူးသဖြင့် အိမ်ရှင်မများနှင့်ပတ်သက်ခွင့်ရနေသည်။ဝါသနာ နှစ်ခုကို တစ်ပြိုက်နက် လုပ်ပိုင်ခွင့်ရနေသည်။စာရေးခြင်းနှင့်၊အမျိုးသမီး ကိုယ်ကာယ လေ့ကျင့်သင်တန်း ဖွင့်ထားနိုင်ခြင်းဖြစ်သည်။ကျွန်မ သင်တန်းသူ အမျိုးသမီး အများစု၏ စကားသံသည် မြန်မာနိုင်ငံမှ အမျိုးသမီးထု ၏ ရင်ဖွင့်သံနှင့် တူညီနေတတ်သည်။ကျွန်မ နားထောင်ခွင့်ရနေသည်။ရသ စာပေဆိုသည်မှာ လက်တွေ့ဘ၀နှင့် အနီးစပ်ဆုံးဟု ကျွန်မ ခံယူထားသည်။လက်တွေ့ဘ၀တွင် ခံစားရ၊ဖြတ်သန်းနေရသည့် အကြောင်းများကို စာရေးသူတို့ အတတ်ဖြင့် ရေးဖွဲ့ကြခြင်း ဖြစ်သည်။ဂျာနယ်ကျော် မမလေး၏ လှတစ်မျက်နှာ ဆိုသည့် ၀တ်္ထုသည် ကျွန်မ ရင်ထဲတွင် စွဲနေခဲ့သည်။မယ်တက်္ကသိုလ် ဘွဲ့ရခဲ့ဖူးသည့် မိန်းမတစ်ယောက်၏ အိမ်ရှင်မ မပီသ ပုံ၊အနေအထိုင် ပက်စက်ပုံတို့ကို ရေးဖွဲထားသည်မှာ ပီပြင်လှသည်။မျက်နှာလေး တစ်နေရာ လှပြီး ခန်္ဓာကိုယ် အချိုးအစား ပုံပျက်နေပုံ ပျင်းရိတတ်ပုံတို့ကိုလည်း စာဖတ်သူများ မြင်ယောင်လာအောင် ရေးဖွဲ့ထားသည်။ကျွန်မ အကြိုက်ဆုံး အခန်းမှာ ပါတီပွဲတစ်ခုတွင် ၀တ်ကောင်းစားလှ ၀တ်ထားကြသည့် ၀ိသာခါ အမျိုးသမီးကြီးက အများသူငါ အသုံးပြုနေသည့် ဈေးအိမ်သာ၊ရုံးအိမ်သာ၊သဘောင်္အိမ်သာများကို အမျိုးသမီး အလုပ်သမားများနှင့်အတူ ကိုယ်တိုင်သာ လိုက်ဆေးလိုက်ချင်ကြောင်း ပြောသည့်အခန်းဖြစ်သည်။ထိုအလုပ်ကို အမျိုးသမီးများ လုပ်ပါက ပိုသန့်ရှင်းအောင် လုပ်နိုင်ကြောင်း အာပေါင်အာရင်းသန်သန် ပြောနေကြသည်ကို မယ်တက်္ကသိုလ် လှတစ်မျက်နှာက အောက်တန်းကျလှသည်ဟု အထင်အမြင်သေးခြင်းဖြစ်သည်။
       နောက်ဆုံး လှတစ်မျက်နှာပိုင်ရှင် ဇာတ်ကောင် မူမူမှာ သူ၏ ပျင်းရိတတ်ပုံကြောင့် ပါတီပွဲတွင် ချိတ်နှင့် တွယ်ခဲ့မိသည့် ဘော်လီ ကြိုးပြတ်ကာ အရှက်ကွဲပုံကို ရေးဖွဲ့ထားသည်။မိမိအိမ်မှ အိမ်သာ သန့်ရှင်းအောင် ထားခြင်းသည် အမျိုးသမီး တစ်ယောက်၏ အရည်အချင်းထဲတွင် ပါဝင်သည်ဟု ကျွန်မ ထင်ပါသည်။ထို့အတူ မိမိအိမ်ကိုသန့်ရှင်းသပ်ရပ်အောင် ထားခြင်း၊မိသားစု ၀င်များကို ကျန်းမာသန့်ရှင်းအောင် ချက်ပြုတ်ကျွေးမွေး တတ်ခြင်းသည်လည်း အမျိုးသမီး တစ်ယောက်၏ အသိအမှတ်ပြုရမည့် အရည်အချင်းထဲတွင် ပါဝင်သည်။ကျွန်မ အားကစားသင်တန်းတွင် အသုံးပြုသည့် အိမ်သာကို ကိုယ်တိုင် ဆေးကြောပါသည်။ဘယ်တုန်းကမှ ဂုဏ်ငယ်သည့် အလုပ်ဟု မထင်မိခဲ့။အမျိုးသမီးသီးသန့်ဖြစ်သည့် ကျွန်မ သင်တန်းတွင် အိမ်သာတက်ပြီး ရေမလောင်းခဲ့ခြင်း၊အိမ်သာ စီး ဖိနိပ်ကို တောင်တစ်ဖက် မြောက်တစ်ဖက် ဖြစ်သလို ချွတ် ပစ်ခဲ့ခြင်း၊အိမ်သာ တံခါးကိုပင် ပြန်မပိတ်ခဲ့ခြင်းများကို နေ့စဉ် တွေ့နေရသည့်အခါ  ဂျာနယ်ကျော် မမလေး၏ လှတစ်မျက်နှာ ၀တ်္ထုကို ပေးဖတ်ချင်စိတ် ပေါက်မိပါသည်။
ခက်သည်က များပြားလှသည့် သင်တန်းသူများထဲတွင် စည်းကမ်းတကျ နေတတ်သည့် သင်တန်းသူများ ရှိနေကြသည့်အခါ အားလုံးကို သိမ်းကြုံးပြော၍ မဖြစ်နိုင်။
       ပူပြင်းလှသည့် နွေရာသီတွင် ကျွန်မ သင်တန်းသူများအတွက် အမောပြောစေရန် သီးစုံဓာတ်ဆား  ဒါနပြုပါသည်။အထုပ် ၅၀ ပါ ဓာတ်ဆား တစ်ပုံးကို သင်တန်းသူ တစ်ရာကျော်ရှိသည့် ကျွန်မ သင်တန်းတွင် တစ်ရက်၊တစ်ရက်ခွဲသာ တိုက်ရသည်။ဓာတ်ဆားဖိုးက တစ်လကို တစ်သိန်းခွဲလောက် ကုန်ကျသည်။ကျွန်မ ငွေပေါများနေ၍ တိုက်ခြင်းမဟုတ်၊စေတနာ ပေါများ၍သာ တိုက်ခြင်းဖြစ်သည်။အလွယ်တကူ ဖျော်သောက်နိုင်ရန် ရေသန့်ဗူးခွံအလွတ် အသေးလေးများကို လက်ဆွဲခြင်းတစ်ခုထဲတွင် ထည့်ပေးထားသည်။ဓာတ်ဆားထုပ်များကို  ဗန်းကလေးဖြင့် ထည့်ကာ ၀ါတာကူလာ ဗူးပေါ်တွင် တင်ပြီး ကုန်တိုင်း ထပ်ဖြည့်ပေးထားသည်။ကစားပြီး မောမောဖြင့် သီးစုံဓာတ်ဆား ဖျော်သောက်သည့် သင်တန်းသူများကို တွေ့တိုင်း ကျွန်မ ပီတိဖြစ်ရသည်။သို့သော် ဓာတ်ဆားခွံများကို ဗန်းထဲတွင် ထားခဲ့သည့်အခါ၊ဖျော်သောက်ပြီးသား ရေဗူး အလွတ်များကို မဆေးကြောဘဲ ခြင်းထဲထည့်ခဲ့ကြသည့်အခါ၊ အကုန်မသောက်ဘဲ တန်းလန်းချန်ထားခဲ့ကြသည့်အခါ၊ ကျွန်မပီတိသည် ကြာရှည် မခံတော့။အမှိုက်ပုံးထား ပေးထားခြင်း၊ဆေးကြောစရာ နေရာနှင့်ပေါများသည့် ရေများ ရှိနေလျှက် မဆေးဘဲ ခြင်းထဲ ပစ်ထည့်ခဲ့ခြင်းတို့ကို လုပ်နေသူတို့မှာ ကျွန်မ အားကိုးသည့်၊ယုံကြည်မိသည့် အိမ်ရှင်မ ရာထူး ယူထားကြသူများ ဖြစ်နေပါသည်။အိမ်သာ ကိစ်္စတွင် လျစ်လျူရှုခဲ့သည့် ကျွန်မ၊ သည်တစ်ခါတွင် အားမနာတမ်း တိုက်ရိုက်ပြောရတော့သည်။
     သင်တန်းသူတိုင်းက နေ့တိုင်း သီးစုံဓာတ်ဆား သောက်နေကျသည်မဟုတ်။သောက်ချင်သည့် နေ့မှသာ သောက်ကြသည့်အတွက် အထုပ်၅၀ပါ ဓာတ်ဆားထုပ်က တစ်ရက်ခံခြင်းဖြစ်သည်။သင်တန်းသူ ရှိသလောက် တစ်ရာကျော်လုံးသာ နေ့တိုင်းသောက်ပါက ကုန်ကျစရိတ်က ထို့ထက်ပိုနိုင်သည်။တစ်မနက်ခင်း သင်တန်းသူ တစ်ယောက်က ကျွန်မကို ခွင့်တောင်းလာသည်။အပြန်တွင် ဓာတ်ဆားတစ်ထုပ် ယူသွားချင်ပါသည်တဲ့။ကျွန်မ ရည်ရွယ်ချက် က ဒါနပြုခြင်းသာ။လက်ဆောင်ပေးလိုက်ခြင်းမျိုးမဟုတ်။သင်တန်းတွင် မသောက်ဘဲ ဘာကြောင့် အိမ်ယူသွားချင်ရတာလဲဟု ကျွန်မ၏ အမေးကို ထိုသင်တန်းသူက ဒီမှာသောက်ပြီးရင် ရေဗူးဆေးပေးရမှာ စိုးလို့ဟု အဖြေပေးပါသည်။ကျွန်မ အားမနာနိုင်တော့ ကိုယ့်အိမ်မှာဆို သောက်ပြီးတဲ့ ရေခွက်ကို မဆေးဘဲထားသည်လား ဟုမေးဖြစ်လိုက်သည်။ကိုယ်ဖျော် သောက်သည့် ရေဗူးကိုမှ မဆေးပေးချင်လျှင် ဓာတ်ဆား မသောက်နှင့်ဟု ပြောလိုက်မိတော့သည်။ဘယ်လို အိမ်ရှင်မ ပါလိမ့်ဟုလည်း တွေးမိသွားရသည်။သို့သော်လည်း ခွင့်ပင် မတောင်းဘဲ သီးစုံဓာတ်ဆားထုပ်များကို ယူသွားကြသည့် အိမ်ရှင်မများကို တွေ့လာရသည့်အခါ ကျွန်မ ပါးစပ်ပိတ်သွားရတော့သည်။ဓာတ်ဆားတစ်ထုပ် တန်ဖိုးသည် ဘာမှ မရှိပါ။သူတို့အတွက်လည်း အဖိုးမတန်သလို ၊ကျွန်မ အတွက်လည်း မယုတ်လျော့။သို့သော် ရေဗူး မဆေးချင်၍ ဓာတ်ဆားထုပ် အိမ်သယ် သောက်ရသည့် အဖြစ်ကတော့ အိမ်ရှင်မ တန်ဖိုး အားလုံးကျသွား သည်ဟု ကျွန်မ ခံစားလိုက်ရသည်။
       စာပေနှင့် ပတ်သက်သည့် ကျွန်မဖြေခဲ့သည့် အဖြေကို ပြန်ကောက်ရသော် အကြောင်းအရာတစ်ခုသည် ကျွန်မ ရင်ကိုတော့ လာထိပါသည်။သို့သော် မညွတ်နူးဘဲ ၊အားမလို အားမရ စိတ်သာ ဖြစ်ရသည်။သည် အတိုင်းဆိုလျှင် ရသ စာပေများကို ဖန်တီးရေးသားဖို့ ကြိုးစားနေသည့် ကျွန်မ၊ သုတစာပေများကိုသာ စီးရီးလိုက် ရေးမိတော့မည် ထင်ပါသည်။