468x60

အစာနဲ့ အဆာ

Friday, May 30, 2014
                     အထင်ကရ ကုမ္ပဏီတစ်ခုရဲ့ ဂျီအမ် ရာထူးတာဝန်ယူထားရတဲ့ ကျွန်တော် တစ်ယောက် များပြားလွန်းတဲ့ အလုပ်တာဝန်တွေကို အကြောင်းပြလို့ ဆွေမျိုးတစ်စုနဲ့ မွေးရပ်မြေကို ပစ်ထားမိတာ နှစ်အတော်ကို ကြာခဲ့ပါပြီ။မရောက်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေ နယ်မြို့လေးကတော့ ကျွန်တော့်ကို တစိမ်းဆန်ဆန် မကြိုဆိုခဲ့ပါဘူး။ကျွန်တော် လူငယ်ဘ၀က တစ်မေ့တစ်မော ထိုင်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင် လေးက သူ့တစ်ဆိုင်တည်း မင်းမူလို့ မရတော့ တာ ကို ကြည့်ခြင်းအားဖြင့် ဒီမြို့လေးကို ဖွံ့ဖြိုးတိုးတက်လာပြီလို့ ဆိုရပါမယ်။ဒီမြို့လေးရဲ့ မြို့လယ် ခေါင်လို့ဆိုရမယ့် လမ်းမကျယ်တစ်ခုရဲ့ ထိပ်ဆုံးမှာ တည်ရှိနေတဲ့ လက်ဖက်ရည်ဆိုင်ကတော့ ကျွန်တော် ငယ်ငယ်တုန်းကလိုပဲ စည်ကားနေဆဲပါ။
            မြို့ခံလူတွေက ကျွန်တော်တို့လို မြို့ကြီးပြန်တွေ အလည်လာတိုင်း ပထမဦးဆုံး လိုက်ပို့ ဖြစ်ကြတာက လက်ဖက်ရည်ဆိုင်လေးကိုပါ။မြို့တိုင်းရဲ့ မနက်ခင်းမြင်ကွင်း တွေက အလွမ်းတစ်ခုခု ပုံဆောင်တတ်ကြပေမယ့်  ဒီမြို့လေးရဲ့မနက်ခင်းတိုင်းမှာ ဘာအလွမ်းဓာတ်ကိုမှ ရှာမရတာက ထူးခြားချက်လို့ ဆိုရပါမယ်။ဘယ်တုန်းကမှ အလွမ်းဓာတ်မရှိခဲ့ဖူးတဲ့ ဒီမြို့လေးရဲ့ မနက်ခင်းတစ်ခု ကတော့ အလွမ်းဓာတ်တွေနဲ့ ပြည့်လို့သွားခဲ့ပါတယ်။စုတ်ပြဲရာ ဗလပွတွေနဲ့  အပေါ်ရုံ အင်္ကျီကို ၀တ်ဆင်ထားပြီး ခြေထောက်တွေကတော့ လမ်းလျှောက်လိုက်တိုင်း ဒရွတ်သီထိုးဖြစ်လို့နေပြီး ပါးစောင်တစ်ဖက်က သားရည်တွေ တမြားမြား စီးကျနေတဲ့ လူတစ်ယောက်က လူကုံထံရုပ် ပေါက်နေတဲ့ ကျွန်တော့်ကို “မောင်မောင် မင်းဟုတ်ပါတယ်နော်”ဆိုပြီး ပြေးဖက်လိုက်တဲ့အခါ၊ ကျွန်တော်ကလည်း “ကိုဗမိုးကြီး”ဆိုပြီး ပြန်ပွေ့လိုက်မိပါတယ်။
        “မောင်မောင် ညီလေး မင်းကို ကိုကို လွမ်းနေတာလို့”ဆိုပြီး ငယ်စဉ်က အသုံးအနှုန်းအတိုင်း ကျွန်တော့်ကို ခေါ်လို့ ကျွန်တော့်ရဲ့ မျက်နှာ အနှံ့အပြားကို နမ်းလို့ နေတော့တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ကြတဲ့ နယ်မြို့ရဲ့ လူအပေါင်းကတော့ ပါးစပ်အဟောင်းသားနဲ့ ကြက်သေတောင် သေနေကြလေရဲ့။ကြက်သေ သေနေကြတဲ့ လူတွေက ကျွန်တော်နဲ့ကိုဗမိုးရဲ့ ငယ်ဘ၀ကို မတွေ့ဘူးခဲ့ကြလို့ပါ။ကိုဗမိုးကို ဖက်ထားရင်းက ကျွန်တော့်ရဲ့ အတွေးတွေက ကြေကွဲစရာ ကျွန်တော်နဲ့ ကိုဗမိုးရဲ့ ငယ်ဘ၀ဇာတ်လမ်းကို ပြန်ပြောင်း မြင်ယောင်လို့ နေပါတော့တယ်။
        ကျွန်တော့်ရဲ့ အရွယ်ရောက် ကြီးပြင်းခဲ့တဲ့ နောက်ပိုင်းဘ၀တွေမှာ ဘယ်လောက် ၀မ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းကိုတွေ့တွေ့ ကျွန်တော့် ရင်ကို ၀မ်းပမ်းတနည်း ဖြစ်သည်ထိ လာပြီး မထိမှန်တော့ပါဘူး။ထို့အတူပါပဲ ကျွန်တော်နဲ့ ကိုဗမိုးရဲ့ ဇာတ်လမ်းလေးကို ပြန်တွေးရင်ပဲဖြစ်ဖြစ်၊တစ်ယောက်ယောက်ကို ပြန်ပြောပြမိရင်ဖြစ်ဖြစ် မျက်ရည်ပြန်ကျမိသည်ထိ ၀မ်းနည်း နေတတ်တုန်းပါ။ကျွန်တော့် အမေနဲ့နွယ်တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် တစ်ယောက်ယောက်ကို ဆိုတာထက် ကျွန်တော့်ရဲ့ တစ်ယောက်သောသူကိုသာ ပြောပြခဲ့ဖူးတာပါ။ကိုဗမိုးရဲ့ မွေးရာပါ အားနည်းချက်ကြောင့် ခန်္ဓာကိုယ် ဖွဲ့စည်းပုံက လူ သာမန်များနဲ့မတူ  
   ခြေတစ်လှမ်းရွေ့ဖို့ကို ခက်ရာခက်ဆစ် ကြိုးစား ပြီးလှမ်းရပါတယ်။စကားပြောလိုက်တိုင်း ရွဲ့စောင်းနေတဲ့ ပါးစောင် နှစ်ဖက်က သားရည်တွေစီးကျ လာပြီး ထွက်လာတဲ့ သူ့စကားသံတွေကလည်း တစ်ဖက်လူ နားလည်ဖို့ မလွယ်လှပါဘူး။
       တစ်ကယ်တော့ ကိုဗမိုးနဲ့ ကျွန်တော်က ညီအစ်ကို နှစ်ဝမ်းကွဲတော်ပါတယ်။ကိုဗမိုးရဲ့အမေက ကျွန်တော့် အဖေ့ရဲ့ အစ်မ၀မ်းကွဲပါ။ကျွန်တော်တို့ ညီအစ်ကို တွေက ကြီးကြီးလို့ခေါ်ပြီး အမေကတော့ ယောင်းမကြီးလို့ ဆိုပြီး ချစ်ခင်ခဲ့သူပါ။ကြီးကြီးက အသက် ဆယ့်ခြောက်နှစ် အရွယ်မှာ သူ့ထက် အသက်နှစ်ဆယ်ကျော်ကြီးတဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီး တစ်ယောက် နဲ့ ပေးစားခံခဲ့ရသူပါ။အချစ်ဆိုတာတောင် ဘာမှန်းအသိတဲ့အရွယ်မှာ မိဘများရဲ့ အလိုကြောင့် မြန်မာစကား တစ်လုံးမှ မပြောတတ်တဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီးယူခဲ့ရတာပါ။             
           မိဘနဲ့ဆွေမျိုးတစ်စုကတော့ ၀တ်ကျေ တမ်းကျေ ဒီစစ်ဗိုလ်ကြီးနဲ့ မင်္ဂလာဆောင်ချင် လားလို့ မေးခဲ့တယ်တဲ့။ကြီးကြီးကိုယ်တိုင် ကလည်း ၀တ်ကောင်းစားလှတွေ  ၀တ်ရပြီး သူတစ်ခါမှ မစားဖူးတဲ့ မုန့်တွေစားရတော့ မင်္ဂလာဆောင်တာ ပျော်စရာလို့ ထင်ပြီး ဆောင်ချင်တယ်လို့ ပြောခဲ့တာတဲ့။ကျွန်တော့်အစ်ကိုတွေ အရွယ်ရောက်တော့ ကြီးကြီးက သူ့ရဲ့မင်္ဂလာဦးည ငရဲခန်းကို ဟာသနှောပြီး ပြောလေ့ရှိပေမယ့် ပြောပြတိုင်း မျက်ရည်တွေကျနေတတ်ပါတယ်။ကျွန်တော်  အဲဒီအချိန်တုန်းက ငယ်သေးလို့ သိပ်မနားလည်ပေမယ့် ကြီးကြီး သူ့အိမ်ထောင်မှာ မပျော်ရွှင်ဘူးလို့ ခံစားခဲ့ရပါတယ်။ကျွန်တော်တို့က ကြီးကြီး ယောက်ျားကို ပါပါကြီး လို့ ခေါ်ကြတယ်။ကျွန်တော် မှတ်မိတဲ့ အရွယ်ရောက်တော့ ပါပါကြီးက ဗမာစကားကို နည်းနည်းပါးပါး ပြောတတ်နေပြီ။
        ပါပါကြီးက သဘောကောင်းပြီး စီးပွားရှာလည်း တော်တယ်၊ပြီးတော့ ကြီးကြီးတို့ တစ်ဆွေမျိုးလုံးကို ကြည့်ရှုထားတာဆိုတော့ အမျိုးတွေအားလုံးက  ပါပါကြီးကို ချစ်ကြတယ်။ကိုဗမိုးကို မွေးပြီးတော့ ကြီးကြီးနဲ့သူ့ယောက်ျားကွဲသွားကြတယ်။ပါပါကြီး တို့ရဲ့ စီးပွားလည်း ပျက်သွားတယ် ထင်တယ်။ဘာလို့ကွဲသွားတာလည်း ဆိုတာ ကျွန်တော် မသိပေမယ့် အဖေက သူ့အမကို အိမ်အလာ မခံတော့ဘဲ ယောက်ဖနဲ့သူ့တူကိုတော့ အိမ်ပေါ်ခေါ်တင်ထား လိုက်တယ်။အမေက ကြီးကြီးကိုချစ်တဲ့သူဆိုတော့ ပါပါကြီးနဲ့ကိုဗမိုးကို အိမ်ခေါ်ထားတာ သိပ်ကြည်ဖြူတဲ့ ပုံမပေါ်ဘူး။တစ်ချိန်က အစောင့်အရှောက်ခံ ဆွေမျိုးတွေ အားလုံးကလည်း ကြီးကြီးကို စကားမပြောတော့သလို ပါပါကြီး တို့သားအဖကိုလည်း ပြန်စောင့်ရှောက်တာမျိုး လုပ်မပေးကြပါဘူး။ပါပါကြီး က အိမ်မှာနေပြီး အင်္ဂလိပ်စာ ကျုရှင် လိုက်ပြတဲ့အလုပ်ကို လုပ်တယ်။
           ကြီးကြီးကို အိမ်ဝင်ထွက်စေချင်တဲ့ အမေက အဖေ့ကို ဖျောင်းဖြတိုင်း “ဒီအချိန်ကျမှ အချစ်စစ် တွေ့စရာလားလို့” မကျေမနပ်ပြောတာကို ကြားရလေ့ရှိတယ်။ကိုဗမိုးရဲ့ ဥာဏ်ရည်က ကျောင်းထားလို့လည်း မရတာမို့ အိမ်မှာပဲ ပါပါကြီးနဲ့ အဖေက စာသင်ပေးကြတယ်။အဖေနဲ့ပါပါကြီး အိမ်မှာ ရှိချိန်ကလည်း ညဘက်မှ ဆိုတော့ ကိုဗမိုးရဲ့ တစ်နေ့တာ အချိန်တွေက အမေ့ရဲ့ ဗာဟီရ အလုပ်တွေ ခိုင်းတာခံရတော့တာပဲ။ကိုဗမိုးက လူကသာ မသန်စွမ်းတာ အကောင်က အကြီးကြီးပဲ။ထမင်းကို အရမ်းကြိုက်ပြီး အများကြီးလည်း စားနိုင်တယ်။  သရေစာတွေကို သူဘယ်တော့မှ စားလေ့မရှိဘူး။ဒါပေမယ့် သူ့မှာ ပိုက်ဆံရလာရင် ကျွန်တော့်ကိုလက်ဆွဲပြီး မုန့်လိုက်ကျွေး တတ်တယ်။
        ကိုဗမိုးက ထမင်း အများကြီးစားနိုင်ပေမယ့် သူ့ရဲ့ ၀မ်းကိုတော့ သူမထိန်းနိုင်ဘူး။ညအိပ်ယာထဲမှာ နောက်ဖေးတွေ ပါချတတ်တယ်။အဲဒီလိုဆို အမေက အရမ်းစိတ်ဆိုးပြီး သူ့ကိုရိုက်တတ်တယ်။ကိုဗမိုးကအမေ့ထက် အသက် နှစ်နှစ်လောက်ကြီးတယ်။ဒါပေမယ့် အမေ့ကို မမ လို့ခေါ်တယ်။အဲဒီလို အရိုက်ခံရရင် နောက်မလုပ်တော့ဘူ မမရဲ့ဆိုပြီး ကလေးတစ်ယောက်လို ငိုတယ်။ဒါပေမယ့် နောက်ညတွေကျရင် အိပ်ယာထဲမှာ နောက်ဖေး ပါချပြန်ပါလေရော။နောက်ကျတော့ အမေက သူ့ကို ညနေဘက်တွေမှာ ထမင်းလျှော့ ကျွေးတယ်။အဲဒီအခါကျတော့ နှစ်ညခြား တစ်ခါလောက်ပဲ  အိပ်ယာထဲမှာ နောက်ဖေး သွားတော့တယ်။အမေက သူရဲ့ နည်းဗျူဟာ အောင်မြင်တာကြောင့် ကိုဗမိုးကို နေ့လည်စာတွေ လျှော့ကျွေးလာတော့တယ်။ကိုဗမိုး ထမင်းမ၀တော့ဘူးပေါ့။
          တစ်နေ့ကျတော့ မီးဖိုထဲမှာ ကိုဗမိုးတစ်ယောက် တစ်ခုခုကို ခိုးချောင်ခိုးဝှက် လုပ်နေသလိုမျိုး တွေ့ရလို့ ကျွန်တော် ကိုဗမိုးနားကို ရောက်သွားတယ်။မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော်ရင်ဆို့သွားရတယ်။ကျွန်တော်တို့ အိမ်မှာ ခွေးလေးကောင် မွေးထားတယ်။အမေက ခွေးစာကို ဆန်ကွဲနဲ့အမဲရိုးတို့အရွတ်တို့ကို ရောပြီးပြုတ်ကျွေးတယ်။ခွေးစာကျွေးတဲ့ တာဝန်ကို ကိုဗမိုးက ယူရတယ်။ကိုဗမိုးရယ် အဲဒီ ခွေးစာတွေကို နှိုက်စားနေတာ ကိုး။ကျွန်တော့်ကိုတွေ့တော့ “ညီလေး  မမကို ပြန်မတိုင်နဲ့နော်၊ကိုကို ထမင်းမ၀လို့ပါ”တဲ့။ခွေးစာတွေ နှိုက်စားတာကို ကျွန်တော်မကြိုက်ပေမယ့် အမေ့ကို ပြန်တိုင်မပြောပါဘူး။
          ကျွန်တော် ပြန်မတိုင်ပေမယ့် နောက်တစ်ပတ်လောက်ကြာတော့ အစ်ကို နှစ်ယောက်က တွေ့သွားပြီး အမေ့ကို တိုင်ပြောလိုက်ကြတယ်။ကိုဗမိုး အရိုက်ခံရပြန်ရော။ကိုဗမိုး အရိုက်ခံရတိုင်း ကျွန်တော် လိုက်ငိုမိတယ်။အမေ ရိုက်ပုံက ကျွဲရိုက် နွားရိုက် လို့ပြောရမယ်။ကိုဗမိုးရဲ့ ခေါင်းတွေ၊ပခုံးတွေကို ရိုက်တာ။လက်နဲ့ခံပြီး ကာကွယ်ရင်လည်း လက်ဖျံကို ရိုက်တာပဲ။အ၀တ်လျှော်တဲ့ တုတ်နဲ့ရိုက်တာ။ကိုဗမိုး တစ်ခါ အရိုက်ခံရပြီးတိုင်း အနည်းဆုံး လက်ဖျံကွဲပြီး ခေါင်းပေါက်တော့တာပဲ။ပြီးရင်တော့ အမေက အဲဒီဒဏ်ရာတွေကို ဆေးထည့်ပေးတတ်တယ်။ပါပါကြီး ပြန်လာလို့ သူ့သားဒဏ်ရာတွေကို တွေ့လည်း အမေ့ကို အပြစ်ပြောလေ့မရှိဘူး။ကိုဗမိုးကလည်း ဘယ်တော့မှ ပါပါကြီးကို ပြန်တိုင်လေ့  မရှိဘူး။
        အမေက စည်းစနစ်တော့ ရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့ကို အပြစ်ပေး ဆုံးမပြီ ဆိုရင်တော့ ကျွန်တော်တို့ ညီအစ်ကိုတွေကိုလည်း အဲဒီလိုပုံစံအတိုင်း ရိုက်တာပဲ။ကျွန်တော်တို့ကို ရိုက်ရင်တော့ ကျောကုန်းနဲ့ တင်ပါးတွေကို ရွေးပြီးရိုက်လေ့ရှိတယ်။ကျွန်တော်တို့ ကြီးလာမှ အမေပြောပြတာတော့ ကျောကုန်းနဲ့တင်ပါးတွေကို ရိုက်ပေးရင် အာရုံခံ နဗ့်ကြောတွေ ပွင့်ပြီး ဥာဏ်ကောင်းတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးလို့ ရိုက်ပေးတာပါတဲ့။ဘယ် စာရေးဆရာ ကများ  ရှာရှာပေါက်ပေါက် ရေးလိုက်တယ် မသိပါဘူး။အဲဒီလို စာတွေ ဖတ်တာထက် စာရင် စာ မဖတ်တာကမှ တော်သေးတယ်လို့တောင် ကျွန်တော် တွေးမိတယ်။
           ကျွန်တော်တို့ အိမ်မှာ ဘဲတွေ မွေးထားတယ်။ဘဲစာကျွေးတာနဲ့ ဘဲဥ ကောက်တဲ့
        အလုပ်ကို ကျွန်တော်နဲ့ ကိုဗမိုးက လုပ်တယ်။အမေက ကိုဗမိုးကိုပဲ ခိုင်းတာပါ။ကျွန်တော်က ကိုဗမိုးနားကပ်နေတော့ သူ့အလုပ်တွေကို ကူလုပ်ပေးမိတာပေါ့။ကျွန်တော် မမြင်ချင်ဆုံးနဲ့ စိတ်အညစ်ဆုံး မြင်ကွင်းကတော့ ကိုဗမိုး ထင်းခွဲတဲ့အချိန်ပဲ။ထင်းခွဲတဲ့ ဓားနဲ့ ထင်းချောင်းကို ထိဖို့ အားထုတ်ရတာကိုက သူ့အတွက် တော်တော် ပင်ပန်းတယ်။ဒါပေမယ့် ကိုဗမိုးကတော့ ခွဲဖို့ သတ်မှတ်ပေးထားတဲ့ ထင်းပုံကို သူ့တာဝန်ကျေအောင် ခွဲပေးနိုင်ပါတယ်။ကျွန်တော်တို့နေတဲ့ နယ်မြို့လေးမှာ အိမ်အတွက် ဟင်းစား အလွယ်တကူ မရတဲ့အခါ အိမ်က ဘဲတွေကိုပဲ ဟင်းလုပ်လိုက်ရတာရှိတယ်။အရင်တုန်းကတော့ အမေက အနောက်ခြံထဲက ကရင်အဖိုးကြီးကို ခိုင်းတတ်တယ်။သူ့ကိုလည်း ဟင်းစားအတွက် ခွဲပေးရတာပေါ့။
           အခု ကိုဗမိုး အိမ်မှာရှိနေပြီဆိုတော့ အမေက ကိုဗမိုးကို “ဗမိုး အဲဒီဘဲကို ဟင်းစား လုပ်လိုက်” ဆိုပြီး ခိုင်းတော့တယ်။ကိုဗမိုး အိမ်ရောက် ကတည်းက ဘဲသားကို ၀ယ်ပြီးပဲ ချက် စားဖူးသေးတယ်။အဲဒီတော့ ကိုဗမိုးက ကရင်အဖိုးကြီး လုပ်တာကိုလည်း တွေ့ဖူးထားတာ မဟုတ်ဘူး။အမေ လက်ညိုးထိုးပြတဲ့ ဘဲကို လိုက်ဖမ်းပြီး သူ့လက်ထဲမှာ မိတော့ ဘာဆက်လုပ်ရမှန်း မသိဘူးဖြစ်နေတယ်။ကျွန်တော်ကလည်း ကိုးနှစ်သား အရွယ်လောက်ပဲ ရှိသေးတယ်။သူဘာဆက် လုပ်မလဲဆိုတာကို ဘေးနားကထိုင်ကြည့်နေမိတယ်။ဘဲခြေထောက် နှစ်ဖက်ကို သူ့ရဲ့ မညီမညာ ဖြစ်နေတဲ့ ခြေထောက်နှစ်ချောင်း ကြားကို ညှပ်လိုက်တယ်။အဲဒီတော့ ဘဲရဲ့ အတောင်ပံတွေ က တဖျပ်ဖျပ်နဲ့ သူ့မျက်နှာကို ရိုက်မိနေတယ်။သူ့ လက်တစ်ဖက်က ဓားကို ကိုင်ထားပြီး ကျန်တစ်ဖက်က ဘဲ အတောင်ပံတွေကို လိုက်ထိန်းဖို့ ကြိုးစားနေတယ်။သူကိုင်ထားတဲ့ ဓားက မီးဖိုထဲမှာ အမေ မီးသွေးသုံးတဲ့အခါ၊ထင်းရူးဆီတွေ စိတ်တဲ့အခါမှာ သုံးတဲ့ အနားတွန့် ဓားတုံးကြီး။
          အဲဒီ ဓားတုံးကြီးနဲ့ ဘဲရဲ့ လည်ပင်းကို ကြိတ်လှီးနေတယ်။ဘဲက သူ့လက်ထဲက အတင်းရုန်တော့ သူ့ခြေနှစ်ချောင်းကြားမှာ ညှပ်ထားတဲ့ ဘဲခြေထောက်တွေက လွတ်ထွက်ကုန်ပြီး သူ့မျက်နှာကို အတောင်တွေနဲ့ တက်ရိုက်မိပြန်ရော။တစ်ခါ ဘဲကို ပြန်ဖမ်းချုပ်ပြီး ဓားတုံးကြီး နဲ့ ဘဲလည်ပင်းကို လှီးပြန်ရော။အဲဒီလိုနဲ့ နောက်ဆုံးတစ်ခေါက်လည်းကျရော သူ အတင်း ကြိတ်လှီးလိုက်တာ ဘဲလည်ပင်း ပြတ်ထွက်သွားပြီး သွေးတွေက ပန်းထွက်လာပြီး သူ့မျက်နှာနဲ့ လည်ပင်းတွေကို စင်ကုန်ရော။ဘဲက ချက်ချင်း အသက်မသေ သေးဘဲ ဆန့်ငင် ဆန့်ငင်နဲ့ မြေပြင်မှာ တစ်ပတ်လျှောက်ပြေးပြီးမှ ကိုဗမိုး ခြေဖမိုးပေါ် ပြုတ်ကျ ငြိမ်သွားတော့တယ်။အဲဒီတော့မှ ကျွန်တော် ကိုဗမိုး မျက်နှာကို ကြည့်လိုက်မိတယ်။တော်တော့်ကို ပင်ပန်းပြီး စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ။
          အဲဒီ ဘဲ စီရင်တဲ့ မြင်ကွင်းက ကျွန်တော်နဲ့ ကိုဗမိုး နှစ်ယောက်ပဲ မြင်ရတာ။ပြီးတော့ ကိုဗမိုးက အမေ့ကို ဘဲသေ သွားပေးပြီး ရေတွင်းမှာ အကြာကြီးပဲ ငိုင်နေတယ်။ကျွန်တော် နောက်ထပ် မမြင်ချင်တဲ့ မြင်ကွင်းတစ်ခုရှိသေးတယ် ကိုဗမိုး ရေတွင်းက ရေငင်နေတဲ့အချိန်ပဲ အငြိမ်ရပ်လို့မရတဲ့ သူ့ခန်္ဓာကိုယ်ရဲ့ လှုပ်ရှားဟန်ကို ထိန်းနေရတော့ ရေပုံးအပေါ်ရောက်လာရင် ရေက တစ်ဝက်တောင် မပါချင်တော့ဘူး။အဲဒီနေ့ကတော့ ကိုဗမိုးရယ် ရေတွေ အကြာကြီးငင်ပြီး သူ့ခေါင်းပေါ်ကနေ လောင်းချနေတယ်။ကျွန်တော့်ကိုလည်း ရေချိုးပေးတယ်။
       ထမင်းစားချိန် အမေလှမ်းခေါ်မှ ရပ်တော့တယ်။အဲဒီနေ့က အိမ်မှာ အမေက ဘဲသားဟင်းနဲ့အတူ နောက်ထပ် အရံဟင်းက မရမ်းသီးထောင်းတယ်။တခြားနေ့တွေလို အရည်သောက်ဟင်းတို့ အရွက်ကြော်တို့ မပါဘူး။ကိုဗမိုး ပန်းကန်ထဲကို မရမ်းသီးထောင်း ပုံပေးပြီး ဘဲသားဟင်းထည့်ပေးမယ်လည်း လုပ်ရော ကိုဗမိုးက ပန်းကန်ကို နောက်ဆုတ် လိုက်ပြီး အကြောက်အကန်ငြင်းနေတော့တာပဲ။အမေက “ဘာဖြစ်တာလဲ စားရမယ်လာ ပန်းကန်ပေး”လို့လည်း ဆိုရော “ မမ မမ ကျွန်တော် မစားဘူးလို့”သူ့လေသံ အတိုင်း အထစ်ထစ် အငေါ့ငေါ့နဲ့ အော်တော့တာပဲ။ကိုဗမိုးလည်း မယူရော အမေက ကျွန်တော့်ပန်းကန်ထဲကိုလည်း ဘဲသားဟင်းထည့်ပေးဖို့ လုပ်တယ်။ကျွန်တော်ကလည်း အမေ့ကို  ဘဲသားဟင်း မစားချင်ဘူးလို့ ငြင်းလိုက်မိတယ်။
          အဲဒီတော့ အမေက “နင်ကရော ဘာကိစ်္စ ဘဲသားဟင်း မစားချင်ရတာလဲ”လို့ဆိုပြီး  စိတ်ဆိုးတော့တာပဲ။ကိုဗမိုး မစားလို့ ကျွန်တော် လိုက်မစားမှန်းသိတော့ အမေက ကိုဗမိုးကို ဘဲသားဟင်း မစားရင် ထမင်းလည်း မကျွေးဘူးလို့ လုပ်တော့တာပဲ။အမေက အဲဒီလို လုပ်တော့ ထမင်း အရမ်းကြိုက်တဲ့ ကိုဗမိုးက ထူးဆန်းစွာပဲ ထမင်းပန်းကန်ကို အမေ့ ပြန်ပေးလိုက်တယ်။အမေက အရမ်းစိတ်ဆိုးသွားပြီး ကျွန်တော်တို့နှစ်ယောက်စလုံးကို နေ့လည်စာ ထမင်းမကျွေးတော့ဘူး။ညနေရောက်တော့လည်း ဘဲသားဟင်းမစားဘဲ နေတဲ့ ကိုဗမိုးကြောင့် ကျွန်တော်လည်း ရောပြီး ထမင်းတစ်နပ် ငတ်ပြန်ရော။
          ကျွန်တော်က ကလေးဆိုတော့ ထမင်းစားချင်နေပြီ။ကိုဗမိုး မစားလို့သာ လိုက်မစားဘဲနေ နေတာ။အမေကလည်း နေနိုင်တယ် ကျွန်တော့်ကို အတင်း မကျွေးဘူး။ကိုဗမိုး မဆာ ဘူးလားလို့ ကျွန်တော်က မေးတော့ သူ့အသံ ထစ်ငေါ့ ငေါ့နဲ့ “ညီ ညီလေး ဆာ ဆာ တာပေါ့။ထမင်း ဆာတာပေါ့ ဒါ  ဒါ ပေမယ့် အဲ အဲ့ ဒီ အစာကို မဆာ ဘူး”တဲ့။အဲဒီအချိန်တုန်းက သူ ဘာဆိုလိုမှန်း ကျွန်တော် သဘော မပေါက် မိခဲ့ပါဘူး။
      နောက်တစ်နေ့ မနက်ရောက်တော့ ကိုဗမိုးက အိမ်နီးချင်းအိမ်တွေကို ရေလိုက်ထည့်ပေးတယ်။ထင်းလိုက်ခွဲပေးတယ်။အစကတည်းက အိမ်နီးချင်းတွေက ကိုဗမိုးကို သနားလို့ နည်းနည်းပါးပါးခိုင်းပြီး မုန့်ဖိုးပေးတတ်ကြပေမယ့် အမေ မကြိုက်မှန်းသိတော့ သိပ်မလုပ်ရဲကြဘူး။ဒီတစ်ခါတော့ သူတို့ခေါ်ခိုင်းတာ မဟုတ်ဘဲ ကိုဗမိုး ကိုယ်တိုင် လိုလိုချင်ချင် လာလုပ်ပေးနေတာ ဆိုတော့ မုန့်ဖိုးတွေ ၀ိုင်းပေးကြတယ်။တစ်မနက်ခင်းလုံး သူလျှောက်လုပ် ပေးနေတာ။သူ ရလာတဲ့ ပိုက်ဆံတွေကို ခါးပုံစ ကြားမှ ကျစ်ကျစ်ပါအောင်ထုပ်ပြီး အိမ်ပြန်လာတယ်။ပြီးတော့ ကျွန်တော့်ကို လက်ဆွဲပြီး လမ်းထိပ်က မုန့်ဆိုင်ကို သွားကြတယ်။
       ကျွန်တော်နဲ့ကိုဗမိုး လမ်းတစ်လျှောက် မုန့်တွေစားပြီး ပျော်ရွှင်စွာ ပြန်လာလိုက်ကြတာ အိမ်ကိုလည်း ရောက်ရော အမေ့ရဲ့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ဆုံလိုက်ကြရတယ်။ကိုဗမိုး သူများအိမ်တွေကို ရေထည့်၊ထင်းခွဲပေးတဲ့ ကိစ်္စ ဘယ်လို သိသွားတယ် မသိဘူး။လက်ရိုက်တုတ်ကိုင်ပြီး အသင့်စောင့်နေတော့တယ်။ကျွန်တော့်တို့လည်း ရောက်လာရော ဘာမှ မေး မနေတော့ဘဲ  အမေရယ် ကိုဗမိုးကို ဆီးရိုက်တော့တာပဲ။ခေါင်းတွေရော၊ကျောတွေရော၊ ပခုံစောင်းတွေရော မြင်မကောင်းအောင် ရိုက်နေတယ်လို့ ကျွန်တော် ခံစားနေရတယ်။ကိုဗမိုး က သူ့ကို ဘာလို့ ရိုက်တယ်ဆိုတာ သိနေတယ်ထင်တယ်။ရိုက်တာကို ငုံခံနေရင်းက“မမ မမ ငါ  ငါ ထမင်း မစားဘဲ မနေနိုင်လို့ပါ၊ဗိုက်ဆာ လို့ပါ ဗိုက်ဆာလို့ပါ”နဲ့အော်နေတော့တယ်။သူ့ ကိုယ်ပေါ်က သွေးတွေ စီးကျလာတာကို လည်းမြင်ရော ကျွန်တော် အမေ့ကို ပြေးပြီး တွန်းလှဲလိုက်မိတော့တယ်။ခါတိုင်း အချိန်တွေမှာ အမေ့ကို အရမ်းကြောက်တဲ့ ကျွန်တော် မမြင်ရတဲ့ တွန်းအား တစ်ရပ်ကြောင့် လုပ်လိုက်မိ တယ်ထင်တယ်။
         ရုတ်တရက် အမေ အံ့သြသွားတယ်။ပြီးတော့ အမေ့ ဒေါသ ကျွန်တော့် အပေါ်ရောက်လာတော့တယ်။လက်ရိုက်တုတ်နဲ့ ကျွန်တော့်ကို ဆင့်ကာ ဆင့်ကာ ရိုက်တော့ ကိုဗမိုး ရယ် ကျွန်တော့ ကျောပေါ် မှောက်ချလိုက်ပြီး “မမ မမ ငါ့ကိုပဲ ရိုက်ပါ ငါ့ကိုပဲ ရိုက်ပါနဲ့” အော်ငိုနေတယ်။အမေကတော့ နှစ်ယောက်စလုံးကို သိမ်းကြုံးပြီး ရိုက်တော့တာပဲ။ရိုက်လို့ အားရသွားတာပဲလား၊သူ့လက်ဆ လွန်သွားတာ သိလို့ပဲလား တော့ မသိဘူး။အမေက ဆက်မရိုက်တော့ဘဲ အိမ်ပေါ်တက်သွားတယ်။ကျွန်တော့် ဘ၀မှာ အဲဒီလောက် နာကျင်အောင် တစ်ခါမှ အရိုက်မခံရဖူးဘူး။ကိုဗမိုးနဲ့ ကျွန်တော့် နှစ်ယောက်သား ဖက်ငိုပြီးကျန်ခဲ့တယ်။ကိုဗမိုးက “ညီညီ မငိုနဲ့နော် ကိုကိုလည်း မငိုတော့ဘူး”ဆိုပြီး ကျွန်တော့်ကို ချော့သံအဆုံး ကျွန်တော် သတိလစ်သွားတော့တယ်။
         ကျွန်တော် သတိပြန်ရလာတော့ နွေးထွေးတဲ့ အိပ်ယာပေါ်ရောက်နေတယ်။ဆရာဝန်နဲ့ခေါ်ပြီး ဆေးကုထားတယ်လို့ပြောကြတယ်။နာလွန်းလို့ သတိလစ်သွားတာတဲ့။အဲဒီအချိန်က စပြီး ကိုဗမိုးတို့ သားအဖကို ကျွန်တော် မတွေ့ရတော့ဘူး။အစ်ကို ပြန်ပြောတာတော့ ကျွန်တော် မကြာခင် ပါပါကြီး ပြန်ရောက်လာတယ်။အဆိုးအကောင်း ဘာမှ မပြောတော့ဘဲ အဖေပြန်လာသည်ထိ စောင့်ပြီး အဖေ့ကို နှုတ်ဆက်ပြီး သူတို့သားအဖ ကျွန်တော်တို့ မြို့က ထွက်သွားကြတယ်တဲ့။သူတို့ သားအဖကို အဖေ လိုက်စုံစမ်းသေး ပေမယ့် ဘယ်ရောက်သွားမှန်း မသိရတော့ဘူး။ကျွန်တော် အရွယ်ရောက်လာတော့ တစ်မိသားစုလုံး ရန်ကုန်ကိုပြောင်းရွှေ့ခဲ့ကြတယ်။အခုမှ ဒီမြို့ကို ဘယ်လို ပြန်ရောက် နေကြတယ် မသိဘူး။
         ကိုဗမိုးကို ဖက်ထားရင်းက ကျွန်တော် စဉ်းစားနေမိတယ်။ဘ၀ရပ်တည်မှု အတွက် ရုန်းကန်နေရတဲ့ အခုချိန်မှာတော့ ကိုယ့်စိတ်နဲ့ မကိုက်ညီလည်း သည်းခံရတဲ့အခါ၊ကိုယ် မလုပ်ချင်တဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်ရ တဲ့အခါမှာတော့ ကိုဗမိုးပြောခဲ့ဖူးတဲ့ စကား အဓိပ်္ပါယ်ကို သဘောပေါက် မိတော့တယ်။အထူးသဖြင့် ကျွန်တော် မစားချင်တဲ့ အစာတွေ အတွက် ကျွန်တော် အဆာ မခံနိုင်တဲ့ အချိန်တိုင်း မှာပေါ့။           
                                                                                                                                                                                 ခင်သန္တာ
                                                                                                                                                                        ည-၁၀နာရီ၊၄၃မိနစ်။
                                                                                                                                                                        ၁၂ရက်၊၃လ၊၂၀၁၂ခုနှစ်