-
My Novel
.................
-
About Me
Khin Thandar
-
Miss Myanmar Gym
Please come and join with us if you want to fit.
“ကြွေတစ်လှည့်”
Posted by
Unknown
at
5:35 AM
Wednesday, August 13, 2014
( ၁ )
“ပိန်ပိန် အဖေတို့ရော ”
အိမ်ပေါ်သို့ အပြေးတစ်ပိုင်းဖြင့် တက်လာရင်း ရေဒီယိုတင်ထားရာ စင်ဆီသို့ အမောတကော သွားနေသည့် အစ်ကိုကြီးက ကျွန်မကို လှမ်းမေးလိုက်ခြင်းဖြစ်သည်။မောင်နှမတစ်တွေထဲတွင် လူမညှက်သော်လည်း ပိန်းပါးလွန်းသည့် ကျွန်မကို အစ်ကိုကြီးက ပိန်ပိန်ဟု ခေါ်လေ့ရှိသည်။အရေးအခင်း ကျောင်းပိတ်ရက်များ ဖြစ်နေသဖြင့် မောင်နှစ်ယောက်ကလည်း အိမ်တွင်မရှိ။အမေကလည်း အသုဘတစ်ခုကိုလိုက်ပို့နေပြီး အဖေကလည်း သူ့မိတ်ဆွေတစ်ယောက်အိမ်သို့ရောက်နေသည်။အစ်ကိုကြီးက ကျွန်မကိုမေးလိုက်သော်လည်း အဖြေကို မစောင့် တစ်အိမ်လုံးကို ဝေ့ကြည့်လိုက်ရင်း ဘယ်သူမှ မရှိမှန်း သိပုံရသည်။ကက်ဆက်ကိုသာ နှစ်သက်တတ်သည့် အစ်ကိုကြီးက ရေဒီယိုဖွင့်သည်ဆိုတော့ ကျွန်မ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။သူကလည်း ရေဒီယို လှည့်နေရင်း “နင်ဘာမှ မသိဘူးမလား ရေဒီယိုနားထောင်” ဟု ဆိုကာ ရေဒီယို အသံကို ဆောင်းဘောက်နှင့် ချိတ်ဆက်နေသည်။ဘေ့စ်သံ ကျယ်လောင်လောင် နှင့်အတူ မြူးကြွကြွ စစ် သီချင်းသံထွက်လာသည်။
“ရဲရဲတောက် တို့ဗမာတွေ၊သတ်္တိခဲတွေ၊ရာဇ၀င်ထိုးလောက်အောင် စွန့်ပေ၊ဒို့တိုင်း ဒို့ပြည်၊လွတ်လပ်ရေးကို အာဇာနည်သွေးတွေ အရိုးကြေကြေ၊ဒို့ပြေ ဒို့မြေ။”
ခေတ်ဆွေးကို ပြောင်းပြန်၊ခေတ်သစ်ကို စီမံ၊လွတ်လပ်ဖို့ စိတ်ကြံ၊ညီစေနော် ဒို့ရဲဘော်၊ချီတက်ကြစို့ တူပျော်ပျော်-----ဘယ် ညာ ဘယ်ညာ-------
သီချင်းသံက တစ်ဝက်တစ်ပျက်နှင့် ရပ်သွားပြီး သတင်းကြေငြာသည့် အသံထွက်လာသည်။ကျွန်မသိသည်က ည ၈နာရီမှသာ သတင်းကြေငြာသည်။ယခု အချိန်က ညနေ ၄ နာရီသာသာလေး ရှိသေးသည်။အချိန်အခါမဟုတ် သတင်းကြေငြာသည်ဟု ကျွန်မ ထင်လိုက်မိသည်။
အစ်ကိုကြီးက “နားထောင် အဲဒါ အမိန့်ကြော်ငြာစာ” စကားကို ဆုံးအောင် မဆက်။
“ယနေ့ စက်တင်ဘာလ ၁၈ရက်နေ့မှ စတင်၍ တပ်မတော်မှ အာဏာသိမ်းလိုက်သည်။ထို့ကြောင့် သပိတ်စခန်းအသီးသီးတွင် ရောက်ရှိနေသည့် သူများ ယနေ့ည ၁၂နာရီ နောက်ဆုံးထားပြီး ထွက်ခွာပေးပါရန်” ဆိုသည့် အမိန့်ကြော်ငြာဖြစ်သည်။အတိအကျတော့ ကျွန်မ မမှတ်မိတော့ ထိုသို့ အဓိပ်္ပ်္ပါယ်သက်ရောက်သည့် စာသားများ ဖြစ်သည်။ခပ်တိုတိုသာ ကြေငြာပြီး စစ်သီချင်းကို ဆက်ကြားနေရသည်။
“တစ်မျိုးလုံးအတွက်ကို အသက်နဲ့လဲမည် အာဇာနည်ပီပီ၊အရေးရှိခဲ့လျှင် ရှေ့က ရပ်ကာ အသေခံမယ် ယုံကြည်၊ငါတို့ တပ်မတော် အမှန်ဖြစ်သည်၊နိုင်ငံ့တပ်မတော် အမှန်ဖြစ်သည်၊ နိုင်ငံ့တပ်မတော် အမှန်ဖြစ်သည်၊ အင်အားကို ကြီးမားအောင် ကူညီ။--------တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ရဲဘော် အပေါင်းကို ကိုယ့်သွေးသားမို့ အစဉ်မမေ့အပ်ပေသည်။”----------
နောက်တစ်ကြိမ် သတင်းကြေငြာသံ ထွက်ပေါ်လာသည်။အကြောင်းအရာကတော့ အရင်ကြေငြာသည့် အတိုင်းသာ ဖြစ်သည်။အစ်ကိုကြီးကို လှမ်းကြည့်လိုက်တော့ ကျောပိုးအိတ် တစ်လုံးထဲသို့ အ၀တ်အစား တစ်ချို့ထည့်နေသည်ကို တွေ့ရသည်။သူ့ပုံကို ကြည့်ရသည်မှာ အရေးကြီးကိစ်္စ်္စတစ်ခုကို လျှို့ဝှက်စွာ ဆောင်ရွက်တော့မလို။
“ကိုကြီး ဘာတွေဖြစ်နေတာလဲ ပြောအုံးလေ”
“နင် မကြားဘူးလား ရေဒီယိုက ကြေငြာနေတာ” စင်ရှိရာသို့ မေးငေါ့ပြရင်း “သေချာ နားထောင်”ဟု ထပ်ဆင့်ပြောလိုက်သေးသည်။ထိုအချိန် စစ်သီချင်းသံ နောက်တစ်ပုဒ်က ထပ်မံထွက်ပေါ်လာပြန်သည်။
“ဗမာ ဗမာ ကမ်္ဘာပေါ်မှာ ကြွားနိုင်စေဖို့ရာ၊ဗျူဟာပညာ တို့အမျိုးသားတို့ နားလည်စေချင်တာ၊ဗျူဟာပညာ သင်ကြားကြလို့ ကြိုးစားတို့ဗမာ၊ တို့အမျိုးရဲ့ အကျိုးတွက် သယ်ပိုးစေဖို့ရာ------------
----- အောင်လံထွန်းပြောင်၊ကြယ်ပေါင်းခကာ၊ဗမာ့ အောင်လံပါ၊ဆောင်ရန် ကျင်းတော့ အလင်းရောင်ပေါ် ဗမာတို့ရဲ့ တပ်မတော်----------”
စစ်သီချင်းသာ ပြောင်းသွားသည်၊သတင်းကြေငြာချက်က အတူတူပဲမို့ ကျွန်မ ဆက်နားမထောင်ဖြစ်တော့။ကျွန်မစိတ်ထဲတွင်တော့ ဆောင်းဘောက်ဖြင့် ဖွင့်ထားသည့် သီချင်းသံက နားထောင်၍ပင် ကောင်းနေသေးသည်။ အစ်ကိုကြီးက ကျွန်မကို လှမ်းကြည့်ပြီး “သိပြီလား ဘာတွေဖြစ်နေတယ်ဆိုတာ” ဟုဆိုကာမေးနေသည်။
“သိတယ်လေ၊တပ်မတော်က အာဏာသိမ်းလိုက်တယ်တဲ့၊သပိတ်စခန်းက လူတွေ ကိုယ့်အိမ် ကိုယ်ပြန်ကြတော့လို့ ပြောတာ မဟုတ်ဘူးလား။ကိုကြီးလည်း အဲဒါကြောင့် အိမ်ပြန်လာတာ မလား”
ကျွန်မက ဆိုလိုက်တော့
“ငါ အိမ်ပြန်လာတာ မဟုတ်ပါဘူး ထွက်ပြေးမလို့ အ၀တ်အစားတွေ လာယူတာ၊ငါတို့ အဖွဲ့တွေ ဒီနေ့ညပဲ ထွက်ကြမယ်၊မ၀ါကြီးလည်းပါတယ်။အဖေနဲ့ အမေ့ကို ကန်တော့ခဲ့တယ်လို့ပြောလိုက်။နင်လည်း လိမ်လိမ်မာမာနေ။”
“တပ်မတော် အာဏာသိမ်းတာနဲ့ ကိုကြီးက မဆီမဆိုင် ဘာလို့ထွက်ပြေးရတာလဲ” ကျွန်မရဲ့ အမေးကို အစ်ကိုကြီးက ဒေါသတကြီးနဲ့
“ဟာ ငါတို့က သပိတ်စခန်းမှာ ရက်တွေ အများကြီး သွားနေပြီး လုပ်အားပေးခဲ့ကြတာလေ၊ ထွက်မပြေးရင် အဖမ်းခံရမှာပေါ့ဟဲ့ ငပိန်ရဲ့” တဲ့။
အစ်ကိုကြီးက ကျွန်မကို သာမန်ချိန်များတွင် ပိန်ပိန်ဟု ခေါ်တတ်ပြီး သူစိတ်တိုလျှင် သည့်ထက် လှပသည့် နာမ်စား ဖြစ်သည့် ငပိန် ဆိုသော အသုံးအနှုန်းကို သုံးလေ့ရှိသည်။ထိုအချိန်က ကျွန်မက ကိုးတန်းကျောင်းသူ။အစ်ကိုကြီးပြောသည့် စကားများက သိပ်အဆက်အစပ် မရှိဟု ကျွန်မ ခံစားရသည်။အရေးအခင်းကာလများက ကျွန်မ အတွက်တော့ ပျော်ရွှင်ဖွယ်။ကျောင်းစာများနှင့် ကင်းဝေးပြီး သူငယ်ချင်း စာအုပ်ဆိုင်မှ စာအုပ်များ ငှားဖတ်ခွင့်ရခဲ့သည်။ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာများဖတ်ပြီး ကူးထားရသည်မှာ အမော။ဆရာမ ဂျူး ၏ စာအုပ်များကို အားလုံးဖတ်ခွင့်ရသဖြင့် အတော်ကျေနပ်နေမိသည်။ထိုအချိန်က ဆရာမက ၀တ်္တုရေးအား ကောင်းနေချိန်ဖြစ်သဖြင့် အရင်တစ်အုပ်ကို ကျွန်မ မဖတ်ရသေးမီ နောက်တစ်က ထွက်နှင့် နေပြီ၊နွေကျောင်းပိတ်ရက်များမှ အပြင်စာ ဖတ်ခွင့်ရသဖြင့် ဆရာမ စာအုပ်များကို အလျဉ်မီအောင် မဖတ်နိုင်ခဲ့။
အစ်ကိုကြီးကတော့ ကျောပိုးအိတ်တစ်လုံးဖြင့် အိမ်မှ ဆင်းသွားခဲ့ပြီ။အိမ်တွင် မည်သူမှ ရှိမနေသဖြင့် တားရကောင်းမှန်းလည်း ကျွန်မ မသိခဲ့။အဖေနှင့်အမေ ပြန်လာတော့ အကြောင်းစုံပြောပြမိသည်။အမေက စိတ်ပူသည့် ပုံပေါ်သော်လည်း အဖေကတော့ ခပ်အေးအေး အမူအရာဖြင့် “ဘယ်ကိုပြေးကြမယ်လို့ ပြောလဲ”ဟု မေးသည်။ကျွန်မ လည်းမေးမထားမိ၊အစ်ကိုကြီးကလည်း ပြောမသွားသဖြင့် မသိဘူးဟုသာ ဖြေနိုင်သည်။နောက်နေ့များတွင် သပိတ်ခေါင်းဆောင်အချို့နှင့် ၊ကျောင်းသားခေါင်းဆောင်များ အဖမ်းခံရသည် ဆိုသည့် သတင်းများက နယ်မြို့ကျဉ်းကျဉ်းလေးတွင် ပျံ့နှံ့လို့နေသည်။လူအနည်းအကျဉ်းလောက်သာ အဖမ်းခံရပြီး နောက်ထပ် အဖမ်းရသည့်သတင်း မကြားရတော့။အရေးအခင်းကာလများအတွင်းက ကျွန်မ အစ်ကိုကြီးနှင့် အိမ်နီးချင်း မ၀ါကြီး ဆိုသည့် အမတစ်ယောက်တို့ ဘယ်က ဘယ်လိုလုပ်ပြီး သပိတ်စခန်းသို့ ရောက်သွားကြသည်မသိ။မ၀ါကြီးက ဒုတိယနှစ် ကျောင်းသူဖြစ်သဖြင့် တက်္က်္ကသိုလ်ကျောင်းသူ၊ကျောင်းသားများနှင့် ဆုံမိပြီး ပါသွားခြင်းဖြစ်သည်။အစ်ကိုကြီးတော့ အတန်းတွေကျသဖြင့် ကျွန်မနှင့်အတူတူ ကိုးတန်းကျောင်းသားသာ ရှိသေးသည်။ဘယ်လိုပဲ ဖြစ်ဖြစ်သပိတ်စခန်းက လက်ခံ ထား၍သာ သူတို့နှစ်ယောက်စလုံး အိမ်ပြန်မလာကြ ခြင်းဖြစ်သည်။
( ၂ )
ထိုအချိန်ကာလများက အမေ ဈေးကပြန်လာတိုင်း စိတ်တိုပြီး ရေရွတ်သံကိုကြားနေရသည်။
“အိမ်မှာ သောက်ရေတစ်အိုး မဖြည့်တဲ့ကောင်က ဈေးထိပ်မှာ သတင်းစာရောင်းနေတယ်လေ၊အမေကို မြင်တာတောင် မသိသလိုနဲ့၊နေပူကျဲတဲ အဆောင်းမပါ ဘာမပါနဲ့ ဘယ်နေ့ ဖျားပြီးအိမ်ပြန်ရောက်လာမလဲ မသိဘူး”။
အစ်ကိုကြီးက “နတ်မျက်စိ” ဆိုသည့် သတင်းစာကို ဈေးထိပ်တွင် နံနက်ခင်းတိုင်း အော်ရောင်းလေ့ရှိသည်။ဆိုရှယ်လစ် ပါတီဥက်္က်္ကဌ၏ ပိုင်ဆိုင်မှုများ။အတွင်းရေးမှူး၏ အကျင့်ပျက် ခြစားမှု၊တိုးတိုးတိတ်တိတ် အငယ်အနှောင်း ဇာတ်လမ်းများကို ထိုသတင်းစာထဲတွင် ထည့်ရေးကြသည်။မည်သူမှ ကန့်ကွတ် ဟန့်တားမည့်သူ မရှိ။လွတ်လပ်စွာ ရေးကြ၊ရောင်းကြသည်။နတ်မျက်စိ ဆိုသည့်သတင်းစာက သပိတ်စခန်းမှ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်သည်။ရောင်းအား အလွန်ကောင်းသည်။သတင်းစာရောင်းသည့်သူက အစ်ကိုကြီး အပါအ၀င် လေးယောက်ရှိသည်။မ၀ါကြီး၏ မိသားစုတို့က ကျွန်မတို့နှင့် မိသားစုတွေလို နှစ်အိမ့် တစ်အိမ် နေကြခြင်းဖြစ်သည်။အစ်ကိုကြီးက သပိတ်စခန်း တွင် ရှိနေသည့်အတွက် မ၀ါကြီးတို့ မိသားစုကလည်း သူတို့သမီးအတွက် စိတ်မပူကြ။
နယ်မြို့ကျဉ်းကျဉ်းလေး၏ လမ်းကလေးများတွင် ဆန်္ဒပြသူများက နေ့စဉ်နေ့တိုင်း ရှိနေကြသည်။တစ်ရက်တော့ ကျွန်မ ကိုယ်တိုင် မြင်တွေ့ခွင့်ရခဲ့သည်။မ၀ါကြီး၏ ညီမ မနီလာ နေမကောင်းသဖြင့် ဆေးခန်းသို့ စက်ဘီးဖြင့် လိုက်ပို့ပေးရသည်။ဆေးခန်းတွင် ရှေ့မှ လူနာများကို ထိုင်စောင့်နေခိုက် စီတန်းလှည့်လည်လာသည့် လူတန်းရှည်ကြီးကို တွေ့လိုက်ရသည်။ဘေးမှ ကျောင်းသားကြီး တစ်ချို့က ထမင်းထုပ်ထည့်ထားသည့် တောင်းများကို ထမ်းထားကြသည်။ရပ်ကွက်ထဲမှ အိမ်များက သပိတ်စခန်းမှ ကျောင်းသားများအတွက် ထမင်းထုပ်ဝေကြသည်။လူတန်းရှည်ထဲမှ ကျောင်းသားနှစ်ယောက်ထွက်လာပြီး ဆေးခန်းသို့ ၀င်ပြသည်။စောင့်နေကြသည့် လူနာများက ကြည်ဖြူစွာ အလှည့်ကျော်ခွင့်ပေးလိုက်ကြသည်။ဆေးခန်းမှ ဒေါက်တာက ဆေးဖိုးဝါးခ မယူလိုက်၊နောင် လိုအပ် လျှင်လည်း သပိတ်စခန်းမှ ကျောင်းသားများအတွက် ဆေးများပေးလှူမည်ဟု ပြောလိုက်သေးသည်။နောက်တစ်နေ့ မနက် နတ်မျက်စိ သတင်းစာထဲတွင် ထိုဆေးခန်းမှ ဆရာဝန်လင်မယားက သပိတ်စခန်းက ကျောင်းသားများအတွက် ဆေးဝါး ထောက်ပံ့ပေးနေကြောင်း စာလုံးအမည်းကြီးနှင့် ပါလာသည်ကို တွေ့ရသည်။
ရက်သတ်္တပတ် အနည်းငယ်ကြာသည်ထိ အစ်ကိုကြီးတို့အဖွဲ့ အဖမ်းခံရသည်ဟု မကြားမိသေး။အဖမ်းအဆီး ကိစ်္စ များကလည်း ငြိမ်သက်သလောက်ပင် ဖြစ်သွားသည်။နောက်တစ်နေ့တွင် နယ်မြို့အနီးရှိ ဂိုထောင်ရွာမှ တာဝန်ရှိ လူကြီးတစ်ယောက် အကြောင်းလာကြားပေးသဖြင့် သက်ဆိုင်ရာ မိဘများက ရွာသို့ရောက်နေသည့် ကျောင်းသားများအား သွားခေါ်ကြရသည်။ဂိုထောင်ရွာက ကျွန်မတို့ နေထိုင်ရာ နယ်မြို့လေးနှင့် ငါးမိုင်သာ ဝေးသည်။သည်လောက် နီးနီးရွာလေးသို့ ထွက်ပြေးကြလိမ့်မည် ဟု ကျွန်မ မထင်ခဲ့မိသည့် အတွက် အနည်းငယ် အံ့သြသွားရသည်။အိမ်ပြန်ရောက်လာသည့် အစ်ကိုကြီးနှင့် မ၀ါကြီးကို အိမ်နီးချင်း ရွယ်တူများက သူတို့၏ စွန့်စားခန်းကို စိတ်ဝင်တစားမေးကြသည်။ကျွန်မ ကတော့ သူတို့ ဘာကြောင့်ထွက်ပြေးပြီး၊ဘာကြောင့် အများနည်းတူ အဖမ်းမခံရသည်ကို ပိုပြီး စိတ်ဝင်စားမိသည်။
“ကိုကြီးနဲ့ မ၀ါကြီးက အဲဒီသပိတ်စခန်းမှာ ဘာတွေလုပ်ပေးခဲ့လို့ ထွက်ပြေးကြတာလဲ” ကျွန်မ အမေးကို
အစ်ကိုကြီးက “ငါက သတင်းစာ ရောင်းပေးတယ်လေ၊နင်မသိဘူးလား” ဟုအဖြေပေးသည်။
“ဒါဆို မ၀ါ ကြီးကရော”
“ငါက မနက် သူတို့ သွား ရောင်းမဲ့ သတင်းစာတွေကို မင်တုံးလိမ့်ပေးတာလေ”။
ကြီးမားသော သူတို့၏ တာဝန်များကို ပြောပြကြသည်။ထို့နောက် သပိတ်စခန်းမှ အဖြစ်အပျက်များ၊
ထွက်ပြေးတိမ်းရှောင်သွားသည့် ရွာတွင် သူတို့၏ ပျော်စရာ နေ့ရက်များကို ပြောပြကြသည်။
“ငါ ကတော့ ထမင်းထုပ် ဖြည်ရတာ စိတ်အ၀င်စားဆုံးပဲ၊ထမင်းထုပ် ပေးတဲ့ အိမ်တွေက တစ်နေ့ တစ်မျိုး မရိုးရအောင် စာတွေ ရေးထည့်ပေးကြတာ” မ၀ါကြီး၏ စကားကို ကျွန်မ စိတ်ဝင်စားသွားသည်။
“ထမင်းထုပ်ထဲ ဘာစာတွေ ရေးထည့် ပေးတာလဲ” ကျွန်မ၏ အမေးကို မ၀ါကြီးက
“ဒီမိုကရေစီ အောင်မြင်ပါစေ၊ငါးကြော် အရိုးထွင်စားပါ” ဆိုတာမျိုးတွေပေါ့”
“ဟင် ဘာဆိုင်လို့လဲ” ကျွန်မ၏ အမေးစကားကို အစ်ကိုကြီးက ၀င်ပြီး အဖြေပေးသည်။
“ဒီမိုကရေစီ မရခင် ကျောင်းသားတွေ တစ်ခုခု ဖြစ်သွားမှာ စိုးလို့ပေါ့ဟ”
“သြော်” တစ်လုံးသာ ကျွန်မ ရေရွတ်တတ်သည်။
ထိုအချိန်က နိုင်ငံရေးအသိ အများကြီးမရှိခဲ့သော်လည်း သူတို့ အဖမ်းမခံရသည်ကို ကျွန်မက ကြားကနေ အားမလို အားမရ ဖြစ်နေမိသည်။သူတို့ကို ဒုက်္ခရောက်စေချင်၍ မဟုတ်သော်လည်း အဖမ်းခံရမှ အရေးပါသည်ဟု ခံစားမိ ၍ဖြစ်သည်။
( ၃ )
ကျောင်းသားများ သွားရောက် တိမ်းရှောင်နေသော ဂိုထောင်ရွာသည် တောင်သူလယ်သမား အများစု နေထိုင်သော ရွာလေး ဖြစ်သည်။ရောက်စက ရွာသားများက ကြည်ဖြူစွာ ကျောင်းသားများအား ဖွက်ထားပေးကြသည်။နေစရာ၊စားစရာများ စီစဉ်ပေးကြသည်။လာရောက်တိမ်းရှောင်သည့် ကျောင်းသားဦးရေ အရေအတွက်ကလည်း များသည်။ထို့ပြင် အများစုက ကျွန်မ အစ်ကိုကြီးလိုပင် အိမ်မှာ လက်ကြောတင်းအောင် ဘာမှ မလုပ်ဘူးကြ။အရွယ်အကြီးဆုံး ကမှ ဒုတိယနှစ် ကျောင်းသား၊ကျောင်းသူများဖြစ်သည်။သူ့ထက်ငယ်သည့် ၇တန်း၊၈တန်း၊၉တန်း ကလေးများက အများစု ပါနေကြသည်။ကျွေးမွေးထားကြသည့် မိသားစုများအား အလိုက်တသိဖြင့် ကူလုပ်ပေးရကောင်းမှန်းလည်း မသိကြ။ထို့ပြင် ငယ်ရွယ်သူတို့ အချင်းချင်း အနေနီးစပ် ပြီး ချစ်သူများ ဖြစ်သွားကြသောအခါ ရွာ၏ ကောက်ရိုးပုံများနှင့်
စပါးနယ်သည့် တလင်းများက သူတို့၏ ချစ်ဗျူဟာ ခင်းစရာ နေရာများ ဖြစ်နေကြသည်။ကြာလာတော့ ရွာမှ
ငြိုငြင်လာကြသည်။သားသမီးချင်းလည်း ကိုယ်ချင်းစာမိသည့် ရပ်မိရပ်ဖ အချို့က မဖြစ်သင့်တာ မဖြစ်ရလေအောင် စဉ်းစားကာ မိဘများထံ လာရောက် အကြောင်းကြား ပေးကြခြင်းဖြစ်သည်။
အစ်ကိုကြီးနှင့် မ၀ါကြီးကတော့ သူတို့တွင် လုပ်စရာများ အများကြီးကျန်နေသေးသည်၊စီနီယာများ၏ ဆက်သွယ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်ဟု မကြာခဏပြောလေ့ရှိသည်။အဖမ်းခံရသော ကျောင်းသား ခေါင်းဆောင်တစ်ယောက်က အရေးအခင်းကာလတွင် အိမ်ထောင်ကျသည်။သူ အကျဉ်းကျနေစဉ် မိန်းမက မီးဖွားသည်။ထိုတာဝန်သည် တို့တာဝန်ဖြစ်သည် ဟုဆိုကာ အစ်ကိုကြီးနှင့် မ၀ါကြီးတို့က သွားရောက်လုပ်ကိုင်ပေးကြသည်။ အမြွှာကလေးနှစ်ယောက်၏ နံမည်ပေး ကင်ပွန်းတပ်ကိစ်္စ၊ရက်တစ်ရာပြည့်၊တစ်နှစ်ပြည့် မွေးနေ့တွေထိ သွားနေကြတုန်းဖြစ်သည်။အဲသည့်နောက်တော့ ကျောင်းများ ပြန်ဖွင့်သည်။မ၀ါကြီးက ဒုတိယနှစ်ကို ဒုတိယအကြိမ် ပြန်တက်၍ အစ်ကိုကြီးက ကိုးတန်း မဖြေတော့ဘဲ စက်မှုအထက်တန်းကျောင်း ဆက်တက်သည်။မိဘများကတော့ အနည်းငယ် စိတ်အေးသွားကြသည်။အရေးအခင်းပြီးဆုံးချိန်တွင် အဖမ်းအဆီး ခံရသူများသည် ကံမကောင်းကြ၍ ဖြစ်သည်။သပိတ်စခန်းတွင် အတူနေပြီး၊လုပ်ဆောင်ကြသည့် အလုပ်သည်လည်း အတူတူပင်ဖြစ်သည်။သို့သော်လည်း စာရင်းပေါက်သည့် လူအချို့သာ အဖမ်းခံရသည်။အစ်ကိုကြီးနှင့် သတင်းစာ အတူရောင်းသူနှစ်ဦး အဖမ်းခံရသည်။အစ်ကိုကြီး ပါမသွားသည့်အတွက် အမေက စိတ်သက်သာရာ ရနေသည်။
ဆယ်တန်းတွင် တစ်နှစ်ကျထားသည့် မ၀ါကြီး ကျောင်းပြီးချိန်တွင် အလုပ်လျှောက်သောအခါ အသက်က ၂၅နှစ်ကျော်နေ ပြီဖြစ်သည့်အတွက် တော်တော်နှင့်အလုပ်မရ။ကျောင်းဆရာမ အလုပ်ပင် နယ်စပ်မြို့ ပန်ဝါသို့ တာဝန်သွားရောက် ထမ်းဆောင်နိုင်မှ ရမည်ဖြစ်သည်။ဝန်ထမ်း မိသားစုမှ ပေါက်ဖွားလာသူများ ဖြစ်ကြသည့်အတွက် ၀န်ထမ်းအလုပ်သာ လုပ်တတ်ကြသည်။သူ့အောက် မောင်နှစ်ယောက် ကျောင်းဆက်တက်ရန် ကျန်နေသေး သည့်အတွက်
မနီလာနှင့် ညီအစ်မနှစ်ယောက် စွန့်စွန့်စားစား မငြိမ်းချမ်သေးသော နယ်မြေသို့ သွားကြသည်။ကြမ်းတမ်းသော ရာသီဥတု ဒဏ်နှင့် ဆိုးရွားသော လမ်းပန်းဆက်သွယ်ရေးကို စိတ်ပျက်ကြသော်လည်း လစာနှစ်ဆ ပေးထားခြင်းနှင့် နေထိုင်စရာ အလကားရနေခြင်းကြောင့် အလုပ်ဆက်လုပ်နေကြရသည်။ပြည်မသို့ ပြန်လည် ပြောင်းရွှေ့လိုသော်လည်း သူတို့ ခန့်ထားစဉ်ကပင် အစိုးရခန့်မဟုတ်ခဲ့၊ဒေသခံ နယ်မြေမှ ငြိမ်းချမ်းရေးအဖွဲ့က လစာပေးထားကြခြင်းဖြစ်သည်။အစိမ်းသက်သက်နယ်မြေတွင် ခဏတာသာ တာဝန်ထမ်းမည်ဟု ဆုံးဖြတ်ထားသည့် ညီအစ်မနှစ်ယောက် ယခုဆိုလျှင် ဆယ့်ခြောက်နှစ်ပင် ပြည့်ခဲ့ကြပြီ။ထိုဒေသတွင်ပင် အိမ်ထောင်ကျ၍ သားသမီးများနှင့် အခြေကျနေကြသည်။
နှစ်နှစ် တစ်ခါ ဇာတိမြို့လေးသို့ ပြန်လာကြသည်။ “အဆင်ပြေလား”ဟု ကျွန်မက မေးတိုင်း
“ပြေအောင် နေ နေရတာပေါ့ဟယ်”ဟု ဖြေလေ့ရှိကြသည်။မရှိ မရှား သာမန် လူတန်းစားများသာ။
( ၄ )
အစ်ကိုကြီးကတော့ စက်မှုအထက်ကျောင်း ပြီးသည်နှင့် မိန်းမရသည်။အစိုးရအရာရှိ အဖေ့လက်အောက်တွင် ပင် အလုပ်ဝင်သည်။အတန်းပညာက စက်မှုအထက်ကျောင်းသာ အောင်ထားသဖြင့် ဘီအီး၊အေဂျီတီအိုင်တို့နှင့် ယှဉ်လိုက်သော် ရာထူးတက်ဖို့ တော်တော်ဝေးသည်။ထိုအခါ သူဝါသနာပါရာ ယာဉ်မောင်းရာထူးသို့ တစ်ဆင့်နိမ့် ပြောင်းရွှေ့ပစ်လိုက်သည်။ယာဉ်မောင်းရာထူးက ဂရိတ်ဝမ်း၊ဂရိတ်တူး ရာထူးတို့ယှဉ်သော် နိမ့်သည် မှန်သော်လည်း ဘ၀နေထိုင်မှုအတွက် အနည်းငယ် အဆင်ပြေသည်။ထို့နောက် အစိုးရ ယဉ်မောင်းထက် စာလျှင် ကုမ်္ပဏီ ယဉ်မောင်းက လစာ ပိုကောင်းသည်ဟု ဆိုကာ အလုပ်ထွက်ပစ်လိုက်ပြန်သည်။ထို့နောက် .............ထို့နောက် ပေါင်းများစွာ ရေကြည်ရာ မြက်နုရာရှာရင်း ယခုတော့လည်း အဝေးပြေးကားကြီးများ မောင်းနေပြန်သည်။အစ်ကိုကြီးကိုတော့ ကျွန်မက “အဆင်ပြေလား”ဟု မေးနေစရာမလို၊ သူ့ဘ၀ဖြတ်သန်းမှုကို မြင်နေရသည်။သူသည်လည်း မ၀ါကြီးတို့လို၊မြန်မာပြည်မှ လူများစုလို မရှိမရှား ဘ၀များ။
တစ်နှစ်က နွေကျောင်းပိတ်ရက် မ၀ါကြီးတို့၊မနီလာတို့ မိသားစု ပြည်မဘက် အလည်ပြန်လာကြသည်။ငယ်စဉ်ကတည်းက မောင်နှမတွေလို နေလာကြသဖြင့် ကျွန်မနှင့် အစ်ကိုကြီးလည်း ပျော်သည်။ကျွန်မ အိမ်တွင် တည်းခိုကြပြီး အစ်ကိုကြီးကပါ ထိုရက်များအတွင်း ကျွန်မအိမ်တွင်လာနေသည်။ပြောစရာ စကားများ မကုန်နိုင်ကြ။သက်ဆိုင်ရာ အိမ်ထောင်ဘက်များကို မေ့လျော့ထားကြပြီး ငယ်ဘ၀သို့ ပြန်ရောက်သွားကြသည်။ညည့်နက်သန်းခေါင်ထိ ပြော မပြီးကြ။မ၀ါကြီးတို့က တောင်ပေါ်မြို့လေး၏ နိုင်ငံရေး၊လူမှုရေး အခြေအနေ၊သူတို့၏ ကျူရှင် စီးပွားရေးများ။
ကျွန်မနှင့် အစ်ကိုကြီးကလည်း မြို့ပြ၏ရုန်းကန်လှုပ်ရှားရမှုများ၊မွမ်းကျပ်မှုများ။လိုက်မမီနိုင်တော့သည့် အပြောင်းအလဲများ စသည် ..............စသည်။ထိုမှ တစ်ဆင့် ငယ်ဘ၀က အရေးအခင်းကာလ များဆီရောက်လို့သွားကြသည်။အစ်ကိုကြီးနှင့်
မ၀ါကြီးတို့၏ စွန့်စားခန်းများကို ပြန်ပြောကြရင်း ရယ်မောကြရသည်။
မ၀ါကြီးက “မပြောပါနဲ့တော့ဟယ် အခုတွေးမိမှ ရှက်လိုက်တာ ဖမ်းမဲ့သူ မရှိဘဲနဲ့များ ငါတို့မှာ ထွက်ပြေး လိုက်ရတာ၊ကိုယ့်ကို ကိုယ် တစ်ကယ့်အရေးပါတဲ့သူလို့ ထင်နေတာ”။
အစ်ကိုကြီးကလည်း
“အဲဒီလိုတော့ ပြောလို့မရပါဘူး မကြီးရယ်၊အဲဒီအချိန်တုန်းကတော့ ငါတို့အသက်အရွယ်နဲ့ဆိုရင် တစ်ကယ် အရေးပါခဲ့တာပါ။ကံကောင်းလို့ အဖမ်းမခံရတာပဲ ကျေးဇူးတင်ရမယ်၊အခုတော့လည်း နိုင်ငံရေးဆိုတာ ကိုယ်နဲ့ မပတ်သက်သလိုတောင် ဖြစ်နေပါပြီ။ စစ်မှန်တဲ့ ဒီမိုကရေစီ ဘယ်တော့ရမလဲဆိုတာထက် ငါ့သား ဆယ်တန်းဘော်ဒါ စရိတ် ဘယ်တော့ အပြည့်သွင်းရမလဲ ဆိုတာကို ပိုစိတ်ဝင်စားနေမိတယ်”။
“အေး ဟုတ်တယ်နော် မောင်မောင်သန်း၊နင်နဲ့ငါ အဲဒီတုန်းကသာ အဖမ်းခံခဲ့ရရင် ငါလည်း သူတို့အဖေနဲ့တွေ့မှာမဟုတ်ဘူး၊ချစ်စရာ ပြောမကောင်းတဲ့ ဒီသားလည်း ထွက်လာမှာ မဟုတ်ဘူး။”
မ၀ါကြီးက သူ့သားငယ်လေးကို ချစ်ခင်စွာပွေ့ဖက်ရင်း ပြောနေသည်။သူတို့နှစ်ယောက် အပြန်အလှန်ပြောနေကြသည့် စကားဝိုင်းထဲမှ ကျွန်မ စိတ်တို့က ထွက်ခွာ၍ အတိတ်ဆီသို့ ပြန်ရောက်သွားသည်။ကျွန်မ အတွေးများကတော့ သူတို့နှင့်ပြောင်းပြန်။သူတို့ ကံမကောင်း၍ အဖမ်းမခံရခြင်းဖြစ်သည်။စိတ်ကူးဖြင့် သူတို့နှစ်ယောက်ကို ကျွန်မ ထောင်ထဲ ပို့ကြည့်နေမိသည်။ပြန်ထွက်လာမည့် သူတို့ဘ၀များက ယခုလက်ရှိ ဘ၀များနှင့် မည်သို့ ကွာခြားသွားနိုင်သနည်း။
အလို...... ဘုရားရေ မတွေးကောင်း တွေးကောင်း ကျွန်မ ဘာတွေ တွေးနေမိပါလိမ့်။
Subscribe to:
Posts (Atom)